အခန်း (၂၄၈-၂၄၉)
Vol. 14 Ch. 248-249
အပိုင်း ၂၄၈ - နယ်လှည့်စစ်ဆေးရေးမှူး ဖန်ကျန်းရီ။
ကော်ထျန်းယန် ဒုတိယစာရွက်ကို ဖတ်ပြပြီးချိန်တွင် အမတ်များအားလုံး တိတ်ဆိတ်သွားကြ၏။
ခေတ္တမျှ လူတိုင်း၏ ရင်ထဲတွင် အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှု စသည့် ခံစားချက်ပေါင်းစုံ ရောထွေးနေသည်။
စာတစ်စောင်ကို ဤမျှ ရွံရှာဖွယ်ကောင်းအောင် ရေးနိုင်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
ကျန်းကျန်မြို့၏ အခြေအနေက ဤမျှလောက်အထိ ပျက်စီးယိုယွင်းနေလိမ့်မည်ဟုလည်း မထင်ထားခဲ့ကြချေ။
ဖန်ကျန်းရီ၏ လုပ်ရပ်များက ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟုလည်း မထင်ထားခဲ့ကြပေ။
ယခုလုပ်ရပ်နှင့် ယှဉ်လျှင် သတင်းစာမှတစ်ဆင့် မိမိတို့ကို တိုက်ခိုက်ခဲ့ခြင်းမှာ အလွန်နူးညံ့ညင်သာသည်ဟုပင် ဆိုရမည်။
ထင်မှတ်မထားခဲ့သည်များက...
အချုပ်အားဖြင့်ဆိုရသော် ယခုအခါ ညီလာခံခန်းမဆောင်အတွင်း ထူးဆန်းသော လေထုတစ်ခု လွှမ်းမိုးနေ၏။
လူတိုင်းက မျက်စိဖြင့် မမြင်နိုင်သော အရာတစ်ခုကို မြင်တွေ့နေရသကဲ့သို့ ဖြစ်နေသည်။
တစ္ဆေတစ်ကောင်၊ ရမ္မက်ဆန်သော အပြုံးများဖြင့် တစ္ဆေတစ်ကောင်သည် ညီလာခံခန်းမဆောင်အတွင်း လှည့်လည်သွားလာနေသကဲ့သို့ပင်။
ထိုသူမှာ အဝေးကြီးသို့ ရောက်သွားပြီ ဖြစ်သော်ငြား နည်းလမ်းမျိုးစုံဖြင့် လူတိုင်းကို ခေါင်းကိုက်အောင် လုပ်နိုင်စွမ်း ရှိနေဆဲ ဖြစ်၏။
ကော်ထျန်းယန်သည် တတိယစာရွက်ကို လှန်၍ ဆက်လက်ဖတ်ပြရန် ပြင်နေစဉ် ကျင်းဘုရင်က ဝင်ပြောလိုက်သည်။ "တော်ပြီ … ဒီလောက်ပဲ ဖတ်ပြလိုက်တော့။"
"အမတ်မင်းတို့ …ဘယ်လို ခံစားရလဲ ဆိုတာ ပြောပြကြပါအုံး။"
ပြီးတော့ ကိုယ်တော်က စားနပ်ရိက္ခာ စျေးနှုန်း ထိန်းချုပ်ဖို့ အမိန့်တော် ထပ်ထုတ်ပြီး အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရပ်တန့်သင့်သလား။"
လီယန်စုန်သည် ချက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်၏။ "မင်းကြီး … ဖန်ကျန်းရီ ပြောတာတွေသာ မှန်ကန်တယ်ဆိုရင် စားနပ်ရိက္ခာ စျေးနှုန်း ထိန်းချုပ်ရေး မူဝါဒကို ဆက်လက် အကောင်အထည်ဖော်တာက ပညာမဲ့ရာ ကျပါလိမ့်မယ်။ ဒါ့အပြင် ဖန်ကျန်းရီကို နယ်လှည့်စစ်ဆေးရေးမှူး ရာထူး ပေးအပ်ပြီး အခြေအနေအရ သင့်တော်သလို လုပ်ဆောင်ခွင့် ပေးဖို့ အကြံပြုချင်ပါတယ်။"
"ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်။"
ကျန်းတုန်ရှန်းနှင့် ကျိန့်ချောင်တို့ကလည်း ဆက်တိုက် ဒူးထောက်၍ လျှောက်တင်လိုက်ကြ၏။
လူနည်းစုကမူ ထောက်ခံရမည်လားဟု တုံ့ဆိုင်းနေကြသော်လည်း မကြာမီတွင် အားလုံး ဒူးထောက်၍ ထောက်ခံကြောင်း ပြောဆိုလိုက်ကြသည်။
ကျန်းကျန်မြို့တွင် ဖန်ကျန်းရီထက် ရာထူးကြီးသူ အားလုံးကို သူက ခေါင်းဖြတ်သတ်ပစ်ခဲ့ပြီ ဖြစ်၏။
မြို့ဝန်ဆိုသည်မှာ နာမည်သာ ရှိတော့ပြီး တကယ်တမ်း အုပ်ချုပ်နေသူမှာ ဖန်ကျန်းရီ တစ်ဦးတည်းသာ ရှိတော့သည်။
အကယ်၍ လူသစ်တစ်ယောက်ကို ယာယီ ထပ်လွှတ်လိုက်မည်ဆိုပါက အခြေအနေများနှင့် အသားကျရန် အချိန်မည်မျှ ယူရမည်ကို မသိနိုင်ပေ။
