အခန်း (၂၇၀-၂၇၁)
Vol. 16 Ch. 270-271
အပိုင်း (၂၇၀) နောက်ဆို အတွင်းခံဘောင်းဘီ မဝတ်နဲ့တော့။
တောက်ယွမ်ခရိုင်မှ လူများအားလုံး ကိုယ့်အိမ်ကိုယ် အသီးသီး ပြန်သွားကြ၏။
ဖန်ကျန်းရီသည် အကြောင်းပြချက် တစ်ခုရှာကာ အိမ်ရှေ့စံကို စိတ်ကြိုက် လည်ပတ်ကစားရန် လွှတ်ထားလိုက်သည်။
ခရိုင်အတွင်း လုံခြုံရေးအတွက်မူ ပူစရာမလိုချေ။ နေရာတိုင်းတွင် သူ၏ ထောက်လှမ်းရေးများ ရှိနေသောကြောင့် ပြဿနာ တစ်စုံတစ်ရာ ရှိလာမည် မဟုတ်ပေ။ သူကမူ ရုံးတော်သို့ ချက်ချင်း ပြန်လာခဲ့သည်။
အချိန်အတော်ကြာ မပြန်ဖြစ်ခဲ့သောကြောင့် ခရိုင်အတွင်း မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူ မသိပေ။ ကံကောင်းသည်မှာ ရုံးတော်ထဲတွင် အောက်ချန် ရှိနေ၏။ သူက ဖန်ကျန်းရီကို မြင်သည်နှင့် ဝမ်းသာအားရ ပြောလိုက်၏။
"သခင်လေး... ပြန်ရောက်လာပြီလား။"
ဖန်ကျန်းရီက သူ့နေရာတွင် ဝင်ထိုင်လိုက်သည်။
"လောလောဆယ် ခရိုင်ထဲမှာ ဘယ်လိုနေလဲ။ ထူးခြားတဲ့ အခြေအနေတွေ ရှိလား။"
အောက်ချန်က ချက်ချင်း သတိဝင်သွားပြီး ပြောလိုက်၏။
"ရှိတယ်။ ကြီးမားတဲ့ ကိစ္စတစ်ခု ရှိတယ်။ သခင်လေး… ဝူမင်းသားအိမ်တော်ကို လွှတ်လိုက်တဲ့ ထောက်လှမ်းရေး နှစ်ယောက်ထဲက တစ်ယောက် ဖမ်းမိသွားတယ်။ ကျွန်တော်တို့ ခရိုင်ကဆိုတာကိုလည်း သူတို့ သိသွားကြပြီ။"
ဖန်ကျန်းရီက ချက်ချင်း သတိထားလိုက်မိသည်။ "ဘယ်သူလဲ။ အဲဒီလူကို ခေါ်ခဲ့။"
တောက်ယွမ်ခရိုင်ရုံးတော်မှ လူများသည် အတော်ဆုံးထဲမှ အတော်ဆုံးများ ဖြစ်ကြသည်။ ဤမျှ လွယ်လွယ်ကူကူနှင့် မည်သို့ ဖမ်းမိသွားရသနည်း။
မကြာမီတွင် ကန့်အန်း ရောက်လာခဲ့၏။ သူ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး သတင်းရသည်နှင့် ကမန်းကတန်း ပြေးလာခဲ့ပုံရသည်။ ရုံးတော်သို့ ရောက်သည်နှင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုကြွေးတော့သည်။
"သခင်လေး... ကျုပ် သခင်လေး မျက်နှာကို အိုးမဲသုတ်မိပြီ။"
ဖန်ကျန်းရီက မျက်မှောင်ကြုတ်လိုက်၏။
"ကန့်အန်း... ပြောစမ်း။ ဘယ်လိုလုပ် ဖမ်းမိသွားတာလဲ။ ဝူမင်းသား အိမ်တော်က အခြေအနေ ဘယ်လိုရှိလဲ။"
ကန့်အန်းသည် မြေပြင်ပေါ်တွင် ဝပ်တွားနေဆဲ ဖြစ်ပြီး ထရန် မစဉ်းစားတော့ပေ။
"သခင်လေး... ကျုပ် မှားသွားပါပြီ။ ဘာမှ စုံစမ်းလို့ မရခဲ့ဘူး။ မင်းသားအိမ်တော်က ဥယျာဉ်မှူး ခေါ်နေတာနဲ့ ကျုပ်က ဖုန်းယားနဲ့အတူ ဝင်သွားခဲ့တာ။ ဖုန်းယားကတော့ ဘာမှမဖြစ်ပါဘူး။"
"နေဦး။ ဖုန်းယား ဟုတ်လား။ သူက ခင်ဗျားနဲ့ ဘယ်လိုလုပ် အတူသွားရတာလဲ။"
ဖန်ကျန်းရီက ဇဝေဇဝါ ဖြစ်သွားမိသည်။
