အခန်း (၈၁၀-၈၁၁)
Vol. 43 Ch. 810-811
အပိုင်း (၈၁၀) ကျုပ်မှာ အိပ်မက်တစ်ခု ရှိတယ်။
"ကျုပ်ရဲ့ အရှေ့မှာ ရပ်နေကြတာကတော့ ဒီမြေပြင်ပေါ်မှာ အံ့ဖွယ်အရာတွေကို ဖန်တီးခဲ့ကြတဲ့ ပြည်သူတွေပဲ။ ကြီးမြတ်လှတဲ့ လူမျိုးတစ်မျိုးပဲ။
ဒါပေမယ့် ကျုပ် ဝမ်းနည်းစွာနဲ့ တွေ့ရှိလိုက်ရတာက ကျုပ်တို့ရဲ့ ပြည်သူတွေက ခက်ခဲကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး စားစရာမရှိ ဖြစ်နေကြတယ်။ ကျုပ်တို့လူမျိုးရဲ့ ဂုဏ်ယူဝင့်ကြွားမှုတွေ မရှိတော့သလို၊ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာဆိုတာလည်း လုံးဝ ပျောက်ဆုံးနေပြီ။
ကျုပ်ရဲ့ အနောက်ဘက်မှာရှိနေတာကတော့ ရွှေနိုင်ငံတော်ရဲ့ နန်းတော်ကြီးပဲ။ အဲဒီက အုတ်တစ်ချပ်၊ အုတ်တစ်ခဲတိုင်းက ပြည်သူတွေက တစ်ချပ်ချင်း၊ တစ်ခဲချင်းစီ စုပုံ တည်ဆောက်ခဲ့ကြတာ။ အဲဒီလို ပြည်သူတွေက အခုလို သနားစရာကောင်းတဲ့ ဘဝမျိုးကို ဖြတ်သန်းနေကြရတယ်။" အာလီပိုင်သည် အသံကို မြှင့်ကာ အော်ဟစ်လိုက်၏။
ပြည်သူများမှာ တစ်ခဲနက် ဆူညံသွားကြပြီး ချက်ချင်း ပွက်လောရိုက်သွားကြသည်။
ဒီနေ့လာတာ ငါတို့အကြောင်းကို ပြောမလို့ပေါ့လေ။ ငါတို့ ပြည်သူတွေရဲ့ ဘဝက ဒီလောက် ခက်ခဲနေတာကို၊ နောက်ဆုံးတော့ နန်းတော်က မြင်သွားပြီပေါ့။
နန်းတော်ကြီးက နောက်ဆုံးတော့ မြင်သွားပြီပေါ့။
ပြည်သူများ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေပြီး ပို၍ ရှင်းလင်းစွာ ကြားနိုင်ရန် ရှေ့သို့ အတင်း တိုးဝှေ့သွားကြတော့၏။
လူအုပ်ကြီးမှာ ပို၍ ကြိတ်ကြိတ်တိုး ဖြစ်သွားချေသည်။
"ဘယ်သူကများ ကျုပ်တို့ရဲ့ ပြည်သူတွေကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် လုပ်ပြီး ညည်းတွားစေခဲ့တာလဲ။ ပြီးတော့ ဘယ်သူကများ ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာကို နင်းချေခဲ့တာလဲ။
အရှင်မင်းကြီးနဲ့ နန်းတော်ထဲက သစ္စာရှိပြီး ရဲရင့်တဲ့ ပုဂ္ဂိုလ်တွေက ရွှေနိုင်ငံတော် နယ်မြေတွေ ပိုကျယ်လာအောင် အပြင်ဘက်မှာ စစ်ထွက်တိုက်နေကြတယ်။ ဒါပေမဲ့ သူတို့ မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ရွှေပြည်သူတွေအပေါ် အကြံအစည်ဆိုးတွေ လုပ်နေတဲ့သူတွေ ရှိနေတယ်။
ကျုပ် အာလီပိုင်က တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့ … ပထမဆုံး လက်မခံနိုင်ဘူး။"
တကယ်တော့ သူကိုယ်တိုင်က တရားခံဖြစ်သော်လည်း ဆက်တိုက် လေ့ကျင့်ပြီးသည့်နောက်တွင်တော့ အာလီပိုင်၏ အရှက်အကြောက်ဆိုသည်မှာ သိပ်မကျန်တော့သည်မှာ သေချာလှသည်။
"ကောင်းတယ်။" ကျယ်လောင်သော လက်ခုပ်သံများသည် တစ်ခဲနက် ထွက်ပေါ်လာပြီး ပြည်သူများ၏ မျက်နှာများမှာ နီမြန်းနေကြ၏။
အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းသလို၊ အရမ်းကိုလည်း မမျှော်လင့်ထားမိဘူး။
အထက်က ပြဿနာတွေကို တွေ့ရှိသွားရုံတင်မကဘဲ၊ ငါတို့အတွက် ပြဿနာတွေကို ကိုယ်တိုင် လာရောက် ဖြေရှင်းပေးနေတာပဲ။
"ဒီလူတွေက ပြည်သူတွေကို သတ်မလို့ ပြင်ထားတဲ့ နွားတွေ၊ သိုးတွေလို သဘောထားပြီး၊ ပြည်သူတွေကို ထင်တိုင်းကြဲ ခေါင်းပုံဖြတ်နေကြတာ။ ရိက္ခာတွေကို ဝယ်ယူတယ်၊ ရိက္ခာဈေးတွေကို မြှင့်တင်တယ်၊ ပြီးတော့မှ ဈေးကြီးကြီးနဲ့ ပြန်ရောင်းကြတယ်။
ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လောဘအတွက် မလုပ်ရဲတဲ့ အလုပ်ဆိုတာ မရှိတော့ဘူး။ ဒါပေမဲ့ ကျုပ်တို့ ပြည်သူတွေကျတော့ရော …. သူတို့ တောင်းဆိုတာက ပေါက်စီတစ်လုံးနဲ့ ရှင်သန်ခွင့် နေရာလေးတစ်ခုလောက်ပဲလေ။
အဲဒီ ပေါက်စီလေးတစ်လုံးကိုတောင် အခု ငွေငါးမူးအထိ ဈေးတင် ရောင်းနေကြတယ်။ ကျုပ်တို့ ဆက်ပြီး တိတ်ဆိတ်နေလို့ မရတော့ဘူး၊ ကျုပ် အာလီပိုင်လည်း ဆက်ပြီး တိတ်ဆိတ်နေလို့ မရတော့ဘူး ...။
သူတို့တွေက ပြည်သူတွေရဲ့ ခေါင်းပေါ်မှာ ခွစီးပြီး ဗိုလ်ကျချင်တယ်ဆိုရင် ကျုပ်ကို အရင်ကျော်သွားရမယ်။ ကျုပ် ကာကွယ်ချင်တာက ရွှေနိုင်ငံတော်ရဲ့ သွေးကြောနဲ့ ရွှေနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာပဲ။
အဲဒီ ဂုဏ်သိက္ခာဆိုတာက တောင်းပန်တာတွေ၊ ကန့်ကွက်တာတွေနဲ့ ရလာမှာမဟုတ်ဘူး။ သံမဏိနဲ့ သွေးကို အားကိုးပြီးမှ ရလာမှာ။"
အာလီပိုင်သည် မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားနေပြီး ရင်ဘတ်ပေါ်တွင် လက်သီးနှစ်ဖက်ကို ဆုပ်ထားကာ အဆက်မပြတ် တုန်ယင်နေ၏။
ဖန်ကျန်းရီသည် အောက်မှနေ၍ အမူအရာများကို တစ်ပြိုင်နက်တည်း လိုက်လံ ပြသနေပြီး အာလီပိုင်၏ မျက်နှာအမူအရာ အခြေအနေထဲသို့ ရောက်ရှိနေပြီကို မြင်သောအခါ၊ စိတ်ထဲတွင် အတော်လေး သက်သာရာ ရသွားသည်။
စင်အောက်တွင်တော့ အော်ဟစ်သံများ ဆူညံနေပြီး၊ ပြည်သူများမှာ တစ်ခဲနက် စိတ်လှုပ်ရှားနေကြ၏။
မူလက ဘဝဖြတ်သန်းမှုမှာ အလွန်အမင်း ဖိနှိပ်ခံထားရပြီး ထမင်းလည်း မစားရသလို၊ ပစ္စည်းများကိုလည်း မဝယ်နိုင်ခဲ့ကြပေ။
ယခုအခါတွင် ဒုတိယမင်းသားက ဦးဆောင်ပေးလိုက်သဖြင့် ချက်ချင်းပင် ပေါက်ကွဲထွက်လာကြတော့သည်။ အမျိုးမျိုးသော ဝမ်းနည်းမှုများ၊ အမျိုးမျိုးသော ဒေါသများမှာ တစ်ခုမက ရှိနေချေသည်။
စင်အောက်မှ ဤဒီရေအလား ဟစ်ကြွေးသံများသည် စင်ပေါ်ရှိ အာလီပိုင်ဆီသို့ နက်ရှိုင်းစွာ ကူးစက်သွားစေခဲ့၏။
သူ၏ မျက်နှာပေါ်တွင်တော့ ပြင်းထန်သော ဒေါသအမူအရာကို ထိန်းသိမ်းထားဆဲဖြစ်သော်လည်း ပြင်းထန်လှသော အင်အားတစ်ရပ်သည် သူ၏ ရင်ထဲသို့ လွှမ်းခြုံလာခဲ့ပြီ ဖြစ်သည်။
ဒါက ဘာလဲ ... လက်တစ်ချက် လှုပ်ရှားလိုက်တာနဲ့၊ အောက်ကနေ တောင်တွေ ပြိုကျပြီး ပင်လယ်တွေ ဆူပွက်လာသလိုမျိုး အုံနဲ့ကျင်းနဲ့ တုံ့ပြန်လာကြတာ။
တစ်ခါမှ မကြုံဖူးလောက်အောင် ပြင်းထန်တဲ့ ခံစားချက်ကြီး ... ဒီတစ်ခဏမှာတော့ ငါ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားတစ်ပါးလို့ ခံစားလိုက်ရတယ်။
အရာရာကို စွမ်းဆောင်နိုင်တဲ့ နတ်ဘုရားတစ်ပါး။
ဒါက အာဏာရဲ့ အရသာလား ... အရမ်းကို သိသာပြီး၊ အရမ်းကို သာယာဖို့ကောင်းတာပဲ။
"အနောက်ကွယ်ကနေ အပြစ်မဲ့တဲ့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာ ဘယ်သူလဲ။ အမှောင်ထုထဲကနေ ရိက္ခာဈေးတွေကို မြှင့်တင်နေတာ ဘယ်သူလဲ။ ကျုပ် ရှာဖွေစစ်ဆေးပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ ဒီတရားခံတွေကို ရှာတွေ့ခဲ့ပြီ။ သူတို့က အခြားသူတွေ မဟုတ်ဘူး။ ရွှေနန်းတော်ထဲက ငွေကြေးရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတဲ့ အရာရှိတွေပဲ။ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ဒီတိရစ္ဆာန်တွေကို ခေါ်ဆောင်လာခဲ့။"
အာလီပိုင်သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ စစ်သည်များက လူငါးဦးကို စင်ပေါ်သို့ ချက်ချင်း ခေါ်ဆောင် လာခဲ့ကြ၏။
