အခန်း ၇၀၆
Vol. 38 Ch. 706
အပိုင်း (၇၀၆ ) တာ့ကျွမ်း၊ ရှောင်ရွှိုက်၊ ဖိုပေါ်လဲ့နှင့် ခါလဲ့မီ။
ကျန်းဖူစီဌာနအတွင်း။
နိုင်ငံခြားသားလေးဦးသည် ဖန်ကျန်းရီ၏ရှေ့တွင် ငတုံးငအများသဖွယ် ရပ်နေကြ၏။ လီယွမ်ကျောက်ကလည်း ပွဲကြည့်ရန် ရောက်လာခဲ့သည်။
သူတို့နှစ်ဦးသည် ထိုလေးဦးအား စိတ်ဝင်တစားဖြင့် နှစ်ပတ်ခန့်ပတ်ကာ သေချာစွာ အကဲခတ် ကြည့်ရှုလိုက်ကြ၏။
ဤလများအတွင်း အခြားကိစ္စများဖြင့် ရှုပ်ယှက်ခတ်နေခဲ့သောကြောင့် ဤနိုင်ငံခြားသားများကို ခေါင်းထဲမှ မေ့ဖျောက်ထားခဲ့မိသည်။ လုဖာ၏ လေ့ကျင့်ပေးမှု အခြေအနေ မည်သို့ရှိနေသည်ကိုလည်း မသိရချေ။
ယခုအချိန်တွင် နိုင်ငံခြားသားလေးဦး၏ ဝတ်စားဆင်ယင်မှုများမှာ တစ်ဦးနှင့်တစ်ဦး တူညီခြင်းမရှိပေ။ အချို့က ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားပြီး အချို့ကမူ သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်။ တစ်ဦးမှာမူ သန့်ရှင်းရေးတပ်ဖွဲ့၏ ဝတ်စုံကိုပင် ဝတ်ဆင်ထားသေး၏။
ကြည့်ရင်းကြည့်ရင်းဖြင့် ဖန်ကျန်းရီသည် သဘောကျကာ ပြုံးလိုက်သည်။
သူက လုဖာဘက်သို့လှည့်၍ မေးလိုက်၏။ "ဘယ်လိုဖြစ်တာလဲ။ လူစကားပြောတတ်ရုံတင်မကဘူး၊ အလုပ်တောင် ထွက်လုပ်နေကြပြီလား။ ကျွတ် ကျွတ် ကျွတ် သင်တာ တော်တော်မြန်တာပဲ။ အချိန်ရရင် ကျုပ်ကိုပါ နိုင်ငံခြားစကား သင်ပေးပါအုံးလား။"
လုဖာက တဟားဟား ရယ်မောလိုက်သည်။ "သခင်လေး ... ဒါက အိမ်တော်ထိန်းချန် ကျေးဇူးကြောင့်ပါ။ လည်ပင်းကို ဓားနဲ့ထောက်ပြီး သင်ပေးထားတာဆိုတော့ မမြန်ဘဲ နေပါ့မလား။"
"နှစ်လလောက်နဲ့ကို ရိုးရိုးရှင်းရှင်း ဆက်သွယ်လို့ရသွားပြီ။ ဘာပဲဖြစ်ဖြစ် အသက်ရှင်ဖို့တော့ ပြဿနာမရှိဘူး။ နောက်ပိုင်းကျတော့ သင်ယူမှု မြန်ဆန်သွားအောင်ဆိုပြီး အပြင်ကို လွှတ်ပေးလိုက်တာ။ စျေးကွက်ထဲမှာ အတွေ့အကြုံ ရအောင်လို့ပါ။ ဒီလူတွေ သင်ယူတာ မဆိုးပါဘူး။ တုံ့ပြန်မှုနည်းနည်းနှေးပြီး တစ်ခါတလေ နားမလည်တာလေးပဲ ရှိတာပါ။"
လည်ပင်းကို ဓားနဲ့ထောက်ပြီး သင်တာတဲ့လား။
ဤမျှ အစွမ်းထက်သည့် အကျိုးသက်ရောက်မှုမျိုး ရှိနေမည်ဆိုလျှင် တက္ကသိုလ်၏ ပညာရေးစနစ်ကို အဆင့်မြှင့်တင် သင့်ပြီဟု တွေးလိုက်မိသည်။