ဖုန်းယားသည် တောက်ယွမ်ခရိုင် လောင်းကစားရုံမှ ဒိုင်လူကြီး တစ်ယောက် ဖြစ်၏။ အပြင်ပန်းတွင် ဒိုင်လူကြီးဟု ဆိုသော်လည်း လက်တွေ့တွင်မူ ဖန်ကျန်းရီအတွက် လောင်းကစားရုံကို စီမံပေးနေသူ ဖြစ်သည်။ ဟန်ကျန်း ပြည်နယ်တွင် ရှိစဉ်က သူသည် နာမည်ကြီး လောင်းကစားဘုရင် တစ်ဦး ဖြစ်ပြီး ဖဲကစားရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်၏။ အရေးအကြီးဆုံးမှာ စိတ်ထား ကောင်းမွန်ပြီး မိဘမဲ့ ကလေးများကို တိတ်တဆိတ် ကူညီ ထောက်ပံ့ပေးတတ်သူ ဖြစ်၏။
နောက်ပိုင်းတွင် ဖန်ကျန်းရီ၏ နာမည်ကို ကြားပြီး ကိုယ်တိုင် လာရောက် ဆက်သွယ်ခဲ့သူ ဖြစ်ကာ သူတို့နှစ်ဦးမှာ အတော်လေး ရင်းနှီးကြသည်။ ဖန်ကျန်းရီက ဖဲထုပ်ကို တီထွင်ပြလိုက်ချိန်မှာတော့ ဖုန်းယားမှာ လုံးဝ အရှုံးပေးသွားခဲ့ရသည်။ ထို့နောက် သူက လောင်းကစားရုံကို ဆက်လက် စီမံပေးနေခဲ့သည်။
အောက်ချန်က ဝင်ပြောလိုက်၏။ "သခင်လေး... ဖုန်းယားက ရုံးတော်ကို လာတုန်း ဒီသတင်းကို ကြားသွားတာ။ သူကလည်း စိတ်လှုပ်ရှားစရာ ကောင်းတယ်ဆိုပြီး လိုက်သွားချင်တယ်လို့ အတင်းပူဆာနေတာနဲ့ ကျုပ်လည်း သူ့ကို လွှတ်လိုက်တာ။"
ဖန်ကျန်းရီက ခေါင်းကုတ်လိုက်၏။ "ထားလိုက်တော့။ ခင်ဗျား ထပြီး ဆက်ပြောစမ်း။ ဘယ်လိုလုပ် ဖမ်းမိသွားတာလဲ ဆိုတာ အစကနေ ပြန်ပြောပြ။"
ကန့်အန်းက ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"တကယ်တော့ ဝူမင်းသားအိမ်တော်က တော်တော် ထူးဆန်းတယ်။ ဥယျာဉ်မှူး အလုပ်အတွက်ကို စာမေးပွဲ စစ်တယ်။ လူတိုင်းကို စာရွက်တစ်ရွက်စီပေးပြီး မေးခွန်းတွေ ဖြေခိုင်းတယ်။ ပန်းမန်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပါ။ ဒါပေမဲ့ စာရွက်ပေါ်မှာ အဖြေရေးတဲ့သူ အကုန်လုံးကို အလုပ်မခန့်ဘူး။
ဖုန်းယားက အကဲခတ်မိလို့ ကျုပ်ကို သတိပေးလိုက်တာကြောင့် သီသီလေး လွတ်သွားတာ။ ဝင်သွားပြီးတဲ့ နောက်မှာတော့ ထူးထူးခြားခြား ဘာမှ မရှိပါဘူး။ နေ့တိုင်း ခြံထဲမှာ ပန်းပင်တွေ သစ်ပင်တွေပဲ ပြုစုနေရတာ။ ထူးခြားတာ ဘာမှ မရှိဘူး။
ကျုပ် ဘယ်လို အသိအမှတ်ပြုခံလိုက်ရလဲ ဆိုတာကိုတော့ မသိဘူး။ ကျုပ် ဝူမင်းသားနဲ့ ဆုံတော့... ကျုပ်တို့ နှစ်ယောက် မျက်လုံးချင်း ဆုံသွားတယ်။ အဲဒီအခါမှာ ကျုပ်ကို ပုံစံမမှန်ဘူးဆိုပြီး ပြောတယ်။ အဲဒီအချိန်မှာ သူ့ဘေးက သက်တော်စောင့်က ကျုပ်ကို ကန်ချလိုက်တာပဲ။
အရမ်းမြန်တယ်။ အဲဒီ ကန်ချက်က အရမ်းမြန်လွန်းလို့ ကျုပ် ဘာမှတောင် မတုံ့ပြန်နိုင်လိုက်ဘူး။ သတိရလာတော့ ထောင်ထဲ ရောက်နေပြီ။”
မျက်လုံးအကြည့်ကို မြင်ရုံမျှဖြင့် အတွင်းလူမှန်း သိနိုင်သည်တဲ့လား။ ဤဝူးမင်းသားက စိတ်ဖတ်နိုင်စွမ်းများ ရှိနေသလား။
ဖန်ကျန်းရီသည် ကန်အန်း၏ အရှေ့သို့ လျှောက်သွားကာ သူ၏ မျက်လုံးများကို သေချာစွာ စိုက်ကြည့်လိုက်၏။
ကန်အန်းမှာ သူ၏ အကြည့်ကြောင့် အနည်းငယ် ကြက်သီးထသွားပြီး ဖန်ကျန်းရီကို ပြန်ကြည့်ကာ အလောတကြီး မေးလိုက်သည်။ “သခင်လေး... ဘာဖြစ်လို့လဲ။”
သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသွားချိန်တွင်မူ ဖန်ကျန်းရီ ချက်ချင်း သဘောပေါက်သွားတော့၏။
“ဒီလိုကိုး။”
အောက်ချန်က အလျင်အမြန် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ သခင်လေး။ ကန်အန်းရဲ့ မျက်လုံးထဲမှာ တစ်ခုခုများ ရှိနေလို့လား။”
ဖန်ကျန်းရီ တိုးတိတ်စွာ ရယ်မောလိုက်ပြီး အရာအားလုံးကို အပြည့်အဝ နားလည်သွားခဲ့၏။
ကန်အန်းသည် သူ့အား ကြည့်ရာတွင် အကြည့်လွှဲဖယ်သွားခြင်း မရှိဘဲ တိုက်ရိုက် ရဲရဲဝံ့ဝံ့ စိုက်ကြည့်ရဲသည်။
တောက်ယွမ်ခရိုင်သည် နေထိုင်စားသောက်မှု ပေါကြွယ်ဝပြီး အရာရှိများကလည်း ပြည်သူများကို အနှောင့်အယှက် မပေးသောကြောင့် ပြည်သူအများစုမှာ ဤသို့ပင် ဖြစ်ကြ၏။
သူသည် ဘေးဒုက္ခကြုံတွေ့ခဲ့ရသော ဒေသမှ ယခုလေးတင် ပြန်ရောက်လာခြင်း ဖြစ်သည်။ ထိုဒေသရှိ ပြည်သူများသည် သူ့အပေါ် ယုံကြည်မှု ရှိကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား တိုက်ရိုက် စိုက်ကြည့်ရဲခြင်း မရှိကြပေ။
မြို့တော်မှ ပြည်သူများသည်ပင် သာမန် အရာရှိများကို တွေ့လျှင် ရှောင်ဖယ်သွားတတ်ကြသည်။
ထို့ထက်ပို၍ ဥယျာဉ်မှူး တစ်ယောက်က မင်းသား တစ်ပါးကို တွေ့ချိန်တွင် ဆိုလျှင်မူ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
သူ ဘေးဒုက္ခကြုံတွေ့ရသော ဒေသမှ ပြန်ရောက်ခါစတွင် ကန်အန်း၏ မျက်လုံးများကို မြင်လိုက်ရချိန်၌ ထိုကွာခြားချက်က သိသိသာသာကို ထင်ရှားနေပြီး တစ်ချက်ကြည့်ရုံဖြင့် ကွာခြားချက်ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်လေသည်။
ဤဝူးမင်းသားက ဤမျှအထိ စိတ်သဘောထား သိမ်မွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ အတော်လေး အရည်အချင်း ရှိပုံရသည်။
“ဆက်ပြော။”
“ကျုပ် အဖမ်းခံရပြီးတဲ့နောက်မှာ အချုပ်ခန်းထဲမှာ အပိတ်ခံလိုက်ရပြီး ကြက်ခြေခတ်တိုင်မှာ ချည်နှောင်ခံ ထားရတယ်။ အစပိုင်းမှာတော့ လူတချို့ လာပြီး ရိုးရိုးရှင်းရှင်း နှစ်ကြိမ်လောက် စစ်ဆေးမေးမြန်းသေးတယ်။ ကျုပ်လည်း အတုလုပ်ထားတဲ့ သက်သေခံ အထောက်အထားကို သုံးပြီး သူတို့ ပြောတဲ့အတိုင်း လိုက်ပြောနေခဲ့တာပေါ့။
သူတို့လည်း ဘာမှ ထူးထူးခြားခြား မေးမရခဲ့သလို ဘယ်သူကမှလည်း နှိပ်စက်တာမျိုး မလုပ်ခဲ့ပါဘူး။
အဲဒီနောက်မှာတော့ လူတွေ ထွက်သွားကြပြီး ကျုပ်ကို အချုပ်ခန်းထဲမှာ ပိတ်ထားခဲ့ကြတယ်။ ကျုပ်ကိုတောင် မေ့သွားကြတဲ့ ပုံစံမျိုးပါပဲ။
အဲဒီ အချုပ်ခန်းက တကယ်ကို လူကို နှိပ်စက်တာပါပဲ။ ကျုပ်တို့ လေ့ကျင့်ရေးဆင်းတုန်းက သုံးတဲ့ အခန်းမဲလေးနဲ့ အတော်လေး ဆင်တူတယ်။ နေ့တိုင်း အချိန်မှန် အစားအသောက်လေး နည်းနည်း လာပို့ပေးတဲ့ လူပဲ ရှိတယ်။
