အခန်း (၈၆၀-၈၆၁)
Vol. 45 Ch. 860-861
အပိုင်း (၈၆၀) ခါလဲ့မီ၏ အန္တရာယ်။
ဘုရင်၏ အသုဘ အခမ်းအနားကို နောက်တစ်နေ့တွင် ကျင်းပခဲ့သည်။
ဤသတင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း ဤဆိပ်ကမ်းမြို့တော်ကြီး၏ အတွင်း၌ ဆူနာမီလှိုင်း တစ်ခုကို ပေါ်ပေါက်စေခဲ့၏။
ကျိန့်ဟွေ့တို့ တစ်စုမှာတော့ စိတ်ပျက်အားငယ်မှု အနည်းငယ်ဖြင့် တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်နိုင်ငံလုံး အသုဘ ကျင်းပနေသောကြောင့် ရဲတင်းတာမျိုး မကစားလိုက်ရချေ။
မြို့တစ်ခုလုံး ဆွေးနွေး ပြောဆိုနေကြပြီး ဆိုင်အများအပြားပင် အရောင်းအဝယ် နားထားကြရာ ကြည့်ရသည်မှာ နတ်ရွာစံသွားသော ဘုရင်သည် ပြည်သူ့ချစ်ခင်လေးစားမှု မနိမ့်ကျချေ။
စွမ်းရည်ရှိသူ တစ်ဦး ဖြစ်နိုင်သည်။ အကယ်၍ သူသာ တာ့ကျင်းနှင့် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့မည် ဆိုပါက အများကြီး ပိုမို ချောမွေ့ခဲ့ပေလိမ့်မည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ အသိပညာ ကင်းမဲ့မှုကြောင့် ကိုယ့်ဘာသာ သေဆုံးအောင် လုပ်ဆောင်သွားခဲ့ခြင်းပင်။
နန်းတော်မှ ထွက်လာသည့် နေ့ရက်မှ စတင်၍ ခါလဲ့မီသည် စိုးရိမ် ထိတ်လန့်မှုများ ပြည့်နှက်စွာဖြင့် လုပ်ငန်းစဉ် အစအဆုံးကို ရှင်းပြခဲ့သည်။
ဘာသာရေး အဖွဲ့အစည်းများက ဖေးခါအပေါ် လွှမ်းမိုးထားသည့် အင်အား ပြင်းထန်မှုမှာ ကျိန့်ဟွေ့နှင့် လိုင်ကော်အာတို့၏ အသိပညာ ဗဟုသုတထက် တကယ်ပင် ကျော်လွန်နေပေ၏။
ပြည်သူများမှာ တစ်ဦးတစ်ယောက်မှ ဘာသာတရားကို မယုံကြည်သူ မရှိချေ။ ထိုမျှမကသေးဘဲ အမြဲတမ်း ဆုတောင်းမေတ္တာပို့ခြင်း အပါအဝင် အမျိုးမျိုးသော အခမ်းအနားများကို ကျင်းပကြရသေးသည်။
မြို့တော်အတွင်းရှိ အခမ်းနားဆုံး အဆောက်အအုံများပင်လျှင် ဘုရားကျောင်းများသာ ဖြစ်ကြ၏။
ထိုသို့ဖြင့် မြို့ထဲတွင် နေထိုင်ခဲ့သည်မှာ ငါးရက် ရှိလာခဲ့ပြီးနောက် ကြာ့ဝေးမြို့စားကြီးက လူလွှတ်၍ ကျိန့်ဟွေ့အား နန်းတော်သို့ လာရောက် ဆွေးနွေးရန် အသိပေး လာသည်။
ဘုရင်၏ အသုဘ အခမ်းအနား ပြီးဆုံးသွားပြီဟု ခန့်မှန်းရသောကြောင့် ကျိန့်ဟွေ့သည် လူများနှင့် ကုန်ပစ္စည်းများကို ခေါ်ဆောင်ပြီး စတင် ထွက်ခွာလာခဲ့၏။
နန်းတော်သို့ ရောက်ရှိပြီးနောက် အစေခံ၏ လမ်းညွှန်မှုအောက်တွင် အသစ်ဖြစ်သော ကျယ်ဝန်းသည့် အခန်းတစ်ခုသို့ ရောက်ရှိသွားရာ ပြင်ဆင်ထားသည့် ပုံစံကို ကြည့်ခြင်းအားဖြင့် ရုံးခန်း နေရာ ဖြစ်ပေမည်။
အခန်းထဲတွင် ပုံစံဆန်းပြားသော အနီရောင် ကော်ဇောကြီးကို ခင်းကျင်းထားပြီး၊ အခန်းအတွင်း၌ ရိုးရှင်းသော အလှဆင် ပစ္စည်းအချို့ကိုသာ ထားရှိကာ အနုပညာ အမြောက်ဆုံး အရာမှာ အခန်းတွင်းရှိ အဆိုပါ ဧရာမ ရုံးစားပွဲကြီးပင် ဖြစ်၏။
စားပွဲ၏ နောက်တွင်မူ ကြည့်ရသည်မှာ အသက် ဆယ်တစ်နှစ်၊ ဆယ်နှစ်နှစ်သာ ရှိသေးပြီး အရွယ်အစား ကြီးမားသော သရဖူကြီးကို စောင်းစောင်းရွဲ့ရွဲ့ ဆောင်းထားသည့် ကလေးတစ်ဦး ရှိနေသည်။
ကျိန့်ဟွေ့တို့ကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ မျက်လုံးထဲတွင် အထိတ်တလန့် ဖြစ်သွားသော အရိပ်အယောင်တစ်ခုပင် ဖြတ်သန်းသွားသေး၏။
ကြာ့ဝေးမြို့စားကြီးက စားပွဲဘေးတွင် ရပ်နေပြီး ကိုယ်ကို အနည်းငယ် ကိုင်းကာ မိတ်ဆက်ပေးသည်။ “အရာရှိကျိန့် ... ဒီပုဂ္ဂိုလ်ကတော့ ငါတို့ ဖေးခါရဲ့ ဘုရင်မင်းမြတ်ပဲ ဖြစ်ပါတယ်။ အရှင်မင်းကြီးက အသက်အရွယ် ငယ်ရွယ်ပေမဲ့ အခမ်းအနားတွေကို ဦးဆောင် ကျင်းပနိုင်ပါတယ်။ ဘာကိစ္စ ရှိရှိ သံတမန်မင်းအနေနဲ့ အရှင်မင်းကြီးကို ပြောပြနိုင်ပါတယ်။”
