အခန်း (၆၃၇-၆၃၈)
Vol. 35 Ch. 637-638
အပိုင်း (၆၃၇) လုပ်ငန်းဝန်ကြီးဌာနမှ အဖိုးတန်ပစ္စည်း ဆက်သခြင်း။
တစ်လဆိုသော အချိန်မှာ အလွန် လျင်မြန်စွာ ကုန်ဆုံးသွား၏။
သို့သော်ငြား မှူးမတ်များသည် ဤကိစ္စကို သိပ်အရေးတယူ ရှိပုံမပေါ်ချေ။ နေ့စဉ် ဆွေးနွေးနေကြသည့် အကြောင်းအရာများမှာ အနောက်တိုင်းလောက အကြောင်းပင် ဖြစ်ပြီး တစ်ချို့ဆိုလျှင် ပြည်သူများကြားထဲတွင် သတင်းအချက်အလက်များ ကိုယ်တိုင် လိုက်လံ စုဆောင်းနေကြသည်။
အနောက်တိုင်းသားများ ရောက်ဖူးသလားဟု လိုက်လံ မေးမြန်းနေကြသော်လည်း ကံမကောင်းစွာဖြင့် မည်သည့် အချက်အလက်မှ မရရှိခဲ့ပေ။ ဖြစ်နိုင်သည်မှာ ဤကိစ္စကို အလေးထားသူဆို၍ ဘဏ္ဍာရေးဌာနက လူများနှင့် ဖန်ကျန်းရီသာ ရှိပေမည်။
မဟုတ်သေးပေ။ ကျင်းဘုရင်မင်းမြတ်နှင့် သူ၏ဘေးတွင် အမြဲရှိနေသော လီယွမ်ကျောက်တို့လည်း ရှိသေးသည်။
ညီလာခံမှာ တစ်ဝက်ခန့် ပြီးဆုံးသွားပြီး ယခင် အကြောင်းအရာများ ဆွေးနွေးပြီးသွားသောအခါ ကျင်းဘုရင်မင်းမြတ်မှာ အနည်းငယ် ပင်ပန်းလာသလို ခံစားလိုက်ရ၏။
ကျင်းဘုရင်မင်းမြတ်က ဖန်ကျန်းရီကို ကြည့်ကာ မေးလိုက်သည်။ "အမတ်ဖန် ... လွန်ခဲ့တဲ့ တစ်လက မင်းနဲ့ လုပ်ငန်းဝန်ကြီးဌာန လောင်းကြေးထပ်ထားတာကို ကိုယ်တော် မှတ်မိတယ်။ အခု ဘယ်လို ပြင်ဆင်ထားပြီးပြီလဲ။ ပြီးတော့ ဘဏ္ဍာရေးဌာနကရော ဘယ်လို ပြင်ဆင်ထားပြီးပြီလဲ။"
ဖန်ကျန်းရီက ခေါင်းညိတ်ကာ ပြန်လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး ကြိုတင် ပြင်ဆင်ထားတာ ကြာပါပြီ။ ဒါပေမဲ့ ညီလာခံမှာ အရေးကြီးတဲ့ ကိစ္စတွေကို နှောင့်နှေးစေမှာ စိုးလို့ အချိန်နည်းနည်း နောက်ဆုတ်ပြီးမှ ပြောမလို့ပါ။"
လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ကျန်းလျန် (ယခင်က ကျန်းဖျင် ဟု ရေးခဲ့) က ရယ်မောကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုးလည်း အဲဒီလိုပဲ စဉ်းစားထားတာပါ။ လုပ်ငန်းဝန်ကြီးဌာနက အစောကြီးတည်းက ပြင်ဆင်ပြီးပါပြီ။ ဒီနေ့ အားလုံးရဲ့ မျက်စိပွင့်သွားစေရမယ်လို့ ကျွန်တော်မျိုး အာမခံပါတယ်။"
မှူးမတ်များ၏ အာရုံစိုက်မှုသည် ထိုနှစ်ဦးထံသို့ ရောက်ရှိသွားပြီး ပတ်ဝန်းကျင် အခြေအနေမှာလည်း အနည်းငယ် တက်ကြွလာ၏။
လီယွမ်ကျောက်ဆိုလျှင် ပို၍ပင် စိတ်လှုပ်ရှားနေသည်။ တောက်ယွမ်ခရိုင်မှ အဆင့်မြှင့်တင်ထားသော စက်ဘီးကို သူ ကြိုတင်၍ စီးကြည့်ပြီးပြီ ဖြစ်၏။ ထိုခံစားချက်မှာ ယခင်က တစ်ခါမှ မကြုံဖူးသော ခံစားချက်မျိုးဖြစ်ပြီး ယနေ့ စက်ဘီးကိုသာ ထုတ်ပြလိုက်ပါက အားလုံးကို အနိုင်ယူနိုင်မည်မှာ သေချာသည်။
သို့သော်ငြား လတ်တလော အခြေအနေအရ ကြည့်လျှင် လူတိုင်းက လုပ်ငန်းဝန်ကြီးဌာနအပေါ် ပို၍ စိတ်ဝင်စားနေပုံရ၏။
ကျင်းဘုရင်မင်းမြတ်က ပြုံးကာ မေးလိုက်သည်။ "အို ... ကြည့်ရတာ ဒီနေ့ အံ့အားသင့်စရာတွေ အများကြီး ပေါ်လာအုံးမယ့် ပုံပဲ။ ဒါဆိုလည်း အချိန်မဆွဲဘဲ အခုပဲ ထုတ်ပြလိုက်ပါတော့။ ဒီနေ့ ကိုယ်တော်က ဘာမှ ဝင်အကဲဖြတ်မှာ မဟုတ်ဘူး၊ မင်းတို့အားလုံး စုပေါင်းပြီး အနိုင်အရှုံးကို ဆုံးဖြတ်ကြပါ။ အမတ်ဖန် ... မင်းမှာ ကန့်ကွက်စရာ ရှိလား။"
