အခန်း (၄၈၄-၄၈၅)
Vol. 27 Ch. 484-485
အပိုင်း (၄၈၄) သားအဖ သံယောဇဉ်။
ပြည်တည်နာဆိုသည်မှာ ဤခေတ်ကာလတွင် မကုသနိုင်သော ရောဂါတစ်မျိုးဟု သတ်မှတ်၍ ရပေသည်။
ယင်းကို သတ္တုဒဏ်ရာ ဟုလည်း ခေါ်ဆိုကြ၏။
သုံးပြည်ထောင်ခေတ်က ကျိုးယွီသည်လည်း ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုခေတ်က အမြင့်မားဆုံးသော ဆေးပညာများ ရှိခဲ့သော်လည်း ဤရောဂါအတွက်မူ မတတ်နိုင်ခဲ့ချေ။
အမှန်စင်စစ် ဤအရာမှာ ပြင်ပဒဏ်ရာကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ကူးစက်မှုနှင့် ရောင်ရမ်းမှု တစ်မျိုးပင် ဖြစ်သည်။
ဤပြည်တည်နာဆိုသည်မှာ မူလက ပြည်တည်နေသော်လည်း မပေါက်သေးသော အဖုအကျိတ် ဖြစ်၏။
မနေ့ညက ကျင်းဘုရင်မင်းမြတ်၏ ဒဏ်ရာကို သမားတော်ဟူ မြင်တွေ့ခဲ့ရစဉ်က ပြင်းထန်သော်လည်း ထိန်းချုပ်နိုင်သေးသည်ဟု ခံစားခဲ့ရသည်။
ထိုစဉ်က အနည်းငယ် ထိတ်လန့်ခဲ့သော်လည်း ပြည်များကို ဖောက်ထုတ်ပြီး ဆေးသစ်လဲပေးလိုက်ပြီးနောက် အများကြီး မတွေးခဲ့မိချေ။
သို့ပေမည့် တစ်ညတာ ကုန်လွန်ပြီးနောက် မည်သို့သော အကြောင်းကြောင့် ရုတ်တရက် ပြည်တည်နာ ဖြစ်လာရသနည်း။
ယခုအချိန်တွင် သမားတော်ဟူ၏ မျက်နှာသည် စက္ကူဖြူကဲ့သို့ ဖြူလျော်နေပြီး စိတ်လှုပ်ရှားစွာဖြင့် ကျင်းဘုရင်မင်းမြတ်၏ ဒဏ်ရာတစ်ဝိုက်ကိုသာ သန့်စင်ပေးနေမိ၏။
လီယွမ်ကျောက်နှင့် ကော်ထျန်းယန်တို့လည်း မျက်နှာများ ဖြူလျော်နေကြသည်။
ပြည်တည်နာဆိုသည်မှာ ဘာကို ကိုယ်စားပြုသနည်းဆိုသည်ကို သူတို့နှစ်ယောက်လုံး သေချာ သိရှိကြ၏။
နန်းတော်ထဲရှိ စစ်သူကြီး အများအပြားသည် ဤရောဂါဖြင့် သေဆုံးခဲ့ကြရသည် မဟုတ်ပါလား။
“ခမည်းတော်... ခမည်းတော်...” လီယွမ်ကျောက်သည် ကြီးမားသော ကြောက်ရွံ့မှုထဲသို့ ကျဆင်းသွားခဲ့ပြီဖြစ်ပြီး မျက်ရည်များ စီးကျလျက် ကျင်းဘုရင်မင်းမြတ်၏ ဘေးတွင် မှောက်ကာ အကူအညီမဲ့စွာဖြင့် တစ်ခွန်းပြီးတစ်ခွန်း အော်ခေါ်နေတော့သည်။
ကော်ထျန်းယန်မှာလည်း ဘေးတွင် ရပ်ကာ မျက်ရည်များကိုသာ သုတ်နေရမိသည်။
လေအေးများက နွေးထွေးသော အခန်းလေးထဲသို့ ဆက်တိုက် ဝင်ရောက်လာပြီး ကျင်းဘုရင်မင်းမြတ်၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
သိပ်မကြာခင်မှာပင် ကျင်းဘုရင်မင်းမြတ်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာသည်။
“ရေ... ကိုယ်တော့်ကို ရေယူခဲ့”
ကော်ထျန်းယန်က ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချက်ချင်း သတိဝင်လာပြီး ကျင်းဘုရင်မင်းမြတ်အတွက် ရေသွားခပ်ပေးရန် ကမန်းကတန်း ပြေးသွား၏။
လီယွမ်ကျောက်လည်း အနည်းငယ် တည်ငြိမ်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။ “ခမည်းတော်... ဘယ်လိုနေသေးလဲ”
“ဘယ်... ဘယ်အရူးက ကိုယ်တော့်ကို... ကိုယ်တော့်ကို... စောင်တွေ ခြုံပေးထားတာလဲ” လေအေးများ ဝင်ရောက်လာမှုကြောင့် ကျင်းဘုရင်မင်းမြတ်၏ ဦးနှောက်က ပိုမို ကြည်လင်လာခဲ့၏။
မူလက ဒဏ်ရာက ဤမျှအထိ မပြင်းထန်သေးသော်လည်း တစ်ညလုံး စောင်ဖြင့်အုံထားမိသဖြင့် လူတောင် သေမလို ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။
ညဘက်တွင် သူ၏ ကိုယ်ပေါ်၌ တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ ဝေဝေဝါးဝါး ခံစားခဲ့ရပြီး ပခုံးမှလည်း နာကျင်မှုများ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။
