အခန်း ၅၃၅
Vol. 29 Ch. 535
အခန်း (၅၃၅) ဖန်ထန်ကျင့် ရောက်လာပြီ။
ချူအိမ်တော် … ဧည့်ခန်းမဆောင် အတွင်း။
လူတစ်ယောက်က အလယ်တွင် တည်ငြိမ်စွာ ထိုင်နေသည်။ သူ၏ ပါးရိုးများက ထင်ရှားနေပြီး နှုတ်ခမ်းဘေးမှ အရေးအကြောင်းများကလည်း နက်ရှိုင်းနေကာ မျက်နှာအမူအရာက အနည်းငယ် မှိုင်းညို့နေ၏။ သ
ူ၏ ဘေးတွင် ရပ်နေသူမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသော လုရှို့ဝမ် ပင် ဖြစ်သည်။
ချူတယ်ယွင်က ဘေးမှနေ၍ ယခုမှ ဖျော်လာသော လက်ဖက်ရည်ကို ကမ်းပေးကာ ဖားယားသော လေသံဖြင့် ပြောလိုက်၏။ “သခင်ကြီးလု၊ ကျုပ်တို့ကြားမှာ သေချာပေါက် နားလည်မှုလွဲတာ တစ်ခုခု ရှိနေပါလိမ့်မယ်၊ လူမှားသွားတာများလား။
ကျုပ်တို့ နှစ်မိသားစုက ပုံမှန်လည်း အဆက်အသွယ် ရှိနေကြတာပဲ၊ အစေခံ တစ်ယောက်က လုသခင်လေးကို ရိုက်ရဲလောက်အောင် အဲဒီလောက် သတ္တိကြီးပါ့မလား။”
သခင်ကြီးလုက မုတ်ဆိတ်ကို ပွတ်သပ်နေရင်း ထိုစကားကို ကြားသောအခါ လှုပ်ရှားမှု ရပ်တန့်သွား၏။
သူလည်း ချူအိမ်တော်မှ အစေခံ တစ်ယောက်က သူ့သားကို ရိုက်ရဲမည်ဟု မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။
သို့ပေမည့် လုရှို့ဝမ် ပျောက်သွားသည်မှာ နှစ်ရက်တောင် ရှိခဲ့သည်။ အိမ်မှ လူလွှတ်ပြီး လိုက်ရှာတော့ လမ်းပေါ်မှာ အိမ်ပြန်ဖို့ တွားသွားနေသည်ကို တွေ့ခဲ့ရဩ။
အိမ်သို့ပြန်ရောက်သောအခါ အစပိုင်းတွင် မည်သို့ဖြစ်ခဲ့သည်ကို လုံးဝ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ချေ။ ထို့နောက် ထမင်းစားပြီးချိန် ကျင်ကြီးကျင်ငယ်များ ထွက်ကျလာမှသာ အရာအားလုံးကို ဖွင့်ဟဝန်ခံတော့သည်။
အသေးစိတ်အကြောင်းအရာများကို သိရှိလိုက်ရသောအခါ ထိုနေရာတွင်ပင် ဒေါသသူပုန်ထကာ သွေးဆောင့်တက်မတတ် ဖြစ်သွားရသည်။ ဒေါသပြင်းထန်လွန်းလှသဖြင့် အိမ်ရှိ အစေခံတစ်ဦးကိုပင် ရိုက်သတ်ကာ ဒေါသဖြေခဲ့ရသေး၏။
ထို့ကြောင့် နံနက်စောစောအချိန်တည်းက လူများကိုစုရုံးကာ ချူအိမ်တော်သို့ ပြဿနာလာရှာခြင်း ဖြစ်၏။
“ကျုပ်သားက ခင်ဗျားတို့ရဲ့ အစေခံ တစ်ယောက်ကို အပြစ်ရှာပြီး စွပ်စွဲလိမ့်မယ်လို့ ထင်နေတာလား။ ချူတယ်ယွင် .. ခင်ဗျားကို မျက်နှာသာ မပေးဘူးလို့ မထင်နဲ့။ ကျုပ် ဒီလောက် ကြာကြာ စောင့်နေတာ ခင်ဗျား ကျုပ်ကို ဘယ်အချိန်အထိ ထပ်စောင့်ခိုင်းအုံးမလို့လဲ။” သခင်ကြီးလုက လက်ဖက်ရည်ခွက်ကို မယူဘဲ ပြင်းထန်စွာ ဆူပူလိုက်၏။
“သခင်ကြီးလု၊ နာမည်တူတဲ့သူတွေက လောကကြီးမှာ အများကြီး ရှိပါတယ်...”
