← Chapters

အခန်း (၆၅-၆၆)

Vol. 5 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 5 Ch. 65-66

အပိုင်း (၆၅) အားလုံး အရိုက်ခံရခြင်း။

နင်ဟုန်ယွမ်က ထိတ်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက် အစောင့်များထံ အမှတ်မထင် မှီမိသွားပြီး အလျင်အမြန် ပြန်ခွာလိုက်၏။

သူက တောင်းပန်လိုက်သည်။ “သခင်လေးကျန်း ဒါက ဘာလုပ်တာလဲ။ ကျုပ်တို့က တစ်ဖွဲ့တည်းလေ။”

ကျန်းချန်က အေးစက်စွာ နှာခေါင်းရှံ့လိုက်၏။ “အဟွတ် အဟွတ်... ခွေးသူတောင်းစား မင်းနဲ့ ဘယ်သူက တစ်ဖွဲ့တည်းလဲ။”

“မင်း... မင်းကြောင့်သာ မဟုတ်ရင် ကျုပ်လည်း ဒီလိုအဖြစ်မျိုး ကြုံရမှာ မဟုတ်ဘူး။ ရိုက်စမ်း။”

နင်ဟုန်ယွမ် ရှင်းပြချင်သေးသော်လည်း အစောင့်များက ဝိုင်းအုံလာကြပြီး တုတ်များဖြင့် မိုးရွာချသကဲ့သို့ ရိုက်နှက်ကြသောကြောင့် ညည်းညူသံများသာ ထွက်ပေါ်နိုင်သည်။

ကျန်းချန်က မြေကြီးပေါ်တွင် အော်ဟစ်ညည်းညူနေသော နင်ဟုန်ယွမ်ကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်နေဆ ဲဖြစ်ပြီး ဒေါသ မပြေသေးသောကြောင့် အိမ်တော်ထိန်းဘက်သို့ လှည့်ကာ မေးလိုက်၏။ “ကျားလျန်ကော။”

အိမ်တော်ထိန်းက ခါးညွှတ်ကာ ဖြေလိုက်သည်။ “သူ အနောက်ဘက်ခြံဝန်းထဲမှာ သခင်လေးကို စောင့်နေပါတယ်။”

“ဆွဲထုတ်လာခဲ့။ အတူတူရိုက်။”

မကြာမီမှာပင် ထိတ်လန့်နေသော မျက်နှာဖြင့် ကျားလျန်ကို ဆွဲထုတ်လာပြီး တုတ်များကြားသို့ ပစ်ထည့်လိုက်၏။

“သခင်လေး သခင်လေး။ ဘာလို့ ကျုပ်ကို ရိုက်တာလဲ။ ဘာလို့ ကျုပ်ကို ရိုက်တာလဲ။”

ကျားလျန်က ရူးသွပ်စွာ အော်ဟစ်နေပြီး သူ၏စိတ်ထဲတွင် သွေးထွက်မတတ် နာကျင်နေ၏။ သူ ဘာမှားခဲ့မှန်း လုံးဝ စဉ်းစား၍ မရဘဲ တစ်လောကလုံးက သူ့ကို ဝိုင်းအနိုင်ကျင့်နေသည်ဟု ထင်နေသည်။

ကျန်းချန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “ပါးစပ်ပိတ်ထားစမ်း။ မင်းလို ခွေးကျွန်ကြောင့်သာ မဟုတ်ရင် ကျုပ်က ဖန်ကျန်းရီကို သွားရှုပ်မိမှာ မဟုတ်ဘူး။ ဒီနေ့လည်း ဒီလို ကြုံရမှာ မဟုတ်ဘူး။ ရိုက်စမ်း။ အားကုန်ရိုက်။”

ကျားလျန်မှာ ခေါင်းတစ်ခုလုံး ဖူးယောင်နေအောင် အရိုက်ခံရပြီး စိတ်ထဲတွင် အလွန်အမင်း နာကြည်းနေ၏။ သူက ကျန်းချန်ကို ဖန်ကျန်းရီမှန်း သိအောင် ပြပေးပြီးနောက် လှေဦးပိုင်းတွင် သွားစောင့်နေခဲ့ရာ ခန်းမထဲတွင် မရှိခဲ့ပေ။

လှေကမ်းကပ်သည်နှင့် ချက်ချင်း ထွက်လာခဲ့ပြီး အမတ်ကြီး၏ အိမ်တော်သို့ ရောက်ရောက်ချင်း ဆွဲထုတ်ကာ အရိုက်ခံရခြင်း ဖြစ်သည်။ ကြားထဲတွင် ဘာတွေဖြစ်သွားမှန်း သူ လုံးဝ မသိခဲ့ပေ...

ကျန်းချန်က ဖန်ကျန်းရီအကြောင်း ပြောသည်ကို ကြားချိန်မှာတော့ ချက်ချင်း သဘောပေါက်သွားသည်။ ကျန်းချန်ကဖန်ကျန်းရီဆီမှာ အရှုံးပေးခဲ့ရတာ သေချာသည်။

ဖန်ကျန်းရီ။ ဖန်ကျန်းရီ ထပ်ဖြစ်ရပြန်ပြီ။ ဒီအကောင်ကို စတွေ့တည်းက ငါ့ဘဝကြီးက အဖြစ်ဆိုးတွေနဲ့ ပြည့်နှက်နေတာပဲ။

ဘာဖြစ်လို့လဲ။ အသေခံသွားရတဲ့ မိန်းကလေးကြောင့်များလား။

ဟုတ်တယ်။ အဲဒီကောင်မလေး သေသွားပြီးတော့ တစ္ဆေဖြစ်လာတယ်။ ပြီဂတော့ ငါ့ကို လာကလဲ့စားချေတာ သေချာတယ်။

ထိုအကြောင်းကို တွေးမိချိန်မှာတော့ ကျားလျန်၏ စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွား၏။ တုတ်များဖြင့် ရိုက်နှက်နေသည်ကိုပင် အသံတစ်ချက် မထွက်တော့ဘဲ ငြိမ်ခံနေလိုက်တော့သည်။