ဖန်ကျန်းရီက အပြုံးဖြင့် ပြန်ဖြေလိုက်၏။ "ကျွန်တော်မျိုး ကန့်ကွက်စရာ မရှိပါဘူး။"
ခရိုင်အတွင်းရှိ ပထမဆုံး စက်ဘီးပုံစံကို လဝက်ပင် မကြာလိုက်ဘဲ လောင်ချီနှင့် လက်သမားများစွာက အကောင်းဆုံး လက်ရာများဖြင့် ဖန်တီးပေးခဲ့ကြ၏။ သူကိုယ်တိုင်လည်း ပြုပြင်မွမ်းမံမှုများတွင် ပါဝင်ခဲ့သည်။
လက်ရှိ တောက်ယွမ်ခရိုင် စက်ဘီးတွင် အားနည်းချက် အချို့ ရှိနေသေးသည်။ ဥပမာအားဖြင့် ငြိမ့်ညောင်းမှု စနစ်က သိပ်မကောင်းသေးချေ။ ထို့အပြင် ဘရိတ်ပြားများ မပါရှိဘဲ ဖရိန်ပေါ်တွင် ရိုးရှင်းသော မောင်းတံစနစ်လေးသာ တပ်ဆင်ထားသည်။ မောင်းတံကို ဆွဲတင်လိုက်ပါက အနောက်ဘက်ပိုင်းက ဖိချသွားပြီး နောက်ဘီးကို ပွတ်တိုက်ကာ ဘရိတ်ဖမ်းသည့် စနစ်ဖြစ်၏။
ယေဘုယျအားဖြင့် ပြောရလျှင် ဤအကြမ်းဖျင်းဆန်သော စက်ဘီးသည် လူအင်အားကို သက်သာစေသော်လည်း အမြန်နှုန်းမှာ အလွန်အမင်း မြန်ဆန်မည် မဟုတ်သဖြင့် ဤရိုးရှင်းသော ဘရိတ်ဖြင့်ပင် လုံလောက်နေပြီဖြစ်သည်။ နောက်ပိုင်းမှ တဖြည်းဖြည်း ထပ်မံ ပြုပြင်မွမ်းမံနိုင်သည်။
အားနည်းချက်များကို ဖယ်ရှားလိုက်ပါက အလုံးစုံ ပုံသဏ္ဍာန်မှာ နောင်ခေတ်များမှ ဈေးဝယ်စက်ဘီး ပုံစံများနှင့် သိပ်မကွာခြားတော့ချေ။ အထူးသဖြင့် လက်တွေ့အသုံးဝင်မှု အပိုင်းတွင် သာမန်ပြည်သူများအတွက် လုံလောက်နေပြီဖြစ်၏။ အရေးအကြီးဆုံးမှာ ကုန်ကျစရိတ် သက်သာပြီး အရင်းငွေ ငွေစအနည်းငယ်သာ ကုန်ကျသဖြင့် ပြည်သူများ တတ်နိုင်သော ဈေးနှုန်းဖြစ်၏။
ဤကဲ့သို့ တိုင်းပြည်နှင့် ပြည်သူကို အကျိုးပြုသော ပစ္စည်းမျိုး ရှုံးနိမ့်စရာ အကြောင်းမရှိပေ။ ဖန်ကျန်းရီမှာ ယုံကြည်မှု အပြည့်ရှိနေသည်။
ကျင်းဘုရင်မင်းမြတ်က ထိုနှစ်ဦးကို ကြည့်ကာ မေးလိုက်၏။ "အင်း ... ဒါဆို မင်းတို့ထဲက ဘယ်သူ အရင် ထုတ်ပြမလဲ။"
ကျန်းလျန်က ဖန်ကျန်းရီကို ကြည့်လိုက်ရာ ဖန်ကျန်းရီက လက်ဟန်အမူအရာ ပြုလုပ်ပြလိုက်သဖြင့် ပြုံးကာ လျှောက်တင်လိုက်သည်။ "ဒါဆိုရင်လည်း ကျွန်တော်မျိုးကပဲ အရင် စလိုက်ပါ့မယ်။ ကျွန်တော်မျိုး လူတွေကို ကြိုတင်ပြင်ဆင်ခိုင်းထားပြီး အရှင်မင်းကြီးရဲ့ အမိန့်ကို အချိန်မရွေး စောင့်ဆိုင်းနေပါတယ်။"
ကျင်းဘုရင်မင်းမြတ်က အမိန့်ပေးလိုက်၏။ "ကောင်းပြီ။ လုပ်ငန်းဝန်ကြီးဌာနရဲ့ ပစ္စည်းကို အရင် ယူလာခဲ့ပါ။"
အချိန်သိပ်မကြာလိုက်ဘဲ နန်းဆောင်အပြင်ဘက်မှ အစောင့်နှစ်ဦး ဝင်ရောက်လာပြီး လက်ထဲတွင် ဗန်းနှစ်ခုကို ကိုင်ဆောင်လာကာ ဗန်းပေါ်တွင် အနီရောင် ပိတ်စဖြင့် ဖုံးအုပ်ထား၏။ သို့သော်ငြား ပုံသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် တစ်ခုက အရှည်နှင့် အပြားပုံစံဖြစ်ပြီး နောက်တစ်ခုက အနည်းငယ် ထုထည်ရှိသည်ကို မြင်နိုင်သည်။
