အခန်း ၇၉၇
Vol. 42 Ch. 797
အပိုင်း (၇၉၇) တစ်မြို့လုံးကို ထိန်းချုပ်မည် ဟုတ်လား။
အာလီပိုင်၏ မျက်နှာပေါ်တွင် အံ့သြဝမ်းသာသွားသော အရိပ်အယောင်များ ထွက်ပေါ်လာ၏။ "ဘာနည်းလမ်းများလဲ ဆရာ။"
ဆရာ ဟူသော ဂုဏ်ပုဒ်နှင့်အညီ တကယ့်ကိုပဲ နည်းလမ်း ရှိနေခဲ့ပေသည်။
ဖန်ကျန်းရီသည် ခတ္တမျှ စဉ်းစားဟန်ပြုပြီး ပြောလိုက်၏။ "မင်း လောလောဆယ် မလောပါနဲ့အုံး။ မင်းရဲ့ ခမည်းတော် မြို့ကနေ မထွက်သွားခင်မှာ မင်းအတွက် တာဝန်တွေ သတ်မှတ်ပေးခဲ့ပြီးပြီ ဆိုတော့ မင်း စွမ်းဆောင်ရည် ပြသနိုင်မယ့် နယ်ပယ်က ပုံသေဖြစ်သွားပြီ။ ဒါကြောင့် မင်းက နောက်တစ်ဆင့်ကို ထပ်တက်ချင်တယ် ဆိုရင် တခြားသူတွေဆီကနေ လုယူရမယ်၊ ဒါမှမဟုတ် တောင်းဆိုရလိမ့်မယ်။"
"အဲဒါက ဘာသဘောလဲ ဆရာ။"
"ဥပမာ ပြောရရင် မြို့ကို အုပ်ချုပ်တယ် ဆိုတာက မင်းရဲ့ အလုပ်မဟုတ်ဘူး။ နန်းတွင်းက မြို့ပြအရာရှိတွေရဲ့ အလုပ်လေ။ တကယ်လို့ မင်းက အရည်အချင်း ပြချင်တယ်ဆိုရင် တာဝန်ရှိတဲ့ အရာရှိဆီသွားပြီး အလုပ်တစ်ချို့ကို မင်းဆီ ခွဲဝေပေးဖို့ ပြော။ အဲဒီနောက် မင်းရဲ့အရည်အချင်းနဲ့ နေရာတစ်ခုကို ရယူလိုက်။ ဒီလောက် ရိုးရှင်းပါတယ်။"
အာလီပိုင်သည် အားနာပါးနာ ပြုံးလိုက်၏။ "ဆရာ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကိုယ့်တာဝန်ကို ကိုယ်ယူကြတယ် ဆိုတာက ဘယ်နိုင်ငံမှာမဆို ဒီအတိုင်းပဲလေ။ ဘယ်သူကမှ သဘောတူကြမှာ မဟုတ်ဘူး။"
ဖန်ကျန်းရီသည် လက်ကို မြှောက်လိုက်ပြီး တည်ကြည်စွာဖြင့် ပြောလိုက်၏။ "မှားတယ်။ လုံးဝကို မှားနေတာပဲ။ သတ်မှတ်ချက် ဆိုတာက သတ်မှတ်ချက်၊ လက်တွေ့ ဆိုတာက လက်တွေ့ပဲ။ ဘယ်နေရာမှာ သတ်မှတ်ချက်နဲ့ လက်တွေ့က တစ်ထပ်တည်း ကျနေတာကို မင်း မြင်ဖူးလို့လဲ။ ဘယ်နိုင်ငံမှာ ဥပဒေ မရှိလို့လဲ။ ဥပဒေ ချိုးဖောက်တဲ့သူတွေ နည်းသွားလို့လား။ လူဖြစ်လာရင် အရေးအကြီးဆုံးက ဉာဏ်ပညာကို သုံးပြီးတော့ အခြေအနေအရ လိုက်လျောညီထွေ ပြောင်းလဲတတ်ဖို့ပဲ။
