အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အပိုင်း (၃၉) ဝမ်းသာလွန်း၍ ငိုကြွေးခြင်း
ထိုစကားကို ကြားချိန်မှာတော့ ရှောင်ထောင် မျက်လုံးပြူးသွားခဲ့၏။ “ဘာလို့ ကလိထိုးရမှာလဲ။ သခင်လေး... သခင်လေးက သူ့ကို ဘာလို့ ဒီလိုတွေလုပ်နေတာလဲ။”
ဖန်ကျန်းရီက လျှာသပ်ကာ ပြောလိုက်၏။ “ကြည့်စမ်း... သူ သတိရရချင်း ငါ့ကို အရမ်း စိတ်ဝင်စားပြလာတယ်။ ငါ့ခန္ဓာကိုယ်ကို သိသိသာသာ စိုက်ကြည့်နေတော့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေနိုင်တယ်။ ငါ့ရဲ့ ရိုးသားမှုကို ကာကွယ်ရမယ်။ ဒီလောကမှာ ယောကျ်ားလေးတွေ အပြင်ထွက်ရင် အမြဲတမ်း သတိထားရမယ် ဆိုတာ မှန်တယ်ကွ။ ဟမ့်”
ပိုင်ရီ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားခဲ့သည်။
ရှောင်ထောင်က ဖန်ကျန်းရီကို ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ပြောလိုက်၏။ “ဒါဆို သခင်လေးက... သူ့ကို အနားမှာ ထားဖို့ စဉ်းစားနေတာလား။”
ဖန်ကျန်းရီသည်လည်း ပိုင်ရီ၏ လှပသော မျက်နှာလေးကို ကြည့်လိုက်မိ၏။ အနားတွင် ထားရှိရန် အနည်းငယ် တွေးတောမိကြောင်း ဝန်ခံရပေမည်။ ဤမျှ လှပသော အစေခံတစ်ယောက် ရှိခြင်းက မျက်စိပသာဒဖြစ်စေပြီး အပြင်ခေါ်သွားချိန်တွင်လည်း ဂုဏ်သိက္ခာကို များစွာ တက်စေမည်။
သေချာပေသည်။ ရှောင်ထောင်က အကောင်းဆုံးဖြစ်သည်။ သူရောက်လာလျှင်တောင် ဒုတိယအစေခံအဖြစ်ပဲ သတ်မှတ်၍ ရမည်။
သို့ပေမည့် ကျေးဇူးကန်းသော လီလုံကို မည်မျှ ရွံရှာမိကြောင်း စဉ်းစားကြည့်ချိန်မှာတော့ ဇာစ်မြစ်မသေချာသော လူများအပေါ် အလိုအလျောက် ဆန့်ကျင်ချင်စိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့၏။ အနည်းငယ် တွေးတောပြီးနောက် သူ လက်လျှော့ကာ ပြောလိုက်သည်။ “နေအုံး .. သူ့ကို ဆေးခန်းပဲ ပို့လိုက်ကြစို့။ သဘာဝအရ သူ နိုးလာမှာ မဟုတ်လောက်ဘူး။ ငါတို့ မနက်ဖြန် မြို့တော်ကို သွားကြမှာဆိုတော့ ဖျားနာနေတဲ့သူကို ခေါ်သွားလို့ မရဘူးလေ … ဟုတ်တယ်မလား”
စကားပြောပြီးနောက် ကျန်းပြောင်ကို ခေါ်သွားရန် ပြောလိုက်၏။ သို့သော်ငြား ပိုင်ရီ၏ လက်က ဖန်ကျန်းရီ၏ ဘောင်းဘီကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လွှတ်ပေးမည့်ပုံ မပေါ်ချေ။
ဖန်ကျန်းရီမှာ စိတ်ပျက်လက်ပျက်ဖြင့် ခြေထောက်ကို အကြိမ်အနည်းငယ် ခါယမ်းကြည့်သော်လည်း ခွာမရဖြစ်နေ၏။ သူမ၏ လက်ချောင်းများကို ဖြည်ရန် ထပ်မံကြိုးစားကြည့်သော်လည်း မမျှော်လင့်ဘဲ ဤမိန်းကလေး ၏ လက်ချောင်းများက အလွန် သန်မာနေခဲ့သည်။ ဖန်ကျန်းရီ ဖြည်၍ မရခဲ့ပေ။
သုံးယောက်သား အံ့အားတကြီးဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
ကျန်းပြောင်က ရှေ့သို့ ကိုင်းကာ ပြောလိုက်သည်။ “သခင်လေး... ကျုပ် လုပ်ပေးမယ်”
“မြန်မြန်လုပ်စမ်း... သူ့လက်ချောင်းတွေ ကျိုးမသွားစေနဲ့အုံးနော်။”
ဖန်ကျန်းရီသည် ကျန်းပြောင်၏ မွေးရာပါ ထူးကဲသော ခွန်အားကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးသည်။ ကျန်တာတွေ အသာထား၊ ငွေစတစ်ထောင်ကို တစ်နေကုန် သယ်ပြီး လမ်းပေါ်မှာ လျှောက်သွားနိုင်တာကတင် အောင်မြင်မှုတစ်ခုဖြစ်သည်။။ ကျင်းတိုင်းပြည်တွင် ဘယ်နှစ်ယောက်ကများ ထိုသို့လုပ်နိုင်သနည်း။
