← Chapters

အခန်း (၇၇-၇၈)

Vol. 6 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 6 Ch. 77-78

အပိုင်း (၇၇) အကုန်လုံးကို အသွင်ပြောင်းခြင်း

ဖန်ကျန်းရီက ဟန်လုပ်ရယ်မောလိုက်၏။ သူ၏ဘေးရှိ လူများက ဤအရာများကို လုံးဝ မသိကြကြောင်း သူ မေ့နေခဲ့သည်။

ထို့ကြောင့် ရှင်းပြလိုက်သည်။ “အဝေးကြည့်မှန်ပြောင်းဆိုတာ ပြွန်ရှည်တစ်ခုနဲ့ တူတယ်။ ပြွန်တစ်လုံးတည်း ဒါမှမဟုတ် နှစ်လုံးတွဲ ဖြစ်နိုင်တယ်။ အလယ်မှာ မှန်ဘီလူးတွေ စီထားတယ်။ ဒီပြွန်ကနေ ကြည့်ရင် မီတာတစ်ထောင် အကွာအဝေးက အရာတွေကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။

အဏုကြည့်မှန်ပြောင်းကလည်း မတူညီတဲ့ မှန်ဘီလူးတွေကို စီထားတာပဲ။ ဒါပေမဲ့ အရမ်းသေးငယ်တဲ့ အရာတွေကို ကြည့်တာ။ သုတေသနအဖွဲ့ကို သွားပြောလိုက်။ ရေထဲက မျက်စိနဲ့ မမြင်ရတဲ့ ပိုးကောင်တွေကို မြင်ရတဲ့အထိ လုပ်နိုင်ရင် အောင်မြင်ပြီလို့။ နားလည်လား။”

“နားလည်ပါပြီ။” အောက်ချန်က လုံးဝ သံသယ မဝင်ပေ။ ဖန်ကျန်းရီ၏ စကားက တောက်ယွမ်ခရိုင်တွင် အမှန်တရားပင် ဖြစ်၏။ ဖန်ကျန်းရီ က ရေထဲတွင် မမြင်ရသော ပိုးကောင်များ ရှိသည်ဟု ပြောလျှင် သေချာပေါက် ရှိမှာပင်။

“ကောင်းတယ်။ တခြား ပြဿနာ ရှိသေးလား။”

“ရှိပါတယ်။ မကြာသေးခင်က တောက်ယွမ်ခရိုင်ထဲကို ပုံမှန်မဟုတ်တဲ့ လူတချို့ ခိုးဝင်လာကြတယ်။ သခင်လေးအကြောင်း အမြဲတမ်း စုံစမ်းနေကြတယ်။ သခင်လေး မြို့တော်မှာ တစ်ယောက်ယောက်နဲ့ ပြဿနာ ဖြစ်လာတာလားလို့ စဉ်းစားမိပြီး သူတို့ကို မဖမ်းရဲသေးဘူး။

ဒါပေမဲ့ လူခြောက်ယောက် ပါတဲ့ အုပ်စုတစ်ခုက မိစ္ဆာဂိုဏ်းက လူတွေနဲ့ တူတယ်... ကျုပ်တို့ သူတို့ကို ဖမ်းပြီး စစ်ဆေးကြည့်ပေမဲ့ ဘာမှ မထူးခြားလို့ ပြန်လွှတ်ပေးလိုက်တယ်။”

ဖန်ကျန်းရီသည် ထိုစကားကို ကြားချိန်မှာတော့ ချက်ချင်း စိတ်ဝင်စားသွား၏။

စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ ငါ့ကွယ်ရာမှာ လှုပ်ရှားနေတဲ့သူတွေ အများကြီး ရှိနေတာပဲ။

“အဲဒီလူတွေ အခု ဘယ်မှာလဲ။”

“ပညာပေးစခန်းကို ပို့ပြီးတဲ့နောက် ခရိုင်ထဲမှာပဲ အခြေချနေကြပါတယ်။ သခင်လေး စိတ်ချပါ။ သူတို့တွေ အကုန်လုံး လိမ္မာနေကြပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ခရိုင်ရုံးတော်ကို ခေါ်ပြီး သခင်လေး ကိုယ်တိုင် တွေ့မလား။”

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ အကုန်လုံး ခေါ်လာခဲ့။ ဘယ်လိုလူတွေလဲဆိုတာ ကျုပ် ကြည့်ချင်တယ်။”

“သခင်လေး။ နောက်ထပ် ကိစ္စတစ်ခုက... ဟန်ကျန်းပြည်နယ်က စစ်ဆေးရေးမှူး ဝူရှန်းက ခရိုင်ထဲကို ပြောင်းလာတယ်။”

ဖန်ကျန်းရီက အေးစက်စက် ရယ်မောလိုက်သည်။ “ဟမ့် … သစ္စာဖောက်။ သူ့ကို နောက်မှ ရှင်းမယ်။ အရင်ဆုံး ရုံးတော်ကို သွားကြမယ်။”

...

