အခန်း (၄၄၀-၄၄၁)
Vol. 25 Ch. 440-441
အပိုင်း (၄၄၀) အစွမ်းကုန် ပစ်ခတ်မည့် တောက်ယွမ်ခရိုင်။
ခရိုင်ရုံးတော်ရှိ လူများ၏ လှုပ်ရှားမှုက အလွန် မြန်ဆန်လှ၏။ ရှောင်ထောင်နှင့် အောက်ချန် အစရှိသူများက မြို့ရိုးပေါ်သို့ တက်ကာ အခြေအနေကို စောင့်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် မြင်းမြန်များ စေလွှတ်ကာ လမ်းပေါ်ရှိ ပြည်သူများအားလုံးကို အိမ်ထဲသို့ ပြန်ဝင်ရန်နှင့် အပြင်မထွက်ရန် အသိပေး အကြောင်းကြားလိုက်၏။
လမ်းကြေးကောက်ဂိတ်တွင် လူမရှိတော့သောကြောင့် ကျန်းဟူ၏ တပ်ဖွဲ့မှာလည်း မြို့တံခါးအောက်အထိ အတားအဆီးမဲ့စွာ ဝင်ရောက်လာနိုင်ခဲ့သည်။
လူတစ်ထောင်ကျော်က သပ်ရပ်စွာ တန်းစီထားပြီး အနည်းငယ်မျှပင် ရှုပ်ထွေးမှု မရှိချေ။
ရှောင်ထောင်၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွား၏။ တောက်ယွမ်ခရိုင်တွင် ဤမျှအချိန်ကြာအောင် နေလာခဲ့ရာ ဤကဲ့သို့သော အခြေအနေမျိုးကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
အရင်တစ်ခေါက် လူနှစ်ရာ လာတိုက်တည်းက သူမ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ရှိနေခဲ့ပြီး ယခုတော့ တကယ်ပဲ လူအများကြီး ရောက်လာခဲ့သည်။ ထို့အပြင် သခင်လေးလည်း မရှိပေ။သူမ အနည်းငယ် ထိတ်လန့်နေမိ၏။
"အောက်က လူတွေက ဘယ်လို အခြေအနေလဲ။ အရင်တစ်ခေါက်က လူတွေနဲ့ ဆက်စပ်မှု ရှိနိုင်လား။" ရှောင်ထောင်က မေးလိုက်သည်။
အောက်ချန်က မှန်ပြောင်းဖြင့် သေချာ ကြည့်ရှုရင်း ပြောလိုက်၏။ "ဒါက ပုံမှန် စစ်တပ်ပဲ။ သူတို့ ကိုင်ဆောင်ထားတဲ့ လက်နက်တွေက အရင်တစ်ခေါက်က လူတွေနဲ့ မတူဘူး။ ဆက်စပ်မှု ရှိမရှိတော့ ပြောရခက်တယ်။"
"ဘယ်လိုပဲဖြစ်ဖြစ် မြို့တံခါးကိုတော့ အခု လုံးဝ ဖွင့်ပေးလို့ မဖြစ်ဘူး။" ရှောင်ထောင်က ပြောလိုက်သည်။
အောက်ချန်က ခေါင်းညိတ်လိုက်၏။ "အင်း ... အရင်ဆုံး မေးကြည့်ရအောင်။ သူတို့ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်းကို အရင် စစ်ဆေးကြည့်မယ်။"
ပြောပြီးသည်နှင့် မြို့ပြင်သို့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "လာတဲ့သူတွေက ဘယ်သူတွေလဲ။ ဘာကိစ္စ ရှိလို့လဲ။ နာမည် ပြောစမ်း။"
ကျန်းဟူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေ၏။
နောက်ဆုံးတွင်မူ မြို့တံခါးကို မြင်တွေ့လိုက်ရလေပြီ။ မြို့တံခါး ဖွင့်လှစ်လိုက်သည်နှင့် တစ်ပြိုင်နက် တောက်ယွမ်ခရိုင်သည် သတ်ဖြတ်ခံရမည့် သိုးသူငယ်လေးတစ်ကောင်အလား ဖြစ်သွားပေတော့မည်။ သူတို့ အလိုရှိသည့်အတိုင်း စိတ်တိုင်းကျ ရယူနိုင်တော့မည်။
"ကျုပ်က ရှောင်ယုံတပ်ဖွဲ့ရဲ့ တပ်မှုးကျန်းဟူပဲ။ ဒီရက်ပိုင်းအတွင်း မြို့တော် အနီးတစ်ဝိုက်မှာ သူပုန်တွေ သောင်းကျန်းနေတယ်။ သူပုန်တွေက တောက်ယွမ်ခရိုင်ထဲ ဝင်သွားတယ်လို့ သတင်းရတယ်။ ကျုပ်က သူပုန်နှိမ်နင်းဖို့ အမိန့်ရလာတာ။ မြို့တံခါးကို အမြန်ဖွင့်ပေး။"
"အထောက်အထား ပါလား။" အောက်ချန်က နောက်တစ်ခွန်း ထပ်အော်လိုက်၏။
"ပါတယ် ... တံဆိပ်ပြားနဲ့ အမိန့်စာ ဒီမှာ ရှိတယ်။ လူလွှတ်ပြီး လာယူခိုင်းလိုက်။"
မြို့ရိုးပေါ်မှ ခြင်းတောင်း တစ်ခု ချပေးလိုက်သည်။