သို့ပေမည့် မျက်ခွံများက အလွန်အမင်း လေးလံနေသဖြင့် မည်မျှပင် ကြိုးစားသော်လည်း ဖွင့်၍မရခဲ့ချေ။
ယခု ဝန်ထုပ်ဝန်ပိုးများ ကင်းစင်သွားပြီး ခေါင်းထဲတွင် ကြည်လင်လာသောအခါ ရင်ထဲ၌ ဒေါသများ အပြည့်အသိပ် ဖြစ်လာ၏။
လီယွမ်ကျောက်က ထိုစကားကို ကြားသောအခါ ကော်ထျန်းယန်ကို မုန်းတီးစွာ လှမ်းကြည့်လိုက်သည်။
ကော်ထျန်းယန်က လက်ဖက်ရည်တစ်ခွက်ကို ကိုင်ကာ လျှောက်လာစဉ် ထိုစကားကို ကြားလိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်စွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့၏။
ထို့နောက် ငိုယိုလျက် ပြောလိုက်သည်။ “အရှင်မင်းကြီး... အရှင်မင်းကြီး အဖျားကြီးနေလို့ ကျွန်တော်မျိုး စောင်နှစ်ထည် ထပ်ခြုံပေးလိုက်တာပါ။ ဒီအဖျားကြီးတာက ချွေးထွက်သွားရင် ကောင်းသွားမှာပါ”
ကျင်းဘုရင်မင်းမြတ်က အသက်ကို ပြင်းပြင်း နှစ်ချက် ရှူလိုက်ပြီး အားနည်းစွာဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“သိပြီ... မြန်မြန်... ကိုယ်တော့်ကို ရေယူခဲ့”
ကော်ထျန်းယန်က အလျင်အမြန် လက်ဖက်ရည်ကို ဆက်သလိုက်သည်။
လက်ဖက်ရည် တစ်ခွက် သောက်ပြီးသွားသောအခါ ကျင်းဘုရင်မင်းမြတ်က အနည်းငယ် ပို၍ လန်းဆန်းလာ၏။
ဘေးသို့ ခေါင်းစောင်းကာ ပခုံးပေါ်ရှိ ဒဏ်ရာကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားသည်။
လီယွမ်ကျောက်က တုန်တုန်ယ်ယင်ဖြင့် ပြောလိုက်၏။ “ခမည်းတော်... ဆေးလဲပြီးပြီလေ... ဆေးလဲပြီးရင် ဘာမှမဖြစ်တော့ဘူး။ ဘာလို့ သားတော်ကို စောစောတည်းက မပြောတာလဲ”
ကျင်းဘုရင်မင်းမြတ်က ပြုံးပြီး အားနည်းစွာဖြင့် ပြောလိုက်သည်။
“ဒဏ်ရာ အသေးအမွှားလေးပါ... ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ကိုယ်တော် ငယ်ငယ်တုန်းက စစ်တပ်ထဲမှာ အမြဲရှိခဲ့တာ... စစ်တပ်ထဲက စစ်သားအိုကြီး တော်တော်များများက ဒဏ်ရာ အသေးအမွှားလေး ရရုံနဲ့ လွယ်လွယ်ကူကူ သေဆုံးသွားတတ်ကြတယ်။
အဲဒီတုန်းက ကိုယ်တော်က လောကဓံရဲ့ အခက်အခဲတွေကို မသိသေးဘူးလေ... ဟွတ်... အဲဒီ စစ်သားအိုကြီး တွေကိုတောင် လှောင်ပြောင်ခဲ့သေးတာ။ အခုတော့... ကိုယ်တော်တိုင်လည်း ဒီလို အခြေအနေမျိုးကို ရောက်နေပြီပဲ။
အိမ်ရှေ့စံ... သင်ခန်းစာ ယူရမယ်... ဟွတ်... ဟွတ်”
“သမားတော်ဟူ... ဘယ်လို အခြေအနေ ရှိလဲ”
လီယွမ်ကျောက်သည် ဤအချိန်ရောက်သည်အထိ ကျင်းဘုရင်မင်းမြတ်က သူ့ကို ပညာပေးချင်နေသေးမည်ဟု မထင်ထားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ မျက်ရည်များ ထပ်မံ ကျဆင်းလာပြန်၏။
သမားတော်ဟူက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ “အရှင်မင်းကြီး စိတ်မပူပါနဲ့။ ကျွန်တော်မျိုး ဆေးသွားကျိုပေးပါ့မယ်၊ ပြည်တည်နာကလည်း မကုနိုင်တာတော့ မဟုတ်ပါဘူး”
သူက ပါးစပ်မှသာ ထိုသို့ ပြောနေသော်လည်း ရင်ထဲတွင်မူ လုံးဝ ယုံကြည်မှု မရှိချေ။
သူ့လက်အောက်တွင် သေဆုံးသွားခဲ့ရသော စစ်သူကြီးများ မနည်းလှချေ။
ယခုအခါ သူ၏ ခေါင်းထဲတွင် ဘိုးဘေးများ ချန်ထားခဲ့သော ဆေးနည်းများကိုသာ အရူးအမူး ပြန်လည် စဉ်းစားနေမိ၏။
နန်းတွင်းသမားတော်များ၏ ဆေးပညာက ညံ့ဖျင်းသည်ဟု ပြော၍မရသော်လည်း ကျွမ်းကျင်သည်ဟုလည်း ပြော၍မရနိုင်ပေ။
