အခန်း ၄၀၇
Vol. 22 Ch. 407
အပိုင်း (၄၀၇) ဖရဲသီးရောင်းတဲ့ အိမ်ရှေ့စံ။
"ရတယ်။ ကျုပ် အိမ်ရှေ့စံနဲ့ လိုက်ခဲ့မယ်။ ဒါပေမဲ့ ကျုပ် ပြောထားမယ်နော်။ အချိန်ကျရင် ဒီဖရဲသီးကို အိမ်ရှေ့စံ ကိုယ်တိုင်ပဲ ရောင်း။ ကျုပ် ကူမရောင်းပေးနိုင်ဘူး။" ဖန်ကျန်းရီက အံကြိတ်ကာ ပြောလိုက်၏။
သွားရမှာပေါ့။ မသွားရင် ဒီကောင်က မင်းသမီးလေးဆီ ပြေးသွားပြီး မဟုတ်ကဟုတ်ကတွေ သွားပြောနေအုံးမယ်။ အကျင့်ပျက်နေပြီ။ မင်းသမီးလေးဆီမှာ ဘာတွေ သွားလိမ်ပြောမလဲ မသိဘူး။ မကာကွယ်လို့ မဖြစ်ဘူး။
လီယွမ်ကျောက်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ဝမ်းသာအားရ ပြုံးရွှင်သွားသည်။
"ခင်ဗျား စိတ်ချလိုက်။ ကျုပ် ရောင်းမယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ ဒီဖရဲသီးက ငွေဆယ်တုံးနဲ့ ရောင်းထွက်ပါ့မလား။"
ဖန်ကျန်းရီသည် လှည့်ကာ တံခါးဝသို့ လျှောက်သွားပြီး လျိုကျင်းကို ဖရဲသီးတစ်လုံး ပွေ့၍ ဝင်လာရန် ခေါ်လိုက်၏။
ခြံထဲရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် အစေခံများကို ဓားယူလာကာ ဖရဲသီးကို ခွဲခိုင်းလိုက်သည်။
ဖရဲသီးကို ခွဲလိုက်သည်နှင့် ဖန်ကျန်းရီက ခေါင်းခါလိုက်၏။ အရင်အတိုင်း သောက်ရုပ်မပျက်သေးဘူး။ အခေါင်းပေါက် ဖရဲသီး။ အများစုက အသားဖြူတွေချည်းပဲ။ ကြည့်ရုံနဲ့တင် မချိုဘူးဆိုတာ သိသာတယ်။
"အိမ်ရှေ့စံ ... ခင်ဗျား ဒီဖရဲသီး စားရတာ ကြိုက်လို့လား။"
လီယွမ်ကျောက်က ဖရဲသီးကို ကြည့်လိုက်သည်။
"သိပ်တော့ မကြိုက်ပါဘူး။ အရသာက သာမန်ပါပဲ။ ဒါပေမဲ့ သူက အရမ်းကြီးတယ်လေ။"
ကောင်းတယ်။ အကြောင်းပြချက်က အတော်လေး ခိုင်လုံတယ်။ ဘာဖြစ်ဖြစ် ကြီးတာက ကောင်းတာပဲ။
“အဲဒါပဲ။ ဖရဲသီးက သာမန် ဖရဲသီးပဲလေ။ ဒီအရာက ကြည့်ရတာ ကြီးပြီး နည်းနည်း ပိုစားလို့ရရုံပဲ ရှိတာ။ တခြား သာမန် သစ်သီးတွေနဲ့ ယှဉ်ရင် ဘာမှ ထူးခြားချက် မရှိဘူး။
တစ်ခုတည်းသော အားသာချက်က မပေါ်သင့်တဲ့ ရာသီမှာ ပေါ်လာတာပဲ။ ဒီအချက်လေး တစ်ခုတည်းနဲ့ ငွေဆယ်တုံး တန်လို့လား။ မတန်ဘူးဆိုတာ သိသာတယ်။
ပြီးတော့ ကျုပ်ရဲ့ အတွေ့အကြုံအရဆိုရင် အိမ်ရှေ့စံ နန်းတော်ထဲမှာ ဈေးလာရောင်းတာကို အဲဒီ အမတ်ကြီးတွေက သဘောကျမှာ မဟုတ်ဘူး။ အပြစ်တင်ဖို့ စာမတင်ရင်တောင် ကံကောင်းနေပြီ။ ဒါကြောင့် ငွေဆယ်တုံး ဈေးနဲ့ ရောင်းထွက်ဖို့ဆိုတာ အရမ်း ခက်ခဲတယ်။
