← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 10 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 10 Ch. 155-156

အပိုင်း (၁၅၅) ဖန်ကျန်းရီ၏ မှတ်စုစာအုပ်လေး။

တစ်ခါတစ်ရံတွင် အိမ်ရှေ့စံမင်းသားသည် အတော်လေး နားလည်မှု ရှိတတ်သော်လည်း တစ်ခါတစ်ရံမှာမူ အရွယ်မရောက်သေးသော ကလေး တစ်ဦးနှင့်ပင် တူသည်။ ကလေးငယ် တစ်သိုက်နှင့် အတူရှိနေလျှင်လည်း လေလုံးထွားလို့ ကောင်းနေဆဲပင်။

ဟော့ပေါ့ကို ဖန်ကျန်းရီက သိပ်မကြိုက်လှချေ။ ငရုတ်သီး၊ နွားဆီနှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များ မပါဝင်ဘဲ ရေကျိုသက်သက်သာ ဖြစ်သောကြောင့်ကပင်။ ထို့အပြင် အသားမှာလည်း သိပ်မလတ်ဆတ်ပေ။

လီယွမ်ကျောက်က ပြောရင်းပြောရင်း စိတ်လှုပ်ရှားလာကာ မည်သို့မှ မထိန်းနိုင်ဘဲ မတ်တတ်ရပ်ပြီး ထိုင်ခုံကို ခြေဖြင့် နင်းလိုက်၏။

ရှက်တတ်သော သာမန်ပြည်သူများမှာ ဟင်းများကို မယူရဲဘဲ ဖြစ်နေသည်ကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "စားကြလေ … ပိုက်ဆံ ကုန်မှာ မပူပါနဲ့။ ဒီနေ့ အစားအသောက်တွေကို ဆရာစိုက်က ဒကာခံတာပါ။ ပုံမှန်အချိန်တွေမှာ ဒီလောက် အသားများများ စားရတာ မဟုတ်ဘူး။ ဒီနေ့ အားရပါးရ စားကြ။"

ဖန်ကျန်းရီက ထောင့်တစ်နေရာမှနေ၍ ထောက်ခံလိုက်၏။ "ဟုတ်တယ်။ ဒီနေ့ အစားအသောက်တွေကို သခင်လေးလီက ဒကာခံတာ။ ခင်ဗျားတို့ များများ မစားရင် နောက်ကျရင် ဒီလို အခွင့်အရေးမျိုး မရတော့ဘူးနော်။ ခင်ဗျားတို့လည်း မျက်နှာငယ်လေးတွေနဲ့ နေမနေပါနဲ့။ အိမ်ပျက်သွားရင် အစိုးရရုံးက ပြန်ဆောက်ပေးလိမ့်မယ်။ ဒီရက်ပိုင်းအတွင်း ခင်ဗျားတို့ကို နေစရာ နေရာ စီစဉ်ပေးပါ့မယ်။ အများကြီး မတွေးပါနဲ့။ စားစရာ ရှိတာ စားကြ။ ဆိုင်ရှင် … ဆိုင်ထဲက အသားတွေ အကုန် ထုတ်ခဲ့စမ်း။"

ဆိုင်ရှင်က ဖန်ကျန်းရီ အရှေ့သို့ လျှောက်သွားကာ လက်ကို ပွတ်သပ်ပြီး တိုးတိုးလေး ပြောလိုက်၏။ "ဆရာ... ဟင်းရွက်တွေနဲ့ ထမင်းကတော့ ဆိုင်မှာ အလုံအလောက် ရှိပါတယ်။ ဒါပေမဲ့ အသားကတော့...။"

ဖန်ကျန်းရီက မျက်လုံးလှန်ကြည့်လိုက်သည်။ "ဘာလဲ ….. ပိုက်ဆံမပေးမှာ ကြောက်လို့လား။ စိတ်ချပါ။ ငွေက တစ်ပြားမှ လျော့မှာ မဟုတ်ပါဘူး။"

ဆိုင်ရှင်က တဟားဟား ရယ်မောလိုက်၏။ "မဟုတ်ပါဘူး မဟုတ်ပါဘူး။ အဲဒီသဘော မဟုတ်ပါဘူး။ ဆိုင်လေးမှာ အသား မရှိတော့လို့ပါ။"

လီယွမ်ကျောက်၏ နားမှာ အလွန် ပါးသဖြင့် ကြားလိုက်ရသည်။

ညှပ်ထားသော အသားတစ်ဝက်ကို ပြန်လွှတ်ချလိုက်ကာ အိုးထဲသို့ ပြန်ကျသွားစေပြီးနောက်၊ ဟင်းရွက် တစ်ရွက်ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်၍ ဝါးစားလိုက်၏။

