← Chapters

အခန်း (၄၂၆-၄၂၈)

Vol. 24 Ch. 426-428

အခန်း (၄၂၆-၄၂၈)

Vol. 24 Ch. 426-428

အပိုင်း (၄၂၆) ကျွန်မက ရှင်ထင်သလို လူမျိုး မဟုတ်ပါဘူး။

ရွှေယီပိုင်သည် ရှက်သွေးဖြာကာ ခြေဖျားထောက်၍ ဖန်ကျန်းရီ၏ နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်ပြီးနောက် ခြေလှမ်းသွက်သွက်လေးဖြင့် အခန်းထဲမှ ထွက်ပြေးသွားသည်။

သူမ၏ သွယ်လျသော ကျောပြင်လေးကို ကြည့်ရင်း ဖန်ကျန်းရီမှာ ကြောင်တောင်တောင် ပြုံးနေမိ၏။

မင်းသမီးဆိုတော့လည်း မင်းသမီးပင်။ တွေးရဲ ပြောရဲသလို သတ္တိကလည်း တကယ် ကြီးမားလှသည်။

ကြောင်ငေးနေစဉ်မှာပင် ဗီရိုတံခါးမှာ ပွင့်လာခဲ့ပြီး လော့နင်ရှင်းက မျက်နှာသေဖြင့် ထွက်လာကာ ဖန်ကျန်းရီ၏ ဘေးတွင် ရပ်လိုက်၏။

ထိုအခါမှ ဖန်ကျန်းရီ သတိထားမိလိုက်သည်မှာ သူ နမ်းနေ ကိုင်နေသည်များ အားလုံးကို အစအဆုံး မြင်တွေ့သွားပြီ ဆိုသည်ကိုပင်။

လော့နင်ရှင်းသည် ဖန်ကျန်းရီအား ကြည့်လိုက်သော အကြည့်ထဲ၌ နာကြည်းမှုများ ပါနေသကဲ့သို့ပင်။ သူက ဤသို့သော လူမျိုးဖြစ်မှန်း မထင်ထားခဲ့ချေ။ နေရာတကာ၌ မိန်းမများကို လိမ်ညာနေခြင်းမှာ ယခင်ပြည့်တန်ဆာအိမ်မှ ညီမများ ပြောပြသော သူများနှင့် ဘာမှမကွာခြားပေ။

ကြည့်ရသည်မှာ ကိုယ်က အရမ်း ရိုးအလွန်းသဖြင့် အချစ်ကို မှားယွင်းစွာ ပုံအပ်မိသွားခြင်းလား။ သို့သော်လည်း အခြေအနေက ဤအထိ ရောက်နေပြီဆိုတော့ ဘာလုပ်၍ ရနိုင်ဦးမည်နည်း။

အခြေအနေမဟန်ဘူး ဆိုသည်ကို ဖန်ကျန်းရီ ချက်ချင်း ရိပ်မိလိုက်၏။ သူကတော့ လူရှုပ်ကြီးဟု အထင်ခံရတော့မည်သာ။ တစ်ယောက်ယူလည်း ယူရမည်ပင်။ နှစ်ယောက်ယူလည်း ယူရမည်သာ။ တစ်ယောက်တည်း သာ ယူရမည်ဆိုလျှင် သူ ဝိညာဉ်ကူးပြောင်းလာခြင်းက အလကား ဖြစ်သွားပေလိမ့်မည်။

စိတ်ကို တင်းလိုက်ပြီး လော့နင်ရှင်းအား ဆွဲယူကာ ကုတင်ပေါ်သို့ လှဲချလိုက်ပြီး နှုတ်ခမ်းချင်း တေ့လိုက်၏။

ဘယ်လောက်ကြာသွားမှန်း မသိခဲ့ချေ။ သူတို့နှစ်ယောက်၏ မျက်နှာပေါ်မှ ကြွက်သား ၁၆ ခုနှင့် အာရုံကြော ၂၄ ချောင်းစလုံး အပြည့်အဝ လေ့ကျင့်ခန်း လုပ်လိုက်ရသကဲ့သို့ပင်။

လော့နင်ရှင်းက မောဟိုက်စွာဖြင့် ဖန်ကျန်းရီအား ကြည့်နေသည်။ သူမ၏ မျက်လုံးများမှာ တွေဝေနေပြီး အနည်းငယ်တော့ ဝမ်းနည်းနေသလိုပင်။ ခေါင်းကို တစ်ဖက်သို့ လှည့်ကာ ဝမ်းနည်းစွာဖြင့် သူမက မေးလိုက်၏။ “ကျွန်မက ပြည့်တန်ဆာအိမ်က လာတာဆိုတော့ ရှင်က ကျွန်မကို ပေါ့ပျက်ပျက် မိန်းမတစ်ယောက်လို့ ထင်နေတာလား။”

ဖန်ကျန်းရီက ဖြေလိုက်သည်။ “မထင်ပါဘူး … မင်း လျှောက်မတွေးပါနဲ့။”

လော့နင်ရှင်းက ပြန်မေးလိုက်၏။ “ဒါဆိုရင် ရှင် ဘာလို့ အင်္ကျီချွတ်နေတာလဲ။”

ဖန်ကျန်းရီက ပြောလိုက်သည်။ “ပူလို့လေ။”

အင်္ကျီ တစ်ဝက်ခန့် ချွတ်ပြီးချိန်တွင် ဖန်ကျန်းရီ၏ လှုပ်ရှားမှုများမှာ ရပ်တန့်သွား၏။

လော့နင်ရှင်း၏ ငိုချင်နေသော မျက်နှာကို မြင်လိုက်ရသောအခါ သူသည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ဘေး၌ ထိုင်ချလိုက်သည်။

ဖန်ကျန်းရီက ပြောလိုက်၏။ “နင်ရှင်း … ငါ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ် … မင်းကို ပေါ့ပျက်ပျက် မိန်းမတစ်ယောက်လို့ လုံးဝ မထင်ထားပါဘူး။”

ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုသည်တဲ့လား။ ဤစကားကို ညီမများဆီမှ ကြားဖူးသကဲ့သို့ပင်။ မျက်ရည်များက မျက်လုံးထောင့်မှနေ၍ စီးကျလာခဲ့သည်။

ဖန်ကျန်းရီက အနည်းငယ် ရူးချင်ချင် ဖြစ်သွားတော့သည်။ ဘယ်လို ဖြစ်ရသနည်း။ ချော့၍ မရတော့ဘူးလား။

လော့နင်ရှင်းသည် မျက်ရည်များကို သုတ်လိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်လိုက်၏။ ဘာကြောင့်မှန်း မသိပေ။ မူလက ဖန်အိမ်တော်သို့ အပို့ခံရစဉ်ကတည်းက ခန္ဓာကိုယ်ကို ပေးဆပ်ရန် ပြင်ဆင်ထားပြီးသား ဖြစ်ကာ သူ ဘာလုပ်လုပ် အကုန်ခံမည်ဟု တွေးထားခဲ့သည်။ သို့ပေမည့် တကယ်တမ်း ဤအချိန်သို့ ရောက်လာသောအခါ သူက ဤမျှ ပေါ့တန်နေသည်ကို မြင်ရသဖြင့် ရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ ခံစားရ ခက်နေမိ၏။

လော့နင်ရှင်းက မေးလိုက်သည်။ “သခင်လေး … အရင်တုန်းက သခင်လေး ကျွန်မဆီ စာရေးခဲ့တယ်လေ … ကျွန်မကို လက်ထပ်မယ်လို့လည်း ပြောခဲ့တယ် … အဲဒါ တကယ်ပဲလား။”

ဖန်ကျန်းရီ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း မျက်နှာ အမူအရာကမူ အနည်းငယ် ခက်ခဲနေသည်။ ကောင်မလေးက မျက်ရည်များ ရွှဲနေအောင် ငိုနေသည်ကို လိမ်ပြောလိုက်ပါက သူသည် တကယ်ကြီး လူလိမ်လူရှုပ်ကြီး ဖြစ်သွားပေလိမ့်မည်။ ယခင်ကတော့ တကယ် မရည်ရွယ်ခဲ့ချေ။ သို့ပေမည့် ယခုတော့ တကယ် ရည်ရွယ်နေပြီ ဖြစ်၏။ ထိုအရာကို မည်သို့ပြောရမည်နည်း။

