← Chapters

အခန်း (၂၈၆-၂၈၇)

Vol. 16 Ch. 286-287

အခန်း (၂၈၆-၂၈၇)

Vol. 16 Ch. 286-287

အပိုင်း (၂၈၆) အန္တရာယ်ကို အစတည်းက နှိမ်နင်းခြင်း။

အချိန်တွေက အလွန် လျင်မြန်စွာ ကုန်ဆုံးသွားပြီး တစ်လခွဲအတွင်း မြို့တော်ရှိ သတင်းလောကတွင် ဗြောင်းဆန်နေတော့၏။

ဖန်ကျန်းရီ၏ လှုပ်ရှားမှုများက အလွန် မြန်ဆန်လှသည်။

မင်လွမ်နန်းဆောင်မှ ထွက်လာပြီး နောက်တစ်နေ့တွင် မြို့ပြင်၌ မြေကွက်ကျယ်ကြီး တစ်ခုကို ဝယ်ယူလိုက်၏။

ထို့နောက် ပန်းရှန်းရပ်ကွက်အတွင်း လူများခေါ်ယူကာ စက်ရုံ တည်ဆောက်ရေး လုပ်ငန်းများကို စတင်ခဲ့သည်။

လူအများအပြား ပါဝင်လာခြင်း၊ မြို့တော်နှင့် နီးကပ်ခြင်း၊ အမျိုးသမီး အလုပ်သမားများကိုသာ ခေါ်ယူမည် ဆိုသော သတင်းများကြောင့် ဤကိစ္စကို ဖုံးကွယ်ထား၍ မရတော့ချေ။

ရက်အနည်းငယ် အတွင်းမှာပင် သတင်းက မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

ပြည်သူများက အချင်းချင်း ဆွေးနွေးပြောဆိုနေကြ၏။

မိန်းမတွေ အဝတ်အထည် ရက်လုပ်တာက သဘာဝပဲလေ။ ဘာမှ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ အမျိုးသမီး အလုပ်သမားတွေ အများကြီးကို တပြိုင်နက်တည်း ခေါ်တာကတော့ တကယ့်ကို ထူးဆန်းတယ်။

ဘယ်သူက ဒီလောက် ရဲတင်းနေတာလဲ။ မိန်းမတွေ ဒီလောက် အများကြီးကို ဘာလုပ်ဖို့ ခေါ်တာလဲ။ မင်းက အနောက်ဆောင် တည်ဆောက်ချင်နေတာလား။

ရှေးရိုးစွဲ အချို့က ဤလုပ်ရပ်သည် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို ဖျက်ဆီးပြီး အကျင့်စာရိတ္တကို ပျက်ပြားစေသည်ဟု ဒေါသတကြီး ဝေဖန်ကြသည်။

ကံကောင်းသည်မှာ မကြာမီ မြောက်ပိုင်းလူရိုင်းသံတမန်အဖွဲ့ မြို့တော်သို့ ရောက်ရှိလာမည့် သတင်းက လူပြောအများဆုံး သတင်းသစ် ဖြစ်လာခဲ့၏။

သတင်းဟောင်းကို ပြောဆိုနေကြသော ပြည်သူများသည် သတင်းသစ်ကြီးဆီသို့ အလျင်အမြန် ပြောင်းလဲ အာရုံစိုက်သွားကြသည်။

ဤရက်ပိုင်းများတွင် လီယွမ်ကျောက် တစ်ယောက် ဘာတွေ လုပ်နေသည်မသိ၊ တစ်နေကုန် အရိပ်အယောင်ပင် မတွေ့ရချေ။

သို့သော်လည်း ကောင်းသည်။ ဖန်ကျန်းရီ အနေဖြင့် အေးအေးဆေးဆေး နေရသည်။

ယနေ့လည်း ပုံမှန်အတိုင်းပင်။

ဖန်ကျန်းရီက ပန်းရှန်းရပ်ကွက်အတွင်းမှ အသားပေါင်း နှစ်ခု ဝယ်စားကာ နံရံတစ်ခုကို မှီပြီး သတင်းဖတ်သူ ပြည်သူများအား သတင်းဖတ်ပြနေသည်ကို နားထောင်နေ၏။

သတင်းဖတ်သူ ရှိသော နေရာများတွင် အမြဲတမ်း စည်ကားနေတတ်သည်။

သတင်းစာ စတင် ထုတ်ဝေကတည်းက စာလုံးတစ်လုံးမှ မဖတ်တတ်သော ပြည်သူများသာမက စာပေပညာရှင် အချို့ပင် ဤနေရာသို့ လာရောက်ကာ စုဝေး နားထောင်တတ်ကြ၏။

အဘယ်ကြောင့်ဆိုသော် သတင်းတွေကို အတူတူ နားထောင်ပြီး ပြောဆိုရတာက ပိုပြီး အရသာ ရှိသောကြောင့်ပင်။ တစ်ယောက်တည်း ဖတ်ရတာ ပျော်စရာမကောင်းပေ။

သတင်းဖတ်သူ ဖတ်ပြနေသော သတင်းများကို ဖန်ကျန်းရီက လုံးဝ စိတ်မဝင်စားချေ။

သူက မနေ့တည်းက ထိုသတင်းများကို ကြိုသိနေပြီးသား ဖြစ်၏။

သတင်းစာထဲရှိ သတင်းတချို့ကို သူကိုယ်တိုင်ပင် ဝင်ရေးထားသေးသည်။

သူ စိတ်ဝင်စားသည်က သတင်းစာထဲမှ အကြောင်းအရာများ မဟုတ်ပေ။

သတင်းဖတ်သူ သတင်းဖတ်ပြပြီးနောက် ပတ်ဝန်းကျင်ရှိ ပြည်သူများက ပုံမှန်အတိုင်း အချင်းချင်း ဆွေးနွေး ပြောဆိုနေကြသည်ကို သူ နားထောင်နေခြင်း ဖြစ်၏။

“ဟေ့ … မြောက်ပိုင်းလူရိုင်းတွေက ရေမချိုးဘူးဆိုတာ မင်း သိလား။”