"ခင်ဗျားတို့ စားကြ။ ကျုပ် ဝသွားပြီ။ ဆိုင်ရှင်။ အဆာပြေ မုန့် နည်းနည်း ထပ်ချပေးအုံး"

ဆိုင်ရှင်က ပြန်ထူးလိုက်ပြီး မီးဖိုချောင်သို့ အဆာပြေ မုန့် ယူရန် ခပ်သုတ်သုတ် ပြေးသွားသည်။

လီယွမ်ကျောက် လှည့်ထွက်ရန် ပြင်လိုက်ချိန်မှာပဲ ကလေးတစ်ချို့က သူ၏အင်္ကျီစကို ဆွဲကာ ပုံပြင် ထပ်ပြောပြရန် တောင်းဆိုကြ၏။

လီယွမ်ကျောက်က ပြုံးလိုက်သည်။ "ရတယ် .... ရတယ်။ သခင်လေးက ခင်ဗျားတို့ကို အိမ်ရှေ့စံမင်းသားနဲ့ သနော့စ်တို့ တိုက်ပွဲအကြောင်း ထပ်ပြောပြမယ်။"

ဖန်ကျန်းရီက ခေါင်းလှည့်သွားသည်။ ဆက်မနားထောင်ချင်တော့ချေ။

ယနေ့ မိုးတိတ်ခိုက် အပြင်ထွက်၍ လေညင်းခံမည်ဟု တွေးတောထားခဲ့မိသည်။ သို့သော်ငြား စားသောက်ဆိုင်ထဲတွင် ပိတ်မိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

မင်းသား လေလုံးထွားသည်ကို နားထောင်ရပေဦးမည်။ ယခုတော့ မိမိ၏ မူပိုင် ဇာတ်ကောင်ကိုပင် တိုက်ရိုက် ခိုးချနေလေသည်။

"ကျွတ် … လူကောင်းနဲ့ မတွေ့တာ... လူကောင်းနဲ့ မတွေ့တာ...။"

စားပွဲပေါ်တွင် လီယွမ်ကျောက်သည် စိတ်ပျက်လက်ပျက်နှင့် တတွတ်တွတ် ရေရွတ်နေ၏။

ရုတ်တရက် တံခါး ပွင့်သွားသည်။ မူလက ပျင်းရိနေသော ဖန်ကျန်းရီက တံခါးပေါက်ဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။

ဝင်လာသူမှာ ခေါင်းငုံ့ကာ ထီးကို ရုပ်သိမ်းနေပြီး မျက်နှာ တစ်ဝက်သာ ပေါ်၏။ ဖန်ကျန်းရီ၏ မျက်စိသူငယ်အိမ်က ကျဉ်းမြောင်းသွားကာ ချက်ချင်း မတ်တတ်ရပ်ပြီး ကောင်တာထဲရှိ ဆိုင်ရှင်ကို တွန်းဖယ်လိုက်သည် စုတ်တံကို လုယူကာ စာရင်းစာအုပ်ပေါ်တွင် စတင် ရေးခြစ်နေ၏။

ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆိုနေသည်။ "အင်း … ဆိုင်ရှင် … ခင်ဗျားရဲ့ ဒီလ ဝင်ငွေက မကောင်းဘူးပဲ။ ရိုးရိုးသားသား စီးပွားရေး မလုပ်လို့ သာမန်ပြည်သူတွေ မလာကြတာလား။ စီးပွားရေး လုပ်တာက လူလုပ်တာနဲ့ အတူတူပဲ။ ရိုးသားရမယ်။ ဒါမှ ရေရှည် လုပ်နိုင်မှာပေါ့။ ခင်ဗျား ကြည့်စမ်း ဒါက...။"

ဆိုင်ရှင်မှာ စုတ်တံ လုခံရချိန်တွင် မျက်နှာပေါ်သို့ မှင်များ စင်သွားသည်။ နေရာတွင် မှင်သက်စွာ ရပ်နေပြီး ဖန်ကျန်းရီ၏ တတွတ်တွတ် ရေရွတ်သံများကိုသာ နားထောင်နေရ၏။