နင်ဟုန်ယွမ်က သူ့ဘေးတွင် အတူတူ အရိုက်ခံနေရသူ ငြိမ်ကျသွားသည်ကို မြင်ချိန်မှာတော့ အလျင်အမြန် ကပ်သွားကာ ကျားလျန်၏ ခန္ဓာကိုယ်ကို အကာအကွယ်ယူ၍ ဒဏ်ရာများကို ရှောင်လွှဲလိုက်၏။

ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ကျန်းချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “ကောင်းတယ်။ ကောင်းတယ်။ နင်ဟုန်ယွမ်။ ဒါကြောင့် ကျုပ်က မင်းထက် ဒဏ်ရာ ပိုပြင်းနေတာကိုး။

သူတို့နှစ်ယောက်ကို ခွဲလိုက်။ ခွဲပြီးရိုက်စမ်း။”

ထိုစကားကို ကြားချိန်မှာတော့ နင်ဟုန်ယွမ် အလွန်အမင်း ထိတ်လန့်သွား၏။ သို့သော်ငြား တုတ်များဖြင့် ဆက်တိုက် အရိုက်ခံရသောကြောင့် ရုန်းကန်ခြင်းကို စွန့်လွှတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မျက်နှာကိုသာ အသေအလဲ အုပ်ထားလိုက်ရ၏။

စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ရိုက်ချင်လည်း ရိုက်ပါစေ။ မျက်နှာတော့ အထိမခံနိုင်ဘူး။

“သူ့လက်ကို ဖယ်လိုက်။ မျက်နှာကို ရိုက်စမ်း။”

နင်ဟုန်ယွမ်၏ မျက်လုံးထဲမှ အရောင်အဝါများ ပျောက်ကွယ်သွား၏။

ကျန်းချန်မှာ ဒေါသထွက်လွန်းသဖြင့် နင်ဟုန်ယွမ်ကို ဒဏ်ရာပိုရစေချင်နေသည်။ နင်ဟုန်ယွမ် မျက်နှာကို အုပ်ထားသည်ကို မြင်သောကြောင့် ထိုနေရာက သူ အဂရုစိုက်ဆုံး အပိုင်းမှန်း သိလိုက်သည်။

အစောင့်များက အမိန့်ကို ကြားသည်နှင့် နင်ဟုန်ယွမ်၏ လက်နှစ်ဖက်ကို ချက်ချင်း ဖယ်ရှားလိုက်ပြီး မျက်နှာပေါ်သို့ တုတ်များဖြင့် မိုးရွာချသကဲ့သို့ ရိုက်နှက်ကြတော့၏။

မကြာမီမှာပဲ နင်ဟုန်ယွမ်၏ ခန့်ညားသော မျက်နှာလေးမှာ စုတ်ပြတ်သပ်သွားလေတော့သည်။

ဘဏ္ဍာရေးအမတ် ကျန်းရှီက ခြံဝန်းထဲမှ ဆူညံသော အော်ဟစ်သံများကို ကြားရသောကြောင့် ခန်းမထဲမှ ထွက်လာခဲ့သည်။ ထွက်လာသည်နှင့် ခြံဝန်းထဲတွင် လူနှစ်ယောက်ကို ဝိုင်းရိုက်နေသည်ကို မြင်လိုက်ရ၏။

သူက မနေနိုင်ဘဲ မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။ “အားလုံး ရပ်လိုက်ကြစမ်း။”

ထို့နောက် ကျန်းချန်ဘက်သို့ လှည့်ကာ မေးလိုက်၏။ “ချန်အာ။ ဘာတွေဖြစ်နေတာလဲ။”

အဖေဖြစ်သူ ရောက်လာသည်ကို မြင်ချိန်မှာတော့ ကျန်းချန်၏ ရင်ထဲရှိ နာကြည်းမှုများက ရေကာတာ ကျိုးပေါက်သွားသကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။ ကြုံတွေ့ခဲ့ရသော လူမဆန်သည့် အဖြစ်အပျက်တွေကို တွေးမိလေ ပိုပြီး ဝမ်းနည်းလေ ဖြစ်လာသည်။

သူက ပြေးသွားကာ ကျန်းရှီ၏ ပေါင်ကို ဖက်ပြီး မျက်ရည်များ မိုးရွာသကဲ့သို့ ကျဆင်းရင်း အော်လိုက်၏။ “အဖေ။”

ကျန်းရှီက သားဖြစ်သူ၏ အသုံးမကျသော ပုံစံကို မြင်ချိန်မှာတော့ ချက်ချင်း ဆွဲထူလိုက်၏။ သူက တင်းမာစွာ ပြောလိုက်သည်။ “ဘာဖြစ်တာလဲ။ စကားကို သေချာပြောစမ်း။ မိန်းမတစ်ယောက်လို ငိုယိုနေတာ ဘယ်လိုပုံစံပေါက်နေလဲ။”

ကျန်းချန်က မတ်တတ်ရပ်ပြီး ရှိုက်ငိုနေဆဲ ဖြစ်သည်။ စိတ်ခံစားချက်က အပြည့်အဝ မပြေသေးဘဲ ရင်ဘတ်ထဲတွင်လည်း အလွန်အမင်း နာကျင်နေသောကြောင့် ထိုနေရာတွင် ရပ်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူနေရ၏။

ကျန်းရှီက ခဏမျှ စဉ်းစားကြည့်လိုက်သည်နှင့် အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။ သားဖြစ်သူ ကဗျာပြိုင်ပွဲ သွားရခြင်း၏ ရည်ရွယ်ချက်မှာ ဖန်ကျန်းရီကို ပြဿနာသွားရှာရန် ဖြစ်သည်။ ယခုကြည့်ရသည်မှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပုံပေါ်သည်။

ကျန်းချန် အသက်ရှူမှန်သွားချိန်မှာတော့ ကျန်းရှီက ဆက်မေးလိုက်၏။ “ငါ မင်းကို မေးမယ်။ ဘာလို့ ဒီနှစ်ယောက်ကို ရိုက်တာလဲ။ ပြီးတော့ အဲဒီ အဖြူရောင်ဝတ်ထားတဲ့ လူဝကြီးက ဘယ်သူလဲ။”