ကျုပ်လည်း အချိန်တွေကို ဆက်တိုက် ရေတွက်နေခဲ့တာ သုံးရက်လောက် ကြာမှ ကျုပ်ကို စစ်ဆေးဖို့ လူပြန်ဝင် လာတယ်။”
ဖန်ကျန်းရီ မေးစေ့ကို ပွတ်ကာ သေချာစွာ စဉ်းစားခန်း ဝင်နေ၏။
တယ်တော်တဲ့ လူတွေပဲ။ စိတ်ဓာတ်စစ်ဆင်ရေးကို သုံးပြီး လူကို အခန်းထဲ ပိတ်လှောင်ထားတာကိုး။
ကံကောင်းသည်က သူ၏ လူများအားလုံးမှာ လေ့ကျင့်မှု ခံယူထားပြီးသားသူများ ဖြစ်နေခြင်းပင်။ အစောပိုင်းက ထိပ်တန်း အတော်ဆုံးသူများ ဖြစ်လာစေရန် ခရိုင်ရုံးတော်ရှိ လူများကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုပေးခဲ့ရသည်။
စစ်ပွဲကာလအတွင်းကလည်း ရုပ်မြင်သံကြားမှ မြင်တွေ့ခဲ့ရသော အထူးတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်နည်းများကို အသုံးပြု၍ သူတို့ကို မနည်းမနော လေ့ကျင့်သင်ကြားပေးခဲ့သေး၏။
ဤနေရာတွင် အသုံးဝင်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ဖန်ကျန်းရီ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း မိမိ လျစ်လျူရှုမိသွားသော ပြဿနာ တစ်ခုခု ရှိနေသကဲ့သို့ ခံစားနေရ၏။
ရုတ်တရက် နဖူးကို ရိုက်လိုက်ကာ မေးလိုက်သည်။ “သူတို့က ခင်ဗျားကို သုံးရက်တိတိ ချည်ထားတာ၊ အိမ်သာသွားဖို့ရော ဖြုတ်မပေးဘူးလား။”
“ဘယ်သူမှ လာမကြည့်ပါဘူး။ ကျုပ် ဘောင်းဘီထဲမှာပဲ ပါချလိုက်ရတာ။”
“ကောင်းပြီ။ ဆက်ပြောအုံး။”
ကန်အန်း၏ မျက်နှာသည် ရုတ်တရက် ဝက်အသည်းရောင်ကဲ့သို့ နီရဲသွားကာ ပြောလိုက်၏။ “သုံးရက်အကြာမှာ ကျုပ်ကို စစ်ဆေးဖို့ လူရောက်လာတယ်။ သူတို့က ရွံသွားလို့လား မသိဘူး၊ ကျုပ်ရဲ့ အဝတ်အစားတွေကို အကုန်ချွတ်ခိုင်းပြီး ရေနဲ့ ပက်ကြတယ်။
အဲဒီမှာတင် ကျုပ် အဝတ်တွေ ချွတ်ခံလိုက်ရတာ... သူတို့က...”
ဖန်ကျန်းရီ အလိုအလျောက် စိတ်လှုပ်ရှားသွားတော့သည်။ “ဘာဖြစ်လို့လဲ။ သူတို့ ဘာတွေ့သွားလို့လဲ။”
ကန်အန်း မျက်နှာကို အုပ်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “ကျုပ်... ခရိုင်ကနေ မထွက်လာခင် ခရိုင်ထဲမှာ အသစ်ထွက်တဲ့ အတွင်းခံဘောင်းဘီ အသစ် နှစ်ထည်သုံးထည်လောက် ဝယ်လာခဲ့မိလို့။
အဲဒီ အပေါ်မှာ ကျုပ်တို့ရဲ့ တံဆိပ် ရိုက်နှိပ်ထားတယ်လေ...”
ဖန်ကျန်းရီ - “...”
အပိုင်း (၂၇၁) အပြိုင်အဆိုင်တွေ မြင့်တက်လာတဲ့ တောက်ယွမ်ခရိုင်။
ကန့်အန်းမှာ အရှက်ရလွန်းသဖြင့် သေချင်စိတ်ပင် ပေါက်သွားကာ မျက်နှာကို လက်ဖြင့် အုပ်ထားပြီး အသံတစ်သံမှ ထွက်မလာတော့ချေ။
ဖန်ကျန်းရီမှာမူ ရူးတော့မတတ် ဖြစ်သွားရ၏။
ဖမ်းမိသွားတာ ပြဿနာ မဟုတ်ပေမဲ့ အတွင်းခံဘောင်းဘီကြောင့် ဖမ်းမိသွားသည်ဆိုခြင်းကမူ တကယ်ကို အဓိပ္ပာယ်မဲ့လွန်းလှသည်။
ဖန်ကျန်းရီက ကန့်အန်း၏ ပခုံးကို လက်ညှိုးဖြင့် အားကုန်ထိုးကာ ဒေါသတကြီး ပြောလိုက်သည်။