ဖန်ကျန်းရီ … မင်း အရမ်းတော်နေတယ်ပေါ့။ မင်းပဲ လုပ်လိုက်တော့။ ဒီလောက် ရှုပ်ပွနေတဲ့ အခြေအနေကို ဘယ်သူက ရှင်းလင်းနိုင်မလဲ ကြည့်ကြသေးတာပေါ့။
ယန်ရင်းချိုက်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေရင်း စိတ်ပျက်လက်ပျက် ဖြစ်နေ၏။
ယခုလေးတင် သူက ဧကရာဇ်မင်းမြတ်နှင့် အကျိုးအကြောင်း ဆင်ခြင်ပြနေခဲ့သော်လည်း ယခုတော့ သူ၏ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ပြီးတော့ အမတ်ကြီးလီက ယခု ဖုံးကွယ်ဖို့တောင် မကြိုးစားတော့ဘူးလား။
အရည်အချင်းရှိသူကို ရွေးချယ်ရာတွင် ဆွေမျိုးသားချင်းများကို ရှောင်ရှားရမည်ဆိုသော အခြေခံသဘောတရားကို နားမလည်ဘူးလား။
နယ်လှည့်စစ်ဆေးရေးမှူးလား။ အဲဒါက ယာယီရာထူးတစ်ခုလေ။ ဖန်ကျန်းရီ ထွက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ။ လအနည်းငယ် နေရင် ပြန်ရောက်လာတော့မှာပဲ။
ခင်ဗျားတို့က တကယ်ပဲ အေးအေးချမ်းချမ်း နေချင်ပုံမရဘူး။
သို့သော် ယခုအချိန်တွင် သူလည်း ဘာမှမပြောနိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် မျက်နှာရှုံ့မဲ့ကာ ဒူးထောက်နေရုံသာ တတ်နိုင်တော့၏။
သူ့အနောက်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ "မင်းကြီး … မြို့ဝန်မင်းဖန်ကို နယ်လှည့်စစ်ဆေးရေးမှူး ရာထူးပေးဖို့က အချိန်ကိုက်ပါပဲ။
မြို့ဝန်မင်းဖန်က ရှုပ်ထွေးမှုတွေကို ရှင်းလင်းခဲ့တဲ့အတွက် ကျန်းကျန်မြို့က ပြည်သူတွေအားလုံးက သူ့ကို ယုံကြည်လေးစားကြပါတယ်။ မြို့ဝန်မင်းဖန်ရဲ့ အရည်အချင်းနဲ့ဆိုရင် ကျန်းကျန်မြို့ရဲ့ စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာကို သေချာပေါက် ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။"
ယန်ဖုန်းဖန်က မျက်နှာထား တည်တည်ဖြင့် ပြောလိုက်၏။
ဟန်လင်ပညာရှိများအားလုံး ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသော်လည်း သူတစ်ဦးတည်းသာ မတ်တတ်ရပ်နေသည်။
အမတ်များအားလုံး ဤမျောက်ရုပ်ပေါက်နေသော လူယုတ်မာကို မကျေမနပ်ဖြင့် ကြည့်ကာ စိတ်ထဲမှနေ၍ သစ္စာဖောက်ခွေးဟု ကျိတ်ဆဲလိုက်ကြ၏။
မင်း ဧကရာဇ်မင်းမြတ်ကို ဖားတာက ဂုဏ်သိက္ခာမရှိဘူးလို့ပဲ အများစုက ပြောကြလိမ့်မယ်။ ဆက်ပြီး ရပ်တည်လို့ ရပါသေးတယ်။
ဒါပေမဲ့ မင်းက ဖန်ကျန်းရီကို ဖားနေတာ။ သူက ဒီမှာတောင် မရှိဘူးလေ။ မင်းကို လူလို့ ခေါ်လို့ရသေးလား။
ယန်ဖုန်းဖန်ကလည်း မျက်လုံးများဖြင့် တုံ့ဆိုင်းမှုမရှိဘဲ ပြန်လည် ရင်ဆိုင်လိုက်သည်။
ကျင်းဘုရင်သည် အောက်ဘက်ရှိ လူများ၏ တုံ့ပြန်မှုကို ကြည့်ကာ ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ "အမိန့်တော် ရေးလိုက်။ ဖန်ကျန်းရီကို ကျန်းကျန်မြို့ နယ်လှည့်စစ်ဆေးရေးမှူး အဖြစ် ယာယီ ခန့်အပ်လိုက်တယ်။ စားနပ်ရိက္ခာ ပြဿနာ ပြေလည်သွားတဲ့နေ့ကျရင် မူလရာထူးအတိုင်း မြို့တော်ကို ပြန်ခေါ်မယ်။
ကျန်တဲ့သူတွေ အားလုံး ဒီမှာ ဒူးထောက်ပြီး စဉ်းစားကြစမ်း။ ကိုယ်တော် မှားတာလား၊ မင်းတို့ မှားတာလားဆိုတာကို စဉ်းစားကြ။ နားလည်သွားမှ ပြန်ကြ။"
ပြောပြီးသည်နှင့် ဝတ်ရုံလက်ကို ခါယမ်းကာ ထွက်သွားတော့သည်။
ကော်ထျန်းယန်၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ခါသွား၏။
