← Chapters

အခန်း ၂၅၄

Vol. 15 Ch. 254

အခန်း ၂၅၄

Vol. 15 Ch. 254

အပိုင်း (၂၅၄) အမတ်ကြီးဖန်နောက်လိုက်၍ ကောင်းမွန်သော နေ့ရက်များကို ဖြတ်သန်းခြင်း။

ကျောက်တုန်း ထွက်သွားပြီးနောက် အလုပ်သမားများသည် ဝမ်းသာအားရဖြင့် ကုတင်နေရာများကို စတင်ခွဲဝေကြတော့၏။

လူတိုင်းက ဆင်းရဲဒုက္ခများ ခံစားဖူးသူများဖြစ်ရာ ကုတင်နေရာ စသည်တို့ကို လုံးဝ ဂရုမစိုက်ကြချေ။

ယခင်က မြေကြီးပေါ်တွင်ပင် အိပ်ခဲ့ရသည် မဟုတ်ပါလား။ ယခု ကုတင်နှင့် စောင်များ ရှိနေပြီဖြစ်ရာ အပေါ်ထပ်ဖြစ်စေ၊ အောက်ထပ်ဖြစ်စေ ဘယ်မှာအိပ်ရအိပ်ရ အဆင်ပြေလှသည်။

မကြာမီမှာပင် အားလုံး နေရာခွဲဝေပြီးစီးသွားပြီး လူတိုင်းက မိမိတို့၏ ပစ္စည်းများကို နေရာချကာ ကိုယ်ပိုင် ကုတင်များဆီသို့ သွားကြ၏။

ချန်စီဝူမှာ ကံကောင်းစွာဖြင့် အောက်ထပ်တွင် နေရာရခဲ့သည်။

သူသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ခေတ္တမျှ ငိုင်တိုင်တိုင် ဖြစ်နေမိ၏။

ထို့နောက် ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ ကုတင်အောက်မှ မျက်နှာသစ်ဇလုံ တစ်လုံးကို ဆွဲထုတ်လိုက်သည်။

အထဲတွင် ပဝါတစ်ထည်၊ ဆပ်ပြာခဲလေး တစ်ခဲနှင့် လှီးထားသော မိုးမခကိုင်းလေး တစ်ခုတို့ ရှိနေ၏။

သစ်သားဇလုံနှင့် ပဝါမှာ အလွန်တန်ဖိုးပေါပုံပေါ်ပြီး ဆပ်ပြာခဲလေးမှာလည်း သနားစရာကောင်းလောက်အောင် သေးငယ်လှသည်။

သွားတိုက်ရန် အသုံးပြုသော မိုးမခကိုင်းကတော့ ပြောစရာပင် မလိုတော့ချေ။ နေရာတကာတွင် အလွယ်တကူ တွေ့နိုင်သောအရာ ဖြစ်၏။

ချန်စီဝူသည် ထိုမျက်နှာသစ်ဇလုံကို ပိုက်ကာ ဇလုံထဲရှိ တန်ဖိုးမရှိသော ပစ္စည်းလေးများကို ကြည့်ရင်း တိတ်ဆိတ်သွားမိသည်။

ချန်စီဝူသည် အလွန်အရေးမပါသော လယ်သမားတစ်ဦးသာ ဖြစ်၏။ ရေကြီးမှုကြောင့် ရွာလေး ပျက်စီးသွားခဲ့ပြီး လမ်းတစ်လျှောက်တွင် ကောက်ရရာ အစားအစာများကို စားသောက်၍ ကျန်းကျန်မြို့အထိ အသက်ရှင်လျက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လမ်းခရီးတစ်လျှောက်တွင် မိဘများ သေဆုံးခဲ့ပြီး၊ ဇနီးသည်မှာ ငတ်မွတ်၍ သေဆုံးခဲ့ရကာ၊ ကလေးမှာလည်း ဘာစားမိမှန်းမသိဘဲ အော့အန် ဝမ်းလျှောကာ လမ်းတစ်ဝက်တွင်ပင် သေဆုံးခဲ့ရ၏။