ဒါဆိုရင် ပေးရတဲ့ဈေးနဲ့ တန်အောင် လုပ်ချင်ရင် တန်ဖိုးရှိအောင် ဆွဲဆောင်မှု တစ်ခုခု ဖန်တီးရမယ်။ ဒီလိုမှ ငွေဆယ်တုံး တန်မှာလေ။
ဥပမာ... သူက မချိုဘူးဆိုရင်တောင် ခင်ဗျားက ချိုသွားအောင် နည်းလမ်းတစ်ခုခု စဉ်းစားရမယ်။”
လီယွမ်ကျောက်သည် ဘာမှနားမလည်တော့ချေ။
"ဒီလို ဖြစ်နေပြီလေ။ ခူးတောင် ခူးပြီးပြီဆိုတော့ ဘယ်လိုလုပ် ချိုအောင် လုပ်လို့ရတော့မှာလဲ။"
"မသိဘူးလေ အိမ်ရှေ့စံ။ ခင်ဗျား ဖရဲသီး ရောင်းမှာလေ။ ကျုပ် ရောင်းမှာမှ မဟုတ်တာ။ နောက်ပြီး အရေးအကြီးဆုံး တစ်ချက်က ပစ္စည်းရောင်းရင် လိမ်လို့ မရဘူး။ ခင်ဗျားက အဲဒါကို ချိုအောင် မလုပ်နိုင်ရင် ချိုတယ်လို့ မပြောနဲ့။ ဝယ်တဲ့လူက အရူး မဟုတ်ဘူး။ ဒီလိုဆိုရင် နောက်ပိုင်း စီးပွားရေး ဆက်လုပ်လို့ မရတော့ဘူး။" ဖန်ကျန်းရီက လေးနက်စွာ ပြောလိုက်၏။
လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
"ဖန်ကြီး ... ခင်ဗျား ဟန်ဆောင်မနေပါနဲ့။ ခင်ဗျားရော အနည်းအကျဉ်း လိမ်ခဲ့တာ မဟုတ်လို့လား။"
ဖန်ကျန်းရီကလည်း မထီမဲ့မြင် ပြုံးလိုက်၏။
“ကျုပ် စီးပွားရေး လုပ်တာက စကားပြော အနုပညာတစ်ချို့ကို အသုံးပြုခဲ့ပေမဲ့ နှစ်ဖက်လုံးက အကျိုးအမြတ် ရတတ်တယ်။ ဒါက ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အခြေခံပဲ။
ဒုတိယအချက်အနေနဲ့ အရမ်း လိမ်လိုက်ရင် အဲဒါက တစ်ခါတည်း အရောင်းအဝယ်ပဲ။ နောက်ပိုင်း လုံးဝ ရောင်းလို့ မရတော့ဘူး။
တတိယအချက်အနေနဲ့ လိမ်ချင်တယ်ဆိုရင် တစ်သက်လုံး လိမ်နိုင်ရမယ် ဒါမှမဟုတ် အလိမ်ပေါ်မလာအောင် ဖုံးကွယ်နိုင်ရမယ်။ ဒီလိုမှ မဟုတ်ရင် သေချာပေါက် မလုပ်နဲ့။
အိမ်ရှေ့စံက နန်းမွေခံ ဖြစ်တယ်။ လူဆိုတာ ယုံကြည်မှု မရှိရင် ရပ်တည်လို့ မရဘူး။ စီးပွားရေး ဆိုတာ အမြဲတမ်း နှစ်ဖက်စလုံး အကျိုးအမြတ် ရတာမျိုးပဲ။ အတုအယောင် ကြော်ငြာတာက နည်းပညာ သက်သက်ပဲ။ ရိုးသားစွာ စီးပွားရေး လုပ်တာကမှ တကယ့် လမ်းစဉ်။ ပြီးတော့ ရေရှည်အတွက် လမ်းစဉ်ပဲ။ အိမ်ရှေ့စံ နားလည်ပြီလား။”
လီယွမ်ကျောက်က စဉ်းစားခန်းဝင်ကာ ပြောလိုက်သည်။ "အင်း... ကျုပ် ထပ်စဉ်းစားကြည့်အုံးမယ်။"
...