ခရိုင်ရုံးတော်တွင် ဖန်ကျန်းရီက ရင်းနှီးသော ကုလားထိုင်ပေါ်တွင် ပြန်လည် ထိုင်နေသည်။

ယခင်က ဤနေရာ၌ အလုပ်လုပ်ရသည်ကို မုန်းတီးသော်လည်း အချိန်အကြာကြီး မထိုင်ဖြစ်သော စိတ်ထဲတွင် အနည်းငယ် လွမ်းဆွတ် တမ်းတသလို ဖြစ်ခဲ့ရ၏။

အောက်တွင် မတ်မတ်ရပ်နေသော လူဆယ့်တစ်ယောက်ကို ကြည့်ရင်း ဖန်ကျန်းရီက ရယ်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်နေသည်။

တောက်ယွမ်ခရိုင်သို့ သတင်းစုံစမ်းရန် သူလျှိုများ စေလွှတ်ခြင်းမျိုးမှာ ယခင်က မရှိခဲ့ဖူးသည်တော့ မဟုတ်ပေ။ သို့သော်ငြား တောက်ယွမ်ခရိုင်၏ လူနေမှုအဆင့်အတန်းမှာ အလွန်မြင့်မားလှသည့်အပြင်၊ ဒေသခံပြည်သူတို့မှာလည်း ဖြားယောင်းပြောဆိုရာတွင် အလွန် ကျွမ်းကျင်ပါးနပ်ကြလေရာ ရောက်လာသူတို့မှာ အလွယ်တကူပင် သူတို့ဘက်သို့ ယိမ်းယိုင်ပါဝင်သွားတတ်ကြသည်။

စိတ်ဓာတ်ခွန်အားပေး စကားများဖြင့် သွေးဆောင်ခြင်း၊ ပြင်ပလေ့ကျင့်ရေးများ ပြုလုပ်စေခြင်း၊ ရေချိုးသန့်စင်ပေးခြင်းနှင့် ဦးနှောက်ဆေးကြောမှုများ ပြုလုပ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ထိုသူများကို မောင်းထုတ်၍ပင် မရနိုင်တော့ချေ။

ယခုတစ်ကြိမ်တွင်မူ မည်သည့်အရပ်မှ ကံဆိုးမိုးမှောင်ကျနေသူတို့က သူတို့ထံသို့ စုံထောက်များ စေလွှတ်လိုက်သည် မသိပေ။

လူစုံသွားသည်ကို မြင်ချိန်မှာတော့ အောက်ချန်က အော်ဟစ်လိုက်၏။ “သေချာ ရပ်နေစမ်း။ မင်းတို့ တွေ့ချင်နေတဲ့ သခင်လေးဖန် ရောက်လာပြီ။”

လူဆယ့်တစ်ယောက်က ဖြုန်းခနဲ မတ်မတ်ရပ်လိုက်ကြသည်။

“သခင်... လေး... မင်္ဂလာပါ။”

အောက်ချန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်ပြီးနောက် လူအုပ်ကြီးကို အော်ပြောလိုက်၏။ “ငါတို့ရဲ့ ရည်မှန်းချက်က ဘာလဲ။”

လူဆယ့်တစ်ယောက်လုံးက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ “တောက်ယွမ်ခရိုင်ကို ချမ်းသာကြွယ်ဝ၊ ယဉ်ကျေးပြီး သဟဇာတဖြစ်တဲ့ ကျင်းတိုင်းပြည်ရဲ့ ပထမဆုံး ခရိုင် ဖြစ်လာဖို့ တစ်သက်လုံး ကြိုးစားသွားပါမယ်။”

စကားဆုံးသည်နှင့် လူခြောက်ယောက်က နောက်ထပ် တစ်ခွန်း ထပ်အော်လိုက်ပြန်၏။ “တောက်ယွမ်ခရိုင်အတွက် အသက်ကိုတောင် ပေးဆပ်ပါ့မယ်။”

ဖန်ကျန်းရီ၏ မျက်နှာက မည်းမှောင်သွားပြီး အောက်ချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ “ဘာတွေ ဖြစ်နေတာလဲ။ ကျုပ် မရှိတဲ့အချိန် သင်ရိုးညွှန်းတမ်း ပြောင်းလိုက်တာလား။”

အောက်ချန်မှာ ချွေးစေးများ ထွက်လာပြီး အလျင်အမြန် တိုးတိုးလေး ဖြေလိုက်၏။ “သခင်လေး။ မပြောင်းပါဘူး။ ဒုတိယအကြိမ် သင်ရိုးညွှန်းတမ်းကိုပဲ သုံးနေတာပါ။ ဒီခြောက်ယောက်က မိစ္ဆာဂိုဏ်းက လူတွေပါ။ ဘာဖြစ်လို့လဲ မသိဘူး။ ဒီလူတွေက အမြဲတမ်း အရမ်း တက်ကြွနေကြတာ... ကျွန်တော်လည်း ဒီလိုစကားမျိုး ပြောဖို့ မသင်ပေးခဲ့ပါဘူး...”

ဖန်ကျန်းရီက မေးစေ့ကို ပွတ်ရင်း အလွန် တက်ကြွနေသော လူခြောက်ယောက်ကို စိုက်ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ဒါက အဆင့်နိမ့် မိစ္ဆာဂိုဏ်းဝင်တွေရဲ့ ဘုံပြဿနာ ဖြစ်မယ် ထင်တယ်။ စိတ်ဓာတ်ကတော့ ကောင်းပါတယ်။ ဉာဏ်ရည်ကတော့ သိပ်မကောင်းဘူး...

