အခန်း ၃၉၀
Vol. 22 Ch. 390
အပိုင်း (၃၉၀) တရားမဝင် ပွဲစားများကို နှိမ်နင်းခြင်း။
ချည်မျှင်နှင့် အထည်စက်ရုံသည် တည်ငြိမ်စွာ လည်ပတ်နေသည်မှာ တစ်လနီးပါး ရှိပြီ ဖြစ်သည်။
အချိန်တစ်လပင် မပြည့်သေးသော ကာလအတွင်း အလုပ်သမားများ၏ ဆောင်ရွက်မှုတွင် ပြဿနာများစွာ ဖြစ်ပေါ်ခဲ့သည်မှာ အသေအချာပင်။
စက်ရုံတည်ထောင်ခြင်း၊ အင်အားကြီးမားသော အဖွဲ့အစည်း လှုပ်ရှားမှုများကို ညှိနှိုင်းဆောင်ရွက်ခြင်း ဆိုသည်မှာ ဘယ်တော့မှ ရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ခဲ့ပေ။
ချည်မျှင်နှင့် အထည်စက်ရုံ၏ ဒုတိယမြောက် သင်တန်းနေ့တွင် လူအနည်းငယ်ကို ဖယ်ရှားပစ်ခဲ့ရသည်။
သင်ယူနိုင်စွမ်း အလွန်ညံ့ဖျင်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် စကားမနားထောင်ခြင်းတို့ကြောင့် ချက်ချင်း အိမ်ပြန်လွှတ်ခဲ့ရ၏။
နောက်ပိုင်း ရောက်လာသော ဒုတိယအသုတ်၊ တတိယအသုတ်များ၏ အခြေအနေမှာလည်း ယေဘုယျအားဖြင့် ထိုအတိုင်းပင် ဖြစ်သည်။
ယခုအခါ ချည်မျှင်နှင့် အထည်စက်ရုံသည် ပုံမှန် တည်ငြိမ်စွာ လည်ပတ်နိုင်ပြီ ဖြစ်သော်လည်း ထုတ်လုပ်မှု စွမ်းအားမှာ အမြင့်ဆုံးသို့ မရောက်ရှိသေးချေ။
လက်ရှိ ထုတ်လုပ်ထားသော အသင့်ဝတ် အဝတ်အထည်များနှင့် အထည်စများကိုလည်း ဂိုဒေါင်ထဲတွင် ပုံထားပြီး ဈေးကွက်ထဲသို့ ဖြန့်ချိရန် သင့်လျော်မည့် အချိန်အခါကို ရွေးချယ်နေသည်။
ဆောက်လုပ်ရေး နေရာ၏ တစ်စိတ်တစ်ပိုင်းကို လီယွမ်ကျောက်က ကူညီစီစဉ်ပေးထားသောကြောင့် သိုလှောင်ရုံ ကုန်ကျစရိတ်မှာ သိပ်မများလှပေ။
ဤတစ်လနီးပါး အချိန်အတွင်း ဖန်ကျန်းရီလည်း အားနေသည်တော့ မဟုတ်ပေ။ စက်ရုံထဲမှာ ကြီးကြီးမားမား ပြဿနာ မရှိဘူးဆိုသော်လည်း စက်ရုံအပြင်ဘက်မှာတော့ ပြဿနာတွေ အများကြီး ပေါ်လာခဲ့၏။
ခွင့်ရက်ဖြင့် အိမ်သို့ ပြန်သွားကြသော အမျိုးသမီးများ သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခံရသဖြင့် အိမ်ပြန်ရောက်သွားကြသော အမျိုးသမီးများသည် ချည်မျှင်နှင့် အထည်စက်ရုံ၏ ကောင်းမွန်လှသော ခံစားခွင့်များအကြောင်းကို မိသားစုဝင်များနှင့် အိမ်နီးနားချင်းများအား မလွဲမသွေ ဖောက်သည်ချ ပြောပြကြသည်။
တစ်ဦးမှ ဆယ်ဦး၊ ဆယ်ဦးမှ ရာဦးအထိ သတင်းစကားများ ပျံ့နှံ့သွားသောအခါ ချည်မျှင်နှင့် အထည်စက်ရုံရှိ အလုပ်အကိုင်အပေါ် အမျိုးသမီး အမြောက်အမြားက များစွာ အားကျမက်မောလာကြပေသည်။
အမျိုးသားတစ်ချို့ပင်လျှင် တိတ်တဆိတ် စိတ်ဝင်စားလျက် ရှိနေကြသေး၏။