ကျိန့်ဟွေ့သည် ဘုရင်လေးအား ကြည့်လိုက်ပြီး ကိုယ်ကို အနည်းငယ် ကိုင်းကာ နိုင်ငံခြားသားတို့၏ ဂါရဝပြုနည်းဖြင့် နှုတ်ဆက်လိုက်၏။
ဒီကောင်လေးက ကလေးပေါက်စလေးပဲ၊ ကြည့်ရတာ ကြာ့ဝေးမြို့စားကြီးနဲ့ပဲ တိုင်ပင် ဆွေးနွေးရတော့မယ်၊ တတ်နိုင်သမျှ တိုတိုတုတ်တုတ်ပဲ ပြောမှ။
“ဒီတစ်ကြိမ် မိတ်ဆွေတို့ရဲ့ နိုင်ငံကို လာရောက်လည်ပတ်တာ အဓိကကိစ္စကြီးကြီးမားမား မရှိပါဘူး။ မိတ်ဆွေ ဆက်ဆံရေး ထူထောင်ပြီး နောင်တစ်ချိန် နှစ်နိုင်ငံ ကူးလူးဆက်ဆံရေးအတွက် အခြေခံ လမ်းခင်းဖို့ပါပဲ။ ဒီတစ်ကြိမ် ကျုပ်က တာ့ကျင်းရဲ့ ဒေသထွက် ကုန်ပစ္စည်းအချို့ကိုလည်း သယ်ဆောင်လာခဲ့ပါတယ်။ မိတ်ဆွေတို့ရဲ့ နိုင်ငံက လက်ခံပေးပါအုံး။”
ကျိန့်ဟွေ့ စကားပြောပြီးသွားသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ သူနှင့်အတူ ပါလာသော ရေတပ်သားများက သယ်ဆောင်လာသည့် သေတ္တာများကို ဖွင့်လိုက်ကြ၏။
အတွင်း၌ သေသပ်စွာ စီထားသော ကြွေထည်များ၊ ပိုးထည်များ၊ ထို့အပြင် လက်ဖက်ခြောက် အစရှိသည့် ပစ္စည်းများကို မြင်တွေ့လိုက်ရသည်။
ခန်းမဆောင်တွင်းရှိ အစေခံများက ရှေ့သို့ တိုးလာပြီး သေတ္တာထဲမှ ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်၍ စားပွဲပေါ်သို့ တင်လိုက်ကြ၏။
ဘုရင်လေးမှာ အသစ်အဆန်း ဖြစ်နေသော မျက်နှာဖြင့် လက်လှမ်း၍ ကိုင်တွယ် ကစားချင်နေသော်လည်း ကြာ့ဝေးမြို့စားကြီးက ချောင်းတစ်ချက် ဖွဖွဆိုးလိုက်ချိန်မှသာ ရှက်ကိုးရှက်ကန်းဖြင့် လက်ကို ပြန်ရုပ်သွားသည်။
ကျောက်စိမ်းကဲ့သို့ ဖြူစင် တောက်ပနေသည့် ကြွေထည်များကို ကြည့်လိုက်ရာ ၎င်းတို့အပေါ်တွင် တစ်ခြား နိုင်ငံ၏ ရှုခင်း ပုံရိပ်များကို ရေးဆွဲထား၏။
ကြာ့ဝေးမြို့စားကြီး၏ အကြည့်ထဲတွင် တုန်လှုပ်သွားသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခြင်းကို မရှောင်ရှားနိုင်ခဲ့ချေ။
အလွန်အမင်း ချောမွေ့နေသည့် အဆိုပါ ပိုးထည်ကို ထပ်မံ ပွတ်သပ်ကြည့်လိုက်ပြီး တခုတ်တရ ချီးကျူးလိုက်သည်။ “ဒါ အရှေ့ပိုင်းရဲ့ ဒေသထွက် ကုန်ပစ္စည်းတွေလား။ တကယ်ပဲ သေသပ်လှပလွန်းတာပဲ ... သံတမန်မင်းတို့ … ဒီတစ်ကြိမ် ဒီလို ပစ္စည်းမျိုး ဘယ်လောက်များများ သယ်ဆောင်လာခဲ့လဲ မသိဘူး။”
ကြာ့ဝေးမြို့စားကြီးမှာ ကြည့်လေလေ ပို၍ သဘောကျလေလေပင် ဖြစ်နေတော့၏။
သူသည် ငယ်စဉ်တည်းက အထက်တန်းစား ပညာရေးကို သင်ယူခဲ့ရသူ ဖြစ်သည့်အားလျော်စွာ အလှအပ ခံစားမှု အဆင့်အတန်းမှာ သဘာဝကျကျပင် အလွန် မြင့်မားလှသည်။
လက်ရှိ မျက်စိရှေ့မှ ဤပစ္စည်းများသည် နိုင်ငံခြား ကုန်ပစ္စည်းများ ဖြစ်ကြသည် ဆိုသော်လည်း တိုက်ခတ်လာသည့် မြင့်မြတ်သော အရှိန်အဝါနှင့် သေသပ် သိမ်မွေ့မှုတို့က အခြားသော နိုင်ငံများတွင် သေချာပေါက် ရောင်းကောင်းပေလိမ့်မည်။
အကယ်၍ သူတို့နှင့် တည်ငြိမ်သော စီးပွားရေး ဆက်ဆံမှု ထူထောင်နိုင်ခဲ့မည် ဆိုပါက ရရှိမည့် ဝင်ငွေမှာ... မှန်းဆကြည့်၍ ရနိုင်ပေသည်။
သို့သော်လည်း ဂိုဏ်းအုပ်ကြီးက အမိန့်ပေးထားရာ နတ်ဘုရားကို စော်ကားသော အဆိုပါ သင်္ဘောသားကို သတ်ဖြတ်ရပေမည်။
သူ့ကို သတ်ဖြတ်ပြီး လုံလောက်တဲ့ နစ်နာကြေး ပေးလိုက်ရင် တစ်ဖက်လူရဲ့ စိတ်ထဲက မကျေနပ်မှုကို ပြေလျော့သွားစေနိုင်လောက်တယ်။ ဒါပေမဲ့ စကားပြန် ဒီတစ်ယောက်တည်း ရှိတာ၊ သူ သေသွားရင် ဘယ်လိုလုပ် စကားပြောရမှာလဲ။ နည်းနည်းတော့ ကိုင်တွယ်ရ ခက်နေပြီ...။
