← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 10 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 10 Ch. 169-170

အပိုင်း (၁၆၉) ပန်းရှန်းရပ်ကွက်မှ လူဆိုးများ။

ထိုင်နေကြသည့် ဟန်လင်အမတ်များက ချက်ချင်း အချင်းချင်း ကြည့်လိုက်မိကြ၏။

ဒါဆိုရင် စစ်ချန်ဆယ်ခုတောင် ကြာမှာပေါ့။ တခြားဘာမှမလုပ်ဘဲ အဲတာပဲ လုပ်နေရတော့မှာပေါ့။

ယန်ရင်းချိုက်၏ မျက်နှာအိုကြီးက အတန်ကြာ ရှုံ့တွသွားပြီးနောက်မှ သူ၏ အတွေးများက လမ်းလွဲသွားမှန်း သတိထားမိလိုက်သည်။

ရင်ထဲတွင် အနည်းငယ် ခံရခက်သွားသော်လည်း ဤအချက်နှင့်တော့ ဖန်ကျန်းရီကို သွားပြီး တိုက်ခိုက်လို့ မရနိုင်ပေ။ အရှင်မင်းကြီးလည်း ဤအရာကို ကြည့်ဖူးပြီးပြီဆိုတော့ ဘာပြဿနာမှ မရှိနိုင်တော့ပေ။

ရှန်ရီတို့ စားပွဲကတော့ ဇီဝဗေဒနှင့် ရှေးဟောင်းဒဏ္ဍာရီများ အကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီ ဖြစ်၏။

ယန်ရင်းချိုက်ဘက်တွင်တော့ အပြင်းအထန် စဉ်းစားနေရဆဲပင်။

ရုတ်တရက် လမ်းမပေါ်တွင် ကလေးတစ်ယောက်က လူအုပ်ကြားထဲတွင် ဘယ်ညာရှောင်တိမ်းကာ အဆက်မပြတ် ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။

သူ၏ အနောက်ဘက်တွင်တော့ အနက်ရောင် ဝတ်စုံဝတ် လူတစ်စုက လိုက်လံဆဲဆိုနေပြီး သူတို့၏ အနောက်ဘက်တွင်တော့ "ဖုန်းဟော့" ဟူသော စာလုံးကြီး နှစ်လုံးကို ချုပ်ထား၏။

ယန်ရင်းချိုက်၏ မျက်လုံးများက တောက်ပသွားပြီး ရှန်ရီကို အလျင်အမြန် မေးလိုက်သည်။ "ဟို အနက်ရောင် ဝတ်စုံနဲ့ လူတွေက ဘာလုပ်နေကြတာလဲ။ ဘာလို့ ကလေးကို လိုက်ဖမ်းနေကြတာလဲ။"

ရှန်ရီက တစ်ချက်ကြည့်လိုက်၏။ "အော်... သိပြီ။ အဲဒါက ဖုန်းဟော့ဂိုဏ်းလေ။ ဒီဒေသမှာ နာမည်ကြီးတဲ့ လူဆိုးလူမိုက်ဂိုဏ်းပဲ။ သူတို့က..."

"ကျုပ်တို့ သွားမယ်။ နောက်က လိုက်သွားကြမယ်။ ဒီလို လူဆိုးတွေက လမ်းမပေါ်မှာ အကြမ်းဖက်ရဲတယ်ပေါ့။ ချက်ချင်း သွားဖမ်းကြမယ်။"

ယန်ရင်းချိုက်က ရှန်ရီ စကားပြောလို့ မဆုံးခင်မှာပင် ဖုန်းဟော့ဂိုဏ်း အနောက်သို့ စိတ်လှုပ်ရှားစွာဖြင့် လိုက်သွားတော့၏။

ရှန်ရီက သူ့ကို ပြန်ခေါ်ရန် လက်တစ်ဖက်ကို ရုတ်တရက် မြှောက်လိုက်သော်လည်း လူတွေ ဝေးသွားပြီဖြစ်၍ အနေရခက်စွာဖြင့် ပြန်ချလိုက်ရသည်။

"ဒီအသက်အရွယ်ရောက်မှ သူတစ်ပါးကို ကူညီချင်တဲ့ စိတ်ဓာတ် ရှိနေသေးတာကိုး။ ထင်မထားဘူး။"

စားပွဲတူ ထိုင်သူက ပြောလိုက်၏။ "ဒါ... ဘာပြဿနာမှ မရှိလောက်ဘူး မဟုတ်လား။"

ရှန်ရီက ပြုံးကာ လက်ဖက်ရည်ခွက်ကို မလိုက်သည်။ "ဘာပြဿနာ ရှိနိုင်မှာလဲ။ ဖုန်းဟော့ဂိုဏ်းက ကြောင်ရှာ၊ ခွေးရှာ ပေးတာကလွဲပြီး တခြား ဘာအဆိုးတွေများ လုပ်နိုင်မှာလဲ။ ကျုပ်အမြင်တော့ တစ်ခုခု လိုက်ကူညီနေတာ ဖြစ်မှာပေါ့။"

အားလုံးက ထိုစကားကို ကြားချိန်မှာတော့ ပြုံးလိုက်ကြ၏။

...

