အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အပိုင်း (၃၅) ကောင်းမှုအလျောက် ဆုချီးမြှင့်ခြင်း
“မြန်မြန်။ အဲဒါ ကိုယ်တော့်ဆီ ပေးစမ်း”
လီယန်စုန်၏ စိတ်ထဲတွင်လည်း လှိုင်းတံပိုးများ ထန်လာ၏။ မိန်းမစိုးလေး၏ အမူအရာအရ ကျန်းမြစ်တွင် နောက်ထပ် ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြသနေ၏။
ကော်ထျန်းယန်သည် အရေးပေါ် အစီရင်ခံစာကိုယူရန် အောက်သို့ လျင်မြန်စွာ ဆင်းသွားပြီး ကျင်းဧကရာဇ်ထံ ဆက်သလိုက်သည်။
ကျင်းဧကရာဇ်သည် စာလွှာကို ချက်ချင်း ဖွင့်ဖတ်လိုက်ရာ မျက်လုံးအိမ်များ ကျယ်လာသည်။ ပြီးနောက် ခေါင်းကို ပိုမိုနီးကပ်စွာ တိုး၍ သေချာစွာ ဖတ်ရှုလေတော့၏။
ထိုအချိန်တွင် လှေကားအောက်ရှိ အမတ်များအားလုံး အသက်အောင့်ထားကြပြီး ကျင်းဧကရာဇ်၏ တုံ့ပြန်မှုကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
…
အချိန်အတန်ကြာပြီးနောက် ကျင်းဧကရာဇ်သည် ခေါင်းကိုမော့ကာ အော်ဟစ် ရယ်မောလိုက်၏။
သူက အစီရင်ခံစာကို လက်တစ်ဖက်ဖြင့် မြှောက်ကိုင်ကာ စိတ်အားထက်သန်စွာ ပြောလိုက်၏။ “အမတ်မင်းတို့။ ဟေး ဟေး။ ဒါက ကိုယ်တော် စောင့်နေခဲ့တဲ့ အရာပဲ။ ကျန်းမြစ် ရေကြီးမှုက ပြဿနာ မဟုတ်တော့ဘူး”
စကားဆုံးပြီးနောက် အစီရင်ခံစာကို ချန်ရှူ၏ အရှေ့သို့ ခပ်ပြင်းပြင်း ပစ်ချလိုက်သည်။
ချန်ရှူသည် အစီရင်ခံစာကို လျင်မြန်စွာ ကောက်ယူကာ ဖွင့်၍ တိတ်တဆိတ် ဖတ်လိုက်၏။ “ယင်ထိုမြစ်ဝရှိ မြောက်ပိုင်းနှင့် တောင်ပိုင်း တောင်ထွတ်များ ပြိုကျကာ မြစ်ကြောင်းကို ပိတ်ဆို့သွားသောကြောင့် ရေကြီးရေလျှံမှုများ အရှေ့ဘက်သို့ မစီးတော့ပါ။ ယခုအခါ ကျန်းမြစ် အကျပ်အတည်းမှာ အတိုင်းအတာ တစ်ခုအထိ ပြေလည်သွားပြီ ဖြစ်သော်ငြား အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော ပြည်သူများမှာမူ…”
ချန်ရှူ ဖတ်နေစဉ် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တစ်ကိုယ်လုံး ချွေးအေးများ ပြန်လာသည်။
သူက ဧကရာဇ်အပေါ် အပြစ်လုပ်မိခါစပဲ ရှိသေးသည်။ ယခုတော့ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်က သူ့အလိုလို ပြီးဆုံးသွားခဲ့ပြီ… လောကကြီးမှာ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရသနည်း။
ထိုစကားကို ကြားသော အမတ်များ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး အားလုံးက ကျင်းဧကရာဇ်ကို အံ့သြတကြီး လှမ်းကြည့်လိုက်ကြသည်။
အရှင်မင်းကြီးက တောင်ထွတ်တွေ ပြိုကျမည်ကို မည်သို့သိနေရသနည်း။ လူနှင့် ကောင်းကင်ဘုံကြား တကယ်ပဲ ဆက်နွယ်မှုရှိနေသည်လား။
ကျင်းဧကရာဇ်သည် အပေါ်မှနေ၍ ငုံ့ကြည့်လိုက်ရာ တွေဝေနေသော အမတ်များ၏ အကြည့်များကြားမှ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ရရှိနေ၏။
“ချန်ရှူ … မင်း ဘာများ ပြောချင်သေးလဲ”
ချန်ရှူသည် သုံးကြိမ်တိုင်တိုင် ဦးချကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီးက အလွန် ဉာဏ်ပညာ ကြီးမားလှပါတယ်။ ကျွန်တော်မျိုးရဲ့ မိုက်မဲမှုနဲ့ အာခံဝံ့တဲ့ မာနထောင်လွှားမှုအတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ။ ကျွန်တော်မျိုး သေဒဏ် အကြိမ်တစ်သောင်း ကျခံသင့်ပါတယ်”
ပုံမှန်အားဖြင့် ဤဖြောင့်မတ်သော အမတ်များမှာ အတော်လေး မာနကြီးကြပြီး တစ်ခွန်းပြောလျှင် သုံးခွန်း ပြန်ပက်လေ့ရှိကြသည်။ ယနေ့ကဲ့သို့ အဖြစ်အပျက်မျိုးမှာ အလွန်တရာ ရှားပါးလှ၏။
ကျင်းဧကရာဇ်မှာ ပူပြင်းသော နွေရာသီနေ့တစ်နေ့တွင် ရေခဲရေတစ်ခွက် သောက်လိုက်ရသကဲ့သို့ လုံးဝကို လန်းဆန်းသွားသည်။
သို့ပေမည့် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အသေးအဖွဲ ကိစ္စများအတွက် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခြင်းသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖိနှိပ်ရာ ရောက်သွားမည် ဖြစ်သောကြောင့်ပင်။