ကျိန့်ဟွေ့က စကားဆို၏။ “ဒီပစ္စည်းတွေအားလုံးဟာ ကျုပ်တို့ တာ့ကျင်းရဲ့ ဒေသထွက် ကုန်ပစ္စည်းတွေ ဖြစ်ပြီး တာ့ကျင်း အရပ်ထဲက ပြည်သူတွေ အလွန် နှစ်သက် မြတ်နိုးကြတာတွေပါ။ ကျုပ်တို့ရဲ့ သင်္ဘောအုပ်စုက နိုင်ငံပေါင်း မရေမတွက်နိုင်အောင် ဖြတ်သန်းခဲ့ရလို့ ဒီ အဖိုးတန် ရတနာ အများစုကို လက်ဆောင် အဖြစ် နိုင်ငံပေါင်းစုံဆီ ပေးအပ်ခဲ့ပြီးပါပြီ။
ဒီနေ့ ဖေးခါကို ရောက်လာတာ ဒီမှာ ကျန်ရှိနေတဲ့ နောက်ဆုံး လက်ကျန် ကုန်ပစ္စည်းတွေပါပဲ။ ဒါပေမဲ့ ကျုပ်တို့ တာ့ကျင်းနဲ့ ဖေးခါအကြားမှာ အဆက်အသွယ် ထူထောင်ပြီးပြီ ဆိုတော့ နောင်တစ်ချိန် ကူးလူးဆက်ဆံမှုတွေ သေချာပေါက် မကြာခဏ ရှိလာမှာပါ၊ တာ့ကျင်းရဲ့ ကုန်ပစ္စည်းတွေကလည်း ပင်လယ်ရေကြောင်း လမ်းကနေတစ်ဆင့် ဖေးခါရဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာနိုင်မှာပါ။”
ကြာ့ဝေးမြို့စားကြီးက အလွန်အမင်း ဝမ်းမြောက်စွာ ပြောလိုက်သည်။ “ကောင်းတယ်၊ ကောင်းတယ်။ မိတ်ဆွေတို့ရဲ့ နိုင်ငံက လက်ဆောင် ပေးအပ်လာမှတော့ ကျုပ်တို့ နိုင်ငံကလည်း ရိုသေမှု အပိုင်းကို ပျက်ကွက်ခံလို့ မဖြစ်ဘူးလေ။ အရှင်မင်းကြီးကလည်း သံတမန်မင်းတို့အတွက် အဖိုးတန် လက်ဆောင်ကြီး တစ်ခု ပြင်ဆင်ပေးထားပါတယ် ...”
...
တစ်နာရီ ကြာမြင့်ပြီးနောက် နှစ်ဖက်သား အလွန်အမင်း ပျော်ရွှင်စွာ စကားပြောဆိုခဲ့ကြ၏။
ယဉ်ကျေးမှုပိုင်းတွင် ကြီးမားသော ကွဲပြားခြားနားမှုများ ရှိနေပြီး အယူအဆ အများအပြား ပဋိပက္ခ ဖြစ်နေကြသည် ဆိုသော်လည်း နှစ်ဖက်သားလုံးက အခြေအနေကို ထိန်းသိမ်းထားခဲ့ကြသည်။
ခါလဲ့မီ၏ လည်ချောင်းမှာ မီးခိုး ထွက်တော့မတတ် ဖြစ်နေချေပြီ။
ကြာ့ဝေးမြို့စားကြီးသည် ရံဖန်ရံခါ သူ့အား လှမ်းကြည့်နေပြီး စိတ်ထဲတွင် အလွန်အမင်း ဗျာများနေ၏။
သူ့ကို သတ်ပစ်လိုက်ရင် ယာယီ စကားပြန် သင်ပေးဖို့လည်း အချိန်မမီတော့ဘူး။ ဒါပေမဲ့ အနာဂတ်က ကြီးမားတဲ့ အကျိုးအမြတ်ကြီးကိုလည်း သူ မစွန့်လွှတ်ချင်ဘူး။
ဒီ အရှေ့ပိုင်းက ရောက်လာတဲ့ တုံးအတဲ့ကောင်တွေက သူတို့ရဲ့ ကုန်ပစ္စည်းတွေက မင်းမျိုးမင်းနွယ် အသိုင်းအဝိုင်းထဲမှာ ဘယ်လို သက်ရောက်မှုမျိုး ပေါ်ပေါက်စေမလဲ ဆိုတာကို သတိမထားမိသေးတာ ထင်ရှားတယ်။
စောစောက စကားပြောဆိုမှုထဲကနေ သူတို့က ဖေးခါကို ရောက်ပြီးတာနဲ့ အပြန်ခရီးေဆက်တော့မယ် ဆိုတေ သိလိုက်ရတယ်။
လက်ရှိမှာ ငါက အရှေ့ပိုင်းသားတွေကို ပထမဆုံး အဆက်အသွယ် ပြုလုပ်ခွင့် ရတဲ့သူပဲ။ ဒီအခွင့်အရေးကို သေချာပေါက် ကောင်းကောင်း အသုံးချနိုင်ဖို့ နည်းလမ်း ရှာရမယ်၊ မဟုတ်ရင် ... ဂိုဏ်းအုပ်ကြီးဆီ ကလေးလေး အချို့ ထပ်ပို့ပေးလိုက်ရမလား။
ချီးတဲ့မှ၊ ပြီးခဲ့တဲ့လကမှ ပို့ပေးထားတာ အခု ကုန်ကြမ်း ရှာရတာ မလွယ်ဘူး...။
ဗျာများနေဆဲမှာပင် လိုင်ကော်အာက ရုတ်တရက် စကားဆိုလာ၏။
“မိတ်ဆွေတို့ရဲ့ နိုင်ငံက စာအုပ် စာပေ မှတ်တမ်းတွေကို ငှားရမ်း ဖတ်ရှုခွင့် ရနိုင်မလား မသိဘူး။”
ကြာ့ဝေးမြို့စားကြီး အနည်းငယ် ကြောင်အမ်းသွားပြီးနောက် စိတ်ထဲတွင် အတိုင်းမသိ ဝမ်းမြောက်မှုတစ်ခု ပေါ်ပေါက်လာသည်။ “မင်းလည်း ငါတို့ ဖေးခါရဲ့ ဘာသာစကားကို နားလည်တာလား။”
“နည်းနည်းပါးပါးတော့ နားလည်ပါတယ်။” လိုင်ကော်အာက ပြုံး၍ ပြောလိုက်၏။
