အခန်း (၃၁၉-၃၂၀)
Vol. 18 Ch. 319-320
အပိုင်း (၃၁၉) ရှောင်ပိုင် ထွက်ပြေးသွားပြီ။
“ဘာ အပေးအယူလဲ။” ချီယန်တယ်ရှန်းက ဖန်ကျန်းရီကို စိုက်ကြည့်ရင်း မေးလိုက်၏။
ဖန်ကျန်းရီက ပြုံးကာ ပြန်ပြောလိုက်သည်။
“ကျုပ် သိရသလောက်ဆိုရင် ပိုင်ရီက ခင်ဗျားဆီ မကြာခဏ လာတတ်တယ် မဟုတ်လား။ ခင်ဗျားတို့ နှစ်ယောက် ဘယ်လို ပတ်သက်မှု ရှိတယ်ဆိုတာ မသိပေမဲ့ တော်ဝင်မိသားစုရဲ့ လက်နက်ကို သူ့ဆီ လွယ်လွယ်ကူကူ ပေးလိုက်တာကို ကြည့်ရင် သူ့ရဲ့ အဆင့်အတန်းက သာမန် မဟုတ်ဘူးဆိုတာ သိသာတယ်။
ကျုပ်ကလည်း သံမဏိ နှလုံးသားနဲ့ လူမှ မဟုတ်တာ။ ရှောင်ပိုင်က ကျုပ်ဆီမှာ တစ်နှစ်ကျော် နေလာခဲ့ပြီ။ ကျောက်တုံးဆိုရင်တောင် နွေးနေလောက်ပြီ။ ဒါကြောင့်... ကျုပ်က သူ့ကိုလည်း မသတ်ချင်ဘူး။ ဒါပေမဲ့ ဒီအတိုင်း လွှတ်ပေးလိုက်ဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ ကျုပ်နဲ့ အပေးအယူ လုပ်ရတာ အရမ်း လွယ်ပါတယ်။ ငွေပေးပြီး အသက်ဝယ်လိုက်။ ခင်ဗျားတို့ နှစ်ယောက် အသက်ရှင်နိုင်မလား ဆိုတာက ခင်ဗျား ဘယ်လောက် ပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်နေတယ်။”
ချီယန်တယ်ရှန်းသည် အံ့အားသင့်သွားပြီးနောက် အထင်သေးစွာဖြင့် ပြောလိုက်၏။
“ဖန်အမတ်ရဲ့ သတင်းတွေကို ငါ ကြားဖူးပါတယ်။ အရင်တုန်းက ဖန်အမတ်က တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ပေးနေတဲ့ တရားမျှတတဲ့ အမတ်တစ်ယောက်လို့ ထင်ခဲ့တာ။ ကွယ်ရာမှာ ဒီလောက် အောက်တန်းကျမယ်လို့ မထင်ထားခဲ့ဘူး။”
ဖန်ကျန်းရီက ရယ်မောလိုက်သည်။
“ကျုပ်သာ တရားမျှတတဲ့ အမတ်ဆိုရင်... ခင်ဗျား ဘယ်လိုလုပ် အသက်ရှင်နိုင်ပါ့မလဲ။ ကျုပ်က တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ပေးနေတာ မှန်ပါတယ်။ ဒါပေမဲ့ ငွေယူတာကလည်း ဖြစ်သင့်တာပဲလေ။ တစ်နှစ်ကို လစာ ငွေလေး ဆယ့်ငါးတုံးတည်းနဲ့ မိသားစု တစ်စုလုံးကို ဘယ်လိုလုပ် ကျွေးမွေးနိုင်မှာလဲ။ ပြည်သူကို ခေါင်းပုံဖြတ်တဲ့သူတွေပဲ စည်းစိမ်ခံနေရပြီး ကျုပ်က ဆင်းရဲတွင်းထဲမှာပဲ နေရမှာလား။ တရားမျှတမှုဆိုတာ မရှိတဲ့အတွက် ကျုပ်ခွန်ကျုပ်အားနဲ့ပဲ လိုချင်တာကို လုယူရတော့မှာပေါ့။”
ချီယန်တယ်ရှန်းက ခေါင်းယမ်းကာ ပြုံးလိုက်၏။
“ကောင်းပြီ...ငါ လက်ခံတယ်။ ဒါပေမဲ့ ငါ ပိုင်ရီကို တွေ့ပြီးမှ ဆက်ဆွေးနွေးလို့ ရမယ်။ ဒီလိုမှ မဟုတ်ရင် မင်း ငါ့ကို တိုက်ရိုက် သတ်ပစ်လိုက်တာက ပိုကောင်းလိမ့်မယ်။”
“ပိုင်ရီ... သူက မင်းသမီး မဟုတ်လား။ ဒါမှမဟုတ် တော်ဝင်မိသားစုဝင် မဟုတ်ရင် ခင်ဗျား ဘယ်လိုလုပ် အဲလောက် ဂရုစိုက်မှာလဲ။”
ချီယန်တယ်ရှန်းက ပါးစပ်ပိတ်ကာ စကားမပြောတော့ချေ။