နန်းတွင်းသမားတော်များသည် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာကြသူများဖြစ်ပြီး သူ၏ မျိုးဆက်သို့ ရောက်သောအခါ စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ လူနာများကို ကုသပေးနိုင်တော့သည်။
အရာအားလုံးကို ဘိုးဘေးများ၏ ဆေးနည်းအတိုင်းသာ ဆေးပေးရပြီး အနည်းငယ်မှ ပြောင်းလဲရန် မဝံ့ရဲကြချေ။ အကြောင်းမှာ ၎င်းတို့သည် ဘိုးဘေးများ ကိုယ်တိုင် အတည်ပြုထားသော အရာများဖြစ်ရာ မည်သို့ လွယ်လွယ်ကူကူ ပြင်ဆင်ရဲမည်နည်း။
ဤသို့ဖြင့် နန်းတော်အတွင်း၌ လူနာအရေအတွက် မလုံလောက်မှုကြောင့် သာမန် ရောဂါဘယ အသေးအမွှားများကို ကုသနိုင်သော်လည်း ကုသရခက်ခဲသော ရောဂါများနှင့် ကြုံတွေ့ရသောအခါတွင်မူ အရပ်ထဲတွင် အမြဲတမ်း ဆေးကုသပေးနေသော နာမည်ကြီး သမားတော်များကို မမီနိုင်တော့ချေ။
“အရှင်မင်းကြီးကို အရင်ဆုံး အနားယူခိုင်းလိုက်ပါ၊ အနှောင့်အယှက် သိပ်မပေးပါနဲ့တော့။ အိမ်ရှေ့စံ... ကျုပ်တို့ အပြင်ထွက်ကြရအောင်”
ပြောပြီးသည်နှင့် သမားတော်ဟူသည် ဒဏ်ရာပေါ်တွင် လိမ်းဆေးအသစ်အချို့ လိမ်းပေးကာ ထရပ်၍ အပြင်သို့ ထွက်သွား၏။
လီယွမ်ကျောက်က ကျင်းဘုရင်မင်းမြတ်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ခမည်းတော်... သားတော် ခဏနေရင် ပြန်လာခဲ့မယ်”
ထို့နောက် သမားတော်ဟူ၏ နောက်သို့ လိုက်ကာ အခန်းပြင်သို့ ထွက်လာခဲ့၏။
အခန်းပြင်သို့ ရောက်သည်နှင့် လီယွမ်ကျောက်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သမားတော်ဟူ၏ အင်္ကျီစကို ဖမ်းဆွဲလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
“သမားတော်စုတ်။ ကျုပ်ညီမကို မကုပေးနိုင်တာက ထားတော့၊ အခု ခမည်းတော်ကိုပါ ဒုက္ခပေးရဲသေးတယ်ပေါ့လေ။”
သမားတော်ဟူမှာ ဤသို့ အဆွဲခံလိုက်ရသဖြင့် မျက်ရည်များပင် ကျလာလုနီးပါး ဖြစ်သွားသည်။ သို့နှင့် ကမန်းကတန်း ပြောလိုက်သည်။
“အိမ်ရှေ့စံ... အိမ်ရှေ့စံ။ မလောပါနဲ့၊ မလောပါနဲ့။ ကျွန်တော်မျိုး မတတ်နိုင်လို့ မဟုတ်ပါဘူး၊ တကယ်ကို ဒီလို အခြေအနေမျိုး ဖြစ်လာမယ်လို့ မထင်ထားခဲ့လို့ပါ”
“မြန်မြန်ပြောစမ်း။ ခမည်းတော်ရဲ့ အခြေအနေက အခု တကယ် ဘယ်လို ရှိလဲ”
သမားတော်ဟူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာပြီး တုန်တုန်ချိချိဖြင့် ပြောလိုက်၏။
“ပြည်တည်နာ ဖြစ်နေပါပြီ... တကယ်လို့ ပိုဆိုးလာရင် အဆိပ်တွေ ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားပြီး... ကုစရာ ဆေးမရှိတော့ပါဘူး... ကျွန်တော်မျိုး ပြန်သွားပြီး နည်းလမ်းရှာပါ့မယ်။ ပြန်သွားပြီး နည်းလမ်းရှာပါ့မယ်”
လီယွမ်ကျောက်က ရုတ်တရက် လက်ကို လွှတ်လိုက်ပြီး တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။ “ဒီလောက်တောင်... ဆိုးရွားနေတာလား။ ဘာနည်းလမ်း ရှိလဲ”
“ကျွန်တော်မျိုးရဲ့ ဘိုးဘေးတွေဆီမှာ သေချာပေါက် နည်းလမ်းရှိမှာပါ။ ကျွန်တော်မျိုး အခုပဲ ပြန်သွားပြီး ရှာပါ့မယ်၊ ရှာတွေ့တာနဲ့ အရှင်မင်းကြီးအတွက် ချက်ချင်း ဆေးကျိုပေးပါ့မယ်”
ပြောပြီးသည်နှင့် သမားတော်ဟူသည် လေပြေးသကဲ့သို့ ထွက်ပြေးသွားရာ လီယွမ်ကျောက်သာ ထိုနေရာတွင် စိတ်ပျက်လက်ပျက်ဖြင့် ကျန်ရစ်ခဲ့၏။
ထိုအချိန်တွင် ကော်ထျန်းယန်လည်း နွေးထွေးသော အခန်းလေးထဲမှ ထွက်လာပြီး မျက်ရည်များ သုတ်လျက် ငိုယိုနေဆဲ ဖြစ်သည်။
“အိမ်ရှေ့စံ... အရှင်မင်းကြီးက တွေ့ချင်လို့ပါ... အိမ်ရှေ့စံ ဝင်သွားလိုက်ပါအုံး။”