မိဘများ ဆုံးပါးသွားချိန်တွင် ချန်စီဝူသည် ဝမ်းနည်းပူဆွေးမှုကို အံကြိတ်ခံကာ ဇနီးနှင့် သားသမီးအတွက် မိမိကို လိုအပ်နေသေးသည်ဟူသော အတွေးဖြင့် ဆက်လက်ခရီးဆက်ခဲ့ပြီး နေ့စဉ်နှင့်အမျှ တောတောင်များထဲတွင် အစားအစာများကို ရှာဖွေခဲ့ရသည်။

ဇနီးနှင့် သားသမီး သေဆုံးသွားချိန်တွင်တော့ ချန်စီဝူ၏ ရင်ထဲ၌ မည်သည့် ဝမ်းနည်းပူဆွေးမှုမှ မရှိတော့ဘဲ သားအမိနှစ်ယောက်၏ ရုပ်အလောင်းများကို သူစိမ်းများ၏ ဆွေမျိုးများ သေဆုံးသွားသကဲ့သို့ ငိုင်တိုင်တိုင် ကြည့်နေခဲ့မိ၏။ ထို့နောက် ရိုးရှင်းစွာ မြှုပ်နှံပြီး ခရီးဆက်ခဲ့ပြန်သည်။

ချန်စီဝူမှာ အလွန်တရာ ဆင်းရဲဒုက္ခများ ခံစားခဲ့ရပြီ ဖြစ်၏။

သူ၏နှလုံးသားသည် ရေခဲဖုံးလွှမ်းသွားသကဲ့သို့ မည်သည့်ခံစားချက်မှ မရှိတော့ဘဲ ရှင်သန်လိုသော ဗီဇတစ်ခုတည်းဖြင့် သေတစ်ပိုင်း ၊ ရှင်တစ်ပိုင်း အသက်ဆက်ကာ ကျန်းကျန်မြို့အထိ တင်းခံ၍ ရောက်လာခဲ့ခြင်း ဖြစ်သည်။

မြို့ပြင်သို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေး ဆန်ပြုတ်တဲများကို မြင်တွေ့ရကာ ကြည်လင်နေသော ဆန်ပြုတ်ကျဲကျဲများကို သောက်သုံးရသော်လည်း အစာအိမ်ထဲတွင် ပူလောင်နာကျင်မှုကို ခံစားနေရဆဲ ဖြစ်၏။

နေ့စဉ်နှင့်အမျှ ဤသို့ သေတစ်ပိုင်း ရှင်တစ်ပိုင်းဖြင့်သာ ဆက်လက်ရှင်သန်နေရပြီး မည်သည့် မျှော်လင့်ချက်မှ မရှိတော့ပေ။

သို့ပေမည့် ကျန်းကျန်မြို့၏ မြို့ဝန်အသစ် ရောက်လာချိန်မှစ၍... အရာအားလုံး ပြောင်းလဲသွားသကဲ့သို့ ဖြစ်လာခဲ့သည်။

ထိုလူသည် အရာရှိတစ်ဦး၏ အသွင်အပြင်မျိုး အနည်းငယ်မှ မရှိချေ။

စကားပြောဆိုမှုနှင့် လှုပ်ရှားမှုများက ရွာထိပ်မှ လူမိုက်တစ်ဦးနှင့်ပင် ပို၍တူနေသေး၏။

သို့သော်ငြား ထိုကဲ့သို့သောလူမျိုးက ချန်စီဝူ၏ တိတ်ဆိတ်နေသော စိတ်ခံစားချက်များကို လှုပ်ခတ်သွား စေခဲ့သည်။

သေဆုံးနေသော ရေအိုင်လေးတွင် လှိုင်းဂယက်လေးများ စတင်ဖြစ်ပေါ်လာခဲ့၏။

ဘဝသည်လည်း တဖြည်းဖြည်းနှင့် တိုးတက်ကောင်းမွန်လာသလို ရှိသည်။

မြို့ပြင်ရှိ ဆန်ပြုတ်များမှာ ပို၍ပို၍ ပျစ်လာခဲ့၏။

သို့ဆိုလျှင်တောင် သူ၏ စိတ်ထဲတွင်တော့ အာဏာပိုင်များ၏ ဆန်ပြုတ်တဲများမှ နေ့စဉ် ဝေငှပေးနေသော ဆန်ပြုတ်များ မည်မျှပင် ပျစ်နေပါစေ တစ်နေ့နေ့တွင် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိနေသည်။