ကျင်းဧကရာဇ်သည် ပေါ့ပေါ့ဆဆ သဘောထားဖြင့် လက်ကာပြလိုက်၏။ “ထားလိုက်ပါတော့။ မင်းက နိုင်ငံတော်အရေးကို စိတ်ဝင်စားတဲ့အတွက်ကြောင့် မင်းရဲ့ ခြောက်လစာ လစာကို ဒဏ်ကြေးအဖြစ် ဖြတ်လိုက်မယ်။”
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”
ချန်ရှူသည် သူ ကံကောင်းသွားပြီဟု စိတ်ထဲမှ တွေးလိုက်ပြီးနောက် တဖြည်းဖြည်း မတ်တတ်ရပ်လိုက်သည်။
အကျပ်အတည်း ပြေလည်သွားသည်ကို မြင်တော့ လီယန်စုန်လည်း အလွန် ဝမ်းသာသွားသည်။ သူက ပါးစပ်ကို ဟကာ ကျင်းဧကရာဇ်အား မေးလိုက်၏။ “အရှင်မင်းကြီး။ ကျွန်တော်မျိုး သိချင်တာက…”
“အစီရင်ခံစာ”
သူ စကားမပြောနိုင်မီ နောက်ထပ် မိန်းမစိုးလေးတစ်ဦး ပြေးဝင်လာပြီး အစီရင်ခံစာတစ်စောင် ဆက်သည်။
“အရှင်မင်းကြီး၊ ကျန်းမြစ်ကနေ အရေးပေါ် အစီရင်ခံစာ ရောက်လာပါတယ်”
“ဖတ်ပြစမ်း”
“ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားများ၏ အစောင့်အရှောက်ကြောင့် ယင်ထိုတောင်ထွတ်နှစ်ခု ပြိုကျကာ… ရေကြီးမှု ဘေးအန္တရာယ် ပြေလည်သွားပါပြီ… အရှင်မင်းကြီး၏ ဘုန်းတန်ခိုးတော်ကြောင့် တပ်တော်သည် ကျန်းမြစ်အတွင်းသို့ ဝင်ရောက်ကာ ဓားပြများကို နှိမ်နင်းခဲ့ပြီး ရေနတ်ဘုရားဂိုဏ်းမှာ မြင်သည်နှင့် တစ်ပြိုင်နက် ထွက်ပြေးသွားသောကြောင့် အောင်ပွဲခံနိုင်ခဲ့ပါသည်။ ကောလာဟလများအရ ရေနတ်ဘုရားဂိုဏ်း၏ သူတော်စင်မ မှာ ချီယန်တိုင်းပြည်၏ တတိယမင်းသမီး စုရီပိုင် ဖြစ်ပြီး ယခုအခါ မည်သည့်နေရာတွင် ရှိနေကြောင်း မသိရပါ”
ကျင်းဧကရာဇ်၏ မျက်နှာသည် ချက်ချင်းပင် ဝမ်းသာအားရမှုတို့ဖြင့် လင်းလက်သွားပြီး အမတ်များအားလုံးလည်း သက်ပြင်းချလိုက်နိုင်ကြသည်။
အပျော်နှစ်ထပ်ကွမ်းပင်။
အမတ်တစ်ဦးက တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွား၏။
နှစ်ခု။ အရေးပေါ် အစီရင်ခံစာ နှစ်စောင်… ထို့အပြင် အချက်အလက်တွေကလည်း ထပ်တူကျနေသည်။
ဆိုလိုသည်မှာ အရှင်မင်းကြီးသည် မည်သူ့ကိုမှ အသိမပေးဘဲ ကျန်းမြစ်ဆီသို့ တပ်ဖွဲ့များ လျှို့ဝှက်စေလွှတ်ခဲ့သည် ဆိုသော သဘောပေလား။
ထိုအချိန်တွင် ကျင်းဧကရာဇ်၏ စွမ်းအင်များ ပြည့်ဝသွားပြီး လွန်ခဲ့သော ရက်များအတွင်း စုဆောင်းထားခဲ့သမျှ ဒေါသများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူက စကားဆက်လိုက်၏။ “ကောင်းတယ်။ သိပ်ကောင်းတယ်။ အမတ်မင်းလီ ….. ခုနက ကိုယ်တော့်ကို ဘာမေးမလို့လဲ”
“အဲ… ရေကြီးမှု ဘေးအန္တရာယ်က ဒီလောက် လွယ်လွယ်ကူကူ ပြေလည်သွားမယ်ဆိုတာကို အရှင်မင်းကြီး ဘယ်လိုလုပ် သိနေရတာလဲဆိုတာ ကျွန်တော်မျိုးတို့ကို ပြောပြပါလား။”
အမတ်များအားလုံး ကျင်းဧကရာဇ်ကို ထပ်မံ ကြည့်လိုက်ကြပြန်သည်။
အရှင်မင်းကြီးက အမှုထမ်းများကို လျှို့ဝှက်စေလွှတ်ခဲ့သည် ဆိုလျှင်တောင် တောင်တစ်တောင်ကို တကယ်ပဲ ထိုသူတို့က ဖြိုချနိုင်သည်လား။
ကျင်းဧကရာဇ်သည် လူအုပ်ကြီး၏ အံ့သြနေသောအကြည့်များကို ကြည့်ကာ စိတ်ထဲမှ တိတ်တခိုး ရယ်မော လိုက်မိ၏။
ဖန်ကျန်းရီ ရှိနေကြောင်း ဖော်ထုတ်ရမည့် အချိန်ရောက်လာပြီဖြစ်သည်။ ဤကောင်လေးက သူ၏ အရည်အချင်းကို ဖုံးကွယ်ထားချင်သေးသည်။ သူက ပွဲထုတ်ရပေတော့မည်။
“ကိုယ်တော့်ရဲ့ ချစ်လှစွာသော အမတ်မင်းတို့အားလုံးရဲ့ ရင်ထဲမှာ သံသယတွေ အများကြီး ရှိနေမယ်လို့ ထင်တယ်။
တကယ်တော့ ဒီကိစ္စကို ဖြေရှင်းပေးခဲ့တဲ့ တခြားသူ တစ်ယောက် ရှိတယ်။ လွန်ခဲ့တဲ့ လဝက်လောက်က ကိုယ်တော်တို့ နန်းတော်ကနေ ထွက်လာပြီး တောက်ယွမ်မြို့ကို မထင်မှတ်ဘဲ ရောက်သွားခဲ့တယ်… တောက်ယွမ်မြို့အကြောင်း ကြားဖူးတဲ့သူ ရှိလား။”
အမတ်များ အံ့အားသင့်သွားကြပြီး အချင်းချင်း တီးတိုး စကားပြောလာကြ၏။
