အခန်း (၅၅၉-၅၆၀)
Vol. 31 Ch. 559-560
အပိုင်း (၅၅၉) လက်ထပ်ခွင့် တောင်းခြင်း။
ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အမူအရာတစ်ခု ပေါ်လာပြီး စိတ်ထဲတွင် ကြိတ်တွေးလိုက်၏။
သူ မြောင်းဟန် အကြောင်းကို ပြောလိမ့်မယ်။ ကိုယ်တော်လည်း အလိုက်သင့်လေး သဘောတူပေးလိုက်မယ်။
မြောင်းဟန် ၏ အသက်ကလည်း မငယ်တော့ချေ။ ထပ်ပြီး အချိန်ဆွဲနေလျှင် တကယ်ကို အဆင်မပြေတော့ပေ။
ဖန်ကျန်းရီက လက်သီးဆုပ်လျက် ပြောလိုက်သည်။ "ဒါဆို ကျွန်တော်မျိုးလည်း အားမနာတော့ပါဘူး။ ပင်လယ်ပြင် ဖွင့်လှစ်မယ့် ကိစ္စကို အရှင်မင်းကြီး ခွင့်ပြုပေးပါ။"
ကျင်းဘုရင်မင်းမြတ်၏ မျက်နှာပေါ်ရှိ အမူအရာများ အေးခဲသွားပြီး လုံးဝ မယုံကြည်နိုင်သော လေသံဖြင့် မေးလိုက်၏။ "မင်း ပြန်ပြောစမ်း။"
ဖန်ကျန်းရီက ပြတ်သားသော လေသံဖြင့် ထပ်မံပြောလိုက်သည်။ "ပင်လယ်ပြင် ဖွင့်လှစ်မယ့် ကိစ္စကို အရှင်မင်းကြီး ခွင့်ပြုပေးပါ။"
သေချာပေါက် အောင်မြင်မည်ဟုတော့ မျှော်လင့်မထားခဲ့ပေ။ စမ်းသပ်ကြည့်ခြင်းသာ ဖြစ်၏။ အကယ်၍များ အောင်မြင်သွားခဲ့ရင်ရော …
လူဆိုတာ စိတ်ကူးယဉ်မှုတော့ ရှိရမည် မဟုတ်လား။
ကျင်းဘုရင်မင်းမြတ် နှုတ်ဆိတ်သွား၏။ ကိစ္စရပ်များက သူမျှော်လင့်ထားသည်ထက် လုံးဝ သွေဖယ်သွားခဲ့ပြီ ဖြစ်သည်။ ဖန်ကျန်းရီကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်၏။ "ကိုယ်တော်က မင်းကို တကယ်ပဲ ဘာကိစ္စမဆို ခွင့်ပြုပေးနိုင်တယ်လို့ မင်း ထင်နေတာလား။ ကိုယ်တော့်ရဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်ကို လိုချင်တယ်ဆိုရင် ကိုယ်တော်က လက်နှစ်ဖက်နဲ့ ကမ်းပေးရမှာလား။"
ဖန်ကျန်းရီက အလျင်အမြန် ပြောလိုက်သည်။ "ကျွန်တော်မျိုး အဲဒီလို သဘောမျိုး မရည်ရွယ်ပါဘူး..."