လူငါးဦးလုံး၏ ခေါင်းများကို အမည်းရောင်အဝတ်ဖြင့် ဖုံးအုပ်ထားပြီး အဝတ်အောက်ရှိ ပါးစပ်များကိုလည်း အတင်းအဓမ္မ ပိတ်ဆို့ထားခဲ့သည်။
ဤလူငါးဦးမှာ အစောပိုင်းက အာလီပိုင်ကို ပထမဆုံး သံသယဝင်ခဲ့သည့် ထိုအရာရှိငယ်များပင် ဖြစ်၏။
သူတို့ ခေါင်းကွဲမတတ် စဉ်းစားခဲ့လျှင်ပင် ယနေ့မှာ အစားထိုး အသေခံရမည့်သူများ ဖြစ်လာလိမ့်မည်ဟု တွေးမိခဲ့ကြမည် မဟုတ်ပေ။
ပြည်သူများသည် အလွန်အမင်း ရန်လိုသော အကြည့်များဖြင့် စင်ပေါ်သို့ စူးစူးရဲရဲ ကြည့်လိုက်ကြပြီး လက်နှစ်ဖက်ကို မြှောက်ကာ တစ်သံတည်း ဟစ်ကြွေးလိုက်ကြ၏။ "သူတို့ကို သတ်ပစ်လိုက်။ သူတို့ကို သတ်ပစ်လိုက်။ သူတို့ကို သတ်ပစ်လိုက်။"
လူအုပ်ကြီး စိတ်လှုပ်ရှားနေချိန်မှာပင် အာလီပိုင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "မှန်တယ်။ ကျုပ် သူတို့ကို ဖမ်းဆီးခေါ်ဆောင်လာတာက ရွှေပြည်သူတွေအတွက် သက်သေပြချင်လို့ပဲ။ ဘယ်သူကများ ပြည်သူတွေအပေါ် အကြံအစည်ဆိုးတွေ လုပ်မလဲ၊ အဲဒီလူက နိုင်ငံတော်ရဲ့ ရန်သူပဲ။ ဘယ်သူကများ ပြည်သူတွေရဲ့ ထမင်းပန်းကန်ကို ထိမလဲ။ အဲဒီလူက ကျုပ် အာလီပိုင်ရဲ့ ရန်သူပဲ။"
"စီ ... စီရင်လိုက်။"
စစ်သည်ငါးဦးသည် ဓားများကို ညီညာစွာ ဝှေ့ယမ်းလိုက်ရာ ဓားရောင်သည် လည်ပင်းများအကြားတွင် တစ်ချက် လက်သွား၏။
ခေါင်းများ မြေပြင်ပေါ်သို့ ကျသွားသည့် တစ်ခဏတွင်တော့ ပြည်သူများ၏ ခံစားချက်များမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။
အရာအားလုံးသော ဒေါသများ၊ အရာအားလုံးသော မီးတောက်များ၊ အရာအားလုံးသော မကျေနပ်ချက်များသည် ဤတစ်ခဏတွင် ကံဆိုးသူအချို့၏ သေဆုံးမှုနှင့်အတူ ပေါက်ကွဲထွက်သွားတော့၏။
ပရိသတ်၏ ခံစားချက်များကို ကြည့်ရင်း အာလီပိုင်သည် စိတ်လှုပ်ရှားသွားသည်။
ပြည်သူတွေအတွက် ရန်သူတွေကို ရှင်းလင်းပေးနေတယ်လို့ ခံစားလိုက်ရ၏။ သူက သူရဲကောင်း။
အာလီပိုင် ပြုံးတော့မည်ကို မြင်သောအခါ ဖန်ကျန်းရီသည် စင်အောက်မှနေ၍ ရူးမတတ် မျက်စိမျက်နှာ ပျက်ပြနေသည်။
ပြုံးလို့မရဘူးလေ။ လုံးဝ ပြုံးလို့မရဘူးနော်၊ ဟန်ချက်တွေ လွဲကုန်တော့မှာပဲ။
သူ၏ အပြင်းအထန် သတိပေးမှုအောက်တွင် အာလီပိုင်သည် သတိပြန်ဝင်လာပြီး မျက်နှာအမူအရာကို အနည်းငယ် ထိန်းချုပ်လိုက်၏။
အောက်တွင် စာမျက်နှာလှန်ထားသော ပီပီတီကို ကြည့်ရင်း လူအုပ်ကြီးထံသို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
"ဒီကြွက်ကြီးတွေ သေသွားပေမဲ့လည်း ခင်ဗျားတို့ရဲ့ ဘဝတွေက ခက်ခဲနေဆဲပဲ။ ဒါကြောင့် ကျုပ် အခုလုပ်ရမယ့် အရာတွေက အများကြီး လိုနေသေးတယ် ...။ ကျုပ်မှာ အိပ်မက်တစ်ခု ရှိတယ်။ ဒီနိုင်ငံက ပြည်သူတွေ မတ်မတ်ရပ်နိုင်ပြီး အဲဒီ လောဘကြီးတဲ့ အရာရှိတွေ၊ ကောက်ကျစ်တဲ့ အရာရှိတွေရဲ့ ဖိနှိပ်မှုကနေ ကင်းဝေးစေရမယ် ဆိုတဲ့ အိပ်မက်ပဲ။
ကျုပ်မှာ အိပ်မက်တစ်ခု ရှိတယ်။ ရွှေနိုင်ငံတော်ရဲ့ မြေပြင်ပေါ်မှာ ကောက်ကျစ်တဲ့သူတွေ ပုန်းအောင်းနေခွင့် မရှိစေရဘဲ ဖန်ထိုက်မြို့ကြီးက အခုချိန်ကစပြီး တရားမျှတမှုနဲ့ ကြွယ်ဝချမ်းသာမှုရဲ့ သင်္ကေတတစ်ခု ဖြစ်လာစေရမယ်ဆိုတဲ့ အိပ်မက်။
ကျုပ်မှာ အိပ်မက်တစ်ခု ရှိတယ်။ ပြည်သူတွေရဲ့ ကလေးငယ်တွေ အအေးဒဏ်နဲ့ ဆာလောင်မှုဒဏ်တွေကနေ ကင်းဝေးစေချင်တဲ့ အိပ်မက် ..."