ရှောင်ထောင်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "မနေ့က အဖမ်းခံရတဲ့သူတွေကို စစ်ဆေးလို့ ဘာတွေ သိရပြီလဲ။"
အောက်ချန်က ဖြေလိုက်သည်။ "မရသေးဘူး။ အချိန်က အရမ်းတိုလွန်းတယ်။ နောက်ထပ် နှစ်ရက်လောက်ဆိုရင်တော့ သိရလောက်ပြီ။"
"လူနှစ်ရာနီးပါးလောက်မှာ တစ်ယောက်မှ ဝန်မခံကြဘူးလား။"
"အကျဉ်းထောင်ထဲမှာ လူအနည်းငယ်ပဲ ရှိတော့တယ်။ အများစုကိုတော့ သုတေသန ဌာနက လာခေါ်သွားကြပြီ။ ပင်နီဆီလင်ကို တိရစ္ဆာန်တွေနဲ့ စမ်းသပ်တာ အောင်မြင်သွားပြီဆိုတော့ အခု လူနဲ့ စမ်းသပ်ဖို့ လိုနေတယ်တဲ့။ အဲဒီလူတွေကလည်း အတိအကျ ဒဏ်ရာရထားကြတော့ သူတို့ အကုန်လုံးကို ခေါ်သွားကြတယ်။"
ရှောင်ထောင်က ဒီစကားကို ကြားသောအခါ ဒေါသတကြီး ခြေဆောင့်ကာ ပြောလိုက်၏။ "စည်းကမ်းမဲ့လိုက်တာ။ ဘယ်သူက သူတို့ကို အသက်ရှင်တဲ့ လူတွေနဲ့ စမ်းသပ်ခိုင်းလို့လဲ။ သခင်လေး ပြောခဲ့တဲ့ စကားတွေကို နားထဲ လေဝင်လေထွက် လုပ်ထားကြတာလား။ လာမယ့်လကစပြီး သူတို့ကို ခရိုင်ကနေ တစ်ပြားမှ မထုတ်ပေးနဲ့တော့။"
သခင်လေးက အရင်ဆုံး အသက်ရှင်တဲ့ လူတွေနဲ့ စမ်းသပ်ခဲ့တာ မဟုတ်ဘူးလား ... ။
အောက်ချန်က အနေခက်စွာဖြင့် ရှင်းပြလိုက်သည်။ "ဒီကိစ္စက ... ခရိုင်ထဲမှာ လူနဲ့ စမ်းသပ်ဖို့ ခေါ်တာ ဘယ်သူမှ မလာရဲကြဘူးလေ။ အကုန်လုံးက အဆိပ်ဆေး လုပ်နေတယ်လို့ ထင်နေကြတာကိုး ... ။ ဒါကြောင့် ... ဒီနည်းလမ်းကိုပဲ သုံးလိုက်ရတာပါ။ ကျုပ်တို့က ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံထားတာဆိုတော့ အလဟဿ မဖြစ်စေချင်လို့ပါ။"
စကားပြောနေစဉ်အတွင်း မြို့ရိုးပေါ်မှ ချပေးလိုက်သော ခြင်းတောင်းကို ပြန်ဆွဲတင်လိုက်၏။
အထဲတွင် အမိန့်စာ တစ်စောင်နှင့် တံဆိပ်ပြား တစ်ခု ပါလာသည်။
အောက်ချန်က အမိန့်စာကို ယူကာ ဖြန့်လိုက်ရာ လူအများစုက မနေနိုင်ဘဲ အနားသို့ ကပ်လာကြ၏။
အထဲရှိ အကြောင်းအရာများကို ဖတ်ရှုရင်း အောက်ချန်က တီးတိုး ရေရွတ်လိုက်သည်။ "ဒါက ကြည့်ရတာ ပြဿနာ မရှိသလိုပဲ။ ရှောင်ယုံတပ်ဖွဲ့က တကယ်ပဲ မြို့တော်စောင့်တပ်ဖွဲ့ တစ်ခုပဲ ... ပုံနှိပ်တိုက်က အစ်ကိုချန်ကို သွားခေါ်ခဲ့စမ်း။"
ရှောင်ထောင်က အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်၏။ "သူတို့က ဓားပြတွေကို လာရှာတာဆိုတော့ ဖမ်းမိထားတဲ့ လူတွေထဲက တချို့ကို မြို့ရိုးပေါ်ကနေ ပစ်ချလိုက်။ သူတို့ ဘယ်လို တုံ့ပြန်မလဲ ကြည့်ရအောင်။ အပေါင်းအပါတွေလား၊ စစ်တပ်လားဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်တယ်။"
အောက်ချန်၏ မျက်နှာတွင် ချွေးစေးများ စီးကျလာ၏။ ရှောင်ထောင်က ပုံမှန်ဆိုလျှင် သွက်လက်တက်ကြွပြီး ချစ်စရာကောင်းပေမည့် သခင်လေးနှင့် အချိန်အကြာကြီး နေလာတော့ အရေးကြီးသော အချိန်ဆိုလျှင် အရိုးထဲမှ ရက်စက်သည့် စိတ်ဓာတ်တွေ ထွက်လာတတ်သည်။
"အစ်ကိုချန် ရောက်လာတဲ့အထိ စောင့်ကြည့်တာ ပိုကောင်းမယ် ထင်တယ်။ အတုလုပ်တဲ့ နေရာမှာ သူ့ကို ယှဉ်နိုင်မယ့်သူ မရှိဘူးလေ။ သူ တစ်ချက် ကြည့်လိုက်တာနဲ့ အဖြေထွက်လာမှာပါ။"
မြို့ရိုးပေါ်က လူတွေက စောင့်နေသော်ငြား မြို့ပြင်က လူတွေကတော့ စောင့်ရတာ စိတ်မရှည်တော့ချေ။
ကျန်းဟူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "ဘယ်လိုလဲ။ သေချာ စစ်ဆေးပြီးပြီလား။ မြန်မြန် မြို့တံခါး မဖွင့်ပေးသေးဘူးလား။"