ဤကဲ့သို့သော အခြေအနေများကြောင့် စက်ရုံအတွက် အလုပ်သမားသစ်များ ခေါ်ယူရာ၌လည်း များစွာ ပိုမို ချောမွေ့ လွယ်ကူလာခဲ့သည်။
သို့ရာတွင် ဤလုပ်ငန်းစဉ်များကြားထဲ၌ ပွဲစားရုံမှ ပွဲစားများမှတစ်ဆင့် ချည်မျှင်နှင့် အထည်စက်ရုံအတွင်းသို့ ဝင်ရောက်လာကြသည့် အမျိုးသမီးများလည်း ရှိနေခဲ့၏။
ပွဲစားရုံဆိုသည်မှာ အကျိုးဆောင် အေဂျင်စီများနှင့် သဘောသဘာဝချင်း တူညီလှပြီး ၎င်းပွဲစားများမှာလည်း ကျိန်းသေပေါက် အကျိုးဆောင်များပင် ဖြစ်ကြသည်။
ယခုခေတ်ကာလတွင် ပွဲစားရုံများ၏ လုပ်ငန်းနယ်ပယ်မှာ တော်တော်လေး ကျယ်ပြန့်လှပြီး အရာအားလုံးနီးပါး အကျုံးဝင် ပါဝင်လျက် ရှိပေ၏။
သို့ပေမည့် ပြဿနာမှာ ဖန်ကျန်းရီအနေဖြင့် အမျိုးသမီး အလုပ်သမားများ ခေါ်ယူပေးရန် ပွဲစားရုံများထံသို့ လုံးဝ အပ်နှံထားခဲ့ခြင်း မရှိပေ။
ထိုနေရာတွင် ပြဿနာက စတင် ပေါ်ပေါက်လာသည်။
သူသည် တရားမဝင် ပွဲစားများ၏ မျက်စိကျ အမြတ်ထုတ်ခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။ဤပွဲစားများမှာ အလွန်တရာ အတင့်ရဲလှပြီး မည်သည့် ကိစ္စရပ်မျိုးကိုမဆို ဝင်ရောက်စွက်ဖက် ရဲကြ၏။
ချည်မျှင်နှင့် အထည်စက်ရုံသို့ ဝင်ရောက်လုပ်ကိုင်လိုသော အမျိုးသမီးများက ပွဲစားများထံ တိုက်ရိုက် သွားရောက် စုံစမ်းမေးမြန်းကြသောအခါ ပွဲစားများကလည်း ရဲရဲဝံ့ဝံ့ပင် ချည်မျှင်နှင့် အထည်စက်ရုံ၏ လုပ်အားခမှာ တစ်လလျှင် တစ်မူးခွဲ ရရှိမည်ဖြစ်ပြီး စက်ရုံတွင်းသို့ ကျိန်းသေပေါက် ဝင်ရောက်ရမည်ဟု တိုက်ရိုက် အာမခံ ပြောဆိုကြသည်။
သို့ရာတွင် တစ်လစာ လုပ်အားခထဲမှ ငွေတစ်ဝက် (ငါးပြား) ကို ပွဲစားခအဖြစ် ပွဲစားရုံသို့ ပြန်လည် ပေးအပ်ရမည်ဟု သတ်မှတ်ချက် ထားရှိ၏။
ထိုအမျိုးသမီးများမှာ မူလကတည်းက ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသည့်အပြင် ပညာဗဟုသုတ နည်းပါးကာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းလည်း မရှိကြသဖြင့် အခြားသူများ ပြောဆိုသမျှကို အလွယ်တကူ ယုံကြည်မိကြသည်။
ပွဲစားရုံနှင့် စာချုပ်ချုပ်ဆိုကြသောအခါတွင်လည်း စာချုပ်ပါ အကြောင်းအရာများကို ဖတ်ရှုနားလည်နိုင်စွမ်း မရှိကြသော်ငြား ချည်မျှင်နှင့် အထည်စက်ရုံ၏ ခံစားခွင့် အမြောက်အမြားကို ရရှိမည်၊ စက်ရုံတွင်းသို့ သေချာပေါက် ဝင်ရောက်လုပ်ကိုင်ရမည်ဟူသော အာမခံချက်များကြောင့် အလောတကြီးပင် လက်ဗွေနှိပ် လိုက်ကြ၏။