ယန်ရင်းချိုက်တို့ အဖွဲ့က ဖုန်းဟော့ဂိုဏ်း အနောက်သို့ အရူးအမူး လိုက်နေကြသည်။

ယခုအချိန်တွင် ခါးလည်း မနာတော့ဘဲ ခြေထောက်များကလည်း အားအင်တွေ ပြည့်လာခဲ့ပြီ ဖြစ်၏။

ဒေသတွင်း နာမည်ကြီး လူဆိုးဂိုဏ်းက လမ်းမပေါ်မှာ ကလေးတစ်ယောက်ကို အတိအလင်း လိုက်ဖမ်းနေသည်။ ထို့အပြင် လမ်းသွားလမ်းလာများကလည်း ဘာမှမမြင်သလို နေနေကြသည်။

ဒါက မင်း ဖန်ကျန်းရီ အုပ်ချုပ်နေတဲ့ ရပ်ကွက်လား။ ပြည်သူတွေကို ဂရုမစိုက်တဲ့အပြင် ရိုင်းစိုင်းတဲ့ လူမိုက်တွေကလည်း ထင်တိုင်းကြဲနေကြတယ်။ ကြည့်ရတာ ပညာပေးမှု အားနည်းတာ ထင်ရှားတယ်။

ဒီအချိန်ထိ ရောက်လာပြီး အရှုံးပြနေပြီ ဆိုပေမဲ့ ကိုယ့်မျက်နှာကိုတော့ ပြန်ဆယ်ဖို့ လိုသေးတယ်။

နောက်ဆုံးတော့ အရူးအမူး လိုက်လံ ပြေးလွှားပြီးနောက် ဖုန်းဟော့ဂိုဏ်းသားများက ထိုကလေးကို လမ်းကြားလေး တစ်ခုထဲသို့ ပိတ်မိသွားအောင် လုပ်လိုက်ကြ၏။

ခေါင်းဆောင်ဖြစ်သူက လက်သီးကို ဆုပ်ပြီး ရက်စက်စွာ ပြောလိုက်သည်။ "ခွေးပေါက်စလေး... ပြေးလေ။ ဘာလို့ ဆက်မပြေးတော့တာလဲ။"

ယန်ရင်းချိုက်တို့ အဖွဲ့က လမ်းကြားအဝတွင် ဝိုင်းရံထားပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပနေ၏။

နောက်ဆုံးတော့ ဖမ်းမိပြီပေါ့။

ထို့နောက် ချစ်စရာကောင်းသည့် ကလေးအသံလေး တစ်သံကို ကြားလိုက်ရ၏။ "ခင်ဗျားတို့ အရူးတွေလား။ ကျုပ်ကို ဘာလို့ လိုက်ဖမ်းနေတာလဲ။"

"ဘာလုပ်ရမှာလဲ။ မင်းလို ခွေးပေါက်စလေးက ကျောင်း သေချာ မတက်ဘဲနဲ့ ကျောင်းပြေးရဲတယ်ပေါ့လေ။"

တောက်...။

ယန်ရင်းချိုက်တို့ အဖွဲ့သည် ချက်ချင်းပဲ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။

ကျောင်းပြေးတာ... ကလေးဖမ်းတာ... ဒါက လူဆိုးလူမိုက်တွေ လုပ်သင့်တဲ့ ကိစ္စတွေလား။

ကလေးလေးက အေးစက်စွာ ပြုံးလိုက်ပြီး လူအုပ်ကြီးကို ရင်ဆိုင်ရာတွင် အနည်းငယ်မှ ကြောက်ရွံ့ခြင်း မရှိချေ။

"ခင်ဗျားက ဘာမို့လို့ ကျုပ်ကို ခွေးပေါက်စလို့ ခေါ်ရဲတာလဲ။ ကျုပ် ကြီးလာရင် ခင်ဗျားကို ဓားနဲ့ ခုတ်သတ်ပစ်မယ်။ ယုံလား။"

ဖုန်းဟော့ဂိုဏ်းသားများက ဒေါသထွက်လွန်း၍ ရယ်ချင်သွားကြ၏။ "မင်းကလား။ သောက်ပေါက်စလေးကများ လူသတ်ချင်သေးတယ်ပေါ့။"

ကလေးလေးက လူတိုင်းကို အထင်သေးစွာ ကြည့်လိုက်သည်။ "ဒါမှမဟုတ်ရင် ခင်ဗျားတို့လိုမျိုး တစ်နေကုန် သူများအိမ်တွေကို ပြင်ပေး၊ တံမြက်စည်း လှဲပေးနေရမှာလား။ ဟားဟား... အရမ်းကို မိုက်မဲလွန်းတာပဲ။"

ဖုန်းဟော့ဂိုဏ်းသားများက ထိုစကားကို ကြားချိန်မှာတော့ မျက်နှာတွေ နီရဲသွားပြီး တစ်ယောက်ပြီးတစ်ယောက် ဆဲဆိုလာကြသည်။

"ဟေ့ကောင်လေး... ထပ်ပြောကြည့်စမ်း။"

"ခွေးပေါက်စလေး သေချင်နေတာလား။"

"ထပ်ပြီး စကားများနေရင် မင်းဖင်ကို ရိုက်ခွဲပစ်မယ်။ ယုံလား။"

ကလေးလေးကလည်း သတ္တိရှိသူ ဖြစ်သောကြောင့် နောက်တစ်ကြိမ် ထပ်ပြောလိုက်လေရာ ယခုတစ်ကြိမ်တွင်တော့ ဖုန်းဟော့ဂိုဏ်းသားများက တကယ် ဒေါသထွက်သွားကြပြီ ဖြစ်၏။

ခေါင်းဆောင်ဖြစ်သူက ပါးတစ်ချက် ရိုက်ချလိုက်ရာ ကလေး၏ပါးပြင်က ချက်ချင်း ဖောင်းအစ်သွားသည်။

ထို့နောက် ဝူးခနဲ အော်ငိုလိုက်တော့၏..။

"ကျောင်းပြေးအုံးမလား။"

"မပြေးတော့ဘူး..."

