← Chapters

အခန်း (၆၇-၆၈)

Vol. 5 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 5 Ch. 67-68

အပိုင်း (၆၇) လူလိမ်ဘုရင် ဖန်ကျန်းရီ။

“ဆောင်းဦးရာသီ ပုရစ်သံက တိတ်ဆိတ်လွန်းတယ်။ ညနေခင်းကလည်း တဲအိုလေးမှာပဲ ကုန်ဆုံးတော့မယ်။ မိုးရွာတာလေး ရပ်သွားပြီ... တဲအိုလေးထဲမှာ အရက်သောက်ဖို့တောင် စိတ်မပါတော့ဘူး... မြစ်ကမ်းနဖူးမှာ လေပြည်သွေးပြီး လမင်းကြီးကလည်း မှေးမှိန်နေပြီ။”

နန်းရင်ပြင်ပေါ်တွင် ကော်ထျန်းယန်က 'ယွီလင်လင်း၊ ဆောင်းဦးရာသီ ပုရစ်သံ' ကဗျာကို ခံစားချက်အပြည့်ဖြင့် ရွတ်ဆိုနေသည်။ အမတ်အများအပြားက ၎င်းကဗျာ၏ အဓိပ္ပာယ်တွင် နစ်မျောနေကြပြီး အချို့က အင်္ကျီလက်ဖြင့် မျက်ရည်များကိုပင် သုတ်နေကြ၏။

ကျင်းဘုရင်က အထက်မှနေ၍ အရာအားလုံးကို အပေါ်စီးမှ ကြည့်နေသည်။ ဖန်ကျန်းရီကို ကြည့်ရသည့် သူ၏ အကြည့်များတွင်လည်း ကျေနပ်မှုများ ပိုမိုပါဝင်လာသည်။

“မြစ်ကမ်းနဖူးမှာ လေပြည်သွေးပြီး လမင်းကြီးကလည်း မှေးမှိန်နေပြီ။ ဒီတစ်နှစ်ကုန်သွားရင်လည်း ကောင်းမွန်တဲ့ အချိန်တွေနဲ့ လှပတဲ့ မြင်ကွင်းတွေက အလကား ဖြစ်နေမှာပဲ။”

“ကောင်းမွန်တဲ့ အချိန်တွေနဲ့ လှပတဲ့ မြင်ကွင်းတွေက အလကား ဖြစ်နေမှာပဲ” ဆိုသည့် စာကြောင်းကို ရွတ်ဆိုပြီးသည်နှင့် ကော်ထျန်းယန်၏ အသံက ရုတ်တရက် ရပ်တန့်သွားသည်။

နန်းရင်ပြင်ပေါ်ရှိ အမတ်များအားလုံးက ရုတ်တရက် တစ်ခုခု လိုအပ်နေသလို ခံစားလိုက်ရ၏။

ကျင်းဘုရင်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ “အမတ်တို့အားလုံး ကြားတဲ့အတိုင်းပဲ။ ဒီကဗျာ ဘယ်လိုနေလဲဆိုတာ ဝေဖန်ပေးကြပါဦး။”

လူဆိုသည်မှာ အသက်ကြီးလာလေ ပို၍ ခံစားလွယ်လေ ဖြစ်သည်။ နန်းတော်တွင်း အကြံပေးအဖွဲ့၏ အကြီးအကဲဖြစ်သော လီယန်စုန်၏ စာပေကျွမ်းကျင်မှုကိုတော့ ပြောနေစရာပင် မလိုတော့ချေ။ ဤကဗျာကို ကြားချိန်မှာတော့ ခွဲခွာရခြင်း၏ ဝမ်းနည်းမှုများက သူ၏ စိတ်ထဲတွင် ပြည့်နှက်လာခဲ့၏။

ကျယ်ဝန်းလှသော အင်္ကျီလက်ဖြင့် နှာရည်များကို တိတ်တဆိတ် သုတ်လိုက်ပြီးနောက် ခေါင်းမော့ကာ လေးနက်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီး။ ‘ရှေးကတည်းက ချစ်ခြင်းမေတ္တာဆိုတာ ခွဲခွာရခြင်းက နာကျင်စေတယ်။ ဆောင်းဦးရာသီရဲ့ အေးစက်မှုကို ဘယ်လိုခံနိုင်ပါ့မလဲ။ ဒီည အရက်မူးရာက နိုးလာရင် ဘယ်ရောက်နေမလဲ။ မြစ်ကမ်းနဖူးမှာ လေပြည်သွေးပြီး လမင်းကြီးကလည်း မှေးမှိန်နေပြီ’ ဆိုတဲ့ အပေါ်နှစ်ကြောင်းက ခွဲခွာရခြင်းကို ဖော်ပြနေပါတယ်။ ‘အေးစက်မှု’ နဲ့ ‘ဒီည’ ဆိုတဲ့ စကားလုံးတွေက အပေါ်နှစ်ကြောင်းကို ပိုပြီး ပေါ်လွင်စေပါတယ်။ စကားလုံးတွေကြားမှာ တခြားစကားလုံးတွေ ကြားညှပ်လို့ မရပါဘူး။ ကြားညှပ်လိုက်တာနဲ့ ကဗျာက သေသွားမှာပါ။

ဒါကြောင့် ဒီကဗျာက ကဗျာတွေထဲမှာ ထိပ်တန်းလို့ ကျွန်တော်မျိုး ထင်ပါတယ်။ ကျွန်တော်မျိုး တကယ်ကို လေးစားသွားပါပြီ။ တစ်သက်လုံး ဒီအဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်မိပါတယ်။”

ထိုစကားကို ကြားချိန်မှာတော့ အမတ်များအားလုံးက သက်ပြင်းချကာ ထောက်ခံလိုက်ကြသည်။ အကြီးအကဲ ကိုယ်တိုင်က ဤသို့ပြောနေမှတော့ တခြားလူတွေက ဘာဝင်ပြောစရာ လိုသေးလို့လဲ။