“ဖြန်း။”
ချူတယ်ယွင် စကားမဆုံးခင်မှာပင် သခင်ကြီးလုက သူ့ပါးကို တစ်ချက် ရိုက်ချလိုက်သည်။
ချူသခင်လေးက ပြည့်တန်ဆာရုံမှ ပြန်ဆွဲခေါ်လာခံရပြီး အိပ်ရေးမဝသေးသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း သတိဝင်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွား၏။
မူလက ဘေးတွင် ကြောက်လန့်တကြား ပုန်းနေသော ချူယိုယီက ကြောင်ကလေး တစ်ကောင်ကဲ့သို့ ဖြစ်နေရာမှ အလန့်တကြား အော်ဟစ်လိုက်သည်။ “အဖေ။”
ပြောပြီးသည်နှင့် ရှေ့တိုးရန် ပြင်လိုက်၏။
“ရှေ့မတိုးနဲ့။”
ချူတယ်ယွင်က တဖြည်းဖြည်း နီရဲရောင်ရမ်းလာသော ပါးကို အုပ်ကာ ချူယိုယီကို အလျင်အမြန် တားလိုက်သည်။
သခင်ကြီးလု၏ အကြည့်များက သူမထံသို့ ရောက်သွားပြီး မျက်လုံးများတွင် ရွံရှာသည့် အရိပ်အယောင်များ ပေါ်လာ၏။ “ဖန်ထန်ကျင့် ဆိုတာ သူ့ရဲ့ စာဖတ်အစေခံလား။ ကုန်သည်သမီး တစ်ယောက်က ကျောင်းသွားတက်ဖို့ မတန်ဘူး။ ခင်ဗျားတို့ ချူမိသားစုက တကယ်ကို အရှက်မဲ့လွန်းတယ်။
ရှို့ဝမ်က မင်းကို မျက်စိကျတာ မင်းရဲ့ ကံကောင်းမှုပဲ။ အရှက်မရှိတဲ့ ကောင်မ … ဘေးနားမှာ နေ့တိုင်း ယောက်ျားတစ်ယောက်ကို ခေါ်ထားရသလား။”
“ရှင် လျှောက်မပြောနဲ့။”
ချူယိုယီ၏ မျက်လုံးများ ချက်ချင်း နီရဲသွားပြီး သခင်လေးလုကို ကြည့်လိုက်ရာ၊ ဘေးနားရှိ လုရှို့ဝမ်ကလည်း သူမကို ဒေါသတကြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။
ဟိုနေ့က ဆေးအရက်သောက်ပြီး ဒီဟာမ ဖန်ထန်ကျင့်ကို အော်ခေါ်ခဲ့တယ်၊ နောက်တော့ ဖန်ထန်ကျင့် သူ့ကို ခေါ်သွားတာ။ သူတို့နှစ်ယောက်ကြားမှာ ဖောက်ပြန်နေတာ သေချာနေပြီပဲ။ ဒီလိုကောင်မကို ငါ သဘောကျမိသေးတယ်။
ထိုသို့ တွေးမိပြီး လုရှို့ဝမ်က ချူယိုယီကို ရွံရှာစွာ ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။ “ခွေးကောင်မ။”
ချူယိုယီ၏ ခေါင်းထဲတွင် ဂျိန်းခနဲ မြည်သွားပြီး မျက်ရည်များက မျက်လုံးအိမ်မှ စီးကျလာသည်။
“သခင်လေးလုက ဘာလို့ စကားကို အဲဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောရတာလဲ။ အထူးသဖြင့် မိန်းကလေး တစ်ယောက်ကိုလေ။” ချူချင်ဟန်က လူအုပ်ထဲမှ ထွက်လာခဲ့၏။
သူမက မနက်စောစောတည်းက အပြင်ဘက် ဆိုင်တွင် အလုပ်များနေခဲ့ပြီး၊ သတင်းရသည်နှင့် ချက်ချင်း အပြေးအလွှား ပြန်လာခဲ့ရသဖြင့် နဖူးတွင် ချွေးစေးလေးများ ထွက်နေသည်။
သို့ပေမည့် သခင်လေးလု အရှေ့တွင် ရပ်လိုက်သောအခါ တည်ငြိမ်မှုကို ထိန်းထားနိုင်ဆဲ ဖြစ်၏။