ယခု ရာသီဥတုက ပူနွေးနေသဖြင့် အသက်ရှင်နိုင်သေးသော်လည်း နောက်ထပ် လအနည်းငယ် ကြာလျှင် မိမိကိုယ်တိုင် ငတ်မသေခင်မှာပင် အအေးဒဏ်ကြောင့် သေဆုံးသွားရလိမ့်မည်။

သို့ပေမည့် မြို့ပြင်တွင် သစ်သားအိမ်များကို အကြီးအကျယ် ဆောက်လုပ်လာပြီးနောက် မရေမတွက်နိုင်သော ဒုက္ခသည်များကို မြို့ထဲသို့ ခေါ်ဆောင်သွားကာ ဘောင်းဘီအသစ်များ လဲလှယ်ဝတ်ဆင်ပေးလိုက်ချိန်တွင်...

ချန်စီဝူ၏ ရင်ထဲ၌ မျှော်လင့်ချက်များ တစ်ဖန် ပြန်လည် ရှင်သန်လာခဲ့ပြန်သည်။

နောက်ဆုံးတော့ သူသည်လည်း ဤသစ်သားအိမ်ထဲသို့ ဝင်ရောက်နေထိုင်ခွင့် ရခဲ့သည်။ အလွန်ရိုးရှင်းလွန်းသည် ဆိုပေမဲ့လည်း လူ၏ရင်ထဲတွင် အကာအကွယ်ပေးခံရသော နွေးထွေးမှုကို ဖြစ်ပေါ်စေ၏။

နှလုံးသားထဲရှိ ရေခဲတုံးကြီးသည် ဖြည်းညှင်းစွာ အရည်ပျော်ကျသွားခဲ့သည်။

ရေခဲဖုံးလွှမ်းနေသော ဒဏ်ရာများသည်လည်း တစ်ဖန် ပြန်လည် စုတ်ပြဲသွားသကဲ့သို့ပင်။

ချန်စီဝူ၏ မျက်ထောင့်များ စတင်စိုစွတ်လာပြီး ပထမဆုံး မျက်ရည်တစ်ပေါက် ကျဆင်းလာခဲ့သည်။

ထို့နောက် ဤမျက်ရည်များသည် ဆည်ကျိုးပေါက်သွားသကဲ့သို့ အဆက်မပြတ် စီးကျလာတော့၏။

ရင်ကွဲမတတ် နာကျင်မှုက လူကို ဆုတ်ဖြဲပစ်တော့မည့်အလား ခံစားလိုက်ရသည်။

ချန်စီဝူသည် ရင်ဘတ်ကို ဖိကာ အော်ဟစ်ငိုကြွေးလိုက်၏။ "မိန်းမ ... သားလေး..."

ငိုကြွေးသံများသည် အိပ်ဆောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသော်လည်း မည်သူကမှ ချန်စီဝူအား ထူးဆန်းသော အကြည့်များဖြင့် မကြည့်ကြပေ။

အချို့က သူ့ကို မျက်ရည်များဖြင့် တိတ်တဆိတ် ကြည့်နေကြသည်။

အချို့က ပဝါဖြင့် မျက်နှာကို တိတ်တဆိတ် ဖုံးကွယ်ထားကြ၏။

အချို့ကမူ ပဝါကို ပါးစပ်ထဲ သွင်းကာ ငိုသံမထွက်စေရန် အသေအလဲ ကိုက်ထားကြသည်။

အလားတူ ကံကြမ္မာဆိုးများနှင့် ရင်ဆိုင်ခဲ့ရသူ တစ်စုသည် စုဝေးရောက်ရှိလာကြပြီး ရုတ်တရက် ပေါက်ကွဲထွက်လာသော ဝမ်းနည်းပူဆွေးမှုများကို တိတ်တဆိတ် ခံစားနေကြ၏။