လီယန်စုန်၏ အလွန်အမင်း ချီးကျူးစကားကို ကြားချိန်မှာတော့ ကျင်းဘုရင် ပို၍ပင် ဝမ်းသာသွား၏။

“အမတ်ကြီးလီက နှိမ့်ချလွန်းနေပါပြီ။ ဒီကဗျာကို ဘယ်သူရေးလဲဆိုတာ ခင်ဗျားတို့ သိကြလား။”

လူတိုင်းက တိတ်ဆိတ်နေကြသည်။ လူတိုင်းက စိတ်ထဲတွင် သိနေကြသော်လည်း ဘယ်သူမှ ထုတ်မပြောချင်ကြခြင်းသာ ဖြစ်၏။

နှစ်ရက်အတွင်း ဤ 'ယွီလင်လင်း' ကဗျာက မြို့တော်၏ လမ်းမများ အနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ၎င်းကဗျာကို ရုံးတော်မှ အရာရှိ ဖန်ကျန်းရီ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း လူတိုင်း သိနေကြသည်။

စာကူးလာသူ ကိုယ်တိုင်ကလည်း ယခုအချိန်တွင် အိပ်မပျော်နိုင်တော့ပေ။ ဤ 'ယွီလင်လင်း' ကဗျာကို ကြားရပြီးနောက် ခြေလှမ်းများ မရပ်မနား လျှောက်နေမိ၏။

လူတိုင်း တုံ့ပြန်မှု မရှိသည်ကို မြင်ချိန်မှာတော့ ကျင်းဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “ကြည့်ရတာ အမတ်တို့အားလုံး သိနေကြပြီနဲ့ တူတယ်။ ဒါဆိုလည်း သူ့ကိုပဲ ဒီကဗျာအကြောင်း ရှင်းပြခိုင်းလိုက်ရအောင်။”

ဖန်ကျန်းရီက တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ ထွက်လာသည်။ ကြောက်၍မဟုတ်ဘဲ အလွန်အမင်း အရှက်ရနေသောကြောင့် ဖြစ်၏။ သူကိုယ်တိုင်ပင် အစအဆုံး ကျက်မထားသည်ကို အဘယ်သို့ ရှင်းပြရမည်နည်း။

“ကျွန်တော်မျိုး ဖန်ကျန်းရီ... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”

ကျင်းဘုရင်က လက်ကာပြကာ ပြောလိုက်သည်။ “ဖန်အမတ် ထုံးတမ်းစဉ်လာတွေ လုပ်နေစရာ မလိုပါဘူး။ မင်းရဲ့ ကဗျာစွမ်းရည်ကို ကိုယ်တော် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ပြီးပြီ။ ဒီကဗျာက ကိုယ်တော့်ကို မင်းအကြောင်း အသစ်တဖန် သိလာစေတာပဲ။ ဒါပေမဲ့ ဒီကဗျာက ဘာလို့ နောက်ဆုံးနှစ်ကြောင်း လိုနေရတာလဲ။”

ဒီနေ့ အမတ်တွေတင်မကဘူး မြို့တော်ထဲက ပညာတတ်တွေ အားလုံးလည်း ဒီကိစ္စကို သိချင်နေကြမှာပဲ။ မင်း အားလုံးကို သေချာရှင်းပြပေးရမယ်။ လုံးဝ ဟန်ဆောင်လို့ မရဘူးနော်။”

သောက်ကျိုးနည်း။ တခြားလူတွေ ကဗျာခိုးချရင် အရမ်းလွယ်ကူခဲ့ကြတာ။ ဘာလို့ ငါ့ကျမှ ဒီလောက် ခက်ခဲနေရတာလဲ။

ဖန်ကျန်းရီ လန့်သွားသည်။ သူ၏စိတ်ထဲတွင်လည်း ကြောက်ရွံ့လာ၏... ခေါင်းငုံ့ထားကာ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ချေ။

အမတ်များ၏ အကြည့်များက တဖြည်းဖြည်း ဖန်ကျန်းရီထံသို့ စုပုံလာပြီး ကျင်းဘုရင်၏ မျက်မှောင်ကလည်း တဖြည်းဖြည်း ကြုတ်လာသည်။ “ဖန်အမတ် ဘာလို့ စကားမပြောတာလဲ။”

လီယွမ်ကျောက်က ဖန်ကျန်းရီကို စိတ်ဝင်တစား စိုက်ကြည့်နေ၏။ ဤကဗျာကို ဘယ်သူရေးမှန်း မသိသော်လည်း ဖန်ကြီး ရေးတာတော့ သေချာပေါက် မဟုတ်ကြောင်း သူသိ၏။

ဖန်ကြီး လူပုံအလယ်တွင် အရှက်ကွဲနေသည်ကို မြင်ရသောကြောင့် သူ၏စိတ်ထဲတွင် ညီအစ်ကိုများ ကြားရှိသင့်သာ တပါးသူ ဒုက္ခရောက်လျှင် ပျော်ရွှင်သော ခံစားမှုများ ပြည့်နှက်လာသည်။

ဖန်ကျန်းရီက နီရဲနေသော မျက်နှာကို ဖြည်းညင်းစွာ မော့လာပြီး နာကျင်စွာ ပြောလိုက်သည်။ “ကျွန်တော်မျိုး... ရှက်မိပါတယ်။”

အို။

သူ ဤသို့ပြောသည်ကို ကြားချိန်မှာတော့ ကျင်းဘုရင်၏ မျက်နှာက တည်တင်းလာပြီး လူတိုင်း၏ မျက်လုံးများ ကလည်း ထူးဆန်းလာကာ အချင်းချင်း သတင်းစကားများ ဖလှယ်နေကြ၏။

အဓိပ္ပာယ်ကတော့ ဒီခွေးကောင်က ဒီလိုလှပတဲ့ ကဗျာမျိုးကို ရေးနိုင်တယ်ပေါ့။ ခိုးချလာတာ သေချာတယ်။