"အခု ဘာလုပ်ရမလဲ။"

"ကျောင်းပြန်တက်တော့မယ်..." စကားပြောပြီးချိန်မှာတော့ ကလေးလေးက မျက်ရည်များ သုတ်ကာ ထွက်သွားခဲ့သည်။

ယန်ရင်းချိုက် လုံးဝ ကြောင်အမ်းသွားခဲ့၏။ တကယ်တမ်း ဘာတွေဖြစ်နေသနည်း။

ဖုန်းဟော့ဂိုဏ်းသားများက ကလေး ထွက်သွားသည်ကို မြင်သောအခါ လမ်းကြားထဲမှ ထွက်လာကြသည်။

လမ်းကြားအဝသို့ ရောက်တော့ ချောင်းမြောင်းနေသည့် ယန်ရင်းချိုက်တို့ အဖွဲ့ကို တွေ့လိုက်ရ၏။

ယန်ရင်းချိုက်က အကြိမ်ကြိမ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပြီး တစ်ရက်နှင့်တစ်ည တိတိ ပင်ပန်းထားသောကြောင့် စိတ်ဓာတ်များက အနည်းငယ် ပြိုကွဲနေကာ ယခုချိန်မှာတော့ လုံးဝ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ဘာမှ မစဉ်းစားတော့ဘဲ ဖုန်းဟော့ဂိုဏ်း ခေါင်းဆောင်ကို ဆွဲကိုင်ကာ ဒေါသတကြီး ပြောလိုက်၏။ "မင်းတို့က လူမိုက်လို့ ခေါ်ဖို့တောင် ထိုက်တန်လို့လား။"

ဖုန်းဟော့ဂိုဏ်းသားများ အားလုံးက ယန်ရင်းချိုက်ကို ကြောင်တောင်တောင် ကြည့်နေကြသည်။

ဘယ်က ရူးနေတဲ့ အဘိုးကြီးလဲ။ ပြဿနာ လာရှာတာလား။

တစ်ယောက်က စကားစလိုက်၏။ "အဘိုးကြီး... ခင်ဗျား တစ်ခုခု မှားနေတာလား။"

ယန်ရင်းချိုက်၏ မျက်နှာက ရှုံ့တွသွားသည်။ "ဘာလဲ။ မင်း ကျုပ်ကို ရိုက်ရဲလို့လား။ ရိုက်လေ။ သတ္တိရှိရင် ကျုပ်ကို ရိုက်လိုက်စမ်း။"

မြန်မြန် ရိုက်လိုက်စမ်းပါ။ ကျုပ်ကို သတိလစ်သွားအောင် ရိုက်လိုက်တာ အကောင်းဆုံးပဲ။ အရှင်မင်းကြီးရှေ့ ရောက်ရင် ပြောစရာ စကား ရှိသွားပြီ။

အနောက်ဘက်ရှိ ဟန်လင်အမတ်များ အားလုံးက ကြောင်ကြည့်နေကြ၏။ သွားပြီ။ အမတ်ကြီးယန်တော့ ရူးသွားပြီ။ ဒါ ဘယ်လိုလုပ်ရမလဲ။

ယန်ရင်းချိုက်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပနေပြီး သူ၏ အမူအရာက အလွန် အရိုက်ခံချင်နေပုံ ပေါ်သည်။

ယခုချိန်မှာတော့ ဖုန်းဟော့ဂိုဏ်းသားများ၏ မျက်နှာများ အားလုံး ပြောင်းလဲသွားကြပြီ...

ခေါင်းဆောင်ဖြစ်သူက မျက်မှောင်ကြုတ်ကာ ယန်ရင်းချိုက်ကို အထက်အောက် အကဲခတ်လိုက်သည်။

ရုတ်တရက် သူ၏ မျက်နှာပေါ်တွင် နားလည်သွားသည့် အမူအရာ ပေါ်လာပြီး နောက်သို့ လှည့်ကာ သူ၏ လူများကို ပြောလိုက်၏။ "ညီအစ်ကိုတို့။ ဒီအဘိုးကြီးက တစ်ကိုယ်လုံး ညစ်ပတ်နေပြီး ရွှံ့နွံထဲ ကျသွားလို့ ဦးနှောက် ပျက်သွားတာ ဖြစ်မယ်။ ဆေးခန်းကို မြန်မြန် ပို့ကြစို့။"

ထို့နောက် မေးမြန်းခြင်း မရှိတော့ဘဲ ယန်ရင်းချိုက်ကို ပွေချီလိုက်ကြသည်။

ယန်ရင်းချိုက်လည်း ကြောင်သွားပြီး ခြေလက်များကို အဆက်မပြတ် ရုန်းကန်နေ၏။

ပါးစပ်မှလည်း ကျယ်လောင်စွာ အော်ဟစ်နေသည်။ "လွှတ်စမ်း။ ကျုပ်ကို လွှတ်စမ်း။ မင်းတို့ လူမိုက်တွေ။ ကျုပ်မှာ ရောဂါ မရှိဘူး။"

ဖုန်းဟော့ဂိုဏ်းက ဘာကိုမှ ဂရုမစိုက်တော့ဘဲ လူကို ထမ်းကာ ဆေးခန်းသို့ ပြေးသွားကြရာ အနောက်ဘက်မှ ဟန်လင်အမတ်တစ်စုက အော်ဟစ်ကာ လိုက်သွားကြ၏။

ဝမ်းနည်းစရာ ကောင်းသည်က သူတို့၏ ခွန်အားများသည် စောစောကတည်းက ကုန်ခမ်းနေခဲ့ပြီ ဖြစ်ရာ ယန်ရင်းချိုက်ကို ထမ်းကာ ပြေးသွားသည်ကိုသာ ငေးကြည့်နေရတော့သည်။

ဟန်လင်အမတ်များက အချင်းချင်း ကြောင်ကြည့်နေကြ၏။

"ဘယ်လိုလုပ်ကြမလဲ။ အခု အမတ်ကြီးယန် အထမ်းခံသွားရပြီ။ ငါတို့ ဘာလုပ်ကြမလဲ။ ဘယ်မှာ သွားရှာရမလဲ။"

"ဘာရှာနေစရာ လိုသေးလို့လဲ။ ဆေးခန်း ပို့လိုက်တယ်ဆိုတော့ ဘာအန္တရာယ်မှ မရှိလောက်ပါဘူး... သူ လာရှာတာကိုပဲ စောင့်ကြတာပေါ့။"

"ဗိုက်ဆာပြီ။"

"သွား... ထမင်းသွားစားကြမယ်..."