ဖန်ကျန်းရီလည်း ဂရုမစိုက်တော့ပေ။ သူ ခန့်မှန်းထားသည်နှင့် သိပ်မကွာခြားကြောင်း သိလိုက်ရ၏။ သို့ပေမည့် ဤအဘိုးကြီးကို သူ အနည်းငယ် လေးစားသွားမိသည်။ တိုင်းပြည် ပျက်သုဉ်းသွားတာတောင် ပိုင်ရီကို အသက်နှင့်ရင်းပြီး ကာကွယ်ပေးချင်နေသေးသည်။ သစ္စာစောင့်သိမှု ဆိုသည်မှာ ကောင်းမွန်သောအရာ တစ်ခုပင်။
ဖန်ကျန်းရီက မတ်တပ်ရပ်လိုက်သည်။
“ကောင်းပြီ...ကျုပ် သဘောတူတယ်။ ခင်ဗျားကို သူနဲ့ ပေးတွေ့မယ်။ ခင်ဗျား ဘယ်လောက် ပေးနိုင်မလဲ ဆိုတာကို အရင်ဆုံး စဉ်းစားထားလိုက်။ သာမန် ငွေအနည်းအကျဉ်းကိုတော့ ကျုပ်က စိတ်မဝင်စားဘူးနော်။ ကျိုးထျဲ့ … သွားကြစို့။”
ပြောပြောဆိုဆိုဖြင့် ကျိုးထျဲ့ကိုခေါ်ကာ တံခါးဖွင့်ပြီး ထွက်လာခဲ့၏။ အပြင်ရောက်သောအခါ ဖန်ကျန်းရီက ကျိုးထျဲ့ကို ပြောလိုက်၏။
“ခင်ဗျား အရင်ဆုံး ဘောလုံးကွင်းကို ပြန်ပြီး ကျန်းပြောင်နဲ့ လေ့ကျင့်ပေးနေလိုက်။ လူနည်းနည်းလောက်ကို ချီယန်ရှန်း အထည်ဆိုင်မှာ စောင့်ခိုင်းထား။ အထဲမှာ လူငါးယောက်လောက် ရှိတယ်လို့ ထင်တယ်။ အဲဒီလူတွေကို ဖမ်းမိရင် တစ်ခါတည်း ခေါ်လာခဲ့လိုက်။”
ကျိုးထျဲ့က ခေါင်းညိတ်ပြပြီး လှည့်ထွက်သွား၏။
ဖန်ကျန်းရီကတော့ စာကြည့်ဆောင်ဆီသို့ တိုက်ရိုက် ပြန်လာခဲ့သည်။ စားပွဲရှေ့တွင် ထိုင်ကာ ကိုယ်ပေါ်မှ ဓားမြှောင်ကို ထုတ်၍ လက်ထဲတွင် ထပ်ခါတလဲလဲ ကိုင်တွယ်ကြည့်နေမိသည်။
ပိုင်ရီအကြောင်းကို ပြန်တွေးကြည့်မိသည်။ အိမ်တွင် နေခဲ့ရသော တစ်နှစ်တာကာလအတွင်း သူမ၏ အပြုအမူများ က မဆိုးလှချေ။ လူတိုင်းနှင့်လည်း သင့်တင့်စွာ နေထိုင်နိုင်ခဲ့သည်။ သူမ၏ အဆင့်အတန်းက ဤမျှလောက် ထူးခြားနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကံကောင်း၍ အချိန်မီ သိလိုက်ရသဖြင့် ပြဿနာကြီး မဖြစ်ခဲ့ခြင်းပင် ဖြစ်၏။ ယခု ချီယန်တယ်ရှန်း အဖမ်းခံရပြီဖြစ်ရာ လူသိရှင်ကြား ဖြစ်သွားလောက်ပြီ။ အခြား အပေါင်းအပါများ ရှိနေသေးလျှင်တောင် အရှင်မင်းကြီးကို လုပ်ကြံတော့မည် မဟုတ်ချေ။
'ပြဿနာ မရှိပါဘူး။ ညကျလို့ပြန်လာမှ သူတို့နှစ်ယောက်ကို အတူတူ စစ်မေးမယ်။ အဲဒီအခါကျရင် အကုန်လုံး ပေါ်လာမှာပဲ'
ပြဿနာ မရှိနိုင်ကြောင်း သေချာသွားသဖြင့် ဖန်ကျန်းရီသည် စာကြည့်ဆောင်ထဲမှ ထွက်လာခဲ့၏။ ထို့နောက် ပိုင်ရီ၏ အခန်းပေါက်ဝသို့ သွားလိုက်သည်။
ရှောင်ထောင် ဝင်သွားခဲ့ပြီး အလောတကြီး ထွက်လာသောကြောင့် သော့ခတ်မထားခဲ့ချေ။
ဖန်ကျန်းရီက တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ ရှောင်ထောင်က အလောတကြီး ရှာဖွေခဲ့သဖြင့် အရေးကြီးသော အရာအချို့ကို ရှာမတွေ့ခဲ့ခြင်းလည်း ဖြစ်နိုင်ရာ ထပ်မံ၍ သေချာစွာ ရှာဖွေကြည့်သင့်သည်ဟု သူ တွေးမိ၏။
အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် မွှေးပျံ့သော ရနံ့တစ်ခုက ဖန်ကျန်းရီ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။ ဖန်ကျန်းရီက စားပွဲပေါ်သို့ကြည့်လိုက်ရာ စုတ်တံ၊ မင်တုံး၊ စက္ကူတို့အပြင် အမွှေးတိုင်ခွက် တစ်ခုကိုပါ တွေ့လိုက်ရ၏။ အထဲတွင် ထွန်းထားသော အမွှေးတိုင်က တန်ဖိုးကြီးပုံရပြီး ကုန်သွားသည်အထိ အနံ့ခံနိုင်စွမ်း ရှိနေသေးရာ သေချာပေါက် ဈေးမပေါနိုင်ချေ။