သခင်လေးလုက အနည်းငယ် မှင်တက်သွားပြီး ချူချင်ဟန်၏ လှပသော မျက်နှာလေးကို ကြည့်ကာ တစ်ခဏမျှ စိတ်လွင့်သွားသော်လည်း ချက်ချင်း လှောင်ပြုံး ပြုံးလိုက်သည်။ “ခင်ဗျားက ချူချင်ဟန် လား။ ကျုပ် ကြားဖူးပါတယ်၊ ခင်ဗျားကလည်း ပညာတတ် မိန်းကလေး တစ်ယောက်ပဲလို့။
ဟွန့် .. မိန်းမ တစ်ယောက်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်တယ်၊ တစ်နေ့ကုန် အပြင်ထွက်ပြီး မျက်နှာပြနေတယ်။ အခု ခင်ဗျားညီမကလည်း ကျောင်းတက်ပြန်ပြီ ... ခင်ဗျားက သူ့ကို ခင်ဗျားလို ဖြစ်စေချင်နေတာလား။ ခင်ဗျားတို့ ချူမိသားစုက အရှက်မရှိတဲ့ မိန်းမတွေကိုပဲ မွေးထုတ်နေတာလား။”
ထိုသားအဖ နှစ်ယောက်က တွေ့သည်နဲ့ လူပုဂ္ဂိုလ်ကို စတင် တိုက်ခိုက်နေကြရာ ချူချင်ဟန်၏ ကိုယ်ကျင့်တရားက မည်မျှ ကောင်းမွန်နေပါစေ စိတ်ထဲတွင်တော့ အနည်းငယ် ဒေါသထွက်လာခဲ့၏။
သို့ပေမည့် သခင်လေးလု၏ စာမေးပွဲအောင်ထားသော အဆင့်အတန်းကို တွေးမိပြီး အတင်း အောင့်အည်း ထားလိုက်သည်။
ထို့အပြင် ချူတယ်ယွင်ကလည်း ဘေးမှ ဆွဲထားသေးသည် မဟုတ်ပါလား။
ချူချင်ဟန်က လေပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဒေါသကို မြိုသိပ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “သခင်ကြီးလု … စေခံ တစ်ယောက်က လုသခင်လေးနဲ့ ပြဿနာ ဖြစ်ခဲ့တယ်ဆိုတာ ကျွန်မ ကြားပြီးပါပြီ၊ အခု သူ့ကို သွားရှာဖို့ လူလွှတ်ထားပါတယ်၊ သခင်ကြီးလု ခဏလောက် စောင့်ပေးပါ၊ ဒီနေ့ သေချာပေါက် ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးပါ့မယ် ယိုယီ .. ငါ့ နောက် လိုက်ခဲ့၊ နင့်ကို မေးစရာ ရှိတယ်။”
ပြောပြီးသည်နှင့် ချူယိုယီကို ဆွဲကာ နောက်လှည့်ထွက်သွားရန် ပြင်လိုက်သည်။
သခင်ကြီးလုက သူမ ပြောဆိုဆက်ဆံပုံ ယဉ်ကျေးပြီး ဟန်ပန်မပျက်သည်ကို မြင်သောအခါ ဘာမှ ပြန်မပြောနိုင်တော့ဘဲ နှာခေါင်းရှုံ့၍ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်၏။
အပြင်ဘက် ဝင်းထဲသို့ ရောက်သောအခါ ချူချင်ဟန်၏ မျက်မှောင်များ ကုတ်သွားပြီး ချူယိုယီကို မေးလိုက်သည်။ “မငိုနဲ့တော့။ မြန်မြန်ပြောပြစမ်း .. ဖန်ထန်ကျင့် ကိစ္စက ဘယ်လို ဖြစ်တာလဲ။”
ချူယိုယီက မျက်ရည်များကို ပေါက်ပေါက်ကျကျ ကျဆင်းနေဆဲ ဖြစ်ပြီး ချူချင်ဟန်၏ လေသံက တင်းမာနေသည်ကို ကြားသောအခါ မျက်ရည်များကို အလျင်အမြန် သုတ်ကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်မ... ချွန်းယွီရုံမှာ အရက်မူးသွားတယ်။ လုရှို့ဝမ်က ကျွန်မကို အတင်းအဓမ္မ လုပ်ချင်လို့၊ ဖန်ထန်ကျင့်က ကျွန်မကို ကယ်ဖို့ လူတစ်စု ခေါ်ပြီး သူ့ကို ရိုက်လိုက်တာ။”
