အခန်း ၅၃၆
Vol. 29 Ch. 536
အပိုင်း (၅၃၆) ဝင်လာလာချင်း တန်ပြန်သတ်ဖြတ်ခြင်း။
“သူတို့က လူတွေ အများကြီး ခေါ်လာပြီး ရှင့်ကို သတ်ဖို့ ပြင်နေကြတာ။ ကျွန်မ ရှင့်ကို ပိုက်ဆံပေးမယ်။ ချက်ချင်း မြို့ထဲက ထွက်သွားတော့၊ မပြန်လာနဲ့တော့ အဝေးဆုံးကို ထွက်ပြေး။”
ချူယိုယီက မျက်နှာပျက်ကာ သူမ၏ ပိုက်ဆံအိတ်လေးကို လှန်လှောရှာဖွေနေသော်လည်း အထဲတွင် ပြားချပ်နေပြီး ဘာမှ မရှိတော့ပေ။
ထို့ကြောင့် အလောတကြီး ဆံထိုးများနှင့် တခြား ခေါင်းဘီးများကို ချွတ်ကာ ဖန်ကျန်းရီ၏ လက်ထဲသို့ ထည့်ပေးရန် ကြိုးစားလိုက်၏။
ဤမြင်ကွင်းကို ကြည့်ရင်း ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အပြုံးများ တဖြည်းဖြည်း တောက်ပလာပြီး အနည်းငယ် ကြည်နူးသွားမိသည်။
ဒီအရူးမလေးက စိတ်ထားကောင်းတယ်၊ တကယ် မဆိုးပါဘူး၊ တုံးတာလေး တစ်ခုပဲရှိတာ။
ရှဲ့ရှန်းတို့က သူ့အနောက်တွင် ရပ်ကာ ပြုံးရွှင်သော မျက်နှာထားများဖြင့် ဤမြင်ကွင်းကို ကြည့်နေကြပြီး စိတ်ထဲတွင် မနေနိုင်ဘဲ ချီးကျူးနေမိကြ၏။
သခင်လေးက ကျေးဇူးရှိရင် ပြန်ဆပ်တတ်တယ်၊ ချူမိသားစုက ဒီလို ကောင်မလေးကို မွေးထားတာ တကယ် ကုသိုလ်ထူးတာပဲ။
အမှတ်တိုးတယ်၊ အများကြီး အမှတ်တိုးတယ်၊ ချူမိသားစုတော့ ကြီးပွားတော့မှာပဲ။
သူမ ဤမျှ အလုပ်ရှုပ်နေသည်ကို ဖန်ကျန်းရီ ဘာတုံ့ပြန်မှုမှ မရှိကြောင်း မြင်သောအခါ ချူယိုယီက မနေနိုင်ဘဲ ခေါင်းမော့ကာ ဒေါသတကြီး ပြောလိုက်သည်။ “ပစ္စည်းတွေ ယူပြီး မြန်မြန် သွားလေ။ ဒီမှာ ဘာရပ်လုပ်နေတာလဲ။”
ဖန်ကျန်းရီက ခေါင်းအနည်းငယ် ငုံ့ကာ သူမ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို သပ်တင်ပေးလိုက်ပြီး ဆံထိုးကို ပြန်လည် ထိုးပေးလိုက်၏။
“အား … ရှင် ကျွန်မအသားကို ထိုးမိပြီ။”
“တောင်းပန်ပါတယ်။”
သူမ၏ မျက်လုံးများ အနည်းငယ် နီရဲနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက မေးလိုက်သည်။ “သူတို့ မင်းကို အနိုင်ကျင့်ကြတာလား။”
“ဘာမှမဖြစ်ပါဘူး၊ ဆဲရုံလေး ဆဲသွားတာပါ။”
ချူယိုယီ၏ မျက်နှာလေး အနည်းငယ် နီရဲသွားပြီး ဖန်ကျန်းရီ၏ ခြေသလုံးကို အားကုန် ကန်လိုက်ကာ ဒေါသတကြီး ပြောလိုက်၏။ “ဒီမှာ လာပြီး ဟိုမေးဒီမေး လာမလုပ်နဲ့။ ရှင်နဲ့ ဘာဆိုင်လို့လဲ။ မြန်မြန် ထွက်သွားတော့။”
ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်သည်။ “မကြောက်ပါနဲ့၊ ကျုပ်က ပြဿနာ လာရှင်းတာပါ၊ သခင်မလေးကို ဘယ်သူ အနိုင်ကျင့်လဲ၊ ကျုပ်က ပြန်ရိုက်ပေးမယ်။ သခင်မလေး အခန်းထဲ ပြန်ပြီး နားနေလိုက်ပါ၊ ဒီနေ့ ပြီးသွားရင် ဘာမှ မဖြစ်တော့ဘူး။ လာ …. ကျုပ်နောက် လိုက်ခဲ့။”