ကျင်းဘုရင်မင်းမြတ် က စားပွဲကို ပုတ်၍ မတ်တပ်ရပ်လိုက်ပြီး ဒေါသဖြင့် အော်ဟစ်လိုက်၏။ "ပါးစပ်ပိတ်ထားစမ်း။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို မင်း ကလေးကစားစရာလို့ ထင်နေတာလား။ ပြန်ပြောစမ်း။"
ဖန်ကျန်းရီက ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "ဒါက... ကျွန်တော်မျိုးက တိုင်းပြည်နဲ့ အရှင်မင်းကြီးအတွက် ရိုးသားစွာ စဉ်းစားပေးတာပါ။ တိုင်းပြည်ရေးရာက ကျွန်တော်မျိုးရဲ့ အိမ်တွင်းရေးရာပါပဲ။ ပင်လယ်ပြင် ဖွင့်လှစ်တယ် ဆိုတာ ကမ္ဘာပေါ်က ပြည်သူအားလုံးရဲ့ကောင်းကျိုးနဲ့ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ အနာဂတ်အတွက် စဉ်းစားပေးတာပါ။ ဘယ်လိုလုပ် ကလေးကစားစရာ ဖြစ်နိုင်မှာလဲ။"
ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွား၏။ ဖန်ကျန်းရီက စကားပြောရာတွင် စည်းကမ်းမရှိသော်လည်း အရေးကြီးသော ကိစ္စများတွင်တော့ ယုံကြည်ရ၏။
ဤသို့တွေးမိပြီး ကျင်းဘုရင်မင်းမြတ်က နေရာတွင် ပြန်ထိုင်လိုက်ကာ မျက်နှာကို တည်ထားလျက် ပြောလိုက်သည်။ "ကိုယ်တော်က မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဖြည့်ဆည်းပေးနိုင်တယ်။ တိုင်းပြည်ရေးရာကိုတော့ မင်းတစ်ယောက်တည်း ခြယ်လှယ်လို့ မရဘူး။ ပြန်ပြော။"
ဖန်ကျန်းရီ တွေးတောမှုထဲ နစ်မြုပ်သွား၏။
ဘာပြောရမလဲ။ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုရင် ငါ လိုအပ်တဲ့ကိစ္စ ဘာရှိလို့လဲ။ ပိုက်ဆံတွေလည်း ဒီလောက် အများကြီး ရှာထားပြီးပြီ။ ရာထူးကလည်း ဒီလောက် မြင့်နေပြီ။
သမိုင်းကို ပြောင်းလဲပစ်ချင်တာကလွဲရင် ငါ ဖန်ကျန်းရီ မှာ တခြား အိပ်မက် မရှိတော့ဘူး။ ဒီလို ဘဝမျိုးက တကယ်ကို သနားစရာကောင်းတာပဲ...
ကျင်းဘုရင်မင်းမြတ် က အလျင်စလို ပြောလိုက်သည်။ "မင်း ဘယ်အချိန်အထိ စဉ်းစားနေမှာလဲ။ ကိုယ်တော့်မှာ အချိန်တွေ အများကြီး ရှိတယ်လို့ မင်းက ထင်နေတာလား။ ဒီမှာ မင်းနဲ့အတူ အချိန်ဖြုန်းနေလို့ မရဘူး။ မြန်မြန်ပြော။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "ကျွန်တော်မျိုး... ကျွန်တော်မျိုး... မင်းသမီးကို လက်ထပ်ခွင့် တောင်းချင်ပါတယ်။ အဟမ်း။"
ပြောပြီးသည်နှင့် ဖန်ကျန်းရီက ရှက်ရွံ့စွာဖြင့် မျက်နှာတစ်ခုလုံး တွန့်လိမ်နေတော့၏။
မျက်နှာပြောင်တိုက်မှုက မြို့ရိုးထောင့်ထက်ပင် ပိုထူနေပြီ ဖြစ်သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးက ပထမဆုံးအကြိမ် ဖြစ်နေသေးသည်။
ယခင်ဘဝတည်းက ဤသို့ မလုပ်ဖူးခဲ့ပေ။ ဤစကားကို ပြောလိုက်သည်နှင့် သူ၏ မျက်စိရှေ့ရှိ ဘုရင်မင်းမြတ်က တကယ့် ယောက္ခမအစစ်ကြီး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး လေထုက အလွန် အနေခက်သွား၏။
ကျင်းဘုရင်မင်းမြတ်၏ မူလက အလွန် လေးနက်တည်ကြည်နေသော မျက်နှာပေါ်တွင် ချက်ချင်းပင် အပြုံးတစ်ခု ဖြတ်ပြေးသွားပြီးနောက် ပြန်လည် တည်ငြိမ်သွားသည်။