အခြားရွေးချယ်စရာ မရှိသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီသည် စိတ်ပျက်လက်ပျက်ဖြင့် ဆောင့်ကြောင့် ထိုင်လိုက်၏။ သူက ပိုင်ရီ၏ ပါးစပ်ကို လက်တစ်ဖက်ဖြင့် ပိတ်လိုက်ပြီး ကျန်လက်တစ်ဖက်မှ လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ ပိုင်ရီ၏ နှာခေါင်းပေါက်ထဲသို့ ထိုးထည့်လိုက်သည်။
မကြာမီမှာပဲ ချောင်းဆိုးသံများနှင့်အတူ သူမ၏ လက်များ လျော့ရဲသွားခဲ့၏။
ကျန်းပြောင်က လက်ခုပ်တီးရင်း ပြောလိုက်သည်။ “သခင်လေးကတော့ အကောင်းဆုံး အကြံဉာဏ်တွေ ရှိနေတုန်းပဲ။”
ဖန်ကျန်းရီက ပြောလိုက်၏။ “ဟားဟား .. ငါ့ ဆီကနေ သေချာ လေ့လာထား။ မင်းက အတွေ့အကြုံ မရှိသေးဘူး။”
ထိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချီးကျူးနေသည်ကို ရှောင်ထောင်က တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ ဤနှစ်များတစ်လျှောက်လုံး သူမ အသားမကျသေးပေ။ ရုံးတော်၏ နောက်ဖေးခြံဝန်းတွင် နေထိုင်သော တစ်ဦးတည်းသော ပုံမှန်လူ ဖြစ်သည့်အတွက် သူမ၏ ဘဝက တကယ်ပင် ခက်ခဲလှသည်။
ထထိုင်လိုက်ပြီးနောက် ပိုင်ရီ၏ ရင်ဘတ်က အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့၏။ သူမ ခေါင်းငုံ့ထားပြီး မျက်နှာက နီရဲနေကာ မျက်လုံးများတွင်လည်း မျက်ရည်များ ပြည့်နေသည်။ နေ့တစ်ဝက်အတွင်းမှာတင် ဘဝ၏ အကြီးမားဆုံးသော အရှက်ကွဲမှုများကို အကြိမ်အနည်းငယ် ကြုံတွေ့ခဲ့ရသည်။ နှင်ထုတ်ခံရခြင်း၊ မေတ္တာမရခြင်းနှင့် နောက်ဆုံး နှာခေါင်းပေါက်ထဲသို့ လက်ထိုးထည့်ထိုးခံရခြင်းပင်။
ဖန်ကျန်းရီ... ဟုတ်လား။ နောင်ကျရင် နင့်ကို အပိုင်းပိုင်း အတစ်တစ် သေချာပေါက် ခုတ်ထစ်ပစ်မယ်... ပြီးတော့ ဟိုအရူး ကျန်းပြောင်ရောပဲ။
ဖန်ကျန်းရီက အလွန် စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်၏။ “သတိရလာပြီလား သခင်မလေး ပိုင်ရီ။ လမ်းလျှောက်နိုင်သေးရဲ့လား”
သို့သော်ငြား ပိုင်ရီက ခေါင်းငုံ့ထားဆဲဖြစ်ပြီး အသက်ရှူပင် မဝချေ။ ဤအချိန်တွင် ဖန်ကျန်းရီ တစ်ခုခု မှားယွင်းနေကြောင်း သိသွားမည်ကို စိုးရိမ်သောကြောင့် ခေါင်းမော့မကြည့်ရဲပေ။
အချိန်အတော်ကြာပြီးနောက် သူမသည် မျက်ရည်များဖြင့် ပြိုလဲကျသွားကာ ငိုကြွေးရင်း ပြောလိုက်သည်။ “မြို့ဝန်မင်းဖန်... အရှင် ကျွန်မကို နောက်တစ်ကြိမ် ကယ်တင်ပေးခဲ့ပြန်ပြီ... ဒီပြည်သူရဲ့ ကျေးဇူးကြွေးကို ဆပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက အရှင့်ရဲ့ အစေခံအဖြစ် အလုပ်အကျွေးပြုဖို့ပါပဲရှင် …
ကျွန်မရဲ့ မိဘတွေကလည်း ဆုံးပါးသွားခဲ့ပါပြီ။ အခု ကျွန်မမှာ တကယ်ကို သွားစရာ နေရာမရှိတော့ပါဘူး။ ကျွန်မ ဆန္ဒရှိတာက မြို့ဝန်မင်းဖန်ရဲ့ အနားမှာနေပြီး ကျေးဇူးဆပ်ဖို့ပါပဲ။
ကောင်းကင်ဘုံက ကျွန်မမိဘတွေရဲ့ ဝိညာဉ်တွေကို ငြိမ်းချမ်းခွင့်ပေးပါ... အရှင်က ကျွန်မကို မနှိမ်ဘဲ အတူ ခေါ်သွားမယ်လို့ မျှော်လင့်ပါတယ်။”