ကြည့်ရတာ အိမ်ရှေ့စံမင်းသားရဲ့ အမှားက မင်းကြီးအတွက် မျက်နှာပန်းလှသွားအောင် လုပ်ပေးလိုက်သလို ဖြစ်သွားတာပဲ။ ခဏနေရင် မင်းကြီး အရမ်းဒေါသထွက်မလာဖို့ မျှော်လင့်ရတာပဲ။
ကျင်းဘုရင်ထွက်သွားသည်ကို မြင်သောအခါ ကော်ထျန်းယန်သည် စာရွက်များကို ကိုင်ကာ အမြန် လိုက်သွားတော့သည်။
သူတို့နှစ်ဦး စာကြည့်ဆောင်သို့ ရောက်သောအခါ ကျင်းဘုရင်က ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။
သူ၏ မျက်လုံးများက ကော်ထျန်းယန်ကို အေးစက်စက် ကြည့်နေသည်။
ကော်ထျန်းယန်သည် တိုက်ရိုက် မကြည့်ရဲဘဲ ကျင်းဘုရင်၏ အရှေ့တွင် စိုးရိမ်တကြီး ရပ်နေ၏။
"စာကို ဒီယူခဲ့။"
ကော်ထျန်းယန်သည် စာရွက်များကို စားပွဲပေါ်သို့ ရိုသေစွာ တင်ပေးလိုက်သည်။
ကျင်းဘုရင်သည် စာရွက်များကို ယူ၍ မျက်နှာထား တင်းမာစွာဖြင့် တစ်ဖန် ပြန်ဖတ်ကြည့်လိုက်၏။ ပြီးနောက် ရုတ်တရက် ဒေါသတကြီး အော်လိုက်သည်။ "ခွေးကောင် … ဖားယားတဲ့ စကားတွေချည်းပဲ။ ရွံစရာကောင်းလိုက်တာ။"
ပြောပြီးသည်နှင့် စာရွက်ကို ခေါက်ကာ ဘေးနားရှိ စာအုပ်ထဲသို့ အလွယ်တကူ ထိုးထည့်လိုက်၏။
ထို့နောက် ကော်ထျန်းယန်ကို ကြည့်ကာ အေးအေးဆေးဆေး မေးလိုက်သည်။ "ကော်ပန်ပန် … မင်း ကိုယ်တော့်နောက်ကို လိုက်လာတာ ဘယ်နှစ်နှစ် ရှိပြီလဲ။"
"ကျွန်တော်မျိုး လိုက်လာတာ လေးဆယ့်နှစ်နှစ် ရှိပါပြီ မင်းကြီး။"
ကျင်းဘုရင်က အနည်းငယ် လွမ်းဆွတ်သလို ပြောလိုက်၏။ "ဟုတ်တယ်။ လေးဆယ်ကျော်ပြီပဲ။ မင်းလည်း အသက်ကြီးပြီ။"
ထို့နောက် သူ၏ အကြည့်များက စူးရှလာသည်။ "ဒီနေ့ ညီလာခံမှာ ဒီလို မိုက်မဲတဲ့ အမှားမျိုးကိုတောင် လုပ်နိုင်သေးတယ်။ ကိုယ်တော်က အရှေ့နန်းတော်ကို မင်းလက်ထဲ အပ်ထားတာ မင်း ဘာအောင်မြင်မှုတွေ ပြနိုင်ခဲ့လဲ။"
ကော်ထျန်းယန်သည် ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်ချကာ တုန်ယင်သော အသံဖြင့် လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး သေဒဏ်ထိုက်ပါတယ်။ မင်းကြီး အပြစ်ပေးပါ … ခိုင်းပါ။"
ပြောပြီးသည်နှင့် ကြမ်းပြင်ကို ခေါင်းနှင့် အဆက်မပြတ် ဆောင့်တော့သည်။
ကျင်းဘုရင်၏ မျက်နှာပေါ်တွင် စိတ်မရှည်မှုများ ပေါ်လွင်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ "ထစမ်း … ထစမ်းလို့ ပြောနေတယ်။
ပြဿနာတစ်ခု ဖြစ်လာတိုင်း သေဒဏ်ထိုက်ပါတယ်လို့ ပြောပြီး ခေါင်းဆောင့်တာကလွဲရင် မင်း တခြားဘာလုပ်တတ်သေးလဲ။
ကျန်းကျန်မြို့က ဒီလောက်ကြီးမားတဲ့ အဂတိလိုက်စားမှု အမှုကြီးကို ရက်ပိုင်းလေးပဲ တာဝန်ထမ်းဆောင်ရသေးတဲ့ မြို့ဝန်ဖန်က အစအဆုံး စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်။
မင်းကျတော့ရော။ မင်း ဘာလုပ်နေတာလဲ။ အရှေ့နန်းတော်ကို ဖန်ကျန်းရီ လက်ထဲ အပ်လိုက်တာကမှ ပိုကောင်းမယ်လို့ ကိုယ်တော် ထင်တယ်။"
ကော်ထျန်းယန်သည် ကျင်းဘုရင်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေ၏။
နောက်ဆုံးတော့ ရင်ထဲက စကားတွေကို ထုတ်ပြောလိုက်ပြီပေါ့။
မင်းကြီး ဖန်ကျန်းရီကို နန်းတော်ထဲ ခေါ်သွင်းချင်နေတယ်ဆိုတာ ကျွန်တော်မျိုး အစောကြီးကတည်းက ရိပ်မိပါတယ်။