ဆရာက ဘာဖြစ်လို့ လက်ရှိအသက်အရွယ်နဲ့ နန်းတော်ထဲမှာ ဒီလောက်အထိ နေရာရနေတာလဲ ဆိုတာကို သိလား။ တစ်ခွန်းတည်း ပြောရရင် အလုပ်လုလုပ်တာပဲ။
ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ အလုပ်ကိုလည်း လုလုပ်တယ်၊ စစ်ရေး ဝန်ကြီးဌာနရဲ့ အလုပ်ကိုလည်း လုလုပ်တယ်။ နောက်ဆုံး မိန်းမစိုးတွေရဲ့ အလုပ်ကိုတောင်မှ မင်း လုလုပ်ရမယ်။"
အာလီပိုင်သည် အံ့သြတကြီးဖြင့် လေကို ခပ်ပြင်းပြင်းရှူသွင်းလိုက်မိ၏။ "မိန်းမစိုးတွေရဲ့ အလုပ်ကိုတောင် ဆရာက လုလုပ်သေးတာလား။"
ဖန်ကျန်းရီက လွတ်လွတ်လပ်လပ် ပြောဆိုလိုက်သည်။ "ဒါပေါ့။ အလုပ်လုပ်ချင်စိတ် ရှိတဲ့သူကို ဘယ်သူမဆို သဘောကျကြတာချည်းပဲ။ ရွှေတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ အသက်ကြီးပြီး နာမည်ဂုဏ်ပုဒ်ကိုရော၊ အကျိုးအမြတ်ကိုပါ မမက်မောတော့တဲ့ အမတ်ဟောင်းတွေ အများကြီး ရှိနေမှာ သေချာတယ်။
မင်းက ကိုယ့်ဒုက္ခကိုယ်ရှာပြီး သူတို့ရဲ့ တာဝန်တွေကို ဝင်ယူပေးလိုက်ရင် သူတို့လည်း စိတ်အေးရသလို မင်းကိုလည်း ကျေးဇူးတင်ကြလိမ့်မယ်။ ဒါက သိပ်ပြီး အဆင်ပြေလွန်းတာ မဟုတ်ဘူးလား။ မင်း ဘယ်လောက်ပဲ စီမံခန့်ခွဲမှု ညံ့နေပါစေ တစ်မြို့လုံး မှောက်သွားအောင်အထိတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။"
အာလီပိုင်က မေးလိုက်၏။ "ဒါဆို ကျုပ် တကယ်တမ်း ဘယ်လို လုပ်ရမှာလဲ။"
ဖန်ကျန်းရီသည် ခေါင်းခါရင်း ပြောလိုက်သည်။ "မင်းရဲ့ လက်ရှိ အတွေ့အကြုံအရ ဆိုရင်တော့ ... မင်းက အလုပ်လု လုပ်နိုင်မယ့် ပုံမပေါ်ဘူး။ ဒီကိစ္စကို ဆရာကိုယ်တိုင် ထွက်ပြီးတော့ မင်းအတွက် သွားတောင်းဆိုပေးမှ ရလိမ့်မယ်။ ဆရာ အရင်မေးမယ် ... ရွှေတိုင်းပြည်ရဲ့ မှူးမတ်တွေက ငါတို့ တာ့ကျင်းရဲ့ ထုတ်ကုန်တွေအပေါ် ဘယ်လို သဘောထားကြသလဲ။ "
အာလီပိုင်က ပြောလိုက်၏။ "တာ့ကျင်းက ထုတ်ကုန်တွေ ကြွယ်ဝပြီး ပစ္စည်းတော်တော်များများက လက်မှုပညာ အလွန်ကောင်းမွန်တယ်။ ဒါ့အပြင် ဒီနှစ်တွေထဲမှာ နန်းရင်းဆရာ (နိုင်ငံတော်ဆရာ) က တာ့ကျင်းရဲ့ ယဉ်ကျေးမှုကို လေ့လာဖို့ တိုက်တွန်းခဲ့သေးတယ်။ ကျုပ်တို့ နန်းတွင်းက လူတွေက တာ့ကျင်းရဲ့ ထုတ်ကုန်တွေကို သဘာဝကျကျ အရမ်း နှစ်သက်ကြတာပေါ့။ လက်ဖက်ခြောက်တို့၊ ကြွေထည်တို့ ဆိုတာက မှူးမတ်သခင်တွေ အမြဲတမ်း အသည်းစွဲ ဖြစ်ခဲ့ရတဲ့ အရာတွေချည်းပဲ။"