အိပ်မက်တစ်ခုပြီးတစ်ခုသည် ပြည်သူများကို မျက်ရည်ကျစေခဲ့၏။
ဒုတိယမင်းသားသည် အမြဲတမ်း နာမည်မကြီးလှသော လူတစ်ယောက် ဖြစ်ခဲ့ပေသည်။
သူက ဤမျှလောက်အထိ ကြင်နာတတ်ပြီး ပြည်သူများအတွက် စဉ်းစားပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။ ထို့အပြင် သူက ဤမျှလောက်အထိ ပြည်သူများနှင့် ရင်းနှီးစွာ နေထိုင်ပြီး ပြည်သူများကြားထဲသို့ လာရောက် စကားပြောခဲ့သည်။
လူအတော်များများ၏ စိတ်ထဲတွင်တော့ အတွေးတစ်ခု တိတ်တဆိတ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။
တကယ်လို့ သူသာ အရှင်မင်းကြီး ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ။
အာလီပိုင်သည် မျက်စိကို မှိတ်ကာ၊ ခံစားချက်အပြည့်ဖြင့် မိန့်ခွန်းကို ဆက်လက် ပြောကြားနေ၏။
သူသည် ယခုအခါတွင် အခြေအနေထဲသို့ အပြည့်အဝ ရောက်ရှိနေပြီး စိတ်လှုပ်ရှားမနေသည့်အပြင် အလွန်အမင်း သာယာကျေနပ်မှုကိုပင် ခံစားနေရပေသည်။
အရင်က ကျက်မှတ်ထားသော စာမူကြမ်းများသည် ရေစီးကြောင်းတစ်ခုအလား ပါးစပ်မှနေ၍ အလိုအလျောက် ချောမွေ့စွာ ထွက်ပေါ်လာချေသည်။
ဖန်ကျန်းရီသည် ကြည့်နေရင်းပင် အနည်းငယ် မနာလို ဖြစ်သွားမိ၏။
ကျုပ်မှာ အိပ်မက်တစ်ခု ရှိတယ် ဆိုတာက … သူ တစ်နေ့နေ့ကျရင် သုံးဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ စာမူကြမ်းကြီးလေ။ အခုအတွေ့အကြုံမရှိသေးတဲ့ လူသစ်တစ်ယောက်ကို ပေးသုံးလိုက်ရတာဆိုတော့ … တကယ်ကို နှမြောစရာကောင်းလွန်းတယ်။
သမိုင်းမှတ်တမ်းတွေထဲမှာ ဂန္ထဝင်မြောက်တဲ့ တင်ဆက်မှုတစ်ခု လျော့နည်းသွားပြန်ပြီပေါ့။
"တစ်နေ့နေ့ကျရင် ချိုင့်ဝှမ်းတွေ မြင့်တက်လာပြီး တောင်တန်းတွေ နိမ့်ဆင်းသွားကာ ကြမ်းတမ်းကောက်ကွေ့နေတဲ့ လမ်းတွေက ဖြောင့်ဖြူးတဲ့ လမ်းမကြီးတွေ ဖြစ်လာပြီး၊ ပြည်သူတစ်ယောက်ချင်းစီရဲ့ ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့ ကျုပ် အိပ်မက်မက်တယ် ...။
ဒါပေမဲ့ ဒီအိပ်မက်က အိပ်မက်သတ်သတ်ပဲ ဖြစ်နေမလား။ ဒါမှမဟုတ် အိပ်မက်ဆိုတာ ကျုပ်တို့နဲ့ ဘယ်လောက်အထိ ဝေးကွာနေသေးလဲ။" အာလီပိုင်၏ လေယူလေသိမ်းမှာ တဖြည်းဖြည်း နက်ရှိုင်းလာပြီး အောက်မှလူများကို သိချင်စိတ် ဖြစ်ပေါ်စေခဲ့၏။
မကြာမီမှာပဲ သူ၏အသံမှာ တစ်ဖန် ပြန်လည် မြင့်တက်လာခဲ့ပြန်သည်။ "အဲဒါက လုံးဝ ဝေးကွာနေမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အစပြုမှုက ဒီနေ့မှာပဲလေ။ ပြည်သူတွေကို ဖိနှိပ်ခဲ့တဲ့ အဲဒီအရာရှိတွေက သူတို့ရဲ့ သွေးသားတွေနဲ့ ပြန်လည် ပေးဆပ်ရလိမ့်မယ်။ ကျုပ်တို့ဆီက ယူသွားခဲ့တဲ့ အရာတွေကို နှစ်ဆ ပြန်ပေးရမယ်။
ဒီကောက်ကျစ်တဲ့ အရာရှိတွေရဲ့ အိမ်တွေကို ဝင်ရောက်ရှာဖွေပြီး၊ သိုလှောင်ထားတဲ့ ရိက္ခာတွေနဲ့ ငွေတွေကို အကုန်ထုတ်ယူဖို့ ကျုပ် အမိန့်ပေးထားပြီးပြီ။
ကျုပ် အာလီပိုင် ထပ်ပြီး ကတိပေးပါတယ်။ ပြည်သူတွေ ရိက္ခာမဝယ်နိုင်တဲ့ ခေတ်၊ ပြည်သူတွေ သုံးစရာ ငွေမရှိတဲ့ ခေတ်ဆိုတာ ကုန်ဆုံးသွားပြီ။ ဒီနေ့မှာပဲ ကျုပ် ရိက္ခာကျီတွေကို ဖွင့်ပြီး၊ တစ်မြို့လုံးက ပြည်သူတွေအတွက် ငွေတွေ၊ ရိက္ခာတွေကို အခမဲ့ ဝေငှပေးပါ့မယ်။
ကျုပ် အာလီပိုင် ရှိနေသရွေ့ ကျုပ်ရဲ့ ပြည်သူတွေကို အအေးဒဏ်နဲ့ ဆာလောင်မှုဒဏ်တွေ ထပ်ပြီး ခံစားစေမှာ မဟုတ်ဘူး။
အခုပဲ ရိက္ခာကျီတွေကို ဖွင့်၊ ရိက္ခာတွေ ပေး၊ ငွေတွေ ဝေလိုက်။"
ဤနောက်ဆုံး စကားလုံးများကိုတော့ အာလီပိုင်က အသံကုန် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
မရေမတွက်နိုင်သော ပြည်သူများသည် အံ့သြသွားကြသည့် တစ်ချိန်တည်းမှာပင် နက်ရှိုင်းစွာ တုန်လှုပ်သွားခဲ့ကြ၏။
ငွေတွေ၊ ရိက္ခာတွေကို အခမဲ့ ဝေငှပေးတယ်ဆိုတာ၊ တစ်ခါမှကို မကြားဖူးခဲ့တဲ့ အရာကြီးပဲ။
တန်သွားပြီ ... တစ်သက်မှာ ဒီလို မင်းသားမျိုးနဲ့ ကြုံလိုက်ရတာ၊ တကယ်ကို တန်သွားပါပြီ ...