"တပ်မှုး ... ခဏလောက် စောင့်ပါအုံး။" ထိုစကားတစ်ခွန်းသာ လေထဲလွင့်လာပြီးနောက် ဘာအသံမှ ထပ်မကြားရတော့ချေ။
ကျန်းဟူ၏ ရင်ထဲတွင် မည်မျှ စိတ်မရှည်ပါစေ ဘာမှ လုပ်လို့မရချေ။
အတုအယောင်ကို အသုံးပြုထားရသည်ဖြစ်ရာ ရင်တွင်း၌ မလုံမလဲ ဖြစ်နေရ၏။ စောင့်ဆိုင်းရလေလေ ပို၍ စိုးရိမ်ပူပန်လာရလေလေပင်။
ဤအမိန့်စာ၌ အသုံးပြုထားသော တံဆိပ်တုံးအတုနှင့် တံဆိပ်ပြားတို့မှာ မြို့တွင်းမှ ပန်းပုဆရာတစ်ဦးအား ကျပန်းရှာဖွေ၍ အတုပြုလုပ်စေခဲ့ခြင်း ဖြစ်၏။ အလုပ်ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ထိုပန်းပုဆရာအား ရှင်းလင်းသုတ်သင်ပစ်ခဲ့သည်။
အကယ်၍များ အမှားအယွင်း တစ်စုံတစ်ရာသာ ပေါ်ပေါက်လာခဲ့ပါ မြို့ကို အတင်းအဓမ္မ တိုက်ခိုက်ရမည် သို့မဟုတ် ဆုတ်ခွာရပေတော့မည် ... ။
လက်ဖက်ရည် တစ်ခွက်စာ အချိန်ကုန်လွန်သွားပြီးနောက် ပုံနှိပ်တိုက်မှ အစ်ကိုချန် နောက်ဆုံးတော့ ရောက်လာခဲ့သည်။ သူက အမောတကောဖြင့် မြို့ရိုးပေါ်သို့ ရောက်လာ၏။
အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်ရာ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည်။ တစ်လမ်းလုံး အမြန် ပြေးလာရသဖြင့် အစ်ကိုချန် တော်တော်လေး ပင်ပန်းနေပုံရသည်။
အသက်ရှုမဝသေးခင်မှာပဲ အောက်ချန်က အမိန့်စာကို အလျင်အမြန် ကမ်းပေးလိုက်၏။ "အစ်ကိုချန် ... ဒီအပေါ်က တံဆိပ်တုံးက အစစ်လား အတုလားဆိုတာ မြန်မြန် ကြည့်ပေးပါ။"
"အတုပဲ။" အစ်ကိုချန်က တစ်ချက်သာ ကြည့်လိုက်ပြီး ဆက်၍ အမောဖြေနေ၏။
အောက်ချန် စိုးရိမ်သွားသည်။ "သေချာ ကြည့်ပါအုံး။ နောက်မနေနဲ့။ မြို့အောက်က လူတွေကို ကြည့်လိုက်အုံး။ သူတို့က ဓားပြတွေ ဖြစ်နိုင်သလို အစိုးရစစ်တပ်လည်း ဖြစ်နိုင်တယ်။ မှားသွားရင် ကျုပ်တို့ ပြဿနာ တက်လိမ့်မယ်။"
အစ်ကိုချန်က မြို့ပြင်သို့ ခေါင်းပြူ၍ တစ်ချက် ကြည့်လိုက်ပြီး အံ့အားသင့်သွားကာ ချက်ချင်း ပြန်လှည့်လာပြီး လေးနက်စွာ ပြောလိုက်၏။ "သေချာပေါက် အတုပဲ။"
အမိန့်စာကို ဆွဲယူကာ အပေါ်ရှိ အနီရောင် တံဆိပ်တုံးကို လက်ညှိုးထိုးပြီး ရှင်းပြသည်။ "ကျုပ်က ခရိုင်အတွက် ဒီလောက် နှစ်ပေါင်းများစွာ အတုလုပ်ပေးလာတာတောင် ကျုပ်ကို မယုံဘူးလား။
ကမ္ဘာပေါ်မှာ အစိုးရ တံဆိပ်တုံး ပုံစံတွေ အများကြီး ရှိပေမဲ့ တံဆိပ်တုံး ထွင်းတဲ့ ပန်းပုဆရာက လေးယောက်ပဲ ရှိတာ။ ဒီလေးယောက်ရဲ့ လက်ရာတွေကို ကျုပ်က အလွတ်ရနေပြီ။ သေချာ ကြည့်စရာ လိုသေးလို့လား။ ဒီအရာက တစ်ချက်ကြည့်လိုက်တာနဲ့ အတုမှန်း သိပ်သိသာလွန်းတယ်။
နန်းတော်က ပန်းပုဆရာတွေရဲ့ လက်ရာက အရမ်းကို မြင့်မားတယ်။ ဓားနဲ့ ထွင်းတဲ့အခါ တစ်ချက်ဝင် တစ်ချက်ထွက်၊ လုံးဝ မတွန့်ဆုတ်ဘူး။ အလျားလိုက်၊ ဒေါင်လိုက် ထွင်းချက်တွေက စည်းကမ်းတကျ ရှိပြီး တစ်ခုလုံးက သဘာဝကျကျ အချိုးကျနေတယ်။
ခင်ဗျား ဒီတံဆိပ်တုံးကို ကြည့်လိုက်ဦး။ လေးဖက်လေးလန်ကနေ ထွင်းထားတာ၊ ဦးတည်ချက်လည်း မရှိဘူး။ စာလုံးတွေကလည်း ရှုပ်ပွနေပြီး ဓားရာတွေကလည်း မပီပြင်ဘူး။ ဒီတံဆိပ်တုံး ထွင်းတဲ့သူက ထွင်းနေတုန်း လက်တုန်နေတဲ့ ပုံပဲ။ အချိန်လုပြီး အကြမ်းဖျင်း ထွင်းထားတဲ့ အောက်တန်းစား ပစ္စည်းမှန်း သိသာလွန်းတယ်။"