ကျန်းချန်က ဝက်ခေါင်းလို အရိုက်ခံထားရသော နင်ဟုန်ယွမ်ကို တစ်ချက်ကြည့်ကာ နာကြည်းစွာ ပြောလိုက်သည်။ “သူတို့နှစ်ယောက်ပါ။ ဒီနှစ်ယောက်က ကျွန်တော့်ကို ဖန်ကျန်းရီဆီ ပြဿနာသွားရှာဖို့ သွေးထိုးခဲ့တာ။ သူတို့ အရိုက်ခံရတာ ထိုပ်တန်တယ်။”

ကျန်းရှီ၏ စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး အသက်ပြင်းပြင်း ရှူကာ ပြောလိုက်၏။ “ပြောစမ်းပါအုံး ... ဒီည ဖန်ကျန်းရီနဲ့ ဘာတွေဖြစ်ခဲ့လို့ ဒီလောက်တောင် ဝမ်းနည်းနေရတာလဲ။”

ကျန်းချန်က ကိုယ်တုံးလုံးချွတ်ခံရပြီး နင်ဟုန်ယွမ်နှင့် အထပ်လိုက် ဖြစ်နေခဲ့သည်ကို တွေးမိချိန်မှာတော့ ရွံရှာလွန်း၍ အန်ချင်စိတ်ပင် ပေါ်လာ၏။ ထို့အပြင် သူက အောက်က နေခဲ့ရသေးသည်။

ဒီကိစ္စကို... သုံးဆယ့်သုံးယောက်မြောက်လူ လုံးဝ မသိစေရဘူး။

ထိုအကြောင်းကို တွေးမိချိန်မှာတော့ ကျန်းချန်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ထစ်အစွာ ပြောလိုက်သည်။ “ဘာမှ သိပ်မဖြစ်ပါဘူး... ဖန်ကျန်းရီနဲ့ စကားနည်းနည်း များခဲ့ရုံပါ...”

'ဖြန်း'။

ပြင်းထန်သော ပါးရိုက်ချက်တစ်ခုက ကျန်းချန်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီးနောက် ပါးပြင်မှာ ဖူးယောင်လာကာ လက်ဝါးရာကြီး အထင်းသား ပေါ်လာလေ၏။

ကျန်းချန်က ကျန်းရှီကို ကြောင်အစွာ ကြည့်ကာ ငေးမောလျက် ပြောလိုက်သည်။ “အဖေ...”

“ပါးစပ်ပိတ်ထားစမ်း။ ငါ့မှာ မင်းလို အသုံးမကျတဲ့ သားမရှိဘူး။” ကျန်းရှီ၏ မျက်နှာတွင် သံကို သံမဏိမဖြစ်၍ နာကြည်းနေသော အမူအရာ ပေါ်လွင်နေ၏။

ထို့နောက် သူက အော်ဟစ်လိုက်သည်။ “ဖန်ကျန်းရီကို ပြဿနာသွားရှာတာ မင်းကိုယ်တိုင် သွားတာ မဟုတ်ဘူးလား။ သူတို့နှစ်ယောက်က မင်းကို သွေးထိုးပေးတယ် ဆိုဦးတော့ နောက်ဆုံးမှာ မင်းကိုယ်တိုင် သွားချင်လို့ မဟုတ်ဘူးလား။ စကားနည်းနည်း များရုံနဲ့ ငိုယိုနေရသလား။ သူများဆဲတာ ခံလာရပြီးတော့ တခြားလူတွေကို ဒေါသ လာပုံချနေတယ်။

ငါက ဘယ်လိုလုပ် မင်းလို အသုံးမကျတဲ့ သားမျိုးကို မွေးထားမိပါလိမ့်။ မင်း ကြီးလာတော့ နည်းနည်း ပြောင်းလဲသွားပြီ ထင်နေတာ။ ရွှံ့က နံရံပေါ် မကပ်နိုင်ဘူး ဆိုတာ သိပ်မှန်တာပဲ။

ကြည့်ရတာ ပုံမှန်ဆိုရင် ငါက မင်းကို အရမ်းအလိုလိုက်ထားမိတာပဲ။ ဖန်ကျန်းရီလို လူမျိုးကိုတောင် မယှဉ်နိုင်တာ မပြောတော့ဘူး။ ဒီလို ကိစ္စလေးကိုတောင် ငါ့ရှေ့လာပြီး ငိုပြရဲသေးတယ်။ မင်းဘာသာ သေးပေါက်ပြီး မှန်ပြန်ကြည့်စမ်း။ ယောကျ်ားတစ်ယောက်ရဲ့ ပုံစံ နည်းနည်းလောက်ရော ရှိရဲ့လား။ ဒီနေ့ကစပြီး မင်း ဘယ်မှမသွားရဘူး။ အိမ်တော်ထဲမှာပဲ စာဖတ်နေစမ်း။”

“အဖေ...” ကျန်းချန်က ကျန်းရှီ ဟိန်းဟောက်နေသည်ကို ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် ကြောက်လန့်သွား၏။ သို့သော်ငြား သူခံစားခဲ့ရသည်များကို ပြောမပြနိုင်ကြောင်း တွေးမိချိန်မှာတော့ နာကြည်းမျက်ရည်များက မျက်လုံးထောင့်မှ ထပ်မံ ကျဆင်းလာပြန်သည်။

ကျန်းရှီက သားဖြစ်သူ ထပ်ငိုနေသည်ကို မြင်ချိန်မှာတော့ ဒေါသက ငယ်ထိပ်ထိ ဆောင့်တက်သွား၏။

ခြေထောက်ဖြင့် တစ်ချက်ကန်ချလိုက်ရာ ကျန်းချန် မြေကြီးပေါ်သို့ လဲကျသွားသည်။ ဒေါသတကြီး ထပ်မံ အော်ဟစ်လိုက်သည်။ “မျက်ရည်ကို ပြန်မျိုချလိုက်စမ်း။ ယောကျ်ားတစ်ယောက်လို နေ။”

“ကျုပ် … ကျုပ် ...” တစ်ခဏမျှ ကျန်းချန်သည် အမှန်တရားကို ဖွင့်ပြောချင်စိတ် ပေါက်သွားသော်လည်း အောင့်အည်းထားလိုက်ဆဲ ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ဝမ်းနည်းရတာက တစ်ခဏပါ။ ဂုဏ်သိက္ခာကတော့ ထာဝရပဲလေ...