"ဒုတိယမင်းသား ... သက်တော်ရာကျော် ရှည်ပါစေ။"
အပိုင်း (၈၁၁) ဖင်က ဦးနှောက်ကို ဆုံးဖြတ်ခြင်း။
သက်တော်ရာကျော် ရှည်ပါစေ ဟူသော ဟစ်ကြွေးသံများသည် ဒီရေအလား ပင်မလမ်းမကြီးတစ်ခုလုံးကို လွှမ်းခြုံသွား၏။
လမ်းမ၏ ဝဲယာနှစ်ဖက်ရှိ လူနေအိမ်များ ပွင့်သွားပြီး စင်မြင့်အောက်ရှိ ပစ္စည်းများကို စစ်သည်များက ထုတ်ယူလာသောအခါ ထိုနေရာရှိ ပြည်သူများမှာ ပို၍ပင် ရူးသွပ်သွားကြတော့သည်။
စစ်သည်အမြောက်အမြားသည်လည်း စည်းကမ်း ထိန်းသိမ်းရန် စတင် ပေါ်ထွက်လာကြ၏။
အာလီပိုင်သည် စင်ပေါ်တွင် ရပ်ကာ စင်အောက်ရှိ ကြိတ်ကြိတ်တိုး ဆူညံနေသည့် လူအုပ်ကြီးကို ကြည့်ရင်း အသစ်အဆန်းဖြစ်သော အခြေအနေတစ်ခုဆီသို့ ရုတ်တရက် ရောက်ရှိသွားသည်။
သက်တော်ရာကျော် ရှည်ပါစေ ... လူတွေက သူ့ကို ဒီလိုစကားမျိုးနဲ့ ခေါ်ဝေါ်ကြတာ ဒါ ပထမဆုံးအကြိမ် ကြားဖူးခြင်းပဲ။
ထိတ်လန့်မှု မရှိသလို၊ စိတ်လှုပ်ရှားမှုလည်း မရှိဘဲ၊ သိမ်မွေ့လှသော ခံစားချက်တစ်မျိုးသာ ရင်ထဲတွင် မျောလွင့်နေခဲ့၏။
ဒီလိုခံစားချက်မျိုးက လူတွေကို အရမ်းကို စွဲလမ်းစေတာပဲ ...
အခြေအနေကို ကြည့်ပြီး ဖန်ကျန်းရီသည် စင်ပေါ်သို့ လှမ်းတက်သွားကာ အာလီပိုင်ကို ဆွဲ၍ စင်အောက်သို့ ခေါ်ဆောင်သွားလိုက်သည်။
စင်အောက်ရှိ ပြည်သူများမှာ မကျေနပ်သော အော်ဟစ်သံများကို ချက်ချင်း ထုတ်ဖော်လိုက်ကြ၏။
ဖန်ကျန်းရီသည် သူ့ကို လူသူကင်းမဲ့သော နေရာသို့ ခေါ်ဆောင်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "ဂုဏ်ယူပါတယ် အရှင်မင်းကြီး … ဒီနေ့ကတော့ အကြီးအကျယ် အောင်မြင်သွားပြီလို့ ပြောလို့ရပါတယ်။ ကျန်တာကတော့ မြို့တွင်းက အခြားနေရာတွေမှာရှိတဲ့ ပြည်သူတွေကို ဒီနေရာမှာ ပစ္စည်းတွေ လာရောက် ထုတ်ယူဖို့ သတင်းပို့ပေးရုံပဲ။
ဒီတစ်ကြိမ် ဝေပေးလိုက်ရင် လုံလောက်သွားပြီ။ နောက်တစ်ကြိမ်ကိုတော့ နောက်ထပ် တစ်လကြာမှ ဝေပေးမယ်။ အဲဒီအကြားထဲမှာ မင်း လုပ်ရမယ့်အလုပ်က ပြည်သူတွေကို ဆက်တိုက် မိန့်ခွန်းပြောနေဖို့ပဲ။ မကြာခင်မှာပဲ ပြည်သူတွေရဲ့ စိတ်ထဲမှာ အရှင်မင်းကြီး တစ်ပါးတည်းပဲ ရှိနေတော့မှာ သေချာတယ်။ တကယ်လို့ နန်းတော်ထဲမှာ မင်းကို ဆန့်ကျင်တဲ့သူ ရှိနေသေးရင်၊ ပြည်သူတွေရဲ့ဆန္ဒဆိုတာ ဘာလဲ သူတို့ကို ပြသပေးလိုက်ကြတာပေါ့။"
...
နောက်ပိုင်းအချိန်များတွင်တော့ အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေခဲ့သည်။
ဖန်ကျန်းရီ ပြန်ရောက်ပြီးနောက် သံတမန်အဖွဲ့ကို အခြေအနေများကို အသေးစိတ် ရှင်းပြလိုက်ရာ တည်းခိုခန်းတွင် အမြဲတမ်း နေထိုင်နေခဲ့ရသော သံတမန်အဖွဲ့ဝင်များသည်လည်း သတ္တိမွေးကာ အပြင်ထွက်ပြီး လွတ်လပ်စွာ သွားလာရဲကြပြီ ဖြစ်၏။
သို့သော်လည်း လူတိုင်း၏ စိတ်ထဲတွင်တော့ သံသယများ ရှိနေဆဲဖြစ်သည်။ ပုံမှန်အားဖြင့် လူသုံးလေးယောက်ခန့် အတူတကွ သွားလာကြပြီး အစောင့်များကိုလည်း ခေါ်ဆောင်သွားကြသည်။
မည်သို့ပင်ဖြစ်စေ အပြင်ဘက်တွင် လူသူစိမ်းကားပြီး နေရာဒေသကိုလည်း မကျွမ်းကျင်သည့်အပြင် နိုင်ငံနှစ်ခုကလည်း စစ်တိုက်နေကြသဖြင့် မည်သည့် အန္တရာယ်မျိုးနှင့်မဆို ကြုံတွေ့ရနိုင်သည်မှာ မဆန်းလှပေ။
သံတမန်အဖွဲ့ဝင်များ အားလုံးသည် ယခုအခါတွင် ဖန်ကျန်းရီအပေါ် အလွန်အမင်း ကျေးဇူးတင်နေကြပြီး လူအတော်များများမှာ စိတ်လှုပ်ရှားလွန်း၍ နှပ်တစ်တန် မျက်ရည်တစ်တန်ပင် ဖြစ်နေကြ၏။
ချူချင်ဟန် ညီအစ်မနှစ်ဦးသည်လည်း ဖန်ကျန်းရီအပေါ် ပို၍ပင် လေးစား အထင်ကြီးသွားခဲ့ကြသည်။
သို့သော်လည်း ဖန်ကျန်းရီ တစ်ယောက်တည်းသာ စိတ်ကို လျှော့မထားရဲခဲ့ချေ။
ယခုမျက်မှောက် အချိန်ကို တွက်ကြည့်မည်ဆိုပါက နိုင်ငံနှစ်ခုအကြားတွင် စတင် တိုက်ခိုက်နေလောက်ပြီ သို့မဟုတ် တိုက်ခိုက်ပြီးလောက်ပြီ ဖြစ်သည်။