ဒါဆိုလည်း အတော်ပဲ။ နောက်ဆက်တွဲ အစီအစဉ်တွေ လုပ်ဖို့ အများကြီး ပို အဆင်ပြေသွားပြီ။
ဖန်ကျန်းရီသည် ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီးနောက် ကျိုးထျဲ့ကို ကြည့်ကာ ပြောလိုက်၏။ "စက္ကူနဲ့ စုတ်တံ ယူခဲ့ချေ။"
စက္ကူနှင့် စုတ်တံ ရောက်လာချိန်မှာတော့ ဖန်ကျန်းရီသည် အာလီပိုင်၏ ရှေ့သို့ ထိုးပေးလိုက်၏။ "မင်းက မြို့ထဲမှာရှိတဲ့ ဩဇာအာဏာရှိတဲ့ အမတ်တွေအားလုံးရဲ့ နာမည်ကို ဒီစက္ကူပေါ်မှာ ရေးချလိုက်။ ဆရာက မင်းအတွက် တစ်အိမ်တက်ဆင်း လိုက်လံ တွေ့ဆုံပေးမယ်။ တစ်ခုခုတော့ ရလဒ်ထွက်လာမှာ သေချာတယ်။"
အာလီပိုင်သည် ပြုံးဖြီးဖြီးဖြင့် စုတ်တံကိုယူကာ ချက်ချင်း ရေးချလိုက်တော့သည်။
အလွန် ဂရုစိုက်လွန်းလှ၏။ ဆရာသည် တကယ့်ကိုပဲ အလွန်အမင်း ဂရုစိုက်လွန်းလှပေသည်။ အကယ်၍ ဆရာနှင့်သာ စောစောစီးစီး တွေ့ဆုံခဲ့ရမည်ဆိုလျှင် သူသည် ယနေ့အချိန်တွင် အောင်မြင် ကျော်ကြားနေလောက်ပြီ ဖြစ်၏။
သူ ရေးပြီးသွားချိန်မှာတော့ ဖန်ကျန်းရီသည် စာရင်းကိုယူ၍ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်သည်။ စာရွက်ပေါ်တွင် နာမည် အနှစ်ဆယ်၊ အသုံးဆယ်ခန့် ပါဝင်နေသည်ကို မြင်ချိန်မှာတော့ သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ "မနက်ဖြန် ရောက်တာနဲ့ ဆရာ အပြင်ထွက်ပြီး သူတို့ကို စတင် တွေ့ဆုံတော့မယ်။ ဆရာ စိုးရိမ်တာက မင်းလုပ်ဖို့ အလုပ်တွေ ရှိလာချိန်ကျမှ မင်းက တာဝန်ကြီးကို မယူနိုင်ဘဲ ဖြစ်သွားမှာကိုပဲ။"
အာလီပိုင်သည် ရင်ကိုကော့လိုက်၏။ "တပည့်က သေချာပေါက် ကြိုးစားပါ့မယ်။ တပည့် ဘာလုပ်ရမှာလဲ ဆိုတာကိုသာ ပြောပါ။"