အကုန်လုံးက အချင်းချင်း ကြည့်လိုက်ကြပြီး မျက်နှာများ တည်ကြည်သွားကြ၏။
အောက်ချန်က တံဆိပ်ပြားကို ထပ်ကမ်းပေးကာ မေးလိုက်သည်။ "ဒါဆို ဒီတံဆိပ်ပြားကရော။"
"ဒါက ပိုတောင် အတုဖြစ်နေသေးတယ်။ ခင်ဗျား ကြည့်လိုက်။ တံဆိပ်ပြားရဲ့ ပန်းခက်တွေက ဖောင်းနေပေမယ့် စာလုံးတွေကတော့ ချိုင့်ဝင်နေတယ်။ ဒါက တခြား တံဆိပ်ပြားကို ယူပြီး ပြင်ထားတာမှန်း သိသာလွန်းတယ်။"
အစ်ကိုချန်က တံဆိပ်ပြားကို ယူကာ ပါးစပ်ထဲထည့်ပြီး ကိုက်ကြည့်လိုက်သည်။ ချက်ချင်း ပြုံးသွား၏။ "ဟေး ... ရွှေစစ်စစ်ကြီးပါလား။"
ရှောင်ထောင်က လျင်မြန်သော လက်ဖြင့် ရွှေပြားကို ပြန်ယူကာ အင်္ကျီလက်ထဲသို့ ထည့်လိုက်သည်။ "ဒါက ခရိုင်ရဲ့ အရေးကြီးတဲ့ ပိုင်ဆိုင်မှုပဲ။ အစ်ကိုချန် ... ပင်ပန်းသွားပြီ။"
အစ်ကိုချန်က နှုတ်ခမ်းကို သပ်လိုက်ပြီး ရွှေစစ်စစ်၏ အရသာကို ပြန်လည် မြည်းစမ်းနေပုံရ၏ ... ။
အောက်ချန်က မြို့အောက်ရှိ လူအုပ်ကြီးကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်ရာ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ ပေါ်လာသည်။
"အကြိမ်ကြိမ် အခါခါပဲ။ ကျုပ်တို့ တောက်ယွမ်ခရိုင်ကို ဓားပြလာတိုက်ချင်နေတာ။ တကယ်ပဲ ဝက်ဝံသည်းခြေ စားထားတာလား။ အမြောက်တပ်တွေကို သွားခေါ်ခဲ့စမ်း။ ယမ်းထုပ်တွေ ထပ်ယူခဲ့။"
ရှောင်ထောင် အံ့အားသင့်သွား၏။ "အမြောက်တပ်တွေကို သုံးရမှာလား။"
အောက်ချန်က လေးနက်စွာ ပြောလိုက်သည်။ "မှန်တယ်။ ကျုပ်တို့ဘက်က လူတွေရဲ့ အရည်အချင်းက သူတို့ထက် ပိုကောင်းတာ သေချာတယ်။ ဒါပေမယ့် လူအင်အားက သူတို့လောက် မများဘူး။ တိုက်ခိုက်ရင် ထိခိုက်ဒဏ်ရာရတာတွေ ရှိလာနိုင်တယ်။ ထိခိုက်ဒဏ်ရာရတာတွေကို ရှောင်ရှားနိုင်ဖို့ အမြောက်တပ်ကို တိုက်ရိုက် သုံးလိုက်တာ အကောင်းဆုံးပဲ။ ဒါပေမဲ့ အချိန်အကြာကြီး သိမ်းထားတာဆိုတော့ ကျုပ်တို့ဆီမှာ ရှိတဲ့ လက်ကျန်နည်းနည်းလေး ဒီတစ်ခေါက် သုံးပြီးရင် တကယ် ကုန်သွားတော့မယ် ... ။"
အမြောက်တပ်နှင့် လက်နက်များ အသင့်ဖြစ်သွားသောအခါ အောက်ချန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "တပ်မှုး ခဏလောက် ထပ်စောင့်ပေးပါအုံး။ ကျုပ် လူလွှတ်ပြီး မြို့တံခါးကို အခုပဲ ဖွင့်ခိုင်းလိုက်ပါ့မယ်။ ခင်ဗျားတို့ အခု ကြိုတင်ပြီး တန်းစီထားလို့ ရပါပြီ။"
ကြိုတင် တန်းစီထားရန် ပြောလိုက်သောအခါ ကျန်းဟူ၏ တပ်ဖွဲ့ထဲမှ လူအနည်းငယ်၏ ခန္ဓာကိုယ်များ တုန်ယင်သွားပြီး ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
သို့သော်ငြား ကျန်းဟူကတော့ ဂုဏ်ယူသော အပြုံးတစ်ခုကို ပြသလိုက်၏။
မြန်မြန်၊ မြန်မြန် မြို့ထဲ ဝင်ပြီးရင် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရပြီ။
သူ ထပ်မတွေးနိုင်ခင် နောက်တစ်စက္ကန့်မှာပင် ကျန်းဟူ၏ နားထဲသို့ ရုတ်တရက် ကွဲကြေသွားသော အသံများ ဝင်ရောက်လာ၏။
သူက အလျင်အမြန် ခေါင်းမော့ကာ မြို့ရိုးဆီသို့ ကြည့်လိုက်ရာ အလွန်တရာ ထိတ်လန့်သွားတော့သည်။ မြို့ရိုး၏ အပေါ်ပိုင်းအနီးရှိ ကျောက်ပြား တစ်တန်းလုံး ကွဲအက်သွားသည်ကို တွေ့လိုက်ရသည်။
ဒါက အနောက်မှာ ရပ်နေတဲ့သူက တူနဲ့ ထုခွဲလိုက်တာမှန်း သိသာလွန်းတယ်။ ဒီမြို့ရိုးကြီးရဲ့ အပေါ်ပိုင်းက အခေါင်းပေါက်ကြီး ဖြစ်နေတာလား။