ဝူထူသည် ရုတ်တရက် အပြင်းအထန် တိုက်ခိုက်ခံလိုက်ရသဖြင့် မီးလက်နက်ကိစ္စနှင့် ပတ်သက်၍ သူ့ထံသို့ လူလွှတ်ကာ မေးမြန်းစေလိမ့်မည်ဖြစ်ရာ ရွှေစစ်သည်များ မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာမည့် အချိန်သည်သာ အရေးအကြီးဆုံး အချိန်အခါ ဖြစ်၏။
ထိုအချိန်သို့ ရောက်ရှိလာပါက အာလီပိုင် မြို့ကို ကာကွယ်နိုင်ခြင်း ရှိ၊ မရှိအပေါ်တွင် အပြည့်အဝ မူတည်နေပြီး ရွှေစစ်သည်များကို အပြင်ဘက်တွင် မြဲမြံစွာ ထိန်းချုပ်ထားနိုင်ပြီးနောက် တာ့ကျင်းဘက်သို့ မိမိတို့ဘက်မှ အခြေအနေများကို သတင်းပို့ရန် လူလွှတ်ရပေမည်။
မိမိတို့ထံသို့ လာရောက် ကယ်ဆယ်မည့်သူ ရှိလာမည့် ထိုအချိန်ကျမှသာ တကယ့်ကို စိတ်ချရမည်။
ထို့ကြောင့် ဤရက်ပိုင်းအတွင်းတွင် သူသည် အာလီပိုင်ကို အထူးကူညီပေးကာ ယိမ်းယိုင်နေသော လေသာရာလိုက်သည့် အရာရှိအချို့ကို သိမ်းသွင်းခဲ့၏။
ဤလူများကို ပြောရမည်ဆိုလျှင် မည်သူကမှ သစ္စာရှိသူများ မဟုတ်ကြပေ။ အများအားဖြင့် ဝူထူ စစ်နိုင်ပြီး နန်းတော်သို့ ပြန်ရောက်လာမည့် အချိန်ကျမှသာ ပြန်လည် သတင်းပို့ရန် တွေးတောနေကြခြင်း ဖြစ်သည်။
အညံ့မခံလိုသေးသော အခြားသူများသည်လည်း ထိုကဲ့သို့သော အကြံအစည်မျိုး ရှိနေကြသော်လည်း အာလီပိုင်၏ အာဏာစက်နှင့် သူတို့၏ ဂုဏ်သိက္ခာကို ထောက်ထားရသဖြင့် ယခုလောလောဆယ်တွင်တော့ တိတ်ဆိတ်စွာသာ နေထိုင်နေကြရပြီး ထောက်ခံခြင်းလည်းမပြုသလို ဆန့်ကျင်ခြင်းလည်း မရှိကြချေ။
အာလီပိုင်ကတော့ ဘဝကို အလွန်သာယာကျေနပ်စွာ ဖြတ်သန်းနေပြီး တဖြည်းဖြည်းနှင့် အခြေအနေကောင်း များဆီသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။
နေ့စဉ်နေ့တိုင်း ပြည်သူများ၏ လေးစားမှု၊ ဟစ်ကြွေးမှုနှင့် ချီးကျူးမှုများကို နတ်သမီးများ၏ တေးသံအလား နားထောင်နေရ၏။
ဘဝ၏ အမြင့်ဆုံးအချိန်ဆိုသည်မှာ ဤအရာသာပင် ဖြစ်တော့သည်။
ထိုနေ့တွင်တော့ ဖန်ထိုက်မြို့၏ အရှေ့တောင်ဘက် အရပ်တွင် ရိုးရှင်းသော စင်မြင့်တစ်ခုကို တည်ဆောက်ထား၏။
အာလီပိုင်သည် စင်ပေါ်တွင် လွတ်လပ်ပေါ့ပါးစွာ ပြောဆိုနေပြီး ဖန်ကျန်းရီကတော့ စင်အောက်မှနေ၍ အမြဲတမ်း လိုက်ပါ အဖော်ပြုပေးနေဆဲပင်။
သူသည် ယခုအခါတွင် သတိပေးရန် လူသား ပီပီတီများ မလိုအပ်တော့ဘဲ ပြောချင်သည့်အချိန်တွင် ပြောချင်သည်များကို ချက်ချင်း ပြောချနိုင်နေပြီ ဖြစ်၏။
ဖန်ကျန်းရီသည် အောက်မှနေ၍ သူ၏ စိတ်လှုပ်ရှားစွာ သရုပ်ဆောင်နေမှုကို ကြည့်ရင်း နားထောင်ရသည်မှာ သွားကျိန်းမတတ် ဖြစ်နေရသည်။
ဒီကောင်လေး ဇာတ်ကောင်စရိုက်ထဲဝင်တာ နည်းနည်း နက်ရှိုင်းနေပြီ ... အခု ပြည်သူတွေက သူ့စကားကို အမှန်တရားလို့ ထင်နေကြပြီး နန်းတော်ထဲက လေသာရာလိုက်တဲ့ အရာရှိတွေကလည်း မြှောက်ပင့်ဖော်ရွေမှုတွေ ဆက်တိုက် လုပ်နေကြတယ်။
အကျဉ်းချုပ်ပြောရလျှင် နေ့စဉ်နေ့တိုင်း သူ့ပတ်ဝန်းကျင်တွင် ဝိုင်းရံနေသည်မှာ အမျိုးမျိုးသော ချီးကျူး စကားများသာ ဖြစ်ပြီး ဆန့်ကျင်သည့် စကားတစ်ခွန်းမျှ မရှိခဲ့ချေ။
အာလီပိုင်သည်လည်း ဤမျှကြီးမားသော အာဏာကြီးကို တစ်ခါမှ မကိုင်တွယ်ဖူးခဲ့ရာ ဤအရာများ၏ နောက်ကွယ်မှ ပြဿနာကို သဘောပေါက်ပုံ မပေါ်ပေ။
ရှေးယခင်ကတည်းက ပညာရှိများနှင့် သစ္စာရှိသော အမတ်များသည် ဆေးကောင်းလျှင် ခါးပြီး၊ သစ္စာရှိသော စကားသည် နားခါးသည် ဟူသော မူဝါဒကို ကိုင်စွဲထားခဲ့ကြသည်။ မရေမတွက်နိုင်သော မျိုးချစ်ပုဂ္ဂိုလ်များသည် အာဏာရှင်များကို မျက်နှာချင်းဆိုင် ဝေဖန်ကာ နိုင်ငံတော်၏ အားနည်းချက်များကို ထောက်ပြခြင်းကို မိမိတို့၏ တာဝန်အဖြစ် သတ်မှတ်ထားခဲ့ကြသည်။