"မင်းလား။ မင်းက လောလောဆယ် ကိုယ့်အလုပ်ကို ကိုယ် သေချာလုပ်ထား။ စစ်သား နှစ်ထောင် ရှိနေတယ် မဟုတ်ဘူးလား။ ဆရာက ကိစ္စတွေကို အောင်မြင်အောင် မလုပ်ပေးနိုင်သေးခင်အချိန်အထိ မင်းက စိတ်အေးအေးထားပြီး စစ်တပ်ကိုသာ လေ့ကျင့်ပေးနေ။ ဒီလူနှစ်ထောင်ကို လုံးဝ အထင်မသေးလိုက်နဲ့။ ဒါက မင်းအောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်ပဲ။ သူတို့ကို မင်းရဲ့ လက်ထဲမှာ မြဲမြံနေအောင် ဆုပ်ကိုင်ထားရမယ်။"
တကယ်လို့ ဒီလူနှစ်ထောင်လုံးက မင်းရဲ့ လက်ကို ခိုင်းစေသလိုမျိုး အမိန့်နာခံလာပြီ ဆိုရင် တခြား ဘယ်ကိစ္စကမှ မင်းအတွက် ခက်ခဲနေတော့မှာ မဟုတ်ဘူး။"
အာလီပိုင်က တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။ "ဆရာ ... ကျုပ်ဆီမှာ စစ်တပ်ကို ဦးဆောင်ဖူးတဲ့ အတွေ့အကြုံ သိပ်မရှိဘူး။"
"ဒီကိစ္စက ရိုးရှင်းပါတယ်။ လူတွေကို ယုံကြည်လေးစားစေချင်တယ် ဆိုရင် ဩဇာအာဏာ တည်ဆောက်ရမယ်၊ ပြီးတော့ ထိုက်တန်တဲ့ အကျိုးခံစားခွင့်တွေ ပေးရမယ်။ ဒီနှစ်ချက်ကိုသာ မင်း သေချာ လုပ်နိုင်ပြီ ဆိုတာနဲ့ အရာရာတိုင်းက အလိုအလျောက် အဆင်ပြေသွားလိမ့်မယ်။"
ဖန်ကျန်းရီသည် ထိုသို့ ပြောပြီးနောက် အာလီပိုင်၏ လက်ထဲတွင် စားမကုန်သေးသော ပေါင်မုန့်ကို လက်ညှိုးထိုးပြလိုက်၏။ "အလွယ်ကူဆုံး ဥပမာအနေနဲ့ အစားအသောက်ကိုပဲ ကြည့်လိုက်။ စစ်သားတွေ ပုံမှန် စားရတဲ့ အစားအသောက်က သေချာပေါက် သိပ်ကောင်းမှာ မဟုတ်ဘူး။ မင်းက သူတို့ကို ပုံစံအမျိုးမျိုး ပြောင်းပြီးတော့ ကျွေးလိုက်။ နောက်ကျရင် ဒီပေါင်မုန့် ဖုတ်တဲ့ နည်းလမ်းကို ဆရာ မင်းကို ပေးမယ်။
ကောင်းကောင်း စားရပြီ ဆိုတာနဲ့ သူတို့က မင်းအပေါ်ကို ချစ်ခင်တဲ့ စိတ်တွေ မွေးဖွားလာကြလိမ့်မယ်။ နောက်ပြီး မင်းက စစ်တပ်ထဲမှာ အမြဲတမ်း သွားလာနေရမယ်။ လူနှစ်ထောင်ပဲ ရှိတာလေ ... သူတို့ရဲ့ နာမည်တွေ အကုန်လုံးကို မှတ်ထားလိုက်။ သိပ်ပြီး မျက်နှာမကြီးပေမဲ့ လူချစ်လူခင်များတဲ့ သာမန် စစ်သားလေးတွေကို ရွေးပြီး သူတို့ရဲ့ နာမည်ကို ခဏခဏ ခေါ်ပြ၊ ပြီးတော့ အကြီးအကျယ် အားပေးစကားပြော။ အဲဒီအခါကျရင် မင်းကိုယ်တိုင် သိပ်ပြီး အားထုတ်စရာမလိုဘဲနဲ့ အောက်ကလူတွေက မင်းအတွက် အလိုအလျောက် ဝါဒဖြန့်ပေးကြလိမ့်မယ်။