“ရေမချိုးတော့ ဘာဖြစ်လဲ။ ဘယ်သူက နေ့တိုင်း ရေချိုးနေလို့လဲ။”

“မြောက်ပိုင်း လူရိုင်းတွေက တစ်သက်လုံး ရေမချိုးဘူးကွ။”

“အံ့သြစရာပဲ။”

ဒါက ငါ ကြားချင်တဲ့ အကြောင်းအရာ မဟုတ်ဘူး။

ဖန်ကျန်းရီက မျက်နှာသေဖြင့် အသားပေါင်းကို စားနေပြီး၊ လက်ထဲရှိ နောက်ထပ် အသားပေါင်း တစ်ခုမှာမူ အစာများပင် ပြူထွက်နေပြီ ဖြစ်၏။

ကျန်းပြောင်က မျက်စိလျင်စွာဖြင့် ပြူထွက်လာသော အစာများကို နှိုက်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။

ပန်းရှန်းရပ်ကွက်တွင် အခြေအနေများ ကောင်းမွန်လာပြီ ဖြစ်သော်လည်း ပြည်သူများမှာ ဆင်းရဲနေဆဲ ဖြစ်၏။

တစ်နှစ်တောင် မပြည့်သေးသည့် အချိန်အတွင်း အများကြီး တိုးတက်လာရန် မဖြစ်နိုင်သေးပေ။ ပြည်သူများက တစ်လကို တစ်ခါ ရေချိုးနိုင်လျှင်ပင် အလွန် သန့်ရှင်းနေပြီဟု ဆိုရမည်။

ကြည့်ရတာ ငါ လုပ်ရမယ့် အလုပ်တွေ အများကြီး ကျန်နေသေးတယ်။

သူ နားစွင့်ကာ ဆက်နားထောင်နေလိုက်၏။

“ကျစ် … ရေမချိုးတာက ဘာမှ မဟုတ်သေးဘူး။ ငါ့ဆီမှာ မင်းတို့ မသိသေးတဲ့ သတင်းထူး တစ်ခု ရှိသေးတယ်။”

“မြန်မြန်ပြော။ မြန်မြန်ပြော။”

ပတ်ဝန်းကျင်ရှိ လူများက မျှော်လင့်နေသော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။

“မြောက်ပိုင်း လူရိုင်းတွေကလေ။ မိန်းမ အချင်းချင်း လဲကြတယ်တဲ့။ အိမ်တိုင်း အဲဒီလို လုပ်ကြတာတဲ့။”

“ကောင်းကင်ဘုံ .. ဟိုဘက်မှာ တော်တော် ရူးသွပ်နေကြတာပဲ။”

ပတ်ဝန်းကျင်ရှိ လူများမှာ အလွန် စိတ်လှုပ်ရှားသွားကြ၏။

တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ “တကယ်လား။ မင်း လျှောက်ပြောနေတာ မဟုတ်ဘူးမလား။”

ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ဝင်ပြောလိုက်၏။ “သေချာပေါက် တကယ်ပေါ့။ မြက်ခင်းပြင်မှာ ပြည့်တန်ဆာအိမ် ရှိတယ်လို့ ကြားဖူးလို့လား။”

လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။

မြောက်ပိုင်းလူရိုင်းအများစုက မြက်ခင်းပြင်တွေမှာ နေကြတယ်ဆိုတာ ကြားဖူးပေမဲ့ မြက်ခင်းပြင်မှာ ပြည့်တန်ဆာအိမ် ရှိတယ်လို့တော့ မကြားဖူးဘူးလေ။

ဟုတ်သားပဲ။ အိမ်တိုင်းက မိန်းမ လဲနေကြမှတော့ ပြည့်တန်ဆာအိမ် သွားဖို့ လိုသေးလို့လား။

ဒါဆို သေချာပေါက် အမှန်ပဲ ဖြစ်ရမယ်။

လူအတော်များများမှာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာများပင် နီရဲလာကြပြီး ခေါင်းထဲတွင် မဖွယ်မရာ အတွေးများ ဝင်ရောက်လာကြ၏။

သို့ပေမည့် မြောက်ပိုင်း ရိုင်းစိုင်းသူများက တစ်သက်လုံး ရေမချိုးဘူး ဆိုသည်ကို တွေးမိသောအခါ... ချက်ချင်းပင် စိတ်ပျက်သွားကြတော့သည်။

လူအုပ်ထဲတွင် ဆွေးနွေးသံများ ဆက်လက် ထွက်ပေါ်နေ၏။

“လျှောက်ပြောနေတာ။ လုံးဝ လျှောက်ပြောနေတာ။”

“ကျုပ်ဆီမှာမှ တကယ့် သတင်းအမှန် ရှိတာ။ မြောက်ပိုင်း လူရိုင်းတွေက တကယ်တော့ မြည်းတွေကိုပဲ စိတ်ဝင်စားကြတာတဲ့။”

“ခင်ဗျား ဖင်ပိတ်အော်နေတာလား။ ဘယ်သူက မြက်ခင်းပြင်မှာ မြည်း သွားကျောင်းမှာလဲ။ မင်း ဦးနှောက်ထဲမှာ ရွှံ့တွေ ပြည့်နေလို့လား။”

“မြည်း မဟုတ်ရင်လည်း မြင်းပေါက်လေးတွေ ဖြစ်မှာပေါ့...”