ကျန်းရှီက ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “အိမ်တော်ထိန်းရှီ သခင်လေးကို အခန်းထဲမှာ သော့ခတ်ထားလိုက်။ စာအုပ်တွေ၊ စုတ်တံ၊ မင်တုံး၊ မင်အိုးတွေ ပြင်ထားပေးလိုက်။ ဒီနေ့ကစပြီး စား၊ သောက်၊ အိပ်၊ အိမ်သာတက်တာကလွဲရင် အခန်းထဲကနေ ခြေတစ်လှမ်းမှ အထွက်မခံနဲ့။

ပြီးတော့ မြေကြီးပေါ်က အသုံးမကျတဲ့ကောင် နှစ်ကောင်ကို အပြင်လွှင့်ပစ်လိုက်။ နောက်ဆိုရင် ငါတို့ ကျန်းအိမ်တော် တံခါးဝကို ခြေတစ်လှမ်းတောင် အနင်းမခံနဲ့။”

“ဟုတ်ကဲ့ပါ။” အိမ်တော်ထိန်းရှီ က ပြောလိုက်ပြီး အလုပ်လုပ်ရန် လှည့်ထွက်သွား၏။

“ခဏနေအုံး... ဖန်ကျန်းရီမှာ ပြဿနာ တစ်ခုခုရှိမရှိ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်။ အခြေအနေ အကုန်လုံးကို သေချာ စုံစမ်းပြီးတော့ ချက်ချင်း ပြန်လာသတင်းပို့။”

အိမ်တော်ထိန်းရှီက တွေဝေစွာဖြင့် ပြောလိုက်သည်။ “သခင်ကြီး ဖန်ကျန်းရီက မြို့တော်ကို ရောက်လာတာ မကြာသေးပါဘူး။ ပြဿနာ တစ်ခုခု ရှိနိုင်မယ် မထင်ဘူး...”

ကျန်းရှီက အေးစက်စွာ ပြုံးလိုက်၏။ “ဟမ့် ဒါဆို မြို့တော်ကနေ တောက်ယွမ်ခရိုင်အထိ သွားစုံစမ်း။ သူ့မှာ ပြဿနာ မရှိဘူးဆိုတာ ငါ မယုံဘူး။ ဟမ့် ….. နန်းတော်ထဲမှာ ဘယ်နှစ်ယောက်ကများ... သန့်ရှင်းနေလို့လဲ။”

...

ညဉ့်နက်သန်းခေါင်ယံ တိတ်ဆိတ်ငြိမ်သက်နေပြီး လရောင်က ရေပြင်ကဲ့သို့ ဖြာကျနေ၏။

အမတ်ကြီး၏ အိမ်တော်တံခါး တိတ်တဆိတ် ပွင့်လာပြီး စုတ်ပြဲနေသော ဂုန်နီအိတ်နှင့်တူသည့် လူနှစ်ယောက်ကို အဝေးသို့ လွှင့်ပစ်လိုက်ရာ မြေကြီးပေါ်တွင် လဲကျသွားသည်။

ထိုသူတို့သည် လှုပ်တောင် မလှုပ်နိုင်တော့ချေ။

အပိုင်း (၆၆) လမ်းလွဲသွားသော မင်းသမီး။

ချီယန်ရှန်း အထည်ဆိုင်အတွင်း။

ပိုင်ရီက မျက်မှောင်ကြုတ်ကာ မြေကြီးပေါ်တွင် လဲလျောင်းနေသော သူစိမ်းယောကျ်ားကို အကဲခတ်နေသည်။ မျက်နှာတစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ဝက်ခေါင်းနှင့်ပင် တူနေကာ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် အဝတ်စ တစ်ခု လွှမ်းခြုံထား၏။

“ရှင်ပြောတာ သူက နင်ဟုန်ယွမ် ဟုတ်လား။ ဘယ်လိုလုပ် ဒီလိုပုံစံ ဖြစ်သွားရတာလဲ။”

ပိုင်ရီ၏ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။ သူမကိုယ်တိုင်လည်း နင်ဟုန်ယွမ်ကို နှစ်ကြိမ်မျှ မြင်ဖူးခဲ့ရာ အမှတ်ရနေသလောက်တော့ ခန့်ညားချောမောသော သခင်လေးတစ်ယောက် ဖြစ်သည်။

ချီယန်တယ်ရှန်းက အဆက်အသွယ်ရှာရန် လွှတ်လိုက်တာကို ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် ဒီလိုဖြစ်အောင် လုပ်လာရတာလဲ။ တကယ်ကို စဉ်းစားလို့မရဘူး။

ချီယန်တယ်ရှန်းက မဲ့ကာရွဲ့ကာ ပြောလိုက်၏။ “ကျွန်တော်မျိုးလည်း မသိဘူးဗျာ။ ဆိုင်က အလုပ်သမားလေးက မနက်က လမ်းပေါ်မှာ အဝတ်မပါတဲ့ ယောကျ်ားနှစ်ယောက် လဲနေတယ်လို့ ကြားတာနဲ့ သွားကြည့်တာတဲ့။

သွားကြည့်တော့မှ ရင်းနှီးနေသလို ဖြစ်တာနဲ့ သေချာကြည့်လိုက်တော့ မြေကြီးပေါ်မှာ လဲနေတာက သခင်လေး ဖြစ်နေတာ သိလိုက်ရတယ်။ အဲဒါနဲ့ ခေါ်လာခဲ့တာပါ။ ကြည့်ရတာ လမ်းပေါ်မှာ တစ်ညလုံး လဲနေခဲ့တာနဲ့ တူတယ်။ အဝတ်အစားတွေကိုတော့ သူတောင်းစားတွေ ချွတ်သွားတာ ဖြစ်မယ်။

ဒါပေမဲ့... သူ့ကို တွေ့တာက အမတ်ကြီးရဲ့ အိမ်တော် တံခါးဝမှာ။ ကျန်းချန်နဲ့ ပြဿနာတက်ခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်မျိုး ခေါင်းကွဲမတတ် စဉ်းစားပေမဲ့လည်း နားမလည်နိုင်ဘူး။ ဒီကျန်းချန်ကလည်း အထက်တန်းလွှာ သခင်လေးပဲဟာကို။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ယုတ်မာတဲ့ လုပ်ရပ်မျိုးကိုတော့ လုပ်မှာ မဟုတ်ဘူး။”

ရုတ်တရက် ဝိုးတဝါး အရက်နံ့တစ်ခုက နှာခေါင်းဝသို့ ရောက်လာသောကြောင့် ပိုင်ရီက မနေနိုင်ဘဲ နှာခေါင်းနှင့် ပါးစပ်ကို အုပ်လိုက်ပြီး နင်ဟုန်ယွမ်ကို ရွံရှာစွာဖြင့် တစ်ချက်ကြည့်လိုက်၏။

အရက်အလွန်အကျွံ သောက်ပြီး သူများနဲ့ ရန်ဖြစ်လို့ ဒီလိုဖြစ်ရတာ သေချာတယ်...