ခွေးကောင်လေး … ပုံမှန် ညီလာခံမှာဆို ဘာမဆို ရဲရဲဝံ့ဝံ့ ပြောရဲပြီး အရေးကြီးတဲ့ ကိစ္စကျတော့မှ အချိန်ဆွဲနေသေးတယ်။
မြောင်းဟန် ကို ထပ်ပြီး အချိန်ဆွဲထားရင် အပျိုကြီး ဖြစ်သွားတော့မယ်။
ကျင်းဘုရင်မင်းမြတ် က ဖြည်းညှင်းစွာ စကားစလိုက်ပြီး သူ၏ လေသံတွင် အာဏာစက်များ ပါဝင်နေ၏။ "မင်း ရိုင်းစိုင်းလှချည်လား။ မင်း ဘာပြောနေလဲဆိုတာ သိရဲ့လား။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "ကျွန်တော်မျိုး မင်းသမီးကို လက်ထပ်ခွင့် တောင်းချင်ပါတယ်။ အရှင်မင်းကြီး ချီးမြှင့်ပေးဖို့ တောင်းဆိုပါတယ်။"
ကျင်းဘုရင်မင်းမြတ် က ထပ်မံ၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "လူယုတ်မာ … မင်းက ကောင်းကျိုး နည်းနည်း ရထားတာနဲ့ ကိုယ်တော့်ရှေ့မှာ လျှောက်ပြောလို့ ရပြီ ထင်နေတာလား။ မင်း မြောင်းဟန် ကို လက်ထပ်ချင်တယ်ပေါ့။ ဘာအကြောင်းပြချက်နဲ့လဲ။ မင်း စကားတစ်ခွန်း ပြောရုံနဲ့ ကိုယ်တော်က ခွင့်ပြုပေးရမှာလား။ ကိုယ်တော့်ရှေ့မှာ မျက်နှာသာပေးခံရတိုင်း မာနမတက်နဲ့။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒါဆို ကျွန်တော်မျိုး ပြန်ပြောင်းပြောပါ့မယ်... ဒါမှမဟုတ် အရှင်မင်းကြီးက ကျွန်တော်မျိုးကို ရွှေငွေတချို့လောက် ကျပန်း ဆုချလိုက်ပါ။ ကျွန်တော်မျိုးက ရွေးချယ်တတ်တဲ့သူ မဟုတ်ပါဘူး။"
ကျင်းဘုရင်မင်းမြတ် က အော်ဟစ်လိုက်၏။ "ထွက်သွားစမ်း။ ကိုယ်တော့်ရှေ့ကနေ ထွက်သွားစမ်း။ ကိုယ်တော် မင်းကို မမြင်ချင်ဘူး။"
အမျက်ဒေါသဖြင့် စိုက်ကြည့်နေသော ကျင်းဘုရင်မင်းမြတ် ကို ဖန်ကျန်းရီက တိတ်တဆိတ် အကဲခတ်လိုက်ပြီး ချက်ချင်း မထွက်သွားသေးဘဲ ခေါင်းထဲတွင် အတွေးများ အဆက်မပြတ် လည်ပတ်နေသည်။
ဟူး... ငါက ဘယ်မင်းသမီးကို လက်ထပ်မယ်လို့မှ မပြောရသေးဘူး။ အရှင်မင်းကြီးက ဘာလို့ ကိုယ့်ဘာသာ နာမည်တပ်ပြီး ပြောလိုက်ရတာလဲ။ သေချာသွားပြီလား။
ပြီးတော့... လက်ဖွဲ့တောင်းချင်နေတာများလား။
အရင်တုန်းက တောက်ယွမ်ခရိုင် ရဲ့ ရှယ်ယာ နှစ်ဆယ်ရာခိုင်နှုန်းကို လက်ဆောင်ပေးဖို့ သဘောတူထားပြီး စာရင်းရှင်းပြီးရင် နန်းတော်ဘဏ္ဍာတိုက်ထဲကို နှစ်စဉ် ငွေတစ်သောင်းနီးပါး သွင်းပေးရအုံးမှာလေ။
ဒါကိုတောင် မကျေနပ်သေးဘူးလား။
ဒီတစ်ခေါက် ငွေပေးပြီး ဖြေရှင်းဖို့ကတော့ မဖြစ်နိုင်တော့ဘူး ထင်တယ်။ လွီမိသားစု ရဲ့ ငွေတိုက်ကို ဝင်စီးထားတဲ့ သန်းနဲ့ချီတဲ့ ငွေတွေကလည်း လမ်းမှာပဲ ရှိသေးတယ်။ ဒီတစ်ခေါက် ငွေပေးရုံနဲ့ ပြဿနာ ပြေလည်သွားမှာ မဟုတ်တော့ဘူး။
သူ မလှုပ်ရှားသေးသည်ကို မြင်သောအခါ ကျင်းဘုရင်မင်းမြတ်က စိတ်ထဲတွင် တိတ်တဆိတ် အေးစက်စွာ ပြုံးလိုက်မိ၏။
ဒီကောင်လေးရဲ့ လမ်းခရီးက အရမ်း ချောမွေ့နေတော့ ကိုယ်တော်က ဘာမဆို အလွယ်တကူ သဘောတူလိမ့်မယ်လို့ ထင်နေတာပဲ။