ဖန်ကျန်းရီက ထိုလူခြောက်ယောက်ကို လက်ညှိုးထိုးကာ မေးလိုက်၏။ “ကျုပ် ခင်ဗျားတို့ကို မေးမယ်။ ဘယ်ကလာတာလဲ။ ဘယ်သူက လွှတ်လိုက်တာလဲ။ ဂိုဏ်းနာမည်က ဘာလဲ။”

ခေါင်းဆောင်ဖြစ်သူက ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။ “သခင်လေး။ ကျုပ်တို့က ရေနတ်ဘုရားဂိုဏ်းကပါ။ အထက်က တောက်ယွမ်ခရိုင်ကို စုံစမ်းဖို့ လွှတ်လိုက်တာပါ။ ဒါပေမဲ့ ကျုပ်တို့မှာ သီးသန့် အဆက်အသွယ် လုပ်ရမယ့်သူ မရှိပါဘူး။ အချိန်မရွေး လူလဲလှယ်တတ်လို့ ဘယ်သူက လွှတ်လိုက်တာလဲ ဆိုတာလည်း မသိပါဘူး။ ဒီမှာ နေပြီး သတင်းရမှ ပြန်လာ သတင်းပို့ဖို့ပဲ သိပါတယ်။”

ရေနတ်ဘုရားဂိုဏ်း။

ဖန်ကျန်းရီက စဉ်းစားကြည့်ရာ တစ်နေရာရာမှာ ကြားဖူးသလိုလို ရှိသော်လည်း သိပ်ဂရုမစိုက်မိပေ။ တောက်ယွမ်ခရိုင်ကို မတော်တဆ ရောက်လာပြီး မျက်စိကျသွားသည့် မိစ္ဆာဂိုဏ်းလေး တစ်ခု ဖြစ်မှာပင်။

ထို့ကြောင့် ခေါင်းညိတ်လိုက်၏။ “အင်း ကောင်းပြီ။ ရောက်လာမှတော့ တောက်ယွမ်ခရိုင်က လူတွေ ဖြစ်သွားပြီ။ အတိတ်က ကိစ္စတွေကို ငါ အပြစ်မယူတော့ဘူး။ မင်းတို့ ဒီနေရာကို သဘောကျရင် ဒီမှာပဲ ကောင်းကောင်း နေကြပါ။”

“တကယ်လို့ ရေနတ်ဘုရားဂိုဏ်းက လူတွေ လာဆက်သွယ်ရင် အချိန်မီ ပြန်သတင်းပို့ဖို့ မမေ့နဲ့။ နားလည်လား။”

“ကျေးဇူးတင်ပါတယ် သခင်လေး။ နားလည်ပါပြီ။”

မိစ္ဆာဂိုဏ်းဝင်များက ဂိုဏ်းချုပ်နှင့် စကားပြောနေသကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

“အင်း... ကောင်းပြီ။ ကောင်းပြီ။ အလုပ်ကြိုးစားလုပ်။ ပိုက်ဆံများများရှာ။ အခွန်များများဆောင်။ နောက်ဆိုရင် ခင်ဗျားတို့ကို စံပြအခွန်ထမ်းဆု ကိုယ်တိုင် ပေးမယ်။”

ဖန်ကျန်းရီ၏ စကားဆုံးသည်နှင့် အောက်ချန်က ဖန်ကျန်းရီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “သခင်လေး... ဒီလူခြောက်ယောက်က စားစရိတ်နဲ့ အိမ်လခကလွဲရင် ကျန်တာ အကုန်လုံး အခွန်ဆောင်ပါတယ်။”

“ဘာ … သောက်ကျိုးနည်း ဒါ ရူးနေတာ မဟုတ်ဘူးလား။” ဖန်ကျန်းရီ ဒေါသထွက်သွားသည်။

“ဒီခြောက်ယောက်။ အလုပ်မလုပ်နဲ့တော့။ ပညာပေးစခန်းကို ပြန်သွား။ ပုံမှန်လူ တစ်ယောက်လို နေတတ်မှ အလုပ်ပြန်လုပ်ကြ။ မဟုတ်ရင် ကျုပ်ရဲ့ တောက်ယွမ်ခရိုင်က ပြည်သူတွေကို လမ်းမှားရောက်တော့မယ်။”

အောက်ချန်က ရယ်ချင်စိတ်ကို အောင့်ထားရင်း ပြောလိုက်၏။ “နားလည်ပါပြီ သခင်လေး။”

“မင်းတို့ ခြောက်ယောက်။ အရင် ပြန်သွားကြ။ အလုပ်မလုပ်နဲ့တော့။ သခင်လေးက မင်းတို့ကို အားလပ်ရက် ပေးထားတယ်။ နှစ်ရက်နေရင် အစီအစဉ်ဆွဲပြီး အကြောင်းကြားမယ်။”

လူခြောက်ယောက်က ဖြုန်းခနဲ မတ်မတ်ရပ်ကာ အလေးပြုလိုက်ပြီး တစ်တန်းတည်း စီကာ ထွက်သွားကြသည်။

“ဒီခြောက်ယောက်ကို သေချာ သင်တန်းပေးထား။ နောက်ဆိုရင် ဒီရေနတ်ဘုရားဂိုဏ်း ဘာညာ ထပ်လာရင် သူတို့ကို သူလျှိုအဖြစ် ပြန်လွှတ်လိုက်။”

“နားလည်ပါပြီ သခင်လေး။”

ဖန်ကျန်းရီက မျက်လုံးမှေးကာ ကျန်နေသော လူငါးယောက်ကို ကြည့်လိုက်၏။ “ပြောစမ်း။ ခင်ဗျားတို့ကရော ဘယ်ကလာတာလဲ။”