နောက်တစ်နေ့။
လျိုကျင်းသည် စောစောစီးစီးပင် လူခေါ်ကာ ဖရဲသီး လှည်းနှစ်စီးကို ထိုက်ဟယ် ခန်းမဆောင်ရှေ့ ကွင်းပြင်သို့ ဆွဲလာခဲ့၏။
ညီလာခံ ပြီးဆုံးသွားသောအခါ အမတ်ကြီးများသည် ခန်းမဆောင်ထဲမှ တန်းစီ၍ ထွက်လာကြပြီး မျက်စိစူးစရာ ဖရဲသီး လှည်းနှစ်စီးကို တစ်ချက်တည်း မြင်လိုက်ကြသည်။
ထို့နောက် ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် လှည်းဘေးသို့ အပြေးကလေး ရောက်လာသည်ကို မြင်လိုက်ရ၏။ လီယွမ်ကျောက်သည် လှည်းပေါ်ရှိ ဆိုင်းဘုတ်ကို ကောက်ကိုင်ကာ အမတ်ကြီးများဘက်သို့ မျက်နှာမူ၍ ထောင်ပြလိုက်သည်။
ဖန်ကျန်းရီသည် ဖရဲသီး လှည်းပေါ်တွင် ထိုင်ကာ မနေနိုင်ဘဲ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်၏။
တကယ်ပဲ... ဒီမြေကွက်လပ်ကြီးက အရမ်းကျယ်လွန်းတော့ ဖရဲသီးရောင်းတာက အတော်လေး ထူးဆန်းနေတယ်။
လှေကားထစ်မှ မဆင်းရသေးသော အမတ်ကြီးများသည် အိမ်ရှေ့စံ ဆိုင်းဘုတ် ထောင်ထားသည်ကို မြင်သောအခါ အစုလိုက်အပြုံလိုက် ပြေးသွားကြသည်။ ဤအချိန်တွင် အမတ်ကြီး အတော်များများက မျက်မှန် တပ်ထားကြသော်လည်း အကွာအဝေး အနည်းငယ် ဝေးနေသဖြင့် ဆိုင်းဘုတ်ပေါ်တွင် ဘာရေးထားမှန်း သေချာ မမြင်ရချေ။
အနီးသို့ ရောက်သွားမှသာ လီယွမ်ကျောက် ထောင်ထားသော ဆိုင်းဘုတ်ပေါ်တွင် [ဖရဲသီး - မချိုလျှင် ပိုက်ဆံမယူ] ဟု ရေးထားသည်ကို မြင်လိုက်ရ၏။
လီယွမ်ကျောက်သည် လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်ကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဖရဲသီး ရောင်းမယ်။ ဖရဲသီး ရောင်းမယ်ဗျို့။"
ဖန်ကျန်းရီသည် မသိချင်ယောင်ဆောင်ကာ အလျင်အမြန် ကိုယ်ကို လှည့်ထားလိုက်၏။ သို့သော်ငြား လီယွမ်ကျောက်က လက်လှမ်းကာ သူ့ကို နှစ်ချက် ပုတ်လိုက်၏။ "ဖန်ကြီး ... ကျုပ်ကို ကူအော်ပေးလေ။"
"ကျုပ် အကူအညီ မလိုဘူးဆို။"
"ဒါ အကူအညီ မဟုတ်ဘူးလေ။"
ဖန်ကျန်းရီမှာ မတတ်နိုင်သဖြင့် ကိုယ်ကို ပြန်လှည့်လာကာ အားမပါသော အသံဖြင့် အော်လိုက်ရ၏။ "ဖရဲသီး ရောင်းမယ်။ ဖရဲသီး ရောင်းမယ်ဗျို့။"
ဤအချိန်တွင် လူများ ပိုမို များပြားလာပြီး နောက်ဆုံးတွင် ဖရဲသီးဆိုင်လေးကို ဝိုင်းရံသွားကြသည်။