ဒီ နိုင်ငံခြားသားက တော်တော်လေး အကြောင်းအကျိုး သိတတ်တာပဲ။ ကြည့်ရတာ ဒီတစ်ကြိမ် ခရီးစဉ်က အရမ်း ချောမွေ့နေတယ်၊ နိုင်ငံတော်ဆီ မပြန်ခင် နောက်ဆုံး အသုတ်အနေနဲ့ နိုင်ငံခြားသားတွေရဲ့ စာအုပ်အချို့ကို ယူပြီး လေ့လာ သင်ယူရမယ်။
ကြာ့ဝေးမြို့စားကြီး၏ ရင်ဘတ်မှာ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ဝမ်းမြောက်မှုကို ဖိနှိပ်ထားလိုက်သည်။ “ရတာပေါ့ ... သံတမန်မင်းတို့ ဘာစာအုပ် ငှားဖတ်ချင်ချင် ရပါတယ်၊ စကားတစ်ခွန်း ပြောလိုက်ရုံပါပဲ။”
“ဒါဆို အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်၊ မြို့စားကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ကိစ္စတစ်ခု ရှိသေးတယ် ... မြို့စားကြီးအနေနဲ့ အရင်တုန်းက ဒီနေရာမှာ အရှေ့ပိုင်းသားတွေ လှုပ်ရှားသွားလာခဲ့တဲ့ သဲလွန်စတွေကို ကြားဖူးတာမျိုး ရှိလား မသိဘူး။ ပြီးတော့ မြို့စားကြီး အနေနဲ့ ဆန်ကျားခယ် ဆိုတဲ့ နိုင်ငံအကြောင်းကို ကြားဖူးတာမျိုး ရှိလား။”
ကျိန့်ဟွေ့၏ စိတ်ထဲတွင် တွေးလိုက်မိ၏။ ဝူမင်းသား ထွက်ပြေးလာတဲ့ အနောက်ပိုင်း ပင်လယ်ရပ်ခြား ပန်းတိုင်က ဆန်ကျားခယ်ပဲ၊ နိုင်ငံက ရှိသေးရဲ့လား မသိဘူး။ ဒါက အဓိက တာဝန်ကြီး မဟုတ်ဘူး ဆိုပေမဲ့ လွယ်လင့်တကူ တစ်ခွန်း လှမ်းမေးလိုက်တာ ... တကယ်လို့ အရေးကြီးတဲ့ ရလဒ် ရလာရင်ရော။
ကြာ့ဝေးမြို့စားကြီးသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး အစွမ်းကုန် ပြန်လည် စဉ်းစားခန်း ဝင်လိုက်သည်။
“ဆန်ကျားခယ်ကိုတော့ ကြားဖူးပါတယ်၊ မြောက်ပိုင်းက နိုင်ငံငယ်လေး တစ်ခုလို့ ကြားဖူးတယ်။ အရှေ့ပိုင်းသားတွေ အပိုင်းကတော့ ... ဘယ်နေရာမှာ ကြားဖူးသလဲ မသိဘူး၊ ဒါပေမဲ့ ကျုပ်တို့ နိုင်ငံနဲ့ သက်ဆိုင်မှု မရှိလို့ အလေးအနက် မထားခဲ့ဖူးဘူး။ နောက်ပိုင်း သံတမန်မင်းတို့အတွက် ကူညီပြီး စုံစမ်းပေးပါ့မယ်။”
ကြားဖူးသလိုလို ရှိတယ်တဲ့လား။
ကျိန့်ဟွေ့၏ စိတ်နှလုံး လှုပ်ရှားသွားပြီး ပြုံး၍ ပြောလိုက်၏။ “သတင်းအစအန ရခဲ့ရင် မြို့စားကြီး အနေနဲ့ အသိပေးဖို့ မျှော်လင့်ပါတယ်။ ကျုပ်တို့ တာ့ကျင်းက သေချာပေါက် အဖိုးတန် လက်ဆောင်ကြီး ပေးအပ်ပါ့မယ်။”
“ဒါပေါ့ … ကျိန်းသေပေါက် ရတာပေါ့..”
နောက်ထပ် အားရပါးရ စကားပြောဆိုမှု တစ်ခု ဖြစ်ပြီး ဧည့်သည်ရော အိမ်ရှင်ပါ ပျော်ရွှင်ခဲ့ကြသည်။
ကျိန့်ဟွေ့ မတ်တပ်ရပ်၍ နှုတ်ဆက် ထွက်ခွာတော့မည့်အချိန်တွင် ကြာ့ဝေးမြို့စားကြီးက ခါလဲ့မီအား လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “အရာရှိကျိန့် ... ဒီလူက ကျုပ်တို့ ဖေးခါ နိုင်ငံသားပါ။ သံတမန်မင်းတို့ နေထိုင်ရာ နေရာကို အရင် ယာယီ ပြန်နှင့်ကြပါလား၊ အရှင်မင်းကြီးက သူနဲ့ အသေးစိတ် စကားပြောစရာ အချို့ ရှိနေသေးလို့ပါ။ ဘာလိုအပ်တာ ရှိရှိ သံတမန်မင်း အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။”
ကျိန့်ဟွေ့က ခေါင်းညိတ်လိုက်ပြီး ဘုရင်လေးအား တစ်ချက် ကြည့်လိုက်၏။
ဘုရင်သစ် ရာထူးတက်တာ ဆိုတော့ လူရှာပြီး အခြေအနေကို နားလည်အောင် လုပ်တာ ပုံမှန်ပါပဲ။ ပြီးတော့ ခါလဲ့မီက တကယ်ပဲ ဖေးခါအနွယ်က ပေါက်ဖွားလာသူမို့ သူ တားဆီးဖို့ မသင့်ဘူး။
“ကျေးဇူးတင်ပါတယ် မြို့စားကြီး ... ကျုပ်တို့ တာ့ကျင်းရဲ့ သင်္ဘောအုပ်စုက နောက်ထပ် ရက်အနည်းငယ် နေထိုင်ပြီးရင် ပြန်ပါတော့မယ်။ ဒီကာလအတွင်းမှာ များများ စကားပြောဆို ဆက်သွယ်နိုင်ဖို့ မျှော်လင့်ပါတယ်။”
“သေချာပေါက်၊ သေချာပေါက် လုပ်ရမှာပေါ့”
...