ချူယိုယီကို ဂရုမစိုက်တော့ဘဲ ဖန်ကျန်းရီက လူအနည်းငယ်ကို ခေါ်ဆောင်ကာ ဧည့်ခန်းမဆောင်သို့ လျှောက်သွားလိုက်၏။
ချူယိုယီလည်း ဖန်ကျန်းရီ ဤမျှ ရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အဝေးသို့ ရောက်သွားသည်ကို ကြည့်ပြီး ခြေဆောင့်ကာ အနောက်မှ အမြန် လိုက်သွားတော့သည်။
ဧည့်ခန်းမဆောင် အတွင်းတွင် သခင်ကြီးလုက လက်ဖက်ရည် နှစ်ခွက် သောက်ပြီးသွားပြီ ဖြစ်ရာ စောင့်ရသည်ကို အနည်းငယ် စိတ်မရှည် ဖြစ်လာ၏။
“ချူတယ်ယွင် … ခင်ဗျား ကျုပ်ကို လှည့်စားနေတာလား။ ခင်ဗျားကို လက်ဖက်ရည် တစ်ခွက်စာ အချိန် ထပ်ပေးမယ်၊ ကျုပ် ဖန်ထန်ကျင့်ကို မတွေ့ရဘူး ဆိုရင် ခင်ဗျားတို့ မိသားစု တစ်ခုလုံး စောင့်နေလိုက်တော့...”
“ကျုပ်ကို ဘယ်သူတွေ လိုက်ရှာနေတာလဲ။” ဖန်ကျန်းရီက လူအုပ်ထဲမှ ထွက်လာပြီး သခင်ကြီးလုကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။
လူတိုင်း၏ အကြည့်များက ဖန်ကျန်းရီထံသို့ တပြိုင်နက် ရောက်ရှိသွားကြ၏။
လူအုပ်ထဲရှိ ချူ ပထမသခင်လေး၏ မျက်လုံးများ တောက်ပသွားပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ “အို .. အရက်...”
နေရာမမှန်မှန်း ချက်ချင်း သတိရသွားသဖြင့် ပါးစပ်ကို အလျင်အမြန် ပြန်အုပ်လိုက်၏။
လုရှို့ဝမ်၏ မျက်လုံးများတွင်မူ ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ချက်ချင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “အဖေ … သူပဲ .. သူက ဖန်ထန်ကျင့်ပဲ။ မြန်မြန် … သူ့ကို မြန်မြန် သတ်လိုက်။”
ချူတယ်ယွင်လည်း အလွန် အံ့အားသင့်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဖန်ထန်ကျင့် … မြန်မြန် သခင်ကြီးလုကို ဒူးထောက် တောင်းပန်လိုက်စမ်း၊ မင်းလို သေချင်နေတဲ့ ခွေးကောင်။ ဒီနေ့ကစပြီး မင်းက ချူအိမ်တော်ရဲ့ အစေခံ မဟုတ်တော့ဘူး၊ သခင်ကြီးလုက မင်းကို ရှင်ခိုင်းရင် ရှင်ရမယ်၊ သေခိုင်းရင် သေရမယ်။ နားလည်လား။”
သခင်ကြီးလုက ယခုမှ တည်ငြိမ်သွားပြီး မတ်မတ် ထိုင်၍ တည်ကြည်စွာ ပြောလိုက်သည်။ “မင်းက ဖန်ထန်ကျင့်လား … ဒူးထောက်စမ်း။”
ဖန်ကျန်းရီက စိတ်ထဲတွင် တွေးလိုက်၏၊
ဒီသားအဖ နှစ်ယောက်က တကယ်ကို တစ်ပုံစံတည်းပဲ၊ တွေ့တာနဲ့ ဒူးထောက်ခိုင်းတာချည်းပဲ။ ကြွက်ရဲ့ သားက တွင်းတူးတတ်တယ် ဆိုတာ တကယ့်ကို မှန်တာပဲ။
ဒါပေမဲ့ အခု လူအင်အား အပြည့် မရောက်သေးတော့ နည်းနည်းတော့ အချိန်ဆွဲထားရအုံးမယ်။
“ခင်ဗျားက သခင်ကြီးလု မလား၊ ကျုပ် မမေးရသေးဘူး...”