လူအုပ်ကြီးက ချက်ချင်း ရယ်မောလိုက်ကြပြီး တစ်ယောက်က ရုတ်တရက် သံသယဖြင့် မေးလိုက်၏။ “နေပါအုံး ….. မြောက်ပိုင်း လူရိုင်းတွေရဲ့ သတင်းတွေ ဒီလောက် အများကြီးကို ခင်ဗျားတို့ ဘယ်လိုလုပ် သိတာလဲ။”

“ဘယ်သူပြောတာလဲ။”

စကားပြောနေသော လူတချို့က မာယာပါပါ ပြုံးလိုက်ကြသည်။

ထိုအထဲမှ တစ်ယောက်က လူအုပ်ထဲသို့ တိုးဝင်လာရာ ပတ်ဝန်းကျင်ရှိ လူများကလည်း သူ့အနားသို့ ဝိုင်းအုံလာကြ၏။

ထိုသူက တိုးတိုးလေး ပြောလိုက်သည်။ “ဒါက လျှို့ဝှက်ချက်ကြီးကွ။

ငါ မင်းတို့ကို ပြောပြမယ်။ ဒီသတင်းကို သတင်းစာပို့တဲ့ ကလေးဆီကနေ သိရတာ။

မနက်တုန်းက သတင်းစာပို့တဲ့ ကလေးဆီကနေ စာရွက်တစ်ရွက် ပြုတ်ကျလာတယ်။ အဲဒီစာရွက်ပေါ်မှာ အဲဒီအကြောင်းတွေ ရေးထားတာ။”

“ဟင် .. ခင်ဗျားလည်း သတင်းစာပို့တဲ့ ကလေးဆီကနေ ကောက်ရတာလား။”

“ကျုပ်လည်း အတူတူပဲ။”

“ကျုပ်တို့တွေ အလိမ်ခံနေရတာများလား။”

ထိုအချိန်တွင် လူအုပ်ထဲမှ တစ်ယောက်က ထအော်လိုက်၏။ “သေချာပေါက် အလိမ်ခံရတာ မဟုတ်ဘူး။

ကျုပ် ခင်ဗျားတို့ကို ပြောပြမယ်။ ဒီလာတဲ့ လမ်းမှာ သတင်းထောက်တွေ အများကြီး တစ်ခုခုကို လိုက်ရှာနေတာ တွေ့ခဲ့တယ်။ အနားကပ်ပြီး နားထောင်ကြည့်တော့မှ သတင်းစာတိုက်ရဲ့ အရေးကြီး လျှို့ဝှက်စာရွက်တွေ ပျောက်သွားလို့တဲ့။

အဲဒီအထဲက အကြောင်းအရာတွေ အပြင်ကို လုံးဝ ပေါက်ကြားသွားလို့ မဖြစ်ဘူးတဲ့။ ပေါက်ကြားသွားရင် မြောက်ပိုင်း လူရိုင်းတွေနဲ့ နိုင်ငံရေး ဆက်ဆံမှုတွေကို ထိခိုက်နိုင်တယ်တဲ့။ ချက်ချင်း ပြန်မတွေ့ရင် ပြဿနာ အကြီးကြီး တက်လိမ့်မယ်တဲ့။”

တကယ်ကြီးပဲကိုး။ လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားကြ၏။

လူအုပ်ကြီးထဲတွင် ချက်ချင်းပင် အံ့သြသံကြီးများ ထွက်ပေါ်လာပြီးနောက် ဘေးနားရှိ လူများကို စိတ်လှုပ်ရှားစွာ ကြည့်ကာ အချင်းချင်း ဝမ်းသာအားရ ဖြစ်နေကြသည်။

မယုံနိုင်စရာပဲ။

မြောက်ပိုင်း လူရိုင်းတွေ ရေမချိုးဘူး၊ မိန်းမ လဲကြတယ်၊ မြင်းပေါက်လေးတွေကို စိတ်ဝင်စားတယ် ဆိုတဲ့ နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ငါ သိသွားပြီပဲ။

ဒီအကြောင်းတွေကို အပြင်မှာ သွားမကြွားရင် ငါ လူဖြစ်ရကျိုး နပ်ပါ့အုံးမလား။

...

မကြာမီ လူအုပ်ကြီး လူစုကွဲသွားပြီး ဖန်ကျန်းရီနှင့် ကျန်းပြောင် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။

ဤတစ်ကြိမ်တွင်တော့ ဖန်ကျန်းရီ အလွန် ကျေနပ်သွားပြီ ဖြစ်သည်။ သူ လိုချင်သော အကျိုးသက်ရောက်မှုကို ရရှိသွားခဲ့သည်။

တစ်လခွဲလောက် အချိန်ယူပြီး မြောက်ပိုင်း လူရိုင်းတွေကို အပုပ်ချခဲ့တာ။

ဘယ်နှစ်ကြိမ်လောက် အပုပ်ချခဲ့လဲ ဆိုတာတောင် မမှတ်မိတော့ပေ။

သို့သော်လည်း နံနက်ခင်းအချိန်က မြောက်ပိုင်းမှ လူရိုင်းသံတမန်အဖွဲ့ ရောက်ရှိလာတော့မည်ဟူသော သတင်းကို ကြားသိလိုက်ရသောကြောင့် ယခုတစ်ကြိမ်တွင်မူ ကိုယ်တိုင်ကိုယ်ကျ ဆင်း၍ အပုပ်ချရလေတော့သည်။

ယနေ့ညတွင် ထိုသတင်းသည် အရှင်မင်းကြီး၏ နားတော်ဆီသို့ ပေါက်ကြားရောက်ရှိသွားလောက်ပြီဟု ထင်မှတ်ရ၏။

အရှင်မင်းကြီးဆိုသည်မှာလည်း ဂုဏ်သိက္ခာနှင့် မျက်နှာပန်းလှမှုကို အလွန်အရေးထားတတ်သူ မဟုတ်ပါလား။

ဤမျှလောက် များပြားလှသော ကောလာဟလသတင်းများကို ကြားသိရပြီးသည့်နောက်တွင်... မိသားစုချင်း လက်ဆက်ပေး၍ ငြိမ်းချမ်းရေးရယူမည့်ကိစ္စကို သဘောတူလက်ခံနိုင်ပါသေးသလား ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရပေဦးမည်။

အကယ်၍များ အမှန်တကယ် လက်ဆက်ပေးလိုလျှင်တောင်မှ တိုင်းသူပြည်သားများ၏ ဆန္ဒသဘောထားကိုမူ မဖြစ်မနေ ထည့်သွင်းစဉ်းစားရပေလိမ့်မည်။

ထိုသို့ လက်ဆက်ပေးမည်ဟူသော ကိစ္စမှာ သူ ကိုယ်တိုင် ကြိုတင်တွေးတော စိတ်ပူနေခြင်းမျှသာ ဖြစ်ပြီး တကယ်တမ်း လက်တွေ့ ဖြစ်မလာသေးဘူး ဆိုသော်ငြားလည်း...