'တစ်လကို လစာ ငွေသုံးတုံး ရတဲ့သူက... ဒီလောက် ဇိမ်ကျတဲ့ အမွှေးတိုင်ကို သုံးနိုင်တယ်။ အစေခံမလေး ဘဝရောက်နေတာတောင် မြင့်မြင့်မားမား နေချင်သေးတယ်'
ဖန်ကျန်းရီက အထင်သေးစွာ နှုတ်ခမ်းမဲ့လိုက်၏။
'သခင်မလေး ခန္ဓာကိုယ်နဲ့ အစေခံမလေး ဘဝပဲ'
ထို့နောက် ဆက်လက်၍ ရှာဖွေကြည့်ပြန်သည်။ ကုတင်ပေါ်၊ ကုတင်အောက်တွင် ဘာမှ မတွေ့ရချေ။ ဗီရိုနားသို့ သွားကာ ဗီရိုကို ဖွင့်လိုက်ရာ အမွှေးနံ့သင်းသင်းလေး ထွက်ပေါ်လာပြီး အထဲတွင် အရောင်အသွေး စုံလင်သော အဝတ်အစား အထည်နှစ်ဆယ်ကျော်ခန့် ရှိနေ၏။ ဘေးတွင် ရင်စည်းအင်္ကျီနှင့် အတွင်းခံများလည်း ရှိနေသည်။ အဖြူရောင်၊ ပန်းရောင်၊ အစိမ်းရောင်... ပုံစံတွေကလည်း စုံလင်နေသည်။
ဖန်ကျန်းရီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ မဖြစ်ဘူး... ဒါက အရမ်း စက်ဆုပ်စရာ ကောင်းလွန်းတယ်။ ငါ့ရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီဘူး။
ဗီရိုကို ပြန်ပိတ်ကာ ဆက်လက်၍ ရှာဖွေပြန်၏။ စာကြည့်စားပွဲသို့ ရောက်သောအခါ အပေါ်တွင် မိတ်ကပ်သေတ္တာ တစ်လုံးကို တွေ့လိုက်ရသဖြင့် ဖွင့်ကြည့်လိုက်သည်။ အထဲတွင် လက်ဝတ်ရတနာ အချို့ ရှိနေ၏။ ဖန်ကျန်းရီက သေတ္တာထဲမှ လက်စွပ်ကို ယူကာ သေချာစွာ အကဲခတ်ကြည့်လိုက်သည်။
'ဒါ... အရင်တုန်းက ငါ ပိုင်ရီကို ပေးခဲ့တဲ့ လက်စွပ်ပဲ။ သူ ဒါကို သိမ်းထားသေးတာပဲ။ ဒီပစ္စည်းက အိမ်မှာ အမှိုက်နဲ့ မကွာပါဘူး။ ဂိုဒေါင်ထဲမှာ အများကြီး ရှိသေးတယ်'
တစ်ပတ်လောက် ပတ်ကြည့်ပြီးနောက် ဘာမှ ထူးထူးခြားခြား မတွေ့ရချေ။ ဖန်ကျန်းရီသည် နေရာတွင် ရပ်ကာ သေချာစွာ စဉ်းစားကြည့်လိုက်၏။
'အရေးကြီးတဲ့ သက်သေခံပစ္စည်းတွေက ရင်စည်းအင်္ကျီထဲမှာ ဝှက်ထားတာ ဖြစ်နိုင်တယ်။ ထပ်ရှာကြည့်အုံးမှ'
အကြောင်းပြချက် ရှာတွေ့သွားပြီးနောက် အပြစ်များသော လက်ကြီးက ဗီရိုဆီသို့ ထပ်မံ ရောက်သွားစဉ်မှာပင် အပြင်ဘက်မှ ရှောင်ထောင်၏ အော်သံ ထွက်ပေါ်လာသည်။
ဖန်ကျန်းရီက လက်ကို အလျင်အမြန် ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် အခန်းထဲမှ ထွက်လာခဲ့၏။
ရှောင်ထောင်က အလန့်တကြားဖြင့် သူ့အနားသို့ ပြေးလာသည်။ “သခင်လေး … ဒီမှာ ဘာလုပ်နေတာလဲ။”
“သက်သေခံပစ္စည်းတွေ ရှာနေတာ...ဘာဖြစ်လို့လဲ။”
“ရှောင်ပိုင်... ရှောင်ပိုင် ထွက်ပြေးသွားပြီ။ သူ့နောက်ကို လိုက်သွားတဲ့ အစောင့်နှစ်ယောက်ကို မေ့အောင် ရိုက်ထားခဲ့တယ်။”
ရှောင်ထောင်သည် စိုးရိမ်သွား၏။
ဖန်ကျန်းရီက အနည်းငယ် အံ့အားသင့်သွားသည်။ “မလောနဲ့။ ငါနဲ့ လိုက်ခဲ့၊ ဖြည်းဖြည်းချင်း ပြောပြ။”