“အရှက်ကွဲတာပဲ .. တော်တော် ရှက်စရာ ကောင်းတာပဲ။ ခင်ဗျား ဘောင်းဘီထဲ အီးပါချထားပြီးတော့ အဲဒီ အတွင်းခံဘောင်းဘီကို ဝတ်ရဲသေးတယ်ပေါ့လေ။
ကျုပ်တောင် မဝတ်ဘူး။ ခင်ဗျား ဝတ်ရဲတယ်။ ခင်ဗျားနဲ့ ဖုန်းယားက အတူတူ ဝင်သွားတာဆိုတော့ အဲဒီအသုတ်က လူတွေ အကုန်လုံး စစ်ဆေးခံရနိုင်ခြေ ရှိတယ် မဟုတ်လား။”
ကန့်အန်းက တိုးညှင်းစွာ ပြန်ဖြေသည်။ “ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းယားက အတွင်းခံဘောင်းဘီ မဝတ်ဘူး။ ကျုပ် သူ့ကို နှစ်ထည် လက်ဆောင်ပေးပေမဲ့ သူက ဝတ်ရတာ အဆင်မပြေဘူးလို့ ပြောတယ်။”
“တော်တော့။ နောက်တစ်ခါ သောက် ... အတွင်းခံဘောင်းဘီ အကြောင်း ကျုပ်ကို လာမပြောနဲ့တော့။”
ဖန်ကျန်းရီက လုံးဝ သည်းမခံနိုင်တော့ချေ။
လက်အောက်ငယ်သားများ ကျရှုံးနိုင်သည် ဆိုသော်လည်း ဤမျှအထိတော့ အရှက်မကွဲသင့်ပေ။ လူတွေကို ရယ်စရာ ဖြစ်အောင် လုပ်နေသလိုပင်။
“တခြားကိစ္စတွေ ရှိသေးလား။ ဆက်ပြောစမ်း။”
“ရှိတယ် ... ဝူမင်းသားအိမ်တော်က ကျုပ် တောက်ယွမ်ခရိုင်က လာမှန်း သိသွားတော့ ကျုပ်ကို ပြန်လွှတ် ပေးလိုက်တယ်။ သူတို့က ကျုပ်တို့အပေါ် ရန်လိုတဲ့ သဘော မရှိဘူး။”
ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ “သွားတော့ … သွားတော့။ ခင်ဗျားကို ခြောက်လ ခွင့်ပေးလိုက်မယ်။ သွားချင်တဲ့နေရာ သွားနားတော့။”
ကန့်အန်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားသကဲ့သို့ အလျင်အမြန် ပြေးထွက်သွားတော့၏။
အောက်ချန်ကမူ ပါးစပ်ကို အုပ်ကာ တခစ်ခစ် ရယ်မောနေသည်။
ကန့်အန်း ပြန်ရောက်လာစဉ်က သူတို့ကို ဘာမှ မပြောပြခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ခဲ့သည်ကိုး။
ဖန်ကျန်းရီက အေးစက်သော အကြည့်ဖြင့် အောက်ချန်ကို လှမ်းကြည့်လိုက်၏။ “ခင်ဗျား ဘာရယ်တာလဲ။”
အောက်ချန် ချက်ချင်း လန့်သွားပြီး တုန်တုန်ယင်ယင်ဖြင့် ဖြေသည်။ “ကျုပ် ဝမ်းသာစရာ ကိစ္စတစ်ခု တွေးမိလို့ ...”
“ခင်ဗျား အတွင်းခံဘောင်းဘီ ဝတ်ထားလား။”
“ဝတ် ... ဝတ်ထားပါတယ်။ ဘာ ... ဘာဖြစ်လို့လဲ။”
“ချွတ်လိုက်စမ်း။ ဒီနေ့ကစပြီး ရုံးတော်က လူတွေ အတွင်းခံဘောင်းဘီ မဝတ်ရဘူး။”
အောက်ချန် ကြားသည်နှင့် အိမ်နောက်ဖေးသို့ ပြေးရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက တားလိုက်သည်။
“နေအုံး … သတင်းပို့ပြီးမှ သွား။ ခရိုင်ထဲမှာ တခြား ထူးခြားတာတွေ ရှိသေးလား။”
အောက်ချန်က နောက်ပြန်လှည့်လာပြီး သက်ပြင်းချလိုက်၏။ “ရှိတယ် …. သခင်လေး စမ်းသပ်ခိုင်းထားတဲ့ ပင်နီဆီလင်က အခုထိ အောင်မြင်မှု မရသေးဘူး။
မျောက်တွေ တစ်ကောင်ပြီးတစ်ကောင် သေကုန်လို့ အခုဆို ဟန်ကျန်းပြည်နယ်ကနေ မျောက်တွေ လိုက်ဝယ်နေရတယ်။ မျောက်ဝယ်ရတာလည်း တော်တော် ခက်သွားပြီ။