ကျင်းဘုရင်မင်းမြတ် က မေးလိုက်သည်။ "ဘာလို့ မသွားသေးတာလဲ။ ဘာတွေ စဉ်းစားနေတာလဲ။"
ဖန်ကျန်းရီက စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး စကားလမ်းကြောင်းပြောင်းကာ ပြောလိုက်သည်။ "ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါသေးတယ်။ တောက်ယွမ်ခရိုင် ရဲ့ ယမ်းမှုန့် သုတေသနက အောင်မြင်သွားပါပြီ။"
ကျင်းဘုရင်မင်းမြတ် ၏ မျက်လုံးများ တောက်ပသွားသော်လည်း ချက်ချင်းပင် သံသယဖြင့် မေးလိုက်သည်။ "အရှင်မင်းကြီး... ကိစ္စက ဒီလိုပါ။ သုတေသန လုပ်တာက အဖွဲ့တွေ ခွဲပြီး လုပ်တာဆိုတော့ တောက်ယွမ်ခရိုင် က အဖွဲ့က အရင် ရလဒ်ထွက်လာတာပါ။ သူတို့ အချင်းချင်း ဆွေးနွေးနေကြတုန်းမို့လို့ အရှင်မင်းကြီးဆီ အချိန်မီ မတင်ပြနိုင်သေးတာ ဖြစ်ပါလိမ့်မယ်။"
ကျင်းဘုရင်မင်းမြတ် က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ "ဒါကတော့ ကြီးမားတဲ့ ကောင်းကျိုးတစ်ခုပဲ။ မနက်ဖြန် ယမ်းမှုန့်တွေကို နန်းတော်ထဲ ယူလာဖို့ လူလွှတ်လိုက်။ ကိုယ်တော် ကိုယ်တိုင် မြင်တွေ့ချင်တယ်။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "အရှင်မင်းကြီး... မဖြစ်ပါဘူး။ ကျွန်တော်မျိုးကို လျှို့ဝှက်ထားခွင့် ပြုပါ။ ယမ်းမှုန့် သုတေသန အောင်မြင်သွားပေမဲ့ သူ့ရဲ့ စွမ်းအားကို ပြသနိုင်ဖို့ တွဲဖက် အသုံးအဆောင်တွေ လိုအပ်ပါတယ်။ အကုန်လုံး ပြီးစီးသွားတဲ့အခါမှ ကျွန်တော်မျိုး အရှင်မင်းကြီးဆီ တစ်ခါတည်း တင်ပြချင်ပါတယ်။ အဲဒါအပြင် ကျွန်တော်မျိုး ဝူမင်းသား ဆီကနေ စိတ်ဝင်စားစရာကောင်းတဲ့ အနောက်တိုင်းက ပစ္စည်းလေးတစ်ခု ရခဲ့ပါတယ်။ အဲဒါကို အတုခိုးပြီး လုပ်ခိုင်းနေပါတယ်။ ပြီးသွားရင် အရှင်မင်းကြီးဆီ တင်ပြပါ့မယ်။"
ကျင်းဘုရင်မင်းမြတ် က မေးလိုက်၏။ "အနောက်တိုင်းက ပစ္စည်း ဟုတ်လား။ မင်းက အနောက်တိုင်းကို အရမ်း စိတ်ဝင်စားနေပုံပဲ။ တစ်ခုခုများ သိထားလို့လား။"
ဖန်ကျန်းရီက လိမ်ညာ၍ ပြောလိုက်သည်။ "အဲဒါက... ကျွန်တော်မျိုးရဲ့ဖခင်က လူငယ်ဘဝတုန်းက အနောက်တိုင်းက သာသနာပြုတွေနဲ့ တွေ့ဖူးတယ်။ ဒါကြောင့် အနောက်တိုင်းအကြောင်းကို အတော်လေး သိထားပါတယ်။ အရှင်မင်းကြီး... အနောက်တိုင်းဆိုတာ အရိုင်းအစိုင်းတွေ နေတဲ့နေရာ လုံးဝ မဟုတ်ပါဘူး။ ကျုပ်တို့ ထင်ထားသလိုမျိုး ရိုးရှင်းတာ လုံးဝ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်မျိုး ပင်လယ်ပြင် ဖွင့်လှစ်ဖို့ကို အပြင်းအထန် တောင်းဆိုနေတာက အနောက်တိုင်း ကမ္ဘာကို စူးစမ်းလေ့လာဖို့နဲ့ အနာဂတ်မှာ ရန်သူကြီး တစ်ယောက်ယောက် လာရောက် တိုက်ခိုက်လာတဲ့အခါ ကျုပ်တို့ ဘာမှမသိဘဲ အထိတ်တလန့် မဖြစ်ရအောင်လို့ပါ။"
ကျင်းဘုရင်မင်းမြတ် က ပြောလိုက်သည်။ "ကိုယ်တော် မင်းရဲ့ မိဘတွေအကြောင်း ပြောတာ ကြားရတာ ဒါ ပထမဆုံးပဲ။ သူတို့ အရင်တုန်းက..."