အချိန်အတန်ကြာသည့်တိုင် သူတို့ ဘာမှ နားမလည်ကြသေးချေ။ တောက်ယွမ်မြို့အကြောင်း မည်သူမှ ဘာမှမသိကြသလို မည်သည့်နေရာတွင် ရှိမှန်းလည်း မသိကြပေ။
ကျင်းဧကရာဇ်သည် မလွှဲမရှောင်သာ အနည်းငယ် လေးစားသွားမိ၏။ ဖန်ကျန်းရီသည် ဤနှစ်တစ်လျှောက်လုံး ကုန်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေခဲ့သော်ငြား ဤမျှ တင်းကျပ်စွာ လျှို့ဝှက်ထားနိုင်ခဲ့သည်။ ၎င်းမှာ တကယ့် အရည်အချင်းပင် ဖြစ်သည်။
ကျင်းဧကရာဇ်က ဆက်ပြောလိုက်၏။ “ဒီတောက်ယွမ် မြို့ဝန်က တကယ်ကို ထူးဆန်းတဲ့ လူတစ်ယောက်ပဲ။ တောင်တွေကိုတောင် ဖြိုခွဲနိုင်တဲ့ အရည်အချင်းရှိတယ်။ ကိုယ်တော် ရုပ်ဖျက်ပြီး အဲဒီဖန်ကျန်းရီနဲ့ အထူးတလည် သဘောတူညီချက် တစ်ခု လုပ်ခဲ့တယ်။”
အမတ်တစ်ဦးက အလျင်အမြန် မေးလိုက်သည်။ “အာ… ဒီလို ထူးဆန်းတဲ့သူ ရှိနေမှတော့ အရှင်မင်းကြီးက ဘာလို့ တိုက်ရိုက် အမိန့်တော်ထုတ်ပြီး သဘာဝဘေးကို သွားဖြေရှင်းဖို့ အမိန့်မပေးခဲ့တာလဲ။”
ကျင်းဧကရာဇ်က ပြုံးကာ ခေါင်းညိတ်လိုက်၏။ “ဒါကို ကိုယ်တော် လုံးဝ တိုက်ဆိုင်မှုကနေ သိခဲ့ရတာ။ အရေးပေါ် အခြေအနေဖြစ်နေလို့ အလျင်အမြန် လှုပ်ရှားခဲ့ရတာပဲ။”
လီယန်စုန်က မေးလိုက်သည်။ “အရှင်မင်းကြီး။ ပြီးခဲ့တဲ့တစ်ခေါက် အရှင်မင်းကြီး နန်းတော်ကနေ ထွက်ခွာခဲ့တာက ဒီလူကို အထူးတလည် သွားရှာတာလား”
ကျင်းဧကရာဇ်သည် အနည်းငယ် ပြုံးလိုက်ပြီး လေးနက်သော အမူအရာဖြင့် ဝန်ခံခြင်းလည်းမပြု၊ ငြင်းဆိုခြင်း လည်း မလုပ်ခဲ့ချေ။ လက်ဖက်ခြောက် သွားယူခြင်းဖြစ်သည်ဟု ပြောရမည်လား။
“တကယ်ပါပဲ။ ဖန်ကျန်းရီက အသက်နှစ်ဆယ်ကျော် အရွယ်လေးသာ ရှိသေးပေမဲ့ သူ့ရဲ့ နိုင်ငံရေး အောင်မြင်မှုတွေကတော့ ထူးခြားလှတယ်။ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ တောက်ယွမ်မြို့က ပြည်သူတွေဟာ အေးချမ်းစွာ နေထိုင်ကြရပြီး အခုဆိုရင် သူက ဒီလောက် ကြီးကျယ်တဲ့ အောင်မြင်မှုကို ရရှိခဲ့ပြီ၊
ဒီလူက စီးပွားရေးနဲ့ ပတ်သက်ရင်လည်း အတော်လေး အရည်အချင်းရှိတယ်။ အမတ်မင်းတို့ ကိုယ်တော့်ကို ပြောစမ်းပါ၊ သူ့ရဲ့ လုပ်ဆောင်ချက်တွေအတွက် သူ့ကို ဘယ်လို ဆုချီးမြှင့်သင့်သလဲ”
လီယန်စုန်က သိချင်စိတ်ဖြင့် မေးလိုက်၏။ “အရှင်မင်းကြီး။ ဒီလူရဲ့ နိုင်ငံရေး အောင်မြင်မှုတွေက ဒီလောက်တောင် ထူးခြားပြောင်မြောက်ပြီး သူကိုယ်တိုင်ကလည်း ဒီလောက် ထူးချွန်နေမှတော့ ဘာလို့ သူ့ရဲ့ နာမည်က လူသိမများရတာလဲ”
“ဟင်း… အဲဒီနေရာက ဝေးခေါင်တဲ့ နေရာတစ်ခု ဖြစ်နေလို့ နန်းတော်က သူ့ကို မေ့နေခဲ့တာ ဖြစ်လိမ့်မယ်… ဒါပေမဲ့ ဒီလူက ပျင်းရိတဲ့ သဘာဝရှိပြီး သူ့ဘဝတစ်လျှောက်လုံးကို တောက်ယွမ်မြို့မှာပဲ ကုန်ဆုံးဖို့ စီစဉ်ထားပုံရတယ်”
ကျင်းဧကရာဇ် လိမ်ပြောလိုက်ခြင်း ဖြစ်၏။ အကယ်၍ အမှန်အတိုင်းသာ ပြောလိုက်လျှင် ဖန်ကျန်းရီအား ပေးအပ်မည့် ဆုလာဘ်များကို သင့်လျော်ကြောင်း သက်သေပြရန် ပိုမို အားထုတ်ရဖွယ် ရှိသည်။
လီယန်စုန်က ပြောလိုက်၏။ “ဒီလူက စီမံခန့်ခွဲမှုရော၊ စီးပွားရေးမှာပါ အရည်အချင်းရှိတယ်ဆိုမှတော့ အရှင်မင်းကြီးက သူ့ကို ဘာလို့ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ယွမ်ဝေလန် (ရာထူးကြီးအမတ်) နေရာ မပေးတာလဲ၊ ရွှေတေးလ် တစ်ထောင် ဆုချီးမြှင့်ပြီး ရာထူးကို နှစ်ဆင့်မြှင့်ပေးလိုက်၊ သတ္တမအဆင့် အမတ်အဖြစ် ခန့်အပ်လိုက်ပါလား။ ဒါဆိုရင် နန်းတော်က သူ့ကို ဒီနှစ်တွေတစ်လျှောက်လုံး လျစ်လျူရှုထားခဲ့တာကို ပြန်လည် ကုစားပေးဖို့ လုံလောက်ပါတယ်။ ဒါမှမဟုတ်ရင်လည်း သူ့ကို ဟန်လင်ပညာရှင်အဖြစ် ဟန်လင်အကယ်ဒမီကို ဝင်ခွင့်ပြုလိုက်လို့ရပါတယ်။”
အောက်ဘက်တွင် ဆွေးနွေးငြင်းခုံမှုများ ပြန်လည် စတင်လာသည်။
“ဒါ အရမ်းကောင်းတယ်။”