"လာကြ လာကြ။ အားလုံးပဲ ကျုပ်ရောင်းတဲ့ ဖရဲသီးကို လာကြည့်ကြ။ မချိုရင် ပိုက်ဆံမယူဘူးဗျို့။" လီယွမ်ကျောက်သည် လူများလာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
အမတ်ကြီး တစ်စုကတော့ ဖန်ကျန်းရီကို အေးစက်စက် မျက်နှာဖြင့် ကြည့်နေကြ၏။
ရုတ်တရက် လီယန်စုန့်သည် လူအုပ်ထဲမှ ထွက်လာကာ ဖရဲသီးဆိုင်ကို တစ်ချက် ကြည့်သည်။ ပြီးနောက် ဖန်ကျန်းရီကို တစ်ချက် ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဖန်ကျန်းရီ... မင်းက သတ္တိတော်တော် ကောင်းတာပဲ။ အိမ်ရှေ့စံကို နန်းတော်ထဲမှာ ဖရဲသီး ရောင်းဖို့ မြှောက်ပင့်ပေးရဲတယ်။ ဘယ်လို အချိုးမျိုးလဲ။"
လူအုပ်ကြီးကလည်း ချက်ချင်း ထောက်ခံပြောဆိုကြ၏။ "ဒီဖန်ကျန်းရီ ထပ်ပြီး ပြဿနာ ရှာနေပြန်ပြီ။"
"ဟုတ်ပ။ ဘာလို့ တစ်နေ့ကုန် တစ်နေခန်း အငြိမ်မနေရတာလဲ။"
"အမတ်ကြီးလီက တကယ်ကို ဖြောင့်မတ်တာပဲ..."
ဖန်ကျန်းရီ ရှင်းပြရန် ပြင်လိုက်စဉ် လီယွမ်ကျောက်က အရင် ပြောလိုက်သည်။ "သူနဲ့ မဆိုင်ဘူး။ ဒါက ကျုပ် ရောင်းမယ့် ဖရဲသီးတွေ။
အားလုံးပဲ ရောက်လာပြီဆိုတော့ ကျုပ်ရဲ့ ဒီဖရဲသီး အရသာ ဘယ်လိုရှိလဲဆိုတာ လာမြည်းကြည့်ကြပါအုံး။ စားကောင်းတယ် ထင်ရင် တစ်လုံးလောက် ဝယ်သွားကြ။"
ပြောပြီးသည်နှင့် ဘေးနားရှိ ဓားကို ကောက်ကိုင်ကာ ခွပ် ခွပ် ခွပ် အသံနှင့်အတူ ဖရဲသီးတစ်လုံးကို အစိတ် တစ်ဆယ်ကျော်လောက် ခွဲလိုက်၏။ အရည်ရွှမ်းရွှမ်းများက ဖရဲသီးထဲမှ ချက်ချင်း ထွက်ကျလာပြီး မြေကြီးပေါ်သို့ စီးကျသွားသည်။
လီယန်စုန့်က ချက်ချင်း အံ့ဩသွား၏။
"အိမ်ရှေ့စံ... ဒီဖရဲသီးထဲက ဘာလို့ အရည်တွေ ဒီလောက် ထွက်ကျလာရတာလဲ။ ဒါ ပုပ်နေတဲ့ ဖရဲသီး မဟုတ်လား။"
လီယွမ်ကျောက်က မကျေမနပ် ဖြစ်သွားသည်။
"ဘာအရည်လဲ။ ဘာအရည်လဲ။ ဒါက သစ်သီးဖျော်ရည်လေ။ ဆရာလီ ... အရသာ ဘယ်လိုရှိလဲဆိုတာ မြည်းကြည့်ပါဦး။ ဒါကို ပျားရည်ဖရဲသီး လို့ ခေါ်တယ်။"
ဖရဲသီးတစ်စိတ်က လီယန်စုန့်၏ မျက်စိရှေ့သို့ ရောက်လာသော်လည်း သူက မယူဘဲ လီယွမ်ကျောက်ကို အေးစက်စက် မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်၏။
"အိမ်ရှေ့စံ ... နောက်မနေပါနဲ့တော့။ ဒါက နန်းတော်ထဲမှာလေ။ အိမ်ရှေ့စံက နန်းမွေခံ ဖြစ်ပါလျက်နဲ့ ဘယ်လိုလုပ် ဒီမှာ လာပြီး ဖရဲသီး ရောင်းနေရတာလဲ။"
