အခန်း (၈၆၆-၈၆၇)
Vol. 46 Ch. 866-867
အပိုင်း (၈၆၆) နိုင်ငံတော်ဆရာကြီးထံမှ စာ။
အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်၏ ကျောင်းအုပ်ကြီးရုံးခန်းအတွင်း၌ ဖြစ်၏။
ဖန်ကျန်းရီသည် စာရေးခုံတွင် ခေါင်းငုံ့ကာ အလုပ်ရှုပ်နေပြီး စာအုပ်အလွတ်တစ်အုပ်ပေါ်၌ စုတ်တံကိုကိုင်ကာ အမြန်ဆုံးအရှိန်ဖြင့် ကြိုးစားပမ်းစား ရေးခြစ်နေသည်။
အရှိန်လွန်စွာမြန်လွန်းသောကြောင့် လက်ရေးများမှာ အလွန်တရာ ဖတ်ရခက်အောင် ရှုပ်ထွေးနေ၏။
ဆဲလ်များ ဖွဲ့စည်းပုံမှစ၍ မျိုးရိုးဗီဇများအကြောင်း၊ ထို့နောက် စကြဝဠာဆွဲငင်အား နိယာမများအကြောင်းအထိ နှစ်နာရီကြာမျှ ရေးသားခဲ့သည်။
နောက်ဆုံးတွင် ပေတံကို အသုံးပြု၍ စက္ကူဖြူပေါ်၌ ဒြပ်စင်အလှည့်ကျဇယားနှင့် ဆင်တူယိုးမှား ဇယားတစ်ခုကို ဆွဲလိုက်၏။ ထို့နောက် လုံးဝမှားယွင်းနေသော ဇယားကွက်များထဲတွင် လုံးဝမှားယွင်းနေသော ဒြပ်စင်များကို ဖြည့်သွင်းလိုက်သည်။
စာလုံးအရွယ်အစားမှာ အလွန်ကြီးမားသောကြောင့် ပါးလျလျစာအုပ်လေးမှာ အချိန်တိုအတွင်း၌ပင် စာများ ပြည့်နှက်သွားခဲ့၏။
အကုန်ရေးသားပြီးသွားချိန်မှာတော့ ဖန်ကျန်းရီသည် စာအုပ်ကို ဆီမီးခွက်ပေါ်သို့ သတိကြီးစွာဖြင့် တင်လိုက်သည်။
မီးတောက်များက စာအုပ်၏ ထက်ဝက်ကျော်ကို တဖြည်းဖြည်း လောင်ကျွမ်းသွားသည်ကို ကြည့်ပြီးနောက် ကျောင်းအုပ်ကြီးဖန်သည် လက်ကို အားကုန်ခါယမ်းလိုက်၏။
ပြာမှုန်ပြာစများက နေရာအနှံ့ လွင့်စဉ်သွားပြီး မီးတောက်များ ငြိမ်းသတ်သွားခဲ့သည်။
လောင်ကျွမ်းသွားပြီးနောက် ထက်ဝက်ပင်မကျန်တော့သော စာအုပ်လေးသာ ကျန်ရစ်ခဲ့ပြီး မျက်နှာဖုံး ပေါ်တွင်တော့ 'ဖန်ကျန်းရီ၏ ရူပဗေဒသုတေသန - အခြေခံအဆင့်' ဟူသော စာလုံးကြီးများကို ရှင်းလင်းစွာ မြင်တွေ့နေရဆဲဖြစ်၏။
လောင်ကျွမ်းနေသော စာအုပ်ကို လှန်ကြည့်လိုက်ရာ အတွင်းရှိ အကြောင်းအရာများထဲမှ နာမ်စားအချို့ကိုသာ မသဲမကွဲ မြင်နိုင်တော့ပြီး နေရာတော်တော်များများမှာ မည်းနက်နေချေသည်။
ဤအခြေအနေသို့ ရောက်သောအခါ ကျောင်းအုပ်ကြီးဖန်သည် ကျေနပ်စွာ ပြုံးလိုက်၏။
နောင်တစ်ချိန်တွင် ဤအရာသည် ဖန်မိသားစု၏ လက်ဆင့်ကမ်းအမွေအနှစ် ဖြစ်လာပေလိမ့်မည်။
သို့သော်ငြ,’ သူ၏ ဤမီးရှို့မှုကြီးက ကမ္ဘာ့ယဉ်ကျေးမှုသမိုင်းကို နှစ်ရာပေါင်းများစွာ နောက်ဆုတ်သွားစေခဲ့သည်။
ကျန်ရှိနေသည်များကိုတော့ နောင်လာနောက်သားများက မွန်မြတ်သောဆရာသခင် ချန်ရစ်ခဲ့သည့် သဲလွန်စများကို လိုက်၍ ရှေးလူကြီးများ၏ ဉာဏ်ပညာကို ပြန်လည်တူးဖော်ကြရန်သာ စောင့်ဆိုင်းရတော့မည်။
ကျေနပ်ပီတိဖြစ်စွာဖြင့် ခေတ္တမျှတွေးတောပြီးနောက် ဖန်ကျန်းရီသည် အံဆွဲကို ဖွင့်လိုက်၏။
ကမ္ဘာတစ်ဝန်းရှိ မရေမတွက်နိုင်သော နောင်လာနောက်သား ပညာရှင်များနှင့် ကျွမ်းကျင်သူများအား မျက်ရည်ကျစေကာ အလွန်တရာ နှမြောတသဖြစ်စေမည့်၊ တစ်သက်တာလုံး နောင်တရစေမည့် ထိုမပြည့်မစုံ လက်ရာအကြွင်းအကျန်ကို အထဲသို့ ထည့်သိမ်းလိုက်သည်။
အခန်းတွင်း၌ အနည်းငယ် ရှုပ်ပွနေသောကြောင့် ဖန်ကျန်းရီသည် မတ်တတ်ရပ်ကာ ရှင်းလင်းရန် ပြင်လိုက်၏။
သူ လှုပ်ရှားရန် ပြင်လိုက်သည်နှင့် ကျောင်းအုပ်ကြီးရုံးခန်း၏ တံခါးမှာ ပွင့်သွားခဲ့သည်။
လီယွမ်ကျောက်သည် ငါးမျှားတံတစ်ချောင်းကို လွယ်ကာ အခန်းထဲသို့ ဝင်လာသည်။ မျက်မှောင်ကြုတ်လျက် နှာခေါင်းရှုံ့လိုက်၏။
သူက မေးလိုက်သည်။ "ဘာအနံ့ကြီးလဲ။ ခင်ဗျားဆီမှာ မီးလောင်နေတာလား။"
ဖန်ကျန်းရီက ရှင်းပြလိုက်၏။ "အို ... ခုနက မတော်တဆ စက္ကူကြမ်းတွေကို မီးရှို့မိသွားတာပါ။ အိမ်ရှေ့စံ ... ဘာလို့ ထပ်ရောက်လာပြန်တာလဲ။ တခြားနေရာပြောင်းပြီး မျှားလို့မရဘူးလား။ ခင်ဗျား နေ့တိုင်းလာနေတော့ ဟိုကျောင်းသားအုပ်စုကလည်း အတုခိုးကုန်ကြပြီ။"
လီယွမ်ကျောက်သည် လုံးဝ ဂရုမစိုက်ဘဲ တဟားဟား ရယ်မောကာ ရင်ခွင်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်၏။ "ကပ်စေးနှဲလိုက်တာ။ ခင်ဗျားဆီက ငါးနှစ်ကောင်လောက် မျှားမိတာကို ဘာဖြစ်သွားရတာလဲ။ နှမြောနေလိုက်တာ။"