အချိန်အတော်ကြာပြီးနောက် ချန်စီဝူသည် ငိုကြွေးခြင်းကို ရပ်တန့်လိုက်ပြီး သစ်သားဇလုံကို ဘေးတွင် ဂရုတစိုက် ချထားလိုက်သည်။ ထို့နောက် ဒူးနှစ်ဖက်ကြားတွင် ခေါင်းဝှက်ထားလိုက်၏။

လူတိုင်းသည် ကုတင်ပေါ်တွင် ဘာစကားမှမပြောဘဲ ထိုင်နေကြပြီး အချိန်မည်မျှ ကြာသွားမှန်းမသိဘဲ မိုးချုပ်သွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွဲရန် ကုတင်ပေါ်မှထကာ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်၏။

အေးမြသော ညလေညင်းများ တိုက်ခတ်လာပြီး ဤဝမ်းနည်းပူဆွေးမှုများကို အတော်လေး လွင့်စင်သွားစေခဲ့သည်။

ထို့နောက် ချန်စီဝူသည် စကားပြောသံများကို ကြားလိုက်ရ၏။

"မနက်ဖြန် အလုပ်ဆင်းရတော့မယ်။"

"နောက်ပိုင်းကျရင် ဘဝလေး သာယာလာတော့မှာပါ။"

"ကျုပ်သိပါတယ်။ ဒီစွန်းအိမ်တော်က အလုပ်သမားတွေကို ဆန်ပြုတ်ပဲ တိုက်တာတဲ့။ တစ်နေ့ကို နှစ်နပ်တဲ့။"

"ချီးတဲ့မှ … ဒါဆို ဆန်ပြုတ်တဲနဲ့ ဘာကွာတော့မှာလဲ။ ဆန်ပြုတ်တဲက ဆန်ပြုတ်ကလည်း အတော်လေး ကောင်းနေပြီပဲ။ ဆန်ပြုတ်ပဲ ထပ်သောက်ပြီး အလုပ်လုပ်ရဦးမယ်ဆိုတော့ ငါတော့ လိမ်ခံလိုက်ရပြီ ထင်တယ်။"

"ခင်ဗျားက လောလိုက်တာ။ ကျုပ် ပြောလို့ မပြီးသေးဘူးလေ။"

"မြို့ထဲမှာ အထည်ဆိုင် နှစ်ဆိုင်ရှိတယ်။ စွန်းအိမ်တော်နဲ့ လျိုအိမ်တော်က အထည်ရောင်းကြတာ။ စွန်းအိမ်တော်က အလုပ်သမားတွေကို ဆန်ပြုတ်တိုက်တယ်ဆိုတာ လျိုအိမ်တော်က သိသွားတော့ လျိုအိမ်တော်က ချက်ချင်းပဲ အလုပ်သမားတွေကို ထမင်းကြမ်း ကျွေးလိုက်တယ်။ ဟင်းသီးဟင်းရွက် ချဉ်ဖတ်တွေပါ ပါသေးတယ်တဲ့။

စွန်းအိမ်တော်က မြို့ထဲမှာ အဆဲခံရလွန်းလို့ နောက်ပိုင်းကျတော့ သူလည်း ထမင်းကြမ်း ပြောင်းကျွေးရတာပေါ့။ ဟင်းသီးဟင်းရွက် ချဉ်ဖတ်တွေအပြင် ဟင်းတွေပါ ပါသေးတယ်။ တစ်ပတ်ကို တစ်ခါ အသားပါ စားရတယ်တဲ့။"

"ဟေ့... မင်းက ဘယ်လိုလုပ် သိတာလဲ။ ငါတို့ အမြဲတမ်း အတူတူ ရှိနေခဲ့တာ မဟုတ်ဘူးလား။"

"မင်း မျက်လုံးကန်းနေတာလား။ မြို့ပြင်ထွက်လာတုန်းက ရုံးတော်ရှေ့မှာ အကြီးကြီး ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့တယ်လေ။ ပြီးတော့ လူတစ်ယောက်ကလည်း အဲဒီအကြောင်းတွေကို ရှင်းပြနေတာပဲ။"