"အရင်တစ်ခေါက်က မျက်မှန်လည်း ကျုပ် ရောင်းတာလေ။ ခင်ဗျားရော မဝယ်ခဲ့ဘူးလား။ ဘာလို့ ဒီနေ့ ဖရဲသီး ရောင်းတာကျတော့ မရရတာလဲ။" လီယွမ်ကျောက်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။
"အဲဒါ... အဲဒါနဲ့ မတူဘူးလေ။" လီယန်စုန့်၏ မျက်နှာ နီရဲသွား၏။
ယုတ္တိကျကျ ပြောရလျှင် ဘာမှ ပြန်ပြောစရာ မရှိချေ။
မျက်မှန်က ကျုပ် အသုံးလိုလို့ ရောင်းလို့ရတယ် ဆိုပြီး သွားပြောလို့မှ မရတာ။
အိမ်ရှေ့စံက ဖန်ကျန်းရီ နောက်လိုက်ပြီး တကယ်ကို အကျင့်ပျက်သွားပြီပဲ။
"ဟမ်... ဒီအချိန်ကြီးမှာ ဖရဲသီးက ဘယ်က ရောက်လာတာလဲ။ ရာသီကုန်သွားတာ ကြာပြီပဲ။"
လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရက် ဝင်ပြောလိုက်သဖြင့် အားလုံး၏ အာရုံစိုက်မှုက ချက်ချင်း ပြောင်းလဲသွား၏။
ဟုတ်သားပဲ။ အခု ဈေးကွက်ထဲမှာ ဘယ်မှာ ဖရဲသီး ရှိတော့လို့လဲ။
လီယန်စုန့်လည်း ဤကိစ္စကို အခုမှ သတိထားမိသွားပြီး အကြည့်များက ဖရဲသီးပေါ်သို့ ရောက်သွားသည်။
လီယွမ်ကျောက်က အချိန်ကိုက်ပင် ဖရဲသီးကို ရှေ့သို့ ထပ်တိုးပေးလိုက်၏။
ဖန်ကျန်းရီ၏ အသံက အေးအေးဆေးဆေး ထွက်ပေါ်လာသည်။
“အားလုံးပဲ စိတ်ချလက်ချ မြည်းကြည့်ပါ။ စိတ်ချလက်ချ ဝယ်ကြပါ။ အိမ်ရှေ့စံ ဖရဲသီး ရောင်းတာက အမြတ်အစွန်းအတွက် မဟုတ်ပါဘူး။
ဒါက ပရဟိတ ဈေးရောင်းပွဲပါ။ ဖရဲသီး ရောင်းရတဲ့ ပိုက်ဆံတွေကို ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို လှူဒါန်းသွားမှာပါ...”
သူက ရောင်းချင်နေပြီဆိုတော့ ဒီလိုပဲ ပြောရတော့မှာပေါ့။ မဟုတ်ရင် အမတ်ကြီးတွေရဲ့ အချိုးကို ကြည့်ရတာ ဒီနေ့ ဒီဖရဲသီးတွေ ရောင်းရမှာ မဟုတ်ဘူး။
ပရဟိတဈေးရောင်းပွဲဟု ပြောလိုက်သည်နှင့် ကန့်ကွက်သံများ အတော်လေး တိတ်ဆိတ်သွား၏။
လီယန်စုန့်သည် အိမ်ရှေ့စံ၏လက်က မြှောက်ထားဆဲဖြစ်သည်ကို မြင်သောအခါ မနေနိုင်ဘဲ ဖရဲသီးကို ယူလိုက်သည်။
"ဆရာလီ... မြန်မြန် မြည်းကြည့်ပါအုံး။ အရသာ ဘယ်လိုနေလဲ။"
လီယန်စုန့်က ခါးသီးစွာ ပြုံးလိုက်ပြီး တစ်လုတ် သေးသေးလေး ကိုက်လိုက်ရာ ရုတ်တရက် မျက်လုံးများ အရောင်လဲ့သွား၏။
"ချိုတယ် … တကယ် ချိုတာပဲ။ ဒီအဘိုးကြီး ဒီလောက် ချိုတဲ့ ဖရဲသီးကို တစ်ခါမှ မစားဖူးဘူး။ ပျားရည်ဖရဲသီး လို့ ခေါ်တာ မမှားဘူးပဲ။ အထဲမှာ တကယ်ကို ပန်းပျားရည်ရဲ့ မွှေးပျံ့တဲ့ ရနံ့လေးတောင် ပါသေးတယ်။ တကယ်ကို သာမန်မဟုတ်ဘူး။"