စကားပြောပြီးနောက် ပိုင်ရီက ခေါင်းမော့ကာ ဖန်ကျန်းရီကို မျက်ရည်များဖြင့် ကြည့်လိုက်၏။
ဖန်ကျန်းရီက ခိုင်လုံသော အကြောင်းပြချက်ဖြင့် ပြောလိုက်သည်။ “အဲဒါ မလိုပါဘူး။ သခင်မလေးပိုင်က ကျုပ်ရဲ့ ကျေးဇူးကြွေးကို တကယ်ဆပ်ချင်တယ် ဆိုရင် တောက်ယွမ်ခရိုင်မှာ အလုပ်တစ်ခု ရှာလုပ်ပါလား။ ဒီခရိုင်မှာ အခွန်ဆောင်တာလောက် ဂုဏ်ယူစရာကောင်းတာ ဘာမှ မရှိဘူးလေ။
ပြီးတော့ ရုံးတော် အလုပ်တွေက ပိုက်ဆံသိပ်မရဘူး။ အမျိုးသမီးတွေနဲ့ သင့်တော်တဲ့ အလုပ် အရေအတွက်ကလည်း နည်းတယ်။ တောက်ယွမ်ခရိုင်မှာ ချည်ငင်တဲ့ အလုပ်တစ်ခု ရှာတာ ပိုကောင်းလိမ့်မယ်။ အဲဒါဆို ခင်ဗျားရဲ့ ဆေးဖိုးအကြွေး မြန်မြန် ဆပ်နိုင်လိမ့်မယ်။
ခင်ဗျားရဲ့ အထောက်အထားနဲ့ နေထိုင်ခွင့် မှတ်ပုံတင်ဖို့ ကျုပ် အခမဲ့ ကူညီပေးမယ်”
ဖန်ကျန်းရီသည် တောက်ယွမ်ခရိုင်၏ လူသားဆန်သော အုပ်ချုပ်မှုကို ပြသရန် 'အခမဲ့' ဆိုသော စကားလုံးကို အထူးအလေးပေး ပြောလိုက်၏။
ပိုက်ဆံ... ပိုက်ဆံ... ပိုက်ဆံ။ အရင်ဘဝက ဆင်းရဲမွဲတေပြီး သေခဲ့တာလား။ စကားသုံးခွန်း ပြောရင် အားလုံးက ပိုက်ဆံအကြောင်းချည်းပဲ။
ပိုင်ရီမှာ ပြိုလဲလုမတတ် ဖြစ်သွားရ၏။ ဤဖန်ကျန်းရီသည် အလွန် ရှင်းလင်းလှသည်။ ပိုက်ဆံမှလွဲ၍ မည်သည့်အရာကိုမှ စိတ်မဝင်စားသကဲ့သို့ပင်။ သွေးရန်သူများကို နက်နက်ရှိုင်းရှိုင်း မုန်းတီးမှုသာ မရှိလျှင် ယခုအချိန်တွင် သူမ အလိုချင်ဆုံးအရာမှာ ဤငွေမက်သောသူထံမှ ထွက်ပြေးပြီး နောက်ဘယ်တော့မှ ပြန်မတွေ့ရန်ပင် ဖြစ်သည်။
သို့သော်ငြား ကံမကောင်းစွာဖြင့် သူမ၏ ရည်ရွယ်ချက်အတွက် ရင်ထဲမှ ဒေါသကို ဖိနှိပ်ထားရပြီး ဝမ်းနည်းစွာဖြင့် ဆက်ပြောလိုက်၏။
“အရှင်... ကျွန်မရဲ့ ဖခင်က ငယ်စဉ်တည်းက ကျေးဇူးသိတတ်ဖို့နဲ့ ကောင်းမွန်မှုကို တုံ့ပြန်ဖို့ သွန်သင် ပေးခဲ့ပါတယ်။ မြို့ဝန်မင်းဖန်က ကျွန်မကို ဘဝသစ်တစ်ခု ပေးခဲ့တာပါ။ အကယ်၍ ကျွန်မက အရှင့်ကို အလုပ်အကျွေး မပြုနိုင်ဘူးဆိုရင် ကောင်းကင်ဘုံက မိဘတွေရဲ့ ဝိညာဉ်တွေ ငြိမ်းချမ်းခွင့်ပေးမှာမဟုတ်ဘူးလို့ စိုးရိမ်မိပါတယ်ရှင်...”
ဖန်ကျန်းရီက ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး... သူတို့ လူ့လောကထဲ ပြန်ဝင်စားလာလိမ့်မယ်။”
“ရှင်...” ပိုင်ရီ ရုတ်တရက် စိတ်လွတ်သွားပြီး ထဆဲချင်စိတ်ပေါက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် အသိစိတ် နည်းနည်း ဝင်လာချိန်တွင် လျှာဖျားကို ပြင်းပြင်းထန်ထန် ကိုက်လိုက်မိ၏။ သံချေးနံ့လို ချိုအီအီ အရသာက ပါးစပ်ထဲတွင် ဖြည်းညှင်းစွာ ပျံ့နှံ့သွား၏။
ပိုင်ရီသည် အံကြိတ်ကာ မိမိကိုယ်ကို အဆက်မပြတ် အားပေးနေခဲ့၏။ နင် လုပ်နိုင်ပါတယ်။ နင် လုပ်နိုင်ပါတယ်။ နင့်ရဲ့ ဂုဏ်သိက္ခာ အများစုကို ဆုံးရှုံးခဲ့ရပြီးပြီပဲ။ အကယ်၍ အဆင်မပြေခဲ့ရင် နင့်ရဲ့ အရင် ကြိုးစားမှုတွေ အလဟဿ ဖြစ်မသွားဘူးလား။
ပိုင်ရီသည် စိတ်ကို ခိုင်မာစွာထားပြီး ဖန်ကျန်းရီရှေ့တွင် ဒူးထောက်ကာ ခေါင်းကို အသံမြည်အောင် ဆောင့်ချ လိုက်၏။ “တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ရှင်...”