နောက်ဆုံးကျရင် သူတို့ရဲ့ လစာကို နည်းနည်း တိုးပေးလိုက်။ တခြား စစ်တပ်တွေထက် နည်းနည်းလေး ပိုများနေရင်ကို ရပြီ။ မင်းရဲ့ လူတွေက တခြားသူတွေ အားကျရလောက်တဲ့ အခြေအနေမျိုး ဖြစ်နေစေရမယ်။
ဒီလို အောက်ခြေက လူတွေဆိုတာက ရောင့်ရဲလွယ်ဆုံးပဲ။ မင်းလို အဆင့်အတန်းမျိုးနဲ့ သူတို့ကို တစ်ချက်လေး ကြည့်ပေးလိုက်တာကတောင်မှ ဆုလာဘ်တစ်ခုလို ဖြစ်နေတာ။ တကယ်လို့ လူပုံအလယ်မှာ သူတို့ တစ်ယောက်ချင်းစီရဲ့ နာမည်ကို ခေါ်နိုင်ပြီး လစာပါ တိုးပေးလိုက်မယ် ဆိုရင် အဲဒါက ကောင်းကင်ကနေ မိုးရေစက်တွေ ကျလာသလိုပဲ။ မင်းက သူတို့ကို နည်းနည်းလေး ကောင်းပြလိုက်တာနဲ့ သူတို့က မင်းအတွက် အသက်ကိုတောင် ပေးဝံ့ကြလိမ့်မယ်။"
ဟုတ်ပေသည်။ တကယ်ကိုပဲ ထိုသို့ဖြစ်ပုံရ၏။ သူသည် အဘယ်ကြောင့် ဤအချက်ကို မတွေးမိခဲ့သနည်း။
အာလီပိုင်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား မျက်နှာပေါ်တွင် ကျေနပ်ဝမ်းမြောက်သော အပြုံးများ ချိတ်ဆွဲထားလျက် ပြောလိုက်၏။ "ဆရာ ... ဆရာ ပြောတာ အရမ်း ကောင်းလွန်းတယ်။ ဒါဆို သေချာတဲ့ စစ်တပ် လေ့ကျင့်ရေး ကိစ္စတွေကရော။"
ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်သည်။ "ဒါက ပိုပြီးတော့တောင် လွယ်သေးတယ်။ သူတို့ကို အစွမ်းကုန် လေ့ကျင့်ခိုင်းလိုက်။ ပြန်မထနိုင်တော့တဲ့ အထိ၊ ခေါင်းထဲမှာ ဘာမှ မရှိတော့တဲ့ အထိ လေ့ကျင့်ခိုင်းလိုက်။
အဲဒီအချိန်ကျမှ မင်းက သူတို့ကို စိတ်ဓာတ်ရေးရာ သွင်းပေးရမယ်။ မင်းရဲ့ ကောင်းမွန်မှုကို သူတို့ ပိုပြီး နားလည်လာစေဖို့နဲ့ မင်းအပေါ် သစ္စာရှိလာစေဖို့ လုပ်ရမယ်။ ဒီအထဲက အသေးစိတ် အချက်အလက်တွေကို ဆရာ မင်းကို အများကြီး ပြောပြနေလည်း အလကားပဲ။ ဒါပေမဲ့ ဆရာ့ဆီမှာ မင်းကို ငှားပေးလို့ရမယ့် လူတစ်ယောက် ရှိတယ်။"
"ဘယ်သူလဲ ဆရာ။"