...

ဖန်ကျန်းရီသည် အချိန်ကို တွက်ချက်နေ၏။

အချိန်တန်ပြီဟု ထင်သောအခါ ထိုဟန်လင်အမတ်များကို သွားရှာရန် ချက်ချင်း လူလွှတ်လိုက်သည်။

ဟန်လင်အမတ်များ ပန်းရှန်းရပ်ကွက် နယ်နိမိတ်ထဲသို့ ဝင်ရောက်လာတည်းက ဖန်ကျန်းရီ၏ လူများက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ပြန်ခေါ်ရန်မှာလည်း လွယ်ကူလှသည်။

ကောင်းကင်ယံက တဖြည်းဖြည်း မှောင်မိုက်လာပြီး... အားလုံးက ပန်းရှန်းရပ်ကွက်၏ ရုံးတော်အတွင်းသို့ စုရုံးရောက်ရှိလာကြသည်။

တစ်ချို့က ပင်ပန်းနွမ်းနယ်နေသည့် မျက်နှာများဖြင့်၊ အချို့က ဗိုက်ကို ပွတ်ကာ သက်ပြင်းချရင်း၊ တစ်ချို့ကတော့ မရောက်လာကြသေးချေ...

ကျင်းဘုရင်က လက်နှစ်ဖက် နောက်ပစ်ပြီး လူတိုင်းကို ကြည့်ကာ ပြောလိုက်၏။ "ဘယ်လိုလဲ။ မင်းတို့ အားလုံး ဘယ်လိုမြင်ခဲ့ရလဲ။"

"ဆက်ပြီး ဒူးထောက်ချင်သေးတယ် ဆိုရင်လည်း ကိုယ်တော်က မင်းတို့အတွက် တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာပေးဖို့ လူလွှတ်ထားပြီးပြီ။"

"အမတ်ဖန်... ပြင်ဆင်ပြီးပြီလား။"

ဖန်ကျန်းရီက ဝင်ပြောလိုက်သည်။ "ခင်ဗျားတို့အတွက် ပန်းရှန်း ရင်ပြင်မှာ နေရာလွတ်တစ်ခု ပြင်ဆင်ပေးထားပါတယ်။ ခဏနေရင် ကျုပ် လမ်းပြပေးပါ့မယ်။ အဲဒီမှာ လက်မှတ်ရောင်းတဲ့ နေရာလည်း ဖွင့်ထားပါတယ်။

ခင်ဗျားတို့ ဒူးထောက်နေရမယ်။ သစ္စာရှိတဲ့ အမတ်တွေရဲ့ စိတ်ဓာတ်ကို ပြည်သူတွေ မြင်တွေ့နိုင်ရုံသာမက အစိုးရကလည်း ဝင်ငွေ ရနိုင်သေးတယ်။ လက်မှတ်ရောင်းရငွေရဲ့ တစ်ဝက်ကို ခင်ဗျားတို့ကို ခွဲပေးမယ်။ ကျန်တဲ့ တစ်ဝက်ကတော့ ကုန်ကျစရိတ်ပေါ့။"

မူလက လူတိုင်းက ကျင်းဘုရင်ပြောသည့်စကားကြောင့် မျက်နှာတွေ နီရဲနေခဲ့ပြီ ဖြစ်သော်လည်း ဖန်ကျန်းရီ ဝင်ပြောလိုက်ချိန်မှာတော့ ရင်ထဲတွင် ဒေါသထွက်သွားကြပြီး ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။

သို့ပေမည့် တစ်ချိန်တည်းမှာပဲ ရင်ထဲတွင် မိမိကိုယ်ကို လူရွှင်တော်များကဲ့သို့ ခံစားရပြီး အရှက်ရသည့် ခံစားချက်တစ်ခု ပေါ်လာသည်။

အားလုံးက တီးတိုး ဆွေးနွေးလိုက်ကြ၏။ "ဘယ်လိုလုပ်မလဲ။ ဆက်ပြီး ဒူးထောက်အုံးမလား။"

"ဘာတွေ ဒူးထောက်နေရအုံးမှာလဲ။ ကျုပ်တို့ ဂုဏ်သိက္ခာတွေ အကုန် ပျက်နေပြီလေ။ ပန်းရှန်းရပ်ကွက် မှာ ဒူးထောက်လိုက်ရင် တစ်လောကလုံးရဲ့ လှောင်ပြောင်မှု ခံရမှာ။ ကြောက်စရာ ကောင်းလှတယ်။"

"ဒီဖန်ကျန်းရီ လူယုတ်မာကို ဆက်ပြီး မောက်မာခွင့် ပေးထားရတော့မှာလား။"

"ပန်းရှန်းရပ်ကွက်က အိမ်ရှေ့စံ အုပ်ချုပ်တာလေ။ ဖန်ကျန်းရီနဲ့ ဘာဆိုင်လို့လဲ။ ဒီလူယုတ်မာကို ကျုပ် သေအောင် ဆဲပစ်မယ်။"

"ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။"

ကျင်းဧကရာဇ်က လူအုပ်ကို လိုက်ကြည့်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ "ယန်ရင်းချိုက်ကော ဘယ်မှာလဲ။"

အတွင်းရေးကို သိသူများက မျက်နှာ နီရဲစွာဖြင့် တီးတိုး ပြောလိုက်သည်။ "အမတ်ကြီးယန် နေမကောင်းလို့... ဆေးခန်း ပို့လိုက်ရပါတယ်။"

"ကောင်းပြီ။ ဒါဆိုလည်း အမတ်တို့... ချက်ချင်း ဆုံးဖြတ်လိုက်ကြပါ။" ကျင်းဘုရင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