ဖန်ကျန်းရီနှင့် အခြားနှစ်ယောက် အံ့အားသင့်သွားကြ၏။ အဘယ့်ကြောင့် ဤမျှအတင်းကြီး ဖြစ်နေရသနည်း။
ဖန်ကျန်းရီသည် ပြင်းထန်သော ခံစားချက်ကို မထိန်းချုပ်နိုင်တော့ချေ။ ဤမျှ ရှားပါးလှသော အလှတရားပိုင်ရှင်ကို ဒူးထောက်ခစားစေနိုင်လောက်သည်အထိ သူထံတွင် မည်သို့သော ဘုန်းကံသီလ သို့မဟုတ် စွမ်းရည်မျိုး ရှိနေသနည်း။
“ကံမကောင်းစွာနဲ့ပဲ သခင်မလေးပိုင်... အဲဒါ မလိုပါဘူး။ ကျုပ်က ခင်ဗျားရဲ့ ဆေးဖိုးတွေကို ပေးပါ့မယ်...”
“…...”
ရှောင်ထောင် ထပ်သည်းမခံနိုင်တော့ချေ။ သူ့ရှေ့ရှိ မိန်းကလေးသည် သူနှင့် အသက်အရွယ်တူပြီး အလားတူ အတွေ့အကြုံမျိုး ရှိခဲ့သည်။ ပိုင်ရီ၏ နာကျင်မှုက သူ့အပေါ် ရောင်ပြန်ဟပ်နေ၏။ ရှောင်ထောင်က ဖန်ကျန်းရီ၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။ “သခင်လေး... ဘာလို့ သူ့ကို ခေါ်မသွားတာလဲ။ ကျွန်မက အရမ်း အလုပ်များနေတော့ လူတစ်ယောက် ပိုလာတာ ပိုကောင်းတာပေါ့။”
“...”
ဖန်ကျန်းရီသည် ခေါင်းထဲတွင် အခြေအနေများကို ချိန်ဆနေခဲ့၏။ ဖြစ်နိုင်တာက... သူ အတွေးလွန်နေခြင်းလား။
ရှောင်ထောင်အတွက် လက်ထောက်တစ်ယောက် လိုအပ်နေခြင်းမှာ ကောင်းမွန်သော ကိစ္စတစ်ရပ်ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် တကယ်ပင် အလုပ်များခဲ့ရသည်။ တောက်ယွမ်ခရိုင် စတင်လည်ပတ်ပြီးနောက်ပိုင်းတွင် သူသည် မည်သည့်အရာကိုမျှ သေချာစွာ မစီမံနိုင်လောက်အောင် ဖြစ်ခဲ့ရပြီး တာဝန်အားလုံးကို ရှောင်ထောင်အပေါ်သို့သာ လွှဲချထားခဲ့မိသည်။ လူငယ်ဘဝ အချိန်ကာလ၌ အားလပ်ချိန်မရဘဲ ရုံးတော်ကိစ္စများကို တစ်နေ့တာလုံး ကူညီလုပ်ကိုင်ပေးနေရကာ ကစားဖော်ပင်မရှိရှာသော ထိုမိန်းကလေးအပေါ် သူ အလွန်ပင် ကျေးဇူးတင်နေမိသည်။ ဖြစ်နိုင်သည်မှာ ရှောင်ထောင်အနေဖြင့် သူငယ်ချင်းတစ်ယောက် ရရှိလိုသည့် ဆန္ဒက ပို၍ပင် ကြီးမားနေနိုင်သည်။
အခြေအနေများကို ချိန်ဆပြီးနောက် ဖန်ကျန်းရီက ပိုင်ရီကို ကြည့်ကာ ပြောလိုက်၏။ “သခင်မလေးပိုင်... ခင်ဗျားက ကျုပ်တို့ဆီမှာပဲ ကျေးဇူးကြွေးဆပ်ဖို့ တင်းခံနေမှတော့ ကျုပ် ငြင်းစရာ အကြောင်းမရှိတော့ပါဘူး။
အခုကစပြီး ခင်ဗျားက ရှောင်ထောင်ရဲ့ အစေခံဖြစ်သွားပြီ။ ရှောင်ထောင်ကို ကျုပ်ရဲ့ အစေခံလို့ မထင်နဲ့။ သူက ကျုပ်ရဲ့ ညီမလေးအရင်းလိုပဲ။ အခုကစပြီး ခင်ဗျား ကြိုးကြိုးစားစား အလုပ်လုပ်ရမယ်။ သူ ခိုင်းတာမှန်သမျှကို လုပ်ရမယ်။
ခင်ဗျားရဲ့ လစာက ငွေဒင်္ဂါး သုံးပြား ဖြစ်မယ်။ အရင် ဆေးဖိုးတွေကို လစာထဲကနေ ဖြတ်မယ်။ သဘောတူလား”
အစေခံရဲ့ အစေခံတဲ့လား။ ပြီးတော့ သောက်ကျိုးနည်း ဆေးဖိုး။ ဆေးဖိုးမပေးရဘူးဟု စောနကလေးတင် သူပဲ ပြောခဲ့သည် မဟုတ်လား။
ပိုင်ရီက ထပ်မံ ခေါင်းငုံ့လိုက်ပြီး လက်သီးကို တင်းကြပ်စွာ ဆုပ်ထားသောကြောင့် လက်သည်းများက အသားထဲသို့ စိုက်ဝင်သွားခဲ့၏။ သို့သော် မျက်ရည်မကျတော့ချေ။ မျက်ရည်များက ခန်းခြောက်သွားပြီဖြစ်ကာ ရှိုက်သံများကိုသာ ကြားနေရသည်။
ဖန်ကျန်းရီက မေးလိုက်၏။ “ဘာလို့ ငိုနေတာလဲ။ အဲဒါက 'ဟုတ်ကဲ့' လား... 'ဟင့်အင်း' လား”