တစ်ချိန်တည်းမှာပဲ စိတ်ထဲ၌ ဝမ်းနည်းမှုများ ဖြစ်ပေါ်လာမိသည်။ ငါတို့ ချီယန်တိုင်းပြည်ရဲ့ တော်ဝင်မျိုးနွယ်တွေထဲက အသက်ရှင်ကျန်ရစ်သူတွေက ဘာလို့ ဒီလို အရက်သမား အသုံးမကျတဲ့သူတွေချည်း ဖြစ်နေရတာလဲ...

စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီးနောက် ပိုင်ရီက ဆက်မေးလိုက်၏။ “ဒါဆို သူ အခု ဘယ်လိုနေလဲ။ တစ်ခုခု ပြင်းပြင်းထန်ထန် ထိခိုက်သွားသေးလား။”

ချီယန်တယ်ရှန်းက အခက်တွေ့နေသော ဟန်ဖြင့် ပြောလိုက်သည်။ “သိပ်မကောင်းဘူး... ကျွန်တော်မျိုး လူခေါ်ပြီး စစ်ဆေးခိုင်းပြီးပါပြီ။ လောလောဆယ်တော့ အသက်အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့... နှာခေါင်းရိုး ကျိုးသွားတယ်။ သွားလည်း အနည်းငယ် ကျွတ်သွားတယ်။ မျက်နှာတော့ ပျက်သွားပြီ ထင်တယ်။ ပြန်ကောင်းနိုင်မလား မသိဘူး။

ကျန်တဲ့နေရာတွေကတော့ အပေါ်ယံ ဒဏ်ရာတွေပါပဲ။ အချိန်နည်းနည်းလောက်ကြာရင် ပြန်ကောင်းသွား နိုင်ပါတယ်။ သနားစရာကောင်းတဲ့ သခင်လေး။ သူက နင်မင်းသားရဲ့ တစ်ဦးတည်းသော သားလေးပါ...”

ပြောပြီးနောက် ချီယန်တယ်ရှန်းက အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်ကာ အသံထွက်၍ ငိုကြွေးတော့၏။

ငိုသံကြောင့် နိုးလာသည်လား မသိပေ။ အစက တိတ်ဆိတ်စွာ လဲလျောင်းနေသော နင်ဟုန်ယွမ်က လှုပ်ရှားလာပြီး ပါးစပ်မှ တိုးတိုးလေး အော်နေသည်။ “ရေ... ရေ...”

ချီယန်တယ်ရှန်းက ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ အလျင်အမြန် လက်ဖက်ရည်တစ်ခွက် ယူကာ နင်ဟုန်ယွမ်ကို တိုက်လိုက်သည်။ လက်ဖက်ရည် တစ်ခွက် သောက်ပြီးနောက် နင်ဟုန်ယွမ်၏ စိတ်အနည်းငယ် လန်းဆန်းလာ၏။

မျက်စိဖွင့်လိုက်သည်နှင့် ပိုင်ရီကို မြင်လိုက်ရသောကြောင့် ရုတ်တရက် အံ့အားသင့် ဝမ်းသာသွားသည်။ “မင်းသမီး …”

ပိုင်ရီက မျက်နှာသေဖြင့် ပြောလိုက်၏။ “ကဲပါ … ပါးစပ်က ဒဏ်ရာရထားတာဆိုတော့ စကားနည်းနည်းပဲ ပြော။ လိုရင်းကိုပဲ ပြော။ ဘာလို့ ဒီလို အရိုက်ခံလာရတာလဲ။ မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ။”

နင်ဟုန်ယွမ်က ပါးစပ်ဟလိုက်သည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သဖြင့် မျက်နှာကို အလျင်အမြန် စမ်းကြည့်လိုက်သည်။ ထို့နောက် ပါးစပ်ကို စမ်းကြည့်ကာ ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ “မြန်မြန်... မှန်တစ်ချပ် မြန်မြန် ရှာပေး။”

ချီယန်တယ်ရှန်းက ကြေးမှန်တစ်ချပ်ကို အလျင်အမြန် ယူလာပေးရာ နင်ဟုန်ယွမ်က ကပျာကယာ ကပ်ကြည့် လိုက်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ချက်ချင်း သစ်သားရုပ်လို ကြောင်အသွားတော့သည်။

“ဖန်ကျန်းရီ။ ဖန်ကျန်းရီ။ သောက်... သောက်ကျိုးနည်း... ခွေးကောင် …။”

စကားပင် မဆုံးလိုက်ဘဲ ခေါင်းငိုက်စိုက်ကျကာ ပြန်လည် သတိလစ်သွား၏။

ဖန်ကျန်းရီ။

ပိုင်ရီက ဖန်ကျန်းရီ၏ နာမည်ကို ကြားချိန်မှာတော့ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားသည်။

ဖန်ကျန်းရီ …. သူနဲ့ ဘာဆိုင်လို့လဲ။ သူလည်း သွားခဲ့တာလား။ ဖိတ်စာကို နင်ဟုန်ယွမ် သုံးလိုက်တာ မဟုတ်ဘူးလား။ သူ့ဆီမှာ နောက်ထပ် တစ်စောင် ရှိနေတာများလား။

နင်ဟုန်ယွမ် သတိလစ်သွားသည်ကို မြင်ချိန်မှာတော့ ချီယန်တယ်ရှန်းက အလျင်အမြန် ဒူးထောက်ထိုင်ချကာ နင်ဟုန်ယွမ်၏ နှာခေါင်းအောက်ကို အဆက်မပြတ် ဖိနှိပ်ပေးရင်း ပိုင်ရီကို ကြည့်လိုက်၏။

ပိုင်ရီက ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေကြောင်း မြင်လိုက်ရသောကြောင့် ချီယန်တယ်ရှန်း၏ စိတ်ထဲတွင် ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာမိသည်။

မင်းသမီးတောင် ဒီလိုဖြစ်နေတာ... ချီယန်တိုင်းပြည်က ပြန်လည် ထူထောင်နိုင်ပါအုံးမလား...