ဒါပေမဲ့ သူက ဘာလုပ်နိုင်လို့လဲ။
သူက ကျွန်တော်မျိုးထက် ပိုပြီး ဖားတတ်လို့လား။ ကျွန်တော်မျိုးက မင်းကြီးနောက်ကို လေးဆယ်ကျော် လိုက်ခဲ့တာပါ။
"မင်းကြီး… ကျွန်တော်မျိုးကို နောက်တစ်ကြိမ်လောက် အခွင့်အရေး ပေးပါလို့ တောင်းဆိုပါတယ်။"
ကော်ထျန်းယန်သည် ကြမ်းပြင်ပေါ် တစ်ဖန် ဒူးထောက်ချလိုက်ပြီး စကားလုံးတိုင်းမှာ မျက်ရည်များဖြင့် ပြည့်နှက်နေ၏။
ကော်ထျန်းယန် တစ်ကိုယ်လုံး တုန်ယင်နေသည်ကို မြင်သောအခါ ကျင်းဘုရင်က သက်ပြင်းချလိုက်ပြီး မျက်လုံးမှိတ်ကာ မျက်မှောင်ကြုတ်၍ နဖူးကို ပွတ်သပ်လိုက်သည်။
"ဒီတစ်ကြိမ်ပဲနော်။ နောက်ထပ် မမှားစေနဲ့။"
ကော်ထျန်းယန်သည် ထိုစကားကို ကြားသောအခါ အလွန်ဝမ်းသာသွား၏။
ဟုတ်သားပဲ။ ငါ့ရဲ့ မျက်နှာသာပေးခံရမှု မပျောက်သေးဘူး။ မင်းကြီးက အခုနောက်ပိုင်း အတိတ်ကို ပိုပြီး လွမ်းဆွတ်တတ်လာတယ်။
"ကျေးဇူးတင်ပါတယ် မင်းကြီး။ ကျွန်တော်မျိုး အများကြီး ကျေးဇူးတင်ပါတယ်။"
"ထတော့။ ဒူးထောက်မနေနဲ့တော့။"
ကျင်းဘုရင်သည် တတိယစာမျက်နှာကို ယူ၍ သေချာဖတ်ကြည့်ပြီးနောက် ပြောလိုက်၏။ "ကောင်းတယ်။ ကောင်းတယ်။ ဖန်အမတ်ကြီးက တကယ်ကို အရည်အချင်း ရှိတာပဲ။
ဒီစာရင်းထဲမှာ အဂတိလိုက်စားတဲ့သူ ရာနဲ့ချီ ပါဝင်နေပေမဲ့ သူက ခေါင်းဆောင်တွေကိုပဲ သတ်လိုက်တာဆိုတော့ ကိုယ်တော်လည်း အများကြီး စိတ်အေးသွားရတယ်။"
ကျင်းဘုရင်သည် စာရွက်ကို ကိုင်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် ပြောလိုက်သည်။ "ပြည်နယ်သုံးခု က အစိုးရဆီ ငွေတောင်းထားတဲ့ အစီရင်ခံစာတွေကို သွားရှာခဲ့စမ်း။"
ကော်ထျန်းယန်သည် ချက်ချင်း ခေါင်းညိတ်ကာ သွားရှာလိုက်ပြီး မကြာမီ အစီရင်ခံစာ တစ်ထပ်ကြီးကို ကျင်းဘုရင်၏ စားပွဲရှေ့သို့ ယူလာပေး၏။
ကျင်းဘုရင်သည် တစ်အုပ်ပြီးတစ်အုပ် လှန်လှောဖတ်ရှုနေသည်။
အချိန်အတော်ကြာ ဖတ်ရှုပြီးနောက် ကျင်းဘုရင်၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာ၏။
ထိုအခြေအနေကို မြင်သောအခါ ကော်ထျန်းယန်က အမြန်မေးလိုက်သည်။ "မင်းကြီး ဘာများ ဝမ်းသာစရာ ရှိလို့လဲ။"
ကျင်းဘုရင်က အနည်းငယ် ပြုံးလိုက်၏။ "ဖန်အမတ်က တကယ်ကို အရည်အချင်း ရှိတာပဲ။
ပြည်နယ်သုံးခုက ငွေတောင်းထားတဲ့ ဒီအစီရင်ခံစာတွေက အရင်တုန်းက ဒေသခံတွေ အရမ်းလောပြီး တစ်ရက်တစ်အုပ် ပို့နေကြတာ။
ဒါပေမဲ့ အချိန်ကို ကြည့်လိုက်ရင် ဖန်ကျန်းရီက လျိုရွှန်းကို ဖမ်းဆီးပြီးတည်းက အစိုးရဆီကနေ ငွေတစ်ပြားမှ ထပ်မတောင်းတော့ဘူး။ ဒါကိုကြည့်ရင် ဖန်ကျန်းရီက တခြားနေရာကနေ ငွေရအောင် နည်းလမ်းရှာနိုင်လို့ အစိုးရဆီကနေ ငွေမတောင်းတာ ဆိုတာ သိသာတယ်။"
ကျင်းဘုရင်က လွမ်းဆွတ်စွာ ပြောလိုက်၏။ "ဖန်အမတ်က ကိုယ်တော့်ကို တကယ် စိတ်အေးရစေတယ်။ အရာရာတိုင်း ချောမွေ့အောင် လုပ်ပေးနိုင်တယ်။"
ထို့နောက် ကော်ထျန်းယန်ကို တစ်ချက် စွေကြည့်လိုက်သည်။ "ဟွန်း။"
ကော်ထျန်းယန်၏ နှလုံးသား တစ်ချက် ကျုံ့သွားပြီး ခေါင်းကို အမြန်ငုံ့ထားကာ ဘာမှမပြောရဲတော့ချေ။
ကျင်းဘုရင်သည် တတိယစာမျက်နှာကို ဆက်လက်ကြည့်ရှုနေပြီး နှုတ်မှလည်း တီးတိုး ရေရွတ်နေ၏။ "ပြီးတော့ လျိုရွှန်းနောက်ကွယ်မှာ လူတစ်ယောက် ရှိနေသေးတာပဲ။ ဒီလူက တော်တော်လေး လျှို့ဝှက်ထားတာပဲ။"