အခု အပြင်မှာ သတင်းတွေ ထွက်နေတာက လူတစ်ချို့က မျောက်အရက်ချက်ဖို့ မျောက်တွေ အများကြီး ဝယ်နေတယ်တဲ့။”
“အဲဒီတော့ ဘာဖြစ်လဲ။”
“အဲဒီနောက်တော့ ကျုပ်တို့ ခရိုင်က အရက်ချက်စက်ရုံကလည်း မျောက်အရက် စချက်တော့တာပဲ။ တော်တော်လေး အရောင်းသွက်သွားတယ်။ ဒီလအနည်းငယ်အတွင်းမှာတင် ငွေတုံး လေးသောင်းလောက် မြတ်တယ်။”
“ဘာ။”
ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ “မျောက်တွေက တကယ် အရက်ချက်တတ်လို့လား။”
“ကျုပ်တို့ရဲ့ မက်မွန်ပန်းယပ်တောင် အရက်ကို ရေနဲ့ သစ်သီးရည် ရောလိုက်တာပါ။ နာမည်ကို မျောက်အရက်လို့ ပေးထားတာ။ မျောက်တွေ ချက်တာလို့တော့ ကျုပ်တို့ မပြောပါဘူး။”
ဖန်ကျန်းရီ ဆွံ့အသွားရသည်။
“ဒါဆို အရက်လာဝယ်တဲ့ ကုန်သည်တွေ စက်ရုံကို လာကြည့်ရင် ဘယ်လိုလုပ်မလဲ။”
“စက်ရုံထဲမှာ မျောက်တွေ မွေးထားတယ်လေ။ ပြီးတော့ မျောက်ပြဆရာတွေကို ငှားပြီး မျောက်တွေကို သစ်သီးတွေ စည်ပိုင်းထဲ ပစ်ထည့်တတ်အောင် သင်ပေးထားတယ်။ တစ်ခါပစ်ရင် တစ်ခါတန်းဝင်အောင် သင်ထားတာ။ လွဲစရာ အကြောင်းမရှိဘူး။ ဘယ်သူမှ မရိပ်မိပါဘူး။”
ဖန်ကျန်းရီ ရုတ်တရက် အနည်းငယ် သက်သာရာ ရသွားသည်။ အနည်းဆုံးတော့ စိတ်သက်သာရာရစရာ သတင်းကောင်း တစ်ခု ရှိနေသေးသည်။
“ဒါ၏အပြင် မြို့တော်နဲ့ ဆက်သွယ်ထားတဲ့ လမ်းတော့ ဖောက်ပြီးသွားပြီ။ ဒါပေမဲ့ လူတွေ အများကြီး ဝင်လာရင် မထိန်းချုပ်နိုင်မှာ စိုးလို့ ဖွင့်မပေးရဲသေးဘူး။
အခု မြို့တော်မှာ ဖန်ထည်တွေ အရမ်း ခေတ်စားနေတယ်။ သခင်လေး ကျုပ်တို့ ဖန်ထည်တွေ ဆက်ရောင်း အုံးမလား။”
ဖန်ကျန်းရီက ခေတ္တစဉ်းစားပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။ “ရောင်းမယ်။ အဆင့်နိမ့် ဖန်ထည်တွေကို ရောင်းမယ်။ ဒီနေ့ကစပြီး အပြစ်အနာအဆာ ကင်းတဲ့ဟာတွေကိုပဲ စိန်လို့ ခေါ်တော့မယ်။
အရင်တုန်းက ကျုပ်တို့ လုပ်ခဲ့တဲ့ အရည်အသွေးညံ့တဲ့ ဖန်ထည်တွေကို ဈေးကွက်ထဲ ထုတ်ရောင်းလိုက်။
နောက်ဆိုရင် သေချာ ခွဲခြားထားရမယ်။ ပြီးပြည့်စုံတဲ့ဟာမှ စိန်လို့ ခေါ်ခွင့်ရှိမယ်။ ထုတ်လုပ်မှုကို ထိန်းချုပ်ထားဖို့ မမေ့နဲ့။ ပြီးတော့ အစိုးရက ထုတ်လုပ်တဲ့ ပစ္စည်းအသစ်တွေကို ခွင့်ပြုချက်မရဘဲ ဈေးကွက်ထဲ လုံးဝ မရောင်းရဘူး။”
ကောင်းမွန်သော ဖန်ထည်များကို စိန်ဟု ခေါ်ကာ စိန်လက်စွပ်များအဖြစ် ပြုလုပ်လိုက်ပြီ ဖြစ်သည်။ နောင်အနာဂတ်တွင် စိန်လုပ်ငန်းများ တိုးတက်လာရန် အခွင့်အရေး မရှိတော့ပေ။
စိန်လုပ်ငန်း ဆိုသည်မှာ အစပိုင်းတွင် သွေးစွန်းသော လုပ်ငန်းများသာ ဖြစ်ပြီး အကျိုးအမြတ်အတွက် လူမည်မျှ၏ အသက်ကို စတေးခဲ့ရမည်မသိ။
သူက နှစ်ပေါင်း ရာချီ ၊ ထောင်ချီ ခြားကာ မြောက်မြားစွာသော လူများကို ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ကုသိုလ်များစွာ ရလိမ့်မည်။
ဖန်ကျန်းရီသည် ကိုယ့်ကိုယ်ကိုယ်ပင် ကြည်နူးသွားမိ၏။