ကျန်နေသော လူငါးယောက်ကတော့ ပို၍ ပုံမှန်ဆန်သည်။ ခေါင်းဆောင်ဖြစ်သူက ရှေ့သို့ ထွက်ကာ ပြောလိုက်သည်။ “သခင်လေး … ကျုပ်တို့ ခြောက်ယောက်က မြို့တော်က လာတာပါ။ ဘဏ္ဍာရေးအမတ် ကျန်းရှီရဲ့အမိန့်နဲ့ သခင်လေးအကြောင်း စုံစမ်းဖို့ လာတာပါ။ သူက သခင်လေးရဲ့ အားနည်းချက်ကို ရှာချင်နေတာပါ။”

သောက်ကျိုးနည်း... ဒီအဘိုးကြီးက တကယ် ယုတ်မာတာပဲ။ သူ့သားကို တစ်ခါ ရိုက်လိုက်ရုံလေးနဲ့ ဒီလောက်တောင် အငြိုးထားရသလား...

“နေပါအုံး... ခြောက်ယောက်။ မင်းတို့က ငါးယောက်တည်း မဟုတ်ဘူးလား။”

“သခင်လေး။ ကျွန်တော်တို့က ခြောက်ယောက်ပါ။ တစ်ယောက်က သူ့အမေကို ခေါ်ဖို့ မြို့တော်ကို ပြန်သွားတာပါ။”

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။

တောက်ယွမ်ခရိုင်၏ လူနေမှုဘဝမှာ အမှန်တကယ်ပင် သာယာကောင်းမွန်လွန်းလှသည်။ တစ်ကြိမ်တစ်ခါ ခြေချရောက်ရှိလာမိသူတိုင်းမှာ နောက်ကြောင်းပြန်လှည့်ကာ ထွက်ခွာသွားလိုစိတ် အလျဉ်း မရှိတော့သည် အထိပင် ဆွဲဆောင်ဖမ်းစားနိုင်စွမ်း ရှိနေ၏။

“ခင်ဗျားတို့ကရော အမေ မရှိဘူးလား။ ဘာလို့ မပြန်တာလဲ။”

“ကျုပ်တို့ စာရေးလိုက်ပါပြီ။ သူ့အမေက အသက်ကြီးပြီး ကျန်းမာရေး မကောင်းတော့ လမ်းမလျှောက်နိုင်ဘူးလေ။ စိတ်မချလို့ ကိုယ်တိုင် သွားခေါ်တာပါ။”

ထိုအချိန်တွင် လူတစ်ယောက်က ရုတ်တရက် အသံထွက်၍ ငိုကြွေးတော့၏။

“သခင်လေး... ကျုပ်မှာ အမေ မရှိတော့ဘူး... အီး .. ဝူး .. ဥ …ဥ...”

“အာ... စိတ်မကောင်းပါဘူး။ ဒါဆို ခင်ဗျားတို့လည်း တောက်ယွမ်ခရိုင်မှာပဲ အခြေချဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။”

ခေါင်းဆောင်ဖြစ်သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “သခင်လေး။ ကျုပ်တို့ တောက်ယွမ်ခရိုင်ကို ရောက်မှပဲ ကိုယ်ဘာအတွက် အသက်ရှင်နေလဲ ဆိုတာကို သိလာရတာပါ။ ဒီမှာ နေရတာ အရမ်း ပျော်ဖို့ကောင်းတယ်။ ကျုပ်တို့က အမတ်ကြီးကျန်းရဲ့ အစေခံတွေဆိုတော့ ပြန်သွားလည်း ဘဝက မကောင်းပါဘူး။ ဒီမှာနေတာက ပိုကောင်းပါတယ်။ တစ်သက်လုံး မပြန်တော့ပါဘူး။”

ဖန်ကျန်းရီက လက်ခုပ်တီးကာ ရယ်မောလိုက်၏။ “ကောင်းတယ်။ အရမ်းကောင်းတယ်။ အမှားကို သိပြီး ပြင်နိုင်တာက အကောင်းဆုံးပဲ။ ခင်ဗျားတို့ထဲမှာ ကျန်းရှီရဲ့ အားနည်းချက်ကို သိတဲ့သူ ရှိရင် သခင်လေးကို ပြောပြ။”

“ဒါကတော့... သခင်လေး။ ကျုပ်တို့ တကယ် မသိပါဘူး...”

ဖန်ကျန်းရီက စမ်းသပ်သည့် သဘောဖြင့် မေးကြည့်ခြင်းသာ ဖြစ်ပြီး အစေခံများဆီမှ ဘာသတင်းမှ ရမည်မဟုတ်ကြောင်း သိထားသောကြောင့် စိတ်ပျက်မသွားပေ။

“ကောင်းပါပြီ။ ကိစ္စမရှိပါဘူး။ ပြန်လို့ ရပါပြီ။ လုပ်စရာရှိတာ သွားလုပ်ကြ။”

လူငါးယောက်က ပြိုင်တူ ကျေးဇူးတင်စကား ပြောကာ လှည့်ထွက်သွားကြ၏။

လူအားလုံး ထွက်သွားပြီးနောက် ဖန်ကျန်းရီ၏ မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ “သူတို့ကို သေချာ စောင့်ကြည့်ထား။ နှစ်နှစ် စောင့်ကြည့်ကာလ မပြည့်မချင်း လုံးဝ မပေါ့ဆနဲ့။”

အပိုင်း (၇၈) ဝူရှန်း၏ တစ်နေ့တာ။

ဝူရှန်း တောက်ယွမ်ခရိုင်သို့ ပြောင်းရွှေ့လာသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။