ကျိန့်ဟွေ့တို့ လူစု ထွက်သွားပြီးနောက် အခန်းထဲတွင် ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားပြီး ကြာ့ဝေးမြို့စားကြီးက ခါလဲ့မီအား စကားတစ်ခွန်းမျှ မဆိုဘဲ စိုက်ကြည့်နေ၏။
ခါလဲ့မီသည် ကုလားထိုင်ပေါ်တွင် အနေရခက်စွာ ထိုင်နေသည်။ “အရှင်မင်းကြီးနဲ့ မြို့စားကြီး ဘာများ မေးစရာ ရှိသေးလဲ မသိဘူးဗျ။”
“စောစောက အဲဒီ အရှေ့ပိုင်းသားတွေ ကျုပ်နဲ့ စကားပြောတဲ့ လုပ်ငန်းစဉ် အတွင်းမှာ လိမ်လည်တဲ့ စကားတွေ ဘာမှ မပြောခဲ့ဘူး မဟုတ်လား။”
ခါလဲ့မီက ခေါင်းခါပြ၏။
“တာ့ကျင်းမင်းဆက်မှာ အခြား ဘာသာရေး ဂိုဏ်းဂဏတွေ ရှိသေးလား။”
အပိုင်း (၈၆၁) လူမလွှတ်ပေးရင် မင်းတို့ကို မှောက်လှန်ပစ်မယ်။
“ရှိပါတယ်၊ ဒါပေမဲ့ လွှမ်းမိုးနိုင်မှု အရမ်း အားနည်းတယ်။ သူတို့က နတ်ဘုရားကို ယုံကြည်ကြပေမဲ့ လိုအပ်ချက် ရှိတဲ့ အချိန်ကျမှ သွားပြီး ယုံကြည်ကြတာ ... တကယ်လို့ တောင်းဆိုချက်တွေက ဖြည့်ဆည်း မပေးခံရဘူး ဆိုရင် နတ်ဘုရားကိုတောင် ကျိန်ဆဲကြသေးတာ ...”
ဘာကြီးလဲ။ ဒီ အရှေ့ပိုင်းသားတွေက ပစ္စည်း ဖန်တီးတဲ့ စွမ်းရည်ပိုင်းမှာတော့ သေသပ် ကျွမ်းကျင်တယ်လို့ ဆိုနိုင်ပေမဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောရရင် လူရိုင်းတွေနဲ့ ကွဲပြားခြားနားမှု တစ်ခုလေးတောင် မရှိသလိုပဲ။
ကြာ့ဝေးမြို့စားကြီးသည် နဖူးကို အုပ်လိုက်မိ၏။ “ဒါ ဘယ်လိုတောင် အသိဉာဏ် မပွင့်လင်းတာလဲ။”
ခါလဲ့မီ မျက်နှာ ပျက်သွားပြီး သူ့အား တိတ်တဆိတ် ကြည့်လိုက်သည်။
မင်းတို့သာ အသိဉာဏ် မပွင့်လင်းတာ၊ သွေးဖောက်ပြီး ရောဂါကု လူကယ်တယ်တဲ့။
ငါ ပင်လယ်ပြင်မှာ သင်္ဘောပျက်ပြီး သေမလို ဖြစ်ခဲ့တာတောင် တာ့ကျင်းက လူတွေ ကယ်တင်လို့ အသက်ရှင်ခဲ့တယ်။ ငါ နတ်ဘုရားကို တောင်းဆုပြုတုန်းက နတ်ဘုရားက ဘယ်ရောက်နေလဲ။
သူတို့က နတ်ဘုရားကို မယုံကြည်ပေမဲ့ ဒီ စုတ်ပြတ်နေတဲ့ နေရာထက် အဆတစ်သောင်း မက ပိုပြီး ကောင်းမွန်စွာ နေထိုင်ရတယ်၊ အားလုံးက အတုအယောင်တွေချည်းပဲ။
“မြို့စားကြီး ... ဘာကိစ္စမှ မရှိတော့ဘူး ဆိုရင် ကျုပ် ပြန်လို့ ရပြီလား။”
ကြာ့ဝေးမြို့စားကြီး သတိပြန်ဝင်လာပြီး မျက်နှာပေါ်တွင် ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။ “ပြန်မယ် … မင်းလို အဆင့်အတန်းမရှိတဲ့ လူမိုက်၊ နတ်ဘုရားကို စော်ကားတဲ့သူက ဆက်ပြီးတော့ အရှေ့ပိုင်းသားတွေရဲ့ ခွေး လာလုပ်ချင်နေသေးတယ်ပေါ့လေ။
မင်းရဲ့ စိတ်ထား မသန့်စင်မှုကြောင့် နတ်ဆိုးကို အားပေးရာ ရောက်ပြီး အရှင်မင်းကြီးကို သေဆုံးစေခဲ့တာ။ ဂိုဏ်းအုပ်ကြီးရဲ့ အမိန့် ရှိတယ် ... မင်းကို မီးသင်္ဂြိုဟ်တိုင်မှာ ကြိုးတုတ်ပြီး ခုနစ်ရက် ကြာတဲ့ အခါကျရင် လူပုံအလယ်မှာ ကွပ်မျက်ရမယ်တဲ့။ လာကြစမ်း ... သူ့ကို အကျဉ်းထောင်ထဲ ထည့်လိုက်ကြ။”
...