“အမတ်မင်းလီက အတွေ့အကြုံရှိပြီး တည်ငြိမ်တဲ့သူပဲ… ဒီလူက အသက်နှစ်ဆယ်ကျော်အရွယ်လေးနဲ့ ပဉ္စမအဆင့် အမတ်တစ်ယောက် ဖြစ်လာတာကတင် တော်တော်လေး ကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခုဖြစ်နေပြီ။”
“သေချာပေါက်ပဲ။ ဒီလူရဲ့ အနာဂတ်က အကန့်အသတ် မရှိနိုင်ဘူး။”
ကျင်းဧကရာဇ်သည် မျက်မှောင်ကြုတ်လိုက်၏။ “ဒါက နည်းလွန်းမနေဘူးလား”
လီယန်စုန် အနည်းငယ် အံ့အားသင့်သွားသည်။ နည်းသည် ဟုတ်လား။ ဤသည်မှာ နည်းသည် မဟုတ်ပေ။ ရာထူးနှစ်ဆင့် ဆက်တိုက် တိုးမြှင့်ခံရကာ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တိုက်ရိုက် ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ရာ သူ၏ အနာဂတ်သည် အကန့်အသတ်မဲ့ တိုးတက်လာမည်မှာ အသေအချာပင် ဖြစ်သည်။
ထို့နောက် သူက မေးလိုက်သည်။ “ဒါဆိုရင် အရှင်မင်းကြီးက ဘယ်လို လုပ်တာ သင့်လျော်မယ်လို့ ထင်ပါသလဲ”
ကျင်းဧကရာဇ်က ပြောလိုက်၏။ “ကိုယ်တော် ဖန်ကျန်းရီနဲ့ တစ်ခါ စကားပြောဖူးတယ်။ ဒီကိစ္စကို ဖြေရှင်းပေးနိုင်တဲ့သူကို မြို့စားဘွဲ့ပေးပြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မယ်လို့ ပြောခဲ့တယ်။
ဒါကြောင့်မို့လို့ သူ့ကို မြင့်မြတ်တဲ့ ဘွဲ့တံဆိပ်တစ်ခု ပေးချင်တယ်။ ပြီးတော့ ပိုင်နက်နယ်မြေ ကိစ္စအတွက် ကတော့… တောက်ယွမ်မြို့ကို သူ့ကို ပေးလိုက်မယ်။
ဒါတင်မကသေးဘူး… အိမ်ရှေ့စံက တောက်ယွမ်မြို့ကို တစ်ခေါက် သွားလည်ဖူးပြီး အများကြီး သင်ယူခဲ့ရတယ်။ ဒီလူမှာ အိမ်ရှေ့စံအတွက် အသုံးဝင်နိုင်မယ့် တီထွင်ဆန်းသစ်တဲ့ အကြံဉာဏ်တချို့ ရှိနေတာကို ကိုယ်တော် သတိထားမိတယ်။ ဒါကြောင့်မို့လို့ သူ့ကို အမျိုးသား ပညာရေး ဒုတိယဝန်ကြီးအနေနဲ့ ချန်ရှီ နန်းဆောင်ကို ဝင်ခွင့်ပြုချင်တယ်။
ချန်ရှီ နန်းဆောင်ဟု ခေါ်ဆိုသော နေရာတွင် အိမ်ရှေ့စံ၏ အကြံပေးနှင့် ပညာရေးဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီး ဟူ၍ အဖွဲ့ဝင် နှစ်ဦးသာ ရှိပြီး အိမ်ရှေ့စံအား စာသင်ပေးရန် တာဝန်ပေးအပ်ခြင်း ခံထား ရသည်။ ဤတာဝန်ကို ယေဘုယျအားဖြင့် ဟန်လင်ပညာရှင်များက ထမ်းဆောင်လေ့ရှိသည်။ ဖန်ကျန်းရီကဲ့သို့ အလွန်လျင်မြန်စွာဖြင့် ချန်ရှီ နန်းဆောင်သို့ တိုက်ရိုက် ရာထူးတိုးမြှင့်ခံရသည့် သာဓကမျိုး ယခင်က မရှိခဲ့ဖူးချေ။
အိမ်ရှေ့စံ ထီးနန်းဆက်ခံချိန်မှာတော့ ချန်ရှီနန်းဆောင်တွင် တာဝန်ထမ်းဆောင်ခြင်းမှာ အိမ်ရှေ့စံ၏ ဆရာဖြစ်ခြင်းနှင့် တူညီသွားမည်ဖြစ်ပြီး ၎င်းကို ဧကရာဇ်၏ ဆရာအဖြစ် အသိအမှတ် ပြုရပေမည်။
လက်ရှိ အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ် သုံးဦးဖြစ်သော ကျိန့်ချောင်၊ လီယန်စုန်နှင့် ကျန်းတုန်ရှန်း တို့အားလုံးသည် ယခင်က ချန်ရှီ နန်းဆောင်တွင် တစ်ပြိုင်နက်တည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ ဖြစ်ကြသည်။
ထို့ကြောင့်ပင် သူတို့သည် ချန်ရှီ နန်းဆောင်ရှိ ခန့်အပ်မှုများအပေါ် ပိုမို အာရုံစိုက်လာခဲ့ကြ၏။
“မလျော်ကန်ပါဘူး”
ကျန်းတုန်ရှန်းက ရှေ့သို့ ထွက်လာခဲ့သည်။ “အရှင်မင်းကြီး။ ဖန်ကျန်းရီရဲ့ စွမ်းဆောင်မှုတွေက အရေးပါပေမဲ့ ဆုလာဘ်တွေက အလွန်အမင်း များပြားနေပြီး သင့်လျော်တဲ့ ကျင့်ဝတ်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ကျွန်တော်မျိုး အကြံပြုလိုတာက သူ့ကို ပဉ္စမအဆင့် ရာထူးတစ်ခု ပေးလိုက်တာနဲ့တင် လုံလောက်ပါပြီ။
ဒီလူက အိမ်ရှေ့စံထက် ပိုငယ်ရွယ်ပြီး အတွေ့အကြုံနည်းနေမှတော့ အိမ်ရှေ့စံကို ဘယ်လိုလုပ် သင်ကြားပေးနိုင်မှာလဲ”
အရှင်မင်းကြီးက ဒီလူကို အရမ်း တန်ဖိုးထားတယ်လို့ ကြားသိရပေမဲ့ သူ ဘယ်လောက်ပဲ ထူးချွန်နေပါစေ သူ နည်းနည်းလောက် ထပ်ပြီး တိုးတက်ဖို့ လိုအပ်သေးတယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ နောက်မှ ဆွေးနွေးမယ် ဆိုရင်လည်း အချိန် မနှောင်းသေးပါဘူး။”