လီယွမ်ကျောက်က ဆက်ပြောလိုက်သည်။ "ဒီမှာ ခင်ဗျားဆီပို့လာတဲ့ စာတစ်စောင်ရှိတယ်။ ရွှေတိုင်းပြည်ဘက်က ပို့လိုက်တာ။ ဒီမနက် ဟုန်လုစီဌာနဘက်ကနေ ကြားလိုက်လို့ ကျုပ်က ခင်ဗျားအတွက် တကူးတက သွားယူပေးခဲ့တာ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "အိမ်ရှေ့စံ ... ထိုင်ပါအုံး။"
ဖန်ကျန်းရီသည် စာအိတ်ကို လှမ်းယူကာ ဖောက်ပြီး သေချာစွာ ဖတ်ရှုလိုက်သည်။
ငါးမိနစ်ကြာပြီးနောက်။
ဖန်ကျန်းရီသည် စာကိုကိုင်လျက် အနည်းငယ် တွေဝေသွားခဲ့ရာ လီယွမ်ကျောက်က မြင်ပြီး မေးလိုက်၏။ "ဘာဖြစ်လို့လဲ။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "အာလီပိုင် သေသွားပြီ။ အိမ်ရှေ့စံ ... ခင်ဗျားဘာသာပဲ ဖတ်ကြည့်လိုက်ပါတော့။"
လီယွမ်ကျောက်သည် စာရွက်ကိုယူ၍ တစ်ခေါက်ဖတ်ကြည့်ပြီးနောက် မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် မေးလိုက်၏။ "ဒါက ... သူက ဟိုအဆိပ်ကျောက်စိမ်းကြောင့် သေတာလား၊ ဒါမှမဟုတ် ဆေးကြောင့် သေတာလား။"
ဖန်ကျန်းရီသည် မျက်ခုံးကြားကို ပွတ်သပ်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။ "နှစ်ခုလုံးကြောင့် ဖြစ်မယ်ထင်တယ်။ သူစိတ်ထဲ ဘယ်လိုတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ။ တကယ်ပဲ အရမ်းမိုက်မဲလွန်းလို့ နေမှာပေါ့။"
အာလီပိုင် သေဆုံးသွားသည့် သတင်းကို ကြားရသောအခါ သူ၏စိတ်ထဲတွင် အနည်းငယ်တော့ မသက်မသာ ဖြစ်သွားမိ၏။ သူသေဆုံးသွားခြင်းက ကိုယ့်အတွက် အန္တရာယ်ကင်းသွားစေသည် ဆိုပေမည့်လည်း အဆုံးတွင်တော့ ကိုယ်တိုင်သင်ကြားပေးခဲ့ဖူးသော တပည့်တစ်ဦးဖြစ်နေပေသည်။ လမ်းကြောင်းလွဲသွားခဲ့သည် ဆိုလျှင်တောင်မှပေါ့။
ထို့အပြင် သေဆုံးသွားပုံက လူကို လက်ခံနိုင်ရန် ခက်ခဲစေလောက်အောင် မိုက်မဲလွန်းလှပေသည်။
ဤစာထဲတွင် ပါဝင်သော အကြောင်းအရာများ၏ ထူးဆန်းမှုက သူ့အား ပို၍ပင် အံ့အားသင့်သွားစေခဲ့၏။
စာကို နိုင်ငံတော်ဆရာကြီး ဖါးပါးကိုယ်တိုင် ရေးသားထားခြင်းဖြစ်ပြီး အကြောင်းအရာမှာတော့ အာလီပိုင် အပြင်းအထန် ဖျားနာနေကာ နန်းတွင်းသမားတော်၏ ဆေးများလည်း အာနိသင်မပြကြောင်း ဖြစ်သည်။
နောက်ဆုံးတွင် အာလီပိုင်သည် ကိုယ့်သဘောနှင့်ကိုယ် လူတစ်ယောက်ကိုရှာကာ အပ်နှင့် ဆေးထိုးပြွန်ကို အထူးပြုလုပ်ခိုင်းခဲ့ပြီးနောက် ... ထိုဆေးများကို သွေးကြောထဲသို့ ထိုးသွင်းလိုက်ရာ ထိုနေ့၌ပင် ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း ဖြစ်၏။
ဤသည်မှာ သမိုင်းတွင် အမည်မသိ ဆေးဖက်ဝင်အပင် အရည်ထိုးသွင်းမှုကြောင့် သေဆုံးရသည့် ပထမဆုံးလူ ဖြစ်ပေလိမ့်မည်။
နောင်လာနောက်သားများပင် လက်မခံနိုင်သော ဤကဲ့သို့ ထူးဆန်းသည့်အရာကို သူက တီထွင်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခဲ့ခြင်းဖြစ်၏။ ဘယ်ကနေဘယ်လို ထူးဆန်းသည့် အကြံဉာဏ်များ ရလာခဲ့သည်ကိုတော့ မသိရပေ။
ကျန်ရှိသော အကြောင်းအရာများမှာတော့ ဖါးပါးက တိုင်းပြည်အတွင်းရှိ အခြေအနေများကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီဖြစ်ကြောင်းနှင့် အတိတ်က အကြောင်းအရာဟောင်းများကို ပြန်လည်ပြောဆိုထားသည့် အနှစ်သာရမရှိသော စကားများသာ ဖြစ်သည်။
ဖန်ကျန်းရီသည် စိတ်အနှောင့်အယှက်များကို ဖယ်ရှားပြီး မေးလိုက်၏။ "နန်းတွင်းကရော ဒီသတင်းကို ရပြီးပြီလား။"
လီယွမ်ကျောက်က ပြန်ဖြေလိုက်သည်။ "ရလောက်ပါတယ်။ ခင်ဗျားဆီပို့တဲ့စာအပြင် နန်းတွင်းကိုပို့တဲ့ စာလည်း ပါသေးတယ်။ ဒီလို ကိစ္စကြီးကို ခင်ဗျားတစ်ယောက်တည်းကိုပဲ သီးသန့် အသိပေးစရာ အကြောင်းမှမရှိတာ။"
ဖန်ကျန်းရီက ခေါင်းအနည်းငယ် ညိတ်လိုက်၏။ "အိမ်ရှေ့စံ ... ကျုပ်နဲ့အတူ နန်းတွင်းကို တစ်ခေါက်လောက် လိုက်ခဲ့ပါ။ ဒီစာကို အရှင်မင်းကြီးကို သွားပြရအုံးမယ်။"
လီယွမ်ကျောက်သည် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ "ခမည်းတော်က သေချာပေါက် သိပြီးသားပဲဟာကို။ ဒီလို လုပ်နေစရာ မလိုပါဘူး။ "
ဖန်ကျန်းရီက တိုက်တွန်းလိုက်၏။ "သွားကြရအောင်ပါ။ နန်းတွင်းကို ပြန်ပြီးမှ မျှားပါ။ နန်းတွင်းက ငါးတွေက ပိုကြီးတယ်။"
...