နောက်တစ်နေ့တွင် ဘုရင်ကို သတ်ဖြတ်သည့် အဓိက တရားခံ၏ သတင်းသည် အရပ်ထဲရှိ လမ်းမများပေါ်တွင် ထွက်ပေါ်လာ၏။
အဆင့်အတန်းမရှိသော သင်္ဘောသား တစ်ဦးသည် ဘုရင်မင်းမြတ် ခန္ဓာကိုယ် သန့်စင်နေချိန်တွင် လူပုံအလယ်၌ နတ်ဘုရားကို စော်ကားခဲ့သောကြောင့် ဘုရင်မင်းမြတ်နှင့် နတ်ဆိုးတို့၏ စစ်ခင်းမှုတွင် ဘုရင်မင်းမြတ် ကျရှုံးသွားခဲ့သည်။
ခုနစ်ရက် ကြာမြင့်ပြီးသည့်နောက် လူသတ်သမားကို မြို့တော် စည်ပင်သာယာရေး ရင်ပြင်ရှိ လူပုံအလယ်တွင် ကွပ်မျက်မည်။
ကြော်ငြာစာရွက် တစ်ရွက်ပြီးတစ်ရွက် လမ်းမပေါ်၌ ကပ်ထားရာ သတင်းမှာ ပထမဆုံး အချိန်အဖြစ် တာ့ကျင်း၏ သင်္ဘောအုပ်စုဆီသို့ ရောက်ရှိသွား၏။
လိုင်ကော်အာသည် ကြော်ငြာစာရွက်ကို ကိုင်ဆောင်လျက် လေးနက်သော မျက်နှာဖြင့် ပြန်လည် ပြောပြနေသည်။
ကျိန့်ဟွေ့က နားမလည်စွာဖြင့် နားဆင်နေ၏။ “မင်း ပြောတဲ့ ဒီ ဘီလာအာ ဆိုတာက ဘယ်သူလဲ။”
“ခါလဲ့မီပါဗျ၊ ဒါက သူ့ရဲ့ နာမည်ရင်း။”
“ဘာ .. ချီးတဲ့မှ ... ဒီ အနောက်တိုင်း နိုင်ငံငယ်လေးက ငါတို့ကို စစ်ကြေညာချင်နေတာပဲ။”
ကျိန့်ဟွေ့ ခဏချင်းပင် ဒေါသ ပေါက်ကွဲသွားသည်။ ခါလဲ့မီသည် ဖေးခါနိုင်ငံသား ဖြစ်သည် ဆိုသော်လည်း သူ၏ ရေတပ်သား လက်အောက်ငယ်သားလည်း ဖြစ်သည်။ အချိန် ဤမျှကြာအောင် အတူနေထိုင်လာပြီးနောက် သံယောဇဉ် အနည်းငယ် ရှိနေသည်မှာ အမှန်ပင်။
ဒီ ခွေးသူတောင်းစား အနောက်တိုင်းသားတွေ ... အပေါ်ယံမှာ လူလို ဟန်ဆောင်ထားပြီး မျက်နှာ လှည့်လိုက်တာနဲ့ ခါလဲ့မီကို ကွပ်မျက်ချင်နေကြတယ်။
ဒီလို လုပ်ရပ်မျိုးက ဗြောင်ကျကျ ရန်စတာ မဟုတ်ဘူးလား။ ပြီးတော့ သိပ်ကို ရွံရှာစရာကောင်းတဲ့ ဆင်ခြေတစ်ခုကို ရှာဖွေထားသေးတယ်။
ကျိန့်ဟွေ့ လုံးဝ အများကြီး မတွေးတောတော့ချေ။ မတ်တပ်ရပ်၍ လူခေါ်ရန် ပြင်ဆင်လိုက်၏။
စုတ်ပြတ်နေတဲ့ ဆိပ်ကမ်းလေး တစ်ခု ... သူ တိုက်ပွဲ အတွေ့အကြုံ ရာချီ ရှိတဲ့ ရေတပ်သားတွေကို ခေါ်ဆောင်ပြီး သူတို့ကို မှောက်လှန်ပစ်ဖို့ အပြည့်အဝ ယုံကြည်ချက် ရှိတယ်၊ အဲဒီနောက် ပင်လယ်ထွက်ပြီး အပြန်ခရီး ပြန်မယ်။
သံတမန် ဆက်ဆံရေး ထူထောင်ဖို့ အပိုင်းကတော့ နောက်တစ်ခါ လူပိုခေါ်လာပြီး ဖေးခါကို သုတ်သင်ပစ်မယ်၊ အတွင်းပိုင်းကို ဆက်လျှောက်ပြီး နောက်ထပ် တစ်နိုင်ငံ ရှာတာပေါ့။
လိုင်ကော်အာက တားဆီးလိုက်၏။ “အစ်ကိုကျိန့် မလောပါနဲ့အုံး ... ကိစ္စက အစ်ကို ထင်သလောက် မရိုးရှင်းလောက်ဘူး။ ဒီနေရာနဲ့ ကျုပ်တို့ တာ့ကျင်းရဲ့ ရိုးရာ ဓလေ့ထုံးတမ်းတွေက မတူညီကြဘူး။ အစ်ကို ထင်သလိုမျိုး မဟုတ်လောက်ဘူး။
ဒီရက်ပိုင်း ကျုပ်တို့လည်း သူတို့ရဲ့ ယဉ်ကျေးမှုကို မြင်ဖူးကြသားပဲ ... ဒီနေရာက လူတိုင်း နတ်ဘုရားကို ယုံကြည်ကြတယ်။ ပြီးတော့ သူတို့ရဲ့ ရောဂါကုသမှုက သွေးဖောက် ကုသတာကို မြတ်နိုးကြမှန်း ကျုပ် နားလည်တယ်။ ခါလဲ့မီ အစက နန်းတော်ထဲ ဝင်ပြီး ပြန်လာတုန်းကလည်း ကျုပ်တို့ကို ပြောဖူးတယ် ... အရင် ဘုရင်က သွေးဖောက်ပြီး သေသွားတာတဲ့။ ခါလဲ့မီက အသံထွက် တားဆီးခဲ့လို့ ဘုရင်ရဲ့ သေဆုံးမှုကို သူ့အပေါ် ပုံချလိုက်တာ ဖြစ်နိုင်တယ်။”
ကျိန့်ဟွေ့က ဒေါသတကြီး ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး။ သူတို့ အဲဒီအချိန်ကတည်းက လူကို ဖမ်းချုပ်ထားသင့်တာ .. ငါတို့ နန်းတော်ထဲ ဝင်ပြီး သူတို့နဲ့ စကားပြောပြီးတဲ့ အချိန်အထိ အချိန်ဆွဲ မထားသင့်ဘူး ... ဒါက ဗြောင်ကျကျ ရန်စတာပဲ။”
“သူတို့ ကျုပ်တို့ကို ပြစ်မှားဖို့ အကြောင်းအရင်း မရှိဘူးလေ။ ပြီးတော့ ကြာ့ဝေးမြို့စားကြီးက ကျုပ်တို့ကို အထက်တန်းစား ဧည့်သည်လို ဆက်ဆံပေးခဲ့တာ၊ သိပ်ကို အလေးအနက် ထားတာလည်း ဖြစ်နိုင်တယ် ... ပထမဆုံး အချိန်မှာ လူကို မဖမ်းချုပ်ခဲ့တာက စကားပြန် မရှိလို့ ဖြစ်နိုင်တယ်။”
လိုင်ကော်အာသည် ပြောရင်း၊ ပြောရင်းနှင့် စိတ်ထဲတွင် အနည်းငယ် မသက်သာ ဖြစ်လာ၏။ “လက်ရှိမှာ ဒီလိုကိစ္စမျိုး ဖြစ်လာတာက ကျုပ်လည်း သူတို့နဲ့ ဆက်သွယ် စကားပြောနိုင်မှန်း ရှာတွေ့သွားလို့ ဖြစ်နိုင်တယ် ... ဒီ စကားပြန်က ... တန်ဖိုး မရှိတော့တာပေါ့။”
လိုင်ကော်အာ၏ ဤသို့ ခွဲခြမ်းစိတ်ဖြာမှုကြောင့် ကျိန့်ဟွေ့သည် အများကြီး တည်ငြိမ်သွားပြီး သေသေချာချာ စဉ်းစားကြည့်လိုက်ရာ တွေးလေလေ ပို၍ သဘာဝကျလေလေ ဖြစ်နေသဖြင့် သက်ပြင်းချလိုက်၏။ “ဒါ ဘယ်လောက်တောင် အသိဉာဏ် မပွင့်လင်းလိုက်တာလဲ။”
“လက်ရှိမှာ ကျုပ်တို့ အမြန်ဆုံး နန်းတော်ထဲ ဝင်ပြီး လူကို ကယ်ထုတ်တာကမှ အမှန်ကန်ဆုံး လမ်းကြောင်းပဲ။” လိုင်ကော်အာက ပြောလိုက်သည်။
“ကောင်းပြီ။ မင်း ငါနဲ့အတူ ကြာ့ဝေးမြို့စားကြီးကို သွားတွေ့ပြီး ရှင်းရှင်းလင်းလင်း မေးမြန်းရမယ်။”
...