ကျင်းဧကရာဇ် စကားစတင်ပြောရန် ပြင်လိုက်စဉ်မှာပဲ အချိန်ကြာမြင့်စွာ အောင့်ထားခဲ့ရသော လီယွမ်ကျောက် သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ စကားပြောလိုက်လေတော့၏။
တောင်များပြိုကျကာ ရေကြီးရေလျှံမှုကို ရပ်တန့်နိုင်ခဲ့သည့် သတင်းကို ကြားချိန်မှာတော့ သူ အပျော်လွန်ပြီး ပေါက်ကွဲထွက်မတတ် ဖြစ်သွားခဲ့ရသည်။ ဖန်ကျန်းရီသည် ကောင်းကင်ဘုံမှ လျှပ်စီးကို တကယ်ပင် ခေါ်ယူနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ဧကရာဇ်ဖြစ်သူ ခမည်းတော်သည် အစဉ်အလာကို ချိုးဖောက်ကာ ဖန်ကျန်းရီအား ချန်ရှီ နန်းဆောင်သို့ ဝင်ရောက်ခွင့် ပြုလိုက်ကြောင်း ရုတ်တရက် ကြားလိုက်ရချိန်မှာတော့ သူ၏ ပျော်ရွှင်မှုမှာ ပို၍ပင် ထိန်းချုပ်မရ ဖြစ်သွားခဲ့ရသည်။
သို့ပေမည့် ကျန်းတုန်ရှန်းက ဝင်ရောက်စွက်ဖက်လာသောကြောင့် လီယွမ်ကျောက်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွား၏။
“အမတ်မင်းကျန်း … မြို့ဝန်ဖန်ကို ချန်ရှီ နန်းဆောင်အတွက် ရွေးချယ်လိုက်တာက အကောင်းပြည့်စုံဆုံး ရွေးချယ်မှုပဲလို့ ကျုပ် ထင်တယ်။ ကျုပ် တောက်ယွမ်မြို့ကို တစ်ရက်သွားရုံနဲ့တင် အများကြီး တိုးတက်လာခဲ့တာပဲ။ ကျုပ်ကို မယုံရင် ဆရာယန်ကို မေးကြည့်လိုက်”
ယန်ကော်အန်းသည် မူလက ချန်ရှီနန်းဆောင်ရှိ အိမ်ရှေ့စံ၏ အကြံပေးဖြစ်ပြီး အိမ်ရှေ့စံအား စာပေသင်ကြားပေးရန် အမြဲတမ်း တာဝန်ယူထားရသူ ဖြစ်သည်။
အိမ်ရှေ့စံ မိမိအား ခေါ်လိုက်ကြောင်း ကြားချိန်မှာတော့ ယန်ကော်အန်းသည် ချက်ချင်း ရှေ့ထွက်ကာ ဦးညွှတ်လိုက်၏။
ထို့နောက် သူက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ “တကယ်ပါပဲ… အိမ်ရှေ့စံ ခရီးကနေ ပြန်လာကတည်းက အရမ်းကို ကြိုးစားပမ်းစား ရှိနေခဲ့တာပါ။ စာအုပ်အနည်းငယ်ကိုတောင် အလွတ် ကျက်မှတ်ထားပါသေးတယ်။”
လူအုပ်ကြီး၏ ထူးဆန်းသော အကြည့်များရှေ့တွင် ယန်ကော်အန်းမှာ မြေကြီးထဲသို့ တိုးဝင်သွားချင်စိတ် ပေါက်သွားရ၏။
အိမ်ရှေ့စံ၏ အကျင့်ကို လူတိုင်း သိကြသည်။ စာအုပ်တစ်အုပ်ကို အလွတ်ကျက်သည် ဟုတ်လား။ စာအုပ် မျက်နှာဖုံးကို လှမ်းကိုင်လျှင်ကို လုံလောက်စွာ ကျေးဇူးတင်သင့်သူ ဖြစ်သည်။
အိမ်ရှေ့စံ နောက်ဆုံးတော့ ရင့်ကျက်လာပြီဖြစ်ကာ ဤကဲ့သို့ ဖြစ်လာရခြင်းမှာ မိမိကြောင့်ဟု ယန်ကော်အန်း အစက ထင်မှတ်ထားခဲ့သော်ငြား သူ လုံးဝ မမျှော်လင့်ထားချိန်တွင် ဖန်ကျန်းရီ ပေါ်လာခဲ့၏။ ထိုသို့ ဖြစ်လိမ့်မည်ဟု မည်သူက သိမည်နည်း။
ရှက်ရွံ့မှုမှာ အလွန်တရာ ပြင်းထန်လွန်းလှသောကြောင့် သူ၏ ခြေချောင်းများပင် ကွေးကောက်သွားရ၏။
ကျင်းဧကရာဇ်သည် သူ၏ ပုန်ကန်တတ်သော သားတော် လီယွမ်ကျောက်ကို ကြည့်လိုက်၏။ ဖန်ကျန်းရီအား ချန်ရှီ နန်းဆောင်သို့ ဝင်ခွင့်ရစေရန် သူ၏ သားတော်က စာအုပ်များကို အလွတ်ကျက်မှတ်သည်အထိ ကြိုးစားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ထိုစကားကို ကြားသော ကျန်းတုန်ရှန်းသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားသည်။
ယခုအခါ တိုင်းပြည်မှာ တည်ငြိမ်နေပြီ ဖြစ်ရာ အိမ်ရှေ့စံ၏ ပညာရေးမှာ အခြားအရာအားလုံးထက် ပို၍ အရေးကြီးသည်။ လေလွင့်နေသော သားတော် ပြန်လည်ရောက်ရှိလာခြင်းမှာ ရွှေထက်ပင် တန်ဖိုးရှိလှ၏။
လောကကြီးတွင် အိမ်ရှေ့စံအား ဤမျှ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာစေရန် လုပ်ဆောင်ပေးနိုင်သူ တစ်ဦးတစ်ယောက် ရှိနေခဲ့လျှင် မည်သည့်ဆုလာဘ်ကမှ များပြားလွန်းသည်ဟု မဆိုသာတော့ချေ။
ကျင်းဧကရာဇ်သည် တစ်ခန်းမလုံးကို အကဲခတ်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။ “အမတ်မင်းတို့… သံသယတွေ ရှိနေကြသေးလား။ အမိန့်တော် ထုတ်ပြန်လိမ့်မယ်”
အပိုင်း (၃၆) ဧကရာဇ်