“ဪ... ကောင်းပြီ”
လီယွမ်ကျောက်က သစ်သားရုပ်လို အခန်းထဲသို့ ပြန်ဝင်သွားရာ ကျင်းဘုရင်မင်းမြတ်က ကုတင်ပေါ်တွင် မှီလျက် သူ့ကို လက်ယပ်ခေါ်လိုက်၏။
“ကိုယ်တော် ဘာမှမဖြစ်ပါဘူး၊ မင်း အရမ်း စိတ်မပူပါနဲ့”
“ခမည်းတော်... ဒီဒဏ်ရာက ဘယ်တုန်းက ရခဲ့တာလဲ၊ သားတော်ကို ဘာလို့ စောစောတည်းက မပြောပြတာလဲ”
“စတုတ္ထညီတော်က ကိုယ်တော့်ကို လုပ်ကြံဖို့ လူလွှတ်လိုက်တာလေ၊ မင်း စိတ်ပူမှာစိုးလို့ မပြောခဲ့တာ။ ပြီးတော့ ဒဏ်ရာ အသေးအမွှားလေးပါ၊ ဒီလောက်ထိ ဆိုးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ဒါပေမဲ့ အခု ကိုယ်တော် အများကြီး သက်သာသွားပါပြီ... မင်း စိတ်ပူမနေနဲ့။ မင်းဧကရာဇ်တစ်ပါး ဖြစ်လာတဲ့အခါ အရေးအကြီးဆုံးက တည်ငြိမ်အေးဆေးဖို့နဲ့ ပြဿနာကြုံရင် မလောဖို့ပဲ။ မင်း ဒီလောက် ပြာယာခတ်နေရင် ကိုယ်တော်က တိုင်းပြည်ကို မင်းလက်ထဲ ဘယ်လိုလုပ် စိတ်ချလက်ချ အပ်နိုင်မှာလဲ” ကျင်းဘုရင်မင်းမြတ်က အားနည်းစွာဖြင့် စကားပြောနေ၏။
လီယွမ်ကျောက်၏ မျက်လုံးများက နီရဲလာပြီး သူ၏ ဘေးတွင် ဒူးထောက်ကာ ပြောလိုက်သည်။
“သားတော် တိုင်းပြည်ကို မလိုချင်ဘူး၊ ဘာမှ မလိုချင်ဘူး။ ခမည်းတော် ဘာမှမဖြစ်ဖို့ပဲ လိုတယ်...”
ကျင်းဘုရင်မင်းမြတ်က ထိုစကားကို ကြားသောအခါ တစ်ကိုယ်လုံး တုန်ခါသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ဒီလို စိတ်ဓာတ်ကျတဲ့ စကားမျိုး မပြောနဲ့။ လောကက လူတွေအကုန်လုံးက မင်းရဲ့ လက်အောက်ခံတွေချည်းပဲ။ လူဆိုတာ သေရမှာပဲလေ၊ ပြီးတော့ ကိုယ်တော်က မသေသေးဘူး။
ကိုယ်တော် ပြောတာ နားထောင်၊ မနက်ဖြန်ကစပြီး ကိုယ်တော့်အစား ညီလာခံ ထွက်ပေး... မပျက်ကွက်စေနဲ့။ မှတ်ထား။”
“သားတော် မသွားဘူး။ သားတော် ဒီမှာပဲ နေမယ်” လီယွမ်ကျောက်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
“ရိုင်းစိုင်းလိုက်တာ။ မင်း အမိန့်ကို ဖီဆန်နေတာလား”
“အမိန့်ကို ဖီဆန်တော့ကော ဘာဖြစ်လဲ”
“ဟွတ်... ဟွတ်ဟွတ်... ဟွတ်”
ကျင်းဘုရင်မင်းမြတ်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ဒေါသတကြီး ပြောလိုက်၏။ “မင်း... ဒီမိုက်ရိုင်းတဲ့ သားက ကိုယ်တော့်ကို ဒေါသထွက်ပြီး သေအောင် လုပ်ချင်နေတာလား”
“ခမည်းတော် ရောဂါသက်သာသွားတဲ့အခါ ခမည်းတော်ကိုယ်တိုင် သွားချင်ရင် သွား၊ ဘာပဲဖြစ်ဖြစ် သားတော်ကတော့ မသွားဘူး” လီယွမ်ကျောက်က မျက်နှာတွင် ခေါင်းမာသည့် အမူအရာဖြင့် ကျင်းဘုရင်မင်းမြတ် ကို စိုက်ကြည့်နေတော့သည်။
အပိုင်း (၄၈၅) တောက်ယွမ်ခရိုင်မှ လူနာဆောင်။
နောက်ထပ် ပြင်းထန်သော ချောင်းဆိုးသံများ ထွက်ပေါ်လာပြန်၏။
ကျင်းဘုရင်မင်းမြတ်က လက်ကို ဆန့်တန်းကာ လီယွမ်ကျောက်ကို ရိုက်ရန် ပြင်လိုက်သော်လည်း လမ်းခုလတ်တွင်ပင် လီယွမ်ကျောက်က သူ့လက်ကို ဖမ်းကိုင်ကာ ဖိချလိုက်သည်။
“တစ်ရက်နှစ်ရက် ညီလာခံ မထွက်လည်း ဘာမှမဖြစ်ပါဘူး။ ခမည်းတော် ရောဂါသက်သာသွားရင် သားတော်ကို ဘာခိုင်းခိုင်း လုပ်ပါ့မယ်”
ကျင်းဘုရင်မင်းမြတ်က လီယွမ်ကျောက်၏ လက်ကို အားနည်းစွာ ရုန်းထွက်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။
“ကိုယ်တော့် ခန္ဓာကိုယ်အခြေအနေကို ကိုယ်တော် သိပါတယ်။ ဒီပြည်တည်နာက ဘာမှ မဟုတ်ပါဘူး”
“ဒါဆိုလည်း ခမည်းတော် ထပြီး နှစ်လှမ်းလောက် လမ်းလျှောက်ကြည့်ပါလား”
“...”