သူတို့နှစ်ဦးသည် ယန်ရှင်းနန်းဆောင်သို့ အမြန်သွားလိုက်ကြသည်။
ကျင်းဘုရင်မင်းမြတ် မှာ တိုင်းပြည်ရေးရာများဖြင့် အလုပ်ရှုပ်နေပြီး ကော်ထျန်းယန်က သံတော်ဦးတင်လိုက်မှသာ မျက်လုံးကို အနည်းငယ် မော့ကြည့်လိုက်၏။
ဖန်ကျန်းရီကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းပြန်ငုံ့ကာ စုတ်တံဖြင့် ဆက်လက် ရေးသားနေသည်။
"သားတော် ဂါရဝပြုပါတယ် ခမည်းတော်။"
"ကျွန်တော်မျိုး ဂါရဝပြုပါတယ် အရှင်မင်းကြီး။" သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း ဆိုလိုက်ကြ၏။
ကျင်းဘုရင်မင်းမြတ် က အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ "ကောင်းပြီ။ နန်းတွင်းကို တစ်ခေါက်လောက် ပြန်လာကြည့်ရမယ်ဆိုတာ သိသေးတာပဲ။ ဒီနေ့ ကိုယ်တော့်ဆီ လာတွေ့တာ ဘာကိစ္စရှိလို့လဲ။"
ဖန်ကျန်းရီသည် ချွေးပြန်သွားခဲ့၏။
တကယ်တော့ ပြီးခဲ့သည့်အကြိမ်က နန်းတွင်းသို့ ဆင့်ခေါ်ခံရပြီးသည့်နောက်ပိုင်း သူ လုံးဝ ပြန်မလာခဲ့ခြင်း ဖြစ်သည်။
ပထမအချက်မှာ သင့်လျော်သော အကြောင်းပြချက်မရှိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အိမ်တွင်နေရသည်က အနည်းငယ် ဇိမ်ကျနေသောကြောင့် ဖြစ်၏။
အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ် အမျိုးသမီးကောလိပ်ကို တည်ထောင်ခဲ့သော်လည်း ချူချင်ဟန်ဘက်မှ မည်သည့်စကားမှ မဆိုခဲ့ချေ။
အိမ်ထောင်မပြုရသေးသော်လည်း ကြိုတင်၍ ရိုမန်းတစ်ဆန်ဆန် ကစားကြည့်ရန်တော့ အဟန့်အတား မရှိခဲ့ပေ။
ယောက္ခထီးကြီးက ဤမျှအထိ မကျေမနပ်ဖြစ်နေမည်ဟု မထင်မှတ်ထားခဲ့ချေ။
ဂရုမစိုက်နိုင်ခဲ့ပေ။ မကြာသေးမီက သက်သောင့်သက်သာ နေထိုင်ရက်များ များပြားလွန်းသဖြင့် သူ၏ လုပ်ငန်းခွင်စွမ်းရည်များ ဆိုးရွားစွာ ကျဆင်းသွားခဲ့သည်မှာ ထင်ရှားလှ၏။
ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးဆီကို ဖါးပါးပို့လိုက်တဲ့ စာတစ်စောင်ရောက်လာလို့ အရှင်မင်းကြီးကို ဆက်သဖို့ တကူးတက လာခဲ့တာပါ။"
ကျင်းဘုရင်မင်းမြတ် က မေးလိုက်၏။ "မင်းဆီကို ရေးတဲ့စာဆိုရင် ကိုယ်တော့်ကို ဘာလို့ ပြနေအုံးမှာလဲ။"
ဖန်ကျန်းရီက တည်ငြိမ်သော လေသံဖြင့် လျှောက်တင်လိုက်သည်။ "တိုင်းပြည်ရေးရာနဲ့ သက်ဆိုင်နေလို့ ကျွန်တော်မျိုး ဖုံးကွယ်ထားဖို့ မသင့်တော်ဘူးလို့ ထင်လို့ပါ။"
ယောက္ခထီးကြီးက မကျေမနပ်ဖြစ်နေသည် ဆိုသော်လည်း ဤကဲ့သို့သော အချိန်မျိုးတွင် ပို၍ပင် အကြောက်အလန့် မပြနိုင်ပေ။
ကျင်းဘုရင်မင်းမြတ် က ပြောလိုက်၏။ "ရပြီ ... ထိုင်ကြ။ အာလီပိုင် ရုတ်တရက် သေဆုံးသွားတဲ့ ကိစ္စပဲမလား။ ဒီကိစ္စကို ဒီနေ့ မနက် ညီလာခံမှာ ပြောပြီးသွားပြီ။ ဘာမှ ထူးထူးခြားခြား ကြည့်စရာမရှိပါဘူး။"
ကျင်းဘုရင်မင်းမြတ်သည် စုတ်တံကို ချကာ သဝဏ်လွှာအထပ်လိုက်ကို တွန်းဖယ်လိုက်ပြီး ခေါင်းမော့၍ ပြောလိုက်သည်။ "မင်း လာတာ အတော်ပဲ။ ကိုယ်တော် မင်းကို ပြောစရာကိစ္စလေး ရှိနေတာ။"
ဖန်ကျန်းရီက လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... မိန့်တော်မူပါ။"