လီယွမ်ကျောက် ဘက်မှာလည်း ဇာတ်လမ်း အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်ကာ သူက စိတ်လှုပ်ရှားစွာဖြင့် ပြောနေသည်။ "သနော့စ်က ဧကရာဇ်ရဲ့ လည်ပင်းကို လက်တစ်ဖက်နဲ့ ညှစ်ထားပြီး နောက်လက်တစ်ဖက်နဲ့ လက်ဖျောက်တီးဖို့ ပြင်နေချိန်မှာ အိမ်ရှေ့စံမင်းသားက ရုတ်တရက် ရောက်လာပြီး... အာ...။"

ထိုနေရာတွင်ပင်။ လီယွမ်ကျောက်သည် မျက်လုံးများ ပြူးကျယ်သွားကာ စားသောက်ဆိုင်ထဲသို့ ဝင်လာသော သက်လတ်ပိုင်းအရွယ် လူကို မှင်သက်စွာ စိုက်ကြည့်နေမိ၏။

ထိုသူ၏ မျက်နှာတွင် အေးစက်စက် အမူအရာများ ဖုံးလွှမ်းနေသည်။

ဖန်ကျန်းရီလည်း ရင်တထိတ်ထိတ် ခုန်နေ၏။

အရှင်မင်းကြီးက အဘယ်ကြောင့် ဤအချိန်မှ ရောက်လာရသနည်း။

ကျင်းဘုရင် သူ့ကို ကြည့်နေသည်ကို မြင်သောကြောင့် ဖန်ကျန်းရီက မျက်နှာထား ပြင်လိုက်၏။ "ဆိုင်ရှင် … အခန်းကောင်း တစ်ခန်း ဖွင့်ပေး။"

ပြောပြီးနောက် သော့ကို ယူကာ အပေါ်ထပ်သို့ တိုက်ရိုက် တက်သွားသည်။ လီယွမ်ကျောက်သည် ရှုံးနိမ့်သွားသော တိုက်ကြက် တစ်ကောင်လို ခေါင်းငိုက်စိုက်ကျလျက် ဖန်ကျန်းရီ၏နောက်မှ လိုက်ပါသွားပြီး တစ်ခါတစ်ရံ ကျင်းဘုရင်ကို ခိုးကာလှမ်းကြည့်နေတတ်သည်။

ကျင်းဘုရင်တို့ အဖွဲ့လည်း အပေါ်ထပ်သို့ တိုက်ရိုက် လိုက်တက်သွားကြသည်။ အခန်းထဲသို့ ရောက်ချိန်မှာတော့ လေထုက အနည်းငယ် နေရခက်နေပုံ ပေါ်၏။

ကျင်းဘုရင်က လီယွမ်ကျောက်ကို စိုက်ကြည့်နေပြီး အမတ်ကြီး သုံးယောက်ကတော့ ပြုံးစိစိ လုပ်နေကြသည်။

နောက်ဆုံးတော့ ဖန်ကျန်းရီကပင် စကားစလိုက်ပြီး တွေဝေစွာ မေးလိုက်၏။ "အရှင်မင်းကြီးက ဘယ်လိုလုပ် ရောက်လာတာလဲ။ ဒီနေ့ မိုးလည်း သည်းနေတယ်။ ရာသီဥတုက အနည်းငယ် အေးနေတော့ အရှင်မင်းကြီး အဝတ်အစား ထပ်ဝတ်မလား။"

ကျင်းဘုရင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး ဖန်ကျန်းရီကို ကြည့်လိုက်သည်။ "ဘာလဲ။ ကိုယ်တော် ပန်းရှန်းရပ်ကွက်ကို လာလို့ မရဘူးလား။ ဒါမှမဟုတ် မင်း ဖန်ကျန်းရီက ကိုယ်တော့်ကို မကြိုဆိုတာလား။"

ဖန်ကျန်းရီက ချက်ချင်း ပြောလိုက်၏။ "ဘယ်ကလာ။ ဘယ်ကလာ။ ကျွန်တော်မျိုးက နေ့တိုင်း ညတိုင်း အရှင်မင်းကြီး လာဖို့ မျှော်လင့်နေတာပါ။ အရှင်မင်းကြီး ကြည့်ကြည့်ပါ။ ကျွန်တော်မျိုး ရေးနေတဲ့ သဝဏ်လွှာတောင် မပြီးသေးဘူး။"

ပြောပြီးနောက် အင်္ကျီလက်ထဲမှ တွန့်ကျေနေသော စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။ စက္ကူမှာ ကောင်တာမှ ယူလာခြင်း ဖြစ်ပြီး အပေါ်တွင် စာကြောင်း အနည်းငယ် ရေးထား၏။