စာချုပ်ချုပ်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် ပွဲစားက ထိုအမျိုးသမီးများအား အလုပ်ခန့်ထားရေး လူတွေ့စစ်ဆေးမည့် နေရာသို့ တိုက်ရိုက် သွားရောက်စေသည်။
အကယ်၍ လူတွေ့စစ်ဆေးရာတွင် မအောင်မြင်ခဲ့ပါက ပြီးဆုံးသွားပြီဖြစ်ရာ ထိုစာချုပ်မှာလည်း အသုံးမဝင်သော စက္ကူတစ်ရွက်ပမာ ဖြစ်သွားပေလိမ့်မည်။
အကယ်၍ အောင်မြင်သွားခဲ့ပါလျှင် ပွဲစားရုံအတွက် တစ်လလျှင် အလိုအလျောက် အလကား ဝင်ငွေ ငါးပြား ရရှိသွားသည်နှင့် တူညီနေပေ၏။
စာချုပ်စာတမ်း ရှိနေသည့်အတွက်ကြောင့် တရားရုံးသို့ ရောက်ရှိသွားခဲ့လျှင်ပင် ထိုအမျိုးသမီးများအဖို့ တိုင်ကြားစရာ နေရာ မရှိနိုင်တော့ပေ။
တစ်ချို့ဆိုလျှင် ပို၍ပင် ဆိုးရွားသေးသည်။ အကြောင်းအရာများကို မသိနားမလည်သော မိန်းမငယ်များကို တိုက်ရိုက် လိမ်လည်လှည့်ဖြားကြသည်။ စက်ရုံတွင်းသို့ ဝင်ရောက်လိုပါက ပွဲစားရုံမှ သတ်မှတ်ထားသော အိပ်ရာခင်းများကို ကြိုတင် ဝယ်ယူရမည်ဖြစ်ကြောင်း၊ စက်ရုံအတွင်း၌ အိပ်ရာခင်းများ ထောက်ပံ့ပေးတော့မည် မဟုတ်ကြောင်း စသည်ဖြင့် ပြောဆိုကြသည်။
လူတွေ့စစ်ဆေးမှု အောင်မြင်သွားသူများပင်လျှင် မလိုအပ်ဘဲ အိပ်ရာခင်း ဝယ်ယူရန်အတွက် ငွေကြေးများ ပေးချေလိုက်ကြရသေး၏။
လူတွေ့စစ်ဆေးမှု မဝင်ရောက်မီတည်းက အိပ်ရာခင်းကို ဝယ်ယူခဲ့ကြသူများ ဆိုလျှင် အလကားနေရင်း အမြတ်ထုတ် လိမ်လည်ခံလိုက်ကြရခြင်းပင် ဖြစ်သည်။
ဤကိစ္စရပ်မှာ ရက်ပိုင်းခန့်မျှသာ ရှိသေးသော်လည်း လက်အောက်ငယ်သားများက လီယွမ်ကျောက်နှင့် ဖန်ကျန်းရီတို့ထံသို့ သတင်းပို့ တင်ပြလိုက်ကြပြီဖြစ်၏။
သူတို့နှစ်ဦးစလုံးမှာ သတင်းကြားသည်နှင့် တစ်ပြိုင်နက် အကြီးအကျယ် ဒေါသအမျက် ထွက်သွားကြသည်။
ခွေးသူတောင်းစားများ၊ မင်းကြီး၏ ဦးခေါင်းထက်မှ မြေကြီးကိုပင် လာရောက် တူးဆွရဲကြသည်။ နတ်ဆိုးမင်းကြီး၌ မျက်လုံး မည်မျှပါသည်ကို အမှန်တကယ်ပင် မသိရှာကြလေသလား။
ထို့ကြောင့် လဝက်ခန့် ကြာမြင့်ပြီးသောအခါ ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် သန့်ရှင်းရေးအဖွဲ့ဝင်များကို ခေါ်ဆောင်ကာ တရားမဝင် ပွဲစားများကို တိုက်ဖျက်နှိမ်နင်းရန် အားလပ်ချိန်များတွင် လမ်းမများပေါ်သို့ ထွက်ခွာလာခဲ့ကြသည်။
မည်သို့မည်ပုံ နှိမ်နင်းမည်နည်း ဆိုရသော် ကျိန်းသေပေါက် လက်သီးဖြင့် ထိုးကြိတ် ဖြေရှင်းကြမည်သာ ဖြစ်၏။
တရားမဝင် ပွဲစားများကို ရှာဖွေတွေ့ရှိသည်နှင့် တစ်ပြိုင်နက် သူတို့နှစ်ဦးမှာ ဝင်ရောက်သွားပြီး မည်သည့်စကားမျှ ဆိုမနေတော့ဘဲ လူကို အရင်ဆုံး ဆွဲထုတ်ကာ လက်သီးများဖြင့် ဝိုင်းဝန်း ထိုးကြိတ်ကြလေတော့သည်။