နန်းတော်၏ အတွင်း၌ ကြာ့ဝေးမြို့စားကြီးမှာ စောစောကတည်းက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်၏။
ကျိန့်ဟွေ့က လိုင်ကော်အာကို ခေါ်ဆောင်လျက် ကြမ်းကြုတ်သော အရှိန်အဝါများဖြင့် ရောက်ရှိလာချိန်တွင် ကြာ့ဝေးမြို့စားကြီးသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ထားပြီး မျက်နှာတစ်ခုလုံး အပြုံးများ ပြည့်နှက်နေသည်။ “အရာရှိကျိန့် ... ကျုပ်ကို လာတွေ့တာ သိပ်ကို စိတ်လောနေပုံ ရတယ်၊ ဘာကိစ္စကြီးကြီးမားမား များ ရှိလို့လဲ။”
“ရှိတယ်။ လမ်းမပေါ်မှာ ခင်ဗျားတို့ သတင်း ထုတ်ပြန်ပြီး ကွပ်မျက်ချင်နေတဲ့ အဲဒီလူက ကျုပ်တို့ရဲ့ လူပဲ။ မြို့စားကြီး ... ခင်ဗျား ဒါ ဘာသဘောလဲ ဆိုတာ ကျုပ်ကို ရှင်းပြချက်တစ်ခု ပေးစမ်းပါ။” ကျိန့်ဟွေ့က မျက်နှာတည်ဖြင့် ပြောလိုက်၏။
တစ်ဖက်လူ၏ လေယူလေသိမ်းက အလွန် ကြမ်းတမ်းသော်လည်း ကြာ့ဝေးမြို့စားကြီးကမူ ဒေါသ မထွက်ချေ။ အဘယ်ကြောင့်ဆိုသော် မျက်စိရှေ့မှ ဤပုဂ္ဂိုလ်သည် နောင်တစ်ချိန် ရေတွက်၍ မကုန်နိုင်သော ဓနဥစ္စာများကို သယ်ဆောင်လာပေးနိုင်သောကြောင့်ပင်။
“မိတ်ဆွေ ... ကျုပ် ရှင်းပြတာကို နားထောင်ပါအုံး။ ဒါက အသင်းတော်က ချမှတ်တဲ့ ဆုံးဖြတ်ချက်ပါ၊ ဘုရင်မင်းမြတ် ဒါမှမဟုတ် ကျုပ်ရဲ့ ကိုယ်ပိုင် သဘောထား မဟုတ်ပါဘူး။ သူက အသင်းတော်ရဲ့ ဥပဒေကို ဖောက်ဖျက်ခဲ့တာ ဖြစ်တဲ့အတွက် ဒါတွေအားလုံးက ခံထိုက်တဲ့ အပြစ်ပေးမှုတွေပါပဲ။
ဒါပေမဲ့ မိတ်ဆွေတို့ ဒါကြောင့် ဒေါသထွက်ကြမယ် ဆိုတာကို ကျုပ် သိတယ်၊ ကျုပ်တို့ အချင်းချင်း အကြားက သင့်မြတ်မှုကိုလည်း မထိခိုက်စေချင်ဘူး။ ဒါကြောင့် ကျုပ်ရဲ့ ရွှေ၊ ငွေအချို့ကို နစ်နာကြေး အဖြစ် အထူး ပြင်ဆင်ပေးထားပါတယ် ... ပြီးတော့ မိတ်ဆွေတို့ ပင်လယ်ထွက်တဲ့အခါကျရင်လည်း အသင်းတော်က မိတ်ဆွေတို့အတွက် သာသနာပြု ပုဂ္ဂိုလ် နှစ်ရာကို ထည့်ပေးလိုက်ဖို့ ဆုံးဖြတ်ထားတယ်၊ တာ့ကျင်းဆီ သင်္ဘောနဲ့အတူ လိုက်ပါလာမှာပါ။”
ကျိန့်ဟွေ့၏ စိတ်ထဲတွင် လှုပ်ရှားသွားခြင်း မရှိချေ။ “အကယ်၍ ကျုပ်က လူကို မဖြစ်မနေ လိုချင်တယ် ဆိုရင်ရော။”
ကြာ့ဝေးမြို့စားကြီးက စိတ်မကောင်းစွာ ပြောလိုက်၏။ “ဒီအချက်ကိုတော့ ကျုပ် ကူညီပေးနိုင်စွမ်း မရှိလောက်ပါဘူး။ အဲဒီ သင်္ဘောသားက တကယ်ပဲ နတ်ဘုရားကို စော်ကားတဲ့ အပြစ်ကို ကျူးလွန်ခဲ့တာပါ။”
“မဖြစ်နိုင်ဘူး။ သူက ကျုပ်တို့ တာ့ကျင်းမှာ စာသင်၊ သီအိုရီ နားလည်ခဲ့တာ ... ဘယ်လိုလုပ် ကိုယ့်နိုင်ငံကို ပြန်ရောက်တာနဲ့ နတ်ဘုရားကို စော်ကားရာ ရောက်သွားရတာလဲ။”
“သူက ကျုပ်တို့ကို သိပ္ပံပညာအကြောင်း လာပြောနေတာကိုး။”
ကျိန့်ဟွေ့ ဒေါသ အထွတ်အထိပ်သို့ ရောက်သွား၏။ “သိပ္ပံပညာ … အဲဒါ အရမ်း ကောင်းမွန်တဲ့ ပစ္စည်း အစစ်အမှန်ကြီးဗျ။ ကျုပ်တို့ တာ့ကျင်း တစ်နိုင်ငံလုံးက သိပ္ပံပညာကို တွန်းအားပေး ထောက်ပံ့နေကြတာ။ ဘာလဲ ... ခင်ဗျားတို့ရဲ့ နတ်ဘုရားနဲ့ ပဋိပက္ခ ဖြစ်နေလို့လား။”