အောက်ဘက်ရှိ ဟန်လင်အမတ်များကို တစ်ပတ်လည်အောင် ကစားလိုက်ရသောကြောင့် ရင်ထဲတွင် အတော်လေး သက်တောင့်သက်သာ ဖြစ်သွားပုံရ၏။

ဝန်ခံရမည်ဆိုလျှင်... ဖန်ကျန်းရီ၏ ဤနည်းလမ်းက လူကို တိုက်ရိုက် သတ်ပစ်ခြင်းထက် ပို၍ နာကျင်စေသည်။

အပိုင်း (၁၇၀) အိမ်ရှေ့စံ၏ အကြံပြုချက်။

ဟန်လင်အမတ်များ အားလုံး ခေါင်းငိုက်စိုက်ကျနေကြ၏။

ယခုလို အခြေအနေ ရောက်နေပြီး ခေါင်းဆောင်လည်း မရှိတော့မှတော့ ဘာတွေ ထပ်ပြီး ရုန်းကန်နေစရာ လိုတော့မည်နည်း။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က စကားပြောလာသည်။

"ကျွန်တော်မျိုး... ရှက်ရွံ့မိပါတယ်။ အရှင်မင်းကြီး အပြစ်ပေးပါ... "

တဖြည်းဖြည်းနှင့် ပြောသူတွေ ပိုများလာပြီး တစ်ဆက်တည်း ဖြစ်သွားကြ၏။

ဖန်ကျန်းရီက ဤမြင်ကွင်းကို ကြည့်ရင်း ရယ်မောနေသည်။

ဒီလို ဖြစ်မယ်မှန်း စောစောကတည်းက သိရက်နဲ့ ဘာလို့ လုပ်ခဲ့ကြသေးလဲ။ ကျုပ် ဖန်ကျန်းရီက ကိုယ်ကျင့်တရားကို အမြင့်ဆုံး နေရာမှာ ရပ်ပြီး အမြင့်ဆုံးအာဏာရှိတဲ့ ခြေထောက်ကို ဖက်ထားတာလေ။ ကျုပ်ကို ဒုက္ခပေးချင်တယ် ဟုတ်လား။

ကိုယ့်မှာ အဲဒီလောက် အရည်အချင်း ရှိမရှိ ဆိုတာကိုတောင် ပြန်မကြည့်ကြဘူး။

ကျင်းဘုရင်သည် ရယ်ချင်စိတ် ဖြစ်ပေါ်လာသော်လည်း ဗီဇအရ အစွမ်းကုန် ထိန်းချုပ်ထားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "ဒီကိစ္စကို မင်းတို့ တစ်ခဏတာ စိတ်ရှုပ်ထွေးသွားတယ်လို့ သတ်မှတ်ပြီး ကိုယ်တော် ခွင့်လွှတ်ပေးလိုက်မယ်။ အကယ်၍ နောက်တစ်ကြိမ် ထပ်ဖြစ်ရင်တော့ ကိုယ်တော် လုံးဝ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။"

"အားလုံး ပြန်ကြတော့။ မနက်ဖြန် ပုံမှန်အတိုင်း အခစား ဝင်ရမယ်။"

ကော်ထျန်းယန်လည်း သက်ပြင်းချလိုက်သည်။

အရှင်မင်းကြီး၏ စရိုက်က တကယ်ပဲ ပြောင်းလဲသွားခဲ့သည်။ ဤတစ်ကြိမ်တွင် ယန်ကော်အန်းနှင့် အခြားသူများမှလွဲ၍ သွေးထွက်သံယို မဖြစ်ခဲ့ချေ။

လူအုပ်ကြီးက တဖြည်းဖြည်း လူစုခွဲသွားပြီး ခြံဝင်းအတွင်းတွင် ကျင်းဘုရင်မင်းမြတ်၊ ဖန်ကျန်းရီနှင့် ရင်းနှီးသူ အနည်းငယ်သာ ကျန်ရစ်တော့၏။

ကျင်းဘုရင်က ပြောလိုက်သည်။ "အမတ်ဖန်... မင်း အလုပ်လုပ်တာ အရမ်း ကောင်းတယ်။ ကိုယ်တော် မင်းကို ဆုချီးမြှင့်သင့်ပေမဲ့... မင်းက နန်းတွင်းကို အခုမှ ရောက်လာတာဆိုတော့ အခြေခံ မခိုင်မာသေးဘူး။ နောက်မှပဲ ပြောကြတာပေါ့။"

ဖန်ကျန်းရီကလည်း သိပ်ဂရုမစိုက်လှချေ။ အိမ်ရှေ့စံကို သူ၏ဘေးတွင် ခေါ်ထားပြီးပြီဆိုတော့ ဘာရာထူးမှ မလိုတော့ပေ။ ရာထူးပေးလျှင်တောင် သူက လုပ်မည် မဟုတ်ချေ။

ရာထူးကြီးလေ … ဝန်ထုတ်ဝန်ပိုး များလေပင်။

"အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး မခံယူဝံ့ပါဘူး။"

ဘေးနားရှိ လီယွမ်ကျောက်က သဘောမကျစွာဖြင့် အော်ဟစ်လိုက်၏။ "ခမည်းတော် … သားတော်အတွက်လည်း ဝေစု ရှိသင့်တယ်လေ။"

ကျင်းဘုရင်က ရယ်မောလိုက်သည်။ "ဟုတ်တယ်။ အိမ်ရှေ့စံရဲ့ လုပ်ဆောင်ချက်ကလည်း အရမ်း ကောင်းတယ်။ ဒါပေမဲ့ မင်းကို ရာထူးတစ်ခုခု ပေးစေချင်လို့လား။"

"ရာထူး မလိုချင်ပါဘူး။ ငွေပေးရင် ရပါပြီ။"

ကျင်းဘုရင်၏ အပြုံးက တောင့်တင်းသွားသည်။ ခဏကြာမှ တည်ငြိမ်စွာ ပြောလိုက်၏။ "ကိုယ်တော် ပင်ပန်းပြီ... နန်းတော်ကို ပြန်မယ်။"

စကားပြောပြီးချိန်မှာတော့ သူက လှည့်ထွက်သွားခဲ့သည်။

ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့က ကျင်းဘုင်၏ ကျောပြင်ကို ကြောင်ကြည့်နေကြ၏။

ကပ်စေးနဲလိုက်တာ။ တကယ့်ကို ကပ်စေးနဲတာပဲ။

...