"တော်ပြီ တော်ပြီ။ သိမ်းထားလိုက်တော့။ ကိုယ်တော်က အားလို့ လမ်းလျှောက် ထွက်လာတာပါ။ ပန်းရှန်းရပ်ကွက်ကို မင်း ဒီလောက် ကောင်းအောင် အုပ်ချုပ်ထားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ကိုယ်တော့်ကို တစ်ခါလောက်တော့ အံ့ဩသွားစေတယ်။"

ဖန်ကျန်းရီက နှိမ့်ချစွာ ပြောလိုက်၏။ "ကျွန်တော်မျိုး ဂုဏ်မယူရဲပါဘူး။ ဒါတွေ အားလုံးက အိမ်ရှေ့စံ မင်းသားရဲ့ အောင်မြင်မှုတွေပါ။"

လီယွမ်ကျောက်မှာ ချက်ချင်းပဲ ခေါင်းကို မော့ကာ ချီးမွမ်းခံရရန် စောင့်ဆိုင်းနေသည်။

"ဟမ့် … သားမိုက်။ မင်း လူရာဝင်တဲ့ အလုပ် တစ်ခုလောက်များ လုပ်ဖူးလို့လား။"

လီယွမ်ကျောက်၏ မျက်လုံးများ ချက်ချင်း နီရဲသွားကာ စိတ်ဓာတ်ကျသွား၏။

သူ မနည်း ကြိုးစားထားခဲ့ရသည်ကို။ ခမည်းတော်က မိမိကို ဤမျှလောက်ထိ လုံးဝ အသိအမှတ် မပြုဘူးလား။

ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်ချိန်မှာတော့ ရှေ့တစ်လှမ်း တိုးကာ မျက်နှာထား တင်းတင်းဖြင့် အရိုအသေပေးလျက် ပြောလိုက်သည်။ "အရှင်မင်းကြီး မင်းသားကို အထင်လွဲနေတာပါ။ ဒီရက်ပိုင်းအတွင်း ရပ်ကွက်ထဲက ကြီးငယ်မဟူကိစ္စ အားလုံးကို မင်းသား ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့တာပါ။ ဒီရေကြီးတဲ့ ကိစ္စကိုပဲ ကြည့်ပါ။ ရပ်ကွက်ထဲက နေရာချထားရေး အစီအစဉ် အားလုံးကို မင်းသား ကိုယ်တိုင် စီစဉ်ခဲ့တာပါ။ ပြီးတော့ ရှေ့တန်းကနေ ဦးဆောင်ပြီး မြို့ပြင်က ကျုံးကို ကိုယ်တိုင် သွားပြီး ရေအမှတ် သွားတိုင်းခဲ့တာပါ။ အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားစွာနဲ့ အကဲဖြတ်ပေးတော်မူပါ။"

မင်းသားသည် ဤတစ်ကြိမ်တွင်တော့ တကယ်ကို မတရား ခံလိုက်ရခြင်းပင်။ ခမည်းတော်က ဤသို့ ထင်ရုံတင် မကပေ။ တကယ်တော့ သန့်ရှင်းရေး အဖွဲ့ထဲက လူတစ်ချို့လည်း ဤသို့ ထင်နေကြ၏။

အကြောင်းရင်းမှာ အခြား မဟုတ်ပေ။ မင်းသားမှာ အသက်ငယ်ရွယ်ပြီး ဖန်ကျန်းရီနှင့် အမြဲတမ်း အတူတူ နေနေရသောကြောင့် ဖန်ကျန်းရီကသာ အမိန့်ပေးနေသူဟု ထင်ရခြင်း ဖြစ်သည်။

သို့သော်ငြား ဖူယွင်ဘုရားကျောင်းကိစ္စ ပြီးတည်းက ဖန်ကျန်းရီက တကယ်ကို ဘာမှ မလုပ်တော့ချေ။ နေ့တိုင်း အိမ်တွင် အစေခံမလေးများကို နောက်ပြောင်နေခြင်းသာ လုပ်နေတတ်၏။

သို့မဟုတ်လျှင်လည်း ထမင်းစား၊ လက်ဖက်ရည်သောက်၊ အိပ်ခြင်းသာ ရှိသည်။

မင်းသားမှာ အချိန်အတော်ကြာ လမ်းမများပေါ်တွင် ဟိုပြေးဒီပြေး လုပ်နေရသဖြင့် လက်တွေ့ အခြေအနေကို သိရှိနားလည်မှုက ဖန်ကျန်းရီထက် အများကြီး သာလွန်၏။