ဖန်ကျန်းရီသည် ပွဲစားများအပေါ် မုန်းတီးမှု သိပ်မရှိချေ။ အဘယ်ကြောင့်ဆိုသော် မည်သည့်ခေတ်တွင်မဆို ပွဲစားဆိုသည်မှာ အလွန်လိုအပ်သောကြောင့် ဖြစ်၏။
ပွဲစားများသည် သတင်းအချက်အလက် စီးဆင်းမှုကို ကြီးမားသော အတိုင်းအတာအထိ မြှင့်တင်ပေးနိုင်ပြီး ဈေးနှုန်းများကိုလည်း ပိုမို ပွင့်လင်းမြင်သာမှု ရှိစေသည်ဟု ဆိုနိုင်သည်။
သို့ပေမည့် ယခုအခါ ပွဲစားရုံများသည် သိသိသာသာကို စည်းကမ်းမဲ့နေပြီး လူဆိုးဂိုဏ်းဆန်သော သဘောသဘာဝများ အားကောင်းနေကာ လူကုန်ကူးသည့် အလုပ်များကိုပင် အချိန်ပိုင်း လုပ်ကိုင်နေသူများစွာ ရှိနေ၏။
အဆင့်အတန်းနိမ့်ကျသော သူများ စုဝေးရာ နေရာဖြစ်ပြီး ဆင်းရဲသားများနှင့် ကြုံလျှင်ပင် အရေခွံခွာချင်ကြသည်။
သူ၏ အမျိုးသမီး အလုပ်သမားများသည် မူလတည်းက ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြရာ သူတို့ ဤသို့ မတရားခံရသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် သေချာပေါက် တက်ကြွစွာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပေသည်။
လဝက်နီးပါး လက်ဝှေ့လေ့ကျင့်လိုက်ရသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုပင် တော်တော်လေး တိုးတက်လာခဲ့၏။
အရိုက်ခံရသော ပွဲစားများသည် ကွယ်ရာတွင် အလွန် ရက်စက်တတ်သော်လည်း ဖန်ကျန်းရီကဲ့သို့ အာဏာရှိသူများကိုတော့ မယှဉ်နိုင်သည်မှာ သိသာလှသည်။ အကြိတ်ခံရပြီးနောက် သူတို့ကလည်း တရားစွဲမည်ဟု မကျေမနပ် ပြောဆိုကြသေးသည်။
သို့ပေမည့် ဖန်ကျန်းရီတို့က သူတို့၏ အဆင့်အတန်းကို မထုတ်ပြရသေးမီ မြို့တော်မြောက်ပိုင်းရှိ အကြီးဆုံး လူဆိုးဂိုဏ်းနှင့် အဖွဲ့အစည်းဖြစ်သော ဖုန်းဟော့ဂိုဏ်းက ပွဲစားရုံသို့ ချက်ချင်း ဝင်ရောက်လာခဲ့၏။
ပွဲစား ကော်မတီ ဖွဲ့စည်းကြောင်း နေရာမှာပင် ကြေညာလိုက်ပြီး နောက်ပိုင်းတွင် ပွဲစားရုံ၏ လုပ်ငန်းဆောင်တာ အားလုံးကို ကြိုတင် သတင်းပို့ရမည် ဖြစ်ကြောင်း သူတို့ ရောက်ရှိလာခဲ့သည်မှာ ကြီးကြပ်ကွပ်ကဲမှု အဆင်ပြေစေရန်အတွက် ဖြစ်ကြောင်း ကြေညာသည်။
အကယ်၍ ပွဲစားရုံရှိ လူများသည် ဥပဒေကို ချိုးဖောက်ကာ အထက်ဖား အောက်ဖိ ပြုမူကြမည်ဆိုပါက ပွဲစားကော်မတီ၏ ပြတ်သားကြမ်းတမ်းသော သဘောသဘာဝကို ချက်ချင်း ပြသသွားမည်။
တရားမဝင် ပွဲစားများကို အတန်ငယ် နှိမ်နင်းပြီးနောက်တွင် ဖန်ကျန်းရီသည် နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပြီးသည်နှင့် အနောက်ဆောင်သို့ အပြေးအလွှားသွားကာ မင်းသမီးထံ ရိုးရှင်းစွာ အစီရင်ခံလေ့ရှိသည်။