ပိုင်ရီက ထိုနေရာတွင် ကြောင်အစွာ ရပ်နေဆဲ ဖြစ်သော်လည်း စိတ်ထဲတွင်မူ အတွေးပေါင်းများစွာ ဖြတ်ပြေး နေ၏။

ဖန်ကျန်းရီနဲ့ တွေ့လိုက်ရင် ဘာလို့ ကောင်းတဲ့ကိစ္စ တစ်ခုမှ မရှိရတာလဲ။

ရေနတ်ဘုရားဂိုဏ်းရဲ့ လျှို့ဝှက်စခန်းကလည်း သူကြောင့် ရေမြုပ်သွားရတယ်။ သူမ ကိုယ်တိုင်ကလည်း အစေခံရဲ့ အစေခံ ဖြစ်သွားရတယ်။ အခု လွှတ်လိုက်တဲ့သူကလည်း သူကြောင့်ပဲ လူလိုလို သရဲလိုလို ဖြစ်လာရပြန်ပြီ။

အရေးအကြီးဆုံးက ဘာလို့ ဖန်ကျန်းရီက သူမကို လူတစ်ယောက်လို မဆက်ဆံရတာလဲ။

သူ့ကို အဝတ်အစားဝတ်ပေး၊ တံခါးစောင့်ပေးတာတောင် ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး။ တကယ်ပဲ ငါက အရုပ်ဆိုးလွန်းတာကို ရုပ်ချောတယ်ဆိုပြီး နန်းတော်နဲ့ ဂိုဏ်းထဲက လူတွေက မြှောက်ပင့်ပေးနေ ခဲ့ကြတာများလား။

“အမတ်ကြီးချီယန် ကျွန်မ အရုပ်ဆိုးလား။”

“ဗျာ။”

ချီယန်တယ်ရှန်းက ပိုင်ရီကို ကြည့်ကာ ကြောင်အသွားပြီး ရင်ထဲမှ ဝမ်းနည်းမှုက အနည်းငယ် ပိုမိုကြီးမားလာ၏။

အခုက လှတာ ၊ အရုပ်ဆိုးတာတွေကို ဆွေးနွေးနေရမယ့် အချိန်လား မင်းသမီး။ အဓိကအချက်က ဘယ်ရောက်သွားတာလဲ။

မင်းသမီးကလည်း သာမန်မိန်းကလေး တစ်ယောက်ပဲကိုး... အရေးကြီးတဲ့ အချိန်မှာတောင် ဒီလိုကိစ္စတွေကို ဂရုစိုက်နေသေးတယ်။ ကြည့်ရတာ တိုင်းပြည် ပြန်လည်ထူထောင်ဖို့ကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး...

ထိုအကြောင်းကို တွေးမိချိန်မှာတော့ ချီယန်တယ်ရှန်းက စိတ်ပျက်လက်ပျက်ဖြင့် အလိုအလျောက် မြှောက်ပင့် ပြောဆိုလိုက်သည်။ “မင်းသမီးက အလွန်လှပပြီး လောကမှာ အလှဆုံး အမျိုးသမီးပါပဲ။ ကမ္ဘာပေါ်က ယောကျ်ားတွေ မြင်လိုက်ရင် စိတ်မလှုပ်ရှားတဲ့သူ မရှိပါဘူး...”

ပိုင်ရီက မျက်မှောင်ကြုတ်လိုက်၏။ “ကျွန်မက ဒီလို မြှောက်ပင့်တဲ့ စကားတွေကို နားမထောင်ချင်ဘူး။ အမှန်အတိုင်းပဲ ကြားချင်တာ။”

မင်းသမီးက ဤသို့ အသုံးမကျသော မေးခွန်းကို မေးနေသေးကြောင်း ကြားချိန်မှာတော့ ချီယန်တယ်ရှန်းက ရင်ဘတ်ကို ဓားဖြင့်ထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဝမ်းနည်းသောအသံဖြင့် ပြောလိုက်သည်။ “တကယ် ပြောတာပါ။ ဒါမှမဟုတ်ရင် မင်းသမီးက မျက်နှာဖုံးတပ်ပြီး ဘာလို့ အပြင်ထွက်ရမှာလဲ။”

ထိုစကားကို ကြားချိန်မှာတော့ ပိုင်ရီက စဉ်းစားခန်းဝင်သွားကာ ခေါင်းညိတ်လိုက်၏။

အဓိပ္ပာယ်ရှိသားပဲ။

သူမ မျက်နှာဖုံးတပ်ရခြင်းမှာ လမ်းပေါ်ရှိ ယောကျ်ားများက ဂိုဏ်းထဲမှ ယောကျ်ားများကဲ့သို့ သူမကို ဆာလောင်မွတ်သိပ်နေသော မျက်လုံးများဖြင့် ကြည့်မည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူမ၏ ရုပ်ဆင်းသွင်ပြင် အလှအပမှာ အပြစ်ဆိုဖွယ်ရာ မရှိဟူသော သဘောပင် ဖြစ်သည်။ သို့ပါလျက်နှင့် ဖန်ကျန်းရီက အဘယ်ကြောင့် သူမအား အနည်းငယ်မျှပင် အရေးမစိုက်ဘဲ လျစ်လျူရှုထားရသနည်း။

သို့တည်းမဟုတ်... ဖန်ကျန်းရီ သည် မွေးရာပါ မိန်းမလျှာတစ်ဦးများ ဖြစ်နေသည်လား။

ထို့ကြောင့် ဆက်မေးလိုက်၏။ “အမတ်ကြီးချီယန် မွေးရာပါ မိန်းမလျှာတွေက... မိန်းမတွေကို မကြိုက်ဘူး မဟုတ်လား...”