ထို့ကြောင့် ရေကြီးသည့် ကာလတစ်လျှောက်လုံး လူအင်အား စီစဉ်မှု အားလုံးနီးပါးကို လီယွမ်ကျောက်ကသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျင်းဘုရင်က မကျေမနပ် မျက်နှာထားဖြင့် ပြောလိုက်၏။ "မင်း သူ့အတွက် အကြောင်းပြချက် ပေးမနေနဲ့။ သူ ဘယ်လိုပုံစံလဲဆိုတာ ကိုယ်တော် မသိဘဲ နေမလား။ သူ ကိစ္စအကုန်လုံး လုပ်နေရင် မင်း ဘာလုပ်နေတာလဲ။"

"ကျွန်တော်မျိုး အိပ်နေတာပါ။"

ကျင်းဘုရင်မှာ ဆွံ့အသွား၏။

အမတ်ကြီး သုံးယောက်လည်း ရယ်မောလိုက်ကြသည်။ ဤကောင်လေးက အမြဲတမ်း ဗရမ်းဗတာ စကားများ ပြောထွက်တတ်သည်။

"လျှောက်မပြောနဲ့။ ကိုယ်တော် အကုန် သိပြီးပြီ။" ကျင်းဘုရင်က လက်ဝှေ့ယမ်းပြကာ အနည်းငယ် စိတ်မရှည်တော့သည့် ပုံစံ ပြလာ၏။

လီယွမ်ကျောက်က မျက်နှာငယ်လေးဖြင့် ထိုနေရာတွင် ရပ်နေကာ ရှင်းပြရန် စိတ်မဝင်စားတော့ချေ။

"အရှင်မင်းကြီး မသိပါဘူး။ ကျွန်တော်မျိုး ပြောတဲ့ စကားတိုင်းက အမှန်တွေချည်းပါပဲ။ မယုံရင် အရှင်မင်းကြီး လမ်းပေါ်မှာ တစ်ယောက်ယောက်ကို ကျပန်း ခေါ်မေးကြည့်လို့ ရပါတယ်။" ဖန်ကျန်းရီက အမှန်တရား ဘက်တော်သား တစ်ယောက်ကဲ့သို့ တည်ကြည်စွာ ပြောလိုက်၏။

ဤအောင်မြင်မှုများကိုသာ လုယူလိုက်လျှင် တစ်ဖက်လူမှာ လူလုပ်ချင်စိတ်ပင် ရှိတော့မည် မဟုတ်ပေ။

"တကယ်လား။" ကျင်းဘုရင်က အနည်းငယ် ယိမ်းယိုင်သွားသည်။

"အရှင်မင်းကြီး သိတဲ့အတိုင်းပဲ။ ကျွန်တော်မျိုးက အမြဲတမ်း ဖြောင့်မတ် မှန်ကန်စွာနဲ့ အကြံပေးရဲတဲ့ သူပါ။"

ကျင်းဘုရင် ချက်ချင်းပင် စိတ်ပျက်သွား၏။ ကြည့်ရသည်မှာ လိမ်ပြောနေခြင်းပင်။

"မင်းသား လုပ်ခဲ့တဲ့ ကိစ္စတွေကို ကျုပ် အကုန်လုံး ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားပါတယ်။ မယုံရင် အရှင်မင်းကြီး ကြည့်ကြည့်ပါ။"

ပြောရင်းနှင့် မျက်လှည့်ပြသလို သံကြိုးလေး ကွင်းထားသော မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်သည်။ စာအုပ်ကျောရိုးနှင့် သံကြိုးကွင်းကြားတွင် ခဲတံတစ်ချောင်း ညှပ်ထားသေး၏။

"ဒီအထဲမှာ မင်းသား ပန်းရှန်းရပ်ကွက်ကို ရောက်ပြီးတည်းက လုပ်ခဲ့တဲ့ ကိစ္စတိုင်းကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင် ထားပါတယ်။ အရှင်မင်းကြီး သေချာ စစ်ဆေးပြီး မင်းသားရဲ့ အပြစ်ကင်းစင်မှုကို ပြန်ပေးဖို့ တောင်းဆိုပါတယ်။"

ဖန်ကျန်းရီက ခေါင်းငုံ့ကာ စာအုပ်ကို ဆက်သလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။