“ကျွန်မ ဝမ်းသာလွန်းလို့ မျက်ရည်ကျနေတာပါရှင်။ ကျွန်မ လက်ခံပါတယ်။ လက်ခံပါတယ်။”
အပိုင်း (၄၀) စည်းမျဉ်းစည်းကမ်း
ပိုင်ရီသည် သဘောတူပြီးသည်နှင့် တစ်ပြိုင်နက် သတိလစ်သွား၏။
ဖန်ကျန်းရီက ခေါင်းခါရင်း ရယ်မောလိုက်သည်။ “သူ တကယ် ပျော်သွားတာကိုး။ အရမ်းပျော်လွန်းလို့ သတိတောင် လစ်သွားရှာတယ်။”
“ရှောင်ထောင်... အခုကစပြီး မင်းမှာ တာဝန်ရှိသွားပြီ။ အားလုံးကို မင်းပဲ စီစဉ်ပေးလိုက်တော့။ သူ့အတွက် အရင်ဆုံး အခန်းတစ်ခန်း ရှာပေးလိုက်။ ပြီးရင် သမားတော်ကို သွားခေါ်ချေ။ သူ့ကို ဒီအတိုင်း မြို့တော်ကို ခေါ်သွားရမလား မသိဘူး”
ထို့နောက် ဖန်ကျန်းရီသည် ရုံးတော်ရှိ လူအားလုံးကို ပြန်လည်ခေါ်ယူရန် ကျန်းပြောင်ကို အမိန့်ပေးလိုက်၏။ တောက်ယွမ်ခရိုင် ပုံမှန် လည်ပတ်နိုင်စေရန် သူ၏ ခရီးစဉ်နှင့် ပတ်သက်၍ အရာအားလုံးကို သေချာစွာ စီစဉ်ရမည်။
အကောင်းမြင်ဘက်မှ တွေးကြည့်လျှင် အနည်းဆုံး တစ်ပတ်တစ်ခါ ပြန်လာနိုင်မည် ဖြစ်သော်ငြား အဆိုးမြင်ဘက်မှ တွေးကြည့်ပါက လပေါင်းများစွာ ပြန်မလာနိုင်သည်လည်း ဖြစ်နိုင်ခြေရှိ၏။ မြို့တော်သို့ သွားပြီးနောက် ရှုပ်ထွေးသောအရာများကို ကျော်ဖြတ်ရမည်ဆိုပါက ထိုဖိအားကို သူ ခံနိုင်မည် မဟုတ်ချေ။ အဆောက်အအုံတစ်ခုကို တည်ဆောက်ရသည်ထက် ဖြိုဖျက်ရသည်က ပိုလွယ်ကူသည်။ တောက်ယွမ်ခရိုင်သည် သူ၏ ခုနစ်နှစ်တာ ကြိုးစားအားထုတ်မှု ရလဒ်ဖြစ်ပြီး ဖျက်ဆီး၍မရနိုင်သော အရာတစ်ခု ဖြစ်သည်။
မကြာမီမှာပဲ ရုံးတော်၏ ခန်းမဆောင်အတွင်း လူတစ်ရာကျော်ခန့် စုရုံးရောက်ရှိလာကြ၏။
ဖန်ကျန်းရီသည် စားပွဲနောက်ဘက် အမြင့်ပိုင်းတွင် ထိုင်ကာ ပြောလိုက်သည်။ “အားလုံးပဲ မင်္ဂလာပါ။ ဒီမြို့ဝန် မြို့တော်ကို သွားမယ့် သတင်းကို အားလုံး သိကြပြီလို့ ထင်ပါတယ်။
ဒီခရီးစဉ်ကြောင့် ခရိုင်ကနေ အချိန်တစ်ခုကြာ ဝေးကွာသွားမှာ ဖြစ်လို့ လာမယ့်ကာလတွေမှာ တောက်ယွမ်ခရိုင် ကို ခင်ဗျားတို့အားလုံးဆီ ယုံကြည်စွာ အပ်နှံခဲ့ရလိမ့်မယ်။
ကျုပ်ရဲ့ တောင်းဆိုချက်တွေကတော့ အရင်အတိုင်းပါပဲ။ ရုံးတော်က ဝန်ထမ်းအားလုံး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ကြရမယ်။ အမှုထမ်းတွေအနေနဲ့ ဥပဒေက တားမြစ်မထားတဲ့ အရာတွေကို လုပ်နိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ တကယ်လို့ အရာရှိတစ်ယောက်ယောက်က ယောကျ်ားတွေကို ညှဉ်းပန်းနှိပ်စက်တာ ဒါမှမဟုတ် မိန်းမတွေကို အနိုင်ကျင့်တာမျိုး လုပ်ရင် ကြိမ်ဒဏ်အချက်နှစ်ဆယ် အပြစ်ပေးပြီး တောက်ယွမ်ခရိုင်ကနေ နှင်ထုတ်ခံရလိမ့်မယ်။
မသန်စွမ်းသူတွေနဲ့ အားနည်းသူတွေကို အချိန်မီ ထောက်ပံ့ပေးကြ။ ဒါပေမဲ့ အရေးတကြီး လိုအပ်နေသူတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကိုပဲ ကူညီပေးရမယ်။ ပျင်းရိတဲ့သူတွေကို မကူညီနဲ့။ သူတို့ဘာသာ သူတို့ ရပ်တည်ပါစေ။
ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန... အမှားအယွင်း ဒါမှမဟုတ် ရာဇဝတ်မှု တစ်ခုခုရှိရင် ဥပဒေနဲ့အညီ စစ်ဆေးပါ။ အထူးညှဉ်းပန်းနှိပ်စက်မှုတွေကို အသုံးမပြုပါနဲ့။ ညှဉ်းပန်းနှိပ်စက်ပြီး ဝန်ခံခိုင်းတာမျိုး မလုပ်ရဘူး။ တကယ်လို့ ရာဇဝတ်မှုက နတ်ဘုရားတွေရော လူတွေပါ ခွင့်မလွှတ်နိုင်တဲ့ အရာမျိုးဆိုရင်တော့ အမြင့်ဆုံးပြစ်ဒဏ်က ကြိမ်ဒဏ် အချက်တစ်ရာပဲ။ ခေါင်းဖြတ်ခံရမယ့်သူတွေကိုလည်း ခေါင်းဖြတ်ပစ်ရမယ်။ ဒီမြို့ဝန်က ဘယ်လို အလုပ်လုပ်ရမယ်ဆိုတာကို အကြံဉာဏ်ဖလှယ်ဖို့ လက်လွှတ်ထားမှာ မဟုတ်ဘူး။
ခရီးသွားနေချိန်မှာလည်း ဒီမြို့ဝန်က မှတ်တမ်းတွေကို စစ်ဆေးနေမှာပဲ။
ပြည်သူ့လုံခြုံရေးဌာန... လမ်းတွေကို ကင်းလှည့်တဲ့အခါ သူစိမ်းတွေကို ဂရုစိုက်ပြီး သူတို့ရဲ့ အချက်အလက်တွေကို ချက်ချင်း မှတ်တမ်းတင်ထားပါ။ အထူးအခြေအနေမျိုးကလွဲလို့ သူတို့ကို အနှောင့်အယှက် မပေးပါနဲ့...”
“မြို့ဝန်မင်း... ကျုပ် တင်ပြစရာ တစ်ခုရှိပါတယ်”
ဖန်ကျန်းရီ၏ စကားများမှာ မပြီးဆုံးမီမှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ သေချာကြည့်လိုက်ချိန်မှာတော့ ပြည်သူ့လုံခြုံရေးဌာနမှ အဖွဲ့ခေါင်းဆောင်ငယ် ခယ်ရှောက် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
“ဘာကိစ္စလဲ။ ပြောစမ်း”
ခယ်ရှောက်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ “မြို့ဝန်မင်း... လွန်ခဲ့တဲ့ ရက်အနည်းငယ်က တောက်ယွမ်ခရိုင်ကို မျက်နှာစိမ်း ဆယ်ယောက်ကျော်လောက် ရောက်လာခဲ့ပါတယ်။ ကျွန်တော်တို့က ဒီလူစုကို နည်းနည်း ထူးဆန်းတယ်လို့ ထင်ခဲ့ပါတယ်။
အဲဒီနောက် ပြည်သူ့လုံခြုံရေးဌာနနဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနတို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ဒီလူတွေက တခြားနေရာက သူလျှိုတွေ ဖြစ်ပြီး မြို့တော်က လာတာကို တွေ့ရှိခဲ့ရပါတယ်။
ကျွန်တော်တို့ မကြာခဏ စစ်ဆေးမေးမြန်းပြီးတဲ့နောက်... သူတို့က မြို့တော်က လာတယ်လို့ ပြောပါတယ်... ဧကရာဇ်ရဲ့ ကိုယ်ရံတော်တွေတဲ့။ တောက်ယွမ်ခရိုင်ကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခံခဲ့ရတာပါတဲ့”
ဖန်ကျန်းရီ၏ ကျောပြင်တွင် ရုတ်တရက် ချွေးအေးများ ပျံလာခဲ့၏။
မြို့တော်မှ သူလျှိုများပင်။ တောက်ယွမ်ခရိုင်က ထိုသူတို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ ဤသို့ ဖြစ်ပျက်နေမှန်း သူ လုံးဝ မသိရှိခဲ့ချေ။ အကယ်၍ ထိုသူတို့သာ နန်းတော်မှ လာသူများ ဖြစ်နေပါက ပြဿနာ ကြီးပေတော့မည်။
“ဒီကိစ္စကို ဘာလို့ ကျုပ်တို့ဆီ သတင်းမပို့ကြတာလဲ” သူ မေးလိုက်သည်။
ခယ်ရှောက်သည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “မြို့ဝန်မင်း... ကျုပ်တို့က အရာအားလုံး ရှင်းလင်းသွားမှ သတင်းပို့ချင်လို့ပါ...။
အစတုန်းကတော့ သူတို့ လျှောက်ပြောနေတယ်လို့ ထင်ခဲ့တာပါ။ မြို့တော်က ဧကရာဇ်ရဲ့ ကိုယ်ရံတော်တွေက ဘယ်လိုလုပ် ကျုပ်တို့ဆီ အလွယ်တကူ အဖမ်းခံရမှာလဲ။ ဒါကြောင့် သူတို့ ကျုပ်တို့ကို လှည့်စားနေတယ်လို့ ထင်ခဲ့တာပါ...”