ထိုအစီရင်ခံစာ၏ အကြောင်းအရာများမှာ လရောင်သာယာသော အလှတရားများအောက်၌ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေခြင်း၊ မျက်ဝန်းချင်း ဆုံကာ စကားဆိုခြင်း၊ တိုးညှင်းစွာ တီးတိုးပြောဆိုခြင်းနှင့် ရင်းနှီးကျွမ်းဝင်စွာ ယုယကြင်နာခြင်းများပင် ဖြစ်ပေမည်။
သေချာသည်မှာ အရေးကြီးသော ကိစ္စရပ်များ လုံးဝ မပါဝင်ခြင်းတော့ မဟုတ်ပေ။
ယခုအခါ ချည်မျှင်နှင့် အထည်စက်ရုံသည် စတင်ထုတ်လုပ်လည်ပတ်နေပြီ ဖြစ်သည်။ သို့သော်ငြား ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းတို့သည် သီးခြားကိစ္စရပ်များ ဖြစ်၏။
စင်စစ်အားဖြင့် ၎င်းတို့သည် လုံးဝ ကွဲပြားသော လုပ်ငန်းစဉ်နှစ်ခုပင် ဖြစ်ပေသည်။
တစ်မြို့လုံးရှိ အထည်သည်များကို စည်းရုံးကာ ဆောင်းရာသီတွင် ကုန်ပစ္စည်းများ လျင်မြန်စွာ ဖြန့်ချိနိုင်ရေးသည် ဖန်ကျန်းရီအတွက် အရေးအကြီးဆုံး ကိစ္စတစ်ရပ် ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုကုန်သည်များသည် မြို့တော်အတွင်းရှိ လက်ရှိ ဈေးကွက်ဖြန့်ချိရေး ကွန်ရက်များ ဖြစ်နေသောကြောင့်ပင်။
အသေးစား စီးပွားရေးသမားများကို ချန်လှပ်ထားလျှင်ပင် မြို့တော်၌ ခိုင်မာစွာ ခြေကုပ်ယူထားနိုင်သော ကုန်သည်အားလုံးနီးပါးသည် အရည်အချင်း မရှိသူများ မဟုတ်ကြပေ။ တစ်ချို့ဆိုလျှင် အထက်တန်းလွှာများကို ကျောထောက် နောက်ခံပြု၍ ရပ်တည်နေကြခြင်း ဖြစ်၏။
မြို့တော်အပြင်ဘက်၌လည်း ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုသည် တစ်နိုင်ငံလုံးရှိ အထည်ဆိုင်ခွဲများအထိ ပျံ့နှံ့ ရောက်ရှိနေသည်။
အကယ်၍ ဤကုန်သည်များနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ရရှိနိုင်ပါက ပုံစံသစ် ရက်ကန်းစင်များနှင့် ဈေးနှုန်း သက်သာသော အထည်စများကို ဈေးကွက်မြှင့်တင်ရောင်းချရာတွင် များစွာ ချောမွေ့ လွယ်ကူသွားနိုင်၏။
ယနေ့တွင် မြို့တော်ရှိ နာမည်ကျော် အထည်ကုန်သည် အားလုံးနီးပါးကို ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံသို့ ဖိတ်ကြားထားသည်။
လူအများစုမှာ အမှန်တကယ် မည်သည့်ကိစ္စဖြစ်သည်ကို မသိကြသေးဘဲ ဖန်ကျန်းရီထံမှ ဖိတ်စာ ရရှိသောကြောင့်သာ ရောက်ရှိလာကြခြင်း ဖြစ်၏။
ချည်မျှင်နှင့် အထည်စက်ရုံ၏ သတင်းမှာ ဈေးကွက်အတွင်း အတော်အသင့် ဂယက်ရိုက်နေသော်လည်း ၎င်းတို့အထဲမှ လူအတော်များများကမူ အထင်အမြင်သေးနေဆဲ ဖြစ်သည်။