ဖန်ကျန်းရီသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။ "မဆိုးဘူး။ ဒါပေမဲ့ နောက်တစ်ခါတော့ ခွင့်မပြုတော့ဘူး။ နိုင်ငံခြားဧည့်သည်တွေကို ဘယ်လိုလုပ် ဒီလိုဆက်ဆံလို့ရမလဲ။ ယဉ်ကျေးမှုမရှိရာ ကျလွန်းတယ်။
လာ ... အရင်ဆုံး သူတို့ကို စကားနည်းနည်းလောက် ပြောခိုင်းကြည့်စမ်းပါ။ ဘယ်လိုတွေ သင်ထားလဲဆိုတာ ကျုပ် နားထောင်ကြည့်ချင်တယ်။"
လုဖာက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "မင်းတို့တွေ ... သခင်လေးဖန် ကြားအောင် ကံကောင်းစေမယ့် စကားလေး ဘာလေး ပြောပြလိုက်စမ်း။"
ထိုလေးဦးသည် ချက်ချင်းပင် ခေါင်းမော့ရင်ကော့လိုက်ပြီး ပီသမှုမရှိသော လေယူလေသိမ်းများဖြင့် ကျယ်လောင်စွာ ပြောလိုက်ကြ၏။
"တာ့ကျင်းသာမရှိရင် အိမ်ဆိုတာ ဘယ်ရှိပါ့မလဲ။ အိမ် သာမရှိရင် ကျုပ်တို့ဆိုတာလည်း ဘယ်ရှိပါ့မလဲ။"
"လူငယ်ဘဝနဲ့ တာ့ကျင်းဟာ အတူတကွ တောက်ပနေတယ်။ ဂုဏ်ကျက်သရေနဲ့ အိပ်မက်တွေကို အတူတကွ ဖန်တီးကြမယ်။"
"ကျုပ်တို့ရဲ့ ကြိုးစားအားထုတ်မှု ချွေးပေါက်တွေနဲ့ တာ့ကျင်းဆိုတဲ့ သစ်ပင်ကြီးကို ရေလောင်းကြမယ်။"
လီယွမ်ကျောက်သည် ပါးစပ်ကိုအုပ်၍ တခွိခွိ ရယ်မောနေရင်း ဖန်ကျန်းရီအား လှမ်းကြည့်လိုက်သည်။ "ဖန်ကြီးမဆိုးပါဘူး။ ဒီလူတွေရဲ့ အသိဉာဏ်က တော်တော်မြင့်မားနေတာပဲ။"
"ဒါပေါ့ … ကျုပ်တို့ တောက်ယွမ်ခရိုင်က လေ့ကျင့်ပေးလိုက်တဲ့လူတွေဆိုတော့ နိုင်ငံနဲ့ မိသားစုကို ချစ်မြတ်နိုးရမှာပဲ။" ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
ထို့နောက် သာမန်အဝတ်အစားဝတ်ဆင်ထားသည့် နိုင်ငံခြားသားတစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။ "သူ့နာမည်က ဘယ်လိုခေါ်လဲ။"
"သခင်လေး ... သူ့နာမည်က ဖိုပေါ်လဲ့ လို့ခေါ်ပါတယ်။"
"အေး ... ကျုပ် မှတ်မိပြီ။ ရှောင်ဖို ... နေ့စဉ်သုံးစကားလေးတွေ နည်းနည်းလောက် ပြောပြစမ်းပါ။ အရှင်မင်းကြီး ရှေ့ရောက်ရင် ကျုပ် မျက်နှာပျက်စရာ မဖြစ်ရအောင်လို့ပါ။"
ဖိုပေါ်လဲ့သည် ဖန်ကျန်းရီအား ကြောင်တောင်တောင်ဖြင့် ကြည့်နေပြီး သူ၏ဦးနှောက်မှာ အနည်းငယ် နှေးကွေးနေသည်။
ကျက်မှတ်ထားသည့် စကားများကို သူ ရှင်းလင်းစွာ သိရှိနားလည်သော်လည်း တစ်စုံတစ်ယောက်က မြန်မြန်ဆန်ဆန် ပြောလိုက်မည်ဆိုလျှင်တော့ သေချာစဉ်းစားရဦးမည်။