ပြောပြောဆိုဆိုဖြင့် ရှောင်ထောင်ကို ဧည့်ခန်းထဲသို့ ခေါ်သွားလိုက်၏။ သူမအတွက် ရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးလိုက်သည်။
ရှောင်ထောင်က ရေနွေးကြမ်းကို သောက်ပြီးမှ အသက်ရှူမှန်သွား၏။
“အဲဒီ အစောင့်နှစ်ယောက်က အိမ်အပြန်လမ်းမှာ ရိုက်ခံလိုက်ရတာတဲ့။ မြို့စောင့် တပ်သားတွေက တွေ့လို့ လိုက်ရှာနေကြတယ်။ ရှောင်ပိုင်ကို ဘယ်သူခေါ်သွားလဲ ဆိုတာတော့ မမြင်လိုက်ရဘူးတဲ့။ ဒါပေမဲ့ ကျွန်မ ချက်ချင်းပဲ မြို့တံခါးမှာ စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်တယ်။ မြို့စောင့် တပ်သားတွေကိုလည်း အကြောင်းကြားထားတယ်။ သူတို့ မြို့ပြင် ထွက်လို့ မရလောက်ဘူး။”
ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ရှောင်ထောင်၏ တုံ့ပြန်မှုက မြန်ဆန်လှပေသည်။ ယခုအချိန်တွင် ရှောင်ပိုင် ထွက်ပြေးသွားသည့် ကိစ္စကို သူ သိပ်ပြီး စိတ်မပူတော့ချေ။ ယခုဆိုလျှင် သူမက ပေါ်ပေါက်သွားပြီဆိုတာ သိနေပြီဖြစ်ရာ လုပ်ကြံဖို့ လုံးဝ မဖြစ်နိုင်တော့ချေ။
အရှင်မင်းကြီး အပြင်ထွက်သည့်အခါ အပြည့်အဝ လက်နက်တပ်ဆင်ထားမည် ဖြစ်ပြီး သူ၏ အစီအစဉ်အရ ဘောလုံးကွင်းတွင် အရှင်မင်းကြီးကို ကာကွယ်ရန် အစောင့်အရှောက် ရာနှင့်ချီ၍ ရှိနေပေမည်။ ရှောင်ပိုင်က ဘယ်လောက်ပဲ အတွေ့အကြုံ မရှိပါစေ ဤကဲ့သို့ မိုက်မဲသော လုပ်ရပ်ကို လုပ်မည် မဟုတ်ချေ။
“အဲဒါဆိုရင်လည်း ကောင်းတာပေါ့။ မြို့ပြင် မထွက်နိုင်သရွေ့ ဘာမှ ပြဿနာ မရှိပါဘူး။ ငါတို့ သူ့ကို လှောင်အိမ်ထဲက ကြွက်လို ဖမ်းလို့ ရပါတယ်။ ဒါပေမဲ့ ရှောင်ပိုင် ကိစ္စကို ခဏထားလိုက်အုံး။ မင်းကို ဘယ်လို အပြစ်ပေးရမလဲ ဆိုတာ အရင် ပြောကြတာပေါ့။ ရှောင်ပိုင်မှာ မင်းဘေးမှာ တစ်နှစ်လောက် နေခဲ့တာတောင် မင်း သတိမထားမိဘူး။ ဘယ်လိုလုပ်မလဲ။”
ဖန်ကျန်းရီက ရှောင်ထောင်ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
“ဒါကို ဘယ်သူက သိမှာလဲ။ သခင်လေး... ကျွန်မ မသိဘူးလေ။ ငါးရက်...ကျွန်မကို ငါးရက် အချိန်ပေးပါ။ သူ့ကို ပြန်ဖမ်းလာခဲ့ပါ့မယ်။”
ရှောင်ထောင်က မျက်ရည်ကျချင်ဟန် ဆောင်ကာ ပြောလိုက်၏။
“မရဘူး။ မင်းရဲ့ ဒီနှစ် မုန့်ဖိုးတွေ အကုန် ဖြတ်မယ်။”
“ဟုတ်ကဲ့... မယူတော့ပါဘူး။”
“ဂိုဒေါင်ထဲက လက်စွပ်တွေကိုလည်း မင်း ယူခွင့် မရှိတော့ဘူး။ သုံးရက်...မင်းကို သုံးရက် အချိန်ပေးမယ်။ အရှင်မင်းကြီး နန်းတော်အပြင် မထွက်ခင် သူ့ကို မဖြစ်မနေ ပြန်ရှာလာခဲ့ရမယ်။ ဒီလိုမှ မဟုတ်ရင် မင်း အပြစ် ပေးခံရမယ်။”
ဖန်ကျန်းရီက သူမ၏ ဒွိဟဖြစ်နေသော မျက်နှာကို ကြည့်၍ တင်းမာစွာ ပြောလိုက်သည်။
အပိုင်း (၃၂၀) ရှောင်ထောင်၏ မြန်ဆန်လှသော အမြန်နှုန်း။
ပိုင်ရီ၏ ခြေရာခံခြင်းကို ရှောင်ထောင်က တာဝန်ယူထားသဖြင့် ဖန်ကျန်းရီသည် စိတ်ပူစရာ မရှိတော့ချေ။ မြို့တံခါးကိုသာ လူလွှတ်ပြီး စောင့်ခိုင်းထားမည်ဆိုလျှင် ပြဿနာကြီးကြီးမားမား ရှိမည် မဟုတ်ပေ။