“ပြီးတော့ လမ်းကို ပုံမှန်အတိုင်း ဖွင့်ပေးလိုက်။ ဒါပေမဲ့ ကန့်သတ်ချက် တစ်ချို့တော့ ထားရမယ်။ တောက်ယွမ်ခရိုင် နယ်နိမိတ်ထဲမှာ ပေသုံးရာတိုင်းမှာ ဂိတ်တစ်ခု ထားမယ်။
ကျုပ်တို့ရဲ့ ဒီလမ်းကို အမြန်လမ်းလို့ ခေါ်မယ်။ လမ်းဖြတ်သန်းခ၊ အမြန်လမ်းကြေး၊ လမ်းထိန်းသိမ်းခ ဆိုပြီး ကောက်မယ်။ မြို့တော်ကနေ ကျုပ်တို့ ခရိုင်နယ်နိမိတ်ကို လာတဲ့ မြင်းတွေလည်း ပင်ပန်းနေလောက်ပြီဆိုတော့ မြင်းစာကျွေးတဲ့ နေရာတွေလည်း လုပ်ပေးထား။ မြင်းစာ အမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်း ခွဲထားလိုက်။
ပိုက်ဆံရှိတဲ့သူတွေကိုပဲ အဝင်ခံမယ်။ ပိုက်ဆံမရှိရင် မလာနဲ့။
ခင်ဗျား စဉ်းစားကြည့်လေ ကျုပ်တို့ ခရိုင်က အခြေအနေ အရမ်းကောင်းနေတော့ ဆင်းရဲသားတွေ ဝင်လာချင်မှာပဲ။ သူတို့ ဝင်မရရင် ပိုပြီး စိတ်ဆင်းရဲရမယ် မဟုတ်လား။ ကျုပ်က သူများတွေ ဒုက္ခရောက်တာကို မကြည့်ရက်ဆုံးပဲ။”
အောက်ချန်က လေးစားစွာဖြင့် ပြောလိုက်၏။
“သခင်လေး အကြံဉာဏ်က တကယ် ထက်မြက်တာပဲ။ဒါနဲ့ အပြင်လူတွေ ဝင်မလာနိုင်ရင် ကျုပ်တို့လည်း အပြင်ထွက်လို့ မရဘူးလား။ နေ့တိုင်း ခရိုင်ထဲမှာပဲ စီးပွားရေး လုပ်နေရင် ဘယ်လိုလုပ် ချမ်းသာလာမှာလဲ။”
အောက်ချန်က သက်ပြင်းချလိုက်သည်။ “ကျုပ် ခရိုင်ထဲမှာ ဒီကိစ္စ ပြောဖူးပါတယ်။ ခရိုင်အတွက် ဝင်ငွေတိုးအောင် အပြင်ထွက်ပြီး စီးပွားရေး လုပ်ကြဖို့ တိုက်တွန်းခဲ့တာပဲ။
ဒါပေမဲ့ သူတို့က မြို့တော်ကလာတဲ့လူတွေက ဆင်းရဲသားတွေ၊ တောသားတွေမို့လို့ အပြင်လူတွေကို အထင်သေးကြတယ်။ ပိုက်ဆံ နည်းနည်းလောက် ရဖို့အတွက်နဲ့တော့ အပြင်မထွက်ချင်ကြဘူးတဲ့။”
ဖန်ကျန်းရီ ချက်ချင်း ဒေါသထွက်သွား၏။ “သောက်ကျိုးနည်း။ သူတို့ ပုန်ကန်ချင်နေတာလား။ ထမင်းဝနေတော့ အချိုးတွေ ပျက်လာပြီပေါ့လေ။
ဘယ်အိမ်က အချိုးပျက်နေလဲ ဆိုတာ သွားစာရင်းကောက်စမ်း။ သူတို့အိမ်တွေကို မီးဘေးအန္တရာယ် စစ်ဆေးရေး သွားလုပ်မယ်။ ပြီးတော့ ဘာမှ ထူးထူးခြားခြား မရှိရင် ရှောင်ထောင်ကို ခေါ်ခဲ့။ မင်းအလုပ် မင်းသွားလုပ်တော့။”
အောက်ချန်က အလျင်အမြန် ဆက်ပြောသည်။ “ရှိသေးတယ်။ သုတေသနဌာနက ယမ်းမှုန့် သုတေသန လုပ်နေတဲ့ မြို့တော်က လာတဲ့လူတွေလေ။ အဲဒီအထဲက အတော်များများက မြို့တော်ကို မပြန်ချင်တော့ဘူး။ တောက်ယွမ်ခရိုင်မှာပဲ နေချင်တယ်လို့ ပြောနေကြတယ်။ သခင်လေး သူတို့ကို လက်ခံမလား။”
“လက်ခံစရာလား။ အဲဒါ အရှင်မင်းကြီးရဲ့ လူတွေလေ။ အရင်ဆုံး ရှောင်ထောင်ကိုသာ သွားခေါ်ခဲ့စမ်းပါ။”
အောက်ချန်က ခေါင်းကုတ်လိုက်၏။ “ရှောင်ထောင်က ... လောလောဆယ် ပြန်လာနိုင်အုံးမှာ မဟုတ်ဘူး။ မနက်တုန်းက ကြားတာတော့ သူ နွားနို့ရေချိုးဖို့ သွားတယ်တဲ့။”