ကျင်းဘုရင်သည် ခေါင်းမော့ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ "ဒီလူက ကိုယ်တော့် မျက်စိအောက်မှာတင် ရှိနေနိုင်တယ်။ ဟား... စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ တစ်ယောက်ယောက်က ကိုယ်တော့်ရဲ့ ဓားက မထက်တော့ဘူးလို့ ထင်နေပုံရတယ်။
သွားစုံစမ်းခိုင်းလိုက်။ အသေးစိတ် သိရအောင် စုံစမ်းရမယ်။ ပြီးတော့ ဒေသအသီးသီးက စစ်ဘက်နဲ့ နိုင်ငံရေး ကိစ္စတွေအပြင် အရပ်ဘက်က သတင်းတွေကိုပါ ဒီနေ့ကစပြီး တင်ပြရမယ်။"
အစီအစဉ်များ ချမှတ်ပြီးနောက် ကျင်းဘုရင်သည် စာရွက်ကို ဆက်လက်ကြည့်ရှုရာ ကျောဘက်တွင်လည်း စာလုံးများ ရှိနေကြောင်း တွေ့လိုက်ရ၏။
ထိုအကြောင်းအရာများကို ဖတ်ပြီးနောက် အလိုအလျောက် ပြုံးလိုက်မိသည်။
"မထင်ထားဘူး။ ဖန်အမတ်က ဒုက္ခသည်တွေကို အမျိုးအစားခွဲပြီး နေရာချထားပေးပြီးပြီပဲ။ တကယ်ကို လုပ်ရည်ကိုင်ရည် ရှိတာပဲ။ ဒါပေမဲ့... ဒီ အထွေထွေ ကျဘမ်း အလုပ်အကိုင် ဆိုတာက ဘာအဓိပ္ပာယ်လဲ။ ကော်ပန်ပန် …. မင်း သိလား။"
ကော်ထျန်းယန်သည် လည်ချောင်းများ ခြောက်သွေ့လာသည်အထိ စိုးရိမ်ပူပန်နေပြီး ဖန်ကျန်းရီ၏ လုပ်ဟန်ကို စဉ်းစားကြည့်လိုက်၏။
သူက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ "ကျွန်တော်မျိုး ထင်တာက... ဘာအလုပ်မှ မရှိဘဲ အလကားနေတဲ့ လူတွေကို ဆိုလိုတာ ဖြစ်မှာပါ။"
"ပါးစပ်ပိတ်ထားစမ်း။ အပိုတွေ လာမေးနေတယ်။ ဖန်ကျန်းရီက မင်းနဲ့ ရန်သူဖြစ်နေလို့လား။
ဟွန်း … ဘာတစ်ခုမှ အသုံးမကျဘူး။"
ကော်ထျန်းယန် "..."
အပိုင်း (၂၄၉) အစ်ကိုပြောင် … ကျွန်မကို လက်ထပ်ပါ။
ဝူမင်းသား အိမ်တော်။
ဝူမင်းသားသည် မျက်နှာထား တင်းမာစွာဖြင့် ခြံဝင်းအတွင်းရှိ ကြီးမားလှသော မှန်ပြောင်းကြီးကို ဘယ်လှည့်ညာလှည့်ဖြင့် အဆက်မပြတ် ချိန်ညှိနေ၏။
သူ့ဘေးတွင် အိမ်တော်ထိန်းနှင့် လှပသော အစေခံမိန်းကလေး တစ်ဦး ရပ်နေသည်။
အိမ်တော်ထိန်းက တစ်စုံတစ်ရာကို အဆက်မပြတ် ပြောပြနေ၏။
ဝူမင်းသားသည် အလုပ်လုပ်နေသော လက်ကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်ကို မတ်ကာ ပြောလိုက်သည်။ "ဒါဆို လျိုရွှန်း သေသွားပြီပေါ့။"
အိမ်တော်ထိန်းက ပြန်လည်ဖြေကြားလိုက်၏။ "ဟုတ်ပါတယ် မင်းသား။ အခု လျိုရွှန်းရဲ့ သားကို ဘယ်လို ဆက်လုပ်ရမလဲ။"
"ဘာအသုံးမှ မဝင်တော့ဘူး။ မြှုပ်လိုက်တော့။"
"ဟားဟား … လျိုရွှန်းလို လူမိုက်က ကျုပ် သူ့ကို သဘောကျတယ်လို့ ထင်နေတာကိုး။ ဖန်ကျန်းရီကို သွားမရှုပ်ဖို့ ကျုပ် သတိပေးထားပြီးသားကို။ သူ့ဘာသာ သူ သေချင်လို့ သွားရှာတာပဲ။"
ဝူမင်းသားသည် ဧည့်ခန်းအတွင်းသို့ ယုံကြည်မှုရှိစွာ ပြန်ဝင်သွားပြီး လက်ကို ပဝါဖြင့် သုတ်ကာ လမ်းလျှောက်ရင်း ပြောလိုက်၏။ "အစအနတွေကို သေချာ ရှင်းလင်းထားလိုက်။ သူများ လက်ထဲ အထောက်အထား မရောက်စေနဲ့။ မှောင်ခိုဆား လုပ်ငန်းကိုလည်း ခဏရပ်ထားလိုက်အုံး။ လောလောဆယ် ဘာမှ မလုပ်နဲ့အုံး။"
အိမ်တော်ထိန်းက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "မင်းသား … ဒါဆို တောက်ယွမ်ခရိုင်က ဆားဝယ်မယ်ဆိုရင်..."