သောက်ကျိုးနည်း … ဘာတွေဖြစ်ကုန်ပြီလဲ။

မလိမ်ချင်သလို အမှန်တိုင်းလည်း မပြောရဲပေ။ ဖန်ကျန်းရီသည် အကြာကြီး နေမှသာ စကားတစ်ခွန်း ထွက်လာခဲ့၏။ “မနေ့ညက ကြယ်တွေ … မနေ့ညက လေညင်းတွေ … အနောက်ဘက်က လသာဆောင် … အရှေ့ဘက်မှာ … ခန္ဓာကိုယ်မှာ … ရောင်စုံဖီးနစ်ငှက်လို အတောင်ပံမျိုး မရှိပေမဲ့ နှလုံးသားချင်းကတော့ အတူတူပါပဲ။”

ကဗျာရွတ်ပြီးသွားသောအခါ ဖန်ကျန်းရီ အနည်းငယ်တော့ ဝမ်းနည်းသွားမိ၏။ ဤကဗျာက မှေးမှိန်နေသော မှတ်ဉာဏ်များထဲ၌ အပိုင်းအစလေးများသာ ကျန်တော့သကဲ့သို့ပင်။

လော့နင်ရှင်း ကြောင်သွားသည်။ ဖန်ကျန်းရီသည် ဤမျှ အချိန်တိုလေးအတွင်းမှာ ကဗျာတစ်ပုဒ် စပ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ အနည်းငယ် ထစ်အနေသော်လည်း ဤသည်က သေချာပေါက် အရလွန် လှပသော အချစ်ကဗျာတစ်ပုဒ်ဆိုတာ သိသာလှသည်။

အနောက်ဘက် လသာဆောင် … အတောင်ပံတွေ … နှလုံးသားချင်း တူတယ်တဲ့လား။

အဲဒီတုန်းက ပြည့်တန်ဆာအိမ်မှာ သူ တကယ်ပဲ …

မျက်ရည်များ ပေါက်ပေါက်ကျလာပြီး စိတ်လှုပ်ရှားသွားသော လော့နင်ရှင်းသည် ဖန်ကျန်းရီအား တိုက်ရိုက် ဖက်လိုက်၏။ ဘာမှမသိလိုက်သော ဖန်ကျန်းရီမှာ ကုတင်ပေါ်သို့ လဲကျသွားခဲ့ပြီး လော့နင်ရှင်းအား ဖက်ထားရင်း ဘာပြောရမှန်း မသိ ဖြစ်နေတော့သည်။

ကိုယ့်ဘေးနားရှိ မိန်းမများက တစ်ယောက်ထက်တစ်ယောက် ပိုရဲတင်းလာကြပြီး တစ်ယောက်ထက်တစ်ယောက် ပိုတက်ကြွလာကြသည်မှာ အဘယ့်ကြောင့်နည်း။

သို့ပေမည့် မည်သို့ပင်ဖြစ်ဖြစ် လှည့်စား၍တော့ ရသွားပြီ ဖြစ်၏။ နောက်ကျလျှင် ဖြည်းဖြည်းချင်း ပြန်ပေးဆပ်ရမည်။ သူ ဖန်ကျန်းရီသည် အပြစ်ရှိသော သူပင်။

လော့နင်ရှင်းက သူ၏နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောနေသည်။ အသံမှာ ငိုသံလိုလို တိုင်တည်သံလိုလိုပင်။ “သခင်လေး … ကျွန်မက သဝန်တိုတတ်တဲ့ မိန်းမ မဟုတ်ပါဘူး … ယောက်ျားတစ်ယောက်က မယားကြီး ၊ မယားငယ် အများကြီး ရှိတာ ပုံမှန်ပါပဲ … သခင်လေးလို အရည်အချင်းရှိတဲ့သူဆိုရင် ဘယ်လောက်ပဲယူယူ ကောင်းတာပါပဲ … ဒါပေမဲ့ ကျွန်မက အဆင့်အတန်းနိမ့်တယ် … အိမ်တော်ထဲက လူတိုင်းက ကျွန်မကို ကောင်းကောင်း ဆက်ဆံကြပေမဲ့ သခင်လေး ကျွန်မကို အထင်သေးမှာ … အထင်အမြင်သေးမှာကို ကျွန်မ ကြောက်တယ် … အခု သခင်လေးရဲ့ စိတ်ရင်းကို ကျွန်မ သိပါပြီ … ကျွန်မ မယားငယ်ဖြစ်ရရင်တောင် ကျေနပ်ပါပြီ … သခင်လေးကို တစ်သက်လုံး ပြုစုလုပ်ကျွေးရရင်ပဲ တင်းတိမ်ပါပြီ။”

ဤသို့သော အခြေအနေမျိုးကို ဘယ်ယောက်ျားက ခံနိုင်ရည် ရှိပါမည်နည်း။

ဖန်ကျန်းရီသည် လော့နင်ရှင်း၏ ကျောပြင်လေးကို ပွတ်သပ်ပေးရင်း ရင်ထဲ၌ ချစ်ခင်ကြင်နာမှုများ ပြည့်နှက်လာ၏။ တစ်ချိန်တည်းမှာပဲ အပြစ်ရှိစိတ်ကလည်း ပိုပို များပြားလာသည်။ တကယ်တော့ ဥပဒေအရ တရားဝင် မယားကြီး မယားငယ် အများကြီး ယူ၍ ရသည်ပင်။

သို့ပေမည့် ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် လူရှုပ်ကြီးဟု ခံစားနေရသနည်း။

ဖန်ကျန်းရီက အာဏာရှင်တစ်ယောက် ဝင်ပူးသွားသကဲ့သို့ ရုတ်တရက် မာထန်သွားသည်။ “ငါ မင်းကို မယားငယ် မဖြစ်စေရဘူး … ငါ ဖန်ကျန်းရီနောက် လိုက်ရင် မယားကြီးပဲ ဖြစ်ရမယ် … ဖန်အိမ်တော်မှာ အဲဒီလောက် ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ မရှိဘူး … အားလုံးကို တန်းတူပဲ ဆက်ဆံတယ်။”

သူ၏လက်အောက်မှ ညီအစ်ကိုများတောင် သူ၏ထံတွင် မည်သည့် အနစ်နာခံမှုမှ မရှိခဲ့ပေ။ မိန်းမဆိုလျှင် ပိုလို့တောင် အနစ်နာခံခိုင်း၍ မဖြစ်ပေ။

ထိုသို့သော စကားမျိုးကို ကြားလိုက်ရသောအခါ လော့နင်ရှင်း၏ ရင်ထဲ၌ အရမ်း ပျော်ရွှင်သွား၏။ အရမ်းပျော်လွန်း၍ ထင်၏။ ပြန်၍ တရှိုက်ရှိုက် ငိုနေပြန်ကာ ပါးစပ်ကလည်း ဖြေနေသည်။ “အင်း … အင်း။”

ဖန်ကျန်းရီတွင် ယခုအချိန်၌ တကယ်ကို မကောင်းသော စိတ်ကူးများ လုံးဝ မရှိတော့ချေ။ မိန်းမလှလေး တစ်ယောက်အား ဤမျှ သန့်စင်သော စိတ်ထားဖြင့် ဖက်ထားရလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။ သို့ပေမည့် အခုတော့ အခြေအနေက ဤသို့ ဖြစ်နေပြီ ဖြစ်၏။ ဤကိစ္စက တကယ်တော့ သူ လျှောက်၍ မြှူဆွယ်ခဲ့သောကြောင့်သာ ဖြစ်ရခြင်းပင်။

နောင်ခေတ် မိန်းမများ၏ စိတ်ထဲတွင် တစ်လင်တစ်မယား စနစ်ကို အလွန် အလေးအနက် ထားကြသည်။ လူတစ်ယောက်ကို နမ်းလည်းနမ်း၊ ဖက်လည်းဖက်ပြီးမှ လမ်းခွဲကြစို့ဟု ပြောလိုက်လျှင် ထိုအရာက တကယ်ကို လူမဆန်သော လုပ်ရပ်ပင်။

သို့ပေမည့် ဖန်ကျန်းရီ ရောက်နေသည်က ယခုခတ်ဖြစ်လေရာ ကိစ္စမရှိပေ။ တာဝန်ယူမှု ရှိခြင်းက အမြဲတမ်း သူ ဖန်ကျန်းရီ၏ အကြီးမားဆုံးသော အားသာချက် ဖြစ်သည်။