ဒါပေမဲ့... အဲဒီ တိုတိုတုတ်တုတ် အနက်ရောင် ပိုက်လုံးကြီးတွေက ဘာပစ္စည်းတွေလဲ။
အပိုင်း (၄၄၁) အစွမ်းကုန် ပစ်ခတ်မှု။
ယခင်တစ်ခေါက် တောက်ယွမ်ခရိုင်ကို ရောက်ဖူးပြီး ကံကောင်းထောက်မစွာဖြင့် အသက်ရှင် လွတ်မြောက်လာသူ အနည်းငယ်က အခြေအနေ မကောင်းမှန်း ရိပ်မိသွားသဖြင့် လူအုပ်ကြီး၏ အနောက်သို့ တိတ်တဆိတ် ဆုတ်ခွာသွားကြ၏ ... ။
ကျန်းဟူက ညာဘက်လက်ကို လှုပ်ယမ်းကာ ညီအစ်ကိုများကို တားဆီးလိုက်ပြီး မြို့ရိုးပေါ်သို့ အသံကျယ်ကျယ်ဖြင့် အော်ဟစ် မေးခွန်းထုတ်လိုက်သည်။ "ခင်ဗျားတို့ ဘာသဘောလဲ။ မြို့ရိုးကို ဘာလို့ ဖျက်ဆီးနေတာလဲ။"
မြို့ရိုးပေါ်မှ တိုးဖျော့သော လှောင်ရယ်သံများ ထွက်ပေါ်လာ၏။
ထိုချိန်မှာတော့ အမြောက်တပ် စစ်သားများက အမြောက်ကျည်များကို ထည့်သွင်းနေကြဆဲပင်။
အောက်ချန်က လက်နှစ်ဖက်ကို အသံချဲ့စက်ပုံစံ လုပ်ကာ အော်ပြောလိုက်သည်။ "တပ်မှုး … ကျုပ်တို့ တောက်ယွမ်ခရိုင်က ပြုပြင်ထိန်းသိမ်းမှု မရှိတာ ကြာပြီ။ ဒီမြို့ရိုးက အခေါင်းပေါက်ကြီး ဖြစ်နေပြီး ကပ်ထားတဲ့ ကျောက်ပြားတွေကလည်း မခိုင်တော့ဘူး။
ဒီနေ့ တပ်မှုးဆီမှာ လူအများကြီး ပါလာတော့ မြို့ထဲဝင်တဲ့အခါ အသံအရမ်းကျယ်ရင် ကျောက်ပြားတွေ ပြုတ်ကျလာပြီး လန့်သွားမှာ စိုးလို့ လူလွှတ်ပြီး ကြိုခွာခိုင်းလိုက်တာပါ။"
ပေါက်ကရတွေ။
ကျန်းဟူက ရင်ထဲတွင် တိတ်တဆိတ် ဆဲဆိုလိုက်ပြီး ဆက်မေးလိုက်၏။ "ဒါဆို ကျောက်ပြားတွေ အနောက်က ပစ္စည်းတွေက ဘာလဲ။"
"ဒါက ကျောက်ပြားတွေရဲ့ ထောက်တိုင်တွေပါ။ တပ်မှုး ခဏလောက် ထပ်စောင့်ပေးပါ။ အပိုင်းအစတွေ ရှင်းလင်းပြီးတာနဲ့ ချက်ချင်း မြို့တံခါး ဖွင့်ပေးပါ့မယ်။"
ထောက်တိုင်တွေ။ ကျန်းဟူ မျက်မှောင်ကုတ်ကာ သေချာ အကဲခတ်ကြည့်လိုက်သည်။
မဟန်ဘူး။ သိပ်ကို မဟန်ဘူး။ အထဲမှာ သေချာပေါက် တစ်ခုခုရှိရမယ်။
ထို့ကြောင့် လှည့်ကာ အနောက်ရှိ လူအုပ်ကြီးကို အမိန့်ပေးလိုက်၏။ "ညီအစ်ကိုတို့ ... တပ်ဖွဲ့ အနေအထားကို ကျုံ့ထား။ ပတ်ဝန်းကျင်ကို သတိထားကြ။"
မြို့ရိုးပေါ်တွင် အမြောက်ဆယ့်နှစ်လက် ရှိပြီး အကုန်လုံး ကျည်ထည့်ပြီးသွားပြီ ဖြစ်ကာ အမြောက်တပ် စစ်သားများက အောက်ချန်၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
အောက်ချန်က မြေပြင်ပေါ်ရှိ လူအုပ်ကြီး တဖြည်းဖြည်း စုဝေးလာသည်ကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ဒါက မြန်မြန် မသေမှာ စိုးနေလို့လား ... ဒီလိုတောင် လုပ်တတ်တာလား။
အောက်ဘက်တွင် တပ်ဖွဲ့ အနေအထား ပြင်ဆင်ပြီးသွားသည်ကို မြင်သောအခါ အောက်ချန်က ခံစားချက် ကင်းမဲ့စွာဖြင့် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
ကျန်းဟူက သူ၏ ထူးဆန်းသော လှုပ်ရှားမှုကို ကြည့်ကာ မျက်စိမှေးပြီး မေးလိုက်၏။ "ခင်ဗျား ဘာလုပ်ချင်တာလဲ။ တပ်မှုး ကျုပ်အတွက် မြို့တံခါး မဖွင့်ပေးသေးဘူးလား။"
"ပစ်။"
အမြောက်တပ် စစ်သားများက အသင့်ပြင်ထားသော မီးခြစ်များကို ယူကာ စနက်ကြိုးများကို မီးညှိလိုက်ကြသည်။
နောက်တစ်စက္ကန့်မှာတော့ တောက်ယွမ်ခရိုင်၏ ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။