ကျင်းဘုရင်က သာမန်အရပ်သားအဖြစ် လျှော့ချလိုက်ပြီးတည်းက ဝူရှန်းသည် ဟန်ကျန်းပြည်နယ်သို့ ချက်ချင်း ပြန်လာခဲ့၏။

သို့သော်ငြား အိမ်ရောက်သောအခါ ဝူရှန်းသည် တောက်ယွမ်ခရိုင်သို့ ချက်ချင်း မပြောင်းရွှေ့သေးဘဲ ဘုရင်မင်းမြတ်က ဖန်ကျန်းရီကို အပြစ်ပေးမည့် သတင်းကိုသာ တိတ်တဆိတ် စောင့်နေခဲ့သည်။

ရက်ပေါင်းများစွာ ဝူရှန်းသည် စိုးရိမ်ထိတ်လန့်စွာဖြင့် ဖြတ်သန်းခဲ့ရ၏။

ဖန်ကျန်းရီ ဆိုသော မိစ္ဆာ သူ့ကို ပေးခဲ့သည့် စိတ်ဒဏ်ရာက ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ သို့ပေမည့် ဖန်ကျန်းရီ မြို့တော်သို့ ရောက်ရှိသွားသည့် သတင်းကို ကြားရသည်အထိ ဘာသတင်းမှ မထွက်လာခဲ့ပေ။

ဝူရှန်းသည် မိသားစုကို ခေါ်ကာ တောက်ယွမ်ခရိုင်သို့ ချက်ချင်း ပြောင်းရွှေ့လာခဲ့သည်။

ခရိုင်ရုံးတော်ရှိ အစောင့်များက ဝူရှန်းကို သိနေသောကြောင့် များစွာ မနှောင့်ယှက်ကြပေ။

တောက်ယွမ်ခရိုင်သို့ ရောက်ရှိပြီးနောက် ဖန်ကျန်းရီ ပေးထားသော အိမ်တွင် နေထိုင်ကာ အေးချမ်းသော ဘဝလေးကို ဖြတ်သန်းနေ၏။

နေ့တိုင်း အရက်သောက်၊ ပြဇာတ်ကြည့်ပြီး ခရိုင်ထဲက ပြည့်တန်ဆာရုံကို သွားကာ အပန်းဖြေသည်။ မကြာသေးမီက ခရိုင်ထဲတွင် အသစ်ပေါ်လာသော ဇာတ်လမ်းတွဲ ပြဇာတ်ကိုလည်း စွဲလမ်းနေပြီး နေ့တိုင်း ပြဇာတ်ကြည့်ကာ နောက်နေ့ ဇာတ်လမ်းက ဘာဖြစ်လာမလဲ ဆိုတာကို အဆက်မပြတ် စဉ်းစားနေမိသည် အထိပင်။

သူကိုယ်တိုင်လည်း စိတ်ဝင်စားလာပြီး သူ၏စာပေအရေးအသားက မဆိုးသောကြောင့် ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး လူငှားကခိုင်းရင် ဘာဖြစ်မည်နည်း။

ငွေကြေးအကျိုးအမြတ်ကိုလည်း ရရှိနိုင်မည့်အပြင် မိမိ၏ အရည်အသွေးကိုလည်း ထုတ်ဖော်ပြသနိုင်မည် ဖြစ်လေရာ... ဤသည်ကား အမှန်တကယ်ပင် နှစ်ဦးနှစ်ဖက် အကျိုးများစေမည့် ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

ထိုသို့တွေးမိသည်နှင့် တစ်ပြိုင်နက် လက်တွေ့အကောင်အထည်ဖော်ကြည့်လေရာ၊ ဝူရှန်း ရေးသားထားသော စာပေအငွေ့အသက် လွှမ်းမိုးလွန်းသည့် ဇာတ်ညွှန်းမှာ သေချာပေါက် ပယ်ချခြင်း ခံလိုက်ရသည်။ အကြောင်းရင်းကား အခြားမဟုတ်၊ အလွန်တရာ ငြီးငွေ့ဖွယ်ကောင်းလွန်းနေသောကြောင့်ပင်။

ကာမရာဂနှင့် သက်ဆိုင်သော လိင်မှုရေးရာ ပြကွက်များကို အနည်းငယ်မျှပင် ထည့်သွင်းရေးဖွဲ့ထားခြင်း မရှိဘဲလျက်နှင့် လူအများကို ပြဇာတ်လာရောက်ကြည့်ရှုစေချင်သေးသည်လား။

သို့သော်လည်း ဝူရှန်းက စိတ်ဓာတ်မကျဘဲ နေ့တိုင်း ပြည့်တန်ဆာရုံထဲ ဝင်ကာ စိတ်လှုပ်ရှားစရာ ဇာတ်ညွှန်းများကို သုတေသန လုပ်နေတော့၏။

အိမ်ရောက်လျှင်လည်း မြေးများနှင့် အချိန်ဖြုန်းပြီး သားဖြစ်သူ၏ ပညာရေးကိုတောင် သိပ်ဂရုမစိုက်တော့ပေ။

တောက်ယွမ်ခရိုင်ကဲ့သို့သော ဒေသမျိုးတွင် စာပေကျွမ်းကျင်တတ်မြောက်ပြီး ကြိုးစားပမ်းစား လုပ်ကိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလှသည်။ ဘဝရှေ့ရေးနှင့် စားဝတ်နေရေးအတွက် အပြည့်အဝ အာမခံချက် ရှိနေမည်မှာ အသေအချာပင်။