ဖန်ကျန်းရီသည် လက်ထဲရှိ စာအုပ်တစ်အုပ်ကို ကိုင်ကာ တဟားဟား ရယ်မောနေချိန်မှာတော့ ရှောင်ထောင်က သူ့အား မျက်တောင်မခတ်တမ်း ကြည့်နေ၏။
ကျင်းဧကရာဇ် လာရောက်လည်ပတ်သွားပြီးတည်းက ဖန်ကျန်းရီသည် စာအုပ်ဆိုင်ထဲတွင် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
သူ၏ ငြီးငွေ့ဖွယ်ကောင်းသော ဘဝသည် ရုတ်တရက် အရောင်အသွေး စုံလင်လာခဲ့၏။
ခေတ်သစ် အင်တာနက်ဝတ္ထုများနှင့် ဆင်တူသော စာအုပ်ငယ်လေးများသည် စာအုပ်ဆိုင်တွင် ရေပန်းစားလာခဲ့သည်။
ဤရှေးခေတ်လူများ၏ စိတ်ကူးယဉ်နိုင်စွမ်းမှာ ယနေ့ခေတ် သာမန်လူများထက် လုံးဝ လျော့နည်း မနေခဲ့သည့်အတွက် ဖန်ကျန်းရီအား အလွန်တရာ ဝမ်းသာအားရဖြစ်ကာ အော်ဟစ်နေမိ၏။
အထူးသောကြောင့် “မြို့ဝန်ဖန်နှင့် သာနို့စ်တို့၏ စစ်ပွဲ” ဟူသော စာအုပ်ကို သူ အလွန် သဘောကျသည်။ ထိုစာအုပ်ထဲတွင် ဖန်ကျန်းရီအား မရေမတွက်နိုင်သော အခက်အခဲများကို ရင်ဆိုင်ကာ အန္တိမ စွမ်းအင်ကျောက်တုံးများကို စုဆောင်းခဲ့သည့် ထူးခြားပြောင်မြောက်သော လူစွမ်းကောင်းတစ်ဦးအဖြစ် ပုံဖော်ထားသည်။
ကျောက်တုံးများ သွားရောက်ရှာဖွေသည့် လမ်းတစ်လျှောက်တွင် မယားငယ်များစွာကို ရရှိထားခဲ့ပြီး ဧကရာဇ်နှင့် သာနို့စ်တို့၏ စစ်ပွဲမှာမူ အပေါ်ယံမျှသာ ဖော်ပြထားသည်။ လူစွမ်းကောင်း အကြောင်းလား၊ အပြာစာအုပ် စာအုပ်လားပင် သိပ်ပြီး မသဲကွဲပေ။ သို့သော်ငြား သူ ကြိုက်၏။
ဖန်ကျန်းရီမှာ ဖတ်ရသည်ကို အားမရသေးသောကြောင့် စာရေးသူကို ရှာဖွေကာ အပိုင်းသစ်များ ဆက်ရေးရန် ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းဖို့ ကျန်းပြောင်အား အမိန့်ပေးခဲ့သေးသည်။
ယခုအခါ ထိုစာအုပ်မှာ တတိယအကြိမ်မြောက် ထုတ်ဝေခြင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်၏။
“သားသမီးများများရရန်နှင့် ကောင်းချီးများစွာ ရရှိရန် တောက်ယွမ်ခရိုင်ကို တည်ဆောက်ခြင်း”
နောက်ဆုံးအပိုင်းကို ဖတ်ပြီးချိန်မှာတော့ ဖန်ကျန်းရီသည် လက်ဖက်ရည်တစ်ငုံ သောက်ကာ သက်ပြင်းချလိုက်သည်။
“ကျွတ် ကျွတ် ကျွတ်။ တောက်ယွမ်မြို့က ပြည်သူတွေထဲမှာလည်း အရည်အချင်းရှိတဲ့သူတွေ ရှိနေသေးတာပဲ။ အကြံဉာဏ်ကတော့ ကောင်းတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ စာသားတွေက နည်းနေတယ်”
ကျန်းပြောင်ကို လွှတ်ပြီး ဒီလူကို ဖမ်း၊ အမှောင်ခန်းကျဉ်းကျဉ်းလေးထဲမှာ ပိတ်လှောင်ထားပြီး တစ်နေ့ကို စာလုံးရေ တစ်သောင်းလောက် ရေးခိုင်းရမလိုပဲ။
စာအုပ်ကို ချထားလိုက်ချိန်မှာတော့ ဖန်ကျန်းရီမှာ အရသာမတွေ့သလို အနည်းငယ် ခံစားလိုက်ရသည်။ ထို့ကြောင့် ရှောင်ထောင်ဘက်သို့ လှည့်ကာ မေးလိုက်၏။ “လတ်တလော ထူးခြားတာ တစ်ခုခုရှိလား”
ရှောင်ထောင်က ပြန်ပြောလိုက်သည်။ “ဘာမှတော့ အသစ်အဆန်း မရှိပါဘူး။ မိသားစု အသေးအဖွဲ ကိစ္စလေးတွေ လောက်ပါပဲ။ ဒါပေမဲ့ သခင်လေး… မနေ့ညက မိုင်းတွင်းလုပ်သားတွေ ခေါ်လာတဲ့သူ သတိရလာပြီလို့ လာ သတင်းပို့ထားတယ်။ သွားကြည့်ကြမလား”
“ဟုတ်လား။ ဒါဆိုလည်း သွားကြည့်ကြတာပေါ့” ဖန်ကျန်းရီသည် ဤကိစ္စကို အနည်းငယ် စိတ်ဝင်စားသွား၏။
တောက်ယွမ်ခရိုင်ကို သာမန်ပြည်သူအသစ်တစ်ယောက် ရောက်လာခဲ့သည်။ ရောဂါသက်သာသွားပြီး တောက်ယွမ်ခရိုင် ရုံးတော် အလုပ်အကိုင် ပြန်လည်နေရာချထားရေးစင်တာကို ပို့ပြီးရင် အခွင့်အရေးရှိရင် နည်းပညာရှင် တစ်ယောက်တောင် တိုးလာနိုင်သည်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် တစ်ပြိုင်နက် ထွက်လာခဲ့ကြရာ နှစ်ယောက်စလုံး ဆေးခန်းသို့ ဝေါယာဉ်ဖြင့် ရောက်ရှိသွားကြ၏။
ဆေးခန်းမှ သမားတော်သည် ဖန်ကျန်းရီ လာသည်ကို မြင်သည်နှင့် အပေါ်ထပ်သို့ အလျင်အမြန် ပြေးတက် သွား၏။
ထိုလူနာကို ဒုတိယထပ်ရှိ ဘေးဘက်အခန်းတွင် ထားရှိပြီး ကုတင်ကို ဇာဖြူကန့်လန့်ကာဖြင့် ကာရံထားသည်။
“ဒီလူ အခြေအနေ ဘယ်လိုနေလဲ”