“အခု အဲဒီလူတွေ ဘယ်မှာလဲ။ မင်းတို့ တိတ်တဆိတ် ညှဉ်းပန်းနှိပ်စက်ထားသေးတာလား”
“သူတို့ ခရိုင်အကျဉ်းထောင်ထဲမှာပါ။ တရားမဝင်တာ ဘာမှ မလုပ်ခဲ့ပေမဲ့ တောက်ယွမ်ခရိုင်အကြောင်း သတင်းအချက်အလက်တွေ ရယူဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် ကျုပ်တို့က အထူးညှဉ်းပန်းနှိပ်စက်နည်းတွေကို မသုံးခဲ့ပါဘူး... ဒါပေမဲ့... ဒါပေမဲ့...”
ခယ်ရှောက်၏ ပါးပြင်ပေါ်သို့ ချွေးအေးများ ဖြည်းညှင်းစွာ စီးကျလာခဲ့၏။
“ဒါပေမဲ့ ဘာဖြစ်လဲ။ မြန်မြန်ပြောစမ်း” ဖန်ကျန်းရီသည် အလွန်ဒေါသထွက်လွန်းသောကြောင့် ရင်ဘတ်ထဲတွင် မီးဟုန်းဟုန်းတောက်နေသည့်အလား ခံစားလိုက်ရသည်။
ဤမျှ ကြီးမားလှသော အမှားကြီးသည် သူ၏ မျက်စိအောက်တွင်ပင် ဖြစ်ပျက်နေခဲ့ပေသည်။ ယခုအချိန်၌ သူသာ အလုပ်မများနေပါက၊ အားလုံး တန်းစီ၍ အရိုက်ခံရမည်မှာ အသေအချာပင် ဖြစ်၏။
“ကျုပ်တို့က တိုင်ယွမ်နို့လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို ရှာပြီး ငါးရက်ဆက်တိုက် သူတို့ကို သီချင်းဆိုပြခိုင်းခဲ့တာပါ။ နောက်ဆုံး မခံနိုင်တော့ဘဲ အားလုံး ဝန်ခံသွားကြပါတယ်။”
“…....”
ဖန်ကျန်းရီ ရယ်ချင်သွားခဲ့သည်။ သူ၏ လူများက တကယ်ကို အရည်အချင်းရှိကြသည်။ မာရ်နတ်၏ ဉီးနှောက်ဆေးခြင်း ကို လက်တွေ့အသုံးချခဲ့ကြ၏။ ဒီ ‘ဧကရာဇ်ကိုယ်ရံတော်’ ဆိုတဲ့အဖွဲ့က အတွေ့အကြုံမရှိတဲ့ လူသစ်အဖွဲ့ဖြစ်ပုံပင်။
ထို့နောက် သူက အံ့အားသင့်စွာဖြင့် မေးလိုက်၏။ “နို့လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ငါးရက်ဆက်တိုက် သီချင်းဆိုတာတောင် မပင်ပန်းဘူးလား”
ရှောင်ထောင်သည် မျက်လုံးများကို အလျင်အမြန် မှိတ်လိုက်၏။ သူ၏ သခင်လေးက အမြဲတမ်း ဤကဲ့သို့ပင်။ လုံးဝ နားလည်၍မရနိုင်သော အခြားကိစ္စများဆီသို့ လမ်းလွှဲသွားတတ်သည်။ ယခုအချိန် မေးရမည်မှာ ထိုသို့သော မေးခွန်းမျိုးမဟုတ်ပေ။
ခယ်ရှောက်က တဟားဟား ရယ်ကာ ပြောလိုက်၏။ “မပင်ပန်းပါဘူး။ အားလုံးက အဲဒီသီချင်းကို သိကြပေမဲ့ ဆိုင်ပိုင်ရှင်က အကောင်းဆုံး ဆိုနိုင်တယ်လေ။ အပြင်ဘက်မှာ သီချင်းလာဆိုတဲ့သူတွေကို ငွေပေးမယ်ဆိုပြီး ကြော်ငြာ ကပ်လိုက်တော့ ပြည်သူတွေက တန်းစီပြီး လာဆိုကြတာပါပဲ။
“ဒါနဲ့... မြို့ဝန်မင်း။ အဲဒီလူတွေကို ဘယ်လိုလုပ်ရမလဲ”
ဖန်ကျန်းရီသည် ရုတ်တရက် ဒေါသထွက်လာသောကြောင့် နားထင်များကို ပွတ်သပ်လိုက်သည်။
“တခြား ဘာလုပ်လို့ရအုံးမှာလဲ။ သူတို့ကို လွှတ်ပေးလိုက်။ အစားအသောက်ကောင်းကောင်း ကျွေးမွေးပြီး ရေမိုးချိုးပေးလိုက်အုံး။ တစ်ပတ်နေရင် လွှတ်ပေးပြီး ထွက်သွားတဲ့အခါ တစ်ယောက်ကို ငွေစနှစ်ဆယ်စီ ပေးလိုက်။
နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ပြီး အချိန်မီ သတင်းမပို့ရင် မင်းကို ကြိုးတုပ်ပြီး သေတဲ့အထိ သီချင်း ဖွင့်ပြမယ်။ ကြားလား”
ခယ်ရှောက်သည် မတ်မတ်ရပ်ကာ အရိုအသေပေးလိုက်၏။ “သခင်လေးရဲ့ရှေ့မှောက်မှာ အသင့်ရှိပါတယ်။ နားလည်ပါပြီ”