နောက်တစ်နေ့ နံနက်ခင်းညီလာခံတွင် နန်းတော်တွင်း၌ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏။

ဂျိုင်းထောက်က ထောက်ထားရသည့် ယန်ရင်းချိုက်မှလွဲ၍ ကျန်သည့်အရာများက ပုံမှန်အတိုင်းပင် ဖြစ်သည်။

မူလက သူ၏ ခြေထောက် ဘာမှ မဖြစ်ခဲ့သော်လည်း လမ်းတစ်ဝက်တွင် လေးဖက်နာက ရုတ်တရက် ဖောက်လာခဲ့၏။

နာကျင်လွန်း၍ အော်ဟစ်နေသည်ကို လူမိုက်များက သူ၏ ခြေထောက် ကျိုးသွားပြီဟု ထင်မှတ်ကာ ဆေးခန်းသို့ ပို့ခဲ့သည်။

ဆရာဝန်ကလည်း ခပ်ရှုပ်ရှုပ် လူတစ်ယောက်ဖြစ်ရာ တိုက်ရိုက်ပင် ပတ်တီး စည်းပေးလိုက်၏။

ယန်ရင်းချိုက် အိမ်ပြန်ရောက်ပြီးနောက် ပတ်တီးကို ဖြုတ်ချင်ခဲ့သော်လည်း သူ၏ ဂုဏ်သိက္ခာ ပျက်စီးသွားပြီ ဆိုသည်ကို တွေးမိလိုက်သည်။

ထို့ကြောင့် တမင်တကာ နေမကောင်း ဟန်ဆောင်လိုက်ခြင်းက ပိုကောင်းပေမည်။ ဤသို့ဆိုလျှင် အနေရခက်မည် မဟုတ်တော့ချေ။

နေမကောင်း ဖြစ်နေသည့် လူတစ်ယောက်ကို ဘယ်သူကများ ပြင်းပြင်းထန်ထန် အပြစ်တင်နိုင်မည်နည်း။

ထို့ကြောင့် ဒုတိယနေ့ ညီလာခံသို့ သူက ထော့နဲ့ထော့နဲ့ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း တစ်ခါတစ်ရံတွင်တော့ ဖန်ကျန်းရီကို မျက်စောင်းထိုး ကြည့်တတ်၏။

ယခုအချိန်တွင် ကျင်းဘုရင်က အဆိုပြုလွှာကို သေချာစွာ ကြည့်ရှုနေသည်။

အဆိုပြုလွှာကို ကျန်းရှီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာကတော့ တောင်ပိုင်းဒေသရှိ စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာနှင့် ပတ်သက်၍ပင်။

ကျင်းဘုရင်ဖတ်ပြီးနောက် ကော်ထျန်းယန်ကို ဖတ်ပြရန် အမိန့်ပေးလိုက်၏။

အကြောင်းအရာကတော့ ဘာမှ မထူးဆန်းလှချေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဖန်ကျန်းရီနှင့် ငြင်းခုံခဲ့သည့် အကြောင်းအရာများသာ ဖြစ်ပြီး စားနပ်ရိက္ခာများ ထုတ်ပေးခြင်း၊ ကုန်ဈေးနှုန်းများကို ထိန်းချုပ်ခြင်းနှင့် တိကျသည့် ခွဲဝေမှု အသေးစိတ် အချက်အလက်များ အစရှိသည်တို့ပင်။

ကော်ထျန်းယန် ဖတ်ပြပြီးနောက် ကျင်းဘုရင်က စကားစလိုက်သည်။ "အမတ်တို့ ဘာအမြင် ရှိလဲဆိုတာ ဆွေးနွေးလို့ ရပါတယ်။

ဒီကိစ္စက အရမ်း အရေးကြီးတယ်။ ဒေသခံ အာဏာပိုင်တွေက ကိုယ်တော့်ဆီကို စားနပ်ရိက္ခာတွေ ထုတ်ပေးဖို့ အဆိုပြုလွှာ သုံးစောင် ဆက်တိုက် တင်ထားပြီးပြီ။

အကယ်၍ ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် ပြည်သူတွေ ပုန်ကန်လာမှာကို စိုးရိမ်ရတယ်။ အခုက အရင်အချိန်တွေနဲ့ မတူဘူး။ ကျန်းမြစ် ရေကြီးမှုက သက်ရောက်မှု အရမ်း ကြီးမားတဲ့အတွက် အမတ်တို့ အကြံဉာဏ် ပေးကြပါ။"

ဖန်ကျန်းရီက မစောင့်ဆိုင်းနိုင်တော့ဘဲ ခုန်ထွက်လာပြီး ထပ်မံ၍ ကြိုးစားကြည့်လိုစိတ် ဖြစ်ပေါ်လာခဲ့၏။

"အရှင်မင်းကြီးကို တင်လျှောက်ပါတယ်။ စားနပ်ရိက္ခာ ဈေးနှုန်းကို ဖိနှိပ်တဲ့ လုပ်ရပ်က မဖြစ်နိုင်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ သူ့ဟာသူ လွတ်လပ်ခွင့် ပေးလိုက်တာကမှ အကောင်းဆုံး နည်းလမ်းပါ။

စားနပ်ရိက္ခာ ဈေးနှုန်းကို ထိန်းချုပ်လိုက်ရင် ဆန်ကုန်သည်တွေ အမြတ်မရနိုင်တော့ဘူး။ ဒါဆို ချမ်းသာတဲ့ ဒေသတွေက စားနပ်ရိက္ခာတွေက ဘေးဒုက္ခခံစားနေရတဲ့ ဒေသတွေဆီကို စီးဆင်းလာဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်။