“ချွန်းယွီရုံ။ အဲဒါ ပြည့်တန်ဆာရုံ မဟုတ်ဘူးလား။ နင်က ဘာလို့ ပြည့်တန်ဆာရုံကို သွားရတာလဲ။” ချူချင်ဟန်၏ မျက်နှာထား တဖြည်းဖြည်း အေးစက်လာသည်။
“ကျွန်မ... ကျွန်မ ပွဲသွားကြည့်တာပါ...” ချူယိုယီက တိုးညင်းစွာ ဖြေလိုက်၏။
“ဟိုနေ့က ဖန်ထန်ကျင့် နင့်ကို အိမ်ပြန်ပို့ပေးတာ၊ နင် သူ့ကို ဘာမှ မပြောခိုင်းတာလား။ ဒီကိစ္စကို ဘာလို့ စောစောကတည်းက မပြောပြရတာလဲ။”
“သူ... သူက ကျွန်မကို ပြန်ပို့ပေးတာ ဟုတ်ပါတယ်၊ ကျွန်မ သူ့ကို ဘာမှ မပြောခဲ့ပါဘူး... သူ ကိုယ်တိုင် ဖုံးကွယ်ထားတာ ဖြစ်မယ်။” ချူယိုယီက တစ်ခုခုကို သတိရသွားပုံရပြီး ပါးပြင်များ နီရဲလာကာ ပြောလိုက်သည်။
ချူချင်ဟန်က နဖူးကို လက်ဖြင့် ဖိကာ ခေါင်းကိုက်သွား၏။ “ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ။ ငါက လုသခင်လေးကို လူကောင်း တစ်ယောက်လို့ ထင်ပြီး နင် သူနဲ့ လက်ထပ်ရင် ကောင်းမယ်လို့ တွေးထားတာ။ အခု ဒီလို အခြေအနေ ရောက်သွားပြီဆိုတော့ သေချာ မဖြေရှင်းနိုင်ရင် ငါတို့ မိသားစု ဒုက္ခရောက်တော့မှာပဲ... အဲဒီ ဖန်ထန်ကျင့်ကလည်း သတ္တိ အရမ်း ကောင်းလွန်းတယ်၊ လုသခင်လေးကိုတောင် ရိုက်ရဲသေးတယ်။”
ချူယိုယီက ချက်ချင်း ကျယ်လောင်စွာ ငြင်းဆိုလိုက်သည်။ “ဘယ်သူက အဲဒီ တိရစ္ဆာန်ကို လက်ထပ်ချင်လို့လဲ။ ဖန်ထန်ကျင့်က ကျွန်မကို ကယ်ဖို့ လုပ်တာပါ... ပြီးတော့ သူက သာမန်လူ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။”
ချူချင်ဟန်က ဆက်မေးရန် ပြင်လိုက်စဉ် တံခါးပြင်မှ လူတစ်စု ရုတ်တရက် ဝင်လာပြီး အစောင့်များ၏ တားဆီးမှုကို ဂရုမစိုက်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အစိုးရရုံးက အမှုစစ်ဖို့ လာတာ၊ မြန်မြန် ဖယ်ကြစမ်း။”
ဒီနေ့ ဘာလို့ ဒီလောက် ပြဿနာတွေ များနေရတာလဲ... ချူချင်ဟန်က ဝင်လာသော ရဲမက်များကို ကြည့်ကာ စိတ်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာသည်။
“ယိုယီ .. နင် အခန်းထဲ အရင် ပြန်သွား၊ ပြဿနာ မရှင်းရသေးခင် မထွက်ခဲ့နဲ့။” ပြောပြီးသည်နှင့် နောက်လှည့်ကာ ရဲမက်များထံသို့ လျှောက်သွားလိုက်ပြီး မသိနားမလည်သေးသော ချူယိုယီကို ထားရစ်ခဲ့၏။
“ရဲမက်မင်းတို့ … ချူအိမ်တော်ကို ဘာကိစ္စများ ရှိလို့လဲ ရှင်။”