“သခင်လေး။ လူကတော့ အဆင်ပြေပါတယ်။ အခြေအနေ မတည်ငြိမ်သေးတာလေးပဲ ရှိတာပါ။ တစ်ခဏလောက် သတိရလာလိုက်၊ ပြန်မေ့သွားလိုက်နဲ့ပဲ။ ပြီးတော့ နားမလည်နိုင်တဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေလည်း ပြောနေတယ်။
ဒါပေမဲ့ ဒီမိန်းကလေးက တကယ်ကို လှတယ်။ အဘိုးကြီးဖြစ်တဲ့ ကျုပ် … အသက်ဒီလောက် ကြီးလာတဲ့အထိ ဒီလိုလှပတဲ့ မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး။”
“အင်း … သိပြီ။ ခင်ဗျား အလုပ် ခင်ဗျားသွားလုပ်တော့”
ဖန်ကျန်းရီသည် ချက်ချင်းပဲ စိတ်ဝင်စားသွား၏။
အလှအပများအကြောင်း ပြောရလျှင် တောက်ယွမ်ခရိုင်တွင် ရှောင်ထောင်မှလွဲ၍ အခြား လှပသူဟူ၍ မရှိခဲ့ချေ။
အားလုံးမှာ ဒုက္ခသည်များသာ ဖြစ်ကြ၏။ သက်ကြီးရွယ်အိုများမှအပ လူငယ်များသည် ငယ်စဉ်ကတည်းက အာဟာရချို့တဲ့ခဲ့ကြပြီး လေနှင့်မိုးဒဏ်တို့ကြောင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် အရေပြားများမှာ ကောင်းမွန်သော အခြေအနေတွင် မရှိကြပေ။
ထို့အပြင် ဝတ်ဆင်ထားသော ညစ်နွမ်းသည့် အဝတ်အစားများကြောင့် ကြည့်ပျော်ရှုပျော်ပင် မရှိကြချေ။
တစ်ခါတစ်ရံတွင် ဖန်ကျန်းရီသည် အနက်ရောင် ခြေအိတ်ရှည်များကို ထုတ်လုပ်နိုင်လျှင် မည်မျှကောင်းမည်နည်း ဟု သူ့ဘာသာ တွေးမိတတ်သည်။
သို့ပေမည့် ဤအကြံအစည်မှာ အတွေးသတ်သတ်သာ ဖြစ်၏။ ပြောစရာပင် မလိုဘဲ အမှန်တကယ် ထုတ်လုပ်နိုင်ခဲ့လျှင်တောင်မှ သာမန်ပြည်သူအများစုက လက်ခံကြမည် မဟုတ်ချေ။
သမားတော်ကို ပြန်လွှတ်လိုက်ပြီးနောက် ဖန်ကျန်းရီသည် ကန့်လန့်ကာကို ဖြည်းညင်းစွာ ဆွဲဖွင့်လိုက်ရာ အသက်ရှူပင် ရပ်တန့်သွားရ၏။
ကုတင်ပေါ်တွင် လှဲလျောင်းနေသော အမျိုးသမီးမှာ အသက်ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပြီး ဆံကေသာ မည်းမည်းများမှာ ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေသည်။
နို့နှစ်ရောင်လို ဖြူဝင်းနေသော အသားအရေပေါ်တွင် ပန်းရောင်သန်းနေသည့် အလင်းရောင်ခပ်ဖျော့ဖျော့လေး ရှိနေပြီး ပါးပြင်များမှာ လိုင်ချီးသီးအသစ်လေးများနှင့် တူကာ နှာတံလေးမှာ ကျောက်စိမ်းကဲ့သို့ ဝင်းမွတ်နေသည်။ ရှည်လျားသော ခြေတံများမှာ အံ့မခန်း အချိုးအစားကျနေပြီး အရေးအကြီးဆုံးမှာ အေးစက်ကာ လက်လှမ်းမမီနိုင်သော အငွေ့အသက်မျိုး ရှိနေခြင်းပင် ဖြစ်၏။
သတိလစ်နေသည့် အခြေအနေတွင်ပင် ကျက်သရေရှိသော မျက်နှာလေးပေါ်ရှိ မျက်ခုံးနှစ်ခုကြား၌ ဝမ်းနည်းမှု အရိပ်အယောင်များ စွန်းထင်းနေပြီး မြင်ရသူတိုင်းကို သနားကြင်နာစိတ် ဖြစ်ပေါ်စေသည်။
ဖန်ကျန်းရီသည် အသက်အောင့်ထားလိုက်မိ၏။ လုံးဝ မျှော်လင့်မထားခဲ့မိပေ။ လွန်ခဲ့သည့် နှစ်ရက်က တွေ့ခဲ့သော ရွှံ့လူးနေသည့် လူသားကြီးမှာ ဤမျှ ဆွဲဆောင်မှုရှိသော မိန်းမချောလေး ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ချေ။
သို့သော်ငြား အသားအရေ၏ အရောင်အသွေးနှင့် အသွင်အပြင်ကို ကြည့်ရသည်မှာ သေချာပေါက် သာမန်မိသားစုမှ ကလေးတစ်ဦး မဟုတ်ပေ။ ကောက်ရလာသော ဤမိန်းကလေးမှာ ရိုးရှင်းမည် မဟုတ်ချေ။
ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ရှောင်ထောင်ဘက်သို့ လှည့်ကာ မေးလိုက်၏။ “မနေ့က သူ့ကို ဆေးခန်းပို့ဖို့ မင်းပဲ စီစဉ်ခဲ့တာလား”
“ဟုတ်တယ်လေ”
“ဘယ်သူ ရေချိုးပေးလိုက်တာလဲ”
ရှောင်ထောင်က မျက်လုံးလှန်ကြည့်လိုက်၏။ “မိန်းမတစ်ယောက် ရေချိုးပေးတာပေါ့။ ယောကျ်ားလေး ဖြစ်လို့ရမလား။ သခင်လေးက သူ့ကို စိတ်ဝင်စားနေလို့လား။”
ဖန်ကျန်းရီ၏ မျက်နှာမှာ မှောင်မိုက်သွားသည်။ ပြီးနောက် ခပ်မာမာ ပြောလိုက်သည်။ “ရှင်းရှင်းလင်းလင်း ပြောစမ်း။ ဒီသခင်လေးက အဲဒီလို လူမျိုးလား”