ပိုင်ရီကို ခေါ်သွားသူများသည် ယခုအချိန်တွင် သေချာပေါက် ပုန်းအောင်းနေမည်ဖြစ်ပြီး ထပ်မံ၍ ပြဿနာ ဖန်တီးရဲမည် မဟုတ်ချေ။ ကျန်းမာရေးနှင့် သန့်ရှင်းရေးအဖွဲ့ကို အသုံးပြု၍ ရှာဖွေမည်ဆိုလျှင် ရက်အနည်းငယ် အတွင်း ဖမ်းမိနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။
ကိစ္စအားလုံး စီစဉ်ပြီးနောက် နောက်တစ်နေ့တွင် ဖန်ကျန်းရီသည် ပန်းရှန်း သတင်းစာတိုက်သို့ သွားရောက်ခဲ့သည်။
သတင်းထောက်များမှာ အလုပ်ရှုပ်နေကြဆဲဖြစ်ပြီး အံ့ဩစရာကောင်းသည်မှာ လီယွမ်ကျောက်လည်း ထိုနေရာတွင် ရှိနေခြင်းပင်။
ဖန်ကျန်းရီကို မြင်သည်နှင့် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ “ဖန်ကြီး … ခင်ဗျား ရောက်လာတာပဲ။ မတွေ့ရတာ ရက်နည်းနည်း ရှိပြီနော်။ ကျန်းပြောင် ပြင်ဆင်နေတာ ဘယ်လိုနေလဲ။”
“အင်း... မဆိုးပါဘူး။ အိမ်ရှေ့စံ ဘာလုပ်နေတာလဲ။”
“ဘာမှမလုပ်ပါဘူး။ သူတို့ကို အဏုဇီဝပိုးမွှားတွေ အကြောင်း ဆောင်းပါးနည်းနည်း ရေးခိုင်းနေတာ။”
လီယွမ်ကျောက်က ပေါ့ပေါ့ပါးပါးဖြင့် ပြန်ဖြေလိုက်၏။
အောက်ဘက်မှ သတင်းထောက်အချို့က ဖန်ကျန်းရီကို စိုးရိမ်တကြီး ကြည့်နေကြသည်။
ဖန်ကျန်းရီလည်း ချက်ချင်း သဘောပေါက်သွား၏။ လီယွမ်ကျောက် ပြဿနာ တစ်ခုခု ဖန်တီးထားပြီး သတင်းထောက်များက ဝင်မပြောရဲ၍ ဖြစ်ရမည်။ ထို့ကြောင့် အလျင်အမြန် ပြောလိုက်၏။ “အိမ်ရှေ့စံ … ဘောလုံးကွင်းမှာ ကျန်းပြောင်နဲ့ တခြားသူတစ်ယောက် သိုင်းပြိုင်နေတယ်။ အိမ်ရှေ့စံ သွားကြည့်မလား။”
ထင်သည့်အတိုင်းပင်...။ သိုင်းပြိုင်နေသည်ဟု ကြားသည်နှင့် လီယွမ်ကျောက်၏ မျက်လုံးများ အရောင်လက် သွားတော့သည်။
“ကောင်းတာပေါ့၊ သွားမယ်...ကျုပ်တို့ အတူတူ သွားရအောင်။”
“ကျုပ် မလိုက်တော့ဘူး။ အရှင်မင်းကြီး အပြင်ထွက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ရှဲ့ရှန်းကို မှာစရာလေးတွေ ရှိလို့ပါ။”
လီယွမ်ကျောက်က ဤကိစ္စကို စိတ်မဝင်စားကြောင်း သိသာလှသည်။ အသိပေး နှုတ်ဆက်ပြီးနောက် သတင်းစာတိုက်မှ တစ်ယောက်တည်း ထွက်ခွာသွား၏။
သူ ထွက်သွားသည်နှင့် သတင်းထောက်များက ချက်ချင်း ဝိုင်းအုံလာကြပြီး ရှန်ရီက စတင် ညည်းညူလိုက်သည်။ “ဖန်အမတ် … အိမ်ရှေ့စံက အရပ်ဘက် စားသောက်ဆိုင်တွေကို အတင်းအကျပ် ပြုပြင်ပြောင်းလဲခိုင်းလို့ ပြည်သူတွေက အရမ်း မကျေနပ်ဖြစ်နေကြတယ်။ ကျုပ်တို့ကိုလည်း သတင်းစာထဲမှာ ထည့်မရေးခိုင်းဘူး။ ဘယ်လိုလုပ်ရမလဲ။”
“ဘာလို့ မရေးခိုင်းတာလဲ။”
ဖန်ကျန်းရီက နားမလည်နိုင်စွာ မေးလိုက်၏။ “သူ့ရဲ့ အတွေးအခေါ်တွေက တော်တော် ပွင့်လင်းတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလိုတွေ လျှောက်လုပ်နေရတာလဲ။”