အရာရှိ၊ မှူးမတ်တို့၏ လောကကား အလွန်တရာ မှောင်မိုက်ရှုပ်ထွေးလှသည်။ သူ၏ သားငယ်လေး ထိုလမ်းကြောင်းပေါ်သို့ ခြေမချသည်ကပင် ပို၍ ကောင်းမွန်ပေလိမ့်မည်။

သို့သော်ငြား ဝူရှန်း၏ စိတ်ထဲတွင် စိုးရိမ်မှု တစ်ခုတော့ အမြဲတမ်း ရှိနေ၏။

ပုံမှန်အားဖြင့် လမ်းမထက်၌ သွားလာနေစဉ် ခရိုင်ဝန်မင်း ပြန်လည်ရောက်ရှိလာတော့မည် ဟူသော သတင်းစကားများကို အမြဲတစေ ကြားနေရတတ်သည်။ သို့တိုင်အောင် ထိုခရိုင်ဝန်မင်းမှာမူ တစ်ကြိမ်တစ်ခါမှ ပြန်လည်ရောက်ရှိလာခဲ့ခြင်း မရှိချေ။

ယနေ့ မနက်ပိုင်း အိပ်ရာထပြီးနောက် ဝူရှန်းက ဂျိုင်းအောက်တွင် မှတ်စုစာအုပ် ညှပ်ကာ လမ်းပေါ်တွင် မနက်စာစားပြီး ခဏလောက် လျှောက်သွားသည်။ ပြီးနောက် ပုံမှန်အတိုင်း နှင်းလမင်းစံအိမ်သို့ လာခဲ့သည်။

ကြည့်ကောင်းသော ပြည့်တန်ဆာ နှစ်ယောက်ကို ခေါ်ကာ အပေါ်ထပ်သို့ တက်သွား၏။

အပေါ်ထပ် အခန်းထဲသို့ ရောက်ချိန်မှာတော့ ဝူရှန်းက မှတ်စုစာအုပ်ကို စားပွဲပေါ်သို့ ပစ်ချကာ အလောတကြီး ပြောလိုက်သည်။ “မြန်မြန်။ မနေ့က ဇာတ်လမ်းကို ဆက်ကကြရအောင်။”

ပြည့်တန်ဆာ နှစ်ယောက်က အချင်းချင်း ကြည့်ကာ ရှက်ရွံ့စွာ ပြောလိုက်၏။ “လူကြီးမင်း မနေ့က လူကြီးမင်း ခေါ်တာ ကျွန်မတို့ မဟုတ်ပါဘူး။ ရှီချွန်းနဲ့ လော့မေ့က ဒီနေ့ နားရက်ပါ။”

ပြည့်တန်ဆာ နှစ်ယောက်ကလည်း မအံ့ဩကြပေ။ ပြဇာတ်ရူး အဘိုးကြီးဝူက နှင်းလမင်းစံအိမ်မှာ နာမည်ကြီးနေလို့နေသည် မဟုတ်ပါလား။

ဝူရှန်း မျက်မှောင်ကြုတ်သွားပြီး စားပွဲပေါ်ရှိ မှတ်စုစာအုပ်ကို ကောက်ယူကာ လှန်ကြည့်လိုက်သည်။ အလယ်ပိုင်းလောက် ရောက်တော့ မျက်မှောင်ပြေသွား၏။ ထို့နောက် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုလည်း ဇာတ်လမ်းသစ် တစ်ခု ကကြတာပေါ့။ ပြီးတော့ သခင်ကြီးလို့ မခေါ်နဲ့။ အမတ်ကြီးလို့ ခေါ်။ အမတ်ကြီးဝူလို့ ခေါ်။”

“ဟုတ်ကဲ့ပါအမတ်ကြီးဝူ။”

ဝူရှန်းက ကျေနပ်စွာ ပြုံးလိုက်ပြီး မှတ်စုစာအုပ်ကို ငုံ့ကြည့်ကာ လူတစ်ယောက်ကို လက်ညှိုးထိုး၍ ပြောလိုက်၏။ “မင်းက ချမ်းသာတဲ့ အိမ်က သခင်မလေး နေရာကနေ က။ မင်းက တောသူ နေရာကနေ က။

ငါကတော့ ရုပ်ရည်ရော ပညာရော ပြည့်စုံပြီး ပထမဆု ရလောက်တဲ့ အရည်အချင်းရှိတဲ့ ပညာတတ် တစ်ယောက် နေရာကနေ ကမယ်။ မြို့တော်ကို စာမေးပွဲ သွားဖြေမလို့ပေါ့။”

ဒါပေမဲ့ ကုမရတဲ့ ရောဂါတစ်ခု ဖြစ်နေတယ်။ လမ်းမှာ ရထားလုံးတိုက်ခံရပြီး သတိလစ်သွားတော့ တောသူလေး က ကယ်လိုက်တယ်။ သူတို့နှစ်ယောက် ချစ်တင်းနှီးနှောပြီးတဲ့နောက် ငါက မြို့ထဲဝင်တယ်။ ပြီးတော့ ချမ်းသာတဲ့ အိမ်က သခင်မလေးက မျက်စိကျသွားတယ်။

အဲဒါနဲ့ မင်းတို့နှစ်ယောက်က ငါ့ကို လုကြတာပေါ့။ နောက်ဆုံးကျတော့ တောသူလေးက ငါ့ရဲ့ ရောဂါကို ကုဖို့အတွက် ချောက်ကမ်းပါးပေါ်က ဆေးမြစ်ကို သွားခူးရင်း ချောက်ထဲ ကျသွားတယ်။