ကျင်းဘုရင်မင်းမြတ် က မိန့်ကြားလိုက်သည်။ "အရင်တုန်းက မင်းက ဖျင်ဝမ်ခရိုင်ကို ကုန်သွယ်မှုဖြေလျှော့ရေး စမ်းသပ်နယ်မြေအဖြစ် ရွေးချယ်ဖို့ အပြင်းအထန် အကြံပေးခဲ့တယ်။ အခုဆိုရင် အကျိုးသက်ရောက်မှုတချို့ ရှိသင့်နေပြီ။ ပြီးတော့ ဖျင်ဝမ်ခရိုင်နဲ့ ကပ်လျက် ရှင်းကျန်းခရိုင်မှာ ဟန်လင်အကယ်ဒမီကနေ အရာရှိသစ် တစ်ယောက်ကို ပြောင်းရွှေ့ခန့်အပ်လိုက်တာ၊ အုပ်ချုပ်ရေးပိုင်းမှာ အတော်လေး စနစ်ကျပြီး နိုင်ငံရေး စွမ်းဆောင်ရည်လည်း ထင်ရှားလို့ နန်းတွင်းတစ်ခွင်လုံးက အကြီးအကျယ် ချီးကျူးနေကြတယ်လို့ ကိုယ်တော် ကြားတယ်။ သူတို့ရဲ့ ဒီနှစ် ဝင်ငွေက မနှစ်ကထက် နှစ်ဆယ်ရာခိုင်နှုန်းလောက် တိုးလာတယ်လို့လည်း ကိုယ်တော် ကြားထားတယ်။"
ကျင်းဘုရင်မင်းမြတ်က ဆက်လက် မိန့်ကြားလိုက်၏။ "ဒီနှစ် ဟန်ကျန်းပြည်နယ်ရဲ့ ဝင်ငွေစာရင်းကို မတင်ပြရသေးဘူး။ ကိုယ်တော်က နေ့ကောင်းရက်သာ ရွေးပြီး ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ဖို့ ဆုံးဖြတ်ထားတယ်။ မင်းလည်း ကိုယ်တော်နဲ့ အတူလိုက်ခဲ့ပါ။"
ကျင်းဘုရင်မင်းမြတ်က ပြောလိုက်သည်။ "မင်းက ကိစ္စတစ်ခုကို လုပ်ရင် ရည်မှန်းချက် မရောက်မချင်း လက်မလျှော့တတ်ဘူးဆိုတာ ကိုယ်တော် သိတယ်။ ဖျင်ဝမ်ခရိုင်မှာသာ အလုပ်မဖြစ်ခဲ့ရင် နောက်ပိုင်း သိပ်ပြီး ပြဿနာမရှာနဲ့တော့။ သတင်းစာထဲမှာလည်း လျှောက်ပြီး သွေးထိုးလှုံ့ဆော်တာတွေ မလုပ်နဲ့တော့။"
ကျင်းဘုရင်မင်းမြတ် ပြောပြီးသည်နှင့် လီယွမ်ကျောက်သည် မျက်လုံးများကို ဟိုဟိုဒီဒီ ကစားလိုက်၏။
အပြင်ထွက်ရမည် ... အပြင်ထွက်ရမည်ဆိုလျှင်တော့ အတော်လေး စိတ်ဝင်စားစရာကောင်းပေလိမ့်မည်။ ဖျင်ဝမ်ခရိုင်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုရမည်တဲ့လား။
ကျင်းဘုရင်မင်းမြတ် က မိန့်ကြားလိုက်သည်။ "အိမ်ရှေ့စံ ... တိုင်းပြည်ကို စောင့်ရှောက်ထားရမယ်။"
"..."
ဖန်ကျန်းရီ၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားခဲ့၏။
သူ ပြန်ရောက်လာပြီးနောက်ပိုင်း ဖျင်ဝမ်ခရိုင်၏ သတင်းများကို အမြဲတမ်း စုံစမ်းခဲ့သည်။ ကြားရသလောက်တော့ တိုးတက်မှုအခြေအနေမှာ မဆိုးလှဘဲ ကုန်သွယ်ရေးပတ်ဝန်းကျင်လည်း လွတ်လပ်မှုရှိသည်ဟု ဆိုပေသည်။
မည်ကဲ့သို့သော အတိုင်းအတာအထိ ကောင်းမွန်နေသနည်း ဆိုသည်ကိုတော့ သူ၏စိတ်ထဲတွင် ရေရေရာရာ မရှိသေးပေ။ အဆုံးတွင်တော့ သတင်းစုံစမ်းပေးသောသူများက ယုံကြည်ရခြင်း ရှိ၊ မရှိကို သူကိုယ်တိုင်လည်း မသေချာသောကြောင့် ဖြစ်၏။
သို့သော်ငြား ရှင်းကျန်းခရိုင်က တစ်နှစ်အတွင်း၌ ဝင်ငွေ နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးလာအောင် လုပ်နိုင်ခဲ့သည်ဆိုခြင်းက အလွန်တရာ အံ့မခန်းဖွယ်ရာ နိုင်ငံရေးစွမ်းဆောင်ရည် ဖြစ်သည်။
ဟန်လင်အကယ်ဒမီထဲတွင် တကယ်ပဲ အရည်အချင်းရှိသူ တစ်ယောက် ထွက်ပေါ်လာခဲ့ပုံရ၏။
သို့ဆိုလျှင်တော့ အစွမ်းအစ အစစ်အမှန်ကို တွေ့မြင်ရတော့မည်။
ဖန်ကျန်းရီက လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးက ဘယ်တော့လောက် ခရီးထွက်ဖို့ ပြင်ဆင်ထားပါသလဲ။"
ကျင်းဘုရင်မင်းမြတ် က မိန့်ကြားလိုက်သည်။ "မကြာခင်လောက် ဖြစ်မယ်။ နေ့ရက် ရွေးပြီးသွားရင် မင်းကို အကြောင်းကြားလိုက်မယ်။ မင်း အရင်ပြန်ပြီး ပြင်ဆင်ထားလိုက်အုံး။"