"ရောင်းပေးလိုက်။ တောက်ယွမ်ခရိုင်နဲ့ အရောင်းအဝယ်ကို ပုံမှန်အတိုင်းပဲ ဆက်လုပ်။"
ဝူမင်းသားသည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်၏။ "ဖန်ကျန်းရီက ပြဿနာတစ်ခု ဖြစ်လာပြီ။ သူ မြို့တော်ကို ပြန်ရောက်ရင် ကျုပ် သူနဲ့ တစ်ခေါက် တွေ့ရမယ်။ အဲဒီအချိန်ကျရင် သူ့ကို ဖိတ်ဖို့ သတိပေးနော်။"
"ဩော် … ဟုတ်သားပဲ။ တောက်ယွမ်ခရိုင်က သူလျှိုကို လွှတ်ပေးလိုက်တော့။"
အိမ်တော်ထိန်းက အနည်းငယ် တုံ့ဆိုင်းနေပြီး မေးလိုက်သည်။ "မင်းသား... အဲဒီသူလျှိုကို ဒီအတိုင်း ပြန်လွှတ်ပေးလိုက်တာ ကောင်းပါ့မလား။"
ဝူမင်းသားက အိမ်တော်ထိန်းကို ရုတ်တရက် အေးစက်စက် ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ "ဘာလဲ။ ခင်ဗျား နှိပ်စက်ထားသေးလို့လား။"
အိမ်တော်ထိန်းမှာ ချွေးအေးများ ထွက်လာပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ "မ... မဟုတ်ပါဘူး။ မင်းသားရဲ့ အမိန့်မရှိဘဲ နှိပ်စက်ဖို့ မရဲပါဘူး။"
ဝူမင်းသားက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်၏။ "တစ်ဖက်က ဘာသတင်းမှ မရဘူးဆိုမှတော့ လွှတ်ပေးလိုက်တော့။"
"ဖန်ကျန်းရီက အငြိုးကြီးပြီး ကိုယ့်လူကိုယ် ကာကွယ်တတ်တဲ့သူပဲ။ သူက နောက်ဆုံးတော့ ကျုပ်လူ ဖြစ်လာမှာပဲ။ သူ့ကို သွားမရန်စနဲ့။"
ထိုသို့ပြောပြီးနောက် ဝူမင်းသားက ရုတ်တရက် ရယ်မောလိုက်၏။ "ဖန်ကျန်းရီ မြို့တော်မှာ မရှိတော့ မြို့ထဲမှာ သိပ်ပြီး ပျင်းစရာကောင်းတာပဲ။ ကျုပ် သူ့ကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး။ လတ်တလော မြို့ထဲမှာ ဘာစိတ်ဝင်စားစရာ သတင်းတွေ ရှိလဲ။"
အိမ်တော်ထိန်းက ရိုးသားစွာ ဖြေကြားလိုက်သည်။ "ဘာမှ မရှိပါဘူး မင်းသား။"
ဘေးနားရှိ အစေခံမိန်းကလေးက ရုတ်တရက် ဝင်ပြောလိုက်၏။ "မင်းသား … ကျွန်မဆီမှာတော့ စိတ်ဝင်စားစရာ သတင်းလေး ရှိတယ်။"
"ဩော်။ ပြောပြပါဦး။" ဝူမင်းသားက အစေခံမိန်းကလေးကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ အတော်လေး စိတ်ဝင်စားနေပုံရသည်။
အစေခံမိန်းကလေးသည် ရတနာတစ်ခုကို ပြသသည့်အလား အင်္ကျီလက်ထဲမှ စက္ကူပိုင်းလေး တစ်ခုကို ထုတ်ယူလိုက်၏။
ဝူမင်းသားကို မျှော်လင့်တကြီး ကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။ "ကျွန်မ ကျွမ့်ယွမ်ထီ သွားဝယ်တာ ပထမဆု ပေါက်တယ်လေ။"
...
ဝူမင်းသား၏ မျက်လုံးထဲရှိ သိချင်စိတ်များ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး အစေခံမိန်းကလေးကို အေးစက်စက် ကြည့်ကာ ပြောလိုက်၏။ "ဟန်ယောင် … မင်း ငါ့နောက်ကို လိုက်လာတာ ဘယ်လောက်ကြာပြီလဲ။"
"ငါး... ငါးနှစ်ရှိပါပြီ..." လေထုက ရုတ်တရက် တင်းမာသွားသဖြင့် ဟန်ယောင်မှာ ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။
ဝူမင်းသားသည် ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ အစေခံမိန်းကလေး အနားသို့ သွားပြီး လက်တစ်ဖက်ကို သူမ၏ ပခုံးပေါ် တင်လိုက်၏။ "လက်ကို ဖြတ်လိုက်။"
စကားဆုံးသည်နှင့် ဘေးနားရှိ အိမ်တော်ထိန်းသည် အင်္ကျီလက်ထဲမှ ဓားမြှောင်တစ်လက်ကို လျှပ်စီးလက်သကဲ့သို့ အမြန်ဆွဲထုတ်လိုက်သည်။
အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ဟန်ယောင်၏ ထီလက်မှတ်ကိုင်ထားသော လက်ကို ခုတ်ဖြတ်လိုက်၏။
ပြတ်ကျသွားသော လက်သည် ချက်ချင်း ပြုတ်ကျသွားသည်။
ပြတ်တောက်သွားသော လက်မောင်းမှ သွေးများ ချက်ချင်း ပန်းထွက်လာ၏။
ဟန်ယောင်သည် ပြတ်သွားသော လက်မောင်းကို မြှောက်ကာ သွေးများ ပန်းထွက်နေသည်ကို ကြောင်တောင်တောင် ကြည့်နေပြီး ဘာဖြစ်သွားသည်ကို မသိသေးပုံရသည်။
နောက်တစ်စက္ကန့်တွင် ပြင်းထန်သော နာကျင်မှုက လက်မောင်းပြတ်နေရာမှ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။
သူမသည် ချက်ချင်း မြေကြီးပေါ် လဲကျသွားပြီး အော်ဟစ်ငိုယိုတော့သည်။ "မင်းသား၊ အား... ဘာဖြစ်လို့လဲ... နာတယ်...။ ... နာတယ်... အား..."