အထဲက ကိစ္စများမှာ သေချာပေါက် အမှန်များပင် ဖြစ်၏။ သို့သော် ကောင်းသော ကိစ္စများကိုသာ ရွေးရေးထားခြင်း ဖြစ်သည်။ ဤအရာမှာ မူလကတည်းက ကိုယ်တိုင် အောင်မြင်မှုများ လျှောက်တင်ရန် ယူလာခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကိုယ့်ကလေး၏ အကြောင်း အကောင်းပြောသည်ကို မည်သူက မကြိုက်ဘဲ နေမည်နည်း။

ထင်မထားခဲ့ချေ... ယနေ့ လျှို့ဝှက်လက်နက်ကို ကြိုသုံးလိုက်ရမည်ဟု။ ကြည့်ရသည်မှာ သူ ထပ်မံ၍ နည်းလမ်း အနည်းငယ် ပြင်ဆင်ထားရန် လိုအပ်သေးသည်။

လီယွမ်ကျောက်မှာ မျက်ရည်ဝဲသွား၏။ ဖန်ကြီး .. ခင်ဗျားကမှ ကျုပ်ရဲ့ ညီရင်းအစ်ကို အစစ်ပဲ။

အပိုင်း (၁၅၆) နီးကပ်လာသော ကပ်ဆိုး။

ကျင်းဘုရင်က စာအုပ်ကို လှမ်းယူလိုက်ပြီး ခေါင်းငုံ့ကာ သေချာဖတ်ကြည့်လိုက်၏။

မှတ်တမ်းတင်ထားပုံက နေ့စဉ်မှတ်တမ်းတစ်ခုနှင့် ပိုတူသည်။ အချိန်၊ ရာသီဥတုနှင့် နေရာဒေသများကို ရှင်းလင်းစွာ မှတ်တမ်းတင်ထား၏။ ထိုအထဲတွင် လီယွမ်ကျောက် လုပ်ခဲ့သမျှကို အချိန်ကာလအလိုက် အသေးစိတ် ရေးမှတ်ထားသည်။

ကျင်းဘုရင်က လိမ်ညာထားမည်ကို စိုးရိမ်သောကြောင့် အလွန် ဂရုတစိုက် ဖတ်ရှုနေ၏။

သို့ပေမည့် ဖတ်ရင်းဖတ်ရင်းဖြင့် တဖြည်းဖြည်း စိတ်လှုပ်ရှားလာခဲ့သည်။

ပထမဆုံးကိစ္စတွင် လီယွမ်ကျောက်၏ လုပ်ရပ်များက သိသိသာသာ စိမ်းသက်ပြီး ကြမ်းတမ်းနေသေး၏။ သို့သော်ငြား နောက်ပိုင်း ရောက်လာချိန်မှာတော့ လီယွမ်ကျောက်၏ လုပ်ရပ်များက ပို၍ စနစ်ကျလာပြီး ပိုမို ကျွမ်းကျင်လာ၏။

တစ်ရွက်ပြီးတစ်ရွက် ဖတ်ရှုပြီးချိန်မှာတော့ ကျင်းဘုရင်မှာ အလွန်အမင်း အံ့ဩမှင်သက်သွားရသည်။

လီယွမ်ကျောက်က လူထောင်ပေါင်းများစွာကို စနစ်တကျ စီမံခန့်ခွဲနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤစွမ်းရည်က အတော်လေး ထက်မြက်လွန်း၏။ ထို့အပြင် အပေါ်ယံ စီမံခန့်ခွဲမှုမျိုး မဟုတ်ဘဲ အသေးစိတ် စီမံခန့်ခွဲမှု ဖြစ်သည်။ အဖွဲ့တိုင်း၊ တပ်စုတိုင်းရှိ လူများကို သူက သေသေချာချာ စီစဉ်ပေးထား၏။

မှတ်စုပါ အကြောင်းအရာများက အတုဖြစ်နိုင်စရာ အကြောင်းမရှိပေ။

အသေးစိတ် ပြည့်စုံပြီး အဆင့်ဆင့် တိုးတက်လာပုံကို ကြည့်လျှင် ဤသည်မှာ ဖန်ကျန်းရီက နေ့စဉ်ရက်ဆက် သေချာစွာ မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ရမည်။

ကျင်းဘုရင်က ဝမ်းသာပီတိဖြစ်စွာ ပြုံးလိုက်ပြီး မှတ်စုစာအုပ်ကို ထပ်မံ ကောက်ကိုင်ကာ နှစ်ခေါက်လောက် ဖတ်ကြည့်လိုက်ပြန်၏။

ဖန်ကျန်းရီ ကိုယ်တိုင် ရေးမှတ်ထားသည်မှာ သေချာသည်။ ဤမျှ ဆိုးရွားလွန်းသော လက်ရေးက လွဲမှားစရာ အကြောင်းမရှိပေ။