ဖန်ကျန်းရီက လျှောက်တင်လိုက်၏။ "ဒါဆို ကျွန်တော်မျိုးကို အရင် ပြန်ခွင့်ပြုပါအုံး။"
အပိုင်း (၈၆၇) ဟန်ကျန်းပြည်နယ်သို့ တိုင်းခန်းလှည့်လည်ခြင်း။
ဖန်ကျန်းရီ ထွက်သွားပြီးနောက် လီယွမ်ကျောက်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။ "ခမည်းတော် ... ဖန်ကြီးကို ဘယ်တော့လောက် ပြန်ခေါ်ဖို့ ပြင်ဆင်ထားပါသလဲ။"
လီယွမ်ကျောက်က ဆက်ပြောလိုက်သည်။ "သူက နေ့တိုင်း ပျော်ပျော်ပါးပါး ဆော့ကစားနေတာပဲ တွေ့တယ်။ ပြန်လာချင်တဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး။ ခမည်းတော်က သူ အရင် စကားစလာမယ့်အချိန်ကို စောင့်နေတာတော့ မဟုတ်ပါဘူးနော်။"
ကျင်းဘုရင်မင်းမြတ် က နှာခေါင်းရှုံ့လိုက်၏။ "မင်းတို့နှစ်ယောက်က တစ်အုပ်တည်းက မြေခွေးတွေပဲ။ ကိုယ်ပေါ်မှာ အရေးကြီးတဲ့ကိစ္စဆိုလို့ တစ်ခုမှ မရှိဘူး။ ရင်ဘတ်ထဲမှာလည်း ကြီးမားတဲ့ ရည်မှန်းချက် မရှိကြဘူး။ ကြီးကျယ်တဲ့သူ ဖြစ်လာဖို့ ခက်ခဲလိမ့်မယ်။"
ကျင်းဘုရင်မင်းမြတ် က ဆက်ပြောလိုက်သည်။ "ကိုယ်တော်က ဒီခွေးကောင် အားယားနေတာကို မြင်ရင် လက်ယားတယ်။ ဒါပေမဲ့ သူ့ကို ပြန်လာစေဖို့ဆိုတာ အဲဒီလောက် မရိုးရှင်းဘူး။ အချိန်တချို့ လိုအပ်သေးတယ်။"
လီယွမ်ကျောက်က မေးလိုက်၏။ "ဘာအချိန်ကို လိုတာလဲ။ ကျင်းယီဝေ တပ်မှူးချုပ်နေရာမှာ ယာယီတာဝန်ယူထားတဲ့ ထောင်ဟွေက အဆင်သိပ်မပြေဘူးလို့ သားတော် ခံစားရတယ်။ ဖန်ကြီး နဲ့ အများကြီး ကွာခြားနေသလိုပဲ။"
လီယွမ်ကျောက်က ဆက်ပြောလိုက်သည်။ "မကြာသေးခင်က ပြည်သူတွေကြားမှာ ကျင်းယီဝေအပေါ် ယုံကြည်မှုက ဖန်ကြီးရှိစဉ်ကနဲ့ ယှဉ်ရင် အများကြီး ကျဆင်းနေတယ်။ ပြီးတော့ လူဦးရေကလည်း တော်တော်လေး လျော့နည်းသွားသလိုပဲ။"
ကျင်းဘုရင်မင်းမြတ်သည် လက်ချောင်းများဖြင့် စားပွဲခုံကို ခေါက်ကာ ပြောလိုက်၏။ "ရပြီ ... ဒီကိစ္စကို ကိုယ်တော် သိတယ်။ သီးသန့် အစီအစဉ်လည်း လုပ်ထားပြီးသားမို့ မင်း စိတ်ပူနေစရာ မလိုဘူး။"
ကျင်းဘုရင်မင်းမြတ် က ရှင်းပြလိုက်သည်။ "ဖန်ကျန်းရီ ပြန်လာချင်တယ်ဆိုရင် ကိုယ်တော့်ဘက်ကနေ အရင် စကားစလို့ မရဘူး။ အောက်ခြေက လူတွေက သဘောတူကြည်ဖြူစွာနဲ့ သူ့ကို ပြန်လာစေချင်မှ ဖြစ်မှာ။
ဒီလိုမှ မဟုတ်ဘဲ ကိုယ်တော်က သက်ဦးဆံပိုင် အာဏာကိုသုံးပြီး သူ့ကို ရာထူးပြန်ပေးလိုက်မယ်ဆိုရင် နန်းတွင်းအမတ်တွေ ဘယ်လို ပြောဆိုဝေဖန်ကြမလဲ။ အလုပ်လုပ်တဲ့နေရာမှာ နည်းလမ်းကျကျ လုပ်တတ်ဖို့ လိုတယ်။ မလောနဲ့။"
လီယွမ်ကျောက်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ဘယ်လို နည်းလမ်းလဲ။"
ကျင်းဘုရင်မင်းမြတ် က မိန့်ကြားလိုက်၏။ "ဒါကို မင်း ဝင်ပါစရာ မလိုဘူး။ ဒီမှာ အေးအေးဆေးဆေး နေပြီး တိုင်းပြည်ကို စောင့်ရှောက်ထား။ စည်းမျဉ်းစည်းကမ်းအတိုင်း အလုပ်လုပ်။ ကျင်းယီဝေဘက်က အစီအစဉ်ကို ကိုယ်တော် အစောကြီးတည်းက သတ်မှတ်ထားပြီးသားမို့ လုံးဝ ဝင်မစွက်ဖက်နဲ့။ မေးလည်း မမေးနဲ့။"
လီယွမ်ကျောက်၏ စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားပြီး ပြုံးလိုက်သည်။
ဤလေသံကို နားထောင်ကြည့်ရသည်မှာ ကျင်းယီဝေ၏ အစီအစဉ်က ဖန်ကြီးနှင့် အနည်းငယ် ပတ်သက်နေပုံရသည်။
လီယွမ်ကျောက်က ပြောလိုက်၏။ "သားတော် နားလည်ပါပြီ။"
...