မကြာမီ ဟန်ယောင်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ပေကျံသွား၏။
ဝူမင်းသားသည် သွေးအိုင်ထဲတွင် လူးလှိမ့်နေသော ဟန်ယောင်ကို မျက်နှာသေဖြင့် ကြည့်နေသည်။
"ငါးနှစ်တောင် ရှိပြီနော်။ မင်း ငါ့နောက်ကို လိုက်လာတာ ငါးနှစ်တောင် ရှိပြီ။ ငါ လူမိုက်တွေကို အမုန်းဆုံးဆိုတာ မင်း သိသင့်တယ်။ ငါ့ဘေးမှာ နေပြီးတော့ ဒီလိုမိုက်မဲတဲ့ အလုပ်မျိုး သွားလုပ်သေးတယ်။ မင်းက ငါ့ကို စော်ကားနေတာလား။"
မည်သူမှ ဝူမင်းသားကို ပြန်လည် မဖြေကြားရဲကြချေ။
မြေကြီးပေါ် လဲကျနေသော ဟန်ယောင်မှာ အော်ဟစ်သံများ ရပ်တန့်သွားပြီး သတိလစ်သွားပြီ ဖြစ်၏။
လက်တစ်ဖက်က ပြတ်သွားသော လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသော်လည်း သွေးများက ဆက်လက် ထွက်ကျနေဆဲ ဖြစ်သည်။
ဝူမင်းသားသည် အောက်ဘက်သို့ တစ်ချက်စွေကြည့်ကာ ပြောလိုက်၏။ "တစ်ခါတည်း မြှုပ်လိုက်တော့။ ဒီနေရာကိုလည်း သန့်ရှင်းရေး လုပ်လိုက်။"
"ဟုတ်ကဲ့။"
...
စံအိမ် အတွင်းတွင် လော့နင်ရှင်းသည် အခန်းထဲ၌ တောင့်တောင့်ကြီး ထိုင်နေ၏။
သူမဘေးတွင် အစ်မချွန်းက စာလုံးများ အပြည့်ရေးထားသော စက္ကူဖြူများကို ကိုင်ကာ အဆက်မပြတ် ရေရွတ်နေသည်။
"နင်ရှင်းရယ် … အပြင်က သခင်လေးတွေကို မျက်နှာလေး သွားပြလိုက်ပါအုံး။ ဘာမှလုပ်စရာ မလိုပါဘူး။
ရှင် ထပ်ပြီး မျက်နှာမပြရင် စံအိမ်ရဲ့ နာမည်လည်း ပျက်တော့မယ်။
ဒီလောက်များတဲ့ ကဗျာတွေက အရမ်းကောင်းတာပဲ။ အရင်တုန်းက ရှင် ဒီလိုဟာတွေ ဖတ်ရတာ သဘောကျတယ် မဟုတ်လား။"
လော့နင်ရှင်းသည် ထိုကဗျာများကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်၏။
ဘာကြောင့်မှန်းမသိ။ ဖန်ကျန်းရီ ရေးပေးသော စာများကို ဖတ်ပြီးနောက် ဤကဗျာများကို ပြန်ဖတ်သောအခါ အလွန်ပေါ့ပျက်ပျက် နိုင်သည်ဟု ခံစားရသည်။
ဖန်ကျန်းရီ ရေးသောစာများက ဘယ်လိုဖြစ်နေမှန်း မသိပေ။
တစ်ရက်လောက် မဖတ်ရရင် နေရထိုင်ရခက်ပြီး ဖတ်ပြီးရင်လည်း တစ်နေ့လုံး နေလို့မကောင်း ဖြစ်သွားသည်။
သူမကို လေပေါ် ဝဲနေသလို ခံစားရအောင် လုပ်ထား၏။
အရေးကြီးသည်မှာ ဖန်ကျန်းရီသည် ယခု မြို့တော်တွင် မရှိတော့ဘဲ သူမထံသို့ စာမရေးသည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။
"အစ်မချွန်း … ကျွန်မ ဆက်မဖတ်နိုင်တော့ဘူး။ ဒီကဗျာတွေကို ယူသွားပေးပါ။ ကျွန်မ မဖတ်ချင်ဘူး။"
အစ်မချွန်းက မျက်မှောင်ကြုတ်လိုက်၏။ "မျက်နှာလေးတော့ ထောက်ပါအုံး .. နင်ရှင်းရယ်။ ဒီသခင်လေးတွေက ရှင်အတွက် သီးသန့် လာကြတာလေ။
ဘာဖြစ်လို့လဲ။ ရုတ်တရက်ကြီး ကဗျာတွေကို မကြိုက်တော့တာလား။"
ရုတ်တရက် အစ်မချွန်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဩော် … ကျွန်မ သိပြီ။ မြို့ဝန်မင်းဖန် ရေးပေးတဲ့ ကဗျာတွေက ဒီလူတွေထက် အများကြီး ပိုကောင်းနေလို့ ဒီသာမန် ကဗျာတွေကို ရှင် မဖတ်ချင်တော့တာ မဟုတ်လား။"
လော့နင်ရှင်း၏ မျက်တောင်များ တစ်ချက် တုန်ခါသွား၏။
ထို့နောက် မတ်တတ်ရပ်ကာ အခန်းထဲရှိ ဘီဒိုထဲမှ စာရွက်တစ်ထပ်ကို ထုတ်ယူပြီး အစ်မချွန်းထံ ပေးလိုက်သည်။
