← Chapters

အခန်း (၆၃-၆၄)

Vol. 5 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 5 Ch. 63-64

အပိုင်း (၆၃) သူတောင်းစားကို ပေးကမ်းခြင်း

လူသုံးယောက်က ဂုန်နီအိတ်များကို ဆွဲကာ လှေပေါ်မှ ပျော်ရွှင်စွာ ဆင်းလာကြပြီး မြစ်ကမ်းဘေး လမ်းအတိုင်း လျှောက်လာကြသည်။

ယခုအချိန်တွင် မိုးချုပ်နေပြီ ဖြစ်သော်လည်း လမ်းတစ်လျှောက်ရှိ ဆိုင်များမှ ထွက်ပေါ်နေသော မီးရောင်များကြောင့် လမ်းပေါ်ရှိ လူများကို ဝိုးတဝါး မြင်နေရဆဲ ဖြစ်၏။

လီယွမ်ကျောက်၏ စိတ်လှုပ်ရှားမှုက မလျော့သေးပေ။ သူက ခေါင်းလှည့်ကာ ဖန်ကျန်းရီကို မေးလိုက်သည်။ “ဖန်ကြီး … ကျုပ်တို့ နောက်တစ်ခါ ဘယ်တော့ ထွက်လာကြမလဲ။”

ဖန်ကျန်းရီက ခါးသီးစွာ ပြုံးလိုက်၏။ “ထပ်ပြီးတော့လား။ တစ်ခါဆို မလောက်ဘူးလား။”

“မလောက်ဘူး။ မလောက်ဘူး။ ကျုပ် ဒီအသက်အရွယ်ရောက်တဲ့အထိ ဒီနေ့လိုမျိုး ပျော်ရွှင်စရာကောင်းတဲ့နေ့ တစ်ရက်မှ မရှိခဲ့ဖူးဘူး။ ကျုပ် ခံစားရတာက ကျားနဲ့ ကျားသစ် ခြံဝန်းဆိုတာ ဒီလောက်ပါပဲ၊ နိမ့်ကျလွန်းတယ်လို့တောင် ထင်သွားပြီ။”

အတူတူ ပြစ်မှုကျူးလွန်ရသည့် ခံစားချက်က လီယွမ်ကျောက်ကို စိတ်အားထက်သန်စေသည်။

“ကျုပ်တို့ ဒီတစ်ခေါက် ရှာခဲ့တဲ့ ပြဿနာက မပြီးသေးဘူးနော်။” ဖန်ကျန်းရီက အေးစက်စက် ပြောလိုက်၏။

လီယွမ်ကျောက်က ခဏမျှ စဉ်းစားပြီးနောက် ပြန်လည်ချေပလိုက်သည်။ “ဘာပြဿနာ ရှိအုံးမှာလဲ။ ဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား။”

ဖန်ကျန်းရီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ “ဖြေရှင်းပြီးသွားပြီ။ ဒီနေ့ အဲဒီလောက် လူအများကြီး ရှိနေတာ။ မနက်ဖြန် မနက်ဆိုရင် သတင်းက မြို့တော်တစ်ခုလုံးကို ပျံ့သွားမယ်လို့ ကျုပ် အာမခံတယ်။ ဖန်ကျန်းရီက အမတ်ရဲ့သားကို ရိုက်နှက်တယ်ဆိုတာ ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းတဲ့ သတင်း ဖြစ်မလဲ။”

လီယွမ်ကျောက် ကြောင်အသွားသည်။ “ဒါဆို ခင်ဗျားက ဘာလို့ သူ့ကို ရိုက်သေးတာလဲ။ ပြီးတော့ သူ့ကိုပါ အရှက်ခွဲ လိုက်သေးတယ်။”

“ဟူး မရိုက်လို့လည်း မရဘူးလေ။ ဒီကောင်က ကျုပ်ရှေ့မှာ ခွေးလို အခါခါ လာခုန်နေတာ။ ဒါကြောင့် သူ့ကို နာသွားအောင် ရိုက်မှ ရမယ်။ မဟုတ်ရင် ကျုပ် ဖန်ကျန်းရီက မြို့တော်မှာ ဘယ်လိုလုပ် ဆက်နေလို့ရမှာလဲ။

ကျားကို မသတ်နိုင်ရင် ကျားကိုက်တာ ခံရလိမ့်မယ်။ ဒါကြောင့် တစ်ခါတည်းနဲ့ ပြတ်ပြတ်သားသား လုပ်ရမယ်။ ကျုပ်တို့ သူ့ကို အရှက်ခွဲလိုက်ပြီဆိုတော့ သူ ဒီရက်ပိုင်းတော့ ငြိမ်နေလောက်ပါပြီ။ အိမ်ရောက်ရင်လည်း ဒီလို အရှက်ရစရာ ကိစ္စကို လျှောက်ပြောရဲမှာ မဟုတ်ဘူး။ မြို့တော်တစ်ခုလုံးက ကျုပ် သူ့ကို ရိုက်တာ မြင်သွားရင်ရော ဘာဖြစ်လဲ။ သူ ကိုယ်တိုင် ဝန်မခံသရွေ့ ဘာမှမဖြစ်ခဲ့ဘူးလို့ သတ်မှတ်လို့ရတယ်။”

ထိုစကားကို ကြားပြီးနောက် လီယွမ်ကျောက်က အလွန်အမင်း ချီးကျူးလိုက်၏။ “ဖန်ကြီးက တကယ်ကို ဉာဏ်များတာပဲ။”

ဖန်ကျန်းရီက ခေါင်းခါလိုက်သည်။ “ဉာဏ်များတာက အရေးမကြီးဘူး။ အရေးကြီးတာက သဘောထားပဲ။”