ကျင်းဘုရင်က ရှေ့တိုးလာပြီး လီယွမ်ကျောက်၏ ပခုံးကို ပုတ်ကာ တိုးညှင်းစွာ ပြောလိုက်၏။ "ကိုယ်တော် သိပါပြီ။ ကိုယ်တော် မှားခဲ့တာပါ။ ယွမ်ကျောက်၊ မင်း အရမ်းကောင်းအောင် လုပ်နိုင်ခဲ့တယ်"

လီယွမ်ကျောက်မှာ နောက်ဆုံးတော့ မအောင့်အည်းနိုင်တော့ဘဲ မျက်ရည်ပူများ စီးကျလာ၏။ သူက ခမည်းတော်နှင့် အနည်းငယ် ပိုနီးကပ်သွားစေရန် ရှေ့သို့ တိုးသွားချင်မိသည်။

သို့သော်ငြား ခြေတစ်လှမ်းမျှသာ လှမ်းရသေးချိန်မှာတော့ ကျင်းဘုရင်က သူ့ကို တွန်းဖယ်လိုက်၏။

"မျက်ရည်တွေကို သုတ်လိုက်စမ်း၊ အိမ်ရှေ့စံတစ်ပါးလို ဟန်ပန်ရှိပါစေ" ကျင်းဘုရင်က မျက်နှာကို ပြန်လည် တည်တင်းလိုက်သည်။

လီယွမ်ကျောက်က ခေါင်းညိတ်လိုက်ပြီး မျက်ရည်များကို သုတ်ကာ နောက်ဆုတ်သွား၏။

ဖန်ကျန်းရီက တိတ်တဆိတ် နှုတ်ခမ်းမဲ့လိုက်သည်။ တော်ဝင်မိသားစုမှာ မွေးဖွားလာရတာ လူတစ်ယောက်ဖြစ်ဖို့တောင် တကယ် ခက်ခဲတာပဲ။

ကျင်းဘုရင်က စကားလွှဲလိုက်ပြီး ဖန်ကျန်းရီကို ပြုံးကာ ကြည့်လိုက်၏။ "ဒါက အမတ်ဖန်ရဲ့ ကျေးဇူးတွေ မကင်းပါဘူး။ ကိုယ်တော် တကယ် ဝမ်းသာမိတယ်။"

ဖန်ကျန်းရီက နှိမ့်ချစွာ ပြောလိုက်သည်။ "မဟုတ်ရပါဘူး။ ဒါတွေက ကျွန်တော်မျိုးရဲ့ တာဝန်တွေပါပဲ။ ပြီးတော့ ကျွန်တော်မျိုးလည်း အိမ်ရှေ့စံဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။ အိမ်ရှေ့စံက ဖြူစင်တဲ့ ကလေးတစ်ယောက်လိုပါပဲ။ တစ်ခါတလေ ကျွန်တော်မျိုးကိုတောင် ရှက်ရွံ့မိစေပါတယ်"

တစ်ခါတရံတွင် တကယ်ကို ရှက်ရွံ့မိသည်။ လီယွမ်ကျောက်က အလုပ်လုပ်ရာတွင် အလွန် အလေးအနက်ထားသော်လည်း ဆော့ကစားချင်စိတ်ကလည်း သာမန်မဟုတ်ပေ။ ဤခေတ်တွင် ကွန်ပျူတာ မရှိ၍ တော်သေး၏။ သို့မဟုတ်ပါက ဖန်ကျန်းရီတစ်ယောက် အိမ်ရှေ့စံနှင့်အတူ သေသည်အထိ ဂိမ်းဆော့ပေးနေရပေမည်။

ကျင်းဘုရင်က ပြုံးကာ လက်ကာပြလိုက်၏။ "အဲဒါတွေကို အရင် မပြောပါနဲ့အုံး။ ဒီတစ်ခေါက် ကိုယ်တော် ရောက်လာတာ ခံစားချက်တွေ အများကြီး ရလိုက်သလို မေးစရာ မေးခွန်းတွေလည်း အများကြီး ရခဲ့တယ်။ မင်းတို့ ရပ်ကွက်ထဲမှာ ရှန်ယီလို့ခေါ်တဲ့ ပညာတတ်တစ်ယောက်နဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက် ရှိတာ သိလား"