ရှန်ရီက သက်ပြင်းချကာ ဖြေလိုက်သည်။
“အိမ်ရှေ့စံက ပြောတယ်။ ပြည်သူတွေက ဒီအကြောင်းတွေကို နားမလည်ကြသေးဘူးတဲ့။ ဘာကမှားတယ်၊ ဘာကမှန်တယ်ဆိုတာ မသိသေးလို့တဲ့။ အချိန်ကြာလာရင် သူတို့ သဘောပေါက်သွားလိမ့်မယ်တဲ့။ ဒါကြောင့်... ကျုပ်တို့ကို သတင်းမရေးခိုင်းတာပါ... ဒီအဏုဇီဝပိုးမွှားဆိုတဲ့ အကြောင်းကလည်း တကယ်ကို ယုံကြည်နိုင်စရာ မရှိပါဘူး။ စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့ လမ်းဘေးဈေးသည်တွေက အရမ်းကို ဒုက္ခရောက်နေကြပြီ... ဒါပေမဲ့ အိမ်ရှေ့စံက အတင်းဖိအားပေးထားတယ်။ ကျုပ်တို့က ပြည်သူတွေအတွက် အသံထွက်ပေးရမယ့်သူတွေ မဟုတ်ဘူးလား။ အခု ဘယ်လိုလုပ်ရမလဲ။”
ဖန်ကျန်းရီလည်း ရှင်းပြရတာ ပျင်းသွား၏။ အဏုဇီဝပိုးမွှား၊ ဘက်တီးရီးယား အစရှိသည့် အကြောင်းအရာများက တာ့ကျင်း ပြည်သူများအတွက် အလွန် ဆန်းကြယ်လွန်းနေသည်။ ရုတ်တရက် သွားပြောပြပါက မည်သူမှ ယုံနိုင်မည် မဟုတ်ပေ။ ထို့အပြင် အခုအချိန်တွင် အဏုကြည့်မှန်ဘီလူးကို အမြောက်အမြား ထုတ်လုပ်ရန် မဖြစ်နိုင်သေးပေ။
သမားတော်များပင် ၎င်းကို အသုံးမပြုနိုင်သေးသောကြောင့် ဤအကြောင်းများကို ပြောနေခြင်းက အဓိပ္ပာယ် မရှိချေ။
“ဒီကိစ္စကို ကျုပ် သိပါပြီ။ အိမ်ရှေ့စံ ပြောတဲ့အတိုင်းသာ လုပ်ကြပါ။ ကျုပ် သူ့ကို သွားပြောပေးပါ့မယ်။ ခင်ဗျားတို့က ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို စုဆောင်းပြီး ကျုပ်ဆီကို စာရင်းလုပ်ပေးပါ။ အိမ်ရှေ့စံဆီ သွားတဲ့အခါ ကျုပ် အကုန်လုံး သွားပြလိုက်မယ်။”
သတင်းထောက်များက အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုပြီးနောက် ကိုယ့်နေရာကိုယ် ပြန်သွားကြ၏။
ဖန်ကျန်းရီကတော့ ရှဲ့ရှန်း၏ အခန်းဘက်သို့ လှည့်သွားလိုက်သည်။ ရှဲ့ရှန်းက သူ့ကို မြင်သည်နှင့် အလျင်အမြန် နှုတ်ဆက်ကာ မတ်တပ်ရပ်ပြီး မေးလိုက်၏။
“သခင်လေး … ဘာအမိန့်များ ရှိပါသလဲ။”
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ “ကိစ္စတော့ ရှိတယ်။ ကျန်းပြောင်နဲ့ ချီလျဲ့တို့ရဲ့ ပြိုင်ပွဲအကြောင်း ခင်ဗျား သိပြီးပြီ မဟုတ်လား။”
ရှဲ့ရှန်းက ပြုံးလျက် ပြောလိုက်သည်။ “ဒီလောက် ကြီးကျယ်တဲ့ ကိစ္စကို မြို့တော် တစ်ခုလုံး သိနေကြပါပြီ။”
“ကောင်းပြီ... ကျုပ် ခင်ဗျားကို ဒီနှစ်ရက်အတွင်း သတင်းစာထဲ ထည့်ရေးခိုင်းချင်တယ်။ ကွင်းထဲမှာ ထိုင်ခုံ နှစ်သောင်း ရှိတယ်။ ပြည်သူတွေကိုချည်းပဲ ဖွင့်ပေးလိုက်ရင် နေရာချထားဖို့ အချိန်မီမှာ မဟုတ်ဘူး။
ကျန်းမာရေးနဲ့ သန့်ရှင်းရေး အဖွဲ့က လူထောင်ဂဏန်းလောက်ရယ်၊ ဖုန်းဟော့ဂိုဏ်းက လူတွေရယ်၊ ပြီးတော့ ကျုပ်တို့လူတွေပါ ခေါ်သွား။ ပြီးရင် ရပ်ကွက်ထဲက လူထောင်ဂဏန်းလောက် ထပ်ခေါ်သွား... ဒါဆိုရင် လူတစ်သောင်း ပြည့်သွားပြီ။ နေရာယူဖို့ လုံလောက်သွားပြီ။