မည်သို့ပင်ဖြစ်စေ ... ထိုကဲ့သို့ အဖြစ်ခံ၍ လုံးဝ မရနိုင်ပေ။

သူ ဖန်ကျန်းရီသည် မည်သည့်အန္တရာယ်မျိုးကိုမဆို သန္ဓေတည် အစပျိုးချိန်ကတည်းက အမြစ်ပြတ် နှိမ်နင်းပစ်တတ်သူပင်။

သတင်းစာပို့သော ကလေးငယ်ထံမှတစ်ဆင့် လျှို့ဝှက်ချက်များ ပေါက်ကြားသွားစေခြင်း ဆိုသည်မှာလည်း သူကိုယ်တိုင် ကြိုတင် စီစဉ်ထားခဲ့ခြင်းသာ ဖြစ်၏။

ပန်းရှန်း သတင်းစာတိုက်၏ နာမည်ဂုဏ်သတင်းကို အပျက်ခံ၍ မဖြစ်နိုင်ပေ။ ထို့အတူ မြောက်ပိုင်းမှ လူရိုင်းများကိုလည်း ဗြောင်ကျကျ ထုတ်ဖော် အပုပ်ချ၍ မရနိုင်ချေ။

သို့ဖြစ်၍ ဤနည်းလမ်းကို အသုံးပြုကာ တိုင်းသူပြည်သားများအကြား တစ်ဆင့်စကား တစ်ဆင့်နားဖြင့် အချင်းချင်း ပြောဆိုပျံ့နှံ့သွားစေရန် ဖန်တီးခဲ့ရခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် လက်ရှိအခြေအနေများအရ သူ၏အစီအစဉ်မှာ အလွန်ပင် အောင်မြင်နေပြီဟု ဆိုရပေမည်။

ညီလာခံအတွင်းရှိ ရှေးရိုးစွဲ အမတ်အိုကြီးများ အနေဖြင့်လည်း သူ့အပေါ် မည်သို့မှ အပြစ်ရှာနိုင်တော့မည် မဟုတ်ချေ။

အရှင်မင်းကြီး ကိုယ်တော်တိုင်လည်း ဤကိစ္စကို သေချာပေါက် သိရှိနေမည်သာ။

သို့သော်လည်း မည်သို့များ တတ်နိုင်မည်နည်း။

အလွန်ဆုံး ရှိလှလျှင် တိတ်တဆိတ် ခေါ်ယူကာ ဆူပူကြိမ်းမောင်းရုံမျှသာ ရှိပေလိမ့်မည်။

အများဆုံးအနေဖြင့် အရှင်မင်းကြီးအား မြှောက်ပင့်ဖားယားထားသော ဆောင်းပါး နှစ်ပုဒ်၊ သုံးပုဒ်ခန့် ထပ်မံ ရေးသားပေးလိုက်ရုံသာ ဖြစ်သည်။

အခြေအနေ အားလုံးက သူ တွက်ထားသည့်အတိုင်း ဖြစ်နေ၏။ လုံးဝ အမှားအယွင်း မရှိနိုင်ချေ။

ဒီတစ်ခေါက်တော့... စစ်မတိုက်ရသေးခင်မှာပဲ ငါ အနိုင်ရနေပြီ။

ခဏမျှ စဉ်းစားပြီးနောက် လိုအပ်ချက် ဘာမှ မရှိတော့ကြောင်း သေချာသွားသောအခါ ဖန်ကျန်းရီက အသားပေါင်းကို အားရပါးရ ကိုက်စားလိုက်သည်။

“သောက်ကျိုးနည်း … အသားတွေ ဘယ်ရောက်သွားတာလဲ။”

...

ဟန်ကျန်းမြို့ စာတိုက်စခန်း အတွင်း။

လူတစ်ရာကျော် ပါဝင်သော မြောက်ပိုင်းလူရိုင်းသံတမန်အဖွဲ့ ရောက်ရှိနေပြီ ဖြစ်၏။

ရွှေ၊ ငွေ၊ ရတနာ သေတ္တာပေါင်း ဒါဇင်ချီ ပါဝင်ပြီး၊ အခြားသော မြောက်ပိုင်း ရိုင်းစိုင်းသူတို့၏ အဖိုးတန် ပစ္စည်းများကိုတော့ ပြောစရာပင် မလိုတော့ချေ။

ခေါင်းဆောင်မှာ အသက် သုံးဆယ်ကျော် အရွယ် ခေါင်းတုံးနှင့် လူတစ်ယောက် ဖြစ်သည်။

ရွှေ၊ ငွေများကို ဝတ်ဆင်ထားပြီး အလွန် ခမ်းနားထည်ဝါလှ၏။

သို့ပေမည့် အထူးခြားဆုံးမှာ ထိုရွှေ၊ ငွေ၊ ရတနာများ မဟုတ်ဘဲ သူ၏ဘေးတွင် ရပ်နေသော သံမဏိရဲတိုက်ကြီးနှင့် တူသည့် ဧရာမ လူကြီး တစ်ယောက်ပင် ဖြစ်သည်။

သူ ထိုင်နေသည်မှာပင် ဘုန်းတော်ကြီး၏ အရပ်ထက် ပိုမြင့်နေ၏။

ခန္ဓာကိုယ်ကလည်း အလွန် ကြီးမားကျယ်ပြန့်လှသဖြင့် ဘုန်းတော်ကြီး နှစ်ယောက်ကိုပင် ထည့်ထား နိုင်လောက်သည်။

ဧရာမ လူကြီးက လက်ထဲတွင် သိုးပေါင် တစ်ချောင်းကို ကိုင်ထားပြီး ပါးစပ်ကြီး ဖြဲကာ အသားတစ်ဖတ်ကို အားရပါးရ ကိုက်ဖြဲလိုက်၏။

အသားရည်များနှင့် အဆီများက နေရာအနှံ့သို့ လွင့်စင်သွားသည်။

တစ်ချက်နှစ်ချက်ခန့် ဝါးပြီးနောက် တစ်လုတ်တည်း မြိုချလိုက်ရာ သူ၏ စားသောက်ပုံက အလွန် ရိုင်းစိုင်း ကြမ်းတမ်းလှ၏။