ယခုအခါတွင်တော့ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပြီး နားခါးသော စကားများမှာ ကောက်ကျစ်သော စကားများ ဖြစ်သွားခဲ့၏။ ဆိုးသည့်စကား တစ်ခွန်းမျှ ပြော၍မရသလို၊ နားခါးသည့် အသံလေး တစ်ချက်မျှပင် ထွက်ပေါ်လာခွင့် မရှိတော့ချေ။
အာလီပိုင်ကို မကောင်းကြောင်း တစ်ခွန်းမျှ ဝေဖန်ရဲပါက ချက်ချင်း နိုင်ငံတော်သစ္စာဖောက် ဖြစ်သွားကာ ခေါင်းစဉ်ကြီးတပ်ပြီး လမ်းကြားလေးထဲသို့ ဆွဲခေါ်ကာ ရိုက်နှက်ခြင်းကို ခံရတော့၏။
ဖန်ကျန်းရီသည် မကြာခဏ မြှောက်ပင့်ဖော်ရွေတတ်သူ ဖြစ်သော်လည်း သူ၏ ရင်ထဲတွင်တော့ တစ်လောကလုံးရှိ လူများ အမှန်အတိုင်း ပြောကြရန် ရင်ထဲမှ စကားများကို ပြောကြရန်နှင့် နေရာတိုင်းတွင် ရိုးသားဖြောင့်မတ်သော လူများ ရှိနေကြစေရန် တကယ့်ကို ဆန္ဒရှိသည်။
သူ တစ်ယောက်တည်း မြှောက်ပင့်ဖော်ရွေနေလျှင်ပင် လုံလောက်နေပြီ ဖြစ်၏။
ထို့ကြောင့် ယခုမျက်မှောက်ရှိ ဤအလေ့အထကြီးမှာ သူ့အတွက် ကြည့်မရလောက်အောင် ဖြစ်နေရသည်။
ထို့ကြောင့် နောင်တစ်ချိန်တွင် လမ်းမှန်သို့ ပြန်လည်ရောက်ရှိရန် လိုအပ်သည်။ အာလီပိုင်၏ စိတ်ထဲတွင် ကိုယ့်အခြေအနေကို ကိုယ်မသိဘူးဆိုပါက အနည်းငယ် ဒုက္ခရောက်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူကလည်း ကိုယ့်ရဲ့ တပည့်ပဲလေ။
ကိုယ့်လူများအပေါ်တွင်တော့၊ ဖန်ကျန်းရီသည် အမြဲတမ်း သဘောကောင်းတတ်သည်။
အာလီပိုင်သည် စိတ်လှုပ်ရှားစွာ မိန့်ခွန်းပြောပြီးသည့်နောက် ပုံမှန်အတိုင်း စင်ပေါ်တွင် ရပ်ကာ ပြည်သူများ၏ ရူးသွပ်နေသော မျက်နှာအမူအရာများကို တစ်ချက် ကြည့်ရှု အကဲခတ်လိုက်သည်။ ပြီးနောက် စင်အောက်သို့ လျှောက်ဆင်းလာခဲ့၏။
ဖန်ကျန်းရီသည် သူ့ထံသို့ လျှောက်သွားကာ လက်သီးဆုပ်လျက် ပြောလိုက်သည်။ "ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ ဒီနေ့လည်း အရာအားလုံး ချောမွေ့ပါတယ်။ နန်းတွင်းအမတ်တွေကလည်း အညံ့ခံကြပြီ၊ ပြည်သူတွေကလည်း စိတ်ပါဝင်စားနေကြပြီဆိုတော့ အခုချိန်မှာ အရှင်မင်းကြီးကို တားဆီးနိုင်မယ့်သူ ဘယ်သူမှ မရှိတော့ပါဘူး။ အရှင်မင်းကြီး အခုချိန်ကစပြီး နန်းတက်ဖို့ ပြင်ဆင်သင့်ပါပြီ။ အခု ဖိအားတွေလည်း သိပ်မရှိတော့ဘူးဆိုတော့ ကျုပ်တို့တာ့ကျင်း စစ်နိုင်တဲ့သတင်း ရောက်လာတဲ့အခါ အရှင်မင်းကြီးက တရားဝင် တော်ဝင်မိသားစုဝင်တစ်ပါးအနေနဲ့ အမည်ခံလည်း မှန်ကန်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာလည်း ပြဿနာ အများကြီး သက်သာသွားပါလိမ့်မယ်။"
ဘယ်သူမှ မတားဆီးတော့ဘူး၊ အမည်ခံလည်း မှန်ကန်သွားပြီဆိုတော့ နန်းတက်မယ်။
အာလီပိုင်သည် တစ်ခဏမျှ ကြောင်အမ်းသွားပြီးနောက် ပြုံးလိုက်၏။
"ဆရာပြောတာ မှန်ပါတယ်။ ဒါတွေအားလုံးက ဆရာ့ရဲ့ ကျေးဇူးတွေပါ။ ကျုပ် ဒီနေ့လို ဘဝမျိုးကို ဖြတ်သန်းရလိမ့်မယ်လို့ တစ်ခါမှကို မတွေးဖူးခဲ့ဘူး။"
"အရှင်မင်းကြီး ... ဒီနေ့လို ဘဝမျိုးက ကောင်းမွန်ပေမဲ့လည်း ကျုပ် သတိမပေးဘဲ မနေနိုင်ဘူး။ ပြည်သူတွေ ရူးသွပ်နေတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ အရှင်မင်းကြီးက အာဏာကို စတင်ရရှိခါစပဲ ရှိသေးတာဆိုတော့ ဒီလူတွေရဲ့ လှည့်စားမှုကို မခံလိုက်ပါနဲ့။
ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒအောက်မှာ ချုပ်နှောင်မခံလိုက်ပါနဲ့။ ကျုပ် ကြည့်ရသလောက်တော့ အခုလောလောဆယ် ပြည်သူတွေက ရွှေနန်းတော်က အရာရှိတွေအပေါ်မှာ အတော်လေးကို ဆန့်ကျင်မှုတွေ ဖြစ်နေကြပြီ။ ဒါပေမဲ့ ဒီနှစ်ဖက်ရဲ့ ဆန့်ကျင်မှုက အရမ်းကို ပြင်းထန်လွန်းနေတာက ကောင်းတဲ့ကိစ္စ လုံးဝမဟုတ်ဘူး၊ အရှင်မင်းကြီး အနေနဲ့ လုပ်သင့်တာက ..."