လောကကြီးမှာ လူတွေက ကျုပ်ကို အနိုင်ကျင့်ရင်၊ စော်ကားရင်၊ နှိမ့်ချရင်၊ မုန်းတီးရင်၊ လှည့်စားရင် ခုတ်၊ သတ်၊ ဆဲ၊ ထိုး … ပြီးရင် မြေမြုပ်လိုက်ရုံပဲ။ ကိုယ့်ကိုယ် စော်ကားတဲ့သူကို ကြည့်ချင်ရင် သင်္ချိုင်းထဲ သွားကြည့်ရမယ်။ ဒါမျိုး ဖြစ်ရမယ်။”

လီယွမ်ကျောက်က ချွေးစေးများပင် ထွက်လာသော်လည်း ဖန်ကျန်းရီအပေါ် ထားရှိသည့် သူ၏အမြင်က ထပ်မံ ပြောင်းလဲသွားပြန်၏။ သူ၏ စိတ်ထဲတွင် လေးစားမှုများပင် ဖြစ်ပေါ်လာသည်။ ဒီလောက်တောင် ပြတ်သားတာပဲ။ ယောကျ်ားကောင်းဆိုတာ ဒီလိုမျိုး ဖြစ်ရမယ်။

“ဖန်ကြီး။ ခင်ဗျား ဒီစကားတွေကို ဘယ်ကနေ ကြားလာတာလဲ။ ကျုပ် တစ်ခါမှ မကြားဖူးဘူး။”

“ဒါတွေအကုန်လုံးက တရားတော်တွေပဲ။ စာများများ ဖတ်ရင် သိလာလိမ့်မယ်။”

“ဒီလိုကိုး။”

စကားပြောနေရင်းနှင့် လူသုံးယောက်က လမ်းပေါ်သို့ ရောက်လာကြသည်။ ဖန်ကျန်းရီက လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဟိုမှာ ကြည့်။ သူတောင်းစား တစ်ယောက် ရှိတယ်။ သူ့ကို သွားပေးလိုက်။”

လီယွမ်ကျောက်က စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားပြီး ဂုန်နီအိတ်ထဲမှ မုန့်များနှင့် ဟင်းများကို သူတောင်းစားရှေ့သို့ တစ်ဝက်လောက် လောင်းချလိုက်သည်။

သူတောင်းစားက တစ်စုံတစ်ယောက် လာပေးသည်ကို မြင်သောကြောင့် အစက မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာ၏။ သို့သော် သူ၏ မျက်စိရှေ့တွင် ရုတ်တရက် တောင်ပူစာလေး တစ်ခု ဖြစ်သွားသည်ကို မြင်လိုက်ရချိန်မှာတော့ ကြောင်အသွား၏။

“ကျေး... ကျေးဇူးတင်ပါတယ် သခင်လေး။”

ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်က သဘောကျသွားပြီး ဂုန်နီအိတ် တစ်အိတ်လုံးကို လောင်းချလိုက်သည်။

သူတောင်းစား၏ မျက်နှာက ပျက်ယွင်းသွားပြီး ဘာမှဆက်မပြောတော့ချေ။

ကျန်းပြောင်က ကြည့်ပြီးနောက် ဖန်ကျန်းရီနားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။ “သခင်လေး ဒီအရူးကို နောက်ဆိုရင် အိမ်တော်မှာပဲ ထားခဲ့ရအောင်။”

ဖန်ကျန်းရီက ခေါင်းကို ခပ်ပြင်းပြင်း ခါယမ်းလိုက်၏။ မဖြစ်သေးဘူး။ အိမ် မီးလောင်သွားလိမ့်မယ်။

လီယွမ်ကျောက်က လောင်းထည့်ပြီးနောက် ခါးထောက်ကာ ထိုနေရာတွင် ရပ်နေပြီး သူတောင်းစား ကျေးဇူးတင် စကား ပြောလာမည်ကို စောင့်နေသည်။

သူတောင်းစားက ဘာမှမပြောသဖြင့် လီယွမ်ကျောက်က အရောင်လက်နေသော မျက်လုံးလေးများဖြင့် ကြည့်နေသည်။ လူနှစ်ယောက်က ထိုနေရာတွင် အချင်းချင်း စိုက်ကြည့်နေကြတော့၏။

ဖန်ကျန်းရီက ဆက်ကြည့်မနေနိုင်တော့သဖြင့် အလျင်အမြန် ဆွဲခေါ်လိုက်ရသည်။ “ဝက်စာကျွေးနေတာလား။”

“တစ်ယောက်တည်းကို အကုန်ပေးလိုက်ရင် နောက်က သူတောင်းစားတွေ ဘယ်စားရတော့မလဲ။ နည်းနည်းစီ ပေးရမှာပေါ့။”

“ဪ ..”

သွန်သင်ဆုံးမမှု တစ်ခု ခံယူပြီးနောက် ကိစ္စများက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ လီယွမ်ကျောက်က ရှေ့မှနေ၍ သူတောင်းစားများကို တစ်ယောက်ပြီး တစ်ယောက် လိုက်ပေးနေ၏။ ကျေးဇူးတင်စကား တစ်ခွန်း ကြားရသည်နှင့် သူက အလွန်အမင်း ဝမ်းသာပျော်ရွှင်နေသည်။

ဖန်ကျန်းရီနှင့် ကျန်းပြောင်ကမူ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြ၏။

အချိန်အနည်းငယ် လျှောက်လာပြီးနောက် ဂုန်နီအိတ် နှစ်အိတ်ထဲမှ စားကြွင်းစားကျန်များ ကုန်သလောက် ဖြစ်သွားခဲ့သည်။ လီယွမ်ကျောက်၏ စိတ်လှုပ်ရှားမှုများလည်း လျော့ကျသွားပြီး သူ၏ လက်နှစ်ဖက်စလုံး တွင်လည်း ဆီများ ပေကျံနေ၏။ အဝတ်အစားပေါ်တွင် လက်ကို ကမန်းကတန်း သုတ်လိုက်ပြီးနောက် ဖန်ကျန်းရီ အနားသို့ ပြန်လာခဲ့သည်။

“အကုန်ပေးပြီးပြီလား။ ပျော်ရဲ့လား။” ဖန်ကျန်းရီက မေးလိုက်၏။

“ပျော်တယ်။”

“ပျော်ရင် ပြီးတာပါပဲ။ သူတစ်ပါးကို ကူညီခြင်းက ပျော်ရွှင်ခြင်းရဲ့ အခြေခံပဲ။ မဆိုးဘူး။”

“ဒါပေမဲ့...”