ချီယန်တယ်ရှန်းက နင်ဟုန်ယွမ်၏ နှာခေါင်းအောက်ကို အချိန်အတော်ကြာ ဖိနှိပ်ပေးနေသော်လည်း တုံ့ပြန်မှု မရှိပေ။ ထို့ပြင် ပိုင်ရီ၏ ပျင်းစရာကောင်းသော မေးခွန်းများဖြင့် နှိပ်စက်ခံနေရသောကြောင့် သူ၏ စိတ်ထဲတွင် လုံးဝ စိတ်ပျက်သွားသည်။

အားကုန်သွားသဖြင့် ကောင်တာပေါ်သို့ မှီချလိုက်ပြီး မျက်လုံးများက အသက်မဲ့နေသေးသော်ငြား ပါးစပ်မှ ထုံထိုင်းစွာဖြင့် အဖြေပေးနေဆဲ ဖြစ်၏။ “အရှင်မင်းသမီး … မိန်းမလျှာ ဖြစ်တာနဲ့ မိန်းမကြိုက်တာနဲ့ ဘာမှမဆိုင်ပါဘူး...”

ဪ ဒီလိုကိုး။

ပိုင်ရီ၏ မျက်မှောင်က ပိုမို ကြုတ်သွားသည်။ သို့ဆိုလျှင် ဖန်ကျန်းရီ က ယောက်ျားခြင်း ကြိုက်နှစ်သက်သူလား။ နေ့တိုင်း ကျန်းပြောင် နှင့် တတွဲတွဲ သွားလာနေခြင်းမှာ သာမန် မဟုတ်နိုင်ပေ။

ထို့နောက် ဆက်မေးလိုက်၏။ “အမတ်ကြီးချီယန် … တကယ်လို့ ယောကျ်ားတစ်ယောက်က ယောကျ်ားချင်း ကြိုက်တယ်ဆိုရင်...”

ချီယန်တယ်ရှန်းက နောက်ဆုံးတွင် မခံစားနိုင်တော့ဘဲ ဝုန်းခနဲ ခုန်ထလိုက်ကာ ပိုင်ရီကို ဒေါသတကြီး ကြည့်လိုက်သည်။ နီရဲနေသော မျက်လုံးများမှ မျက်ရည်ကြောင်း နှစ်ကြောင်း စီးကျလာပြီး ခက်ထန်စွာ ပြောလိုက်သည်။ “မင်းသမီး။ အခုက ဒီပြဿနာတွေကို စဉ်းစားနေရမယ့် အချိန်လား။

မင်းသမီး။ အရှင်မင်းသမီး ဘာဖြစ်သွားတာလဲ။ ဖန်အိမ်တော်မှာ ခဏလောက် နေလိုက်ရုံနဲ့ ဘယ်လိုလုပ် ဒီလောက်ထိ ပုံမှန်မဟုတ်သလို ဖြစ်သွားရတာလဲ။

မင်းသမီး ဖန်အိမ်တော်မှာ ဘာတွေ လုပ်နေတာလဲ။ ပြီးတော့ ဘာလို့ အစေခံ အဝတ်အစားကို ဝတ်ထားရတာလဲ။ ကျွန်တော်မျိုး ပြီးခဲ့တဲ့အကြိမ် တွေ့တုန်းကတည်းက မေးချင်နေတာ။ ဘာလို့လဲ။”

ဒေါသတကြီး ဆူပူခံလိုက်ရချိန်မှာတော့ မိမိ၏ အတွေးများ လမ်းလွဲသွားကြောင်း ချက်ချင်း သတိ ထားမိလိုက်သည်။ သူမ တစ်ကိုယ်လုံး ရှက်ရွံ့သွားပြီး ထစ်အစွာ ပြောလိုက်၏။ “ကျွန်မက ဖန်အိမ်တော်မှာ ဘာလုပ်ရအုံးမှာလဲ။ သေချာပေါက် ဧည့်သည်တော်အဖြစ် နေရတာပေါ့။ ဖန်အိမ်တော်မှာ မိန်းမတွေ မရှိဘူးလေ။ ဒီအဝတ်အစားတွေပဲ ရှိတာကိုး...”

ပိုင်ရီက ပြောလေလေ မျက်နှာက ပိုနီလာလေလေ ဖြစ်ပြီး စိတ်ထဲတွင် အလွန်အမင်း ဝမ်းနည်းသွားသည်။

ချီယန်တယ်ရှန်းက ဝမ်းနည်းဒေါသထွက်စွာဖြင့် ဆက်ပြောလိုက်၏။ “မင်းသမီး …. ဖန်အိမ်တော်က လူကောင်းတွေ မဟုတ်ဘူး။ အဲဒီဖန်အိမ်တော်က ရှောင်ထောင် ဆိုတဲ့ အစေခံမလေးက ပြီးခဲ့တဲ့အကြိမ်တုန်းက ကျွန်တော်မျိုးကို လိမ်သွားရုံတင် မကဘူး၊ လွန်ခဲ့တဲ့ နှစ်ရက်ကလည်း ဆိုင်ရှင်ချန် ပို့ပေးတဲ့ အကောင်းစား အထည်တွေကို ကြားဖြတ်လုသွားသေးတယ်။ ကျွန်တော်မျိုး ပိုက်ဆံဘယ်လောက်တောင် နစ်နာသွားလဲ သိလား။

အစေခံမလေး တစ်ယောက်တောင် ဒီလောက် စရိုက်ယုတ်ညံ့နေတာ ဖန်ကျန်းရီကလည်း သေချာပေါက် လူကောင်း မဖြစ်နိုင်ဘူး။ မင်းသမီး …. မင်းသမီး ဖန်အိမ်တော်မှာ ဆက်နေလို့ မဖြစ်တော့ဘူး။ ကျွန်တော်မျိုး ဆီကို မဖြစ်မနေ လာနေရမယ်။”

ပိုင်ရီက ခေါင်းငုံ့ထားရာ မျက်နှာက နီရဲနေ၏။ သူမ ဝတ်ထားသော ဤအဝတ်အစားက အသစ်ဆုံး အထည်စဖြင့် ချုပ်ထားသည်နှင့် တူနေသည် မဟုတ်ပါလား။