“ယောကျ်ားတစ်ယောက်ကများ ရေချိုးပေးလိုက်လို့ ကောလာဟလတွေ ထွက်လာခဲ့ရင် သူ ဘယ်လိုလုပ် အသက်ဆက်ရှင်နိုင်တော့မလဲ။ ဒီသခင်လေးက သူတစ်ပါး ဘယ်လိုတွေးမလဲဆိုတာကို စဉ်းစားပေးပြီး အခက်အခဲဖြစ်နေသူတွေကို ကူညီပေးချင်ရုံ သတ်သတ်ပဲ”
“ဟုတ်ပါပြီ”
သူတို့နှစ်ဦး စကားပြောနေစဉ် မိန်းကလေး၏ မျက်ခွံများမှာ အနည်းငယ် လှုပ်ရှားလာ၏။
…
ဖန်ကျန်းရီက မိန်းကလေး၏ အခြေအနေကို စစ်ဆေးရန် ပြင်လိုက်ချိန်မှာတော့ သမားတော်သည် ရုတ်တရက် ချွေးသံတရွဲရွဲဖြင့် ပြေးဝင်လာပြီး ကြောက်လန့်တကြား အသံဖြင့် ပြောလိုက်သည်။ “မြို့ဝန်မင်း… မြို့ဝန်မင်း။ အမိန့်တော်… အမိန့်တော် ရောက်နေပါတယ်”
“ဘာ …. ဘာ အမိန့်တော်လဲ။ အသက်ကို ဖြည်းဖြည်းရှူပြီး ကျုပ်ကို ရှင်းရှင်းလင်းလင်း ပြောစမ်း”
သမားတော်သည် ထိုနေရာတွင် ရပ်ကာ အသက်ကို နှစ်ကြိမ်မျှ ပြင်းပြင်းရှူလိုက်ပြီး မိဘ ဆုံးပါးသွားသူတစ်ဦးကဲ့သို့ ငိုယိုကာ ပြောလိုက်၏။ “မြို့တော်က… အမိန့်တော် ပြန်တမ်းပါ… တပ်မှူးကျန်းက အမှုထမ်းတွေကို ခေါ်လာပြီး အခု အောက်မှာ အကုန်လုံး ရောက်နေကြပါတယ်။”
ရှောင်ထောင်၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားပြီး ရင်ထဲတွင် ကြောက်လန့်တကြား ဖြစ်သွားရသည်။
ဖန်ကျန်းရီလည်း အံ့အားသင့်သွား၏။
ဘယ်လို အမိန့်တော်မျိုးလဲ။ တောက်ယွမ်ခရိုင်ကို အမိန့်တော်က ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ။
သို့ဆိုစေကာမူ စိတ်ကို တည်ငြိမ်အောင်ထားကာ လက်ကာပြလိုက်သည်။ “မလန့်ကြနဲ့။ ဘာတွေဖြစ်နေလဲဆိုတာ အရင်သွားကြည့်ဖို့ ကျုပ်နောက်ကို လိုက်ခဲ့ကြ”
အောက်ထပ်သို့ ဆင်းလာချိန်မှာတော့ သတင်းကြားသော ပြည်သူများမှာ ဆေးခန်းကို ဝန်းရံထားနှင့်ပြီး ဖြစ်၏။
အမိန့်တော် ဖတ်ကြားရမည့်သူမှာ ပတ်ပတ်လည်ရှိ များပြားလှသော ပြည်သူများကို မြင်တွေ့နေရသည်။ အဝေးတွင်လည်း တံစဉ်များနှင့် ပေါက်ပြားများကို ကိုင်ဆောင်ထားကြသူများ ရှိနေပြီး ဓားသွေးရန်ပင် အဆင်သင့်ဖြစ်နေပုံရသည့် ပြည်သူများစွာ ရှိနေကြောင်း သတိပြုမိသွားရာ အလွန်တရာ ထိတ်လန့်သွားရ၏။
ဤတောက်ယွမ်ခရိုင်က အဘယ့်ကြောင့် ဤမျှ ထူးဆန်းနေရသနည်း။ အမိန့်တော် ပြန်တမ်းဖတ်ကြားရန် တစ်ခရိုင်လုံး စုရုံးလာကြသကဲ့သို့ပင်။ ဤပြည်သူများက တကယ်ပဲ ဤမျှ သိချင်လွန်းစိတ် ကြီးမားကြသည်လား။
ဒုတိယထပ်မှ ဖန်ကျန်းရီ ဆင်းလာချိန်မှာတော့ လူအုပ်ကြီးသည် အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။
မိန်းမစိုးလေးမှာ ဖန်ကျန်းရီကို မြင်ချိန်တွင် စိတ်ပျက်အားငယ်သွား၏။ “ခင်ဗျားက တောက်ယွမ်မြို့ဝန် ဖန်ကျန်းရီလား”
ဖန်ကျန်းရီက ဦးညွှတ်ကာ ပြောလိုက်သည်။ “ဟုတ်ပါတယ်”
“အမိန့်တော်ကို ဖတ်ကြားနိုင်ဖို့ ဒူးထောက်လိုက်ပါ”
“ဟင်” ကျန်းပြောင်သည် ဘေးဘက်မှ ခုန်ထွက်လာပြီး မိန်းမစိုးလေးအား ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
မိန်းမစိုးလေးမှာ ထပ်မံ ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ “မတ်တတ်ရပ်နေလည်း ရပါတယ်”
ဖန်ကျန်းရီက ယဉ်ကျေးစွာဖြင့် ပြောလိုက်၏။ “ကျုပ်က နန်းတွင်းရဲ့ အရာရှိတစ်ယောက်ပါ။ အရှင်မင်းကြီးရဲ့ အမိန့်တော်ကို မြင်တာတောင် ဘယ်လိုလုပ် ဒူးမထောက်ဘဲ နေနိုင်မှာလဲ။ ဒါပေမဲ့ အမိန့်တော် မှန်ကန်မှု ရှိမရှိကိုတော့ ကျုပ် အတည်ပြုဖို့ လိုအပ်ပါသေးတယ်။ ဒါကြောင့် မိန်းမစိုးလေးအနေနဲ့ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
မိန်းမစိုးလေးသည် နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်၏။ “ရပါတယ်။ မြို့ဝန်ဖန်က တကယ် သဘောကောင်းတာပဲ။ ဒါက သဘာဝပါ။”
“ဒါဆိုရင်… အမိန့်တော်ကို ဖတ်ကြားလိုက်ရမလား။”
“ဖတ်ကြားပါ မိန်းမစိုးလေး”
မိန်းမစိုးလေးသည် လည်ချောင်းကို ရှင်းလိုက်ပြီး စူးရှသော အသံဖြင့် ပြောလိုက်သည်။ “အရှင်မင်းကြီးရဲ့ အမိန့်တော်အရ…”