ကျင်းဘုရင်မင်းမြတ်က ပြောလိုက်၏။ "အမတ်ကျန်း ... စလိုက်ပါ။"
ကျန်းလျန်က လက်အုပ်ချီကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... ဒီနေ့ ကျွန်တော်မျိုး ဆက်သချင်တဲ့ အဖိုးတန်ပစ္စည်းက နှစ်ခု ရှိပါတယ်။ ဒီအထဲက ပထမတစ်ခုကတော့ လုပ်ငန်းဝန်ကြီးဌာနက နောက်ဆုံးပေါ် နည်းပညာကို သုံးပြီး ဖန်တီးထားတဲ့ ကြွေထည်ပါပဲ။"
အနီရောင် ပိတ်စကို လှန်လိုက်သည်နှင့် အလွန်ကြည်လင် တောက်ပနေသော ကြွေပန်းအိုး တစ်လုံး အားလုံး၏ ရှေ့မှောက်တွင် ပေါ်လာ၏။
ဤကြွေပန်းအိုးမှာ သိပ်မကြီးသော်လည်း အပေါ်တွင် သဘာဝကျလှသော တောင်တန်းများ၊ သစ်ပင်များ၊ ပန်းများနှင့် ငှက်များ၏ ရုပ်ပုံများကို ရေးဆွဲထားသည်။ အဖိုးတန်ဆုံးအချက်မှာ ဤကြွေပန်းအိုးသည် သာမန် ကြွေထည်များနှင့် မတူညီသော အထိအတွေ့နှင့် တောက်ပမှုကို ပေးစွမ်းနိုင်ပြီး တစ်ခုလုံးမှ မွန်မြတ်သော အငွေ့အသက်များ ထွက်ပေါ်နေကာ သိုးဆီဖြူကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည်။ ပန်းအိုးကိုယ်ထည်မှ အလင်းရောင် ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်။
လူတိုင်းက ကြွေထည်ကို နှစ်သက်ကြသည်။ မှူးမတ်များကြားတွင် အံ့အားသင့်ချီးကျူးသံများ ထွက်ပေါ်လာပြီး အနီးကပ် သွားရောက် ကြည့်ရှုရန် မနေနိုင်အောင် ဖြစ်သွားကြ၏။ ကျင်းဘုရင်မင်းမြတ်ပင်လျှင် ကိုယ်ကို အနည်းငယ် ကိုင်းကာ ကြွေပန်းအိုးကို သေချာစွာ ကြည့်ရှုနေမိ၏။
ယင်းကိုမြင်သောအခါ ကျန်းလျန်က ဝင့်ကြွားစွာဖြင့် ရှင်းပြလိုက်သည်။ "ဒီကြွေထည်ကို လုပ်ငန်းဝန်ကြီးဌာနရဲ့ လက်မှုပညာရှင် အများအပြားက သေချာ စနစ်တကျ အချိုးကျ စပ်ဆိုထားတဲ့ ဖော်မြူလာသစ်နဲ့ ဖန်တီးထားတာပါ။ သိမ်မွေ့ပြီး ကြည်လင်တောက်ပတယ်၊ လှပပြီး ကျက်သရေရှိတယ်၊ အရောင်ကလည်း ကျောက်စိမ်း လို စိုပြည်နေတယ်။ ကြွေထည်တွေထဲက စိန်လို့ တင်စားလို့ရတယ်။ တစ်ပြည်လုံးမှာ လုပ်ငန်းဝန်ကြီး ဌာနကလွဲရင် ဒီလို လက်ရာမြောက်တဲ့ ပညာမျိုး ဘယ်မှာမှ ရှာမတွေ့နိုင်ဘူးလို့ ကျွန်တော်မျိုး ရဲရဲကြီး အာမခံရဲပါတယ်။"
ပြောပြီးသည်နှင့် ကျန်းလျန်သည် ဖန်ကျန်းရီကို အောင်နိုင်သူ၏ အပြုံးဖြင့် လှမ်းကြည့်လိုက်၏။
ဖန်ကျန်းရီက ရှေ့သို့ ခြေနှစ်လှမ်း တိုးကာ သေချာစွာ ကြည့်ရှုပြီးနောက် ချီးကျူးလိုက်သည်။ "ကြွေထည်ကောင်းပဲ ... တကယ်ကို ကြွေထည်ကောင်းပဲ။ လုပ်ငန်းဝန်ကြီးဌာနရဲ့ လက်ရာက တကယ်ကို မြင့်မားတာပဲ။"
ဤသည်မှာ လှောင်ပြောင်ခြင်း မဟုတ်ဘဲ ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်ခြင်းဖြစ်၏။ အမှန်တကယ်ပင် ဤပန်းအိုးမှာ အလွန်လှပလွန်းပြီး ဖန်ကျန်းရီ ကိုယ်တိုင်လည်း အလွန် သဘောကျမိ၏။
အတိတ်ဘဝက တီဗီတွင် ကြည့်ခဲ့ဖူးသော ပါးလွှာသော ကြွေထည်နှင့် အနည်းငယ် ဆင်တူသော်လည်း ထိုမျှလောက်တော့ မချဲ့ကားလွန်းချေ။ ကျန်းရှီပြည်နယ်၊ ကျင်းတယ်ကျိန့်နှင့် ကွမ်တုန်ပြည်နယ်၊ တာပုခရိုင် စသည့် နေရာများမှ ပါးလွှာသော ကြွေထည်များသည် အထင်ရှားဆုံးနှင့် အနုပညာမြောက်ဆုံး လက်ရာများဖြစ်၏။ သို့သော်ငြား ၎င်းကို ကြွေထည်များထဲမှ စိန်ဟု တင်စားခြင်းကတော့ ကြွေထည်ကို အနည်းငယ် နှိမ့်ချရာ ရောက်ပေမည်။