လီယွမ်ကျောက်က အနည်းငယ် တွေဝေသွားပုံပေါ်သည်။ “ဘာလို့ တချို့လူတွေက ခြေလက်အင်္ဂါ အစုံအလင် ရှိနေရက်နဲ့ သူတောင်းစား ထွက်လုပ်နေရတာလဲ။ ခြေလက်တွေ ရှိနေတာတောင် ထမင်းတစ်လုတ် ရှာမစားနိုင်ဘူးလား။”

ဖန်ကျန်းရီ၏ စိတ်ထဲတွင် ရုတ်တရက် အလွန် ကျေနပ်သွားသလို ခံစားလိုက်ရသည်။ အရှေ့နန်းဆောင်ကို ရောက်ပြီး စိတ်သဘောထားကောင်းတဲ့ အိမ်ရှေ့စံမင်းသားနှင့် သူတွေ့ရခြင်းပင်။ မင်းသားသည် ဆင်ခြင်တွေးတောနိုင်စွမ်းလည်း ကောင်းနေ၏။

ထို့ကြောင့် သူက ပြန်ဖြေလိုက်သည်။ “ခြေလက်တွေ ကျန်းမာနေရုံနဲ့ မလုံလောက်ဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ မျှော်လင့်ချက် မရှိလို့ပဲ။”

“မျှော်လင့်ချက် ရှိမှသာ လူတွေက ကြိုးစားနိုင်မှာ။ ဥပမာ ကျုပ်လိုပေါ့။ အရင်တုန်းက ကျုပ် နေ့တိုင်း နေထွက်တဲ့အထိ အိပ်လေ့ရှိတယ်။ ဒါပေမဲ့ မြို့တော်ကို ရောက်လာပြီးတော့ ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို တွေ့ရမယ်လို့ တွေးလိုက်တာနဲ့ ကျုပ်ရဲ့ စိတ်ထဲမှာ အဆုံးမဲ့ ခွန်အားတွေ ဖြစ်ပေါ်လာတယ်။

နေ့စဉ်ဘဝကြီးက မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတာပဲ။ ဒါကြောင့် နေ့တိုင်း အချိန်မှန် အလုပ်လာနိုင်တာပေါ့။

“တခြားတစ်နည်းနဲ့ ပြောရရင် အိမ်ရှေ့စံမင်းသားက ချန်ရှီယန် စာသင်တာကို နားထောင်ရရင် ပျင်းစရာ ကောင်းရုံသာမကဘဲ လက်ဝါးကိုပါ အမြဲအရိုက်ခံရတယ်။ ဒီလိုဆိုရင် နေ့စဉ်ဘဝကြီးက သေတာထက် ပိုဆိုးနေမှာပဲ။

ဖျားချင်ယောင် ဆောင်တာ ဒါမှမဟုတ် ဘုရင်မင်းမြတ်ဆီ တိုက်ရိုက်တိုင်တာက ပိုကောင်းသေးတယ်။ ဒါဆိုရင် နောက်ရက်အတွက် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာမှာ အသေအချာပဲ။

ဒီသူတောင်းစားတွေကလည်း အတူတူပါပဲ။ အလုပ်လုပ်ဖို့ အခွင့်အရေး ရှာတွေ့ဖို့က အရမ်းကို ခက်ခဲတယ်။ တကယ်လို့ ရှာတွေ့ရင်တောင် ပိုက်ဆံရချင်မှ ရမှာ။ ပိုက်ဆံရရင်တောင် သေချာပေါက် မလောက်ဘူး။ ဒါကြောင့် အိပ်ပြီးတော့ တောင်းစားတာက ပိုလက်တွေ့ကျတာပေါ့။

လောကမှာရှိတဲ့ အရာအားလုံးက ဒီအတိုင်းပဲ။ နောက်ဥပမာတစ်ခု ထပ်ပေးရရင် တကယ်လို့ ခင်ဗျားက စာရေးဆရာ တစ်ယောက်ဆိုပါစို့။ လူတွေက ခင်ဗျားရေးတာကို မဖတ်ဘူးဆိုရင် ရေးချင်စိတ်၊ မျှော်လင့်ချက် မရှိတော့ဘူးလို့ ခံစားရမှာ မဟုတ်လား။

တကယ်လို့ ဒီလူတွေက ခင်ဗျားကို နှစ်သစ်ကူး လက်ဆောင်တွေ လာပေးရင်ရော ဘယ်လိုနေမလဲ။ ခင်ဗျား သေချာ စဉ်းစားကြည့်။ စာဆက်ရေးခြင်းနဲ့ သက်ဆိုင်မလား။ သေချာ စဉ်းစားကြည့်။”

လီယွမ်ကျောက်က ရုတ်တရက် သဘောပေါက်သွား၏။ “ကျုပ် နားလည်ပြီ။”

နားလည်ပြီလား။ ဒါဆို ချန်ရှီယန်ကို အမြန်သွားတိုင်လေ။ ဖန်ကျန်းရီက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက် သည်။

“ဒါပေမဲ့ ခင်ဗျားမြင်တာက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ ခြေလက်အင်္ဂါ အစုံအလင် ရှိတဲ့ သူတောင်းစားတွေကလည်း သေချာပေါက် ကျန်းမာနေတာ မဟုတ်ဘူး။ ဒုက္ခိတ သူတောင်းစားတွေကလည်း ထင်သလို သနားစရာကောင်းတာ မဟုတ်ဘူး။