အရှင်မင်းမြတ် တိုင်းခန်းလှည့်လည်ခြင်းသည် အလွန်တရာ ကြီးကျယ်ခမ်းနားသော ကိစ္စကြီး ဖြစ်ပေသည်။
အကယ်၍ နိုင်ငံတော်ဘဏ္ဍာတိုက်သာ ဟာလာဟင်းလင်း ဖြစ်နေပါက ခရီးတစ်ခေါက်ထွက်ခြင်းသည်ပင် နိုင်ငံကို အကြီးအကျယ် ထိခိုက်နစ်နာစေမည်မှာ သေချာလှ၏။
သို့သော်ငြား တိုင်းပြည် အေးချမ်းသာယာပြီး ဘဏ္ဍာတိုက် ပြည့်လျှံနေချိန်တွင် ဧကရာဇ်မင်းအနေဖြင့် အပြင်သို့ မကြာခဏထွက်ကာ ကြည့်ရှုလေ့လာလိုသည်မှာ သဘာဝပင် ဖြစ်သည်။
ဤတစ်ကြိမ် ဟန်ကျန်းပြည်နယ်သို့ တိုင်းခန်းလှည့်လည်မည့် ဆုံးဖြတ်ချက်ကို ကျင်းဘုရင်မင်းမြတ် သည် နန်းတွင်းအမတ်များနှင့် အများကြီး တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိပေ။
ထို့ကြောင့် ကန့်ကွက်စကား တော်တော်များများက တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
လူအများစုက ပို၍ပင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြ၏။
ကောင်းကင်ဘုံ၏သားတော် ဖြစ်သည်နှင့်အညီ ခရီးတစ်ခေါက်ထွက်တိုင်း ထောင်သောင်းချီသော လူများကို ခေါ်ဆောင်သွားရမည် ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် စစ်သည်များကို စေလွှတ်၍ စစ်ဆေးရမည်ဖြစ်ပြီး လုံခြုံရေးအစီအမံများကိုလည်း ကြိုတင်ချထားရမည်။
ပို၍ အရေးကြီးသည်မှာ ... ပြည်သူများကို အနှောင့်အယှက် ဖြစ်စေခြင်းပင်။ ဘုရင်မင်းမြတ် ရောက်ရှိလာမည့် နေရာတိုင်းကို ရှင်းလင်းထားရမည်ဖြစ်ရာ ပြည်သူများ၏ ပုံမှန် နေထိုင်မှုဘဝကို အကြီးအကျယ် သက်ရောက်မှု ရှိစေ၏။
ထို့ကြောင့် လူအများစု၏ အမြင်တွင် ဤသည်မှာ ဟန်ရေးပြခြင်းတစ်မျိုးနှင့် ပိုတူနေပေသည်။
အရှင်မင်းကြီးက ရွှေတိုင်းပြည်ကို အနိုင်ရခဲ့ပြီးနောက် အပြင်ထွက်ကာ ပြည်သူသောင်းသိန်းချီက သက်တော်ရာကျော် ရှည်ပါစေဟု ကြွေးကြော်သည့် ခံစားချက်ကို သွားရောက် ခံစားကြည့်လိုခြင်းမျှသာ ဖြစ်ပေလိမ့်မည်။
သို့ပေမည့် ကျင်းဘုရင်မင်းမြတ် ကိုယ်တိုင် ခရီးစဉ်၏ စည်းမျဉ်းများကို ပြင်ဆင်သတ်မှတ်လိုက်ချိန်တွင်တော့ ... လူအတော်များများ ပါးစပ်ပိတ်သွားခဲ့ကြ၏။
အရာအားလုံးကို ရိုးရိုးရှင်းရှင်းသာ လုပ်ဆောင်မည်ဖြစ်ပြီး လုံခြုံရေးလုပ်ငန်းစဉ်များကို ယခင်အတိုင်း ထားရှိကာ စစ်သည်များက ကြိုတင် လမ်းရှင်းထားမည် ဖြစ်သည်။
သို့သော်ငြား နောက်ပါအဖြစ် ရှန်ကျီးတပ်ရင်း၊ ကျင်းယီဝေနှင့် အခြားမြို့တော်တပ်ဖွဲ့များမှ ရွေးချယ်ထားသော အထက်တန်းစား စစ်သည် ငါးရာကိုသာ ခေါ်ဆောင်သွားမည်ဖြစ်ပြီး အရာရှိ အနည်းငယ်ကိုသာ ထပ်မံ ရွေးချယ်ထား၏။
ကျန်ရှိသူများ အားလုံးမှာ မြို့တော်တွင်သာ ကျန်ရစ်နေရမည်ဖြစ်ပြီး လိုက်ပါရန် မလိုပေ။
ထုံးစံများနှင့် မကိုက်ညီသော်လည်း ကျင်းဘုရင်မင်းမြတ်သည် ဤသို့လုပ်ရန် သန္နိဋ္ဌာန်ချထားပုံရပြီး ကြေညာပြီးသည်နှင့် ချက်ချင်းပင် အမိန့်စာ ထုတ်ပြန်လိုက်သည်။
အရာရှိကြီးများမှာ အချိန်အနည်းငယ်မျှသာ ဆွေးနွေးငြင်းခုံကြပြီးနောက် ငြိမ်သက်သွားကြ၏။
မည်သို့ပင်ဖြစ်စေ သိပ်မဝေးလှဘဲ သွားလိုက်ပြန်လိုက်မှ အလွန်ဆုံး ဆယ်ရက်ဝန်းကျင်မျှသာ အချိန်ယူရမည်ဖြစ်ရာ ရိုးရိုးရှင်းရှင်း လုပ်ဆောင်ခြင်းကလည်း ကောင်းပေသည်။
ထို့အပြင် ... ဖျင်ဝမ်ခရိုင်တွင် ကျင်းယီဝေများ တပ်စွဲထားကြောင်းကို လူအတော်များများက သိထားကြ၏။
လုံခြုံရေးပိုင်းတွင် ပြဿနာမရှိသရွေ့ ကျန်သည်များက ကြီးမားသော ပြဿနာ မဟုတ်ပေ။
...
နေ့ကောင်းရက်သာသို့ ရောက်ရှိလာပြီး အရှင်မင်းမြတ် နန်းတော်မှ ထွက်ခွာမည့်နေ့တွင် အရာရှိကြီးများ အားလုံးက လိုက်လံပို့ဆောင်ကြသည်။
ဖန်ကျန်းရီသည် ကျင်းဘုရင်မင်းမြတ်၏ ဘေးတွင် လိုက်ပါလာပြီး ဤခရီးစဉ်အတွက် တကူးတကပင် ကျန်းပြောင်ကို သက်တော်စောင့်အဖြစ် ခေါ်ဆောင်လာခဲ့၏။
လူရာဂဏန်းမျှသာရှိသော သက်တော်စောင့်တပ်ဖွဲ့ကို ကြည့်ကာ သူက မေးလိုက်မိသည်။ "အရှင်မင်းကြီး ... ဒီလောက်လူလေး ခေါ်သွားရုံနဲ့ လောက်ပါ့မလား။"
ဤလူရာဂဏန်းသည် ကျင်းဘုရင်မင်းမြတ်၏ ပတ်လည်တွင် ခြံရံထားသဖြင့် များပြားသည်ဟု ထင်ရသော်လည်း ကျန်းကျန်းသို့ သွားခဲ့စဉ်က ကြီးကျယ်ခမ်းနားသော မြင်ကွင်းနှင့် ယှဉ်လိုက်ပါက လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
ကျင်းဘုရင်မင်းမြတ် က သူ့ကို မျက်စောင်းထိုးကြည့်လိုက်၏။ "လူငါးရာတောင် ကိုယ်တော်က ပိုနေသေးတယ်လို့ ထင်တာ။"
ကျင်းဘုရင်မင်းမြတ်က ရယ်မောကာ မေးလိုက်သည်။ "ဒါ့အပြင် ဒီမှာ ရဲမက်ကြီး ကျန်းပြောင် ရှိနေသေးတာ မဟုတ်ဘူးလား။ သူရှိနေမှတော့ ကိုယ်တော် လုပ်ကြံခံရမှာကို စိုးရိမ်မနေဘူး။ ပြဿနာမရှိဘူးမလား ကျန်းပြောင်။"
ကျန်းပြောင်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။ "ကိစ္စမရှိပါဘူး။ ကျွန်တော်မျိုး ဝင်ပါလိုက်ပါ့မယ်။"
ကျင်းဘုရင်မင်းမြတ် က အသံထွက်၍ ရယ်မောလိုက်သည်။ "ကောင်းတယ်။ အရမ်းကောင်းတယ်။ ကိုယ်တော့်ရဲ့ ကိုယ်ရံတော်တွေတောင် မင်းလောက် သတ္တိမရှိဘူး။ ဖန်ကျန်းရီလို ကြွက်လောက်သာ သတ္တိရှိတဲ့လူက မင်းလို ရဲမက်ကြီးမျိုးကို ဘယ်လိုများ မွေးထုတ်ပေးနိုင်ခဲ့တာလဲ။"
ဖန်ကျန်းရီ၏ မျက်နှာမှာ ရှုံ့မဲ့သွားခဲ့၏။ "ကျွန်တော်မျိုးက ဘာကိုမှ မကြောက်ပါဘူး။ အရှင်မင်းကြီးရဲ့ လုံခြုံရေးကို စိုးရိမ်လို့ပါ။ အကောင်းဆုံး ဖြစ်နိုင်ရင်တော့ အကောင်းဆုံး လုပ်ချင်လို့ပါ ..."