ဖန်ကျန်းရီက ဖြတ်ပြောလိုက်၏။ "သူတို့က နောက်ထပ် ကမ္ဘာတစ်ခုမှာ ရှိနေကြပါပြီ..."
ကျင်းဘုရင်မင်းမြတ် က အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ အချိန်အတော်ကြာသွားသဖြင့် မှတ်ဉာဏ်များ အနည်းငယ် မှုန်ဝါးနေပြီ ဖြစ်၏။ ယခင်က ဖန်ကျန်းရီ၏ အချက်အလက်များကို စုံစမ်းခဲ့စဉ်က မိဘနှစ်ပါးစလုံး သေဆုံးသွားပြီဖြစ်ကြောင်း သိခဲ့ရသည်။
ကျင်းဘုရင်မင်းမြတ် က ပြောလိုက်၏။ "ဒီကိစ္စကို ကိုယ်တော် သိပြီးပါပြီ။ မင်း မြောက်ပိုင်းစစ်ကြောရေးရုံးကို အမြန်သွားလိုက်။ ပင်လယ်ပြင် ဖွင့်လှစ်တဲ့ကိစ္စက အများကြီး ပတ်သက်နေတယ်။ မင်း ထင်သလောက် မရိုးရှင်းဘူး။ နောက်ပိုင်း ထပ်မပြောနဲ့တော့။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒါဆို ကျွန်တော်မျိုး မင်းသမီးကို လက်ထပ်ချင်ပါတယ်။ အရှင်မင်းကြီး ကတိပေးထားတယ်လေ..."
ကျင်းဘုရင်မင်းမြတ် က လက်ညှိုးထိုးကာ ပြောလိုက်၏။ "ထွက်သွားစမ်း။"
ကျင်းဘုရင်မင်းမြတ် က သဘောမတူသော်လည်း မငြင်းဆန်ခဲ့ပေ။ မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်လား။
ဖန်ကျန်းရီသည် စာကြည့်ဆောင်မှ တိတ်တဆိတ် ထွက်လာခဲ့ပြီး တွေးမနေတော့ဘဲ မင်လွမ် နန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
မင်လွမ် နန်းဆောင်တွင်းသို့ ကျွမ်းကျင်စွာ ဝင်ရောက်သွားပြီးနောက် ရက်ကန်းစင်များ၏ အသံကို ကြားလိုက်ရတော့ မျက်မှောင်ကြုတ်သွား၏။
ဆက်လက် ဝင်ရောက်သွားသောအခါ ရက်ကန်းစင်ရှေ့တွင် ထိုင်နေသော လီမြောင်ဟန် ကို တွေ့လိုက်ရပြီး သူမက အလွန် အလေးအနက်ထားကာ အလုပ်လုပ်နေသည်။
ကျောက်စိမ်းကဲ့သို့ ဖြူစင်တောက်ပသော လက်တစ်စုံက အဆက်မပြတ် လှုပ်ရှားနေ၏။
ဘေးနှစ်ဖက်ရှိ အစေခံမိန်းကလေးများက သူ့ကို မြင်သောအခါ အော်ဟစ် အသိပေးရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ အမြန် တားဆီးလိုက်သည်။
ထို့နောက် လီမြောင်ဟန် ၏ အနောက်သို့ တိတ်တဆိတ် လျှောက်သွားခဲ့၏။
စကားမပြောဘဲ နေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး သူမ အဝတ်ရှည်တစ်စကို အပြည့်အဝ ရက်လုပ်ပြီးစီးသည် အထိ စောင့်နေခဲ့သည်။
လှပသော မျက်နှာလေးပေါ်တွင် ဝမ်းသာပီတိများ ပေါ်လွန်းလာပြီး နဖူးပေါ်ရှိ ချွေးစက်များကို သုတ်ဖယ်လိုက်၏။
ဖန်ကျန်းရီက လက်ဆန့်ထုတ်ကာ အနောက်မှနေ၍ သူမ၏ မျက်လုံးများကို အုပ်လိုက်ပြီး နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။ "ဘယ်သူလဲ ဆိုတာ ခန့်မှန်းကြည့်စမ်း။"
လီမြောင်ဟန် ၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ဖန်ကျန်းရီ၏ လက်ဖဝါးနှင့် လက်ချောင်းများကြားတွင် တဖြည်းဖြည်း စိုစွတ်လာသည်ကို ခံစားလိုက်ရ၏။
သူမ ငိုနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ဖန်ကျန်းရီက အလောတကြီး လက်ကို ဖယ်လိုက်ပြီး သူမ၏ ဘေးသို့ ရွှေ့သွားခဲ့သည်။