ဧရာမ လူကြီးက ဘုန်းတော်ကြီးကို ကြည့်ကာ မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် မေးလိုက်သည်။ “ဆရာတော် … ကျုပ်တို့ ဘယ်လောက် ကြာရင် ရောက်မှာလဲ။”

အပိုင်း (၂၈၇) ပန်းရှန်းရပ်ကွက်၏ အပြောင်းအလဲသစ်။

ဘုန်းတော်ကြီးဖါးပါးက ဘေးရှိ ဧရာမလူကြီးကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "သုံးရက်လောက် ကြာအုံးမယ်။ ချီလျဲ့... မြို့တော်ထဲ ရောက်ရင် ပြဿနာ သွားမရှာနဲ့။ နယ်စပ်မှာ ပွတ်တိုက်မှုတွေက ပိုပိုပြီး ပြင်းထန်လာနေပြီ။ ဒီတစ်ခေါက် လာတာက ပထမအချက် ငြိမ်းချမ်းရေး ဆွေးနွေးဖို့၊ ဒုတိယအချက် ကျုပ်တို့ရဲ့ စစ်ရေးအင်အားကို ပြသဖို့ပဲ။ အရာအားလုံးကို ကျုပ် အစီအစဉ်အတိုင်း လုပ်ပါ။"

စကားပြောနေစဉ်မှာပင် သိုးပေါင် တစ်ဝက်ခန့် ဗိုက်ထဲ ရောက်သွားပြီ ဖြစ်သည်။

ချီလျဲ့က ဘေးတွင် ကြောက်ရွံ့တုန်လှုပ်နေသော စာတိုက်စခန်းမှ အရာရှိငယ်ကို တစ်ချက် ကြည့်ပြီး မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။ "ကျင်းတိုင်းပြည်က လူတွေက တကယ်ကို အားနည်းလွန်းတယ်။ ကျုပ် အထင်တော့ စစ်တစ်ပွဲလောက် တိုက်လိုက်ရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။"

ဖါးပါးက ချီလျဲ့ကို တည့်တည့်ကြည့်ကာ လေးနက်စွာဖြင့် ပြောလိုက်၏။ "အခုအချိန်က စစ်တိုက်ဖို့ အချိန် မတော်သေးဘူး။ ကျင်းတိုင်းပြည်က ဒီနှစ်ထဲမှာ သဘာဝဘေးအန္တရာယ်တွေ အများကြီး ကြုံခဲ့ရပေမဲ့ သူတို့ရဲ့ အင်အားကို လုံးဝ လျှော့တွက်လို့ မရဘူး။ ခန်မင်းကြီးက မြောက်ပိုင်း လူရိုင်းတွေကို အခုမှ စည်းလုံးထားခါစ ဆိုတော့ တိုင်းပြည် အင်အား ပြန်လည် ထူထောင်ဖို့ လိုအပ်နေသေးတယ်။

မင်း ဘယ်လောက်ပဲ သတ္တိကောင်းကောင်း စစ်ပွဲ ဆိုတာ လူတစ်ယောက်တည်းနဲ့ အဆုံးအဖြတ် ပေးလို့ ရတာ မဟုတ်ဘူး။ ကျင်းတိုင်းပြည် နန်းတော်ထဲမှာ သေချာပေါက် ပညာရှင်တွေ အများကြီး ရှိမှာပဲ။ မင်းရဲ့ စွမ်းရည်တွေကို ပြသဖို့ အခွင့်အရေး ရလာမှာပါ။"

"ကောင်းပြီ။" ချီလျဲ့က ပါးစပ်ကြီးဖြဲကာ အလွန်မောက်မာစွာ ပြုံးလိုက်သည်။

ပန်းရှန်းရပ်ကွက် … ဖန်အိမ်တော်။

ဖန်ကျန်းရီက ခြံဝင်းထဲရှိ ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေ၏။

ပိုင်ရီက ဘေးမှနေ၍ ခြေထောက်များကို နှိပ်နယ်ပေးနေသည်။

ရှောင်ထောင်က ဘေးတွင် ရပ်ကာ ဌာနချုပ်မှ ပေးပို့လာသော စာရွက်စာတမ်းများကို ဖတ်ပြနေသည်။ တောက်ယွမ်ခရိုင်ကို ပြန်ရောက်သွားသကဲ့သို့ပင် ခံစားနေရ၏။ စာရွက်စာတမ်းများကို နှစ်ပိုင်း ခွဲထားသည်။ တစ်ပိုင်းက အထက်မှ ပေးပို့လာခြင်း ဖြစ်ပြီး၊ နောက်တစ်ပိုင်းကတော့ ပန်းရှန်းရပ်ကွက်၏ ကိုယ်ပိုင် အစီရင်ခံစာ ဖြစ်၏။

အပတ်စဉ်၊ လစဉ် ပုံမှန်အားဖြင့် ဖန်ကျန်းရီထံသို့ အစီရင်ခံစာ တစ်စောင် ပေးပို့လေ့ရှိ၏။ အထဲတွင် ရပ်ကွက်အတွင်းရှိ အဓိက စီးပွားရေးလုပ်ငန်းများ၏ သတင်းများ၊ ပြည်သူများ၏ တုံ့ပြန်ချက်များနှင့် အရေးကြီးသော တည်ဆောက်ရေး လုပ်ငန်းများ အကြောင်း ပါဝင်သည်။

ရှောင်ထောင်၏ စာဖတ်နှုန်းက အလွန် မြန်ဆန်လှပြီး မသိလိုက်မသိဘာပင် ထက်ဝက်ကျော် ဖတ်ပြီးသွားပြီ ဖြစ်၏။

ဒုတိယ စာမျက်နှာသို့ ရောက်သောအခါ ရုတ်တရက် အသံတန့်သွားပြီး ပြောလိုက်သည်။ "ပန်းရှန်း ရင်ပြင်မှာ တောက်ယွမ်ခရိုင်ရဲ့ ပြဇာတ်သစ်တွေကို ပိတ်ပင်လိုက်လို့ ပြည်သူတွေက စင်မြင့်ကို ဖျက်ဆီးပစ်ကြတယ်တဲ့။ ညဘက်တွေမှာ ပန်းရှန်းရပ်ကွက်မှာ ပြဇာတ်ကြည့်တဲ့သူ တော်တော် နည်းသွားပြီ။ ဆိုင်ခန်း ၃၈ ဆိုင် ပေါင်းပြီး ပြဇာတ်တွေ ပြန်ကခွင့်ပြုဖို့ တောင်းဆိုထားကြတယ်။"