အဲဒီဆေးမြစ်ကို ချမ်းသာတဲ့ အိမ်က သခင်မလေးက မတော်တဆ ရသွားတယ်။ ငါက အဲဒီဆေးမြစ်ကို စားပြီးတော့ စိတ်တွေ ရှုပ်ထွေးသွားပြီး သခင်မလေးနဲ့ ချစ်တင်းနှီးနှောမိသွားတယ်။ ဒါပေမဲ့ ငါက တောသူလေး ကို မမေ့နိုင်လို့ စိတ်ဓာတ်ကျနေခဲ့တယ်။

တစ်နေ့ကျတော့ ငါ့ရဲ့ အစစ်အမှန် သရုပ်က အပြင်မှာ ပျောက်ဆုံးနေတဲ့ ချမ်းသာတဲ့ အိမ်က သခင်လေးဆိုတာ သိလိုက်ရတယ်။ သခင်မလေးက ငါ့ရဲ့ အရင်းအချာ ညီမလေး ဖြစ်နေတာကိုး။ ငါလည်း ရှက်လွန်းလို့ ဓားနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တယ်။

နောက်ဆုံးတော့ တောသူလေးနဲ့ ငရဲပြည်မှာ ပြန်တွေ့ပြီး ချစ်တင်းနှီးနှောကြတယ်... လောလောဆယ် ဒီလောက်ပဲ အရင်ပြောထားမယ်။ နားလည်ကြလား။”

ထိုစကားကို ကြားပြီးနောက် ပြည့်တန်ဆာ နှစ်ယောက်က ကြောင်အစွာဖြင့် အချင်းချင်း ကြည့်ကာ ပြိုင်တူ ခေါင်းခါလိုက်ကြ၏။ “နားမလည်ပါဘူး။”

ဝူရှန်း၏ မျက်နှာတွင် သံကို သံမဏိမဖြစ်၍ နာကြည်းနေသော အမူအရာ ပေါ်လွင်နေသည်။ “အာ အသုံးမကျလိုက်တာ။ ဒါလေးတောင် နားမလည်ဘူးလား။ တခြားဟာတွေ ထားလိုက်အုံး။ တစ်ခန်းချင်းစီ သင်ပေးမယ်။

ပထမအခန်းက ငါက ရထားလုံးတိုက်ခံရပြီး သတိလစ်သွားတယ်။ တောသူလေးက ငါ့ကို အိမ်ပြန်ခေါ်သွားတယ်။ ပြီးတော့ ငါ့ရဲ့ ရုပ်ရည်ကို သဘောကျပြီး သတိလစ်နေတဲ့ ငါနဲ့ ချစ်တင်းနှီးနှောတယ်။

တောသူလေး နေရာက ကရမယ့်သူ။ မင်း အောက်ထပ်ဆင်းပြီး အစေခံ အဝတ်အစား တစ်စုံ သွားလဲလိုက်။

ခဏနေလို့ မင်းတို့ ဝင်လာရင် ငါက ကြမ်းပြင်ပေါ်မှာ သတိလစ်နေတဲ့ ပုံစံနဲ့ လဲနေမယ်။ ပြီးရင် မင်းက ငါ့ကို ကုတင်ပေါ် သယ်တင်ပေး။ သခင်မလေး နေရာက လူက အရင် မဝင်လာနဲ့အုံး။ ငါခေါ်မှ ဝင်လာခဲ့။ မင်း ငါ့ကို ကုတင်ပေါ် တင်ပြီးရင်... အဝတ်တွေ ချွတ်... အပေါ်ကနေ တက်ပြီး ကိုယ့်ဘာသာ လှုပ်... ရပြီ။ မင်းတို့ အရင် ထွက်သွားကြ။”

မိန်းကလေး နှစ်ယောက် တိတ်ဆိတ်သွားပြီး ဝူရှန်း၏မျက်နှာကို ကြည့်ကာ မျက်တောင်များ အဆက်မပြတ် ခတ်နေကြ၏။

ဒီခွေးအိုကြီး။ ဘယ်သူကများ ရှင့်ရဲ့ ရုပ်ရည်ကို သဘောကျမှာလဲ။ အရှက်မရှိတဲ့လူ။ မြို့ဝန်ဖန်ဆိုရင် တစ်မျိုးပေါ့။

အခုခေတ် ပိုက်ဆံရှာရတာ ဘာလို့ ဒီလောက် ခက်နေရတာလဲ။

ထို့နောက် မိန်းကလေး နှစ်ယောက်က မျက်နှာရှုံ့မဲ့ကာ အခန်းထဲမှ ထွက်သွားကြသည်။

ထိုအခါ ဝူရှန်းက ချက်ချင်း ကြမ်းပြင်ပေါ်တွင် လဲလျောင်းလိုက်ပြီး မျက်နှာတွင် နာကျင်နေသော အမူအရာဖြင့် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်၏။

အချိန်အတော်ကြာ လဲလျောင်းနေသော်လည်း ဘယ်သူမှဝင်မလာသောကြောင့် ဝူရှန်း၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးလာမိသည်။

ဒီပြည့်တန်ဆာရုံက မိန်းမတွေ တကယ်ကို အားကိုးလို့ မရဘူး။ ပညာရှင်တွေကိုပဲ ရှာမှရမယ်...