“ဘာ …နွားနို့ရေချိုးတယ် ဟုတ်လား။” ဖန်ကျန်းရီ အံ့အားသင့်သွားသည်။
သူ မရှိသည့် လအနည်းငယ်အတွင်း တောက်ယွမ်ခရိုင်တွင် မည်သို့သော အရာများ ဖြစ်ပျက်နေသနည်း။
တောက်ယွမ်ခရိုင်က ဤမျှလောက်အထိ ဇိမ်ကျနေပြီလား။
နွားနို့ဆိုသည်မှာ ဈေးပေါသောအရာ မဟုတ်ချေ။ သူကိုယ်တိုင်ပင် ခရိုင်ထဲတွင် တစ်လလျှင် အကြိမ် အနည်းငယ်သာ သောက်နိုင်သေးသည်။
အဓိကအားဖြင့် ချီယန်တိုင်းပြည်တွင် နို့စားနွားဟူ၍ မရှိဘဲ ရေကျွဲများနှင့် နွားအိုများထံမှ နို့ကိုသာ ရရှိခြင်း ဖြစ်၏။
နို့ထွက်နှုန်းက အလွန် နည်းပါးလှသည်။ မြို့တော်တွင် ရောင်းချသော်လည်း ရေချိုးရလောက်အောင်အထိတော့ မဇိမ်ကျနိုင်ပေ။
အောက်ချန်က ရှင်းပြသည်။ “ဟုတ်တယ် … ခရိုင်ထဲမှာ စီးပွားရေးသမားတွေ အပြိုင်အဆိုင် များလာတော့ ပိုက်ဆံရဖို့ နည်းလမ်းပေါင်းစုံ သုံးလာကြတာလေ။
ဒီဟာ တစ်ခါချိုးရင် ဈေးမပေါဘူး။ ငွေတုံး နှစ်ဆယ်လောက် ကျတယ်။ ရှောင်ထောင်နဲ့ ရှောင်ပိုင်က ဒီရက်ပိုင်း နေ့တိုင်း သွားနေကြတာ။”
“ငွေတုံး နှစ်ဆယ် ...”
ဖန်ကျန်းရီ ရေရွတ်လိုက်မိ၏။ “ငွေတုံး နှစ်ဆယ်က အရမ်း ဇိမ်ကျလွန်းနေပြီ။ လူနို့နဲ့ ချိုးရင်တောင် ဒီလောက် မဈေးကြီးဘူး။ အရမ်း အလေအလွင့် များတာပဲ။”
အောက်ချန်က ရယ်မောလိုက်သည်။ “လူနို့က ရွံစရာကြီးလေ။သခင်လေး စိတ်ချပါ။ နည်းနည်းလေးမှ အလေအလွင့် မရှိစေရပါဘူး။ ချိုးပြီးသား ရေတွေကို ဝက်မွေးမြူရေးခြံက အကုန်ဝယ်သွားတယ်။ ဝက်တွေကို အဲဒီ နွားနို့ရောထားတဲ့ ရေတွေပဲ တိုက်တာ။
ဪ ... ဝက်ခြံက ဝက်တွေကို တယောထိုးပြဖို့ လူတောင် ငှားထားသေးတယ်။ ကြော်ငြာလည်း လုပ်ထားတယ်။ ဂီတသံစဉ်တွေ နားထောင်ပြီး နွားနို့သောက် ကြီးပြင်းလာတဲ့ ဝက်တွေကို နို့နံ့သင်း ဝက်လို့ ခေါ်တယ်။ နောက်လဆိုရင် ရောင်းလို့ရပြီ။ ကျုပ်တောင် တစ်ကောင် ကြိုမှာထားသေးတယ်။ သေချာပေါက် အရသာရှိမှာ။”
ဖန်ကျန်းရီ၏ မျက်နှာမှာ မချိုမချဉ် ဖြစ်သွားရသည်။ အပြိုင်အဆိုင်တွေ မြင့်တက်လာလိုက်တာ။
သူ့မှာ မြို့တော်ဝန် ဖြစ်နေပြီးတော့ အုပ်ချုပ်ရတဲ့ ပြည်သူတွေလောက်တောင် ဇိမ်မကျပါလား။
ဖန်ကျန်းရီ သက်ပြင်းချလိုက်၏။ “သွားတော့ သွားတော့။ ကျုပ် ပင်ပန်းနေပြီ။ ကိစ္စတွေ အကုန်လုံး စီစဉ်ထားလိုက်။ အိမ်ရှေ့စံလည်း ခရိုင်ထဲမှာ ရှိတယ်။ သူ့အတွက် နေရေးထိုင်ရေး သေချာ စီစဉ်ပေးလိုက်။ ရှောင်ထောင် ပြန်လာရင် ကျုပ်ဆီ လာခဲ့လို့ ပြောလိုက်။”
ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် အိမ်နောက်ဖေးသို့ လျှောက်သွားလိုက်သည်။ သို့သော်ငြား ခြေလှမ်းအနည်းငယ် အရောက်တွင် ပြန်လှည့်လာသည်။
“နေအုံး ….. အဲဒီ နို့နံ့သင်း ဝက် တစ်ကောင်လောက် ကြိုမှာထားလိုက်။ နောက်လထိ စောင့်မနေနဲ့တော့။ ဒီညပဲ တစ်ကောင် ကင်ခိုင်းလိုက်။ ကျုပ်လည်း မြည်းကြည့်ရအောင်။”