ရုပ်ရည်ပုံစံနဲ့ ဆုံးဖြတ်ရင် အမှန်တရားက လွဲမှားသွားနိုင်တယ်။ တချို့လူတွေက ကျန်းမာပုံပေါ်ပေမဲ့ အမှန်တကယ်တော့ ပြင်းထန်တဲ့ ရောဂါတွေ ခံစားနေရနိုင်တယ်။ ပြီးတော့ အဲဒီဒုက္ခိတတွေကလည်း ဟန်ဆောင်နေတာ ဖြစ်နိုင်တယ်။”

လီယွမ်ကျောက်က ချက်ချင်း ထခုန်ကာ ပြန်လည်ချေပလိုက်၏။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခြေပြတ်လက်ပြတ် နဲ့ မျက်မမြင်တွေက ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်မှာလဲ။”

ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်သည်။ “မလောပါနဲ့။ ကျုပ်တို့ ဆက်သွားကြည့်ကြတာပေါ့။”

သုံးယောက် ရှေ့ဆက်လျှောက်လာခဲ့ရာ လမ်းဘေးတွင် မျက်မမြင် သူတောင်းစားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးနှစ်ဖက်စလုံးက မျက်ဖြူလန်နေပြီး အတော်လေး ကြောက်စရာ ကောင်းပုံပေါ်၏။ သူ၏ ရှေ့တွင် ပန်းကန်ကွဲတစ်လုံး ရှိနေပြီး ထိုအထဲတွင် ကြေးပြားအနည်းငယ်သာ ရှိ၏။

ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက မျက်စိလျင်စွာဖြင့် ကြေးပြားများကို ကောက်ယူကာ အိတ်ထဲသို့ ထည့်လိုက်သည်။

လီယွမ်ကျောက်က သူ့ကို ကြောင်အစွာ ကြည့်နေပြီး ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေသည်။ သူ မမေးရသေးမီမှာပင် သူတောင်းစားက ရုတ်တရက် မတ်တတ်ထရပ်ကာ ဖန်ကျန်းရီရှေ့သို့ ခုန်တက်လာပြီး မျက်ဖြူများဖြင့် ဖန်ကျန်းရီကို စိုက်ကြည့်နေ၏။

ဖန်ကျန်းရီက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ “အို သနားစရာကောင်းတဲ့ သူတောင်းစားလေး။ စောစောက မင်းပျောက်သွားတဲ့ ပိုက်ဆံက ငါ့ဘယ်ဘက်လက်ထဲမှာလား ညာဘက် လက်ထဲမှာလား။”

ပြောပြီးနောက် လက်ဝါးနှစ်ဖက်ကို ဖြန့်လိုက်ရာ ဘယ်ဘက်လက်တွင် ကြေးပြားအနည်းငယ် ရှိနေပြီး ညာဘက်လက်တွင်မူ ငွေတုံးတစ်တုံး ရှိနေ၏။ သူတောင်းစားက အလျင်အမြန် ခေါင်းငုံ့ ခေါင်းမော့လုပ်လိုက်ပြီး တစ်စက္ကန့်မျှပင် မစဉ်းစားဘဲ ရိုးအစွာ ပြုံး၍ ပြောလိုက်၏။ “ညာဘက်လက်။”

“အဖြေမှားတယ်။ ဒီတော့ အကုန်သိမ်းမယ်။”

အပိုင်း (၆၄) သူတောင်းစားဂိုဏ်းချုပ် ဖန်ကျန်းရီ

ထိုစကားကို ကြားချိန်မှာတော့ သူတောင်းစား ကြောင်အသွားသည်။

ထို့နောက် သူ၏ မျက်ဖြူများက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ဟန်မဆောင်တော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ သို့သော်ငြား သူ၏ မျက်လုံးထဲတွင် ကြမ်းကြုတ်မှုများ ပြည့်နှက်နေ၏။

ကျန်းပြောင်က ရှေ့သို့ လျှောက်လာကာ အဝတ်အစားကို ဟပြလိုက်ရာ သေးငယ်သော လက်နက်တိုက်တစ်ခု ပေါ်လာသည်။

ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ သူတောင်းစားက မျက်ဖြူလန်ကာ ဆက်ပြီး မျက်မမြင် ဟန်ဆောင်ပြီး တိတ်တဆိတ် ပြန်ထိုင်လိုက်၏။

လီယွမ်ကျောက်သည် အလွန်အမင်း အံ့အားသင့်နေသည်။ “ဖန်ကြီး …. ခင်ဗျား သူတောင်းစားဆီက ပိုက်ဆံကိုတောင် လုတယ်ပေါ့။”

“သူက လူလိမ်လေ။ ဒါကို သူရဲကောင်းဆန်တဲ့ လုပ်ရပ်လို့ ခေါ်တယ်။”

ဖန်ကျန်းရီက မျက်နှာမပျက်ဘဲ ပြောလိုက်သည်။ “ပိုက်ဆံလုတာက အရေးကြီးလို့လား။ အခု မြင်ပြီလား။ သူ မျက်မမြင် ဟုတ်ရဲ့လား။”

လီယွမ်ကျောက်က ရုတ်တရက် အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ သူ၏ စေတနာတွေ အလဟဿ ဖြစ်သွားရပြီး သူတောင်းစားတစ်ယောက်၏ လိမ်ညာမှုကို ခံလိုက်ရ၏။

သူတောင်းစားအနားသို့ သွားကာ ခြေထောက်ဖြင့် နှစ်ချက်ကန်ပြီး အော်ပြောလိုက်သည်။ “ဘာလို့ မျက်မမြင် ဟန်ဆောင်ရတာလဲ။”