အမြောက်ပြောင်းဝမှ မီးတောက် ဆယ့်နှစ်ခု တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ဤမျှ နီးကပ်လှသော အကွာအဝေး၌ အမြောက်၏ တိကျမှုသည် မကောင်းမွန်လှသော်လည်း လွဲချော်သွားရန်ဟူသည် လုံးဝ မဖြစ်နိုင်ပေ။
အမြောက်ကျည် ဆယ့်နှစ်လုံးက လူတစ်ထောင်ကျော်ရှိသော တပ်ဖွဲ့ထဲသို့ တိကျစွာနှင့် ညီညာစွာ ကျရောက်သွား၏။
"ဒိုင်း ... ဒိုင်း ... ဒိုင်း ... ဒိုင်း ... ။"
အမြောက်ကျည်များ မြေပြင်သို့ ကျရောက်သွားသည့် တစ်ခဏမှာပင် အလွန်တရာ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
တုံ့ပြန်ရန် အချိန်မရလိုက်သော ကျန်းဟူမှာ နားထဲတွင် ဝီခနဲ မြည်သွားသည်ကိုသာ ကြားလိုက်ရ၏။
" ... "
နှလုံးသားက ချက်ချင်း ရပ်တန့်သွားသည်။ နောက်တစ်စက္ကန့်မှာပင် သူ စီးနေသော မြင်းက ရူးသွပ်သွားသလို ခံစားလိုက်ရပြီး သူ့ကို လွှင့်ပစ်လိုက်သည်။
မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် ကျန်းဟူ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းများ ပျောက်ဆုံးသွားပြီး အသက်ရှုပင် ရပ်တန့်သွားလုမတတ် ဖြစ်သွား၏။
မျက်စိရှေ့တွင် မြင်နေရသည်က ရှုပ်ယှက်ခတ်နေသော မြင်းခွာများ ... ကြောက်ရွံ့နာကျင်နေသော အမူအရာများဖြင့် ညီအစ်ကိုများ၏ အလောင်းများ။
ပြီးတော့ ပြတ်တောက်နေသော ခြေလက်များ ... သွေးစက်များ ... ။
ကောင်းမှုကုသိုလ် ... ဒါက မင်းသား လိုချင်တဲ့ ကောင်းမှုကုသိုလ် ဆိုတာလား။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ကျန်းဟူ၏ နားထဲရှိ အသံများ၊ ညည်းတွားသံများက တဖြည်းဖြည်း ကျယ်လောင်လာပြီး သူက ခန္ဓာကိုယ် အထက်ပိုင်းကို အတင်း ထောက်ကာ လူအုပ်ကြီးဆီသို့ သနားစဖွယ် အသံဖြင့် အော်ဟစ်လိုက်၏။ "ညီအစ်ကိုတို့ ... မြန်မြန် ပြေးကြ။"
"မြန်မြန် ပြေးကြ။"
သို့သော်ငြား မည်သူကမှ ပြန်မထူးကြတော့ချေ။ အကုန်လုံးက ကောင်းကင်ဘုံက ပေးအပ်လိုက်သော လက်နက်လိုမျိုး အရာကို အသည်းအေးမတတ် ထိတ်လန့်သွားကြပြီ ဖြစ်သည်။
ခဏအတွင်းမှာပဲ အချင်းချင်း နင်းမိသံတွေ၊ ဆဲဆိုသံတွေ၊ ကြောက်လန့်တကြား အော်ဟစ်သံတွေ အဆက်မပြတ် ထွက်ပေါ်လာ၏။
ဤအချိန်တွင်တော့ အမြောက်များသည် ဤကမ္ဘာလောကကြီးသို့ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့ပြီး ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်လှသော အသွင်သဏ္ဌာန်ကို ပထမဆုံးအကြိမ် ပြသလိုက်ခြင်းပင် ဖြစ်သည်။
"ဒိုင်း ... ဒိုင်း ... ဒိုင်း ... ။"
ဒုတိယအကြိမ် အမြောက်များ ထပ်မံ ပစ်ခတ်လိုက်ပြန်၏။
ပြင်းထန်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ကျောက်ခဲစများ လေထဲသို့ လွင့်စဉ်သွားကာ အားနည်းသော ခန္ဓာကိုယ် အများအပြားကို ဖောက်ထွင်းသွားကြသည်။
မြင်းတွေကို စီးလို့ မရတော့ပေ။ သတိရှိသေးသူများက မြင်းများကို စွန့်ခွာကာ ထွက်ပြေးကြ၏။
သို့သော်လည်း အရှိန်က အများကြီး နှေးသွားသည်။
အမြောက်ကျည်များ၏ တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်သော်လည်း မြေပြင်မှ လွင့်စင်လာသော ကျောက်စကျောက်နများကိုတော့ ရှောင်လွှဲနိုင်မည် မဟုတ်ချေ။