ဖန်ကျန်းရီက နာကြည်းစွာ ပြောလိုက်သည်။ “ကျွန်တော်မျိုး တောက်ယွမ်ခရိုင်မှာ တာဝန် ထမ်းဆောင်ကတည်းက ပြည်သူတွေအတွက် ကြိုးစားပမ်းစား အလုပ်လုပ်ပေးခဲ့ပါတယ်။ တောင်ပေါ်တက်ပြီး ထင်းခုတ်၊ မြစ်ထဲဆင်းပြီး ရေခပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး ဒီလောက်အာရုံစိုက်နေတာတောင် ပြည်သူတွေရဲ့ ဘဝက ခက်ခဲနေတုန်းပါပဲ။

နောက်ပိုင်းမှာ ကျွန်တော်မျိုး ဆက်ပြီး ကြိုးစားခဲ့လို့ တောက်ယွမ်ခရိုင် ပြည်သူတွေရဲ့ ဘဝကလည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်နေတာတောင် ဘဝကို စိတ်ပျက်နေတဲ့ ပြည်သူတွေ ရှိနေသေးတယ်။ ဒါက ကျွန်တော်မျိုးရဲ့ အမှားပါ။”

အမတ်များအားလုံး ကြောင်အသွားကြ၏။ ကဗျာအကြောင်း ရှင်းပြခိုင်းတာလေ။ ဘာတွေ လာပြောနေတာလဲ။ ကိုယ့်ကိုယ်ကိုယ် လာချီးမွမ်းနေတာလား။

ဖန်ကျန်းရီ၏ မျက်နှာက ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ “ဒါကြောင့် ကျွန်တော်မျိုးက ပိုပြီး ကြိုးစားခဲ့တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကိုတော့ မပြောင်းလဲနိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ကျွန်တော်မျိုး ဖျားသွားပြီး ကုတင်ပေါ်မှာ သုံးရက်သုံးညလောက် လဲနေခဲ့တယ်။ ရေတစ်ပေါက်၊ ထမင်းတစ်လုတ်တောင် မစားနိုင်ခဲ့ဘူး။

အဲဒီသုံးရက်အတွင်း ပြိုကျလုဆဲဆဲ အိမ်ဟောင်းလေးထဲမှာ လဲလျောင်းနေရင်း ကောင်းကင်က ကြယ်တွေကို ကြည့်ပြီး အမှန်တရား တစ်ခုကို ရုတ်တရက် နားလည်သွားခဲ့တယ်။

အဲဒါကတော့ အရာအားလုံးမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာပါပဲ။ လောကမှာရှိတဲ့ ကိစ္စတွေက ဘယ်လိုပဲ လုပ်လုပ် လူတိုင်းကို ကျေနပ်အောင် မလုပ်နိုင်ဘူး။

ဒါကြောင့် အဲဒီနေ့ကစပြီး ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စကလွဲရင် ကျွန်တော်မျိုးရဲ့ ကိုယ်ပိုင်ဘဝမှာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာအောင် အားနည်းချက်တချို့ ချန်ထားဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။

အချိန်ကြာလာတော့... ကျွန်တော်မျိုးလည်း ကဗျာအပြည့်အစုံ မရေးနိုင်တော့ဘဲ တစ်ပိုင်းတစ်စပဲ ရေးနိုင်ပါတော့တယ်။

ဒါကြောင့်လည်း ကျွန်တော်မျိုးက မသန်စွမ်း တစ်ယောက် ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ အစ်ကိုကြီးကော်လိုတော့ မဟုတ်ပါဘူး။ ကျွန်တော်မျိုး မသန်စွမ်းဖြစ်သွားတာက စိတ်ပိုင်းဆိုင်ရာပါ။”

“……..” ကော်ပန်ပန်။

ကျင်းဘုရင်ဘေးတွင် ရပ်နေသော ကော်ထျန်းယန်မှာ မစင်စားလိုက်ရသကဲ့သို့ ခံစားနေရပြီး အကြောင်းပြချက် မရှိဘဲ ထိုးနှက်ခံလိုက်ရသည်။

“စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေလို့သာ ကျွန်တော်မျိုးက စွဲလမ်းမှုတွေကို စွန့်လွှတ်နိုင်ပြီး နေ့တိုင်း စိတ်အားထက်သန်စွာနဲ့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ဆက်လက် အလုပ်လုပ်ပေးနိုင်တာပါ။

ဒါကြောင့် အရှင်မင်းကြီးက ဒီကဗျာက ဘာလို့ တစ်ပိုင်းတစ်စ ဖြစ်နေရတာလဲလို့ မေးရင်... အစကတည်းက ဒီအတိုင်းပဲလို့ ကျွန်တော်မျိုး ဖြေချင်ပါတယ်။”

သောက်ကျိုးနည်း။ ဒီလိုလည်း ရတာပဲလား။

လီယွမ်ကျောက်၏ မျက်လုံးများ ပြူးကျယ်လုမတတ် ဖြစ်သွားပြီး ဖန်ကျန်းရီ၏ လျှောက်ပြောနေသည်များကို ကြားရသောကြောင့် သူ၏ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွား၏။

အမတ်များကလည်း ဤအဓိပ္ပာယ်မရှိသော ရှင်းပြချက်ကို ကြားရသောကြောင့် အထင်သေးစွာ ကြည့်နေကြသည်။

အဓိပ္ပာယ်မရှိတာပဲ။ သရဲကမှ မင်းပြောတာကို ယုံလိမ့်မယ်။ မင်း ဖန်ကျန်းရီက စကားလှည့်ပြောတာကိုပဲ တတ်တယ်။

သို့သော်ငြား ကျင်းဘုရင်ကတော့ ထိုစကားကို ကြားပြီးနောက် စဉ်းစားခန်း ဝင်သွားလေ၏။

တောက်ယွမ်ခရိုင်သို့ သွားရောက်ပြီးတည်းက ဖန်ကျန်းရီ ကဗျာတစ်ပုဒ် အပြည့်အစုံ ရေးခဲ့သည်ကို သူ မမြင်ခဲ့ဖူးပေ။ ထို့ပြင် ထိုကဗျာအားလုံးကလည်း အလွန်အမင်း အံ့ဩစရာကောင်းလှ၏။