“သာမန် စာဖတ်အစေခံ တစ်ယောက်က ငါ့နာမည်ကို မေးဖို့ မတန်ဘူး။ ရယ်စရာပဲ။”
“သခင်ကြီးလု၊ နားလည်မှုလွဲတာပါ .. ဒါတွေ အားလုံးက နားလည်မှုလွဲတာပါ။ ကျုပ်က လုသခင်လေးကို အစာအိမ်နဲ့ အူလမ်းကြောင်း ရှင်းပေးဖို့ လူငှားပြီး ကူညီခဲ့တာလေ၊ ဒီနေ့ ဘာလို့ ကျုပ်ကို သတ်ချင် ဖြတ်ချင် ဖြစ်နေရတာလဲ။” ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်မှုများ အပြည့် ရှိနေသည်။
“ဖန်ထန်ကျင့် … မအေပေး .. ငါ မင်းကို သတ်မယ်။” အရှက်ကွဲခဲ့ရသည့် နှစ်ရက်တာ ကာလကို သတိရသွားပြီး လုရှို့ဝမ်က အော်ဟစ်ကာ ရှေ့သို့ ခုန်ထွက်လာ၏။
ကံကောင်းထောက်မစွာဖြင့် ဘေးနားရှိ လုမိသားစု၏ အစောင့်များက သူ့ကို တားဆီးထားနိုင်ခဲ့သည်။
သခင်ကြီးလု၏ မျက်နှာထားက တင်းမာသွား၏။ “မင်းက သတ္တိ အရမ်း ကောင်းတာပဲ။ ငါ့ရှေ့ ရောက်နေတာတောင် လျှောက်ပြောရဲသေးတယ်၊ တကယ် သေဖို့ မကြောက်တာပဲ။”
ပြောပြီးသည်နှင့် ဘေးနားရှိ အစောင့်ကို မျက်ရိပ်ပြလိုက်ရာ အစောင့်က ကြီးမားသော ခြေလှမ်းများဖြင့် ရှေ့တိုးလာပြီး ဖန်ကျန်းရီ၏ လည်ပင်း အင်္ကျီစကို ဆွဲကိုင်လိုက်သည်။
ကျိုးထျဲ့တို့က လူအုပ်ထဲတွင် ညှပ်နေသဖြင့် အချိန်မီ မတားဆီးနိုင်လိုက်ဘဲ တစ်ခဏမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြ၏။
ဤအစောင့်က ခွန်အား အလွန် ကြီးမာသည်။ ဖန်ကျန်းရီကို အင်္ကျီစမှ ဆွဲကာ အပေါ်သို့ မတင်ပြီး မကောင်းဆိုးဝါး အပြုံးဖြင့် ပြောလိုက်သည်။ “ခွေးကောင် …. မင်းရဲ့ အားနည်းနေတဲ့ ပုံစံလေးကို ကြည့်စမ်း။ ကျုပ်ရဲ့ သခင်လေးကိုတောင် ပြန်ခံပြောရဲတယ်။ လက်တစ်ဖက်တည်းနဲ့တင် မင်းလိုကောင် နှစ်ယောက်လောက်ကို အသာလေး ထိုးနိုင်တယ်။ မင်းကို ဘယ်သူက သတ္တိတွေ ပေးထားတာလဲ။”
ဖန်ကျန်းရီက တည်ငြိမ်သော မျက်နှာထားဖြင့် ဖြည်းညှင်းစွာ ပြောလိုက်၏။ “မဟုတ်ဘူး... ခင်ဗျား မှားနေပြီ၊ ကျုပ် ဘယ်လောက် အားနည်းလဲ ဆိုတာ ခင်ဗျား လုံးဝ စိတ်ကူးလို့တောင် ရမှာ မဟုတ်ဘူး။ ကျုပ်ကြည့်ရတာ ခင်ဗျား လက်တစ်ဖက်တည်းနဲ့ ကျုပ်လိုကောင် လေးယောက်လောက်ကို အနည်းဆုံး ထိုးနိုင်မယ် ထင်တယ်။”
ဖန်ကျန်းရီ၏ တည်ငြိမ်နေသော အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ အစောင့်မှာ အကြောင်းမဲ့ စိတ်ထဲတွင် တုန်လှုပ်သွားသည်။