ကျန်းဟူက မြေပြင်ပေါ်တွင် မှောက်လျက် လဲကျနေသော်ငြား ကျောက်ခဲစ အနည်းငယ်က သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့သည်။ ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိသွားသောကြောင့် ကျန်းဟူ၏ ပါးစပ်မှ သွေးများ အန်ထွက်လာ၏။
သူက ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော ညီအစ်ကိုများကို ကြည့်ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။ "မြန်မြန် ... ပြေး ... မြို့တံခါးအောက်မှာ သွားပုန်းကြ။ အဲဒီနေရာကို သူတို့ ပစ်လို့ မရဘူး ... ။"
သူ၏ အမိန့်ကို ကြားသောအခါ လူတစ်ချို့က မြို့တံခါးအောက်သို့ ပြေးသွားကြ၏။
တပ်မှူး ပြောတာ မှန်တယ်။
အဲဒီ အနက်ရောင် ပိုက်လုံးတွေက မြို့တံခါးအောက်ကို သေချာပေါက် မရောက်နိုင်ဘူး။ အောက်မှာ ပုန်းနေသရွေ့ ပြဿနာ မရှိနိုင်ဘူး။
သူတို့ အဖမ်းခံရရင်တောင်မှ အရေးမကြီးတော့ဘူး။ ဒီငရဲကနေ အသက်ရှင်လျက် ... ထွက်သွားနိုင်ရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။
အောက်ချန်က မြို့တံခါးအောက်ကို လူဆယ်ဂဏန်းလောက် အုံလိုက်ကျင်းလိုက် ပြေးလာကြသည်ကို မြင်သောအခါ ချက်ချင်း အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ "ယမ်းထုပ်တွေ ယူခဲ့။"
ဤအခြေအနေမျိုးကို သူ ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သည်။
မြို့တံခါးအောက်ရှိ နေရာသည် သေကွင်းသေကွက်ပင် ဖြစ်သည်။ အမြောက်များ၏ ပစ်ခတ်နိုင်စွမ်းရှိသော အတိုင်းအတာမှာ ကန့်သတ်ချက် ရှိနေသော်ငြားလည်း ထိုအားနည်းချက်ကို ယမ်းထုပ်များ အသုံးပြုကာ ဖြည့်ဆည်းနိုင်သည်။
အောက်က လူတွေ ပိုပိုများလာပြီးနောက် မီးညှိထားသော ယမ်းထုပ်များကို သုံးလေးခုစီ အောက်သို့ ပစ်ချလိုက်ကြ၏။
ကျန်းဟူက ရုန်းကန်ခြင်းကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ သူက ကံကောင်းစွာဖြင့် ပြင်းထန်သော ဒဏ်ရာ မရခဲ့သော်ငြား သူ၏ ခြေထောက်တစ်ဖက်ကတော့ ထိတ်လန့်နေသော မြင်းအနင်းခံလိုက်ရသဖြင့် ကျိုးသွားပုံရပြီး နားနှစ်ဖက်စလုံးကလည်း ဒုတိယအကြိမ် အမြောက်သံကြောင့် ကန်းသွားခဲ့ပြီ ဖြစ်သည်။
မြို့တံခါးအောက်တွင် စုဝေးကာ ကြောက်ရွံ့တုန်လှုပ်နေကြသော ကျန်ရစ်သူ ညီအစ်ကိုများကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။
ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ ... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ။
တောက်ယွမ်ခရိုင်က စစ်သားတွေကိုတောင် မမြင်လိုက်ရဘဲ ဒီလောက်အထိ အရေးနိမ့်သွားတယ်ပေါ့ ... ငါ့ဆီမှာ လူတစ်ထောင် ရှစ်ရာကျော်တဲ့ အထူးတပ်ဖွဲ့တွေ ရှိတာလေ။
မြို့တော်က ဘယ်တပ်ဖွဲ့ကိုပဲ ဖြစ်ဖြစ် ရွေးလိုက်ရင်တောင် အထူးတပ်ဖွဲ့တွေထဲက အကောင်းဆုံးတွေလို့ ပြောလို့ရတယ်။ ဒီလောက် အချိန်တိုလေးအတွင်းမှာ အကုန်လုံး ပြိုကွဲသွားပြီလား။
သို့သော်ငြား သူ အကြာကြီး ဝမ်းနည်းနေဖို့ အချိန်မရလိုက်ပေ။ မီးရောင် အနည်းငယ်က ကျန်းဟူ၏ မျက်စိရှေ့တွင် ပေါ်လာ၏။
ခုနက မြို့တံခါးအောက်တွင် စုဝေးကာ တုန်လှုပ်နေကြသော ညီအစ်ကိုများမှာ ချက်ချင်း မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ထူထဲလှသော မြို့တံခါးကြီးမှာလည်း ဗုံးဒဏ်ကြောင့် အက်ကွဲမှုများ ဖြစ်ပေါ်နေပြီး အချို့နေရာများတွင် အပေါက်ကြီးများပင် ဖြစ်နေပြီ ဖြစ်၏။