ဒေသခံ အစိုးရတွေမှာလည်း စားနပ်ရိက္ခာ ကောက်ခံဖို့ နည်းလမ်း မရှိဘူး။ ရှိရင်တောင် သေချာ အကောင်အထည် မဖော်နိုင်မှာ စိုးရိမ်ရတယ်။ ဒါကြောင့် ထိရောက်ဖို့ ခက်ခဲလိမ့်မယ်။ တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ ဈေးနှုန်းကို မြင့်အောင် ဖွင့်ပေးလိုက်ပြီး စားနပ်ရိက္ခာတွေကို စီးဆင်းသွားအောင် လုပ်ဆောင်ဖို့ပါပဲ။

ဒါတင်မကသေးဘူး။ သတင်းကို နေရာအနှံ့ ပျံ့နှံ့သွားအောင် တတ်နိုင်သမျှ လုပ်ဆောင်ရမယ်... အဲဒီအခါကျရင် ဆန်ကုန်သည်တွေက သတင်းကြားပြီး လှုပ်ရှားလာလိမ့်မယ်။ ဒါဆို ဘေးဒုက္ခခံစားနေရတဲ့ ပြည်သူတွေက ဆောင်းဦး ရိတ်သိမ်းချိန်အထိ တောင့်ခံထားနိုင်လိမ့်မယ်။"

ကန်စွန်းဥကိုတော့ အားကိုးလို့ မရတော့ချေ။ ယခု ဈေးကွက်ကိုသာ အားကိုးရတော့မည်။

"ကျွန်တော်မျိုး ကန့်ကွက်ပါတယ်။"

ကျန်းရှီ စကားမပြောရသေးခင်မှာပင် ဟန်လင်အမတ် အများအပြားက ထွက်ပေါ်လာကြ၏။

"အမတ်ဖန် ပြောတဲ့အတိုင်း ဈေးနှုန်းကို မြင့်မားစွာ သတ်မှတ်တာကို အားပေးလိုက်ရင် ပြည်သူတွေ ကြောက်လန့်တကြား ဖြစ်သွားလိမ့်မယ်။ ပြည်သူတွေက စားနပ်ရိက္ခာကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေရပြီး ဝယ်မစားနိုင်တော့ရင် ဘယ်လိုလုပ်မလဲ။”

"အကယ်၍ ဆန်ကုန်သည်တွေ တစ်နေရာတည်း စုပုံသွားပြီး ဝယ်လိုအားထက် ရောင်းလိုအား များသွားရင် စားနပ်ရိက္ခာ ဈေးနှုန်းက သေချာပေါက် ကျသွားမှာပဲ။ မဟုတ်ရင် ဆန်ကုန်သည်တွေကလည်း ဘေးဒုက္ခခံစားနေရတဲ့ ဒေသတွေကို သွားကြမှာ မဟုတ်ဘူး။ အဆိုးဆုံးကတော့ လက်ရှိ အခြေအနေကို ထိန်းသိမ်းထားဖို့ပဲ။ ဒေသခံ စားနပ်ရိက္ခာ သိုလှောင်ရုံတွေက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲလို့ မေးကြည့်ပါရစေ။"

နောက်တစ်ယောက်ကလည်း ထပ်မံ ငြင်းဆိုလိုက်သည်။ "ဒီလုပ်ရပ်ကြောင့် သေချာပေါက် ကုန်ပစ္စည်းတွေ သိုလှောင်ပြီး ဈေးကစားတဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်။ တချို့လူတွေက ဒီအခွင့်အရေးကို အသုံးချပြီး တိုင်းပြည်ရဲ့ ဘေးဒုက္ခကနေ ချမ်းသာလာအောင် လုပ်ရင် ဘယ်လိုလုပ်မလဲ။ အမတ်ဖန်က ပြည်သူတွေ စားနပ်ရိက္ခာ ရှိရက်နဲ့ အငတ်ခံ သေသွားတာကို မျက်စိရှေ့မှာ ကြည့်နေချင်လို့လား။"

ဖန်ကျန်းရီက ခေါင်းယမ်းလိုက်၏။ "ကုန်ပစ္စည်း သိုလှောင်ပြီး ဈေးကစားတဲ့ အခြေအနေကတော့ သေချာပေါက် ဖြစ်လာမှာပဲ။ ဒါပေမဲ့ ဆန်ကုန်သည်တွေက မိုင်ပေါင်း ထောင်ချီ ကွာဝေးတဲ့ နေရာကနေ လာရတာ ဖြစ်တဲ့အတွက် သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်စရိတ်တွေက မလွယ်ကူဘူးလေ။

ဆန်ကုန်သည်တွေရဲ့ လှုပ်ရှားမှုကို ဒေသခံ အစိုးရက တင်းတင်းကျပ်ကျပ် စောင့်ကြည့်ရမယ်။ ကုန်ပစ္စည်း သိုလှောင်ပြီး ဈေးကစားတာကိုလည်း တက်တက်ကြွကြွ နှိမ်နင်းရမယ်။ ဒီလိုလုပ်တာက ဒေသခံ သူဌေးတွေဆီကနေ စားနပ်ရိက္ခာ ကောက်ခံတာထက် အများကြီး ပိုလွယ်ကူပါတယ်။"

"လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ။ အခုချိန်မှာ အချိန်နှောင့်နှေးလို့ မရတော့ဘူး။ ဘေးဒုက္ခခံစားနေရတဲ့ ဒေသတွေဆီကို ဆန်ကုန်သည်တွေ လာဖို့ စောင့်နေမယ့် အချိန် ဘယ်မှာ ရှိလို့လဲ။ နေရာမှာတင် စားနပ်ရိက္ခာ ကောက်ခံပြီး ဈေးနှုန်းကို ထိန်းချုပ်တာကမှ အကောင်းဆုံး အစီအစဉ်ပဲ။"

"…….."