ကျန်တဲ့ နေရာတွေကို လက်မှတ်ရောင်းလိုက်။ ရသလောက်ပဲ ရောင်း။ အများကြီး မရောင်းရလည်း ကိစ္စမရှိဘူး။ အဲဒီအချိန်ကျရင် အလုပ်ရှုပ်မနေအောင်လို့။ အချိန်ရရင် အဲဒီလူတွေကို သေချာ လေ့ကျင့်ပေးထားအုံး။ အားပေးသံတွေ ကို ညီညီညာညာ အော်နိုင်အောင်လို့။”
ထိုစကားကို ကြားချိန်တွင် ရှဲ့ရှန်းသည် ဖိအားများစွာကို ခံစားလိုက်ရသော်လည်း မခံနိုင်လောက်အောင်တော့ မဟုတ်ချေ။ သခင်လေးက အချိန်သိပ်ကပ်လွန်းမှ လာပြောသောကြောင့် နှစ်ရက်အတွင်း စီစဉ်ရသည်မှာ အလွန် အချိန်လုရမည်။
သို့ပေမည့် ကျန်းမာရေးနှင့် သန့်ရှင်းရေး အဖွဲ့၊ ဖုန်းဟော့ဂိုဏ်းစသည့် လူများနှင့် သတင်းထောက်များက မကြာခဏ အဆက်အသွယ် ရှိကြသဖြင့် အလွယ်တကူ ခေါ်ယူ၍ ရနိုင်သည်။ ကျန်သည့် လက်မှတ်ရောင်းသည့် ကိစ္စကလည်း အတင်းအကျပ် သတ်မှတ်ထားခြင်း မရှိသဖြင့် တော်သေးသည်ဟု ဆိုရမည်။
“သေချာပေါက် အောင်မြင်အောင် လုပ်ဆောင်ပါ့မယ်။ ဒါပေမဲ့... သခင်လေး … ဒီပြိုင်ပွဲရဲ့ ခေါင်းစဉ်ကို... ဘယ်လို ပေးရမလဲ။”
ဖန်ကျန်းရီက ခေါင်းစောင်းကာ ခေတ္တမျှ စဉ်းစားလိုက်၏။ ဒီပွဲကို သေချာပေါက် တိုက်ရမှာဆိုတော့ ဆွဲဆောင်မှု ရှိတဲ့ ခေါင်းစဉ်တစ်ခု ပေးဖို့ လိုအပ်တယ်။ ဒါမှ ကျန်းပြောင်အတွက်လည်း အရှိန်အဝါ ကြီးမားသွားမှာ။
“ဒီလိုပေးလိုက်... အင်း....ပထမအကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး သိုင်းပြိုင်ပွဲ...မြောက်ပိုင်းရုန်ရဲ့ ပထမဆုံး သူရဲကောင်းနဲ့ အရှေ့တိုင်းက ပြိုင်စံရှား သူရဲကောင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု...လို့။”
“ဟင်။ ဘယ်သူ။ အရှေ့တိုင်းက ပြိုင်စံရှား သူရဲကောင်း … ကျန်းပြောင်လား။”
ရှဲ့ရှန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွား၏။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျန်းပြောင်ဆိုတဲ့ နာမည်က အရမ်းရိုးရှင်းလွန်းတယ်။ စန်းပြောင် လို့ နာမည်ပေးလိုက်။”
ရှဲ့ရှန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“သခင်လေး … သိုင်းပြိုင်ပွဲလို့ နာမည်ပေးတာ မသင့်တော်ဘူးလို့ မထင်ဘူးလား။ အကုန်လုံးပေါင်းမှ လူနှစ်ယောက်တည်း ရှိတာကို။”
ဖန်ကျန်းရီက လက်ကာပြလိုက်၏။
“အာ...ဒီအတိုင်းပဲ သတ်မှတ်လိုက်...နောက်ဆိုရင် နှစ်တိုင်း ကျင်းပမယ်...ကျုပ်တို့ တာ့ကျင်းရဲ့ စစ်ရေးစွမ်းရည်ကို ပြသတဲ့အနေနဲ့ နောက်ဆိုရင် ဒီပွဲကို သတင်းစာတိုက်ကပဲ တာဝန်ယူ ကျင်းပပေး။ နှစ်တိုင်း မြို့တော်မှာ အရပ်ဘက်က သိုင်းသမားတွေကို ဖိတ်ခေါ်ပြီး လူသိရှင်ကြား ယှဉ်ပြိုင်ခိုင်းမယ်။
တော်ဝင်ရုံးတော်အတွက်လည်း လူစွမ်းကောင်းတွေ ရွေးချယ်နိုင်တာပေါ့။ ချီယန်တိုင်းပြည်လိုမျိုး ငွေငါးရာ ပေးပြီး သိုင်းသူရဲကောင်း ဘွဲ့ကို ဝယ်လို့ရတဲ့ အဖြစ်မျိုး မရောက်အောင်လို့...”