မရေမတွက်နိုင်သော သွေးများ၊ ကိုယ်တွင်းအင်္ဂါ အပိုင်းအစများက မြို့တံခါးပေါ်တွင် စင်နေပြီး ငရဲပန်းချီကား တစ်ချပ်လိုပင်... ။
ရှောင်ထောင်က နားကို ပိတ်ထားပြီး ဤရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းကို ကြည့်ကာ မနေနိုင်ဘဲ မျက်နှာလွှဲလိုက်မိသည်။
အောက်ချန်လည်း တံတွေးတစ်ချက် မြိုချလိုက်သည်။ ခရိုင်ထဲမှာ ဘယ်သူမှ စစ်မတိုက်ဖူးဘူးလေ။ ဒီလို ကြမ်းတမ်းတဲ့ မြင်ကွင်းက တကယ်ကို ထိတ်လန့်စရာ ကောင်းတယ်။
ယမ်းထုပ်တွေနဲ့ အမြောက်ကျည်တွေရဲ့ အစွမ်းက အရမ်းကို ကြီးမားလွန်းတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာတဲ့ ရလဒ်က တွေးကြည့်လို့တောင် မရနိုင်ဘူး။
သို့သော်ငြား ကျန်းပြောင်ကတော့ မျက်နှာအမူအရာ မပြောင်းလဲချေ။ ဗုံးခွဲတာ လုံလောက်ပြီဟု ထင်သောအခါ အသံကျယ်ကျယ်ဖြင့် အလျင်အမြန် အော်လိုက်၏။ "အမြောက် ပစ်တာ ရပ်လိုက်တော့။ ယမ်းထုပ်တွေလည်း ထပ်မပစ်နဲ့တော့။"
"ရှောင်ထောင် ... ခင်ဗျား အပေါ်ကနေ စောင့်ကြည့်ပေးထား။ ကျုပ် လူခေါ်ပြီး အောက်ဆင်းသွားရှင်းလိုက်မယ်။"
အမြောက် ပစ်ခတ်မှု ရပ်တန့်သွားပြီး ကျန်းဟူက ကံကောင်းထောက်မစွာဖြင့် အသက်ရှင် ကျန်ရစ်ခဲ့သည်။
သို့ပေမည့် သူ၏မျက်လုံးများထဲတွင် အသက်ဝင်မှု မရှိတော့ချေ။ သူ၏ အရောင်အဝါ ကင်းမဲ့နေသော မျက်လုံးများက တောက်ယွမ်ခရိုင်၏ ပျက်စီးနေသော မြို့တံခါးမှတစ်ဆင့် အနောက်ဘက်တွင် အသင့်ပြင်ထားသော တပ်ဖွဲ့များကို ရေးတေးတေး မြင်တွေ့နေရ၏။
အချိန်သိပ်မကြာလိုက်ပေ။ ကျန်းပြောင်က လူအများကို ဦးဆောင်ကာ သူ၏ အနားသို့ ရောက်လာ၏သည်
ကျန်းဟူက သူ့ကို ငုံ့ကြည့်နေသော ကျန်းပြောင်ကို ငေးကြောင်စွာ ကြည့်လိုက်သည်။ ရင်ထဲတွင် ဝမ်းနည်းမှုနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများ အပြည့်အဝ ရှိနေပြီး ရုတ်တရက် သူ့ကိုယ်သူ လှောင်ရယ်လိုက်ကာ ပြောလိုက်၏။ "ကျုပ် ရှုံးသွားပြီ။ သတ်ချင်ရင် ... ။"
သူ စကားမဆုံးခင်မှာပင် ကျန်းပြောင်က သူ၏ ကျန်ရှိနေသော ခြေထောက်ကောင်း တစ်ဖက်ကို အရင်ဆုံး နင်းချိုးပစ်လိုက်သည်။
ကျန်းဟူက အားခနဲ အော်ဟစ်ပြီး သတိလစ်သွားတော့၏ ... ။
ကျန်းပြောင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ညီအစ်ကိုတို့ ... ထွက်ပြေးသွားတဲ့ လူတွေကို မြန်မြန် လိုက်ဖမ်းကြ။ ဒဏ်ရာရတဲ့ လူတွေကို ဂရုစိုက်မနေနဲ့။ ခြေထောက်တွေ ရိုက်ချိုးပြီး ဒီတိုင်း ထားခဲ့လိုက်။ ပြန်လာမှ ရှင်းမယ်။"
"ဟုတ်ကဲ့။"
မြင်းစီးတပ်များ လေးဖက်လေးလန်သို့ ထွက်ပြေးသွားသော ရန်သူများကို လိုက်လံဖမ်းဆီးနေသည်ကို ကြည့်ရင်း ရှောင်ထောင်က တည်ကြည်သော မျက်နှာထားဖြင့် အောက်ချန်ကို ပြောလိုက်၏။ "ကိစ္စတွေက ကြီးသွားပြီ။ အဲဒီလူတွေကို မြန်မြန် စစ်ဆေးလိုက်။ ဒီကိစ္စကို အိမ်ရှေ့စံ မင်းသားဆီ အစီရင်ခံဖို့ ကျွန်မ မြို့တော်ကို အမြန်ဆုံး ပြန်သွားရမယ်။ ဆက်ပြီး သေချာ စောင့်ကြပ်ထားပါ။ မြို့တံခါးကိုလည်း မြန်မြန် ပြင်ဖို့ လုပ်ပါ။"
အောက်ချန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
...
ဟိုင်ယွမ်မြို့အောက်။
ဖန်ကျန်းရီ၏ ယာဉ်တန်း ရောက်ရှိလာပြီ ဖြစ်၏ ... ။