တကယ်လို့ ကဗျာတွေကို ဖန်ကျန်းရီ ရေးခဲ့တာ မဟုတ်ဘူးဆိုရင် မဟုတ်ကြောင်း နေရာအနှံ့ ပျံ့နှံ့နေလောက်ပြီ။ ပြီးတော့ ဒီ 'ယွီလင်လင်း' ကဗျာကလည်း တစ်ပိုင်းတစ်စ ဖြစ်နေတာဆိုတော့ ဖန်ကျန်းရီ ပြောတာနဲ့ ကိုက်ညီနေတယ်။

ကျင်းဘုရင်က နဂါးပလ္လင်ပေါ်တွင် ထိုင်ကာ သေချာစဉ်းစားနေချိန်တွင် အောက်ရှိ အမတ်များအားလုံးက ထိတ်လန့်နေကြ၏။

အရှင်မင်းကြီး စဉ်းစားနေပြီ။ အရှင်မင်းကြီး စဉ်းစားနေပြီ။

ဒီလောက် အဓိပ္ပာယ်မရှိတဲ့ ကိစ္စကို အရှင်မင်းကြီးက သေချာစဉ်းစားနေတယ်ပေါ့။ လောကမှာ ဒီထက် ပိုအဓိပ္ပာယ်မရှိတာ ရှိသေးလို့လား။

အချိန်အတော်ကြာပြီးနောက် ကျင်းဘုရင်က တွေဝေစွာဖြင့် ပြောလိုက်သည်။ “ဒီလိုကိုး... ဖန်အမတ်က တကယ်ကို စေတနာကောင်းတာပဲ။”

သောက်ကျိုးနည်း။ တကယ် ယုံသွားတာလား။

လူတိုင်း တိတ်ဆိတ်သွားကြသည်။ လောကကြီး ဘာဖြစ်သွားတာလဲ။ ပြန်ကောင်းနိုင်ပါအုံးမလား။ ဖန်ကျန်းရီ ရောက်လာတည်းက ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။

ကျင်းဘုရင်၏ အသံတွင် သိပ်မယုံကြည်သော အရိပ်အယောင်များ ပါနေသည်ကို မြင်သောကြောင့် ဖန်ကျန်းရီလည်း အကြံရသွားပြီး ဆက်ပြောလိုက်၏။ “အရှင်မင်းကြီး တကယ်တော့ တစ်ပိုင်းတစ်စ ဖြစ်နေတာကလည်း မကောင်းဘူးလို့ မဆိုနိုင်ပါဘူး။

တချို့ကိစ္စတွေက အရမ်းပြည့်စုံနေရင်လည်း ပြည့်စုံတယ်လို့ မခေါ်နိုင်သလို တစ်ပိုင်းတစ်စ ဖြစ်နေရင်လည်း တစ်ပိုင်းတစ်စလို့ မခေါ်နိုင်ပါဘူး။

ကဗျာဆိုတာ လူတစ်ယောက်ချင်းစီရဲ့ ခံစားချက်ပေါ် မူတည်ပြီး ကွာခြားပါတယ်။ အခု ကွက်လပ်နှစ်ကြောင်း ချန်ထားတာက ကဗျာဖတ်တဲ့သူတွေ ကိုယ်ပိုင်ခံစားချက်နဲ့ ဖြည့်စွက်နိုင်အောင်လို့ပါ။ ဒါကို တစ်ပိုင်းတစ်စရဲ့ အလှတရားလို့ ခေါ်ပြီး တစ်နည်းအားဖြင့်တော့ ပြီးပြည့်စုံခြင်းပါပဲ။ မယုံဘူးလား။ အမတ်တို့ ကိုယ်တိုင် စမ်းကြည့်လို့ ရပါတယ်။”

သူပြောသည်ကို ကြားချိန်မှာတော့ အမတ်များက စိတ်ထဲတွင် ကွက်လပ်ဖြည့်ရန် အလိုအလျောက် စဉ်းစားမိသွားကြ၏။

ဟင်။ ဟုတ်သလိုလိုပဲ။

အပိုင်း (၆၈) ခွက်ဆင့်ကစားနည်း

အမတ်များအားလုံး စဉ်းစားနေကြပြီး အလိုအလျောက် ကဗျာဖြည့်စွက်ရန် ကြိုးစားနေကြသည်။ ထို့နောက် သူတို့ကိုယ်တိုင် ရေးထားသည်က အလွန်ကောင်းမွန်သည်ဟု ခံစားလာရ၏။

နောက်ဆုံးနှစ်ကြောင်းကို ဖြည့်စွက်လိုက်ရင် ဒီကဗျာက ငါ့ဟာ ဖြစ်သွားပြီ မဟုတ်ဘူးလား။ တယ်ဟုတ်ပါလား။

ကျင်းဘုရင် ကိုယ်တိုင်ပင် ထိုသို့ ခံစားနေရသည်။

ဘယ်သူမှ သူများလုပ်ထားတာကို ဆက်လုပ်နေရတယ်လို့ မခံစားရဘူး... ဘာပဲဖြစ်ဖြစ် လူ့သဘာဝက ဒီအတိုင်းပဲလေ။

ဖန်ကျန်းရီက အမတ်များ ခေါင်းတစ်ငြိမ့်ငြိမ့် လုပ်နေသည်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

ကျေနပ်နေစဉ်မှာပင် လီယွမ်ကျောက်က လူလည်ကျသောအပြုံးဖြင့် လက်မထောင်ပြနေကြောင်း မြင်လိုက်ရသဖြင့် ဖန်ကျန်းရီက ကျယ်လောင်စွာ ပြုံးပြလိုက်သည်။

သူတို့နှစ်ယောက်ပေါင်းပြီး မကောင်းမှု လုပ်နေသလိုပင်။

အမတ်များလည်း ခေါင်းညိတ်ရတာ အတော်လေး အရှိန်ရလာပြီးနောက် ဖန်ကျန်းရီကို ကြည့်သည့် အကြည့်များက ပြောင်းလဲသွား၏။

ဒီကောင်က တကယ့်ကို ပညာရှိတာပဲ။ လျှောက်ပြောနေတာ မဟုတ်ဘူးပဲ...