လက်ကို လွှတ်လိုက်ရာ ဖန်ကျန်းရီက တည်ငြိမ်စွာပင် ကော်လာကို ပြန်လည် သပ်တင်လိုက်၏။
ကျိုးထျဲ့က လူတစ်စုကို ခေါ်ဆောင်ကာ လူအုပ်ထဲမှ ချက်ချင်း ထွက်လာပြီး အရင်ဆုံး ရှေ့တိုးကာ အစောင့်၏ လက်မောင်းကို လက်သီးဖြင့် အားကုန် ထိုးချိုးလိုက်သည်။
အော်ဟစ်သံကြီး တစ်ခုက ဧည့်ခန်းမဆောင် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး အားလုံးက ဤမထင်မှတ်ထားသော မြင်ကွင်းကြောင့် ကြောင်အမ်းသွားကြ၏။
ဖန်ထန်ကျင့် ဒုက္ခရောက်တော့မည်ဟု ထင်ထားခဲ့သော်လည်း လုသခင်လေး၏လူက အရင် အထိုးခံလိုက်ရသည်လား။
“ပြင်းထန်တဲ့ အားနည်းရောဂါ ဆိုတာ ဘာလဲဆိုတာ သူ့ကို သိအောင် လုပ်ပေးလိုက်။” ဖန်ကျန်းရီ၏ မျက်လုံးများတွင် သနားညှာတာမှု တစ်စက်လေးမျှ မရှိချေ။
လူတိုင်း၏ အံ့ဩနေသော အကြည့်များအောက်တွင် အစောင့်၏ ခြေထောက် နှစ်ဖက်ကို သန်မာသော လူကြီးနှစ်ယောက် က တစ်ဖက်စီ နင်းချိုးလိုက်ကြသည်။ တစ်ယောက်က ဘယ်ဘက်ကို မ၊ နောက်တစ်ယောက်က ညာဘက်ကို မကာ သူ့ကို တစ်ကိုယ်လုံး မြှောက်တင်လိုက်ပြီးနောက် အလွန် မြန်ဆန်သော အရှိန်ဖြင့် ဘေးနားရှိ တိုင်ကြီးဆီသို့ ပစ်လွှတ်၏။
ပေါင်ကြားက တိုင်နှင့် နီးကပ်သွားသည့် အခိုက်အတန့်တွင် လူနှစ်ယောက်က ချက်ချင်း လက်လွှတ်လိုက်ရာ ဒုန်း ခနဲ အသံကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
အစောင့်မှာ တစ်မီတာခန့် အနောက်သို့ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်တွင် လဲကျကာ သတိလစ်သွားပြီး၊ သူ၏ အောက်ပိုင်းမှ ရေများ တဖြည်းဖြည်း စီးကျလာ၏။
အခု ဥကျေသွားလား မကျေဘူးလား ဆိုတာ ပြဿနာ မဟုတ်တော့ဘူး၊ တင်ပါးဆုံရိုးပါ ကျိုးသွားလောက်ပြီ။
တိတ်ဆိတ်ခြင်း... အစောင့်၏ ရေပူစမ်းများ ထွက်ကျလာသည်ကို ကြည့်ပြီး... ယောက်ျားများ အားလုံးက အောက်ပိုင်းတွင် အေးစက်သွားသလို ခံစားလိုက်ရပြီး အလိုအလျောက် ပေါင်ကြားကို အုပ်လိုက်မိကြသည်။
တစ်ချိန်တည်းမှာပင် ရေခဲတွင်းထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။
ဒီဖန်ထန်ကျင့် ဆိုတဲ့ ကောင်က... လူသတ်သမားလား။ ဝင်လာလာချင်း ဒီလောက်တောင် ရက်စက်ရသလား။