"ကျိုးထျဲ့လေ။ ကျင်းယီဝေ တပ်ဖွဲ့ဝင်တွေ အားလုံးက သူ လေ့ကျင့်သင်ကြားပေးထားတာချည်းပဲ။ တကယ်လို့ သူသာ မင်းကို ကူညီပေးနိုင်မယ် ဆိုရင် မင်းအတွက် အားစိုက်ရတာ သက်သာပြီး အကျိုးကျေးဇူး နှစ်ဆ ရလာမှာ မဟုတ်ဘူးလား။ ကျင်းယီဝေရဲ့ စစ်စည်းကမ်းတွေကိုလည်း မင်းရဲ့ လက်အောက်ငယ်သားတွေဆီမှာ အသုံးပြုလို့ ရတယ်။"
အာလီပိုင်က အလျင်အမြန် ပြောလိုက်၏။ "အဲဒါက အတွင်းရေး အချက်အလက်တွေ မဟုတ်ဘူးလား။"
"ဘာ အတွင်းရေး အချက်အလက်တွေလဲ။ ငါတောင်မှ အတွင်းထဲမှာ မရှိတော့တာ။ ငါက တာ့ကျင်းကို ပြန်သွားနိုင်အုံးမယ်လို့ မင်း ထင်နေသေးတာလား။"
ဖန်ကျန်းရီသည် မျက်နှာကို ရှုံ့မဲ့ပြီး ဆက်ပြော၏။ "နောက်ပြီး ဒါက စစ်တပ်အတွက် သုံးတာလေ။ ဆရာ ကျွမ်းကျင်တာက လူတစ်ယောက်ချင်းစီကို သင်ပေးဖို့ပဲ။ အခုချိန်မှာ မင်းနဲ့ ဆရာက အေးတူပူအမျှ ဖြစ်နေကြပြီ။ မင်း ကောင်းမှ ဆရာလည်း ကောင်းနိုင်မှာမို့ သင်ပေးစရာ ရှိတာကို သင်ပေးလိုက်ပါစေတော့။"
အာလီပိုင်သည် မတ်တပ်ရပ်ကာ ဦးညွှတ်ဂါရဝပြုရန် ဟန်ပြင်လိုက်သည်။ "ဆရာ့ရဲ့ ကျေးဇူးကို တပည့် တစ်သက်လုံး မမေ့ပါဘူး။"
ဖန်ကျန်းရီက သူ့ကို ကမန်းကတန်း လှမ်းထိန်းလိုက်သည်။ "လုံးဝ မလုပ်နဲ့။ ဆရာ ကိစ္စတွေကို အောင်မြင်အောင် လုပ်ပေးပြီးတဲ့ အချိန်ကျမှ ကျေးဇူးတင်လည်း နောက်မကျသေးပါဘူး။ တကယ်လို့များ ပျက်စီးသွားခဲ့ရင် ဆရာ့မှာ ဘယ်လို မျက်နှာမျိုး ရှိနေတော့မှာလဲ။ လောကကြီးမှာ ဘာမှ ပုံသေမရှိဘူး။ ဆရာ့မှာလည်း ကျရှုံးတဲ့ အချိန်တွေ ရှိတတ်ပါတယ်။
မင်း အခု ချက်ချင်း ပြန်သွားတော့။ စစ်တပ်ထဲကိုသွားပြီး မင်းလက်အောက်က စစ်သား တစ်ယောက်ချင်းစီရဲ့ နာမည်ကို အလွတ်ကျက်ထားလိုက်။ မနက်ဖြန်ကျမှ ပြန်လာပြီး ကျိုးထျဲ့ကို စစ်တပ်ထဲ ခေါ်သွား၊ စစ်တပ် လေ့ကျင့်ပေးဖို့ လုပ်။ အသေးစိတ် အစီအစဉ်တွေကို ဘေးနားကနေ သူ့ကို ကူညီဆောင်ရွက်ခိုင်းလိုက်လို့ ရတယ်။ ဆရာက အပြင်ဘက်ကနေ မင်းကို ကူညီပေးမယ်။ ငါတို့နှစ်ယောက် တစ်ယောက်က အတွင်း၊ တစ်ယောက်က အပြင်ကနေ လုပ်ကြရင် သေချာပေါက် ရလဒ်ကောင်းတွေ ထွက်လာလိမ့်မယ်။