အားလုံး ကြည့်ရှုပြီးသောအခါ ကော်ထျန်းယန်သည် အလယ်သို့ လျှောက်သွားကာ ကြွေပန်းအိုးကို ကျင်းဘုရင်မင်းမြတ်ထံသို့ ယူဆောင်သွားပေးသည်။
ကျင်းဘုရင်မင်းမြတ်က ကြွေပန်းအိုးကို ကိုင်ကာ အထပ်ထပ် ကြည့်ရှုပြီးနောက် ပွတ်သပ်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် ဝမ်းသာကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာ၏။
တကယ်ကို ပစ္စည်းကောင်းတစ်ခုဖြစ်ပြီး လူကို အလှတရား၏ ခံစားမှုကို ပေးစွမ်းနိုင်သည်။ လုပ်ငန်းဝန်ကြီး ဌာနကတော့ တကယ်ကို စိတ်ပျက်အောင် မလုပ်ခဲ့ချေ။
ကျင်းဘုရင်မင်းမြတ်က ချက်ချင်းပင် အလွန်မြင့်မားသော အကဲဖြတ်ချက်ကို ပေးလိုက်သည်။ "ကောင်းတယ်။ ဒီပစ္စည်းက အရမ်းကောင်းတယ်။ ကိုယ်တော် အရမ်း သဘောကျတယ်။"
ကျန်းလျန်မှာ ဝမ်းသာသွားပြီး မျက်နှာပေါ်ရှိ အရေပြား တွန့်များပင် ထပ်သွား၏။ "အရှင်မင်းကြီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ သခင်လေးဖန် ... ခင်ဗျားရော ထပ်ပြီး အကဲဖြတ်ပေးပါအုံးလား။"
ဖန်ကျန်းရီက သူ့ကို မျက်စောင်းထိုး ကြည့်ကာ ပြန်ပြောလိုက်သည်။ "ကောင်းတာပေါ့၊ ကျုပ်မှာလည်း တခြား အမြင်တချို့ ရှိနေလို့။ ဒီပစ္စည်းက ကြည့်လို့ အရမ်းလှပေမဲ့ အပြင်ပန်းပဲ လှတဲ့ ခေါင်းအုံးလိုပဲ၊ လက်တွေ့ အသုံးမဝင်ဘူး။ လုပ်ငန်းဝန်ကြီးဌာနက ရဖို့ခဲယဉ်းတဲ့ ပစ္စည်းကောင်းတစ်ခုကို ထုတ်ပြနိုင်ပေမဲ့ လမ်းလွဲသွားပြီလို့ ကျုပ် မြင်တယ်။ သိပ္ပံအကယ်ဒမီ တည်ထောင်ရတဲ့ မူလရည်ရွယ်ချက်က တိုင်းပြည်နဲ့ ပြည်သူကို အကျိုးပြုဖို့ပဲ။ ဒီပန်းအိုးလေးက ကြည့်လို့ပဲ ရတယ်၊ အသုံးမဝင်ဘူး။ နောက်ပြီး လက်မှုပညာကလည်း အရမ်း နုနယ်တော့ ထုတ်လုပ်နိုင်တဲ့ ပမာဏကလည်း များမှာ မဟုတ်ဘူး။ တစ်ပြည်လုံးက သာမန်ပြည်သူတွေ အများစုအတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူးလို့ ထင်တယ်။ ကောင်းတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ မသင့်တော်ဘူး၊ လက်တွေ့ အသုံးမဝင်ဘူး။ အမတ်ကျန်း ... ခင်ဗျား ဘယ်လိုထင်လဲ။"
ကျန်းလျန်က မလောဘဲ နွေဦးလေညင်းလို လန်းဆန်းနေသည့် မျက်နှာထားဖြင့် လျှောက်တင်လိုက်သည်။ "သဘာဝကျပါတယ်။ သခင်လေးဖန် ပြောတာ သဘာဝကျပါတယ်။ ကျုပ်လည်း မငြင်းပါဘူး။ ဒါကြောင့် ဒုတိယ ပစ္စည်းကို ပြင်ဆင်ထားတာပါ။ အရှင်မင်းကြီး ကြည့်ရှုတော်မူပါ။"
အနီရောင် ပိတ်စကို လှန်လိုက်သည်နှင့် ဒုတိယ ပစ္စည်းက တောက်ပစွာ ပေါ်ထွက်လာ၏။ ဗန်းပေါ်တွင် တင်ထားသည်မှာ ဓားတစ်လက်ပင် ဖြစ်၏။
ကျန်းလျန်က လျှောက်တင်လိုက်သည်။ "ဒုတိယ အဖိုးတန်ပစ္စည်းကတော့ ဓားကောင်း တစ်လက်ပါ။ ကျွန်တော်မျိုးကို ပြသခွင့်ပြုပါ။"