အလှလေးကို မြင်လိုက်ရသဖြင့် မူလက အလွန် ရိုင်းစိုင်းနေသော ရဲမက်များက ချက်ချင်း အသံပျော့သွားပြီး လက်သီးဆု်ပကာ ပြုံးလျက် ပြောလိုက်သည်။ “ဪ သခင်မလေးချူ ပါလား၊ ဒီနေ့ အထက်က အမိန့်အရ လာစစ်ဆေးတာပါ။ မြို့ထဲမှာ စစ်လက်နက်တွေ ခိုးဝှက် သိမ်းဆည်းထားတယ်လို့ ကြားလို့ လာရှာတာပါ။ သခင်မလေးက ချူအိမ်တော်ကို အုပ်ချုပ်နေတာ ဆိုတော့ သခင်မလေးပဲ ကျုပ်တို့ကို လိုက်ပြပေးပါလား။”
ချူချင်ဟန်၏ မျက်လုံးများတွင် ထိတ်လန့်မှု တစ်ချက် ဖြတ်ပြေးသွား၏၊ ကျိုးမိသားစုရဲ့ လူလေးယောက်က အစေခံ ဟန်ဆောင်ပြီး အိမ်ထဲမှာ ပုန်းနေတာလေ... ဘယ်လိုလုပ် တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်မှ လာစစ်ရတာလဲ။
“ရဲမက်မင်းတို့၊ ဒီနေ့ သိပ်အဆင်မပြေဘူး ထင်တယ်၊ သခင်ကြီးလု ရောက်နေလို့ပါ။” ချူချင်ဟန်က တိုးညင်းစွာ ပြောလိုက်သည်။
ရဲမက်က ကြားသည်နှင့် ရယ်မောလိုက်၏။ “ကိစ္စမရှိပါဘူး။ ဒီနေ့ ဘယ်သူ ရှိနေနေ စစ်ရမှာပဲ၊ သခင်ကြီးလု ဒီမှာ ရှိနေမယ်လို့ မထင်မှတ်ထားဘူး၊ ကျုပ် သူ့ကို သွားနှုတ်ဆက်လိုက်အုံးမယ်၊ သခင်မလေးက ကျုပ်နဲ့ လိုက်ခဲ့ပါ။”
ပြောပြီးသည်နှင့် အတွင်းဆောင်ဘက်သို့ ခြေလှမ်း စတင်လိုက်ရာ ချူချင်ဟန်ကလည်း အံကြိတ်ကာ အနောက်မှ လိုက်သွားရတော့သည်။
သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပင် ဖန်ကျန်းရီက သန်မာသော လူကြီးငါးယောက်နှင့် ရှဲ့ရှန်းကို ခေါ်ဆောင်ကာ မျက်နှာထား တင်းတင်းဖြင့် ဝင်လာ၏၊ ချူအိမ်တော် တံခါးစောင့်ကို ငွေအမြောက်အမြား ပေးလိုက်သဖြင့် ချက်ချင်း ပေးဝင်ခံသည်။
ညီအစ်ကို အများစုကတော့ လမ်းမများပေါ်တွင် သတင်းစုံစမ်းနေကြဆဲ ဖြစ်ပြီး အားလုံး စုရုံးရောက်ရှိရန် အချိန်အနည်းငယ် လိုအပ်ဦးမည်။
သို့ပေမည့် ကျိုးထျဲ့၊ လျန်ကွေ့ တို့ ပါလာသဖြင့် အသေးအဖွဲ ပြဿနာများကို ဖြေရှင်းရန် လုံလောက်သည်။
ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ဖန်ကျန်းရီက ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ချူယိုယီကို ချက်ချင်း မြင်လိုက်ရပြီး လက်ပြကာ ပြုံးလျက် ပြောလိုက်၏။ “ဒုတိယသခင်မလေး မတွေ့တာ ကြာပြီနော်။”
ချူယိုယီက ခြေဖျားကို ငေးကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေချိန်၌ ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
ဖန်ကျန်းရီကို မြင်လိုက်သည်နှင့် ချက်ချင်း ထိတ်လန့်သွားပြီး အပြေးအလွှား လာကာအတင်း တွန်းထုတ်ပြီး စိုးရိမ်တကြီး ပြောလိုက်၏။ “ရှင် ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ မြန်မြန်သွား၊ မြန်မြန် ထွက်သွားတော့။ လုရှို့ဝမ်က လူတွေ ခေါ်ပြီး ကလဲ့စားချေဖို့ လာနေတယ်။”