လော့နင်ရှင်းက ပြည့်တန်ဆာအိမ်မှ မိန်းမတစ်ယောက် ဖြစ်သော်လည်း ဖန်ကျန်းရီက ထိုအချက်ကြောင့် သူမအား ဘယ်တုန်းကမှ အထင်မသေးခဲ့ပေ။ ပိုဆိုးသည်မှာ ထိုကိစ္စကို သူ ဂရုတောင် မစိုက်ခဲ့ခြင်းပင်။

လော့နင်ရှင်း၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ပေါ်နေပြီး ဖန်ကျန်းရီ၏ ရင်ဘတ်ပေါ်၌ စက်ဝိုင်းလေးများ ဆွဲနေရင်း မေးလိုက်၏။ “ဒါဆို ဒီတစ်ခေါက် ကျွန်မကို ခေါ်သွားမှာလား။”

ပြည့်တန်ဆာအိမ်မှ ညီမများ သင်ပေးလိုက်ခြင်း ဖြစ်၏။ ယောက်ျားများက ထိုသို့လုပ်လျှင် ဘာမဆို တောင်းဆို၍ရသည်တဲ့။

ဖန်ကျန်းရီက ပြတ်သားစွာ ပြောလိုက်သည်။ “မခေါ်ဘူး။”

ရွှေယီပိုင်ကို ကတိပေးပြီးသွားပြီ ဖြစ်ရာ အကယ်၍ မိန်းမနှစ်ယောက်ကို ခရီးစဉ်မှာ ခေါ်သွားပါက ဘာဖြစ်သွားမည်နည်း။

ဖန်ကျန်းရီက ဆက်ပြောလိုက်၏ “အချိန်လည်း မစောတော့ဘူး … စောစော ပြန်နားတော့ … ဒီနေ့ ငါ မင်းကို ပြောခဲ့တဲ့ စကားတွေက ကတိတစ်ခုပဲ … လိမ်ညာတဲ့စကား တစ်ခွန်းမှ မပါဘူး။”

ချိုမြိန်မှုများက ရင်ထဲ၌ ထပ်မံ ပြည့်နှက်လာသောအခါ လော့နင်ရှင်းက တိုးတိုးလေး ပြောလိုက်သည်။ “အဲဒီ … အဲဒီကဗျာ … ကျွန်မ …”

ဖန်ကျန်းရီက ပြောလိုက်၏။ “အဲဒီကဗျာက မင်းအတွက်ပဲ စပ်ထားတာ … ဒီကမ္ဘာပေါ်မှာ ငါသိတယ် … မင်းသိတယ် … ဒါပဲ။”

လော့နင်ရှင်း၏ ခေါင်းလေးက ဖန်ကျန်းရီ၏ ရင်ဘတ်ဆီသို့ ဖွဖွလေး တိုက်မိသွားရင်း တီးတိုး ဖြေလိုက်သည်။ “အင်း။”

ထို့နောက် ဖြည်းညင်းစွာ ထလာပြီး သူမ၏ ဆံထိုးကို ဆွဲနုတ်လိုက်ရာ ထူထဲ၍ မည်းနက်သော ဆံနွယ်များက ရေတံခွန်တစ်ခုကဲ့သို့ စီးကျလာချေသည်။ နောက်တစ်ကြိမ် ငုံ့ကျလာကာ ဖန်ကျန်းရီ၏ မျက်နှာကို ဖွဖွလေး ကိုင်လိုက်ပြီး ရေပြင်ကို နမ်းသော ပုစဉ်းလေးကဲ့သို့ ခပ်ဖွဖွလေး နမ်းကာ ချက်ချင်း ခွာသွားလေ၏။ ပြီးနောက် အင်္ကျီကြယ်သီးများကို ဖြည်းညင်းစွာ ဖြုတ်လိုက်၏။

ဖန်ကျန်းရီက ကြောင်ငေးကြည့်နေရင်း မေးလိုက်သည်။ “မင်း မပြန်တော့ဘူးလား။”

လော့နင်ရှင်းက စကားမပြောဘဲ ခေါင်းကို ဖြည်းညင်းစွာ ခါပြလိုက်ပြီး ပန်းထိုးဖိနပ်လေးကို စီးကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ စကတ်လေးက အသံတိတ် လျှောကျသွား၏။

ဖန်ကျန်းရီ၏ ရင်ထဲတွင် မတားဆီးနိုင်သော လှိုင်းတံပိုးများ ရိုက်ခတ်လာသည်။

ညဉ့်နက်သွားလေပြီ။ အခန်းထဲ၌ ရုတ်တရက် မီးငြိမ်းသွားခဲ့သည်။

အပြင်ဘက်တွင် လေများ တဖြည်းဖြည်း တိုက်ခတ်လာခဲ့ပြီး မကြာခင်မှာ မိုးရေများ ကျဆင်းလာသည်။ သိပ်မကြာခင်မှာပင် သည်းထန်သော မိုးကြီး ရွာသွန်းလာလ၏။ လေပြင်းများက မိုးကြိုးများနှင့် ရောနှော၍ အဆက်မပြတ် မြည်ဟည်းနေသည်။

အိမ်ခေါင်မိုးထောင့်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းလေးမှာလည်း မိုးလေထဲ၌ အဆက်မပြတ် လှုပ်ယမ်းနေပြီး မုန်တိုင်းက မိုးတိမ်များကို အဝေးသို့ လွင့်စင်သွားစေခဲ့၏။

မိုးတိတ်သွားပြီ ဖြစ်သလို လေလည်း ငြိမ်သွားခဲ့ကာ ခေါင်းလောင်းလေးလည်း ရပ်တန့်သွားချေပြီ။

ခြံဝင်းထဲရှိ ရေပြင်ပေါ်တွင် ကြယ်များနှင့် လမင်းကြီးက ထင်ဟပ်နေသည်။ မီးခိုးများ ကင်းစင်နေပြီး လရောင်က ကီလိုမီတာ ထောင်ချီ အလင်းဖြာနေကာ ရွှေရောင် အလင်းတန်းများ တောက်ပနေ၏။

တိတ်ဆိတ်သော အရိပ်များက သဘာဝတွင် နစ်မြုပ်နေပြီး ချစ်ခြင်း၏ တေးသံများကို ကြားနေရပေရာ ဤသို့သော ပျော်ရွှင်မှုမျိုးက ဘယ်မှာ ဆုံးနိုင်ပါမည်နည်း။

အပိုင်း (၄၂၇) ဝူမင်းသား၏ ဒေါသ။

မုန်တိုင်းက တစ်ညလုံး တိုက်ခတ်သွားခဲ့သည်။

ဖန်ကျန်းရီကတော့ မနက်စောစောထ၍ ခရီးဆောင်အိတ်များကို သေချာ ပြင်ဆင်နေ၏။

လော့နင်ရှင်းက သူ့အား အဝတ်အစား ဝတ်ပေးရန်၊ ပြုစုရန် ထချင်သော်လည်း သူမ ထပြီးနောက် ယိုင်တိုင်တိုင်ဖြင့် နှစ်လှမ်းခန့် လျှောက်လိုက်သည်ကို မြင်သောအခါ ဖန်ကျန်းရီက သူမ၏ သွယ်လျသော ခါးလေးကို ဖက်ကာ ကုတင်ပေါ်သို့ ပြန်လှဲသိပ်လိုက်ရင်း ပြောလိုက်သည်။ “ထပ်အိပ်လိုက်အုံး … ငါ့ကို လိုက်ပို့စရာ မလိုတော့ဘူး။”

သူမအား ဂရုစိုက်သည်ကို ကြားသောအခါ လော့နင်ရှင်းက ရှက်သွေးဖြာစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ဖန်ကျန်းရီသည် သူမအား ကြည့်ပြီး ပြုံးပြလိုက်ကာ အထုပ်အပိုးများကို ဆွဲ၍ အခန်းထဲမှ ထွက်လာခဲ့လသည်။