လီမြောင်ဟန် ၏ မျက်လုံးအိမ်များ အနည်းငယ် နီမြန်းနေသည်ကို တွေ့လိုက်ရပြီး မျက်တောင်လေးများကို လှုပ်ခပ်ကာ ပြုံးလျက် မေးလိုက်၏။ "ရှင် ပြန်ရောက်လာပြီလား။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ကျုပ် ပြန်ရောက်ပါပြီ။"
အပိုင်း (၅၆၀) ကျုပ်မှာ သူငယ်ချင်း တစ်ယောက် ရှိတယ်။
သူမ ငိုကြွေးနေသောပုံစံကို ကြည့်ပြီး ဖန်ကျန်းရီ၏ စိတ်ထဲတွင် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
သူ့အနေဖြင့် စောစော လာသင့်သော်လည်း ဖြေရှင်းရမည့် ကိစ္စများ များပြားနေမည်ကို စိုးရိမ်သဖြင့် ရက်အနည်းငယ် ဆွဲထားမိခြင်း ဖြစ်၏။
ဖန်ကျန်းရီက ပြောလိုက်သည်။ "မင်းသမီး... ကျုပ်တို့ စကားပြောဖို့ ပိုပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ပြောင်းရအောင်။"
လီမြောင်ဟန် က ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဂါဝန်စကို မကာ မတ်တပ်ရပ်ပြီး အနောက်ဘက် ဥယျာဉ်တော်ဆီသို့ လျှောက်သွား၏။
ဖန်ကျန်းရီသည် သူမ၏ ဘေးမှ တိတ်တဆိတ် လျှောက်လာခဲ့ပြီး ရင်းနှီးသော နန်းဆောင်တစ်ခုထဲသို့ ရောက်သည်အထိ နှစ်ယောက်လုံး စကားတစ်ခွန်းမှ မပြောခဲ့ကြချေ။
ဖန်ကျန်းရီသည် ပတ်ဝန်းကျင်ရှိ အစေခံမိန်းကလေးများကို ကြည့်ကာ လီမြောင်ဟန် မမြင်အောင် လက်ကို အကြိမ်အနည်းငယ် ဝှေ့ယမ်းပြလိုက်သည်။
အစေခံမိန်းကလေးများက အလိုက်တသိဖြင့် အဝေးသို့ ဆုတ်ခွာသွားကြ၏။
ဤလူများကို ဖန်ကျန်းရီက အစောကြီးတည်းက လာဘ်ထိုးထားပြီး ဖြစ်သည်။
အစေခံမိန်းကလေးများကလည်း ဤမျှ အကြိမ်ပေါင်းများစွာ ရှိနေပြီဖြစ်ရာ သူစိမ်းမဟုတ်တော့သဖြင့် စိုးရိမ် ပူပန်ခြင်း မရှိကြတော့ချေ။
နန်းဆောင်ထဲတွင် သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး အချိန်အတော်ကြာ ခွဲခွာနေခဲ့ရသဖြင့် လေထုက အနည်းငယ် အနေခက်နေ၏။
ဖန်ကျန်းရီက ရှေ့တိုး၍ လီမြောင်ဟန်၏ လက်ကို ဆွဲရန် ပြင်လိုက်သော်လည်း လီမြောင်ဟန် က အလိုအလျောက် အနောက်သို့ အနည်းငယ် ဆုတ်သွား၏။ သို့သော်လည်း ဖန်ကျန်းရီက အတင်းအကျပ် ဆွဲကိုင်လိုက်သည်။
ကိုင်လိုက်သည်နှင့် လက်များက ကြမ်းတမ်းနေပြီး ယခင်ကလို ချောမွေ့မှု မရှိတော့ကြောင်း ခံစားလိုက်ရသည်။ ဖန်ကျန်းရီက အကြိမ်အနည်းငယ် ပွတ်သပ်လိုက်ပြီး မျက်နှာပြောင်တိုက်၍ မေးလိုက်၏။ "မင်းသမီး ကျုပ်ကို သတိရနေလား။"
လီမြောင်ဟန် က ခေါင်းငုံ့ကာ ညည်းတွားသော အသံဖြင့် ပြန်ဖြေလိုက်သည်။ "မရပါဘူး။"
ဖန်ကျန်းရီက မျက်နှာပြောင်တိုက်၍ ဆက်ပြောလိုက်၏။ "ဒါဆို ကျုပ်နဲ့တော့ မတူဘူးပဲ။ ကျုပ်ကတော့ နေ့တိုင်း ညတိုင်း သတိရနေခဲ့တာ။ ကျုပ် ဒီတစ်ခေါက် ပြန်လာတာ ထပ်ပြီး ထွက်သွားရတော့မှာ မဟုတ်ပါဘူး။ မင်းသမီး နန်းတော်ထဲမှာ ဘယ်လို နေ,နေလဲတော့ မသိဘူး။ နည်းနည်း ပိန်သွားသလိုပဲ။"