ချူယိုယီက ပါးစပ်လေး ဟကာ ကြမ်းပြင်ပေါ်တွင် စီးကျလာသော ရေများကို ကြောင်တောင်တောင် ကြည့်နေပြီး ခေါင်းထဲတွင် ဗြောင်းဆန်နေသည်။
“ရိုင်းစိုင်းလိုက်တာ။ တကယ့်ကို ရိုင်းစိုင်းလွန်းတယ်။ မြန်မြန် လူတွေ အကုန်လုံး လာကြ။ သူတို့ အကုန်လုံးကို ဖမ်းချုပ်စမ်း။” အမြန်ဆုံး သတိဝင်လာသူမှာ သခင်ကြီးလု ဖြစ်ပြီး ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဖန်ကျန်းရီက လုရှို့ဝမ် ရှိရာသို့ လက်ညှိုးထိုးပြလိုက်ရာ ကျိုးထျဲ့က ချက်ချင်း သဘောပေါက်သွား၏။
ခြေလှမ်း သုံးလှမ်းကို နှစ်လှမ်းဖြင့် လှမ်းကာ မည်သူမှ မလှုပ်ရှားရသေးခင် အချိန်ကို အခွင့်ကောင်းယူပြီး လုရှို့ဝမ်၏ လည်ပင်းကို ဆွဲညှစ်လိုက်သည်။
ထို့နောက် ခွေးသေ တစ်ကောင်လို ဆွဲကာ ဖန်ကျန်းရီ အနားသို့ ခေါ်လာခဲ့၏။
အခန်းထဲရှိ လူတိုင်းက နောက်ကျမှ သတိဝင်လာကြပြီး အကြည့်များက လုရှို့ဝမ်ထံသို့ ရောက်သွားကြသည်။
အခြေအနေက အရမ်း မြန်ဆန်သွားသဖြင့် အားလုံးက အခုထိ သတိမထားမိကြသေးဘဲ သတိဝင်လာချိန်တွင် မလှုပ်ရှားရဲကြတော့ပေ။
ဖန်ကျန်းရီက လက်ခုပ်တီးကာ ရယ်မောလိုက်၏။ “မထင်ထားဘူးမလား သခင်ကြီးလု … ခင်ဗျား ခေါ်လာတဲ့ လူတွေက နည်းနည်း ညံ့နေသေးတယ်။ ခင်ဗျားသားက အခု ကျုပ်လက်ထဲမှာ ရောက်နေပြီ၊ စကားပြော ဆင်ခြင်ဖို့ အကြံပေးချင်တယ်။”
“ဖန်ထန်ကျင့်။ မင်းက ကျားသစ်သည်းခြေ စားထားတာလား။ ငါ့သားကို ပြန်ပေးဆွဲရဲတယ်၊ သူ့ကို အခု ချက်ချင်း လွှတ်ပေးဖို့ ငါ အမိန့်ပေးတယ်။ အရင်က ကိစ္စတွေကို ငါတို့ ဆွေးနွေးလို့ ရသေးတယ်။” သခငကြေီးလု၏ မျက်နှာတစ်ခုလုံး သံမဏိရောင် ဖြစ်နေသည်။
ဖန်ကျန်းရီက အထင်သေးစွာ ပြုံးလိုက်၏။ “ကျုပ် ဘယ်လောက် သတ္တိရှိလဲဆိုတာကို ခင်ဗျား လုံးဝ စိတ်ကူးလို့တောင် ရမှာ မဟုတ်ဘူး။”
ပြောပြီးသည်နှင့် ထိုင်ချကာ လုရှို့ဝမ်၏ မေးစေ့ကို ဆွဲမပြီး မေးလိုက်သည်။ “ကျုပ် မေးမယ်၊ ခင်ဗျား ချူယိုယီကို ဆဲလိုက်တာလား။”
“ဖာသည်မ …. မိန်းမယုတ်... ခွေး ..... အွတ်... အွတ်။” လုရှို့ဝမ်က အတင်း ပြန်ခံပြောနေဆဲ ဖြစ်၏။
စကား နှစ်ခွန်းပင် မပြောရသေးမီ ကျိုးထျဲ့က သူ၏လည်ပင်းကို ချက်ချင်း ညှစ်လိုက်သဖြင့် အသံထွက်မလာတော့ပေ။
ဖန်ကျန်းရီ၏ မျက်နှာထားက အေးစက်နေပြီ ဖြစ်ပြီး တိုးညင်းစွာ ပြောလိုက်၏။ “ပါးရိုက်စမ်း။”