ရှောင်ဖိုဆိုတာ ဘာအဓိပ္ပာယ်လဲ။ အရှင်မင်းကြီးဆိုသည်မှာ ဧကရာဇ်ဖြစ်ကြောင်း သူသိသော်လည်း အဘယ်ကြောင့် အရှင်မင်းကြီးရှေ့တွင် မျက်နှာပျက်ရမည်နည်း။ မည်သူ့ကို မျက်နှာပျက်စေမည်နည်း။
ဖိုပေါ်လဲ့ စကားမပြောသည်ကို မြင်သောအခါ ဖန်ကျန်းရီ၏ မျက်နှာသည် တည်တင်းသွား၏။ "ဒီကောင် တယ်ရဲပါလား။ ကျုပ် မေးနေတာကို ဘာလို့ စကားမပြောတာလဲ။"
"ကျုပ် တာ့ကျင်းရဲ့ ရင်ခွင်ထဲမှာ ကြီးပြင်းလာတာပါ။ တာ့ကျင်းက ကျုပ်တို့ရဲ့ နှလုံးသားထဲမှာ အမြစ်တွယ်နေပါတယ်။" ဖိုပေါ်လဲ့သည် အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားပြီး ချက်ချင်းပင် စကားတစ်ခွန်း ဖြည့်စွက်ပြောလိုက်သည်။
ဖန်ကျန်းရီ၏ မျက်နှာသည် ရှုံ့မဲ့သွား၏။ "နားမလည်ဘူး မဟုတ်လား။"
ဖိုပေါ်လဲ့က ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ ... နောက်တစ်ခွန်း ပြောင်းမေးမယ်။ ခင်ဗျားရဲ့ မကြာသေးခင်က ဘဝအခြေအနေ ဘယ်လိုရှိလဲ။"
"မကောင်းပါဘူး။ နေ့တိုင်း စစ်တပ်ဟင်းပဲ ကျွေးတယ်။ အလုပ်လုပ်လို့ ရတဲ့ပိုက်ဆံတွေကိုလည်း အပေါ်ကို ပြန်ပေးရသေးတယ်။" ယခုတစ်ကြိမ်တွင်မူ ဖိုပေါ်လဲ့ နားလည်သွားသဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။
ဖန်ကျန်းရီသည် သံသယဖြစ်ဖွယ် အကြည့်ဖြင့် လုဖာအား လှမ်းကြည့်လိုက်၏။
လုဖာက အလျင်အမြန် ပြောလိုက်သည်။ "သခင်လေး ... ဒီနိုင်ငံခြားသားတွေက ကျုပ်တို့ပိုက်ဆံကို သုံးလို့မရဘူးလေ။ ပုံမှန်ဆိုရင် ကျင်းယီဝေတွေ စားကြွင်းစားကျန်တွေကို တစ်ပုံးထဲထည့်ပြီး ပြုတ်ကျွေးတာပါ။ အရိုးပြုတ်ရည်ရော ထမင်းရောပါတော့ တော်တော်လေး ကောင်းပါတယ်။"
"အကုန်လုံးက သန့်ရှင်းတဲ့ ဝက်စာတွေပါ။" လုဖာက တိုးတိုးလေး ဖြည့်စွက်ပြောလိုက်၏။
လက်အောက်ငယ်သားများက ကုန်ကျစရိတ်ကို ချွေတာတတ်ခြင်းသည် ကောင်းသောအရာပင်။
ဖန်ကျန်းရီသည် ခေါင်းညိတ်လိုက်သည်။ "ရှောင်ဖို ... မညည်းညူပါနဲ့။ အဲဒါတွေအကုန်လုံးက အာဟာရပြည့်ဝတဲ့ အရာတွေချည်းပဲ။ မကြာသေးခင်က ခင်ဗျား ဘာအလုပ်တွေ လုပ်ခဲ့လဲ။"
"ကျင်းယီဝေမှာ အထွေထွေလုပ်သားပါ။"