ကျင်းဘုရင်မင်းမြတ်က နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
တိရစ္ဆာန်... ဒီတိရစ္ဆာန်ကောင်။ ဒီနေ့ သူ့ကြောင့် ဒေါသထွက်ပြီး သေရတော့မယ်။
“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ။ မင်း မသွားချင်ရင်လည်း နေတော့။ စာကြည့်ဆောင်ကို ပြောင်းမယ်... ကော်ပန်ပန်”
ကော်ထျန်းယန်က ကမန်းကတန်း ပြေးလာ၏။
“အရှင်မင်းကြီး... အရှင်မင်းကြီး ဒီနေရာမှာပဲ အနားယူတော်မူပါ။ ခဏနေရင် စောင်ထပ်ခြုံပြီး ချွေးထုတ်ရအုံးမယ်လေ၊ အလွယ်တကူ မရွှေ့ပြောင်းပါနဲ့တော့”
ကျင်းဘုရင်မင်းမြတ်က ကော်ထျန်းယန်ကို စိုက်ကြည့်လိုက်ရာ ရင်ထဲတွင် မည်သည့်နေရာမှန်း မသိသော အင်အားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း။ ကိုယ်တော် မင်းကြောင့် အသက်ရှူကျပ်ပြီး သေတော့မလို့။ ချွေးထုတ်တာ ချီးပဲ။ ဒီနေရာက အရမ်းပူတယ်။ ကိုယ်တော် စာကြည့်ဆောင်ကို သွားပြီး အနားယူမယ်”
“ဟုတ်... ဟုတ်ကဲ့ပါ” ကော်ထျန်းယန်မှာ ချွေးအေးများ ပျံသွားပြီး လူရှာရန် ခပ်သုတ်သုတ် ပြေးထွက်သွား၏။
“ခမည်းတော်... ကုန်းကုန်းကော် ပြောတာ အကြောင်းပြချက် ရှိပါတယ်။ ခမည်းတော် ဒီနေရာမှာပဲ အနားယူတာ ကောင်းမယ်၊ သားတော် လူတွေကို မီးနည်းနည်း လျှော့ခိုင်းလိုက်ပါ့မယ်” လီယွမ်ကျောက်က တိုးတိုးလေး ပြောလိုက်သည်။
ကျင်းဘုရင်မင်းမြတ်က လက်ဝှေ့ယမ်းလိုက်၏။ “မလိုဘူး... စာကြည့်ဆောင်ကို သွားမယ်။ မင်း အသနားခံလွှာတွေကို ဖတ်၊ ကိုယ်တော် ကိုယ်တိုင် မင်းဖတ်တာကို စောင့်ကြည့်မယ်... နားမလည်တာ ရှိရင် ကိုယ်တော် သင်ပေးမယ်...”
“ခမည်းတော်...”
အပူချိန် ကျဆင်းသွားသောအခါ ကျင်းဘုရင်မင်းမြတ်၏ စိတ်အခြေအနေလည်း ပိုမို ကောင်းမွန်လာပြီး အားယူကာ ထနိုင်သော်လည်း ခေါင်းက မူးဝေနေဆဲ ဖြစ်၏။
ဝေါယာဉ်စီးကာ စာကြည့်ဆောင်သို့ ရောက်လာခဲ့သည်။ စာကြည့်ဆောင်သည် ဧကရာဇ်၏ ကိုယ်ပိုင် နေရာဖြစ်သဖြင့် အသုံးအဆောင် ပစ္စည်းများ အစုံအလင် ရှိသည်။
လီယွမ်ကျောက်က သူ့ကို တွဲကူကာ အခန်းထဲရှိ ကုတင်ငယ်ပေါ်တွင် လဲလျောင်းစေလိုက်၏။
ကျင်းဘုရင်မင်းမြတ်က စာပွဲရှေ့သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဟွတ်... ဟွတ်... ကုလားထိုင်ကို ဒီရွှေ့လာခဲ့၊ ပြီးတော့ နောက်က အသနားခံလွှာတွေကိုပါ တစ်ခါတည်း ယူလာခဲ့... ဟွတ်... မင်း ကိုယ်တော့်ရှေ့မှာပဲ ဖတ်၊ နားမလည်တာ ရှိရင် အချိန်မရွေး မေး”
ကော်ထျန်းယန်က ထိုအရာများကို အလျင်အမြန် သယ်ယူလာပေး၏။
“ကျန်တဲ့... လူတွေ အကုန်ထွက်သွားကြ။ ကိုယ်တော် အိမ်ရှေ့စံနဲ့ နှစ်ယောက်တည်း... နေချင်တယ်”
အခန်းထဲတွင် သားအဖနှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး ကျင်းဘုရင်မင်းမြတ်သည် ဤမျှ လှုပ်ရှားလိုက်ရသဖြင့် မျက်ခွံများ ပြန်လည် လေးလံလာသည်ကို ခံစားလိုက်ရကာ အားတင်း၍ ပြောလိုက်သည်။