ကျင်းဘုရင်မင်းမြတ်၏ စိတ်ဝင်စားမှုက ပို၍ မြင့်တက်လာ၏။ ဓားကောင်းဆိုသည်က အလှပြပစ္စည်းများထက် အများကြီး ပို၍ စိတ်ဝင်စားစရာ ကောင်း၏။
ကျင်းဘုရင်မင်းမြတ်က လက်ဝှေ့ယမ်းကာ ခွင့်ပြုလိုက်သည်။ "ရပါတယ်။"
ကျန်းလျန်က ဓားကို ကိုင်လိုက်ပြီး ရုတ်တရက် အိမ်ထဲမှ ဆွဲထုတ်လိုက်၏။ နေရာတွင် ရှိနေသူများအားလုံး၏ စိတ်ထဲတွင် လျှပ်တစ်ပြက် အတွေးများ ပေါ်လာ၏။
နှင်းပွင့်များကဲ့သို့ ဖြူဖွေးပြီး ဆောင်းဦးရာသီကဲ့သို့ အေးစက်နေသည်။ ခုနက ဖြတ်သန်းသွားသော လျှပ်စီးတန်းကဲ့သို့ အလင်းရောင်က လူတိုင်းကို ကြက်သီးထစေရန် လုံလောက်သည်။
ကျန်းလျန်က ရှင်းပြလိုက်၏။ "ဒီဓားကိုလည်း နောက်ဆုံးပေါ် နည်းပညာနဲ့ လက်မှုပညာရှင် တစ်ရာကျော်က နေ့ရောညပါ အချိန်ယူပြီး စမ်းသပ် ဖန်တီးထားတာပါ။ ဓားကိုယ်ထည်က မာကျောမှုရော ပျော့ပျောင်းမှုပါ မျှတပြီး သံတွေကို ရွှံ့လို ဖြတ်တောက်နိုင်တယ်၊ ဆံပင်ကိုတောင် လေမှုတ်လိုက်ရုံနဲ့ ပြတ်စေနိုင်တယ်။"
ကျင်းဘုရင်မင်းမြတ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် အမိန့်ပေးလိုက်သည်။ "ဓားတစ်လက် ယူလာပြီး စမ်းကြည့်စမ်း။ ဒီဓားက ဘယ်လောက် ထက်မြက်လဲဆိုတာ ကိုယ်တော် ကြည့်ချင်တယ်။"
ထို့နောက် အစောင့်တစ်ဦးက ရှေ့သို့ ထွက်လာပြီး ဓားရိုးကို ကိုင်ကာ ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်၏။ ကျန်းလျန်က သူ၏ လက်ထဲရှိ ဓားကို အခြား အစောင့်တစ်ဦးထံသို့ ကမ်းပေးလိုက်၏။
သူတို့နှစ်ဦးသည် ဓားချင်း ရင်ဆိုင်ကာ ယှဉ်ခုတ်လိုက်ကြရာ ကြည်လင်ပြတ်သားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် အစောင့်၏ ဓားမှာ ကျိုးသွားခဲ့၏။
အပိုင်း (၆၃၈) စက်ဘီး စင်မြင့်ပေါ်ရောက်လာခြင်း။
ကျင်းဘုရင်မင်းမြတ်က လက်ခုပ်တီးကာ မျက်လုံးထဲတွင် ဝမ်းသာမှုများ အထင်းသား ပေါ်လွင်လျက် အားရပါးရ ချီးကျူးလိုက်၏။ "ဓားကောင်းပဲ ... တကယ်ကို ဓားကောင်းပဲ။"
နန်းတွင်း အစောင့်များ ကိုင်ဆောင်သော ဓားများ၏ အရည်အသွေးကို သူ ကောင်းစွာ သိ၏။ စစ်သူကြီးများကို ပေးသနားသော ဓားများနှင့် ယှဉ်လျှင်ပင် အရည်အသွေးက သိပ်မကွာခြားလှချေ။ ယခု လုပ်ငန်းဝန်ကြီးဌာနက ဖန်တီးထားသော ဓားသစ်က အစောင့်များ၏ ဓားကို ခုတ်ပိုင်းနိုင်သည်ဆိုတော့ ၎င်း၏ လက်မှုပညာ မည်မျှ မြင့်မားကြောင်း သိသာထင်ရှားသည်။
ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ လုပ်ငန်းဝန်ကြီးဌာန၏ ဓားကို သေချာ ကြည့်လိုက်သောအခါ သေးငယ်သော အစင်းရာလေး တစ်ခုသာ ရှိပြီး ထိခိုက်မှု ကြီးကြီးမားမား မရှိခြင်းပင် ဖြစ်၏။
မှူးမတ်များကလည်း အံ့အားသင့်ကာ ချီးကျူးနေကြ၏။
မှူးမတ်တစ်ဦးက ချီးကျူးလိုက်သည်။ "ဓားကောင်းပဲ ... လုပ်ငန်းဝန်ကြီးဌာနက ဖန်တီးထားတာနဲ့ တကယ်ကို ထိုက်တန်တယ်။"
နောက်တစ်ဦးကလည်း ထောက်ခံလိုက်၏။ "ဒီတစ်ခေါက်တော့ ဖန်ကျန်းရီ ရှုံးလောက်ပြီ။ ဒါပေမဲ့ ဒီဓားက ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ မသိဘူးနော်။"