ဖန်ကျန်းရီက မျက်လုံးမှေးကာ မေးလိုက်၏။ "ဘာ….ငါတို့ ခရိုင်မှာလည်း ပိတ်ထားတာပဲလေ။ ပန်းရှန်းရပ်ကွက်က ဘာလို့ ဒီလောက် ပြဿနာ များနေရတာလဲ။ ဘာပြဇာတ်ပဲ ဖြစ်ဖြစ် ကြည့်လို့ ရတာပဲ မဟုတ်ဘူးလား။ အခုလောလောဆယ် ဘာတွေ ပြနေတာလဲ။"

ရှောင်ထောင်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဖြေလိုက်သည်။ "စစ်သူကြီး တိုင်းပြည်ကို ကာကွယ်ခြင်း ပြဇာတ်ကို ပြနေတာပါ။ အစတုန်းကတော့ အခြေအနေ တော်တော် ကောင်းပါတယ်။ ဒါပေမဲ့ တစ်လတိတိ ဆက်တိုက် ပြနေတော့ အခု လူတိုင်းက ဆဲနေကြပြီ။ သူတို့က ကြည့်ရတာ ရိုးအီနေပြီမို့ တောက်ယွမ်ခရိုင်က ပြဇာတ်သစ်တွေကို ကြည့်ချင်တယ်တဲ့။ တကယ်တော့ ခရိုင်ထဲက ပြဇာတ်ရုံတွေမှာလည်း ဘယ်သူမှ မကြည့်ကြတော့ဘူး။ အကုန်လုံးက ပြည့်တန်ဆာအိမ်တွေမှာ သွားကြည့်ကြတာ။"

ဖန်ကျန်းရီက မကျေမနပ်ဖြင့် ပြောလိုက်၏။ "ဆက်ပြ … နောက်ထပ် နှစ်လလောက် ဆက်ပြလိုက်။ ဒီလို ကောင်းမွန်တဲ့ ပြဇာတ်မျိုးကို မကြည့်ဘဲ ဟို အမှိုက်လို ပြဇာတ်တွေကို ကြည့်ချင်တယ်ပေါ့လေ။ သောင်းကျန်းနေတဲ့ ပြည်သူတွေပဲ။ ပြီးတော့ ခရိုင်ကို စာရေးလိုက်။ ပြည့်တန်ဆာအိမ်တွေမှာ အဲဒီ အဓိပ္ပာယ်မရှိတဲ့ ပြဇာတ်တွေကို ဆက်ပြရဲရင် အကုန် ဖျက်သိမ်းပစ်မယ်လို့။

မနက်ဖြန် အသက်အရွယ် ကြီးရင့်ပြီး တည်ငြိမ်တဲ့ စာမေးပွဲအောင် ပညာရှင် တချို့ကို ခေါ်ပြီး စစ်ဆေးရေး အဖွဲ့ တစ်ခု ဖွဲ့လိုက်။ နောက်ဆို ပြဇာတ်သစ်တွေ ထွက်လာရင် တင်းတင်းကျပ်ကျပ် စစ်ဆေးရမယ်။ အဲဒီ ရှုပ်ယှက်ခတ်နေတဲ့ အရာတွေကို ငါ လုံးဝ မမြင်ချင်ဘူး။ နောက်ပိုင်း ပြမယ့် ပြဇာတ်တွေက အပြုသဘော ဆောင်ရမယ်။ နိုင်ငံကို ချစ်ရမယ်။ မိသားစုကို ချစ်ရမယ်။ ရိုးသားဖြောင့်မတ်ရမယ်။ အဲဒီ အောက်တန်းကျပြီး ယုတ်မာတဲ့ ပြဇာတ်တွေ အကုန်လုံးကို ဖျောက်ပစ်ရမယ်။"

ရှောင်ထောင်က ကသိကအောက်ဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ပြဇာတ်ကြည့်မယ့်သူ မရှိရင် ပန်းရှန်း ရင်ပြင်က ဆိုင်ခန်းတွေ စီးပွားရေး လုပ်လို့ မရတော့ဘူးလေ။ သူတို့ ဘယ်လို အသက်ရှင်ကြမလဲ။"

ဖန်ကျန်းရီက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်၏။ "သူတို့ သေတာ ရှင်တာ ငါနဲ့ ဘာဆိုင်လို့လဲ။ စီးပွားရေး လုပ်တာ ဦးနှောက် မသုံးရင် ဘယ်သူက လာကယ်နိုင်မှာလဲ။ မြောက်ပိုင်းလူရိုင်းသံတမန်အဖွဲ့ ရောက်လာတော့မယ် မဟုတ်လား။ ပြဇာတ်အဖွဲ့ကို ပြဇာတ်သစ် တစ်ပုဒ် ထုတ်ခိုင်းလိုက်။ မြောက်ပိုင်း လူရိုင်းတွေ ဆင်းရဲဒုက္ခ ရောက်နေတဲ့ အကြောင်း၊ ကျင်းတိုင်းပြည်မှာ လူဖြစ်ရတာ ဘယ်လောက် ကံကောင်းကြောင်းတွေ ပြခိုင်းလိုက်။

ပြီးရင် ဆိုင်ခန်းတွေနဲ့ ပြဇာတ်သစ် ပေါင်းပြီး အစီအစဉ် တစ်ခု လုပ်ခိုင်းလိုက်။ အစားအသောက်တွေကို တတ်နိုင်သမျှ စားလို့ မကောင်းအောင် လုပ်။ အဆိုးဆုံး ဖြစ်အောင် လုပ်ပြီးရင် အဲဒါ မြောက်ပိုင်း လူရိုင်းတွေရဲ့ ဒေသထွက် အစားအစာလို့ ပြောလိုက်။