လုဖာက ဖြည့်စွက်ပြောလိုက်၏။ "သခင်လေး ... အရင် အထွေထွေလုပ်သားက အလုပ်ထွက်သွားလို့ပါ။ ချွေတာနိုင်သမျှ ချွေတာရတာပေါ့။"
ဖန်ကျန်းရီသည် ချီးကျူးသည့် အကြည့်တစ်ချက်ကို ပို့လွှတ်လိုက်သည်။
"ဒါဆို ကျန်တဲ့လူတွေက ဘာလို့ ဝတ်ထားတာတွေ မတူကြတာလဲ။ ဘယ်လိုအခြေအနေလဲ။ အလယ်က နှစ်ယောက် က တော်တော်လေး ပိုက်ဆံရှိပုံပေါ်တယ်။"
လုဖာက ပြောလိုက်၏။ "သခင်လေး ... သူတို့နှစ်ယောက်က တာ့ကျွမ်းနဲ့ ရှောင်ရွှိုက်ပါ။
ဒီလိုပါ။ တာ့ကျွမ်းကို လမ်းပေါ်မှာ ကုန်သည်တစ်ယောက်က သဘောကျသွားပြီး သူတို့အတွက် ကြော်ငြာ လုပ်ပေးဖို့ ခေါ်သွားတာပါ။ တစ်လကို ငွေစက္ကူ အများကြီး ရတယ်။ ဒီအဝတ်အစားတွေက အဲဒီကုန်သည် လက်ဆောင်ပေးထားတာပါ။
ရှောင်ရွှိုက်ကတော့ ပိုပြီး ကောင်းတယ်။ အစက အပြင်မှာ စက်ဘီးရပ်တဲ့နေရာကို စောင့်ပေးရတာ။ ဒါပေမဲ့ အမြင်အာရုံက မကောင်းတော့ ဘယ်သူက ဘယ်သူမှန်း မခွဲခြားနိုင်ဘူး။ အဲဒီတော့ သေချာမစောင့်နိုင်ဘဲ စက်ဘီးတွေ ခဏခဏ ပျောက်တယ်။ နောက်ပိုင်းကျတော့ အရေးပေါ်လာပြီး သူကိုယ်တိုင် ရုံးတော်ကို သွားတိုင်တယ်။ ရုံးတော်ကလူတွေက သူရဲ့ရုပ်ရည်ထူးဆန်းတာကို မြင်တော့ အကုန်လုံးက ကူရှာပေးချင်ကြတယ်။ နောက်ပိုင်း နာမည်ကြီးသွားတော့ မြို့တော်ထဲမှာ သာမန်အရပ်သားတွေ ကိုယ်စား စက်ဘီးပျောက်တိုင်ပေးတဲ့ အလုပ်ကို လုပ်တာ၊ တစ်လကို ငွေစက္ကူ ဆယ်ဂဏန်းလောက် ရတယ်။ ဒီလမှာတင် ကျုပ်တို့ ဂုဏ်ပြုအလံ ခုနစ်ခု၊ ရှစ်ခုလောက် ရထားပြီ။ သခင်လေး ကြည့်ချင်သေးလား။"
"..."
ဖန်ကျန်းရီ၏ မျက်ခွံများ တဆတ်ဆတ် လှုပ်ခါသွားပြီး ရင်ထဲတွင် အကြီးအကျယ် အော်ဟစ်နေမိသည်။
ကြည့်ရမှာလား။ သောက်ရေးမပါတာတွေ။
ဒီသောက်ကျင့်တွေက ... ဒီလောက်တောင် ရှည်လျားတဲ့ ရိုးရာအစဉ်အလာ ဖြစ်နေတာလား။ တကယ့်ကို သောက်တလွဲတွေပဲ။
"ဒါဆို နောက်ဆုံးတစ်ယောက်ကရော .. သူ့အခြေအနေကကော ဘယ်လိုရှိလဲ။ ဘယ်သူကများ သန့်ရှင်းရေးတပ်ဖွဲ့ထဲကို ထည့်ပေးလိုက်တာလဲ။"
လုဖာက ပြောလိုက်၏။ "သခင်လေး ... ကျုပ် စီစဉ်ပေးလိုက်တာပါ။ ခါလဲ့မီ ဆိုတဲ့ကောင်ရဲ့ မူလနာမည်က စစ်တိဖူး တဲ့။ သူ့ဘိုးဘေးတွေက မစင်ခပ်တဲ့လူတွေ ဖြစ်ရမယ်။ ကျုပ်ကြည့်ရတာ အလုပ်အကိုင်နဲ့ ကိုက်ညီမယ် ထင်လို့ ပို့ပေးလိုက်တာ။