ကျန်းလျန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး လက်နှစ်ဖက်ကို ခပ်ဖွဖွ နှိမ့်ချကာ ဝင့်ကြွားစွာ ပြောလိုက်သည်။ "အားလုံးပဲ ... ဒီဓားကို အစမ်းထုတ်လုပ်တာဖြစ်လို့ ဈေးနှုန်းက အကြမ်းဖျင်းအားဖြင့် ငွေတုံး သုံးတုံး ဝန်းကျင်လောက် ရှိပါတယ်။ ဒါပေမဲ့ ... ဒါက အကြမ်းဖျင်း တွက်ထားတာပါ။ လက်မှုပညာရှင် အများကြီး စုပေါင်းပြီး အချိန်ယူ သုတေသန လုပ်ထားရလို့ ဈေးနည်းနည်း ကြီးသွားတာပါ။ အချိန်နည်းနည်း ကြာလာရင် ဒီဓားရဲ့ ဈေးနှုန်းက သေချာပေါက် အများကြီး ကျသွားမှာပါ။ သခင်လေးဖန် ... နောင်တစ်ချိန် ဒီဓားကို တပ်တော် တစ်ခုလုံးမှာ တပ်ဆင်နိုင်ရင် တိုင်းပြည်နဲ့ ပြည်သူကို အကျိုးပြုတယ်လို့ ခေါ်လို့ရမလား။"
ဖန်ကျန်းရီက အထင်သေးသော မျက်နှာထားဖြင့် ချက်ချင်း တုံ့ပြန်လိုက်၏။ "အချိန်နည်းနည်း ကြာလာရင် သေနတ်တွေရဲ့ ဈေးနှုန်းကလည်း အများကြီး ကျသွားမှာပဲ။ ပြီးတော့ သေနတ်ပြောင်းဝမှာ ဓားမြှောင် တပ်လိုက်ရင် လူချင်း ယှဉ်ချတဲ့ တိုက်ပွဲ ဘယ်နှစ်ကြိမ်လောက် ဆင်နွှဲနိုင်မလဲ။ ကျုပ်ကတော့ မဖြစ်နိုင်ဘူး ထင်တယ်။"
ဓားတစ်လက်ကို ငွေတုံး ငါးတုံးလောက် အကုန်ခံပြီး လုပ်သည်မှာ တကယ်ကို ငွေပိုနေလို့ပင်။ တောက်ယွမ်ခရိုင်မှာ နောင်ဆိုလျှင် နည်းပညာတွေ တိုးတက်လာပြီး လုပ်ငန်းစဉ်တွေ ချောမွေ့လာလျှင် နောက်ပြီး အမြောက်အမြား ထုတ်လုပ်နိုင်လာလျှင် သေနတ်တစ်လက်ကိုတောင် ငွေတုံး ငါးတုံးလောက် ကုန်မှာ မဟုတ်ချေ။
သို့ပေမည့် လုပ်ငန်းဝန်ကြီးဌာန၏ သံရည်ကျိုနည်းနှင့် ပန်းပဲပညာကတော့ ချီးကျူးစရာပင် ဖြစ်၏။
ကျန်းလျန်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ "သခင်လေးဖန် ... စကားတွေ အများကြီး ပြောနေလည်း အပိုပဲ။ ခင်ဗျားရဲ့ ပစ္စည်းကိုသာ ထုတ်ပြလိုက်ပါ။"
ကျန်းလျန်က ပြောရင်း အင်္ကျီလက်ကို ခါကာ မျက်နှာလွှဲသွားပြီး သူ့ကို ဆက်မကြည့်တော့ချေ။ ဤကဲ့သို့သော လူနှင့် စကားမများချင်တော့ချေ။
ကျင်းဘုရင်မင်းမြတ်က ပြုံးကာ မေးလိုက်သည်။ "ကဲပါ ... လုပ်ငန်းဝန်ကြီးဌာနရဲ့ ပစ္စည်းကို ကိုယ်တော် ကြည့်ပြီးပြီ။ အမတ်ဖန် ... မင်းရဲ့ ပစ္စည်းကရော။"
ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးရဲ့ ပစ္စည်းက နန်းဆောင် အပြင်ဘက်မှာ ရှိပါတယ်။ နန်းဆောင်ထဲမှာ ပြသဖို့ အဆင်မပြေလို့ အရှင်မင်းကြီးနဲ့ မှူးမတ်တွေ အားလုံး နန်းဆောင် အပြင်ဘက်ကို ကြွပြီး လေ့လာပေးလို့ ရမလား။"
မှူးမတ်တစ်ဦးက ရေရွတ်လိုက်၏။ "နန်းဆောင် အပြင်ဘက်။ ဟာ ... ကြည့်ရတာ အကြီးကြီး ဖြစ်မယ့်ပုံပဲ။"
နောက်တစ်ဦးကလည်း သံသယဝင်စွာ ပြောလိုက်သည်။ "ဟုတ်တယ်။ ဖန်ကျန်းရီက အကြီးစား ပစ္စည်းနဲ့ အနိုင်ယူချင်နေတာလား။ နည်းနည်းတော့ ရိုးအလွန်းတယ် မထင်ဘူးလား။ ဒီနေ့ လာတုန်းက သူ ဘာအကြီးကြီးမှ ယူလာတာ မတွေ့ပါဘူး။"
အောက်ခြေမှ ဆွေးနွေးသံများကို ကြားရသောအခါ ကျင်းဘုရင်မင်းမြတ်၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှုက ပို၍ နက်ရှိုင်းလာ၏။