ပြီးနောက် ရှေ့တိုး၍ သူမကို ဖက်လိုက်သည်။
လက်မောင်းဖြင့် ရစ်ပတ်လိုက်သောအခါ လီမြောင်ဟန် ၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်ကို ခံစားလိုက်ရ၏။
လီမြောင်ဟန်က ခေါင်းငုံ့ထားဆဲဖြစ်ပြီး မျက်နှာလေး နီမြန်းလျက် မေးလိုက်သည်။ "ရှင် လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက ပြန်ရောက်နေပြီလို့ ကြားတယ်။"
ဒါက စိတ်ဆိုးနေတာပဲ။ ငါ ပြန်ရောက်လာတာကို သူ့ဆီ မလာလို့လား။ ဖန်ကျန်းရီက စိတ်ထဲတွင် ကြိတ်တွေးလိုက်၏။
ဖန်ကျန်းရီက ပြောလိုက်သည်။ "မင်းသမီး... ကျုပ် မြို့တော်ကို ပြန်မလာရတာ ကြာပြီဆိုတော့ ဖြေရှင်းစရာ အရေးကြီးတဲ့ ကိစ္စတွေ အများကြီး ရှိနေလို့ နည်းနည်း နောက်ကျသွားတာပါ။ မင်းသမီး စိတ်ဆိုးသွားတာတော့ မဟုတ်ပါဘူးနော်။"
လီမြောင်ဟန် က ညင်သာစွာ ခေါင်းယမ်းပြလိုက်ပြီး သူ၏ ရင်ခွင်ထဲသို့ အနည်းငယ် တိုးဝင်ကာ ပြောလိုက်၏။ "ကျွန်မ စိတ်မဆိုးပါဘူး။ ရှင် ပျောက်သွားတယ်လို့ ကြားရတုန်းက အရမ်း ကြောက်နေခဲ့တာ..."
ဖန်ကျန်းရီက အလိုက်သင့်လေး အတင်းဖက်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "ကျုပ် အပြင်သွားတုန်းက အရာရှိ လက်မှတ် မပါသွားဘူးလေ။ သင့်တော်တဲ့ အဆင့်အတန်း မရှိတော့ စာရေးရင်တောင် ပို့လို့မရဘူး။ ပြောရရင်တော့ နည်းနည်း ရှက်စရာကောင်းပါတယ်။ ကျုပ် ကုန်သည်တစ်ယောက်ရဲ့ အိမ်မှာ အစေခံ သွားလုပ်နေရတာ..."
ဖန်ကျန်းရီက သူ၏ အရပ်ဘက်တွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို အသေးစိတ် စတင်ပြောပြတော့၏။
လီမြောင်ဟန်က လှပသော မျက်နှာလေးကို မော့ကာ နားထောင်ရင်း မျက်လုံးများထဲတွင် မယုံနိုင်မှုများ ပြည့်နှက်နေ၏။ ဤသတင်းကို ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်ကြောင်း သိသာလှသည်။
လီမြောင်ဟန် က မေးလိုက်၏။ "ရှင် သူများအိမ်မှာ အစေခံ လုပ်နေရတယ် ဟုတ်လား။ ရှင် ဒီလောက်တောင် ဒုက္ခခံခဲ့ရမယ်လို့ မထင်ထားဘူး။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ စားရ၊ နေရတာ နည်းနည်း ဆိုးပေမဲ့ ဘာမှမဖြစ်ပါဘူး။ ကျုပ်က ဒုက္ခခံရတာ အကျင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ အရှင်မင်းကြီးကို သတိရလိုက်၊ မင်းကို သတိရလိုက်နဲ့ ကျုပ်ရဲ့ စိတ်ထဲမှာ မျှော်လင့်ချက်တွေ ပြန်ဖြစ်လာခဲ့တယ်။"
ဖန်ကျန်းရီက ရင်ဘတ်ကို ကော့လိုက်သည်။ ခေါင်းငုံ့ကြည့်လိုက်သောအခါ လီမြောင်ဟန် ၏ အကြည့်များက ငေးမောနေပြီး ဘာတွေ တွေးနေသလဲ မသိချေ။
သူ စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။
လေထုက သိပ်မတက်ကြွသေးဘူးပဲ။ ကောင်မလေးက မျက်နှာငယ်လေးနဲ့ ဆိုတော့ ငါကပဲ အစပြုရမှာပေါ့။
ဤသို့တွေးမိပြီး ဖန်ကျန်းရီသည် လီမြောင်ဟန် ၏ မျက်နှာလေးကို ပွေ့ကိုင်လိုက်သည်...