ဒါပေမဲ့ ဒီကောင်လေး ခါလဲ့မီက တကယ့်ကို မိဘကျေးဇူး မသိတတ်ဘူး။ ဘိုးဘေးတွေရဲ့ အလုပ်ကိုတောင် မလုပ်ချင်ဘူး။ ကျုပ်ဆီကို ခဏခဏ လာညည်းညူနေလို့ နောက်ဆုံးတော့ ရိုက်နှက်ပြီး ဆုံးမလိုက်ရတယ်။"
"ချီး ..။" ဖန်ကျန်းရီသည် မနေနိုင်ဘဲ ဆဲဆိုလိုက်မိ၏။
လုဖာသည် ကြောင်တောင်တောင် မျက်နှာထားဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ သခင်လေး ... ကျုပ် အလုပ်လုပ်တာ မှားသွားလို့လား။"
ဘာဖြစ်လို့လဲ ဟုတ်လား။ ခင်ဗျားကများ ကျုပ်ကို ဘာဖြစ်တာလဲလို့ မေးရဲသေးတယ်ပေါ့။ ဒီနိုင်ငံခြားသားတွေ အကုန်လုံး ခင်ဗျားရဲ့ လက်ချက်နဲ့ သေတော့မယ်။
"အဟမ်း အဟမ်း ... ဘာမှမဖြစ်ပါဘူး။ ကောင်းကောင်းလုပ်ထားတယ်။"
ဖန်ကျန်းရီသည် သူ၏ စိတ်နေသဘောထားကို အနည်းငယ် ပြင်ဆင်လိုက်ပြီးနောက် မေးလိုက်၏။ "ဒါတွေအပြင် တခြား အသုံးဝင်တဲ့ အရာတွေရော မရှိတော့ဘူးလား။"
"ရှိပါတယ်။"
လုဖာက ပြောရင်း ဘေးဘက်စားပွဲပေါ်မှ စာရွက်စာတမ်းအချို့ကို ယူကာ တစ်ရွက်ချင်း လှန်ပြလိုက်သည်။ "ဒီလေးယောက်က ပင်လယ်ရပ်ခြားမှာရှိတဲ့ ဖေးခါ ဆိုတဲ့ တိုင်းပြည်ကနေ ရှီးလော့တိုင်းပြည်ကို အရက်ကုန်သွယ်ဖို့ သွားကြတာ။ လမ်းမှာ မုန်တိုင်းနဲ့ ကြုံတွေ့ခဲ့ရတယ်။ လမ်းတစ်လျှောက်မှာ ရိက္ခာဖြည့်တင်းဖို့ ကျွန်းဆွယ်တွေကို ဝင်ရင်းနဲ့ ဒေသခံ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ကြတယ်။ သင်္ဘော မာလိန်မှုးကတော့ တိုင်းရင်းသားတွေရဲ့ လက်ချက်နဲ့ သေသွားပုံရတယ်။
သင်္ဘောပေါ်က သင်္ဘောသားတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက မမြင့်ဘူး။ အများစုက ပင်လယ်ဓားပြတွေ လုပ်ဖူးကြတယ်။ ခန့်မှန်းရသလောက်တော့ သာမန်အရပ်သားတွေကြားမှာ လူမိုက်တွေ၊ လူရမ်းကားတွေ ဖြစ်ဖို့များတယ်။ လမ်းကြောင်းကိုလည်း မခွဲခြားတတ်တော့ ဒီတိုင်းပဲ မျောပါလာရင်းနဲ့ ကျုပ်တို့ဆီကို ရောက်လာတာပဲ။"
ဤခေတ်ကာလတွင် ပင်လယ်ထွက်ခြင်းသည် သာမန်ကိစ္စတစ်ခု မဟုတ်ပေ။ အန္တရာယ် အလွန်ကြီးမားလှသည်။
အစိုးရမှမဟုတ်လျှင် သာမန်အရပ်သား သင်္ဘောသားများ၏ အရည်အသွေးမှာလည်း မြင့်မားမည်မဟုတ်ပေ။ ဤကဲ့သို့သောအခြေအနေမျိုးမှာ ပုံမှန်ပင်ဖြစ်သည်။
"အဲဒီတိုင်းပြည် နှစ်ခုရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။" ဖန်ကျန်းရီသည် စဉ်းစားခန်းဝင်လျက် မေးလိုက်၏။