ကျင်းဘုရင်၏ မျက်နှာကလည်း လန်းဆန်းနေပြီး သူ၏ ကိုယ်ပိုင် “ကဗျာ” ကို အလွန်ကျေနပ်နေပုံရသည်။

“ဖန်အမတ် ပြောတာ ယုတ္တိရှိတယ်။ တစ်ပိုင်းတစ်စ ဖြစ်နေတာကလည်း တစ်ပိုင်းတစ်စရဲ့ အလှတရား ရှိတာပဲ။ ဒါပေမဲ့... နောက်ဆိုရင် မင်းရဲ့ အပြည့်အစုံ ကဗျာကောင်း တစ်ပုဒ်ကို မြင်ချင်သေးတယ်။”

ဖန်ကျန်းရီ၏ ခေါင်းထဲတွင် အလျင်အမြန် ရှာဖွေလိုက်ရာ ပထမဆုံး ထွက်လာသည်ကတော့ ငန်း၊ ငန်း၊ ငန်း ဆိုသော ကဗျာပင် ဖြစ်သည်... ထို့နောက် ဘာမှမရှိတော့ချေ။

သူက ဟန်လုပ်ရယ်မောကာ ပြန်ဖြေလိုက်၏။ “ကျွန်တော်မျိုး ကြိုးစား... ကြိုးစားပါ့မယ်...”

ထို့နောက် ကျင်းဘုရင်က စားပွဲကို ခပ်ဖွဖွ နှစ်ချက်ခေါက်လိုက်သည်။ “ကဲ အမတ်တို့ အလွတ်သဘော ပြောတာတော့ ဒီလောက်ပဲ ထားကြစို့။ လျှောက်တင်စရာ ရှိတာ လျှောက်တင်ကြ။”

ကျင်းဘုရင်၏ စကားဆုံးသည်နှင့် လူအုပ်ထဲတွင် တိတ်ဆိတ်စွာနေနေသော ကျန်းရှီက ချက်ချင်း ရှေ့သို့ ထွက်လာသည်။ သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါတယ်။ လူအများရှေ့မှာ ပြည်သူတွေကို ရိုက်နှက်ပြီး ရုံးတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ ဖန်ကျန်းရီကို အပြစ်ပေးဖို့ လျှောက်တင်ပါတယ်။

ဖန်ကျန်းရီက လက်ထောက်အရာရှိ တစ်ယောက် ဖြစ်နေရက်နဲ့ ဒီလောက် ယုတ်ညံ့တဲ့ အလုပ်ကို လုပ်တာက အိမ်ရှေ့စံမင်းသားကို သေချာပေါက် ထိခိုက်စေမှာပါ။ ဒါကြောင့် အရှင်မင်းကြီးက သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါလို့ တောင်းဆိုပါတယ်။”

ရောက်နေသူအားလုံး အံ့အားသင့်မသွားကြပေ။ အကြောင်းမှာ 'ယွီလင်လင်း' ကဗျာ နာမည်ကြီးသွားခြင်းအပြင် နောက်ထပ် သတင်းတစ်ခုမှာ ဖန်ကျန်းရီက ကျန်းရှီ၏ သားကို ရိုက်နှက်လိုက်ခြင်း ဖြစ်သည်။

သို့သော်ငြား ကျန်းရှီက ဤအချိန်ကို ရွေးချယ်ကာ ဖန်ကျန်းရီကို ကိုယ်တိုင်ကိုယ်ကျ ထွက်၍ အပြစ်တင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ယခုအချိန်တွင် ဘုရင်မင်းမြတ်က ဖန်ကျန်းရီအပေါ် အမြင်ကြည်လင်နေသည်ကို အားလုံး သိကြ၏... တကယ်ကို ဉာဏ်မရှိတဲ့ လုပ်ရပ်ပဲ။

ကျန်းရှီလည်း တစ်ရက်ကျော်ကြာမှ သတင်းရခဲ့ခြင်းဖြစ်ပြီး ဒေါသတကြီးဖြင့် အခန်းထဲ ဝင်ကာ ကျန်းချန်ကို ထပ်မံရိုက်နှက်ခဲ့သည်။

သူတစ်ပါး၏ အနိုင်ကျင့် စော်ကားမှုကို ခံရခြင်းကား ကြောက်မက်ဖွယ်ရာ ကိစ္စရပ် မဟုတ်ပေ။ သို့သော်ငြား မိမိ၏ သားအရင်းလေး အနိုင်ကျင့် ခံနေရသည်ကိုပင် တစ်ခွန်းတစ်ပါဒမျှ ဝင်ရောက်မပြောဆိုရဲလောက်အောင် သတ္တိနည်းပါးနေခြင်းကိုမူ ကျန်းရှီ တစ်ယောက် လုံးဝ လက်ခံနိုင်စွမ်း မရှိခဲ့ချေ။

ကျန်းချန်က ထပ်မံ အရိုက်ခံရပြီးနောက်မှသာ သူ အရိုက်ခံရကြောင်းကို ထစ်အစွာဖြင့် ဝန်ခံခဲ့၏။

ကျန်းရှီက သူ့ကို ရိုက်နှက်လိုက်သော်လည်း စိတ်ထဲတွင် နာကျင်နေပြီး ကိုယ့်သားလေးက ဤမျှ ကြောက်တတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထို့ကြောင့် ဖန်ကျန်းရီကို အပြစ်တင်ဖို့ အချိန်အခါကောင်း မဟုတ်ဘူးဆိုလျှင်တောင်မှ သူ ထွက်မလာ၍ မရတော့ချေ။

ကျင်းဘုရင်က သိသိကြီးဖြင့် မေးလိုက်သည်။ “ဖန်ကျန်းရီက သူများကို ရိုက်တယ်ဟုတ်လား။ အဲဒီလူက ဘယ်သူလဲ။ ဘယ်အချိန်၊ ဘယ်နေရာမှာလဲ။ သက်သေရှိလား။”