“ဒီအသနားခံလွှာတွေက နှစ်ပေါင်းများစွာက မှူးမတ်တွေ တင်ပြထားတဲ့... တန်ဖိုးရှိတဲ့ အသနားခံလွှာတွေပဲ။ မင်း... သေချာ ဂရုတစိုက်... ဖတ်... ပါ”
သူ၏ အားနည်းနေသော ပုံစံကို ကြည့်ရင်း လီယွမ်ကျောက်သည် ရင်ထဲတွင် အလွန်အမင်း နာကျင်နေပြီး မည်သို့မှ စိတ်ဝင်တစား ဖတ်နိုင်စွမ်း မရှိတော့ချေ။
သို့ပေမည့် ခမည်းတော်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ မတတ်သာဘဲ အသနားခံလွှာများကို ယူကာ ဟန်ဆောင်ပန်ဆောင် ဖတ်နေလိုက်ရသည်။
ကြည့်ရသည်မှာ အလွန် အလေးအနက်ထားနေပုံပေါ်သော်လည်း စိတ်ထဲတွင်မူ လုံးဝ ရှုပ်ထွေးနေခဲ့ပြီ ဖြစ်၏။
ဆယ်မိနစ်ခန့် ကြာသောအခါ အသနားခံလွှာကို တစ်ခေါက် ဖတ်ပြီးသွားသဖြင့် ကျင်းဘုရင်မင်းမြတ်ကို ခေါင်းငုံ့ကြည့်လိုက်သည်။
ကျင်းဘုရင်မင်းမြတ်မှာ ထပ်မံ အိပ်ပျော်သွားခဲ့ပြီ ဖြစ်၏။
“ခမည်းတော်... ခမည်းတော်” လီယွမ်ကျောက်က သူ့ကို ညင်သာစွာ လှုပ်နှိုးလိုက်သည်။
တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ရင်ထဲတွင် ရုတ်တရက် အလွန်အမင်း အံ့အားသင့်သွားတော့၏။ ကမန်းကတန်းပင် လက်ချောင်းကို ကျင်းဘုရင်မင်းမြတ်၏ နှာခေါင်းဝသို့ စမ်းကြည့်လိုက်သည်။ ပြီးနောက် သက်ပြင်းချနိုင်လိုက်၏။
ကျင်းဘုရင်မင်းမြတ်ကို သေချာစွာ တစ်ချက် ထပ်ကြည့်လိုက်ပြီးနောက် လီယွမ်ကျောက်သည် အသနားခံလွှာကို ပစ်ချကာ အပြင်သို့ တန်းတန်းမတ်မတ် ထွက်သွားတော့သည်။
ကော်ထျန်းယန်က တံခါးဝတွင် ရပ်စောင့်နေဆဲဖြစ်ပြီး လီယွမ်ကျောက် ထွက်လာသည်ကို မြင်သည်နှင့် ချက်ချင်း မေးလိုက်၏။
“အိမ်ရှေ့စံ... အရှင်မင်းကြီး ဘယ်လိုနေလဲ”
လီယွမ်ကျောက်က နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။
“အိပ်ပျော်သွားပြီ။ ခမည်းတော်ကို သေချာ ကြည့်ထား၊ အအေးမပတ်စေနဲ့။ ကျုပ် သမားတော်ဆောင်ကို သွားမယ်၊ မြင်းပြင်ထားစမ်း”
သမားတော်ဆောင်သို့ တောက်လျှောက် မြင်းနှင်လာခဲ့ပြီးနောက် လီယွမ်ကျောက်သည် အလောတကြီး ဝင်ရောက်သွားသည်။
ဝင်းထဲတွင် သမားတော် အတော်များများက စာအုပ်များကို ကိုင်ကာ ဟိုဒီ လျှောက်သွားနေကြပြီး အလွန်အမင်း စိတ်လောနေပုံရသည်။
လီယွမ်ကျောက်က သမားတော်ဟူကို တွေ့သည်နှင့် တစ်ဟုန်ထိုး ပြေးသွားကာ သူ၏ မုတ်ဆိတ်မွေးများကို ဆွဲကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
“သမားတော်စုတ် … နည်းလမ်း ရှာတွေ့ပြီလား”
“အာ... နာတယ်၊ နာတယ်။ အိမ်ရှေ့စံ... မလောပါနဲ့၊ မလောပါနဲ့။ ကျွန်တော်တို့ အကုန်လုံး ရှာနေကြပါတယ်”
“ခမည်းတော် ထပ်အိပ်ပျော်သွားပြန်ပြီ။ အခု တကယ် ဘယ်လို အခြေအနေ ရှိနေတာလဲဆိုတာ ဘယ်သူ ကျုပ်ကို ပြောပြနိုင်မလဲ” လီယွမ်ကျောက်က အခန်းထဲတွင် မတ်တတ်ရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျန်ရှိသော သမားတော်များမှာ ချက်ချင်း တုန်လှုပ်သွားကြပြီး ဘေးတွင် ရပ်ကာ တစ်ခွန်းမှ ဝင်မပြောရဲ ကြတော့ချေ။
ဘယ်သူက ဝင်ပြောရဲမှာလဲ။ ဒီလောက် ပြင်းထန်တဲ့ ရောဂါကြီးကို ဘယ်သူက ပြဿနာမရှိဘူးလို့ အာမခံရဲမှာလဲ။