ဖန်ကျန်းရီသည် သစ်သားတူကို ပြင်းထန်စွာ ထုလိုက်သည်။ “ခုနက ပြောမယ့်စကား ဘယ်ရောက်သွားပါလိမ့်... ထားလိုက်တော့ …
အတိုချုပ်ပြောရရင် အားလုံးက အရင်အတိုင်းပဲ။ ခင်ဗျားတို့ ပုံမှန်လုပ်နေကျအတိုင်း ဒီမြို့ဝန် ထွက်သွားပြီးရင်လည်း ဆက်လုပ်ကြ။
ကျန်းပြောင်က မြို့တော်ကိုသွားမယ့် ဒီခရီးစဉ်မှာ ကျုပ်နဲ့ အတူလိုက်ပါမှာ ဖြစ်တဲ့အတွက် ပြည်သူ့လုံခြုံရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဟယ်ကျင်းမင်က သူ့နေရာမှာ ယာယီအစားထိုး တာဝန်ယူရမယ်။
ဟယ်ကျင်းမင်... မင်း ကြိုးကြိုးစားစား အလုပ်လုပ်ရမယ်။ အကယ်၍ ပြည်သူ့လုံခြုံရေးနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုခု ဖြစ်လာရင် မင်းကို အရင်ဆုံး စစ်ဆေးမေးမြန်းမယ်။”
ဟယ်ကျင်းမင်သည် ရှေ့သို့ထွက်လာပြီး ချက်ချင်းပဲ လက်သီးကို ဆုပ်ကာ အတည်ပြုလိုက်၏။
“ဒီမြို့ဝန်ရဲ့ တာဝန်တွေနဲ့ ပတ်သက်ပြီးတော့... ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး အောက်ချန်က ယာယီ တာဝန်ယူရမယ်။ မှတ်ထား... အမှုတွေကိုပဲ ကိုင်တွယ်ပါ။ တခြား ဘယ်အရာကိုမှ ဝင်မစွက်ဖက်နဲ့။ အရေးပေါ် အခြေအနေရှိရင် မြို့တော်ကို ချက်ချင်း သတင်းပို့။”
အထွေထွေ အစီအစဉ်များ ပြုလုပ်ပြီးနောက် ဖန်ကျန်းရီသည် သစ်သားတူကို ထပ်မံ ထုလိုက်သည်။
“ဒိုင်း”
“ဒီမြို့ဝန် ထွက်သွားပြီးတဲ့နောက် အချိန်မရွေး တောက်ယွမ်ခရိုင်ကို ပြန်လာနိုင်တယ်။ ခင်ဗျားတို့အားလုံး တာဝန် ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ကိုယ့်အလုပ်ကိုယ် လုပ်ကြရမယ်။ ဒီမြို့ဝန်က... ခင်ဗျားတို့အားလုံးကို စောင့်ကြည့်နေမှာပဲ။ အားလုံး လူစုခွဲလို့ရပြီ”
လူအုပ်ကြီးက တဖြည်းဖြည်း လူစုခွဲသွားကြသော်ငြား အများစုက ထိုနေရာတွင် ကျန်ရစ်နေခဲ့ကြ၏။ ထွက်သွားရန် တွန့်ဆုတ်နေကြပြီး ဖန်ကျန်းရီရှိရာသို့ ကြည့်နေသည့် သူတို့၏ မျက်လုံးများတွင် မခွဲခွာလိုသည့် အရိပ်အယောင်များ ရှိနေသည်။ သူတို့ စကားပြောချင်သော်လည်း မိမိကိုယ်ကိုယ် ထိန်းချုပ်ထားကြသည်။
သူတို့၏ မျက်လုံးများထဲမှ ခံစားချက်ကို ဖန်ကျန်းရီ အဘယ်သို့ နားမလည်ဘဲ နေမည်နည်း။ သူ၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူက လက်ကို အားနည်းစွာ ဝှေ့ယမ်းပြလိုက်ချိန်မှာတော့ နောက်ဆုံးတွင် လူအုပ်ကြီးလည်း လူစုခွဲသွားကြသည်။
ထို့နောက် ရှောင်ထောင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ “ငွေစ တစ်သိန်းနှစ်သောင်း ယူခဲ့။ မြို့တော်ကို ရောက်တာ နဲ့ အိမ်တစ်လုံး အရင်ဝယ်ရမယ်။ ပြီးတော့ အချိတ်အဆက်တွေ လုပ်ဖို့ ငွေတွေ အများကြီး လိုလိမ့်မယ်။
ဒီသခင်လေးက ဒီတစ်ကြိမ်တော့ သွေးထွက်သံယို အများကြီး ဖြစ်ရတော့မှာပဲ... ဒါပေမဲ့ ဒါက ငါ့ရဲ့ တောက်ယွမ်ခရိုင် ကြီးပွားချမ်းသာဖို့ အခွင့်အရေးပဲလေ။”