ကျင်းဘုရင်မင်းမြတ်က အမိန့်ပေးလိုက်သည်။ "ခွင့်ပြုတယ်။ ဒါဆို မှူးမတ်တွေ အားလုံး ကိုယ်တော်နဲ့အတူ နန်းဆောင် အပြင်ဘက်ကို သွားကြည့်ကြတာပေါ့။"
အင်ပါယာက အမိန့်ပေးလိုက်သဖြင့် မှူးမတ်များ အားလုံး တန်းစီကာ အပြင်သို့ ဖြည်းညင်းစွာ ထွက်လာကြ၏။ နန်းဆောင်အပြင်ဘက် ကွင်းပြင်တွင် ဖန်ကျန်းရီနှင့် အိမ်ရှေ့စံတို့ ကြိုတင် စီစဉ်ထားသော စက်ဘီးနှစ်စီး ရှိနေ၏။
သို့သော်ငြား ယခုအချိန်တွင် အနီရောင် ပိတ်စဖြင့် ဖုံးအုပ်ထား၏။ လူတိုင်း ကွင်းပြင်သို့ ရောက်သောအခါ ထင်ရှားနေသော အနီရောင်ကို ချက်ချင်း မြင်လိုက်ရသည်။
အားလုံးက လက်ညှိုးထိုးကာ စတင် ဆွေးနွေးနေကြပြန်သည်။ ပုံသဏ္ဍာန်ကို ကြည့်ပြီး ဘာပစ္စည်းမှန်း မခန့်မှန်းနိုင်သဖြင့် စိတ်ထဲတွင် ပို၍ သိချင်လာကြ၏။
ဖန်ကျန်းရီ ရှေ့သို့ လျှောက်သွားကာ စက်ဘီးဘေးတွင် ရပ်လိုက်သည်။ လက်တစ်ဖက်က အနီရောင် ပိတ်စကို ကိုင်ကာ ရှင်းပြလိုက်သည်။ "အားလုံးပဲ ကြည့်ကြပါ။ ဒီနေ့ ကျုပ် ပြသမယ့် ပစ္စည်းက တောက်ယွမ်ခရိုင်က လက်မှုပညာရှင်တွေ ဖန်တီးထားတာပါ။ နာမည်က စက်ဘီး လို့ ခေါ်ပါတယ်။ မစီးခင်မှာ ကျုပ်က အားလုံးကို အကြမ်းဖျင်း အရင် ရှင်းပြပါ့မယ်။
အားလုံးပဲ ကြည့်ပါ။ ဒီပေါ် တက်စီးလိုက်ရင် လေလို မြန်မြန် သွားနိုင်ရုံတင် မကဘူး၊ ပစ္စည်း အလေးကြီးတွေလည်း သယ်နိုင်တယ်။ ရှေ့က ခြင်းတောင်းထဲမှာ ပစ္စည်းတွေ ထားလို့ရတယ်။ ပြည်သူတွေ ဈေးသွားဝယ်ရင် လက်ကနေ ဆွဲစရာ မလိုတော့ဘူး။ နောက်မှာ လူတစ်ယောက် စီးလို့ရတဲ့ ထိုင်ခုံတစ်ခုလည်း ပါသေးတယ်။ ကလေးတွေကို ကျောင်းပို့တာမျိုး လုပ်လို့ရတယ်။ အကောင်းဆုံးကတော့ ရှေ့က ဒီအကွက်လေးပဲ။ ဒီအထဲမှာ မှန်ထည့်ထားတယ်။ ပြီးတော့ အောက်ခြေမှာ မြဲနေအောင် တပ်ထားတဲ့ ဆီမီးခွက်တစ်ခုလည်း ပါတယ်။ ဆီမီးခွက်ကို ထွန်းပြီး အဖုံးပိတ်လိုက်ရင် ညဘက် လမ်းသွားတဲ့အခါ အလင်းရောင် ရနိုင်တယ်။ အားလုံးပဲ ... ဘယ်လိုမြင်လဲ။"
ဘယ်လိုမြင်လဲ။ ဘယ်လိုမှ မမြင်ဘူး။ ဤအစုတ်ကြီးနှင့် လူများကို လာလှည့်စားနေတာလား။
မှူးမတ်များ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ကျင်းဘုရင်မင်းမြတ်၏ မျက်နှာတွင်ပင် အနည်းငယ် အနေခက်သွားသော အရိပ်အယောင်များ ပေါ်လာ၏။ လေလုံးတွေ အကြီးကြီး ထွားနေပေမည့် ဘာမှ အသုံးမဝင်သလို ခံစားရသည်။ ဘီးနှစ်ဘီးက သွားနိုင်မလား ဆိုသည်ကို ခဏထားဦး၊ အနောက်ကနေ လူတစ်ယောက် တင်ပြီး တကယ် နင်းနိုင်ပါ့မည်လား။ ရှေ့က မီးထွန်းသည့် နေရာက ပိုပြီးတောင် ရီစရာ ကောင်းသေးသည်။ ဤပစ္စည်းကို စီးပြီး သန်းခေါင်ယံမှာ လမ်းပေါ် မှောက်ကျ သေဆုံးသွားနိုင်သည်။
ကျင်းဘုရင်မင်းမြတ်က ပြောလိုက်၏။ "ကောင်းပြီ အမတ်ဖန် ... မြန်မြန်လေး သရုပ်ပြပါတော့။ ဒီပစ္စည်းက ဘယ်လို မတ်တတ်ရပ်လဲဆိုတာ ကိုယ်တော် ကြည့်ချင်တယ်။"