နောက်ထပ် အချိန်အနည်းငယ် ကြာပြီးနောက် ဝူရှန်းက တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သဖြင့် အလျင်အမြန် ထကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။

အခန်းအပြင်သို့ ရောက်၍ ဧည့်ခန်းကို ကြည့်လိုက်ချိန်မှာတော့ ကြောင်အသွား၏။

ယခုအခါ နှင်းလမင်းစံအိမ်တွင် လူတစ်ယောက်မှ မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ သရဲတောင် မရှိတော့ချေ။

ဝူရှန်းက အလျင်အမြန် မှတ်စုစာအုပ်ကို သိမ်းကာ လမ်းပေါ်သို့ ကတိုက်ကရိုက် ပြေးထွက်လာရာ လမ်းမကြီးတွင်လည်း လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရ၏။

ဤပုံမှန်မဟုတ်သော မြင်ကွင်းကြောင့် ဝူရှန်း စတင် ထိတ်လန့်လာပြီး လမ်းမပေါ်တွင် ဟိုဒီ ပြေးလွှားနေမိသည်။

ခဲယဉ်းစွာဖြင့် လူတစ်ယောက်ကို တွေ့၍ ဆွဲမေးလိုက်ရာ ဖန်ကျန်းရီ ပြန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရ၏။

ဝူရှန်း ထိုသတင်းကို ကြားချိန်မှာတော့ လုံးဝ ထိတ်လန့်သွားပြီး အိမ်သို့ ကမန်းကတန်း ပြေးတော့သည်။ လမ်းတွင် ဖိနပ်တစ်ဖက်ပင် ကျွတ်ကျန်ရစ်ခဲ့၏။

အိမ်ရောက်သောအခါ မိသားစုဝင် တစ်ယောက်မှ မရှိကြောင်း တွေ့လိုက်ရသည်။ ပြင်ပတွင် ပွဲကြည့်ရန် ထွက်သွားကြခြင်း ဖြစ်မည်။

ဧည့်ခန်းထဲတွင် ခဏမျှ ဆဲဆိုပြီးနောက် စာကြည့်ခန်းထဲသို့ ဝင်ကာ သော့ခတ်ထားလိုက်သည်။

ထို့နောက် ချွေးစေးများ ထွက်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး ဖန်ကျန်းရီနှင့် တွေ့လျှင် ဘယ်လို ရှင်းပြရမလဲဟု စဉ်းစားနေမိ၏။

အမှန်တကယ်ပင် ကျိန်စာသင့်နေခြင်းလော။ ဧကရာဇ်မင်းမြတ်အနေဖြင့် ထိုဖန်ကျန်းရီအား အကျဉ်းထောင်တွင်းသို့ အမြစ်ပြတ် မပို့ဆောင်လိုက်ခြင်းမှာ အလွန်တရာ နှမြောတသဖွယ် ကောင်းလှသည်။

ဤကဲ့သို့သော အခြေအနေဆိုးသို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်ရာ အခြားရွေးချယ်စရာ နည်းလမ်းဟူ၍ အလျဉ်းမရှိတော့ပေ။ ယခင်က မိမိ လက်ခံရယူခဲ့မိသော လာဘ်ငွေများအားလုံးကို ယခုအခါ အကုန်အစင် ပြန်လည်ပေးအပ်ရတော့မည်သာ။

သို့သော်ငြား... ဖန်ကျန်းရီဟူသော ထိုမိစ္ဆာကောင်သည် ဤမျှလောက်နှင့်သာ ကျေနပ်ရောင့်ရဲသွားပါမည်လား...။

ဝူရှန်း စဉ်းစားနေရင်း မျက်နှာထားက တဖြည်းဖြည်း ကြောက်မက်ဖွယ် ကောင်းလာသည်။

ငါ့ဘဝကို သူ တစ်ခါ ဖျက်ဆီးခဲ့ပြီးပြီ... ဒုတိယအကြိမ် ဖျက်ဆီးခွင့် လုံးဝ မပေးနိုင်ဘူး။

ဆုံးဖြတ်ချက် ချပြီးနောက် ဝူရှန်းက အံကြိတ်ကာ စာကြည့်ခန်းထဲရှိ ပန်းချီကားကို ဆွဲဖြဲလိုက်ပြီး နံရံပေါ်မှ ပြုတ်ကျနေသော အုတ်ခဲတစ်လုံးကို ဆွဲထုတ်လိုက်ရာ အထဲတွင် လျှို့ဝှက်ခန်း တစ်ခု ရှိနေ၏။

ဝူရှန်းက လျှို့ဝှက်ခန်းထဲကို ကြည့်ရင်း ရင်ဘတ်ထဲတွင် သွေးထွက်မတတ် နာကျင်နေသော်လည်း... လက်လှမ်းကာ ထူထဲသော ငွေစက္ကူ အထပ်လိုက်ကို ထုတ်ယူလိုက်သည်။

ဘယ်လောက်ကြာသွားမှန်း မသိပေ။ ဝူရှန်းသည် အပြင်ဘက်မှ အော်ဟစ်သံများကို ဝိုးတဝါး ကြားလိုက်ရ၏။

“ဝူရှန်း ရှိလား။ ဝူရှန်း ရှိလား။”

“သခင်လေးဖန်က ခင်ဗျားကို နာရီဝက် အချိန်ပေးတယ်။ ခရိုင်ရုံးတော်ကို ချက်ချင်း လာခဲ့။”

All Chapters