သူတောင်းစားက အလွန်အမင်း ဝမ်းနည်းသွားပြီး ဘာအသံမှ မထွက်ရဲဘဲ ဒူးကိုဖက်ကာ မျက်နှာကို ဝှက်ထား၏။

“မင်းက နားရော ကန်းနေတာလား။ စောစောကမှ လူပြောတာကို ကြားနေရသေးတယ် မဟုတ်လား။” လီယွမ်ကျောက်က ဒိုင်းခနဲ ဒိုင်းခနဲ ခြေထောက်ဖြင့် နှစ်ချက် ထပ်ကန်လိုက်ပြန်သည်။

စုတ်ပြဲနေသော အဝတ်အစားများ ကွာကျသွားပြီး အထဲမှ ကြေးပြားအနည်းငယ် ထွက်လာ၏။

ဖန်ကျန်းရီက မျက်စိလျင်စွာဖြင့် အလျင်အမြန် ကောက်ယူလိုက်သည်။

သူတောင်းစားက ခေါင်းကို ဝှက်ထားပြီး တအိအိဖြင့် စတင် ငိုကြွေးတော့၏။

ဖန်ကျန်းရီက လီယွမ်ကျောက်ကို အလျင်အမြန် ဆွဲထားလိုက်သည်။ “အကုန်လုံးက သနားစရာကောင်းတဲ့ လူတွေချည်းပါပဲ။ တော်လောက်ပါပြီ။”

ပြောပြီးနောက် ပန်းကန်ကွဲထဲသို့ ကြေးပြားတစ်ပြား ပစ်ထည့်လိုက်၏။ “ကဲ မငိုနဲ့တော့။ မင်းကို ဆုချလိုက်တာ။”

ပိုက်ဆံအသံကို ကြားချိန်မှာတော့ သူတောင်းစားက ခေါင်းမော့လာပြီး ပန်းကန်ထဲမှ ကြေးပြားတစ်ပြားကို ကြည့်ကာ အတွေးများထဲ နစ်မျောသွားလေသည်။

“မလောနဲ့အုံး … ဆက်ကြည့်ကြတာပေါ့။”

ဖန်ကျန်းရီက လီယွမ်ကျောက်ကို ဆွဲပြီး ဆက်လျှောက်လာခဲ့ရာ မကြာမီ လမ်းဘေးတွင် ခြေထောက်နှစ်ဖက်စလုံး မရှိသော ဒုက္ခိတ သူတောင်းစားတစ်ယောက်ကို တွေ့လိုက်ရ၏။

ဖန်ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားပြီး ဘာမှမဖြစ်သလိုဖြင့် အနားသို့ ကပ်သွားကာ ပန်းကန်ကို ယူ၍ ထွက်သွားသည်။

လီယွမ်ကျောက်သည် မျက်လုံးများ ပြူးကျယ်သွားသလို စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။ ဖန်ကြီး နောက်ထပ် ဘာလုပ်ဦးမလဲ ဆိုသည်ကို သူ မသိတော့ချေ။

ဖန်ကျန်းရီက ပန်းကန်ထဲမှ ပိုက်ဆံများကို အိတ်ထဲသို့ လောင်းထည့်လိုက်ပြီးနောက် လှည့်ကာ ပန်းကန်ကွဲကို အဝေးသို့ အားကုန် ပစ်ပေါက်လိုက်ကြောင်း သူ မြင်လိုက်ရ၏။

အစက ဒူးထောက်နေသော သူတောင်းစားသည် ရုတ်တရက် ခြေထောက်နှစ်ဖက် ပေါ်လာပြီး ပန်းကန်ကွဲ လွင့်ထွက်သွားသော နေရာသို့ ဒုံးကျည်ကဲ့သို့ ပြေးထွက်သွားသည်။

လီယွမ်ကျောက် ကြောင်အသွားပြီး သူ၏ စိတ်ထဲတွင် ခါးသီးမှုများ တဖြည်းဖြည်း ပျံ့နှံ့လာ၏။

“ဒီလိုကိုး... ခင်ဗျားပြောတာတွေ အကုန်မှန်တယ်။ ကျုပ် တကယ် မျက်စိကန်းခဲ့တာပဲ။”

ဖန်ကျန်းရီက မနေနိုင်ဘဲ လီယွမ်ကျောက်၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။ “ကိစ္စမရှိပါဘူး။ လူဆိုတာ ကြီးပြင်းလာရမှာပဲ။ လောကမှာ ရှိတဲ့ အရာအားလုံးကို နားလည်ဖို့က အချိန်ယူရတယ်။ အများကြီး မြင်ဖူးသွားရင် အလိမ်ခံရမှာ မဟုတ်တော့ဘူး။”

လီယွမ်ကျောက် ရုတ်တရက် သတိဝင်လာပြီး ဖန်ကျန်းရီကို စိုက်ကြည့်ကာ မေးလိုက်၏။ “ဒါဆို ခင်ဗျား ဘယ်လိုလုပ် သိတာလဲ။ တောက်ယွမ်ခရိုင်မှာလည်း သူတောင်းစား သိပ်မရှိဘူး မဟုတ်လား။”

ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ပြန်လည်မတွေးချင်စရာကောင်းသော ငယ်ဘဝကို အမှတ်ရသွားသည်။

သူ စတင်ရောက်ရှိလာချိန်တွင် တောက်ယွမ်ခရိုင်သည် အင်မတန်မှ ဆင်းရဲမွဲတေလွန်းလှသည်။ ဒေသခံပြည်သူတို့မှာ မြေကြီးကိုပင် စားရလုမတတ် ငတ်မွတ်ခေါင်းပါးနေကြ၏။ ယင်းဒေသကို ခရိုင်တစ်ခုဟု ခေါ်ဆိုခြင်းကပင် အမွှမ်းတင်လွန်းရာကျနေပြီး စင်စစ်အားဖြင့်မူ သာမန်ရွာငယ်လေး တစ်ရွာမျှသာ ဖြစ်သည်။