“အရှင်မင်းကြီး ရှက်စရာကောင်းပေမဲ့ ဖန်ကျန်းရီ ရိုက်နှက်ခဲ့တဲ့သူက... ကျွန်တော်မျိုးရဲ့ သား ကျန်းချန်ပါ။ လွန်ခဲ့တဲ့ နှစ်ရက်က ချွီဇော့ကန်က လှေတစ်စင်းပေါ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီအချိန်က ကျွန်တော်မျိုးရဲ့ သားက ကဗျာရွတ်ပွဲ တစ်ခုကို တက်ရောက်နေတာပါ။ အဲဒီက ပညာတတ်တွေ အားလုံးက သက်သေပြနိုင်ပါတယ်။”

ပြောပြီးနောက် ကျန်းရှီက ဖန်ကျန်းရီကို ဒေါသတကြီး ကြည့်လိုက်၏။

ဖန်ကျန်းရီကတော့ ဘာမှမဖြစ်သလို မျက်နှာဖြင့် ပခုံးတွန့်ပြလိုက်သည်။

ကျင်းဘုရင်က ဖန်ကျန်းရီဘက်သို့ လှည့်ကာ မေးလိုက်၏။ “ဖန်ကျန်းရီ။ ….အဲဒီလို တကယ်ဖြစ်ခဲ့တာလား။”

ဖန်ကျန်းရီက ရှေ့သို့ တစ်လှမ်းထွက်လာသည်။ “ကျွန်တော်မျိုး လွန်ခဲ့တဲ့ နှစ်ရက်က ကဗျာရွတ်ပွဲ တစ်ခုကို တက်ရောက်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အမတ်ကြီးကျန်းရဲ့ သားကို မရိုက်ခဲ့ပါဘူး။ စကားနည်းနည်း များရုံပါပဲ။”

“အမတ်ကြီးကျန်း... ခင်ဗျား ကျုပ်ကို ချောက်ချနေတာပဲ။”

ထိုစကားကို ကြားချိန်မှာတော့ ကျန်းရှီက ဒေါသတကြီး ပြောလိုက်၏။ “ငါက မင်းကို ချောက်ချတယ်ဟုတ်လား။ မင်းက အဲဒီလောက် အရေးကြီးလို့လား။”

သူ၏စကားဆုံးသည်နှင့် ဖန်ကျန်းရီက ချက်ချင်း လှည့်ကာ တိုင်လိုက်သည်။ “အရှင်မင်းကြီး။ ရုံးတော်က အရာရှိကို လူအများရှေ့မှာ စော်ကားတဲ့ ဘဏ္ဍာရေးအမတ် ကျန်းရှီကို အပြစ်ပေးဖို့ လျှောက်တင်ပါတယ်။”

“ဖန်ကျန်းရီ မင်း အရှက်မရှိတဲ့ကောင်။” ကျန်းရှီသည် ဖန်ကျန်းရီက စည်းမျဉ်းစည်းကမ်း လုံးဝ မလိုက်နာဘဲ ကစားကွက်အတိုင်း မကစားဘဲ နေလိမ့်မည်ဟု မထင်ထားသောကြောင့် ဒေါသပိုထွက်သွား၏။

“အာ’ …. အားလုံးပဲ ကြားကြတယ်မလား။ သူ ကျုပ် ကို အရှက်မရှိဘူးလို့ ဆဲတယ်။ သက်သေတွေ အကုန်လုံး ရှိတယ်။ ကျန်းရှီ ခင်ဗျား ဘာပြောစရာ ရှိသေးလဲ။”

ထိုအချိန်မှာပဲ လူအုပ်ထဲမှ ရယ်သံများ ထွက်ပေါ်လာ၏။

ကျင်းဘုရင်က ချက်ချင်း ဟန့်တားလိုက်သည်။ “ဖန်ကျန်းရီ … ပြဿနာ မရှာနဲ့။”

“ကျန်းရှီ ကိုယ်တော် မင်းကို မေးမယ်။ သက်သေရှိလား။”

ကျန်းရှီက သေချာ ပြင်ဆင်ပြီးမှ လာခြင်း ဖြစ်သည်။ “အရှင်မင်းကြီး သားဖြစ်သူနဲ့ သက်သေတွေ အားလုံး ရှိပါတယ်။ နန်းတော်ပြင်ပမှာ အရှင်မင်းကြီး ခေါ်တာကို စောင့်နေကြပါတယ်။”

“ကောင်းပြီ။ ခေါ်လာခဲ့။”

အမတ်များအားလုံး ထပ်မံ အံ့အားသင့်သွားကြသည်။ ဘဏ္ဍာရေးအမတ် ကျန်းရှီက ဤမျှ ဒေါသ ထွက်နေသည်လား။

ဤနေရာက ညီလာခံ မဟုတ်ပါလား။ အဘယ်ကြောင့် တရားခွင်အဖြစ်သို့ ပြောင်းလဲသွားရသနည်း။ ဤသို့ ပြုလုပ်ခြင်းက စည်းမျဉ်းကို ချိုးဖောက်ရာကျပေသည်... ထို့အပြင် ဤကိစ္စမှာ သာမန် ခိုက်ရန်ဖြစ်ပွားမှုငယ်လေး တစ်ခုမျှသာ ဖြစ်သည်။

အရှင်မင်းကြီးကလည်း ခွင့်ပြုထားတယ်ဆိုတော့... ကြည့်ရတာ ဒီနေ့ ကြည့်စရာ ပွဲရှိပြီပဲ။

မကြာမီမှာပဲ ကျန်းချန်နှင့် ပညာတတ်ပုံပေါက်သော လူတစ်ယောက်ကို ရုံးတော်သို့ အတူတူ ခေါ်လာခဲ့ကြ၏။

သူတို့နှစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်လိုက်ကြ၏။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ပထမဆုံး အကြိမ် မြင်ဖူးခြင်းဖြစ်ကြောင်း သိသာလှသည်။