အဲဒီလိုဆိုရင် ဆိုင်ခန်းတွေရဲ့ ကုန်ကျစရိတ်လည်း သက်သာသွားမယ်၊ အမြတ်လည်း ရမယ်။ ပြဇာတ်ကြည့်တဲ့ ပြည်သူတွေလည်း ဂုဏ်ယူစိတ်တွေ ဖြစ်လာလိမ့်မယ်။ အဲဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတာပဲ။ အားလုံး အမြတ်ထွက်တာပဲ။ ပတ်ဝန်းကျင် ပြောင်းလဲလာရင် လူတွေလည်း ပြောင်းလဲရမှာပဲ။ ရိုးရိုးသားသား စီးပွားရေး လုပ်နေလို့ကတော့ ရေရှည် မခံဘူး။"

ပိုင်ရီက ဖန်ကျန်းရီကို အထင်သေးသည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်၏။ ဤလောကတွင် ဤမျှတိုင် ယုတ်မာသော လူမျိုး ရှိသေးလားဟု တွေးတောမိသည်။ ထိုသို့ တွေးနေရင်းနှင့်ပင် သူမ၏ လက်များက အလိုအလျောက် အားကုန် သုံးမိသွားသည်။

ဖန်ကျန်းရီက လန့်ဖြန့်ကာ ထအော်လိုက်၏။ "သောက်ကျိုးနည်း … သေချင်နေတာလား။ ငါ့ကို သတ်ချင်နေတာလား။ ဆက်ဖတ်စမ်း။"

ရှောင်ထောင်က တခစ်ခစ် ရယ်မောလိုက်ပြီး ဆက်ဖတ်ပြသည်။ "ဟုတ်ကဲ့ … ပြီးတော့ ရပ်ကွက်ထဲက ဘောလုံးကွင်း ဆောက်လို့ ပြီးခါနီးပြီတဲ့။ ဒါပေမဲ့ လူတွေက ခြင်းလုံး ခတ်တာကိုပဲ သိကြပြီး ဘောလုံး ကန်တာကို နားမလည်ကြဘူးတဲ့။"

ဖန်ကျန်းရီက ဖြည်းညင်းစွာ ထရပ်ပြီး ကိုယ်လက် ဆန့်ထုတ်လိုက်၏။ "ခရိုင်ထဲက လူတချို့ကို ခေါ်ပြီး သင်ပေးခိုင်းလိုက်။ ခြင်းလုံးတောင် ခတ်တတ်ရင် ဘောလုံးကန်တာကို မလုပ်တတ်ဘဲ နေပါ့မလား။ ချမ်းသာတဲ့ မိသားစုတွေကို ခေါ်ပြီး ဘောလုံးအသင်းတွေ အများကြီး ဖွဲ့ခိုင်းလိုက်။ ပြိုင်ပွဲတွေ ဝင်ပြိုင်ခိုင်းပြီး သတင်းစာမှာ သေချာ ကြော်ငြာပေးလိုက်။ နောက်ဆိုရင် ကျုပ်တို့ ခရိုင်မှာလိုပဲ နှစ်တိုင်း ပြိုင်ပွဲကြီးတွေ လုပ်ပေးမယ်။ ပထမဆု ရတဲ့သူကို ငွေတုံး တစ်ထောင် ပေးမယ်၊ အဲဒီငွေကို အိမ်ရှေ့စံဆီက တောင်းမယ်။ ပြိုင်ပွဲ နာမည်ကို အိမ်ရှေ့စံ ဖလားလို့ ပေးလိုက်။"

ဘောလုံးကွင်း တည်ဆောက်ခြင်းသည် ရက်ကန်းစက်ရုံ စတင် တည်ဆောက်ချိန်နှင့် တစ်ချိန်တည်းလောက်တွင် စတင်ခဲ့ခြင်း ဖြစ်၏။ ထိုကိစ္စသည်လည်း ဖန်ကျန်းရီ၏ အစီအစဉ်ထဲတွင် ပါဝင်ပြီးသား ဖြစ်သည်။

ရပ်ကွက်အတွင်းရှိ ပြည်သူများမှာ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရန် အလှမ်းဝေးနေဆဲ ဖြစ်ရာ သူက လိုအပ်ချက်များကို ဖန်တီးပေးပြီး စီးပွားရေး တိုးတက်လာအောင် လုပ်ဆောင်ပေးရမည်။ တောက်ယွမ်ခရိုင်တွင် ဘောလုံးကွင်း ရှိသည်မှာ အသေအချာပင်။ သို့သော်လည်း တောက်ယွမ်ခရိုင်ရှိ ဘောလုံးကစားခြင်းသည် ဖျော်ဖြေရေး သက်သက်သာ ဖြစ်ပြီး အရှုံးအမြတ် မျှတနေလျှင်ပင် သူ ကျေနပ်နေပြီ ဖြစ်၏။

ပန်းရှန်းရပ်ကွက်မှာတော့ ထိုသို့ မဟုတ်ချေ။ မြို့တော်အတွင်းတွင် ပြည်သူဦးရေ အလွန် များပြားလှသည်။ ရုပ်မြင်သံကြားနှင့် အင်တာနက် မရှိသော ခေတ်တွင် ဤကဲ့သို့သော ပွဲကြီးပွဲကောင်းများက လူများကို အဆွဲဆောင်နိုင်ဆုံး ဖြစ်သည်။

စက်မှုလုပ်ငန်း အားလုံးကို မြို့တော်အတွင်း၌ အသက်သွင်းနိုင်မည် ဆိုပါက ကြီးမားသော ဓနဥစ္စာများကို ဖန်တီးပေးနိုင်ပေလိမ့်မည်။

ဘောလုံးပွဲနှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းများမှာ အလွန် များပြားလှသည်။ ပြိုင်ပွဲ စီမံခန့်ခွဲခြင်း၊ အားကစားကွင်း ဝန်ဆောင်မှု၊ ကြော်ငြာ စပွန်ဆာ၊ လေ့ကျင့်ရေး၊ အသင်းအသုံးအဆောင် ပစ္စည်းများ စသည်ဖြင့် အများအပြား ရှိသည်။