ချန်စီဝူသည် ပါးစပ်ကို ဟကာ ရယ်မောလိုက်မိ၏။

ဆွေးနွေးသံများ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်၏။

"ဟေ့... ခင်ဗျားတို့ သိလား။ ကျုပ်သူငယ်ချင်း ပြောပြတာ... မြို့ထဲမှာ ဆရာကြီးချီဆိုတဲ့ တော်တော်တော်တဲ့ လက်သမားဆရာ တစ်ယောက်ရှိတယ်တဲ့။ သူလုပ်တဲ့ လုပ်ရာတွေက တော်တော် လှတယ်တဲ့။

ကျုပ်သူငယ်ချင်းက အမတ်ကြီးဖန်ရယ်၊ စွန်းအိမ်တော်က သခင်ရယ်၊ ဆရာကြီးချီရယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ စကားပြောနေတာကို တွေ့ခဲ့တယ်တဲ့။

အလုပ်သမားတွေ မြေကြီးပေါ် ထိုင်စားတာ မကောင်းဘူးတဲ့။ အအေးပတ်လွယ်တယ်တဲ့။ ဆောင့်ကြောင့်ထိုင်ရတာလည်း ပင်ပန်းတယ်တဲ့။ အဲဒါကြောင့် ဆရာကြီးချီကို ဘာပစ္စည်းမှန်းမသိဘူး တစ်ခု တီထွင်ခိုင်းတယ်တဲ့။"

ချန်စီဝူ မျက်လုံးများ တောက်ပသွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ "ဘာပစ္စည်းလဲ။"

"အိုးဟိုး... အဲဒါက တော်တော် မိုက်တာ။"

"တော်တော်ကြီးတဲ့ ပစ္စည်းတစ်ခုလို့ ကြားတယ်။ အဲဒီပေါ်မှာ ထိုင်ပြီး ထမင်းစားလို့ ရတယ်တဲ့။ တစ်ဖက်မှာ မြည်းတစ်ကောင်က ကြိတ်ဆုံလှည့်သလို လှည့်ပေးနေရတယ်။ အဲဒါကို ပို့ဆောင်ရေးခါးပတ် လို့ ခေါ်သလားပဲ။

အသေးစိတ်တော့ ကျုပ်လည်း သေချာ နားမလည်လိုက်ဘူး။ ကျုပ်တို့က အဲဒီနေရာမှာ သွားထိုင်နေရုံပဲ။ ထမင်းတွေ ဟင်းရည်တွေက ပါးစပ်ထဲ အလိုလို ရောက်လာလိမ့်မယ်။ စားပြီးတာနဲ့ အလုပ်ဆက်လုပ်လို့ ရပြီ။"

ချန်စီဝူက အံ့အားသင့်စွာ ပြောလိုက်သည်။ "ဒါဆို ပြုစုယုယခံရတာ မဟုတ်ဘူးလား။ ဒီဆရာကြီးချီက တော်တော် တော်တာပဲ။"

"ဟုတ်တယ်လေ။ ကျုပ်တို့လည်း ပြုစုယုယ ခံရတော့မှာပေါ့။"

"ဆရာကြီးချီက သိပ်မတော်သေးဘူး။ အဲဒါကို အမတ်ကြီးဖန်က ဒီဇိုင်းဆွဲပေးတာလို့ ကြားတယ်။ အဲဒီအချိန်တုန်း က သူနဲ့ စွန်းအိမ်တော်က သခင် စကားပြောနေတာ။ ဆရာကြီးချီက ဘေးကနေ လိုက်မှတ်နေရတာတဲ့။"

ချန်စီဝူက လေးစားအားကျစွာဖြင့် ပြောလိုက်၏။ "အမတ်ကြီးဖန်က တကယ့်ကို နတ်ဘုရားပါပဲ။"

"ဟုတ်တယ်လေ။ အမတ်ကြီးဖန်က ဒီမှာရှိနေသရွေ့ ကျုပ်တို့ ကောင်းကောင်းမွန်မွန် နေရမှာ သေချာပါတယ်။"

"အင်း..."

All Chapters