"ဒါ မြို့ဝန်မင်းဖန် ရေးထားတဲ့ ကဗျာတွေလေ။ အစ်မ ဖတ်ကြည့်လိုက်။"
အစ်မချွန်းသည် လော့နင်ရှင်းကို အဓိပ္ပာယ်ပါပါ ပြုံးပြကာ စာရွက်များကို ယူ၍ ဖတ်ကြည့်လိုက်၏။
နှစ်ချက်လောက် ကြည့်လိုက်ရုံဖြင့် ချက်ချင်းပင် နေမကောင်း ဖြစ်သွားတော့သည်။
"ဝေါ့ .. သောက်ကျိုးနည်း ဘာတွေ ရေးထားတာလဲ။
ကျွန်မ ညကစားထားတဲ့ ထမင်းတွေတောင် ပြန်အန်ထွက်တော့မယ်။ ပြည့်တန်ဆာရုံမှာ ဒီလောက်ကြာအောင် လုပ်ခဲ့တာ ဒီလောက် ရွံစရာကောင်းတဲ့ ကဗျာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒါကို ကဗျာလို့ ခေါ်သေးတာလား။
ကျွန်မတို့ ရွာထိပ်က အရူးလေးတောင် စာတတ်ရင် ဒီထက်ပိုကောင်းအောင် ရေးတတ်အုံးမယ်။ ရှင် ထမင်းမစားနိုင်၊ ရေမသောက်နိုင် ဖြစ်နေတာ မဆန်းပါဘူး။ နားလည်ပြီ။"
အစ်မချွန်းက ရွံရှာစွာဖြင့် စာရွက်များကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။
"ဟေ့ .. ပေါက်ကရ မလုပ်နဲ့လေ။"
လော့နင်ရှင်းက အမြန်ကုန်းကောက်ကာ သိမ်းဆည်းလိုက်သည်။
အစ်မချွန်းသည် လော့နင်ရှင်းကို သံသယဖြင့် ကြည့်ကာ မေးလိုက်၏။ "ရှင်... ဒီလိုဟာတွေကို ဖတ်ရတာ ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်။"
လော့နင်ရှင်း၏ မျက်နှာလေး နီရဲသွားပြီး တိတ်တဆိတ် လှည့်ကာ စာများကို ဘီဒိုထဲ ပြန်ထည့်လိုက်သည်။
သဘောကျတယ် ဆိုတာထက် နေ့တိုင်း ဖတ်နေရတော့ ဦးနှောက်ဆေးခံလိုက်ရသလို ခံစားနေရခြင်း ဖြစ်၏။
လော့နင်ရှင်းက ပြန်မဖြေသည်ကို မြင်သောအခါ အစ်မချွန်းက သနားစရာ လေသံဖြင့် ပြောလိုက်သည်။ "ဟူး … မြို့ဝန်မင်းဖန် ထွက်သွားတော့ အစ်ကိုပြောင် လည်း လိုက်သွားရတယ်။ အစ်ကိုပြောင် သွားတာ ဘယ်တော့ ပြန်လာမလဲ မသိဘူး။ ကျွန်မ လိုက်သွားသင့်တာ။
အစ်ကိုပြောင် ပြန်လာရင် ကျွန်မကို ငွေပေးပြီး ရွေးခိုင်းရမယ်။"
ဒါပေမဲ့ မြို့ဝန်မင်းဖန် ကလည်း မဆိုးပါဘူး။ အစ်ကိုပြောင် လို လူကိုတောင် အနိုင်ယူနိုင်တဲ့ ယောက်ျားဆိုတော့ ရှင် သူ့နောက်ကို လိုက်သွားရင် သေချာပေါက် မှားမှာ မဟုတ်ဘူး။"
လော့နင်ရှင်းမှာ စကားမပြောနိုင်တော့ချေ။
"အဲဒီ ကျန်းပြောင်ကြီးက ခန္ဓာကိုယ် အကြီးကြီးနဲ့ ဘာကောင်းတာ ရှိလို့လဲ။ ပြီးတော့ အစ်မမှာ ငွေရှိတာပဲ။ ကိုယ့်ဘာသာကိုယ် ရွေးလို့ ရသားနဲ့ ဘာလို့ ယောက်ျားတစ်ယောက် လာရွေးတာကို စောင့်နေရမှာလဲ။"
အစ်မချွန်းက ဟီးဟီးဟားဟား ရယ်မောလိုက်၏။ "ခန္ဓာကိုယ် ကြီးရုံတင်မကဘူး။ အစ်ကိုပြောင် က ယောက်ျားတွေထဲမှာ သားရဲတစ်ကောင်ပဲ။ ရှင် ငယ်သေးလို့ နားမလည်တာပါ။
"မိန်းမတွေဆိုတာ တခမ်းတနားလေးတော့ လိုချင်ကြတာပဲလေ။ ကိုယ့်ဘာသာကိုယ် ရွေးတာနဲ့ ယောက်ျား တစ်ယောက်က ရွေးပေးတာ ဘယ်လိုလုပ် တူပါ့မလဲ။ အစ်ကို ပြောင် က ကျွန်မကို ရွေးဖို့ သဘောတူတယ်ဆိုရင် သူ ကျွန်မကို စိတ်ဝင်စားလို့ပေါ့။
အစ်ကိုပြောင် ကျွန်မကို ရွေးသွားရင် ကျွန်မကို လက်ထပ်မလား မသိဘူးနော်။ အချစ်က အရမ်းမြန်လွန်းတော့ ကျွန်မ အဆင်သင့် မဖြစ်သေးဘူး... ဟီးဟီးဟီး..."
လော့နင်ရှင်း "…..."