သို့ပေမည့် အခန်းအပြင်သို့ ရောက်သောအခါ စိတ်က အကြောင်းပြချက်မရှိဘဲ လေးလံနေသကဲ့သို့ပင်။ ဘာပဲဖြစ်ဖြစ် တာဝန်တစ်ခု ထပ်တိုးလာပြီ မဟုတ်ပါလား။ ယခင်ဘဝက ရည်းစားတောင် မထားခဲ့ဖူးချေ။ ယခုဘဝကျမှ အရမ်းကို အဆင်ပြေလွန်းနေသလိုပင်။

မြို့ပြင်သို့ ရောက်သောအခါ အောက်ချန် ပြင်ဆင်ထားသော လူများ အားလုံး စုဝေးပြီးနေလေပြီ။ လူတစ်ရာကျော်က အဆင်သင့် ဖြစ်နေကြပြီး သူခိုး ပိုင်ရွေ့၊ ဓားပြဟောင်း လျန်ကွေ စသည့် အထူး ကျွမ်းကျင်သူများလည်း ပါဝင်သည်။

ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ အားလုံးက မတ်တပ်ရပ်၍ နှုတ်ဆက်ကြ၏။

ရှောင်ထောင်က အထုပ်တစ်ခုကို ကိုင်ကာ ဖန်ကျန်းရီဆီသို့ လာပြီး ပြောလိုက်သည်။ “ရော့ … စားစရာတွေ … လမ်းမှာ စားဖို့ ယူသွား။”

ပြောပြီးသည်နှင့် သူမက လက်လှမ်းကာ ဖန်ကျန်းရီ၏ အင်္ကျီစကို သေသေချာချာ ပြင်ပေးရင်း နှုတ်မှလည်း တတွတ်တွတ် ပြောနေသည်။ “ကိုယ့်ဘာသာ အဝတ်ဝတ်တာလား … ဒီလောက် ကြီးနေပြီ အဝတ်တောင် သေချာ မဝတ်တတ်ဘူး … နင်ရှင်း ရှင့်ကို ဝတ်မပေးဘူးလား။”

ဖန်ကျန်းရီက အပြစ်ရှိသလို ပြန်မေးလိုက်၏။ “သူ ငါ့ကို ဘာဝတ်ပေးရမှာလဲ။”

ရှောင်ထောင်က မျက်နှာသေဖြင့် ပြောလိုက်၏။ “ဟန်မဆောင်နဲ့ … မနေ့ညက အသံနည်းနည်း ထပ်ကျယ်လိုက်ရင် တစ်ခရိုင်လုံး ကြားရတော့မယ် … ရှင်က လူဆိုးကြီးပဲ။”

ဖန်ကျန်းရီက ရယ်နေသော်လည်း ရင်ထဲ၌မူ အရမ်း အနေရခက်နေသည်။ ရှောင်ထောင် တစ်ယောက်သာ သူ့အား ဤသို့သော စကားမျိုးကို ပြောရဲခြင်းပင်။ အရမ်း စိတ်လှုပ်ရှားသွားသဖြင့် ရှောင်ထောင် နေသောနေရာက ကိုယ်နှင့် သိပ်မဝေးဘူးဆိုတာကို မေ့သွားခဲ့ခြင်းပင်။

အင်္ကျီစကို ပြင်ပေးပြီးနောက် နှစ်ချက်ခန့် ပုတ်ပေးကာ ရှောင်ထောင်က မှာသည်။ “လမ်းမှာ အန္တရာယ်ကင်းအောင် ဂရုစိုက်ပါ … စောစောသွား စောစောပြန်ခဲ့။”

ဖန်ကျန်းရီက ပြန်ပြောလိုက်၏။ “အေးပါ … သိပါပြီ … မင်း အိမ်ကို သေချာ စောင့်နေ … ပြန်လာရင် မင်းအတွက် ဒေသထွက် လက်ဆောင်တွေ ယူလာခဲ့မယ်။”

စကားအနည်းငယ် ထပ်ပြောပြီးနောက် လာပို့သော လူအုပ်ထဲမှ လူတစ်ယောက် ထွက်လာလသည်။ ထိုလူမှာ သေနတ် ထုတ်လုပ်ရေးဌာနမှ မိုရှောင်ဟူ ဖြစ်ပြီး သူ၏ လက်ထဲတွင် သစ်သားသေတ္တာကြီးတစ်ခု ကိုင်ထား၏။ သူက ဖန်ကျန်းရီဆီသို့ အလျင်အမြန် လာကာ ပြောလိုက်သည်။ “သခင်လေး … သခင်လေး အပြင်သွားမယ်ကြားလို့ ကျုပ်တို့ သေနတ် ထုတ်လုပ်ရေးဌာနက ညတွင်းချင်း သေနတ်တချို့ လုပ်ထားပါတယ် … သခင်လေး ယူသွားပါ။”

ပြောပြီးသည်နှင့် သေတ္တာကို ဖွင့်ပြလိုက်ရာ အထဲ၌ သေနတ်တို လေးလက်ကို တွေ့လိုက်ရသည်။ ၎င်းတို့က ရှဲ့ရှန်း ယူသွားခဲ့သော သုံးတောင့်ထိုး သေနတ်တိုများပင် ဖြစ်၏။

ဖန်ကျန်းရီက တစ်လက်ကို ယူလိုက်ပြီး အဝေးသို့ ချိန်ရွယ်ကြည့်လိုက်သည်။

“ဒိုင်း။”

သေနတ်တစ်ချက် ပစ်လိုက်ရာ အသံက တော်တော်ကျယ်ပြီး အားပြင်းလှသည်။ ဖန်ကျန်းရီက သေတ္တာကို ယူကာ ပြောလိုက်၏။ “ပစ္စည်းလုပ်ထားတာ မဆိုးဘူး … ခင်ဗျားကို ဂုဏ်ပြုမှတ်တမ်းပေးမယ်။”

မိုရှောင်ဟူက ရယ်မော၍ ခေါင်းကုတ်ရင်း မေးလိုက်၏။ “သခင်လေး … အဲဒီ ရန်ပုံငွေလေး … နည်းနည်းလောက် ချပေးလို့ ရမလား။”

ဖန်ကျန်းရီက လှောင်ရယ်လိုက်ပြီး ပြောလိုက်သည်။ “ပိုက်ဆံ ထပ်လိုချင်သေးတာလား … ခင်ဗျားတို့တွေ အစိုးရပိုက်ဆံနဲ့ သောက်စားပျော်ပါးတာတွေ မလုပ်တော့တဲ့ အချိန်ကျမှ အဲဒီ အခွင့်အရေး ရလိမ့်မယ်။”

မိုရှောင်ဟူက မကျေမနပ် ပြော၏။ “ဒါ … ဒါပေမဲ့ ရေနွေးငွေ့ဌာနက လူတွေလည်း ပိုက်ဆံကို ဖြုန်းတီးနေတာပဲလေ … သူတို့က ရေနွေးကျိုတဲ့ လူအုပ်စုပဲဟာကို … ကျုပ်တို့လည်း ကျိုတတ်ပါတယ်။”

ဖန်ကျန်းရီ စကားပြောရန် ပြင်နေစဉ်မှာပင် လူအုပ်ထဲမှ နောက်တစ်ယောက် ထွက်လာသည်။ သူက သေတ္တာကြီးတစ်ခုကို ဆွဲလာပြီး ဒေါသတကြီး အော်လိုက်သည်။ “မိုရှောင်ဟူ … မင်း သခင်လေးကို ဘာတွေ လျှောက်ပြောနေတာလဲ … သခင်လေး … သူ့စကားတွေကို နားမထောင်ပါနဲ့ … ကျုပ်တို့က တကယ့်ကို သုတေသန လုပ်နေတာပါ … သေနတ်ဆိုတာ ဘာဆန်းလို့လဲ … ကျုပ်တို့ ရေနွေးငွေ့ဌာနမှာလည်း ရှိတယ် … ဒီတစ်ခေါက် သခင်လေး ယူသွားပါ … သူတို့ဟာတွေထက် သေချာပေါက် ပိုကောင်းတယ်။”

မိုရှောင်ဟူက လက်ပိုက်ပြီး လှောင်ပြုံးဖြင့် ပြောလိုက်၏။ “ဟန်ချီ … မင်း ဒီအမှိုက်ကို ကိုင်ပြီး ဘယ်သူ့ကို သတ်ချင်လို့လဲ။”