ဖန်ကျန်းရီသည် သာမန်ရုံးဝန်ထမ်းတစ်ဦးသာဖြစ်ရာ သူ၏ ဘဝရှင်သန်ရေးစွမ်းရည်များမှာ အွန်လိုင်းမှ ဈေးဝယ်တတ်ခြင်း၊ တံမြက်စည်းလှည်း ကြမ်းတိုက်တတ်ခြင်းနှင့် ကိုယ့်ဘာသာ အိမ်သာသွားတတ်ခြင်းဟူသော အခြေခံအဆင့်မျှသာ ရှိသည်။ ခရိုင်အတွင်း၌ လုပ်ငန်းကိုင်ငန်းများ မရှိသကဲ့သို့ စားနပ်ရိက္ခာလည်း ပြတ်လပ်နေသောကြောင့် မည်သို့ ဆက်လုပ်ရမည်ကို သူ မသိနိုင်အောင် ဖြစ်နေခဲ့သည်။ နေ့စဉ်ရက်ဆက် မိမိကိုယ်တိုင် ငတ်မွတ်နေခြင်းနှင့် အခြားသူများ ငတ်မွတ်နေကြသည်ကို ထိုင်ကြည့်နေရခြင်းမှလွဲ၍ အခြား လုပ်စရာ ဘာမှမရှိခဲ့ပေ။

တောင်တန်းများနှင့် နီးကပ်နေသော်ငြား အမဲလိုက်ရန်ဟူသည် စဉ်းပင်မစဉ်းစားဝံ့ချေ။ လူတို့မှာ သစ်ခေါက်ကိုသာ ခွာစားနေရပြီး လမ်းလျှောက်လျှင်ပင် ယိုင်တိယိုင်တိုင် ဖြစ်နေကြသည်။ တောင်ပေါ်သို့ တက်နိုင်ခဲ့လျှင်တောင်မှ တောင်အောက်သို့ ပြန်ဆင်းရန် ခွန်အားကျန်ရှိနိုင်တော့မည် မဟုတ်ပေ။

ငတ်မွတ်မှုဒဏ်ကို ကာလကြာရှည် ခံစားလာရသောအခါ ဂုဏ်သိက္ခာနှင့် အရှက်ဟူသည်တို့ကို ဘေးချိတ်ထားနိုင်ခဲ့လေပြီ။ နောက်ဆုံးတွင်မူ ဖန်ကျန်းရီသည် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချမှတ်လိုက်သည်။ ထိုအရာကား တောက်ယွမ်ခရိုင်မှ ပြည်သူများကို ဦးဆောင်ခေါ်ယူကာ ဟန်ကျန်းပြည်နယ်သို့ သွားရောက် တောင်းရမ်းစားသောက်ရန်ပင် ဖြစ်တော့သည်။

ဖန်ကျန်းရီ၏ လှုံ့ဆော်မှုအောက်တွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများကို အလျင်အမြန် စုစည်းနိုင်ခဲ့သည်။ ခရိုင်ထဲတွင် ကျန်ရစ်သော ရိက္ခာအနည်းငယ်ကို ယူဆောင်သွားပြီး ခရိုင်ထဲရှိ လူငယ်များကို အိပ်ရာပေါ်မှ မဆင်းရန် မှာကြားခဲ့၏။

ထို့နောက် ဟန်ကျန်းပြည်နယ်သို့ ခမ်းနားကြီးကျယ်စွာ ထွက်ခွာခဲ့ကြသည်။ ဟန်ကျန်းမြို့ထဲသို့ ဝင်ရန်ပင် အားအင်များစွာ စိုက်ထုတ်ခဲ့ရ၏။ မြို့ထဲရောက်ပြီးနောက် အတွေ့အကြုံ မရှိသောကြောင့် ပစ္စည်းများများစားစား မရခဲ့ဘဲ တစ်လခန့် ဒုက္ခခံကာ လှည့်လည်သွားလာခဲ့ရသည်။

သို့ပေမည့် ဖန်ကျန်းရီသည် ခေတ်သစ်လူသား တစ်ယောက် ဖြစ်သောကြောင့် သင်ယူနိုင်စွမ်း ပိုမြန်၏။ အချိန်တို အတွင်း အတွေ့အကြုံများကို စုစည်းနိုင်ခဲ့၏။

ဇနီးသည် ကွယ်လွန်သွား၍ဖြစ်စေ၊ ခင်ပွန်းသည် ဆုံးပါးသွား၍ဖြစ်စေ အကြောင်းပြကာ အသနားခံ တောင်းရမ်းခြင်းတို့မှာလည်း သာမန်ရိုးကျ လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်သည်။ အချိန်အနည်းငယ်မျှ ထပ်မံလေ့လာ စူးစမ်းပြီးနောက်တွင်မူ၊ ဖန်ကျန်းရီသည် ၎င်း၏ အတိတ်ဘဝဟောင်းဆီမှ လိမ်လည်မှုတိုက်ဖျက်ရေး ဗဟုသုတများနှင့် တိုက်ရိုက်ထုတ်လွှင့်မှု (Live Stream) ကြည့်ရှုခဲ့ဖူးသော အတွေ့အကြုံများကို ပေါင်းစပ်ကာ အခန်းဆက် ပြဇာတ်များကိုပင် တီထွင်ဖန်တီးလာခဲ့သည်။

မျက်မမြင်ဟန်ဆောင်ခြင်း၊ ဒုက္ခိတဟန်ဆောင်ခြင်းတို့ကား သာမန်ရိုးကျ အဆင့်သာ ရှိပါသေးသည်။ ပို၍ အဆင့်မြင့်လှသော နည်းဗျူဟာမှာမူ ကိုယ်ဝန်ဆောင်အဖြစ် ဟန်ဆောင်ခြင်းပင် ဖြစ်သည်။