ဖန်ကျန်းရီက မျက်တောင်ခတ်လိုက်၏။ "ရှန်ယီလား။ မကြားဖူးပါဘူး။ လူမိုက်ခေါင်းဆောင်ကိုတော့ ကျွန်တော်မျိုး ကြားဖူးပါတယ်။ သူက ပန်းရှန်းရပ်ကွက်က နာမည်ကြီး လူမိုက်ပါ။ ဒီလူက မကောင်းမှုမှန်သမျှ အကုန်လုပ်တယ်။ အဘွားအိုတွေနဲ့ ဖဲရိုက်ရင်တောင် ခိုးကြည့်တတ်တဲ့ ကောင်မျိုးပါ။ အရှင်မင်းကြီး စိတ်ချတော်မူပါ။ ကျွန်တော်မျိုး သူ့ကို ရှင်းပစ်ဖို့ နည်းလမ်းရှာပါ့မယ်"

ကျင်းဘုရင်နှင့် အမတ်ကြီးသုံးပါးတို့မှာ ချက်ချင်းပင် အချင်းချင်း ကြည့်လိုက်မိကြသည်။

မင်း ဖန်ကျန်းရီက လူကောင်းတွေကို နှိမ်နင်းတဲ့သူလား။ သူများအပေါ် ရွှံ့ပက်ချင်တာလား။

ထို့နောက် ကျင်းဘုရင်က တုံ့ဆိုင်းစွာ ပြောလိုက်၏။ "ဒါပေမဲ့ ကိုယ်တော် ကြည့်ရသလောက်တော့ ဒီလူက အဲဒီလို မဟုတ်ပါဘူး။ ပြီးတော့ ရပ်ကွက်ထဲမှာလည်း နာမည်ကောင်း ရှိတယ်။ မင်း မှားနေတာလား"

"ဟမ်" ဖန်ကျန်းရီလည်း အနေခက်သွား၏။

ထိုခွေးကောင်သည် အရှင်မင်းကြီး ရှေ့မှာတောင် ဟန်ဆောင်ကောင်းနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

သို့နှင့် အနေခက်စွာဖြင့် ပြောလိုက်၏။ "ဒါဆိုရင် မကြာသေးခင်က ကျွန်တော်မျိုး လစ်ဟင်းသွားတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်မျိုး ထပ်ပြီး စောင့်ကြည့်လိုက်ပါအုံးမယ်။"

ကျင်းဘုရင်က ပြောလိုက်သည်။ "အင်း … လူ့စိတ်ဆိုတာ ခန့်မှန်းရခက်တယ်။ သေချာ စောင့်ကြည့်ရမယ်။ ကိုယ်တော် ကြည့်ရသလောက်တော့ ဒီလူ့ရဲ့ မူလစရိုက်က မဆိုးပါဘူး။ လမ်းမှားရောက်နေသူ ပြန်လည် တည့်မတ်လာတာက ရွှေနဲ့တောင် လဲလို့မရဘူး။ သေချာ နားချပေးရမယ်။ မင်းရဲ့ အကျင့်ကို ကိုယ်တော် သိတယ်။ အလွယ်တကူ ရိုက်မယ် ၊ သတ်မယ်ချည်း မလုပ်နဲ့"

ဖန်ကျန်းရီက နှာခေါင်းရှုံ့လိုက်၏။ ဒီလူမိုက်တွေက တစ်နေ့တခြား ပိုပိုပြီး လည်လာကြတာပဲ။

"ကောင်းပါပြီ အရှင်မင်းကြီး။ ဒါနဲ့ ရှန်ယီ ဆိုတာကရော ဘယ်လိုဖြစ်တာလဲ။"

ထို့နောက် သူတို့သည် အခန်းထဲတွင် အသေးစိတ် စတင် ဆွေးနွေးကြ၏။ အတော်ကြာ ဆွေးနွေးပြီးချိန်မှာတော့ ကော်ထျန်းယန် တစ်ယောက် တစ်ကိုယ်လုံး ရေများ စိုရွှဲစွာဖြင့် မောကြီးပန်းကြီး ဝင်ရောက်လာသည်။

ကျင်းဘုရင်ကို မြင်သည်နှင့် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ "အရှင်မင်းကြီး … အားလုံး ပြင်ဆင်ပြီးပါပြီ"

ကျင်းဘုရင်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ပြီးနောက် လူအများကို ပြောလိုက်သည်။ "သွားကြစို့ … ကိုယ်တော်နဲ့ အတူ လိုက်ခဲ့ကြ"

"ဘယ်ကိုလဲ"

"တုန်းကျင်းရပ်ကွက်ကို"

All Chapters