ဟန်ချီက မျက်စောင်းထိုး ကြည့်လိုက်ပြီး ဖန်ကျန်းရီကို ပြောလိုက်သည်။ “သခင်လေး … ကြည့်ပါ။”

ဖန်ကျန်းရီကတော့ ယခုအချိန်တွင် တော်တော်လေး စိတ်ဝင်စားသွားခဲ့ပြီး မေးစေ့ကို ပွတ်ရင်း စူးစမ်း ကြည့်နေ၏။ ရေနွေးငွေ့သေနတ်တဲ့လား။ ဤသို့သော ပစ္စည်းမျိုးလည်း ရှိသည်လား။ ယခင်ဘဝကတောင် မကြားဖူးခဲ့ချေ။ သို့ပေမည့် သီအိုရီအရတော့ ဖြစ်နိုင်လောက်၏။

ဟန်ချီသည် ကျောပိုးအိတ်ကို အဆင်သင့် ဝတ်ဆင်ပြီးသွားသောအခါ မီးတောက်ကို ကျောပိုးအိတ်၏ အောက်ခြေ တစ်နေရာဆီသို့ ထိုးလိုက်၏။ ထိုအထဲ၌ မီးထွန်းဆီ ထည့်ရန် သီးသန့်နေရာ ရှိပုံရပြီး အနံ့က တော်တော်လေး ဆိုးရွားလှသည်။ မီးပွားနှင့် ထိသွားသော အခိုက်အတန့်မှာပင် အထဲ အကွက်တစ်ခု၌ မီးတောက်လောင်လာခဲ့ပြီး သတ္တုကွန်ရက်ဆီမှ မီးခိုးငွေ့ အမည်းရောင်လေးများ အဆက်မပြတ် ထွက်လာသည်။

မိုရှောင်ဟူက လှောင်ပြောင်လိုက်၏။ “မင်းတို့ ရေနွေးကျိုတာ များသွားလို့ ဦးနှောက်ပါ ပူလောင်သွားပြီလား … တင်ပါးကို မီးလောင်မှာ မကြောက်ဘူးလား။”

ဟန်ချီကလည်း အားမလျော့ဘဲ ပြန်အော်လိုက်သည်။ “မင်း ဘာနားလည်လို့လဲ … ပါးစပ်ပိတ်ထား။”

ဖန်ကျန်းရီကတော့ မျက်နှာတည်တည်ဖြင့် ကြည့်နေသည်။ ဤသည်က ရယ်စရာ မဟုတ်ချေ။ ရေနွေးငွေ့ဌာန၏ ခြေလှမ်းလေး တစ်လှမ်းက လူသားများအတွက် ကြီးမားသော ခြေလှမ်းကြီး တစ်ခုပင်။ ရေနွေးငွေ့သေနတ်ကဲ့သို့ နတ်လက်နက်မျိုး ရှိလာပြီဆိုလျှင် နောင်ယမ်းမှုန့်ဖိုးများ အများကြီး သက်သာသွားပေလိမ့်မည်။

လူများက ဟန်ချီ၏ ဘေးသို့ တဖြည်းဖြည်း ဝိုင်းရံလာကြ၏။ လူတစ်ရာကျော် ဝိုင်းကြည့်နေသဖြင့် ဟန်ချီ၏ မျက်နှာပေါ်တွင် အနည်းငယ် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်လာ၏။

ဖန်ကျန်းရီက တိုက်တွန်းလိုက်သည်။ “သေနတ်ပစ်လေ။”

အားလုံး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ တောက်ပနေ၏။

ဟန်ချီက မျက်နှာနီနီဖြင့် တိုးတိုးလေး ပြောလိုက်သည်။ “ခဏလေး … ရေမဆူသေးဘူး။”

လူအုပ်ကြီးက ဟူးခနဲ အော်လိုက်ကြပြီး အကုန်လုံး လူစုခွဲသွားကြ၏။ ဤသို့သော အမှိုက်မျိုးကိုတောင် လာကြွားနေသေးသည်။ တကယ် ရန်ဖြစ်မည်ဆိုပါက ရေဆူအောင် စောင့်နေတုန်းမှာပင် အလောင်းတောင် အေးစက်သွားပေလိမ့်မည်။

မိုရှောင်ဟူက ဗိုက်ကိုနှိပ်၍ ရယ်မောလိုက်ကာ ဟန်ချီအား လက်ညှိုးထိုးပြီး ရူးသွပ်စွာ လှောင်ပြောင်ပါတော့သည်။

ဖန်ကျန်းရီ၏ မျက်နှာပေါ်မှ အပြုံးလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး လှည့်ကာ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွား၏။ လမ်းလျှောက်ရင်းဖြင့် အော်ပြောလိုက်၏။ “အောက်ချန် … ဒီနေ့ကစပြီး ရေနွေးငွေ့ဌာနရဲ့ ရန်ပုံငွေ တစ်ဝက်ကို သေနတ်ဌာနကို ပေးလိုက် … အားလုံး ထွက်ဖို့ ပြင်ကြ။”

……

ဝူမင်းသား စံအိမ်တော်။

အိမ်တော်ထိန်းချန်သည် စာအိတ်အချို့ကို ကိုင်ကာ စာကြည့်ခန်းထဲသို့ အလျင်အမြန် ဝင်လာ၏။

တံခါးကို ဖွင့်လိုက်သောအခါ ဝူမင်းသားက စားပွဲတွင် စာရေးနေပေသည်။

အိမ်တော်ထိန်းချန်က ခေါင်းငုံ့ကာ စာအိတ်များကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် ဘေး၌ ရပ်စောင့်နေ၏။

ဝူမင်းသား စာရေးပြီးသည်နှင့် သတင်းပို့လိုက်သည်။ “မင်းသား … ဟိုင်ယွမ်မြို့က စာပါ။”

ဝူမင်းသားက ခေါင်းညိတ်ပြီး ပြောလိုက်၏။ “နန်းတော်က ဘဏ္ဍာရေးဝန်ကြီးဌာနကို စစ်ဆေးပြီးသွားပြီ … အခြေအနေက ငြိမ်သွားလောက်ပြီ … နောက်ရက် အနည်းငယ်နေရင် မင်းကိုယ်တိုင် ဟိုင်ယွမ်မြို့ကို သွားပြီး အောက်ခြေက လူတွေကို အရာအားလုံး ပုံမှန်အတိုင်း ပြန်လုပ်ဖို့ ပြောလိုက်။”

ပြောရင်းဖြင့် ဝူမင်းသားသည် လက်ထဲမှ စာအိတ်ကို ဖောက်ကာ ဆိုလိုက်သည်။ “ဒီတစ်ခေါက် အစ်ကိုတော် ဧကရာဇ်ကို အံ့အားသင့်သွားစေခဲ့တာဆိုတော့ သူ သေချာပေါက် လက်လျှော့မှာ မဟုတ်ဘူး … နောက်ကျရင် နည်းနည်း …”

စကားတစ်ဝက်မှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ဝူမင်းသား၏ မျက်နှာမှာ အရောင်ပြောင်းသွားသည်။ စာထဲတွင် ရင်းနှီးသော်လည်း စိမ်းသက်နေသော နာမည်တစ်ခု ရုတ်တရက် ပေါ်လာ၏။

ရှဲ့ရှန်းတဲ့လား။

ဝူမင်းသားက ခေါင်းလှည့်၍ မေးလိုက်သည်။ “ရှဲ့ရှန်း … ရှဲ့ရှန်း … ငါဒီနာမည်ကို ဘယ်မှာ ကြားဖူးပါလိမ့်။”

အိမ်တော်ထိန်း ချန်မှာ ကြောင်သွားခဲ့ပြီး အနည်းငယ် ဦးညွှတ်ကာ ပြန်ဖြေလိုက်၏။ “မင်းသား မေ့သွားပြီလား … ရှဲ့ရှန်းက ပန်းရှန်း သတင်းစာတိုက်က လူပါ … ဖန်ကျန်းရီရဲ့ လက်အောက်ငယ်သားလည်း ဟုတ်ပါတယ် … ဒီလူက ကျန်းကျန်းမြို့ကနေ ပြန်လာပြီးမှ မြို့တော်မှာ ပေါ်လာတာပါ … အရင်က သူ့အကြောင်း သတင်း မရခဲ့ပါဘူး။”