ကျင်းဘုရင်မင်းမြတ်က ပြောလိုက်သည်။ "ဟမ့် ... သာမန် ခိုးကြောင်ခိုးဝှက် ကောင်တွေက ကိုယ်တော့်အနားကို ချဉ်းကပ်ဖို့ ထိုက်တန်လို့လား။"
ထိုသို့ပြောရင်း ကျင်းဘုရင်မင်းမြတ်သည် နဂါးရထားလုံးပေါ်မှ ခန္ဓာကိုယ်ကို အနည်းငယ် မတ်လိုက်ပြီး အပြင်ဝတ်ရုံကို လှန်ပြလိုက်ရာ သေနတ်တို တစ်တန်းကြီးကို မြင်တွေ့လိုက်ရ၏။
ဖန်ကျန်းရီသည် ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့သည်။ "အရှင်မင်းကြီး ... မစူးဘူးလား။"
ကျင်းဘုရင်မင်းမြတ် သည် မျက်လုံးပြူးကြည့်လိုက်ပြီး လက်ဖြင့် ခါးပတ်ကို ဖြုတ်ကာ ဖန်ကျန်းရီထံသို့ တိုက်ရိုက် ပစ်ပေးလိုက်၏။ "ကိုယ်တော်က ခိုးကြောင်ခိုးဝှက် ကောင်တွေအကြောင်း ပြောနေတာကို မင်းက စူးလား မစူးဘူးလား လာမေးနေတယ်။"
ကျင်းဘုရင်မင်းမြတ် က ပြောလိုက်သည်။ "စူးတယ်ဆိုရင် မင်းပဲ ကိုယ်တော့်ကိုယ်စား ဝတ်ထားလိုက်တော့။"
ဖန်ကျန်းရီသည် ခါးပတ်ကို ဖမ်းယူလိုက်ပြီး ေဟားဟား ရယ်မောလိုက်၏။
ထို့နောက် အပြင်ဝတ်ရုံကို လှန်ပြလိုက်ရာ ခါးနောက်တွင် သေနတ်တို တစ်တန်းကြီးကို ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုးလည်း ယူလာပါတယ်။"
ကျင်းဘုရင်မင်းမြတ် က မိန့်ကြားလိုက်၏။ "... ဒါဆိုရင်လည်း ကျန်းပြောင်ကို ဝတ်ခိုင်းလိုက်။"
ထိုစကားကို ကြားသောအခါ ကျန်းပြောင်သည် အသံမထွက်ဘဲ အပြင်ဝတ်ရုံကြီးကို လှန်ပြလိုက်ရာ ဘေးနှစ်ဖက်တွင် သေနတ်ဆယ်လက်ခန့် ချိတ်ဆွဲထားပြီး ဘယ်ညာ ပေါင်နှစ်ဖက်တွင်လည်း နှစ်လက်စီ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုးလည်း ယူလာပါတယ်။"
လူသုံးယောက်ပေါင်း သေနတ် အလက်နှစ်ဆယ်ကျော် ယူလာသည်ကို မြင်သောအခါ ကျင်းဘုရင်မင်းမြတ် မှာ ဘာပြောရမှန်းမသိတော့ဘဲ နောက်သို့ ပြန်မှီချလိုက်၏။
ဤလက်နက်အင်အားနှင့် ကိုယ်ခံပညာပေါင်းစပ်လိုက်မည်ဆိုပါက လူသုံးယောက်က နည်းပညာအနည်းငယ် သုံးရုံဖြင့် လူတစ်ရာကို အေးဆေး တိုက်ခိုက်နိုင်ပေလိမ့်မည်။
အရှင်မင်းမြတ်၏ ယာဉ်တန်းက ဆက်လက် ထွက်ခွာလာခဲ့ပြီး ကျင်းဘုရင်မင်းမြတ်က ရုတ်တရက် မေးလိုက်သည်။ "ဖျင်ဝမ်ခရိုင်ကို ကုန်သွယ်မှုဖြေလျှော့ရေး ခွင့်ပြုပြီးတည်းက ဒီကိစ္စကို ရပ်တန့်ဖို့ ကိုယ်တော့်ဆီ သဝဏ်လွှာတင်တဲ့သူတွေ အမြဲရှိနေခဲ့တယ်။ အခု အချိန်ဒီလောက်ကြာသွားပြီဆိုတော့ ဖျင်ဝမ်ခရိုင် အောင်မြင်နိုင်မလားဆိုတာ မသိဘူး။ မင်း ဘယ်လောက်အထိ ယုံကြည်မှုရှိလဲ။"
ဖန်ကျန်းရီသည် ခေတ္တတွေးတောပြီးနောက် လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးက တောက်ယွမ်ခရိုင်ကနေ ကုန်သည်တော်တော်များများကို ဖျင်ဝမ်ခရိုင်ကို သွားပြီး ကုန်သွယ်ဖို့ စေလွှတ်ထားတာမို့ အကျိုးသက်ရောက်မှု တချို့တော့ ရှိသင့်တယ်လို့ ထင်ပါတယ်။"
ဖန်ကျန်းရီက ဆက်လက် လျှောက်တင်လိုက်သည်။ "ယေဘုယျအနေနဲ့ ဘယ်လိုနေလဲဆိုတာကတော့ ရှုပ်ထွေးတဲ့ ပြဿနာတစ်ခုပါ။ ယန်ဖုန်းဖန်ရဲ့ ကိုယ်ပိုင်အရည်အချင်းကိုလည်း ကြည့်ရအုံးမှာပါ။"
ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ကျွန်တော်မျိုးက ယန်ဖုန်းဖန်ကို အတွေ့အကြုံတချို့လည်း မျှဝေပေးခဲ့ပါသေးတယ်။ ကိုယ်ပိုင်ခံယူချက်အပေါ်မှာ အပြည့်အဝ ယုံကြည်မှုရှိပါတယ်။ တောက်ယွမ်ခရိုင်က အကောင်းဆုံး ဥပမာတစ်ခုပါပဲ။"
ကျင်းဘုရင်မင်းမြတ်သည် ခေါင်းခါယမ်းလိုက်သည်။ "အမှန်အတိုင်းပြောရရင် ကိုယ်တော် သိပ်ပြီး အကောင်းမမြင်ဘူး။ တစ်ယောက်ယောက်က သဝဏ်လွှာထဲမှာ ထည့်ရေးထားတာ ရှိတယ်။ အဲဒီမှာ လူထုရဲ့ စရိုက်လက္ခဏာတွေ ပျက်စီးနေပြီး အရမ်းကို ရှုပ်ထွေးနေတယ်လို့ ဆိုတယ်။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ဖန်ကျန်းရီ၏ စိတ်ထဲတွင် လန့်သွားခဲ့၏။ သူ၏ သတင်းအချက်အလက်များထဲတွင် ဤအချက် လုံးဝ မပါဝင်ခဲ့ပေ။
ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး တောက်ယွမ်ခရိုင်ကို အုပ်ချုပ်ခဲ့တုန်းက ခရိုင်ထဲမှာ ကိုယ်ကျင့်တရားကောင်းတဲ့သူတွေ အများကြီး ထွက်ပေါ်လာခဲ့တာပါ။ ဒါက သေချာပေါက် တစ်ယောက်ယောက်က လုပ်ကြံစွပ်စွဲတာပဲ ဖြစ်ရမယ်။ လိမ်ညာမှု ... လုံးဝကို လိမ်ညာမှုပါပဲ။"
ကျင်းဘုရင်မင်းမြတ် က ရုတ်တရက် ဆိုလိုက်၏။ "အင်း ... တကယ်တော့ လူထုရဲ့ စရိုက်လက္ခဏာ ပျက်စီးတယ်လို့ ပြောရရင် တောက်ယွမ်ခရိုင်ကို အများဆုံး ပြောကြတာပဲ။ ဒါပေမဲ့ ကိုယ်တော်လည်း နားလည်ပေးလို့ ရပါတယ်။ မင်းတို့ဆီမှာက ညစ်ညမ်းတဲ့ ပြဇာတ်တွေကပြတာ၊ ညစ်ညမ်းတဲ့ စာအုပ်တွေထုတ်တာ၊ ညစ်ညမ်းတဲ့ လှုပ်ရှားမှုတွေ မကြာခဏ လုပ်တာကလွဲရင် တခြားဘာမှ မရှိပါဘူး။
အဆုံးမှာတော့ အထက်ကလူက ဖြောင့်မတ်မှုမရှိရင် အောက်ကလူလည်း ကောက်ကွေ့တတ်တာ သဘာဝပါပဲ။ ပြည်သူတွေရဲ့ စားဝတ်နေရေးမှာ ပြဿနာမရှိရင် အဲဒီ ညစ်ညမ်းတဲ့ကိစ္စတွေက ပြဿနာတစ်ခုလို့ ကိုယ်တော် မထင်ပါဘူး။"
ဖန်ကျန်းရီသည် အကြီးအကျယ် ဆွံ့အသွားခဲ့သည်။ ပြီးနောက် ချက်ချင်းပင် ထိတ်လန့်သံသယ ဝင်သွားခဲ့၏။
ဒီစကားကို ပြောတာက ဘာအဓိပ္ပာယ်လဲ။ ငါ့ကို သွယ်ဝိုက်ပြီး သတိပေးနေတာလား။ ငါ အိမ်မှာ မိန်းမတချို့ ထပ်ယူထားတာကို သိနေတာများလား။
ဖြစ်နိုင်ခြေတော့ ရှိပေသည်။
ထိုအရာကို တွေးမိသောအခါ ဖန်ကျန်းရီသည် စကားလမ်းကြောင်းလွှဲကာ မေးလိုက်၏။ "အရှင်မင်းကြီးက ဖျင်ဝမ်ခရိုင်ကို အရင်သွားဖို့ ပြင်ဆင်ထားတာလား၊ ဒါမှမဟုတ် ရှင်းကျန်းခရိုင်ကိုလား။"
ကျင်းဘုရင်မင်းမြတ်က ဖြေကြားလိုက်သည်။ "သဘာဝကျကျပဲ ရှင်းကျန်းခရိုင်ကိုပေါ့။ တစ်အချက်က လမ်းကြုံတယ်။ နောက်တစ်ချက်က လူတော်တော်များများက ရှင်းကျန်းခရိုင်ဝန် စွန်းရှန်းကို ကိုယ်တော့်ဆီ အပြင်းအထန် ထောက်ခံထားကြတယ်။ ဒီလူက အသက် သုံးဆယ့်ငါးနှစ်တောင် မပြည့်သေးပေမဲ့ အရည်အချင်း အရမ်ထူးချွန်တယ်။ အရင်တုန်းက ဟန်လင်အကယ်ဒမီမှာတောင် သတင်းမွှေးတဲ့သူပဲ။"
ကျင်းဘုရင်မင်းမြတ်က ဆက်ပြောလိုက်၏။ "သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ကိုယ်တော် တစ်ကြိမ်မက ကြားဖူးတယ်။ သူက အရည်အချင်းရှိတဲ့သူ တစ်ယောက်ပဲ။ သူ့ကို နောက်ထပ် နှစ်အနည်းငယ်လောက် အချိန်ပေးလိုက်ရင် ရှင်းကျန်းခရိုင်က မိုးပြို မြေကလှန်တဲ့အထိ ပြောင်းလဲသွားနိုင်မယ်လို့ ကိုယ်တော် ယုံကြည်တယ်။"