ကျင်းဘုရင်သည် အောက်ဘက်တွင် အကြီးအကျယ် ငြင်းခုံနေကြသည်ကို ကြည့်ရင်း အနည်းငယ် ခေါင်းကိုက်လာခဲ့၏။

ဖန်ကျန်းရီ ပြောသည်က အနည်းငယ် အဓိပ္ပာယ်ရှိသော်လည်း ရှေးခေတ်မှစ၍ ဘေးဒုက္ခ ကယ်ဆယ်ရေး နည်းလမ်းများက ကျန်းရှီ ပြောသကဲ့သို့ပင် ဖြစ်သည်။ ရလဒ် သိပ်မကောင်းနိုင်သော်လည်း အချိန်၏ စမ်းသပ်မှုကို ခံနိုင်ရည် ရှိလောက်သည်။

သို့ပေမည့် တစ်ခါတစ်ရံတွင် ဗီဇအရ တွေးခေါ်မှုများက အမြဲတမ်း မှန်ကန်နေမည်ဟု မဆိုနိုင်ချေ။

အောက်ဘက်တွင် အကြီးအကျယ် ငြင်းခုံနေကြစဉ် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည့် လီယွမ်ကျောက် က စကားပြောလာ၏။

"ခမည်းတော်... သားတော် ပြောစရာ စကား ရှိပါတယ်။"

ညီလာခံက ချက်ချင်း တိတ်ဆိတ်သွားပြီး နန်းတော်တွင်း ညီလာခံများတွင် စကားပြောလေ့ မရှိသည့် အိမ်ရှေ့စံက ယနေ့ အဘယ့်ကြောင့် ရုတ်တရက် စကားထပြောရသနည်း။

ကျင်းဘုရင်က ပြုံးလိုက်သည်။ "အို... အိမ်ရှေ့စံမှာ ဘယ်လို ထူးချွန်တဲ့ အမြင်မျိုး ရှိနေလို့လဲ။ ကိုယ်တော့်ကို ပြောပြစမ်းပါ။"

"ကျွန်တော်မျိုးရဲ့ အမြင်ကတော့ စားနပ်ရိက္ခာ ဈေးနှုန်းကို ထိန်းချုပ်မယ် ဆိုရင်တောင် ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီနည်းလမ်းကို... အသုံးမပြုသင့်ပါဘူး။"

ကျန်းရှီက စိုးရိမ်တကြီး ပြောလိုက်၏။ "အိမ်ရှေ့စံ... ဒါက ဘယ်လို စကားမျိုးလဲ။ အစိုးရရဲ့ စကားက အသုံးမဝင်ဘူးဆိုရင် ကမ္ဘာလောကကြီးက လူတွေ အကုန် ပုန်ကန်ကုန်ကြတော့မှာပေါ့။"

"မဟုတ်ဘူး။ ဥပမာအနေနဲ့ ဘေးဒုက္ခခံစားနေရတဲ့ ဒေသတွေမှာ လက်ရှိ ဆန်ဈေးက ငွေနှစ်တေလ်း ဆိုပါစို့။ အစိုးရက အတင်းအဓမ္မ ဖိအားပေးပြီး ဆန်ကုန်သည်တွေကို ကြေးပြား နှစ်ဆယ်နဲ့ ရောင်းခိုင်းမယ်ဆိုရင် တစ်ခုတည်းသော ရလဒ်က ပြည်သူတွေ ဆန်ဝယ်လို့ မရတော့တာပဲ ဖြစ်မှာ။

ဒါဆို အဲဒီအချိန်ကျရင် ဘယ်သူတွေ ဆန်ဝယ်နိုင်မလဲ။ သေချာပေါက် အဆက်အသွယ် ရှိတဲ့သူတွေမှပဲ ဆန်ဝယ်နိုင်မှာပေါ့။ စားနပ်ရိက္ခာ ရှားပါးမှုက ပိုဆိုးလာပြီး အဆက်အသွယ် ရှိတဲ့သူတွေက ဒီအခွင့်အရေးကို အသုံးချပြီး ဆန်တွေ အများကြီး သိုလှောင်ထားကြလိမ့်မယ်။ ဒါပေမဲ့ ပြည်သူတွေထဲမှာ အဆက်အသွယ် ရှိတဲ့သူ ဘယ်လောက်များ ရှိနိုင်မှာလဲ။

နောက်တစ်ချက်က အကယ်၍ ကျုပ်သာ ဆန်ကုန်သည် ဖြစ်ခဲ့မယ်ဆိုရင် ဆန်ကို တိုက်ရိုက် မရောင်းတော့ဘဲ ပန်းကန်လုံးတွေကို ရောင်းပစ်လိုက်မယ်။ ပန်းကန်လုံး တစ်လုံး ဝယ်ရင် ဆန်တစ်ကျင်း အခမဲ့ လက်ဆောင် ပေးမယ်ဆိုရင် ခင်ဗျား ဝင်ပါလို့ မရတော့ဘူး မဟုတ်လား။ အဲဒီအချိန်ကျရင် ရုံးတော်က ဘယ်လိုလုပ် ထိန်းချုပ်တော့မလဲ။

ပြည်သူတွေရဲ့ တုံ့ပြန်ဖြေရှင်းတဲ့ နည်းလမ်းတွေက အများကြီး ရှိတယ်... ကျုပ်က ဒီရက်ပိုင်းအတွင်းမှာ အဲဒါတွေကို အများကြီး မြင်တွေ့ခဲ့ပြီးပြီ။ ဒါကြောင့်... စားနပ်ရိက္ခာ ဈေးနှုန်းကို ထိန်းချုပ်တာက အလုပ်ဖြစ်မှာ မဟုတ်ဘူး။"

All Chapters