ရှဲ့ရှန်း၏ မျက်လုံးများ အရောင်လဲ့သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“အာ... ကျိုးထျဲ့ရဲ့ သိုင်းသူရဲကောင်းဘွဲ့က ဝယ်ထားတာ ဆိုတာကို ကျုပ် သိပါတယ်။ ငွေငါးရာတည်းနဲ့ တော်တော်တန်တယ်။ ...ချီယန်တိုင်းပြည်သာ မပျက်စီးသွားဘူးဆိုရင် ကျုပ်သားအတွက်တောင် တစ်ခုလောက် သွားဝယ်ပေးချင်သေးတယ်။”
“တော်ပြီ တော်ပြီ...သွားအလုပ်လုပ်တော့။”
အစီအစဉ်များ အားလုံး ချမှတ်ပြီးနောက် ဖန်ကျန်းရီသည် ဘောလုံးကွင်းသို့ သွားကာ ကျန်းပြောင်၏ လေ့ကျင့်မှုကို ကြည့်ရှုရန် စဉ်းစားမိသေး၏။ သို့ပေမည့် သေချာ တွေးကြည့်လိုက်ရာ သူ သွားလည်း ဘာမှ အကူအညီ မပေးနိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ခြေရာလှည့်ကာ အိမ်သို့သာ ပြန်လာခဲ့၏။
အိမ်တံခါးဝသို့ ရောက်သည်နှင့် ရှောင်ထောင်က ပြုံးရွှင်စွာ ဆီးကြိုပြီး တက်ကြွသော အသံဖြင့် ပြောလိုက်သည်။ “သခင်လေး … လူကို ရှာတွေ့ပြီ။ ကြိုးနဲ့ တုပ်ပြီး ကုတင်ပေါ်မှာ ပစ်ထားလိုက်ပြီ။”
“ဘယ်သူ့ကိုလဲ။ ဘယ်သူ့ကို ရှာတွေ့တာလဲ။”
ဖန်ကျန်းရီမှာ နားမလည်နိုင် ဖြစ်သွား၏။
“ရှောင်ပိုင်ပေါ့။”
“ဟင် …. တစ်ရက်တောင် မပြည့်သေးဘူး ရှာတွေ့ပြီလား။ မင်း လူလွှတ်ပြီး သူ့ကို နောက်ယောင်ခံ လိုက်ခိုင်းထားတာလား။”
ဖန်ကျန်းရီမှာ အလွန် အံ့အားသင့်သွား၏။ ရှောင်ထောင်က လူရှာတွေ့မည်ဟု ယုံကြည်ထားသော်လည်း တစ်ရက်တည်းနှင့် ရှာတွေ့လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ ကောင်းကင်ပေါ်ကနေ ပျံရှာလျှင်တောင်၊ ဂျီပီအက်စ် (GPS) ဖွင့်ရှာလျှင်တောင် ဤမျှမြန်မှာမဟုတ်ပေ။
ရှောင်ထောင်က ဖန်ကျန်းရီ၏ အင်္ကျီလက်စကို ဆွဲကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ လျှောက်နေရင်းမှ ပြုံးကာပြောလိုက်၏။
“ဟီးဟီး... ကျွန်မလည်း ဒီလောက် မြန်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ ရှောင်ပိုင်က စိတ်မရှည်တော့လည်း ဘယ်လိုလုပ်မလဲ။”
“အထဲရောက်မှ ပြော...အထဲရောက်မှ ပြော...တကယ်လား...မင်း ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ သူ ဘယ်မှာလဲ။ ငါ အရင် သွားကြည့်မယ်။”
ဖန်ကျန်းရီက မယုံနိုင်စွာဖြင့် မေးလိုက်သည်။
“သူ့အခန်းထဲမှာလေ။ ကျွန်မ လိုက်ပို့မယ်။”
ဧည့်ခန်းသို့ သွားရန် ရည်ရွယ်ထားသော ရှောင်ထောင်သည် နောက်လှည့်ကာ ဖန်ကျန်းရီကို ဆွဲပြီး ပိုင်ရီ၏ အခန်းဘက်သို့ သွားလိုက်၏။ အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ပိုင်ရီကို ကုတင်ပေါ်တွင် ကြိုးတုပ်ကာ ပစ်ထားသည်ကို တွေ့လိုက်ရသည်။ ပါးစပ်ထဲတွင်လည်း အဝတ်စတစ်ခု ဆို့ထားသေး၏။
ဖန်ကျန်းရီကို မြင်သည်နှင့် သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများနှင့် အရှက်ရမှုများ ပေါ်လာကာ ခေါင်းကို စောင်ထဲသို့ အလျင်အမြန် ဝှက်ထားလိုက်သည်။
ဖန်ကျန်းရီက ပိုင်ရီကို မြင်သည်နှင့် တကယ်ပဲ ဝမ်းသာသွား၏။
“အို... တကယ်ပဲ ဟုတ်နေတာပဲ။ တော်တယ်။”
ရှောင်ထောင်က ပြုံးရွှင်စွာ မျက်နှာမော့ကာ ဟိတ်ဟန်ထုတ်လိုက်သည်။
“ဆုချမှာလား။”
“နာတော့မယ် ...ဘယ်လို ရှာတွေ့တာလဲ မြန်မြန်ပြော။”
ရှောင်ထောင်၏ မျက်နှာလေး ချက်ချင်း ညှိုးကျသွားပြီး ပိုင်ရီကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။
“အပြင်ရောက်မှ ပြောပြမယ်။”
ပိုင်ရီသည် တံခါးပိတ်သံကို ကြားမှသာ ခေါင်းကို ပြန်ဖော်လာခဲ့သည်။ မျက်ဝန်းများ နီရဲနေပြီး တံခါးဆီသို့ ကြည့်ကာ မျက်ရည်များ ထိန်းမရအောင် ကျဆင်းလာ၏။ သို့ပေမည့် နောက်တစ်စက္ကန့်တွင် တံခါးကြားမှ ထွက်ပေါ်လာသော ဖန်ကျန်းရီ၏ ထိန်းမရအောင် ရယ်မောနေသည့် အသံကို ကြားလိုက်ရတော့သည်။