ကျင်းဘုရင်က ကျန်းချန်ကို မသိသောကြောင့် သူတို့နှစ်ယောက်ကို တိုက်ရိုက် မေးလိုက်သည်။ “သက်သေ မင်းက ဘယ်သူလဲ။ ဖန်ကျန်းရီက လွန်ခဲ့တဲ့ နှစ်ရက်က လူတစ်ယောက်ကို ရိုက်ခဲ့တာ သေချာလား။”

ပညာတတ်က တုန်ယင်သော အသံဖြင့် ဖြေလိုက်၏။ “ကျွန်တော်မျိုးက ကဗျာရွတ်ပွဲကို ဖိတ်ကြားခံရတဲ့သူပါ... လွန်ခဲ့တဲ့နှစ်ရက်က မြို့ဝန်ဖန် သခင်လေးကျန်းကို ရိုက်နှက်နေတာကို ကိုယ်တိုင် မြင်ခဲ့ရပါတယ်။ အဲဒီအချိန်က လူသုံးယောက် ရှိပါတယ်။ သခင်လေးကျန်းကို စားပွဲအောက်မှာ ဖိထားပြီး... သူတို့သုံးယောက်က စားပွဲပေါ်မှာ ခုန်နေကြတာပါ။”

“ဖန်ကျန်းရီ ဒါတကယ်လား။”

ဖန်ကျန်းရီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “အရှင်မင်းကြီး ဒါတွေအကုန်လုံး လိမ်နေတာပါ။ ကျွန်တော်မျိုးက အဲဒီနေ့က သခင်လေးကျန်းနဲ့ ရန်မဖြစ်ခဲ့ပါဘူး။ ဒီလူက အရက်မူးပြီး မြင်ချင်ရာမြင်ခဲ့တာ ဖြစ်မယ်။

တကယ်လို့ သုံးယောက်က တစ်ယောက်ကို ဝိုင်းရိုက်မယ်ဆိုရင် စားပွဲအောက်မှာ ဖိထားဖို့ ဘာလို့ လိုသေးလဲ။ ပြီးတော့ ဒီလို ရိုက်နှက်တဲ့ နည်းလမ်းက အရမ်း ကလေးဆန်လွန်းတယ်။ ကျွန်တော်မျိုးက ဒီလိုနည်းလမ်းမျိုး သုံးမှာ မဟုတ်ပါဘူး။

အဲဒီညက သခင်လေးကျန်းရဲ့ နေရာက ကျွန်တော်မျိုးနဲ့ သိပ်မဝေးပါဘူး။ သခင်လေးကျန်းက တခြားလူတစ်ယောက်နဲ့ ခွက်ဆင့်ကစားနည်း ကစားနေတာကို ကျွန်တော်မျိုး သေချာမြင်ခဲ့ပါတယ်။ အရက်မူးပြီးတော့ ကျွန်တော်တို့ နှစ်ယောက် စကားနည်းနည်း များခဲ့ရုံပါပဲ။ ဒါပါပဲ။”

ကျင်းဘုရင်က နားမလည်စွာဖြင့် မေးလိုက်သည်။ “ခွက်ဆင့်ကစားနည်းဆိုတာ ဘာလဲ။”

ကျန်းချန်က ခွက်ဆင့်ကစားနည်း ဆိုသည့် စကားလုံးကို ကြားချိန်မှာတော့ တစ်ကိုယ်လုံး တုန်ရီသွား၏။ ကျန်းရှီကတော့ သားဖြစ်သူက ပွဲကြီးပွဲကောင်းကို ကြောက်နေသည်ဟု ထင်ကာ ဖင်ကို တိတ်တဆိတ် ထပ်ကန် လိုက်၏။

“ခွက်ဆင့်ကစားနည်း ဆိုတာ ကစားနည်း တစ်မျိုးပါ။ လူနှစ်ယောက် ကစားတာပါ။ အရက်သောက်ရင်း ခွက်တွေကို တစ်ခုပေါ်တစ်ခု ဆင့်ပြီး ဘယ်သူပိုမြင့်အောင် ဆင့်နိုင်လဲ ပြိုင်တာပါ။” ဖန်ကျန်းရီက ကစားနည်းကို ချက်ချင်း ဖန်တီးလိုက်၏။

ကျင်းဘုရင်က ကျန်းချန်ကို ကြည့်လိုက်ရာ ကြောက်လန့်တကြား ဖြစ်နေကြောင်း မြင်သောကြောင့် မျက်မှောင် ထပ်မံ ကြုတ်လိုက်ပြန်သည်။

ကျန်းရှီသည် ဒုတိယအဆင့် အရာရှိကြီး တစ်ယောက် ဖြစ်သော်လည်း သားဖြစ်သူက ဤမျှ အသုံးမကျသည်ကို ကြည့်ကာ အသံအနည်းငယ် မြှင့်၍ ပြောလိုက်၏။ “ကျန်းချန်။ အဲဒီနေ့က ဖြစ်ခဲ့တာတွေကို အစအဆုံး ပြန်ပြောပြစမ်း။ ဖန်ကျန်းရီက မင်းကို တကယ် အနိုင်ကျင့်ခဲ့တယ်ဆိုရင် ကိုယ်တော် ကိုယ်တိုင် လူလွှတ်ပြီး စုံစမ်းခိုင်းမယ်။ မင်းကို တရားမျှတမှု ပြန်ပေးမယ်။”

ယခုအချိန်တွင် ကျန်းချန်၏ စိတ်နှလုံးများ ကြေကွဲနေပြီ ဖြစ်သည်။ ဖခင်ဖြစ်သူ၏ အတင်းအကျပ် ဆွဲခေါ်မှုကြောင့် နန်းတော်ထဲသို့ ရောက်လာခဲ့ရသည်။

အခုဆိုရင် သူက မီးကင်ခံနေရသလို ဖြစ်နေပြီ။ တစ်ဖက်က ဖခင်အရင်း ဖြစ်ပြီး နောက်တစ်ဖက်က သူ့ရဲ့ ဂုဏ်သိက္ခာ။ ဘယ်ဟာကို ရွေးရမလဲ။