အားလုံးမှာ လုပ်ငန်းတူများသာ ဖြစ်ကြရာ ဖန်ကျန်းရီ၏ အဆင့်အတန်း မည်မျှ မြင့်မားစေကာမူ သူတို့အတွက်တော့ အပြင်လူတစ်ယောက်သာ ဖြစ်နေသည်။ အပြင်လူက ပွဲကြည့်၍ အတွင်းလူက အကွက်ကြည့်သည် ဆိုသောစကားလည်း ရှိသည်မဟုတ်ပါလား။
ဈေးကွက်ကို ဤမျှကာလကြာရှည် စောင့်ကြည့်နေခဲ့သော်လည်း ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံ၏ ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း မတွေ့ရသေးပေ။
ဤသည်မှာ ချည်မျှင်နှင့် အထည်စက်ရုံ၌ ယုံကြည်စိတ်ချရသော အခြေအနေ မရှိသေးကြောင်းကို ပြသနေခြင်းပင်။
ယခုဆိုလျှင် တစ်လနီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း အသင့်ဝတ် အထည်များမဆိုထားနှင့်၊ အထည်စ တစ်စကိုမှ အရိပ်အယောင် မမြင်ရသေးချေ။
"ငါတို့ကို ဘာကိစ္စအတွက် ဖိတ်ခေါ်တာလဲ။ အတွေ့အကြုံတွေ လာရောက်မျှဝေခိုင်းတာလား။"
ကုန်သည်များသည် ချည်မျှင်နှင့် အထည်စက်ရုံရှေ့တွင် အချင်းချင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီး အခွင့်ကြုံခိုက် လုပ်ငန်းအတွေ့အကြုံများကို ဖလှယ်နေကြသည်။
မကြာမီတွင် ဖန်ကျန်းရီသည် မြင်းလှည်းဖြင့် နောက်ကျမှ ရောက်ရှိလာခဲ့၏။
ဤတစ်ခေါက်တွင် လီယွမ်ကျောက် အတူပါမလာခဲ့ပေ။ ယခုရက်ပိုင်းအတွင်း သူသည် လက်ဝှေ့ထိုးခြင်းကို အထူးစွဲလမ်းနေပြီး တပည့်များကိုခေါ်ဆောင်ကာ တရားမဝင် ပွဲစားများကို ဇွဲလုံ့လကြီးစွာဖြင့် လိုက်လံရှာဖွေ ရိုက်နှက်နေသောကြောင့် ဖြစ်သည်။
ဖန်ကျန်းရီ ယာဉ်ပေါ်မှ ဆင်းလာသည်ကို မြင်သည်နှင့် ကုန်သည်များက အလျင်အမြန် အရိုအသေပြုကြ၏။
ကုန်သည်များကြားတွင် သူ၏ နာမည်ဂုဏ်သတင်းမှာ အတော်အတန် ကြီးမားလှသည်။ ပန်းရှန်းရပ်ကွက်၏ ဖြေလျှော့ထားသော စီးပွားရေးပတ်ဝန်းကျင်ကို လူတိုင်းက အစောတည်းက ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည်။
၎င်းတို့အနက် တစ်ချို့ဆိုလျှင် ပန်းရှန်းရပ်ကွက်အတွင်း၌ ဆိုင်ခွဲများပင် လာရောက်ဖွင့်လှစ်ထားကြရာ ဖန်ကျန်းရီ၏ အကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်ထားကြ၏။
ဖန်ကျန်းရီက လက်ကာပြရင်း ပြုံးကာ နှုတ်ဆက်လိုက်သည်။ "အားလုံးပဲ မင်္ဂလာပါ။ အားနာစရာ မလိုပါဘူး။ လူစုံပြီဆိုရင် ကျုပ်တို့ အထဲဝင်ကြတာပေါ့။"
ထို့နောက် တံခါးစောင့်ကို လက်ဟန်ပြလိုက်ရာ တံခါးစောင့်က ချက်ချင်းပင် တံခါးကို ဖွင့်ပေးလိုက်သည်။
ကုန်သည်များသည်လည်း ဖန်ကျန်းရီ၏ နောက်မှ တစ်ယောက်ပြီးတစ်ယောက် တန်းစီကာ ဝင်ရောက် လိုက်ကြ၏။