ထိုစကားကို ကြားသောအခါ ဝူမင်းသား၏ မျက်နှာမှာ တကယ် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားကာ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

သူက ဒေါသတကြီး မေးလိုက်၏။ “ဖန်ကျန်းရီ ထွက်သွားတာ ဘယ်နှစ်ရက် ရှိပြီလဲ။”

အိမ်တော်ထိန်းချန်က အနည်းငယ် တွေဝေသွားပြီးနောက် စမ်းသပ် မေးကြည့်သည်။ “ခုနစ်ရက် … မင်းသား … ဘာကိစ္စ ဖြစ်လို့လဲ။”

ရှဲ့ရှန်းက ဟိုင်ယွမ်မြို့တွင် ပေါ်လာခဲ့ပြီး ဖန်ကျန်းရီကလည်း အကြောင်းပြချက်မရှိဘဲ မြို့တော်မှ ထွက်သွားခဲ့သည်။ နာမည်တူတာလား။ ဤမျှ တိုက်ဆိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

ဝူမင်းသား၏ အသက်ရှူသံများ မြန်ဆန်လာခဲ့ပြီး အခန်းထဲ၌ ဟိုဘက်ဒီဘက် လမ်းလျှောက်နေ၏။

ဝူမင်းသားက ရေရွတ်လိုက်သည်။ “ဒုက္ခပဲ … ဖန်ကျန်းရီရဲ့ လူတွေ ဟိုင်ယွမ်မြို့ကို ခိုးဝင်သွားပြီ … အစ်ကိုတော် ဧကရာဇ်က သူ့ကို လျှို့ဝှက်ပြီး လွှတ်လိုက်တာ သေချာတယ် … မထင်ထားဘူး … တကယ် မထင်ထားဘူး … သူပဲ ဖြစ်နေပြန်ပြီ … သူ ငါ့ရဲ့ ကိစ္စတွေကို ဖျက်ဆီးဖို့ လာပြန်ပြီ။”

ဝူမင်းသား၏ နဖူးမှ သွေးကြောများ ထောင်တက်လာပြီး ပုံမှန် အေးဆေးတည်ငြိမ်သော ပုံစံမျိုး လုံးဝ မရှိတော့ပေ။ သို့ပေမည့် ဤသို့ ထိန်းချုပ်မှု ကင်းမဲ့သွားခြင်းကလည်း မြန်မြန်ဖြစ်ပြီး မြန်မြန် ပျောက်သွားခဲ့၏။

သူက နေရာတွင် ပြန်ထိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ စဉ်းစားခန်း ဝင်နေမိသည်။

အပိုင်း (၄၂၈) လွီမိသားစု၏ ညစာစားပွဲ။

ဝူမင်းသား၏ မျက်နှာက အလွန်တရာ အကျည်းတန်နေ၏။ အပြင်ပန်းတွင် တည်ငြိမ်နေပုံပေါ်သော်ငြား ရင်ထဲတွင်တော့ လှိုင်းလုံးကြီးများ ရိုက်ခတ်နေပြီ ဖြစ်သည်။

လက်ချောင်းများက စားပွဲပြင်ကို အဆက်မပြတ် ခေါက်နေ၏။

နောက်ဆုံးတွင် ခေါက်သံများ ရပ်တန့်သွားချိန်မှာတော့ အိမ်တော်ထိန်းချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူက သတ္တိမွေးကာ မေးလိုက်သည်။ “မင်းသား ... ဖန်ကျန်းရီက ဟိုင်ယွမ်မြို့ကို ကိုယ်တိုင် သွားခဲ့တာများလား။”

“သူ သွားခဲ့ရင်တောင်မှ ဘာမှမဖြစ်ပါဘူး။ သူ ဝင်သွားနိုင်ရင်တောင်မှ ပြန်ထွက်လာနိုင်ဖို့က မသေချာဘူး။”

“ဒီအခွင့်အရေးကို အသုံးချပြီးတော့ ...”

အိမ်တော်ထိန်းချန်က လည်ပင်းကို ဖြတ်သည့်ဟန်အား ခပ်ကြမ်းကြမ်း လုပ်ပြလိုက်၏။

ဝူမင်းသားက မျက်မှောင်ကုတ်သွားသည်။ “သူ့ကို သတ်ရတာ ပြဿနာ သိပ်မရှိပါဘူး။ ဒါပေမဲ့ သူသာ ဟိုင်ယွမ်မြို့မှာ သေသွားခဲ့ရင် နောင်တော်က ကျိန်းသေပေါက် ဒေါသထွက်မှာပဲ။ ဟိုင်ယွမ်မြို့ကို တိုက်ခိုက်ဖို့ တပ်တွေ တိုက်ရိုက် စေလွှတ်လာနိုင်တယ်။ တကယ်လို့ အဲဒီလိုအချိန် ရောက်လာရင် ဟမ့် … ငါတို့လူတွေက သစ္စာရှိကြပါ့မလား။”

အိမ်တော်ထိန်းချန်က မျက်လုံးတစ်ချက် ကစားလိုက်၏။ “မင်းသား ... သူ သွားခဲ့ရင်တောင်မှ ကျုပ်တို့ကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး သခင်လေးလွီ အလုပ်လုပ်တာက အမြဲတမ်း သပ်ရပ်တယ်။ ကျုပ်တို့ဆီက သတင်းပို့တာ မရှိသေးရင် ရှဲ့ရှန်းက အခုချိန် ဟိုင်ယွမ်မြို့ထဲမှာပဲ ကျိန်းသေ ရှိနေအုံးမှာပါ။”

ဝူမင်းသားက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ “ဒီကိစ္စက အန္တရာယ် အရမ်းများတယ်။ အကျိုးအမြတ်ကြောင့် မဟာမိတ်ဖွဲ့ထားတာဆိုတော့ အကျိုးအမြတ် ထိခိုက်သွားတာနဲ့ ကျိန်းသေပေါက် ပြိုကွဲသွားမှာပဲ။ လွီမိသားစုကသာ အသက်ရှင်ကျန်ရစ်သူတွေကို ချန်ထားခဲ့ရင် ငါတို့ကို ဖော်ထုတ်ဖို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ်။ ဟားဟား .. ငါ ဒီလောက် နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား တည်ဆောက်ခဲ့တာကို ဖန်ကျန်းရီ တစ်ယောက်တည်းက ဝင်မွှေသွားတယ်။ အကြိမ်ကြိမ် အခါခါပဲ။”

ပြောရင်းဖြင့် ဝူမင်းသား၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာကာ စားပွဲကို ပြင်းထန်စွာ ထုချလိုက်သည်။

လူသတ်လိုက်လျှင် ဧကရာဇ်က ဆက်လက်၍ ပြင်းပြင်းထန်ထန် စစ်ဆေးနေဦးမည်ဖြစ်ရာ လူသတ်ခြင်းက အဓိပ္ပာယ်မရှိချေ။

မသတ်ဘဲ ထားလျှင်လည်း ရှဲ့ရှန်းက ဟိုင်ယွမ်မြို့ထဲသို့ ခိုးဝင်သွားကာ အချက်အလက်အချို့ကို ရရှိသွားပြီဖြစ်၍ ခေါင်းခဲစရာ ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ ပြဿနာကို ဖြေရှင်း၍ မရနိုင်ချေ။ သူ၏ ရှေ့တွင် ခက်ခဲသော ရွေးချယ်စရာ လမ်းနှစ်သွယ်သာ ရှိနေ၏။

ဝူမင်းသားက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီး အခန်းတွင်းရှိ အလှဆင်ထားမှု အမျိုးမျိုးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဝေခွဲမရမှုများ ရှိနေသလို ပြတ်သားမှု တစ်ချို့လည်း ရှိနေသည်။

“စီစဉ်လိုက်။ ငါတို့ ဟိုင်ယွမ်မြို့ကို သွားမယ်။”

...