“မင်းသမီး …. ကျွန်တော်မျိုး ပြောတာ ကြားရဲ့လား။ ဒီညပဲ ပြောင်းလာခဲ့လိုက်ပါ။”

အကယ်၍ ဤအတိုင်းသာ လက်လျှော့ကာ လှည့်ထွက်သွားရမည်ဆိုပါက ဖန်စံအိမ်တော်တွင်းသို့ ဝင်ရောက်ပြီး ကာလရှည်ကြာ ပင်ပန်းဆင်းရဲ ခံခဲ့ရသမျှတို့မှာ အချည်းနှီး သက်သက် ဖြစ်ပေတော့မည်။

မည်သို့ပင်ဖြစ်စေကာမူ လုံးဝ ထွက်သွားမည် မဟုတ်ချေ။

ပိုင်ရီက နှုတ်ခမ်းလေးကိုကိုက်ကာ ချီယန်တယ်ရှန်းကို စိုက်ကြည့်လျက် ပြောလိုက်သည်။ “ကျွန်မ မပြောင်းဘူး။”

ပိုင်ရီ၏ ခေါင်းမာသော မျက်လုံးများကို ကြည့်ကာ ချီယန်တယ်ရှန်း၏ စိတ်ထားက ရုတ်တရက် ပျော့ပျောင်း သွားသည်။

ဟုတ်တယ်။ မင်းသမီးက အသက်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်။ တိုင်းပြည်ပျက်၊ မိသားစုပျက်စီးပြီး ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲတွေကို ကြုံတွေ့ရတာတောင် သန်သန်မာမာ အသက်ရှင်နေနိုင်တာက မလွယ်ဘူး... သူမဆီကနေ ဘာတွေများ ထပ်တောင်းဆိုနေရဦးမှာလဲ။

ထားလိုက်ပါတော့... ဒီအတိုင်းပဲ နေပါစေတော့...

“ဒါဆိုလည်း မင်းသမီး ပြန်ပါတော့... ကျွန်တော်မျိုး သခင်လေးကို သွားနေရာချပေးလိုက်အုံးမယ်။ အချိန်ရမှ ပြန်လာခဲ့ပါ။”

ချီယန်တယ်ရှန်းက သူမကို နှင်လွှတ်လိုက်ကြောင်း ကြားချိန်မှာတော့ ပိုင်ရီ၏ လှပသော မျက်လုံးများတွင် မှိုင်းညို့မှု တစ်ချက် ဖြတ်ပြေးသွားပြီး အထည်ဆိုင်ထဲမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့၏။

အပြန်လမ်းတွင် စိတ်ထဲရှိ ဝမ်းနည်းမှုများက တဆေးဖောက်ထားသကဲ့သို့ ပွက်ပွက်ဆူလာပြီး ရင်ဘတ်ထဲတွင် နာကျင်လာသည်။

မည်မျှကြာအောင် လျှောက်ခဲ့ရမှန်း မသိပေ။ နောက်ဆုံးတွင် ဖန်အိမ်တော်၏ တံခါးဝသို့ ပြန်ရောက်လာခဲ့၏။

ဖန်အိမ်တော်၏ ကြီးမားလှသော ဆိုင်းဘုတ်ကို ကြည့်ကာ ပိုင်ရီ၏ စိတ်ခံစားချက်များက ပိုမို လှုပ်ရှားလာသည်။

တိုက်ဆိုင်စွာပင် ဖန်ကျန်းရီလည်း အလုပ်ဆင်းပြီး ပြန်ရောက်လာသည်။ ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် ပိုင်ရီက တံခါးဝတွင် ငေးမောစွာ ရပ်နေကြောင်း မြင်လိုက်ရ၏။

သူက လက်မြှောက်ကာ နှုတ်ဆက်လိုက်သည်။ “ရှောင်ပိုင်။”

ထိုအသံကို ကြားချိန်မှာတော့ ပိုင်ရီက တိတ်ဆိတ်စွာ လျှောက်သွားပြီး အားတင်းပြုံးပြကာ ပြောလိုက်၏။ “သခင်လေး … ပြန်ရောက်ပြီလား။”

“ဘာလဲ။ တံခါး ထပ်စောင့်ချင်ပြန်ပြီလား။”

“...”

သူမက ဘာမှပြန်မပြောဘဲ စိတ်ကသိကအောက် ဖြစ်နေသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီ ရုတ်တရက် သဘောပေါက် သွားသည်။

“ဘာကိစ္စလဲလို့။ အဲဒီဖိတ်စာရောင်းရငွေ ရာခိုင်နှုန်း မရသေးလို့ မဟုတ်လား။ လာ လာ လာ။ သခင်လေး ပိုက်ဆံပေးမယ်။ ငိုမဲ့မဲ့ မျက်နှာကြီး လုပ်မနေနဲ့။”

ပြောရင်းဖြင့် အင်္ကျီလက်ထဲမှ အနံ့နံနေသော ကြေးပြားအနည်းငယ်ကို ထုတ်ကာ ပိုင်ရီ၏ လက်ဝါးထဲသို့ ရိုက်ထည့် ပေးလိုက်၏။

ပိုင်ရီ ကြောင်အသွားသည်။ လက်ဝါးထဲရှိ သနားစရာကောင်းလှသော ကြေးပြားအနည်းငယ်ကို ကြည့်ကာ ဝိုးတဝါး ရနေသော အနံ့ဆိုးကို ရှူရှိုက်မိပြီးနောက်...

အချိန်အကြာကြီး စုဆောင်းထားခဲ့သော စိတ်ခံစားချက်များက မီးတောင်ပေါက်ကွဲသကဲ့သို့ ရုတ်တရက် ပွင့်ထွက် သွားတော့၏။

“ဝါး” ခနဲ အော်ငိုလိုက်ပြီး လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကာ ဖန်အိမ်တော်ထဲသို့ အလျင်အမြန် ပြေးဝင်သွားသည်။

ဖန်ကျန်းရီက သဘောကျစွာ ကြည့်ကာ ပြောလိုက်၏။ “အမလေး .. ဒီလောက်ငွေလေး ရတာကိုတောင် ဒီလောက်ကြီးထိ ဝမ်းသာနေတယ်။ တကယ့်ကို အရူးမလေးပဲ။”

All Chapters