နောက်တစ်ခုက ဆရာ မင်းအတွက် သွားပြီး အလုပ်လုပေးမယ့် ကိစ္စကို သွယ်ဝိုက်ပြီးတော့ပဲ ပြောလို့ရမယ်။ မင်းက နန်းတွင်းက တခြား အရာရှိတွေနဲ့ တွေ့ဆုံတဲ့ အခါကျရင် ဒီကိစ္စကို လုံးဝ (လုံးဝ) ထုတ်မပြောနဲ့။
နောက်ပြီး တခြားသူတွေ မင်းအပေါ် ထားရှိတဲ့ အမြင်တွေကိုလည်း ထုတ်မပြောနဲ့။ တကယ်လို့ တစ်ယောက်ယောက်က မင်းကို မကူညီချင်ဘူး ဆိုရင်တောင်မှ မင်းက မကျေမနပ်ဖြစ်ပြီး ညည်းညူတဲ့ ပုံစံမျိုး လုံးဝ မပြရဘူး။ ဒီအချက်ကို မင်း သေချာ မှတ်ထား၊ သေသေချာချာကို မှတ်ထား။"
အာလီပိုင်သည် ထိုသို့ ပြောပြီးနောက် အခန်းပြင်သို့ ကမန်းကတန်း ပြေးထွက်သွားတော့၏။ "ကျုပ် သေချာ မှတ်သားထားပါ့မယ်။ ဆရာ စိတ်ချပါ။ ဒါဆို ကျုပ် အခုပဲ သွားလိုက်ပါ့မယ်။"
သူ ထွက်သွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက စီစဉ်ညွှန်ကြားလိုက်သည်။ "ကျိုးထျဲ့ ... နေ့ခင်းဘက်ကျရင် မင်း အပြင်ထွက်ပြီး ငါ့အတွက် ပစ္စည်းတစ်ချို့ ဝယ်ပေးချေ။ အထည်ဆိုင်ကိုသွားပြီး ရွှေတိုင်းပြည်က မှူးမတ်တွေ ပုံမှန် ဝတ်လေ့ရှိတဲ့ အဝတ်အစား နှစ်စုံ၊ သုံးစုံလောက် ဝယ်ခဲ့။ ပြီးတော့ ဒေသခံတွေ အများဆုံးစားလေ့ရှိတဲ့ ဒေသထွက် မုန့်ပဲသရေစာ တစ်ချို့ကိုလည်း ဝယ်ခဲ့ဦး။ မနက်ဖြန် ငါအပြင်ထွက်ပြီး ရွှေတိုင်းပြည်က အရာရှိတွေကို သွားတွေ့တော့မယ်။ သေသေသေချာချာလေး စီစဉ်ထားချေ။"
ကျိုးထျဲ့သည် နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ "သခင်လေး ... ရွှေသားတွေကို သွားတွေ့တာကို ရွှေတိုင်းပြည်ရဲ့ ဒေသထွက် ကုန်ပစ္စည်းတွေ ပြင်ဆင်နေရသေးတာလား။ သခင်လေးက တကယ်တမ်း ဘာလုပ်ဖို့ ပြင်ဆင်နေတာလဲ။ သူ့အတွက် တကယ်ပဲ အလုပ်သွားလုပေးမလို့လား။"
"ချီးကို လုရမှာလား။ ငါ့မှာ တခြား အစီအစဉ် ရှိတယ်။ မင်းက သူ့ကို ကူညီပြီး စစ်တပ်ကို မြဲမြံနေအောင် ထိန်းချုပ်ထားနိုင်ဖို့ကိုသာ သေချာ မှတ်ထားစမ်းပါ။ မင်းတို့ဘက်က တည်ငြိမ်သွားပြီ ဆိုမှ ငါတို့တွေ တစ်မြို့လုံးကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေး ရလာမှာ။"