ဟိုင်ယွမ်မြို့အတွင်း။

ရှဲ့ရှန်းနှင့် အခြားသူများသည် ဘေးဘက်အခန်းငယ် တစ်ခန်းအတွင်း စုဝေးနေကြ၏။

သူ၏ တစ်ကိုယ်လုံးသည် သိသိသာသာ ပိန်ချုံးသွားပုံရသည်။

မည်သို့ပင်ဆိုစေ နေ့စဉ်ရက်ဆက် လက်ဖက်ရည်သောက်ရပြီး အမျိုးသမီး သူလျှိုကို အကြိမ်ကြိမ် သိမ်းပိုက်နေရသောကြောင့် ခွန်အားကုန်ခမ်းမှုက တကယ့်ကို သာမန်မဟုတ်ချေ။

ကျန်လူများကတော့ ပိန်ချုံးသွားသော ရှဲ့ရှန်းကို အားကျစွာ ကြည့်နေကြ၏။

သူတို့၏ ရင်ထဲတွင် ဝိတ်ချချင်စိတ်များ အသီးသီး ထွက်ပေါ်လာကြသည်။

ကျိုးထျဲ့က လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း စိတ်အားငယ်နေပုံဖြင့် ညည်းညူလိုက်၏။ “အစ်ကိုရှဲ့ ... နှစ်လတောင် ပြည့်တော့မယ်မဟုတ်လား။ လွီမိသားစုကလည်း ခင်ဗျားကို မြို့ပြင်ထွက်ခွင့် မပေးဘူး။ ဒီလိုမျိုး နေ့တိုင်း တွဲလွဲချိတ်ခံထားရတာ ဘယ်တော့မှ အဆုံးသတ်မှာလဲ။”

ရှဲ့ရှန်းက သက်ပြင်းချလိုက်သည်။ “မသိတော့ပါဘူး။ နေ့တိုင်း လွီမိသားစုဆီသွားပြီး စားသောက် ပျော်ပါးနေရတာ ပင်ပန်းတယ်။ တကယ်ကို သောက်ရမ်း ပင်ပန်းတာပဲ။

ဒါပေမဲ့ အခြေအနေကို ကြည့်ရတာ ဒီသခင်လေးလွီက အရမ်းကို သတိကြီးတယ်။ ကျုပ်ကို စိတ်မချသေးဘူး။ ဒူလင်ဖုန်းရဲ့ စကားအရဆိုရင် လွီမိသားစုက ကျုပ်ရဲ့နောက်ခံကို စုံစမ်းဖို့ သူ့ကို တာဝန်ပေးထားတယ်။

ဒူလင်ဖုန်းကတော့ ကျုပ်ကို ယုံကြည်မှု ရှိတယ်။ ကျုပ် မိသားစုတွေ ဟိုင်ယွမ်မြို့ကို ရောက်လာတာနဲ့ အပြင်ထွက်လို့ ရလောက်ပါပြီ။ စာထဲမှာလည်း သခင်လေးကို ပြောထားပြီးသားဆိုတော့ အခုဆို လူတွေ လမ်းမှာ ရောက်နေလောက်ပြီ။ ဘယ်သူ့ကို လွှတ်လိုက်မလဲဆိုတာတော့ မသိဘူး။ ဒီနေ့ မွန်းလွဲပိုင်း ကျုပ် လွီမိသားစုဆီ တစ်ခေါက် ထပ်သွားရအုံးမယ်။ ခင်ဗျားတို့ နုံးယွီကို သေချာ စောင့်ကြည့်ထားဖို့ မမေ့နဲ့။”

အကုန်လုံးက ချက်ချင်း ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

ကျိုးထျဲ့က လက်ပိုက်ပြီး အားကျစွာ ပြောလိုက်၏။ “ဘာလို့ အပြင်ထွက်လာတိုင်း ခင်ဗျားပဲ ဇိမ်ကျနေရတာလဲ။ အရင်တစ်ခေါက် ကျန်းကျန်းကို သွားတုန်းကလည်း ခင်ဗျားပဲ အသားတွေ၊ ငါးတွေ စားခဲ့ရတယ်။ တကယ် မတရားတာပဲ။ ကျုပ်တို့ ညီအစ်ကိုတွေကတော့ အခန်းထဲမှာ နေ့တိုင်း ပိတ်လှောင်ခံရပြီး ပျင်းစရာ ကောင်းနေတာ။”

ရှဲ့ရှန်းက မတ်တတ်ရပ်ကာ အင်္ကျီလက်ကို ခါပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။ “စာဖတ်ခြင်းက ကံကြမ္မာကို ပြောင်းလဲပေးတယ်လေ။ အချိန်သိပ်မလိုတော့ဘူးလို့ ကျုပ် ထင်တယ်။ ပထမဆုံး ရက်ပိုင်းတွေတုန်းက လွီရန်ကျဲ့ က ကျုပ်အပေါ် အရမ်းကို ခင်မင်ဖော်ရွေပေမဲ့ ဒီရက်ပိုင်းတွေမှာတော့ နည်းနည်း အေးစက်လာသလို ခံစားရတယ်။”

“အမ် ... ဘယ်လိုမျိုးလဲ။” ကျိုးထျဲ့က သိချင်စိတ်ဖြင့် မေးလိုက်၏။

ချန်တယ်ရှန်းက ဝင်ပြောလိုက်သည်။ “ဘယ်လိုမျိုး ဖြစ်ရမှာလဲ။ ဒါက လက်အောက်ငယ်သားတွေကို အုပ်ချုပ်တဲ့ နည်းလမ်းလေ။ အစပိုင်းမှာတော့ မျက်နှာသာပေးရမှာပေါ့။ ပြီးမှ နည်းလမ်းတွေ သုံးပြီး ဖိနှိပ်မယ် ယဉ်ပါးအောင် လုပ်မယ်လေ။”

ရှဲ့ရှန်းက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်တယ်။ ဧည့်ခံကျွေးမွေးပြီး ခေါင်းဖြတ်မယ်၊ ပြီးရင် ခွေးတစ်ကောင်လို သိမ်းသွင်းမယ်။ သခင်လေးလည်း ဒီနည်းလမ်းကို သုံးတာပဲ။”

“ဟုတ်လို့လား ... ခင်ဗျားတို့ စာတတ်ပေတတ်တွေက တော်တော် ဉာဏ်များတာပဲ။ ကျုပ် မြို့ဝန်ရုံးတော်ထဲ စဝင်တုန်းက သခင်လေးက ဘာလို့ ကျုပ်ကို မဧည့်ခံခဲ့တာလဲ။” ကျိုးထျဲ့က တွေးတောနေဟန်ဖြင့် မေးလိုက်သည်။

ချန်တယ်ရှန်းက လှောင်ပြောင်ရမည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်း ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ “မင်းက တိုက်ရိုက် ခွေးဖြစ်သွားတာလေ။ ဧည့်ခံစရာ လိုသေးလို့လား။ သောက်ရူး။”

“ခင်ဗျား အမေကို ...။”

ထို့နှစ်ယောက် ထပ်မံ၍ ရန်ဖြစ်တော့မည်ကို မြင်လိုက်ရသဖြင့် ကျန်လူများက အလျင်အမြန် ဝင်ဆွဲလိုက်ကြ၏။

ရှဲ့ရှန်း၏ မျက်နှာက ခါးသက်သွားသည်။ ဤအရူးနှစ်ကောင်ကို ခေါ်မလာသင့်မှန်း စောစောတည်းက သိခဲ့သင့်သည်။ မနက်မှ ညအထိ ရန်ဖြစ်နေကြပြီး ဘာအသုံးမှ ကျပုံမပေါ်ချေ။

“ဆရာရှဲ့ ... ဒူလင်ဖုန်း ရောက်နေပြီ။ ခြံဝင်းအပြင်ဘက်မှာ ခင်ဗျားကို စောင့်နေတယ်။”

ရှဲ့ရှန်းက ပြန်ပြောလိုက်၏။ “အင်း ... ဆက်မဆူကြနဲ့တော့။ နည်းနည်းပါးပါး ရှင်းလင်းလိုက်အုံး။ ကျုပ် သွားဖို့ ပြင်ရတော့မယ်။”

ကျောက်လျဲ့က ပစ္စည်းများ ထည့်ထားသော အိတ်တစ်လုံးကို ကိုင်ကာ ရှဲ့ရှန်းအနားသို့ လျှောက်လာသည်။

သေနတ် သုံးလက်၊ မီးခြစ်နှင့် အချက်ပြရန်အတွက် အသုံးပြုသော မီးရှူးမီးပန်းများ ပါဝင်၏။