မည်သူမှ ပြန်မဖြေသည်ကို မြင်သောအခါ လီယွမ်ကျောက်က သမားတော်ဟူကိုသာ နောက်ဆုံး စိုက်ကြည့် လိုက်၏။
သမားတော်ဟူက မတတ်သာဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “... ဒီ... ကျွန်တော်မျိုးတော့ နည်းလမ်းတစ်ခု ရှာတွေ့ထားပါတယ်၊ ဒါပေမဲ့ တကယ်ကို မသုံးရဲသေးလို့ပါ”
“မြန်မြန်ပြောစမ်း”
“ရှေးဟောင်းစာအုပ်တစ်အုပ်မှာ ဆေးနည်းတစ်ခု ရှိတယ်... ဓားဒဏ်ရာအတွက် ထူးခြားတဲ့ အစွမ်းရှိနိုင်တယ်... ဒါပေမဲ့ အဲဒီထဲမှာ ဖူကျစ် အများကြီး သုံးရမယ်လို့ ပါတယ်။
ကျွန်တော်မျိုးက ပြင်ပဒဏ်ရာ ကုသဖို့အတွက် ဖူကျစ်ကို တစ်ခါမှ မသုံးဖူးဘူး၊ ဖူကျစ်က အဆိပ်ပြင်းတယ်... ဒီလို အဆိပ်ကို အဆိပ်နဲ့ နှိမ်တဲ့နည်းက အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ကျွန်တော်မျိုး တကယ်ကို တစ်ခါမှ မသုံးဖူးပါဘူး။
ပြီးတော့ အရှင်မင်းကြီးရဲ့ အခုအခြေအနေကလည်း ကျွန်တော်မျိုး တစ်ခါမှ မကြားဖူးတဲ့ အခြေအနေပဲ။ ရောဂါ အခြေအနေက ဒီလောက် မြန်မြန်ဆန်ဆန် ပိုဆိုးလာတာမျိုး တစ်ခါမှ မမြင်ဖူးဘူး”
“နေအုံး” လီယွမ်ကျောက်က အလျင်အမြန် တားလိုက်၏။
အဆိပ်ကို အဆိပ်နဲ့ နှိမ်တယ်... အဆိပ်ကို အဆိပ်နဲ့ နှိမ်တယ် ဟုတ်လား။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုက လီယွမ်ကျောက်၏ ခေါင်းထဲသို့ ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ပင်နီဆီလင်... ပြင်ပဒဏ်ရာ၊ တောက်ယွမ်ခရိုင်မှာ စမ်းသပ်နေတယ် မဟုတ်လား။
“အိမ်ရှေ့စံ... ဘာကို သတိရသွားလို့လဲ” သမားတော်ဟူက သူ ကြောင်အမ်းအမ်း ရပ်နေသည်ကို မြင်သဖြင့် မနေနိုင်ဘဲ မေးလိုက်၏။
ဤအမေးကြောင့် လီယွမ်ကျောက် သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ “ခမည်းတော်ကို အရင် ဆေးမတိုက်နဲ့အုံး။ ကျုပ် ပြန်လာမှ ပြောကြမယ်”
ပြောပြီးသည်နှင့် သမားတော်ဆောင်မှ ထပ်မံ ထွက်ခွာပြီး မြင်းကို အပြင်းနှင်သွားတော့၏။
...
တောက်ယွမ်ခရိုင်၊ လူနာဆောင်အတွင်း၌။
အဖြူရောင် ဝတ်စုံဝတ်ထားသူ နှစ်ဦးက မျက်စိရှေ့ရှိ မျှော်လင့်ချက်မဲ့နေသော သုံ့ပန်းတစ်ဦးကို လက်ညှိုးထိုးကာ ပြောဆိုနေကြ၏။
“အရင်နှစ်ခေါက် ကုသမှု ရလဒ်က မဆိုးဘူး၊ နောက်တစ်ခေါက် ထပ်အတည်ပြုပြီးရင် ကျုပ်တို့ ဆုသွားတောင်းလို့ ရပြီ။ ညီအစ်ကို... နောက်ထပ် တစ်ချက်လောက် ထပ်အနာခံလိုက်ပါအုံး … သည်းခံလိုက်နော်”
“ငါ့ကို သတ်လိုက်ကြပါတော့... ငါ့ကို သေခွင့်ပေးပါ” သုံ့ပန်းက မျက်လုံးများ ပြူးကျယ်လျက် ပြောလိုက်သည်။
ဤရက်ပိုင်းအတွင်း၌ တစ်သက်တာစာ ဆင်းရဲဒုက္ခဟူသမျှကို သူ အကုန်အစင် ခံစားလိုက်ရပြီဟု ထင်မှတ်နေမိသည်။
အစပထမ၌ ဤနေရာကို လူသားဆန်သော အရပ်ဒေသတစ်ခုဟု သူ ထင်မြင်ခဲ့မိ၏။ သုံ့ပန်းတစ်ဦး ဖြစ်နေလင့်ကစား ဒဏ်ရာများကို ကုသပေးသည့်အပြင် အသားဟင်းလျာများကိုပင် ကျွေးမွေးခဲ့သေးသည် မဟုတ်ပါလား။