"ဖေးခါ ဆိုတာက တန်ဖိုးရှိတဲ့အရာ သိပ်မရှိတဲ့ တိုင်းပြည်ငယ်လေးတစ်ခုပါ။ ဒါပေမဲ့ ရှီးလော့တိုင်းပြည်ကတော့ နိုင်ငံတော်အင်အား တောင့်တင်းတယ်။ သောင်းနဲ့ချီတဲ့ စစ်တပ်ရှိတယ်။ သင်္ဘောတွေက ခိုင်ခံ့ပြီး လက်နက် ကိရိယာတွေကလည်း အဆင့်မြင့်တယ်။"
လီယွမ်ကျောက်သည် လှောင်ပြောင်ရယ်မောလိုက်သည်။ "စစ်သည်သောင်းဂဏန်းလောက်နဲ့များ နိုင်ငံတော် အင်အား တောင့်တင်းတယ်လို့ ကြွားဝံ့သေးတယ်ပေါ့။ ပင်လယ်ရပ်ခြားဆိုတာကလည်း ဒီလောက်ပါပဲလေ။"
ဖန်ကျန်းရီသည် ပြုံးလိုက်၏။ "အိမ်ရှေ့စံ ... မလောပါနဲ့အုံး။ ဒီလူတွေရဲ့ အသိပညာနဲ့ သတင်းအချက်အလက် အမှားအမှန်ဆိုတာ ဆုံးဖြတ်ချက်ချဖို့ မလုံလောက်သေးပါဘူး။ လုဖာ ... ခင်ဗျား ဆက်ပြောပါ။"
လုဖာသည် စာရွက်စာတမ်းများထဲမှ ပန်းချီကားအချို့ကို ဆွဲထုတ်ကာ ဖန်ကျန်းရီ၏ ရှေ့သို့ ကမ်းပေးလိုက်သည်။ "ဒါက သူတို့ပြောပြချက်အရ ရေးဆွဲထားတဲ့ ရှီးလော့တိုင်းပြည်ရဲ့ သံချပ်ကာအင်္ကျီနဲ့ လက်နက်တွေပါ။"
ဖန်ကျန်းရီသည် ပန်းချီကားများကို လှမ်းယူလိုက်ပြီး သူ၏မျက်လုံးထဲတွင် အံ့ဩမှုတစ်ချက် ဖြတ်ပြေးသွား၏။
သာမန် ဓား၊ လှံ၊ လက်နက်များသည် တာ့ကျင်းနှင့် ကွာခြားမှုရှိသော်လည်း အသစ်အဆန်းတော့ မဟုတ်ပေ။
သို့ပေမည့် ဤသံချပ်ကာသည် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့် သံချပ်ကာအင်္ကျီဖြစ်ပြီး အဆစ်အမျက် ပုံစံများမှာ လူ့ခန္ဓာကိုယ်၏ တည်ဆောက်ပုံနှင့် ကိုက်ညီအောင် ပြုလုပ်ထားရာ သူ၏ မှတ်ဉာဏ်ထဲမှ မီလန် သံချပ်ကာများနှင့် အနည်းငယ် တူညီနေပေသည်။
လီယွမ်ကျောက်၏ မျက်နှာထားမှာ တည်ကြည်လေးနက်သွားသည်။ သူသည် ဤကဲ့သို့သော လက်နက် ကိရိယာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။
ဤမျှ အလုပ်ရှုပ်ပြီး ကုန်ကြမ်းများစွာ ကုန်ကျသည့် သံချပ်ကာမျိုးကို သာမန်တိုင်းပြည်ငယ်လေးများက အသုံးပြုနိုင်မည်မဟုတ်ပေ။
"ဒီသံချပ်ကာက အကြီးစားမြင်းတပ်သားတွေ ဝတ်ဆင်တဲ့ သံချပ်ကာပဲ ဖြစ်ရမယ်။ ကျုပ်တို့ရဲ့ သံချပ်ကာ တွေထက် ပိုပြီး ပြည့်စုံတဲ့ပုံပေါ်တယ်။ ဖန်ကြီး... ကြည့်ရတာ ရှီးလော့တိုင်းပြည်က သာမန် မဟုတ်လောက်ဘူး။"