ရှဲ့ရှန်း၏ အင်္ကျီအတွင်းဘက်တွင် လျှို့ဝှက်အိတ်ကပ်တစ်ချို့ကို ချုပ်ထားရာ ထိုပစ္စည်းများကို ထည့်ရန် အတော်ပင် အဆင်ပြေလှသည်။ ဝတ်စားဆင်ယင်ပြီးနောက် တံခါးကို တွန်းဖွင့်ကာ ထွက်လာခဲ့သည်။

ဒူလင်ဖုန်းက သူ့ကို မြင်သည်နှင့် ချက်ချင်းပင် မျက်နှာဝင်းပသွား၏။

ဟိုင်ယွမ်မြို့ထဲတွင် သူက ရှဲ့ရှန်းနှင့်သာ စကားပြောလိုသည်။

မည်သို့ပင်ဆိုစေ ရှဲ့ရှန်းက သူ့ကို ဗဟုသုတ ကြွယ်ဝသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်ပြီး စကားပြောရာတွင်လည်း ရိုးသားကာ လူတွေကို ဆက်ဆံရာတွင်လည်း ပြေပြစ်၏။

လွီအိမ်တော်သည် ကုန်သည်မိသားစု ဖြစ်သော်ငြား အဆင့်အတန်း ခွဲခြားမှုက ပြင်းထန်လွန်းလှ၏။ အထက်လူကြီးများက လက်အောက်ငယ်သားများကို ခွေးတစ်ကောင်လို ဆက်ဆံတတ်ကြရာ အလွန်တရာ ဖိနှိပ်ခံရသလို ခံစားရသည်။

ဟိုင်ယွမ်မြို့တွင် အချိန်ကြာမြင့်စွာ နေထိုင်ရစဉ်အတွင်း ရှဲ့ရှန်းနှင့်အတူ လက်ဖက်ရည်သောက်ရင်း စာဖတ်ခြင်း အတွေ့အကြုံများကို ဆွေးနွေးခွင့်ရခြင်းက ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်သည်။

“အစ်ကိုရှဲ့ ... လက်ဖက်ရည် သွားသောက်ရအောင်။” ဒူလင်ဖုန်းက ပြောလိုက်၏။

ရှဲ့ရှန်း အံ့အားသင့်သွားပြီး မြင်းပေါ်မှ ဒူလင်ဖုန်းကို မော့ကြည့်ကာ မေးလိုက်သည်။ “သခင်လေးလွီနဲ့ သွားတွေ့မယ်လို့ ကျုပ်ကို ပြောထားတာ မဟုတ်ဘူးလား။”

ဒူလင်ဖုန်းက ရယ်မောလိုက်၏။ “စောပါသေးတယ်။ ညပိုင်းမှလို့ သူတို့က ကျုပ်ကို ပြောထားတာ။ ကျုပ်တို့ အရင်ဆုံး လက်ဖက်ရည် သွားသောက်ကြမယ်။ ညဘက် အဲဒီရောက်ရင် ရေချိန်ကိုက်အောင် သောက်ရမှာဆိုတော့ ဗိုက်ထဲ အရင် တစ်ခုခု ဖြည့်ထားရမယ်။”

ရှဲ့ရှန်းက ထပ်မမေးတော့ဘဲ မြင်းပေါ်တက်ကာ ဒူလင်ဖုန်းနှင့်အတူ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့သည်။

လက်ဖက်ရည်ဆိုင်သို့ ရောက်သောအခါ ဟင်းလျာ အနည်းငယ်နှင့် လက်ဖက်ရည်ကြမ်း တစ်အိုးကို မှာလိုက်ပြီးနောက် ဒူလင်ဖုန်းက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။

“အစ်ကိုရှဲ့ ... အရင်တစ်ခေါက်က ခင်ဗျား ကျုပ်ကို ပြောပြတဲ့ အနောက်ဘက်သို့ ခရီးသွားမှတ်တမ်း ဇာတ်လမ်းလေ။ ကျုပ်တို့ ဆက်ကြရအောင်။”

“ကျုပ် ဘယ်နေရာအထိ ရောက်သွားပြီလဲ။”

“အရိုးဖြူသရဲမက စွန်းဝူခုန်းနဲ့ လက်ထပ်လိုက်ပြီးတော့ စွန်းဝူခုန်းကို ခုန်းခုန်းလို့ ခေါ်ပြီး စွန်းဝူခုန်းက အရိုးဖြူသရဲမကို ကျင်းကျင်းလို့ ခေါ်တဲ့ နေရာလေ ... ။”

အယ် ... ရှဲ့ရှန်း အတော်ကြာအောင် စကားဆွံ့အသွားပြီး သေချာ မမှတ်မိတော့ချေ။

ထိုစဉ်က ဖန်ကျန်းရီက သူ့ကို တစ်ဝက်တစ်ပျက်သာ ပြောပြခဲ့ပြီး ထိုနေရာအရောက်တွင် သူ ဆက်နားမထောင်နိုင်တော့ချေ။

အရှေ့ပိုင်းက အတော်လေး ပုံမှန်ဖြစ်နေလျက်နှင့် အနောက်ပိုင်းရောက်မှ အဘယ့်ကြောင့် ရည်းစားတွေ ဖြစ်ကုန်ရသနည်း။

“ညီလေးဒူ ... အဲဒီကိစ္စကို ခဏထားလိုက်အုံး။ ခဏနေရင် ခင်ဗျားကို ရှမ့်သခင်လေးဆိုတဲ့ ဇာတ်လမ်း ပြောပြမယ်။ အခု ဒီည လွီမိသားစုဆီ ဘာသွားလုပ်ရမလဲ ဆိုတာကို အရင်ပြောပြပါအုံး။ အရင်က သခင်လေးလွီက ကျုပ်ကို နေ့ဘက်တွေမှာပဲ ခေါ်တွေ့လေ့ရှိတာ မဟုတ်ဘူးလား။ ဒီနေ့များ အရေးကြီးတဲ့ ဧည့်သည် လာစရာရှိလို့လား။”

“အယ် ... ဒါက ... ။”

ဒူလင်ဖုန်း၏ မျက်နှာက အနေခက်သွားဟန်ဖြင့် ပြောလိုက်၏။ “အဲဒီလိုတော့ မဟုတ်ပါဘူး။ သာမန် ညစာစားပွဲလေး ပါပဲ။ နယ်မြေအသီးသီးက ဆားကုန်သည် အသစ်တချို့ ဟိုင်ယွမ်မြို့ကို ရောက်နေကြတယ်။ သခင်လေးလွီက လူစုံနေပြီဆိုတော့ အချင်းချင်း သိကျွမ်းသွားအောင် အကုန်လုံးကို ခေါ်လိုက်တာပါ။”

သူ၏ မျက်နှာထား မမှန်သည်ကို မြင်လိုက်ရသဖြင့် ရှဲ့ရှန်းက ဆက်မေးလိုက်သည်။ “ညီလေးဒူ ... ခင်ဗျားရဲ့ မျက်နှာကို ကြည့်ရတာ ... ဒီစားပွဲက သာမန်မဟုတ်တဲ့ ပုံပဲ။”

ဒူလင်ဖုန်းက အားတင်းပြုံးကာ တီးတိုး ပြောလိုက်၏။ “သခင်လေးက မိန်းမတွေကို သဘောကျတယ်လေ။ ဒီတစ်ခေါက် လူသစ်တွေက နည်းနည်းများနေတော့ စားပွဲမှာ မိန်းမတွေက ကျိန်းသေပေါက် ပါမှာပဲ။ တချို့ကိစ္စတွေက ... ခင်ဗျားနဲ့ ကျုပ် သဘောမကျပေမဲ့သည ်းခံရလိမ့်မယ်။”

ရှဲ့ရှန်းက မျက်မှောင်ကုတ်လိုက်၏။ “ဘာကိစ္စလဲ။ ဖုံးကွယ်မနေဘဲ ပြောပြပါ။”

“အဲဒါက ... ယောကျာ်းတွေ မိန်းမတွေ ... လူတစ်စု ... ။” ဆက်ပြောလေလေ ဒူလင်ဖုန်း၏ မျက်နှာက ပို၍ အကျည်းတန်လာလေလေ ဖြစ်သည်။

ဤသို့သောကိစ္စမျိုးကို ပြောထွက်ဖို့ တကယ်ကို ခက်ခဲလွန်းလှ၏။

All Chapters