သို့ရာတွင် နောက်ဆုံး၌မူ ဒဏ်ရာကို တစ်နေကုန် ပတ်တီးစီး ဖုံးအုပ်ထားစေသဖြင့် ရောဂါအခြေအနေမှာ တစ်နေ့တခြား ဆိုးရွားလာကာ အဖျားများ တက်လာခဲ့ရသည်။ သူ့အား လူမဆန် သရဲမကျ အဖြစ်မျိုးသို့ ဆိုက်ရောက်သွားစေရန် ဖန်တီးခဲ့ကြခြင်းသာ ဖြစ်၏
ဒဏ်ရာများ ကုသပေး၍ သက်သာလာသောအခါတွင်လည်း တစ်ဖန် ဓားဖြင့် မွှန်းမံခံရကာ ဒုတိယအကြိမ်မြောက် စမ်းသပ်ခြင်းကို ခံရပြန်လေသည်။
ခြေလက်များကို ကုတင်ပေါ်တွင် ကြိုးများဖြင့် တင်းကြပ်စွာ တုပ်နှောင်ထား၏။ လျှာကိုက်၍ သေကြောင်းကြံရန် တွေးမိခဲ့လျှင်ပင် ထိုနည်းလမ်းမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘေးကုတင်မှလူသည် ထိုနည်းလမ်းကို အရင်ဆုံး စမ်းသပ်ခဲ့ပြီးဖြစ်သော်လည်း လုံးဝ အောင်မြင်ခဲ့ခြင်း မရှိသောကြောင့်ပင်။
ဤနေရာသည် ငရဲပြည်များ ဖြစ်နေမည်လား။
ဤသို့သော နေ့ရက်များသည်... အလွန်တရာ ဆင်းရဲပင်ပန်းလွန်းလှချေသည်။ သေဆုံးသွား၍ တကယ့် ငရဲပြည်သို့ ရောက်သွားလျှင်ပင် ဤအဖြစ်ထက် ပို၍ သက်သာရာ ရနိုင်ဦးမည်။
“ညီအစ်ကို...”
“ဘယ်သူက မင်းရဲ့ ညီအစ်ကိုလဲ။ ဒီမှာ လာပြီး ရမ်းမခေါ်နဲ့။ ငါ့ကို သေခွင့်ပေး” သုံ့ပန်းက ကုတင်ပေါ်တွင် လဲလျောင်းလျက် ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဟေ့... အကောင်းမသိတဲ့ကောင်၊ မင်းတို့ ကံကောင်းလို့ ငါတို့ဆီ ရောက်လာတာနော်၊ မဟုတ်ရင် မြို့တော်က အကျဉ်းထောင်ထဲ ရောက်သွားရင် စောစောကတည်းက သေနေလောက်ပြီ။
ငါတို့က အရမ်း လူသားဆန်နေပြီ။ ထမင်းစားတိုင်း အသားပါတာကို မင်းက ဘာတွေ ရွေးနေတာလဲ။ ဒီတစ်ခေါက် စမ်းသပ်ပြီးရင် အကုန်ပြီးသွားပြီ၊ နောက်ကျရင် မင်းကို အထောက်အထားအသစ် ပေးပြီး လူသစ် တစ်ယောက်အနေနဲ့ ပြန်နေခိုင်းမယ်။
မင်းကို သုံးမယ့် ဆေးက ဘယ်လောက် တန်ဖိုးကြီးလဲဆိုတာ မင်း သိလား။ လူဘယ်နှစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်မလဲဆိုတာကော သိလား။ သိပ္ပံပညာအတွက် အနစ်နာခံတာက ဂုဏ်ယူစရာ ကိစ္စပဲ၊ တိတ်တိတ်လေး ဝမ်းသာနေလိုက်” အဖြူရောင် ဝတ်စုံဝတ်ထားသူက စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။
“ငါ့ကို အသုံးချပြီးတော့များ... မလုပ်နဲ့” သုံ့ပန်းက ထိုစကားကို ကြားသောအခါ ရူးသွပ်စွာ ရုန်းကန်ပြန်သည်။
“စကားများမနေနဲ့၊ ငါတို့နေရာက စည်းကမ်းရှိတဲ့ နေရာပဲ။ စေတနာ့ဝန်ထမ်းရဲ့ သဘောဆန္ဒကို လေးစားမှ ဆေးသုံးလို့ရမယ်။ မင်းကို ငါ နောက်တစ်ကြိမ် ထပ်မေးမယ်၊ မင်း ဆေးစမ်းသပ်ခံချင်လား”
“ချီးပဲ … ဟန်ဆောင်မနေနဲ့၊ ငါ သဘောမတူဘူး... ထွီ” သုံ့ပန်းက အဖြူရောင် ဝတ်စုံဝတ်ထားသူ၏ ကိုယ်ပေါ်သို့ တံတွေး ထွေးချလိုက်သည်။
အဖြူရောင် ဝတ်စုံဝတ်ထားသူက ကိုယ်ပေါ်မှ တံတွေးကို ကြည့်လိုက်ပြီး ဘေးနားရှိ လူကို လှည့်ပြောလိုက်၏။ “အစ်ကိုဝမ်... သူ သဘောတူတယ်တဲ့”
“မေ့ဆေးပေး”
“ဘုန်း” ဆိုသည့် အသံနှင့်အတူ သုံ့ပန်းမှာ မျက်စိနှစ်လုံး မှောင်မိုက်သွားပြီး သတိလစ်သွားတော့၏။