လီယွမ်ကျောက်က စက်ဘီးဘေးသို့ သွားကာ လျှောက်တင်လိုက်သည်။ "ခမည်းတော် ... သားတော် လုပ်မယ်။ ဒီပစ္စည်းကို သားတော် စီးတတ်တယ်။ သားတော်ပဲ သရုပ်ပြပါရစေ။"
ကျင်းဘုရင်မင်းမြတ်က အမိန့်ပေးလိုက်၏။ "ဒါဆိုလည်း မင်းပဲ သရုပ်ပြလိုက်ပါ။"
လီယွမ်ကျောက်သည် စက်ဘီးပေါ်သို့ သွက်လက်စွာ တက်ထိုင်လိုက်ပြီး ဖန်ကျန်းရီနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ ဖန်ကျန်းရီ၏ အတည်ပြုချက်ကို ရရှိသောအခါ လီယွမ်ကျောက်သည် တွေဝေမနေတော့ဘဲ ထောက်တိုင်ကို ကန်ထုတ်ကာ နင်းတံကို နင်းပြီး စက်ဘီးကို စီးလိုက်သည်။
စက်ဘီးမှာ တည်ငြိမ်စွာဖြင့် ရှေ့သို့ ထွက်သွားလေ၏။
ဖန်ကျန်းရီသည် သူ၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို ကြည့်ရင်း ရုံးဝန်ထမ်းဟောင်း တစ်ယောက်အဖြစ် ဖြတ်သန်းခဲ့ရသော အတိတ်ကို ရုတ်တရက် ပြန်လည်သတိရသွားသည်။
ကျယ်ဝန်းသော ကွင်းပြင်ပေါ်တွင် လီယွမ်ကျောက်သည် ကြိုးပြတ်သွားသော ခွေးရိုင်းတစ်ကောင်ကဲ့သို့ ခြေထောက်နှစ်ဖက်ကို အားရပါးရ နင်းနေသည်။ နားထဲတွင် လေဖြတ်သန်းသွားသံများ ကြားနေရပြီး ဆံပင်များပင် လွင့်လွင့်သွား၏။
ကျင်းဘုရင်မင်းမြတ်နှင့် မှူးမတ်များ အားလုံး ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားကြသည်။
မလဲဘူး။ တကယ် မလဲဘူးပဲ။ မလဲတဲ့အပြင် အမြန်နှုန်းကလည်း တော်တော်လေး မြန်တယ်။
လီယွမ်ကျောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်ကာ ကြီးမားသော စက်ဝိုင်းကြီးတစ်ခုအဖြစ် ဆွဲကွေ့လိုက်ပြီး လူတိုင်းရှေ့သို့ ပြန်ရောက်လာစဉ် ပြောလိုက်သည်။ "ခမည်းတော် ... ကြည့်အုံး။ သားတော် ကွေ့လို့တောင် ရသေးတယ်။ ဖန်ကြီး ... တက်။ လူ ဘယ်လိုတင်လဲဆိုတာ သူတို့ကို ပြလိုက်ရအောင်။"
ဖန်ကျန်းရီသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ထိုင်ခုံတွင် စောင်းထိုင်လိုက်ပြီး လီယွမ်ကျောက်၏ ခါးကို ဖက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဖြည်းဖြည်း လုပ်ပါ ... ချီးတဲ့မှ … မလဲစေနဲ့နော်။"
လီယွမ်ကျောက်က အသံကျယ်ကျယ်ဖြင့် အော်ကာ စက်ဘီးကို နောက်တစ်ကြိမ် အမြန် နင်းသွားပြန်၏။ "မလဲစေရဘူး။ သွားပြီ။"
ကျန်းတုန်ရှန်းက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း အံ့အားသင့်ချီးကျူးလိုက်သည်။ "ဟားဟား ... ဒီနေ့တော့ ဗဟုသုတ တိုးသွားပြီ။ ဒီစက်ဘီး ဆိုတဲ့ ပစ္စည်းက တော်တော်လေး ထူးဆန်းတာပဲ။"
ကျန်းလျန်က သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်၏။ "ဆရာကျန်း ... ဒီပစ္စည်းက သိပ်ပြီး အသုံးဝင်မယ် မထင်ဘူး။ သာမန်ပြည်သူတွေရဲ့ နေ့စဉ် လှုပ်ရှားမှုက အလွန်ဆုံးမှ ငါးမိုင် ခြောက်မိုင်ပဲ ရှိတာ။ ဘယ်သူက ငွေကုန်ခံပြီး ဒီလို ထူးဆန်းတဲ့ ပစ္စည်းကို ဝယ်ချင်မှာလဲ။ လမ်းပေါ်မှာ စီးသွားရင်လည်း ကြည့်ရဆိုးတယ်။ နောက်ပြီး ပြည်သူတွေက တုံးအကြတယ်။ ပိုလျှံတဲ့ ငွေရှိလို့ ဝယ်နိုင်တယ် ဆိုရင်တောင် စီးတတ်အောင် သင်နိုင်ပါ့မလား မသိဘူး။"