အစပိုင်းတွင် သူခေါ်ဆောင်လာသမျှသော အမျိုးသမီးအားလုံးသည် ကိုယ်ဝန်ဆောင်သည်များအဖြစ် ဟန်ဆောင်ကာ လမ်းမထက်တွင် လှဲလျောင်း ညည်းတွားနေခဲ့ကြသည်။ ထိုမြင်ကွင်းကြောင့် အစိုးရမင်းများပင်လျှင် သူတို့ကို မောင်းထုတ်နှင်ချခြင်းငှာ မစွမ်းသာခဲ့ကြချေ။ ပို၍ အံ့မခန်းဖြစ်ရသည်မှာ သက်ကြီးရွယ်အို အဘွားအိုများပင်လျှင် ဗိုက်ကြီးသည်အဖြစ် ဟန်ဆောင်လာကြရာ ဟန်ကျန်းပြည်နယ်ရှိ ပြည်သူများမှာ ပါးစပ်အဟောင်းသားဖြင့် အံ့ဩမှင်တက် ခဲ့ကြရ၏။

ဖန်ကျန်းရီသည် ရုပ်ရည်သန့်ပြန့်သောကြောင့် သူ အများဆုံး လုပ်ရသည်မှာ ပညာတတ် ဟန်ဆောင်ကာ သူတောင်းစားများကို လှောင်ပြောင်ပြီး အများပြည်သူ၏ သနားကြင်နာမှုကို ရယူခြင်း ဖြစ်သည်။ သို့မဟုတ် ကြည့်ရှုနေသူများထဲမှ သူဌေးများကို ရွေးချယ်ကာ လှောင်ပြောင်ပြီး စိတ်လှုပ်ရှားအောင် လုပ်ခြင်းစသည့် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။

ထိုနောက်ပိုင်းတွင် ဖန်ကျန်းရီသည် သူတောင်းစားများကို စတင် စုစည်းကာ အဖွဲ့အစည်းပုံစံ၊ စနစ်တကျ ဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ဖန်ကျန်းရီသည် သဘာဝကျကျပင် ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။ အဖွဲ့ဝင်များ၏ စွမ်းရည် တိုးတက်စေရန် ပညာပေး အကြီးအကဲများကိုလည်း ခန့်အပ်ခဲ့၏။

စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲများက ဂိုဏ်း၏ စည်းကမ်းများကို အကောင်အထည်ဖော်ရန်နှင့် ဂိုဏ်းနှင့် ဂိုဏ်းချုပ်ကို ကိုယ်စားပြုကာ ဂိုဏ်းအပေါ် ဆိုးကျိုးသက်ရောက်စေမည့် အရာများကို ရှင်းလင်းရန် တာဝန်ယူရသည်။

တုတ်ကိုင်ခေါင်းဆောင်များက ဂိုဏ်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲရန်နှင့် ဂိုဏ်းချုပ်၊ ဒုဂိုဏ်းချုပ်တို့၏ အကြံပေးအဖြစ် အကြံဉာဏ်များပေးရန်နှင့် ဂိုဏ်းချုပ်ကိုယ်စား အာဏာကျင့်သုံးရန် တာဝန်ယူရ၏။

ထို့ပြင် အရင်းအမြစ်များကို ခွဲဝေရန် တာဝန်ယူရသည့် ခွက်ကိုင်ခေါင်းဆောင်များလည်း ရှိသေးပြီး ဌာနခွဲအချို့ကိုလည်း ဖွဲ့စည်းကာ သတင်းအချက်အလက်များကို ဖလှယ်ကြသည်။

ထိုသို့ဖြင့် တစ်လမပြည့်မီအချိန်အတွင်း ဖန်ကျန်းရီ၏ အဖွဲ့သည် ဟန်ကျန်းပြည်နယ်ရှိ အကောင်းဆုံး သူတောင်းစားအဖွဲ့ ဖြစ်လာပြီး သူတောင်းစားများစွာ လာရောက်ပူးပေါင်းခဲ့ကြ၏။

ဖန်ကျန်းရီသည် ဂိုဏ်းချုပ်ဟု ခေါ်ဆိုသံများအောက်တွင် မျောပါသွားပြီး သူ၏ နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာကိုပါ တဖြည်းဖြည်း စွန့်လွှတ်လိုက်သည်။

နောက်ဆုံးတွင်မူ ပြဿနာမှာ အလွန်တရာ ကြီးထွားလာခဲ့ရာ ဟန်ကျန်းပြည်နယ်မှ စစ်တပ်များကိုပင် စေလွှတ်ကာ နှိမ်နင်းရသည့်အထိ ဖြစ်လာခဲ့သည်။ ထိုအခါမှသာ ဖန်ကျန်းရီသည်လည်း ရရှိထားသော ငွေကြေးများအားလုံးကို စားနပ်ရိက္ခာအဖြစ် အသွင်ပြောင်း လဲလှယ်လိုက်ပြီး လူတစ်စုကို ခေါ်ဆောင်ကာ တောက်ယွမ်ခရိုင်ဆီသို့ ခိုးကြောင်ခိုးဝှက်ဖြင့် တိတ်တဆိတ် ဆုတ်ခွာလာခဲ့သည်။

ရောက်ရှိသည်နှင့် တစ်ပြိုင်နက် သူကိုယ်တိုင် လေ့ကျင့်ပေးထားသော သူတောင်းစားဂိုဏ်းမှ အထူးချွန်ဆုံး၊ အထက်မြက်ဆုံးသူများကို ရွေးချယ်အသုံးချကာ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်၏။

ထိုသို့ အခြေတကျ ဖြစ်သွားမှသာလျှင် အရက်ချက်ခြင်း၊ ကုန်သွယ်မှုပြုခြင်းစသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရင်းဖြင့် တဖြည်းဖြည်း တိုးတက်မှု လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယနေ့တိုင် တောင်းစားရင်း သီဆိုသည့် “အဝေးရောက်နေတဲ့ လူတစ်ယောက်က သတိရနေတယ် .. ချစ်ရတဲ့ မေမေ...” ဆိုသော သီချင်းက ဟန်ကျန်းပြည်နယ်တွင် ပျံ့နှံ့နေဆဲဖြစ်ပြီး ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာခဲ့၏။