အမျိုးသမီး ရက်ကန်းစက်ရုံကလည်း ဘောလုံးကွင်းနှင့် ပူးပေါင်း၍ အော်ဒါများကို တည်ငြိမ်စွာ ရယူနိုင်မည်။ စီးပွားရေး လုပ်ငန်း အသီးသီးက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြရာ ဤအခွင့်အရေးကြီးတွင် ဉာဏ်ကောင်းသူ အများအပြား ကြီးပွားတိုးတက်လာနိုင်မည်မှာ သေချာ၏။

ဘောလုံး ပြုလုပ်ရန်မှာလည်း လွယ်ကူလှသည်။ ဝက်ဆီးအိမ်ကို သားရေဖြင့် အုပ်လိုက်ရုံသာ ဖြစ်ပြီး ပေါက်ပြဲသွားပါက အသစ်လဲလိုက်ရုံပင်။ ပြိုင်ပွဲ စည်းမျဉ်းများအတွက် ယခင်ဘဝက စည်းမျဉ်းများကိုသာ ဆက်လက် အသုံးပြုမည် ဖြစ်သည်။ ဒိုင်လူကြီးနှင့် ပတ်သက်၍လည်း ယခင်ဘဝက ပုံစံအတိုင်း အသုံးပြုရန် စဉ်းစားခဲ့သေးသည်။

နာမည်လှလှလေး ပေးရမည်ဆိုလျှင် ချမ်းသာသူများက အရင် ချမ်းသာပြီး နောက်လူများကို ဆွဲတင်ပေးခြင်း ပေါ့လေ။

သို့ပေမည့် သေချာ ပြန်စဉ်းစားကြည့်ပြီးနောက် လက်လျှော့လိုက်သည်။ မည်သူမှ မတုံးအပါချေ။ ဘက်လိုက်သော ဒိုင်များကို သုံး၍ တစ်ကြိမ် လှည့်စား၍ ရနိုင်သော်လည်း နောက်တစ်ကြိမ်တွင် လှည့်စား၍ ရမည်မဟုတ်ပေ။ စက်မှုလုပ်ငန်း မတိုးတက်လာလျှင် နစ်နာရမည်မှာ ပြည်သူများသာ ဖြစ်၏။

မြို့တော်သည် အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားသော တောက်ယွမ်ခရိုင် မဟုတ်ချေ။ လုယက်သည့် စိတ်ဓာတ်ဖြင့် လုပ်ဆောင်၍ မရဘဲ ရေရှည် တည်တံ့မည့် နည်းလမ်းကိုသာ ရွေးချယ်ရမည်။ သမိုင်း မှတ်တမ်းများတွင် သူ့အကြောင်းကို နောက်ထပ် တစ်ခါ ထပ်ရေးရဦးမည်ဟု ဖန်ကျန်းရီ ကျေနပ်စွာ တွေးတောမိသည်။

ဖန်ကျန်းရီက စိတ်ကူးယဉ်ကာ ကျေနပ်နေစဉ် လီယွမ်ကျောက်၏ အော်ဟစ်သံကြီး ရုတ်တရက် ထွက်ပေါ်လာ၏။ "ဖန်ကြီး … အထဲမှာ ရှိလား။"

သူ မဖြေရသေးခင်မှာပင် လီယွမ်ကျောက်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။

ဖန်ကျန်းရီက သက်ပြင်းချကာ ရှောင်ထောင်နှင့် ပိုင်ရီကို အပြင်သို့ ထွက်သွားရန် လက်ဟန်ပြလိုက်ပြီး လီယွမ်ကျောက်ကို ပြောလိုက်၏။ "အိမ်ရှေ့စံ …. မတွေ့ရတာ ကြာပြီနော်။ ဒီရက်ပိုင်း ဘာတွေ လုပ်နေတာလဲ။"

လီယွမ်ကျောက်က ပြုံးလိုက်သည်။ "ခင်ဗျားရဲ့ အဏုကြည့်မှန်ဘီလူးက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတယ်။ ကျုပ် အသစ် တွေ့ရှိထားတာတွေ အများကြီးပဲ။"

"ဘာတွေလဲ။"

"ဒီတစ်လအတွင်း ကျုပ် အသစ်တွေ အများကြီး ရှာတွေ့ခဲ့တယ်။ အသားစိမ်းတွေကို အချိန်အကြာကြီး ထားလိုက်ရင် အထဲမှာ ပိုးကောင်လေးတွေ ဖြစ်လာတယ် ဆိုတာကို ကျုပ် သိလိုက်ရတယ်။ အဲဒီ ပိုးကောင်လေး တွေကို အသားစိမ်းတွေပေါ် တင်လိုက်ရင် အသားတွေက ပိုပြီး မြန်မြန် ပုပ်သွားတယ်။"

ဖန်ကျန်းရီက ကျေနပ်စွာ ပြုံးလိုက်၏။ ကောင်းလေစွ၊ သင်ရလွယ်သော ကလေးပင် ဖြစ်သည်။ အိမ်ရှေ့စံက တကယ်ပင် မိမိအား စိတ်မပျက်စေပေ။

"အဲဒီတော့ ဘာဆက်ဖြစ်လဲ။"

"အဲဒီတော့ ကျုပ်က ပိုးကောင်တွေ ပါတဲ့ အသားပုပ်တွေကို ရေထဲမှာ ဆေးချလိုက်ပြီး အဲဒီရေကို ကိုယ်ရံတော်တွေကို တိုက်လိုက်တယ်။ ခင်ဗျား တွေးကြည့် …. ဘာဖြစ်သွားလဲ။"

ဖန်ကျန်းရီ၏ မျက်နှာ ချက်ချင်း ညိုမည်းသွား၏။ လီယွမ်ကျောက်... ယုတ်မာလှချည်လား။

"ကျုပ် မတွေးချင်ဘူး။"

လီယွမ်ကျောက်က လုံးဝ ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောနေသည်။ "ကျုပ်က ပိုးကောင်တွေ ပါတဲ့ ရေကို လက်အောက်ငယ်သားတွေကို တိုက်လိုက်တာလေ။ သူတို့ အကုန်လုံး ဝမ်းလျှောကုန်ကြတယ်။"

All Chapters