"သိပါပြီ ဆရာ။"
ဖန်ကျန်းရီ စကားပြော၍ မဆုံးမီမှာပင် အာလီပိုင်သည် မကျေနပ်သော မျက်နှာထားဖြင့် လက်ကို ဝှေ့ယမ်းလိုက်၏။ "နောက်ပိုင်းကိစ္စတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ၊ ကျုပ်စိတ်ထဲမှာ အသိဆုံးပါ။ ဆရာ အများကြီး ပြောနေစရာ မလိုပါဘူး။"
ဘာကြောင့်မှန်းမသိ၊ ဖန်ကျန်းရီ သူ့ကို အလုပ်လုပ်ရန် အမိန့်ပေးနေသည့် ဤလေယူလေသိမ်းကို နားထောင်ရသည်မှာ အလွန်ပင် နားခါးလွန်းလှသည်။
ဖန်ကျန်းရီ၏ မျက်လုံးထဲတွင်တော့ စိုးရိမ်မှုများ လက်ခနဲ ဖြစ်သွား၏။
ချီးတဲ့မှ ... ရုပ်သေးရုပ်ကြီး ထိန်းချုပ်မှု လွတ်သွားပြီပေါ့။ စိတ်အခြေအနေတွေ ထိခိုက်သွားပြီလား။
သူ စဉ်းစားလိုက်ပြီးနောက် ဆက်လက် ဖျောင်းဖျလိုက်သည်။ "တပည့် ... တချို့ကိစ္စတွေမှာ သရုပ်ဆောင်တာက သရုပ်ဆောင်တာပဲလေ။ မင်း လုံးဝ ဇာတ်ထဲ အရမ်းမဝင်သွားစေနဲ့။ အခု အခြေအနေက ယာယီ အဆင်ပြေအောင် လုပ်ထားရုံ ..."
"ဆရာ။"
အာလီပိုင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "စိတ်ချပါ။ နောက်ပိုင်း ဘယ်လိုလုပ်ရမယ်ဆိုတာ ကျုပ်မှာ အစောကြီးကတည်းက အစီအစဉ်ရှိပြီးသားပါ။"
ပြီးသွားပြီ။ ဒီကောင်လေး တကယ်ကြီး လွှမ်းမိုးခံလိုက်ရပြီပဲ။ စကားကိုတောင် နားမဝင်တော့ဘူးလား။
ဖန်ကျန်းရီ၏ မျက်နှာထားမှာ တဖြည်းဖြည်း ဆိုးရွားလာပြီး တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။ "အဲဒါဆိုလည်း ကောင်းပါပြီလေ။ မင်း စိတ်ထဲမှာ အသိဆုံးဖြစ်နေမှတော့ ဆရာကလည်း အများကြီး ပြောနေစရာ မလိုတော့ပါဘူး။"
သူ၏ မျက်နှာထား အနည်းငယ် ဆိုးရွားနေသည်ကို မြင်သောအခါ အာလီပိုင်က ရုတ်တရက် ပြုံးလိုက်ပြန်သည်။ "ဆရာ ... ကျုပ်မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာမို့လို့၊ ဆရာ့ရဲ့ သတိပေးမှုတွေကို လိုအပ်ပါသေးတယ်။"
"တကယ်တော့ ဒီရက်ပိုင်းအတွင်းမှာ၊ ကျုပ် ဆရာ့ကို ပြောချင်နေတဲ့ စကားတချို့ ရှိနေခဲ့တာ။ ဆရာ နားထောင်ချင်လား၊ မထောင်ချင်ဘူးလားတော့ မသိဘူး။"
"ပြောပါ။"
"ဆရာ နောက်ပိုင်းကျရင် ရွှေနိုင်ငံတော်မှာ ဆက်နေပြီး တပည့်ကို ကူညီပေးဖို့ ဆန္ဒရှိလား။" အာလီပိုင်က တီးတိုး မေးလိုက်၏။
“…….”
ခွေးသူတောင်းစားလေး … မင်းက ငါ့အပေါ်ကိုပါ အကြံအစည် လုပ်နေတာပေါ့လေ။
ဖန်ကျန်းရီ၏ မျက်နှာအရောင် ပြောင်းသွားပြီး ပြန်လည် ချေပတော့မည့် ဆဲဆဲတွင် အာလီပိုင်က ဆက်ပြောလိုက်သည်။ "ဆရာသာ ဆက်နေဖို့ ဆန္ဒရှိမယ်ဆိုရင် ဆရာ လိုချင်တာမှန်သမျှ အကုန်ရစေရမယ်လို့ ကျုပ် ကတိပေးပါတယ်။ အဆင့်အတန်း၊ စည်းစိမ်ဥစ္စာတွေက တာ့ကျင်းမှာထက် လုံးဝ လျော့နည်းမှာ မဟုတ်ဘူး။ ကျုပ်သာ ဧကရာဇ်ဖြစ်လာရင် ဆရာကလည်း သဘာဝကျကျ ဧကရာဇ်ရဲ့ ဆရာဖြစ်လာမှာပဲ။"
ဖန်ကျန်းရီသည် အပေါ်ယံသာ ပြုံးလိုက်၏။ "တပည့်က နောက်နေပြန်ပါပြီ။ ဆရာက တာ့ကျင်းသားလေ၊ သဘာဝကျကျ တာ့ကျင်းကိုပဲ ပြန်ရမှာပေါ့။ ဆရာက သေရင်တောင်မှ ဇာတိမြေမှာပဲ သေချင်ကြတဲ့ အကျင့်ရှိတယ်။"
အာလီပိုင်သည် တိတ်ဆိတ်သွားပြီး သူ၏ မျက်လုံးထဲတွင်တော့ အနည်းငယ်မျှပင် အံ့သြသည့်အရိပ်အယောင် မရှိခဲ့ချေ။
"အဲဒါဆိုလည်း ကောင်းပါပြီလေ။ ဒါပေမဲ့ ဆရာသာ ဆန္ဒရှိမယ်ဆိုရင် တပည့်က အချိန်မရွေး လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေမှာပါ။"