ကြာ့ဝေးမြို့စားကြီးက ခေါင်းခါလိုက်သည်။ “အရာရှိကျိန့် ... ကျုပ် တစ်ခွန်းတော့ မပြောမဖြစ် ပြောရလိမ့်မယ်။ တကယ့် ပစ္စည်းကောင်း အစစ်အမှန် ဆိုတာ ဘယ်တုန်းကမှ တွန်းအားပေး ထောက်ပံ့နေစရာ မလိုဘူး၊ သိပ္ပံပညာနဲ့ အသင်းတော်အကြားမှာ ပဋိပက္ခ ရှိသလား၊ မရှိဘူးလား ဆိုတာကိုတော့ ကျုပ် နားမလည်ဘူး။ ဒါပေမဲ့ စီးပွားရေးက စီးပွားရေးပဲလေ ... ဒါတွေက ကျုပ် တို့အကြားက သံယောဇဉ်ကို မထိခိုက်စေနိုင်ပါဘူး။”
“ဒါဆို ... ဆွေးနွေးလို့ မရတော့ဘူးပေါ့လေ။” ကျိန့်ဟွေ့က မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ကြာ့ဝေးမြို့စားကြီးသည် သက်ပြင်းဖွဖွ တစ်ချက် ချလိုက်ပြီး လိုင်ကော်အာ၏ အနီးသို့ ခြေနှစ်လှမ်း တိုးကပ်လာကာ တီးတိုး ပြောလိုက်သည်။ “လူလွှတ်ပေးဖို့ကတော့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေတို့နှစ်ဦး စဉ်းစားကြည့်ပါအုံး ... သေတာက လူတစ်ယောက်တည်းပါ၊ ပြီးတော့ ကျုပ်တို့ ဖေးခါ နိုင်ငံသားလည်း ဖြစ်နေသေးတယ်။ အလေးအနက်ထားစရာ မလိုတဲ့ ကိစ္စလေး တစ်ခုကြောင့်နဲ့ နှစ်နိုင်ငံ မိတ်ဆွေ သံယောဇဉ်ကို ထိခိုက်တာ၊ ကျုပ်တို့ မိတ်ဆွေ အချင်းချင်းရဲ့ သံယောဇဉ်ကို ထိခိုက်တာ ... သင့်တော်ပါ့မလား။”
ကျိန့်ဟွေ့၏ ကျားမျက်လုံးများမှာ စက်ဝိုင်းကဲ့သို့ ပြူးကျယ်သွား၏။ “ကိစ္စလေး။ သူက ခင်ဗျားတို့ နိုင်ငံသား ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာကို သူ ကိုယ်တိုင် ဆုံးဖြတ်ရမှာ၊ သူက ဘာအဆင့်အတန်းလဲ ဆိုတာကို ခင်ဗျား သိလား။ သူက ကျုပ်တို့ တာ့ကျင်းရဲ့ ကျင်းယီဝေ လုပ်ခဲ့ဖူးသူပဲ ... ခင်ဗျား ကျင်းယီဝေကို သတ်ရဲတယ် ဆိုတာ ကျုပ်တို့ တာ့ကျင်းရဲ့ မျက်နှာကို ရိုက်တာပဲ။
ခင်ဗျားတို့ အသင်းတော်မှာ ဘာ ခွေးချေး နတ် သရဲ ဆိုတဲ့ ပစ္စည်းတွေ ရှိနေသေးလဲ ဆိုတာကို ကျုပ် ဂရုမစိုက်ဘူး ... နောက်ဆုံး အကြိမ်အဖြစ် သတိပေးလိုက်မယ်၊ လူကို ကျုပ်တို့ဆီ အမြန်ဆုံး ပြန်ပေးစမ်း။”
လိုင်ကော်အာ ဆိတ်ဆိတ် နေလိုက်၏။
အစ်ကိုကျိန့် ဒေါသကြောင့် ခေါင်းမိုက်သွားပြီ။
သူတို့နှစ်ယောက်တည်း သူများ နယ်မြေပေါ်မှာ လာပြီး ရမ်းကားနေတာ ... တစ်ယောက်က ရာချီ ရင်ဆိုင် တိုက်ခိုက်နိုင်ရင်တောင် ဖောက်ထွက်လို့ ရနိုင်မှာ မဟုတ်ဘူး။
“ဘာသာပြန်လေ ... ဘာလို့ အခုထိ ဘာသာမပြန်သေးတာလဲ။” ကျိန့်ဟွေ့က လှမ်း၍ တိုက်တွန်းလိုက်သည်။
လိုင်ကော်အာက ဘာသာပြန်ပေးလိုက်၏။ “ကြာ့ဝေးမြို့စားကြီး ... အကယ်၍ အသင်းတော်က သူ့ကို မဖြစ်မနေ သတ်ဖို့ ဆုံးဖြတ်ထားတယ် ဆိုရင်တော့၊ မိတ်ဆွေတို့ရဲ့ နိုင်ငံက အသင်းတော်ကနေ ကျုပ်တို့အတွက် ထည့်ပေးမဲ့ သာသနာပြု ပုဂ္ဂိုလ်တွေကို ရွှေအဖြစ် ပြောင်းလဲပေးဖို့ မျှော်လင့်ပါတယ်။ ပြစ်ဒဏ် စီရင်မဲ့ နေ့ရက်ကျရင် ကျုပ်တို့လည်း သွားပြီး ကြည့်ရှုချင်ပါတယ်။
ပြီးတော့ အခြေအနေ ပြောင်းလဲနိုင်မဲ့ နေစရာ နေရာလေး ရှိသေးတယ် ဆိုရင် မစီရင်ခင်မှာ ငါတို့ဆီ လူလွှတ်ပြီး ဆက်သွယ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒီနေ့တော့ ကျုပ်တို့ အရင် ပြန်ပါအုံးမယ်၊ ခွင့်ပြုပါအုံး။”