ထိုအကြောင်းကို တွေးမိချိန်မှာတော့ ဖန်ကျန်းရီသည် သက်ပြင်းချလိုက်ပြီး လီယွမ်ကျောက်၏ ပခုံးကို ထပ်မံ ပုတ်လိုက်ပြန်သည်။

“လောကမှာရှိတဲ့ အမှန်တရားတွေ အကုန်လုံးက ဆက်စပ်နေတယ်။ တစ်ခုကို ကျွမ်းကျင်ရင် တခြားဟာတွေကိုလည်း နားလည်သွားမှာပဲ။ ကျုပ်နောက်ကနေ သေချာလိုက်သင်။ မမှားစေရဘူး။” ကဲ အချိန်လည်း မစောတော့ဘူး။ ခင်ဗျားကို အိမ်အရင် ပြန်ပို့ပေးမယ်။”

...

ကျန်းချန်နှင့် နင်ဟုန်ယွမ်တို့က လမ်းပေါ်သို့ ကတိုက်ကရိုက် ထွက်ပြေးလာကြသည်။ ဖန်ကျန်းရီ စိတ်ပြောင်းသွားပြီး လူခေါ်ကာ လိုက်လာမည်ကို ကြောက်ရွံ့သောကြောင့် မရပ်မနား ပြေးနေကြ၏။

ဘယ်လောက်ကြာအောင် ပြေးခဲ့ရမှန်း မသိတော့ပေ။ ကျန်းချန် ခြေလှမ်းရပ်လိုက်ချိန်မှာတော့ အဆက်မပြတ် ချောင်းဆိုး နေတော့သည်။ ပါးစပ်ထဲတွင် ပြင်းထန်သော သွေးနံ့များ ပျံ့နှံ့လာသည်။

နင်ဟုန်ယွမ်က ကျန်းချန်၏ ကျောကို ပုတ်ပေးရင်း စိုးရိမ်တကြီး မေးလိုက်၏။ “သခင်လေးကျန်း... အဆင်ပြေရဲ့လား။”

“အဟွတ် အဟွတ်... ကျေးဇူးတင်ပါတယ် အစ်ကိုနင်။ အဟွတ်... ဒီဖန်ကျန်းရီက တကယ်ကို ရွံစရာကောင်းတာပဲ။ ဒီအကြွေးကို ပြန်မဆပ်နိုင်ရင် ကျုပ် လူမလုပ်တော့ဘူး။ ဒီည ကျုပ်အိမ်ကို အရင်လာခဲ့... ကျုပ်တို့... တိုင်ပင်ကြတာပေါ့ အဟွတ်... အဟွတ်... အစီအစဉ်တစ်ခုလောက်...”

“သခင်လေးကျန်း မပြောပါနဲ့တော့။ ကျုပ် သခင်လေးကို အရင်ဆုံး အိမ်ပြန်ပို့ပေးပါ့မယ်။ အဲဒီဖန်ကျန်းရီက သခင်လေးကို ဒီလိုလုပ်ရက်တယ်။ ကျုပ် သူ့ကို လုံးဝ ခွင့်မလွှတ်ဘူး။” နင်ဟုန်ယွမ်၏ ရင်ဘတ်ထဲတွင်လည်း တဆစ်ဆစ် နာကျင်နေ၏။ စားပွဲအောက်တွင် ပိနေချိန်က သူက ပိန်သောကြောင့် တတ်နိုင်သမျှ ပြားပြားလေး နေခဲ့သည်။ ဖိအားအများစုကို ကျန်းချန် ခံရအောင် လုပ်ခဲ့သောကြောင့် သူ သိပ်ပြီး ဒဏ်ရာမရခဲ့ပေ။

သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တွဲကာ အမတ်ကြီး၏ အိမ်တော်သို့ ယိုင်တိယိုင်တိုင် ပြန်လာခဲ့ကြသည်။

အိမ်တော်တံခါးဝသို့ ရောက်သည်နှင့် အိမ်တော်ထိန်းက အလွန်အမင်း အံ့အားသင့်ဒေါသထွက်သော မျက်နှာဖြင့် ပြေးထွက်လာ၏။ “သခင်လေး... ဘာဖြစ်လာတာလဲ။ အပြင်မှာ ဘယ်သူက သခင်လေးကို အနိုင်ကျင့် လိုက်တာလဲ။”

“ပြီးတော့ မင်းက ဘယ်သူလဲ။” အိမ်တော်ထိန်းက နင်ဟုန်ယွမ်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

ကျန်းချန်က ထပ်ပြီး နှစ်ချက် ချောင်းဆိုးလိုက်၏။ “အသံမကျယ်နဲ့။ တံခါးပိတ်လိုက်။”

အစောင့်များ တံခါးပိတ်ပြီးသွားချိန်မှာတော့ ကျန်းချန်က ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ အိမ်တော်ထိန်း အနားသို့ ကပ်သွားသည်။

နင်ဟုန်ယွမ်က သူ့ကို စိုးရိမ်သော အကြည့်များဖြင့် ကြည့်နေဆဲ ဖြစ်၏။ “သခင်လေးကျန်း သခင်လေး ဘာမှမဖြစ်...”

သူ၏ စကားမဆုံးမီမှာပင် ကျန်းချန်၏ အေးစက်သော အကြည့်များက နင်ဟုန်ယွမ်၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။

ကျန်းချန်က သူ့ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “လူတွေလာစမ်း .. အဟွတ်... အဟွတ်... သူ့ကို သေတဲ့အထိ ရိုက်ကြစမ်း။”

All Chapters