တကယ်လို့ အရိုက်ခံရတာကို ဝန်မခံဘူးဆိုရင် အဖေ့ရဲ့ ဂုဏ်သိက္ခာက ပျက်စီးသွားမှာ မဟုတ်ဘူးလား။

တကယ်လို့ ဝန်ခံလိုက်ရင်ရော သူ လူ ဘယ်လို လုပ်ရတော့မလဲ။ သူ လူမလုပ်ရတော့ရင် အဖေလည်း သိက္ခာကျမှာပဲ။

အကြိမ်ကြိမ် စဉ်းစားပြီးနောက် ကျန်းချန်က ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ “အရှင်မင်းကြီး ကျွန်တော်မျိုးက အဲဒီနေ့က တကယ်ပဲ... ခွက်... ခွက်ဆင့်ကစားနည်း ကစားနေတာပါ။ ဖန်ကျန်းရီက ကျွန်တော်မျိုးကို မရိုက်ခဲ့ပါဘူး။”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် အရိုးများကို ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေ သွား၏။

ကျန်းရှီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျန်းချန်ကို လက်ညှိုးထိုးကာ တုန်ယင်နေသည်။ သူ၏ နားကိုပင် သူ မယုံနိုင်အောင် ဖြစ်နေ၏။

အပြင်မှာ သတင်းတွေ အကုန် ပျံ့နေတာတောင်... ဒီအသုံးမကျတဲ့ကောင်က ဝန်မခံရဲဘူးပေါ့။

မဟုတ်ဘူး... မဟုတ်ဘူး။

ရုတ်တရက် ကျန်းရှီ၏ နီရဲနေသော မျက်လုံးများက ဖန်ကျန်းရီကို စူးစိုက်ကြည့်လိုက်သည်။

သူက သားဖြစ်သူရဲ့ အားနည်းချက်ကို ကိုင်ထားလို့သာ ဒီလိုဖြစ်ရတာ သေချာတယ်။ တခြား အကြောင်းပြချက် မရှိနိုင်ဘူး...

ဖန်ကျန်းရီကတော့ တည်ငြိမ်အေးဆေးစွာဖြင့် ဘာမှမဖြစ်သလို နေနေပြီး တုန်ရီနေသော ပညာတတ်ကိုသာ တစ်ချက်တစ်ချက် လှမ်းကြည့်နေ၏။

နန်းရင်ပြင်ပေါ်တွင် ထိုင်နေသော လီယွမ်ကျောက်ကမူ ပါးစပ်ပြဲလုမတတ် ပြုံးနေမိသည်။

ကျင်းဘုရင်က လူတိုင်း၏ မျက်နှာထားများကို အကဲခတ်ပြီးနောက် မေးလိုက်၏။ “အမတ်ကြီးကျန်း … နစ်နာသူ ကိုယ်တိုင်က ငြင်းနေမှတော့ မင်း ပြောစရာ ရှိသေးလား။”

“ကျွန်တော်မျိုး... ဘာမှ ပြောစရာမရှိတော့ပါဘူး။ အရှင်မင်းကြီး အပြစ်ပေးပါ။” ထိုအခိုက်အတန့်တွင် ကျန်းရှီသည် ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ထဲတွင် လုံးဝ ပြိုလဲသွားသည်။

အသုံးမကျတဲ့သား။

“ကောင်းပြီ။ အမတ်ကို အကြောင်းပြချက် မရှိဘဲ စွပ်စွဲတာ...”

“အရှင်မင်းကြီး ကျွန်တော်မျိုး ပြောစရာ ရှိပါတယ်။” ဖန်ကျန်းရီက ကျင်းဘုရင်ကို ဖြတ်ပြောလိုက်သည်။

“ဖန်အမတ် ပြောပါ။”

“ဒီကိစ္စမှာ ကျွန်တော်မျိုးက နစ်နာသူ ဖြစ်နေမှတော့ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ကိစ္စ သေးသေးလေးပဲလေ။ ကျွန်တော်မျိုး ဂရုမစိုက်ပါဘူး။”

“အမ် …. တကယ်ပြောတာလား။” ကျင်းဘုရင်က အံ့ဩသွားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒါက ဖန်ကျန်းရီရဲ့ ပုံစံ မဟုတ်ဘူးလေ။ မင်းက ကလဲ့စားချေတတ်တဲ့သူ မဟုတ်ဘူးလား။

နန်းရင်ပြင်ပေါ်ရှိ အမတ်များနှင့် ကျန်းရှီ ကိုယ်တိုင်ပင် အလွန်အမင်း အံ့အားသင့်သွားကြ၏။ ဤဖန်ကျန်းရီ အဘယ့်ကြောင့် စိတ်ပြောင်းသွားရသနည်း။

ဖန်ကျန်းရီက ရိုးသားစွာ ပြောလိုက်သည်။ “ကျွန်တော်မျိုး တကယ် ပြောတာပါ။ ဘာပဲဖြစ်ဖြစ် မြို့တော်ကို ရောက်တည်းက လူတွေရဲ့ အမုန်းကို ခံနေရတာပဲ။ အခု အသားကျနေပါပြီ... အသားကျနေပါပြီ...”

ထိုစကားကို ကြားချိန်မှာတော့ အတော်များများ၏ စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။

ဒီဖန်ကျန်းရီကလည်း လူကောင်းတစ်ယောက်ပဲ။ မထင်ထားခဲ့ဘူး။

ပညာတတ်က ဖန်ကျန်းရီကို တုန်ယင်စွာ ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ကျေးဇူးတင်မှုများ ဖြစ်ပေါ်လာသည်။

ကျင်းဘုရင်က သက်ပြင်းချလိုက်၏။ “ကောင်းပြီလေ။ ဖန်အမတ်က ဒီလောက် သဘောထားကြီးမှတော့... ကိုယ်တော်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်။ ဒီနှစ်ယောက်ကို နန်းတော်ပြင်ကို ခေါ်သွားလိုက်။ တခြား ပြစ်ဒဏ် မပေးတော့ဘူး။”

“ဒီကိစ္စ ပြီးသွားပြီ။ ထပ်မပြောကြနဲ့တော့။”

All Chapters