"အာ... အွန်း... အွန်း။"
လီမြောင်ဟန် မှာ ဖန်ကျန်းရီ၏ အရပ်ဘက်က ဝမ်းနည်းစရာ အဖြစ်အပျက်များကို စိတ်ကူးယဉ်နေဆဲဖြစ်ရာ ဤကဲ့သို့ ရုတ်တရက် အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အလန့်တကြား အော်ဟစ်ရန် ပြင်လိုက်သော်လည်း ပါးစပ်ကို အပြည့်အဝ ပိတ်ဆို့ခံလိုက်ရ၏။
အချိန်အတော်ကြာမှသာ ဖန်ကျန်းရီက ခေါင်းမော့ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
လီမြောင်ဟန်သည် ပန်းပွင့်လေးကဲ့သို့ လှပသော မျက်နှာလေးကို ဖန်ကျန်းရီ၏ လက်မောင်းကြားထဲသို့ ထိုးသွင်းလိုက်ပြီး တိုးညှင်းလှသည့် လေသံလေးဖြင့် မေးလိုက်၏။ "ရှင် ဘာလုပ်တာလဲ။"
ဖန်ကျန်းရီက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "ဟင်… ဘာပြောလိုက်တာလဲ။"
လီမြောင်ဟန် မှာ အလွန်ရှက်သွေးဖြာသွားပြီးနောက် သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားကြပြန်၏။
ရာသီဥတုက သာယာပြီး ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူလေးများအောက်ရှိ နန်းဆောင်ထဲ၌ သူတို့နှစ်ယောက်က တိတ်ဆိတ်စွာ ထိုင်နေကြပြီး ဥယျာဉ်တော်ထဲမှ သစ်ရွက်များ၏ လေတိုက်သံကို နားထောင်နေကြ၏။
ဖန်ကျန်းရီ လည်း စကားမပြောချင်တော့ချေ။ ဤကဲ့သို့သော နွေးထွေးသည့် လေထုမျိုးကို သူ အမြဲတမ်း နှစ်သက်သည်။
တိုင်ကို မှီကာ ချစ်ရသူကို ပွေ့ဖက်ထားရင်း တိုက်ခတ်လာသော လေညင်းလေးကို ခံစားနေရသည်မှာ သောကများ အားလုံး ပျောက်ကွယ်သွားသကဲ့သို့ပင်။
အချိန် မည်မျှကြာသွားမှန်း မသိပေ။ လီမြောင်ဟန် က မတ်တပ်ရပ်ကာ သူ့ကို ညင်သာစွာ တွန်းဖယ်လိုက်ပြီး ဖန်ကျန်းရီက ပါးစပ်ဟ၍ မေးရန် ပြင်လိုက်သည်။
လီမြောင်ဟန် က နောက်လှည့်ကာ ပြုံးပြလိုက်ပြီး သူ့ကို ထိုနေရာတွင်ပင် နေခဲ့ရန် အချက်ပြကာ ဂါဝန်စကို မလျက် ကြာပန်းကဲ့သို့သော သွယ်ဖူးလှသော ခြေလှမ်းများဖြင့် ပြေးထွက်သွားခဲ့၏။
မကြာမီတွင် ပစ္စည်းတစ်ခုကို ပိုက်ကာ ပြန်ရောက်လာပြီး လက်နှစ်ဖက်ဖြင့် ဖန်ကျန်းရီ၏ ရှေ့သို့ ကမ်းပေးလိုက်သည်။ ပြီးနောက် အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "ရှင့်အတွက် လက်ဆောင်ပါ။ ကျွန်မ ကိုယ်တိုင် သေချာ ချုပ်ထားတာ။"
ဖန်ကျန်းရီ မျက်တောင်ခတ်လိုက်ပြီး ထိုပစ္စည်းကို လှမ်းယူ၍ ဖြန့်ကြည့်လိုက်ရာ အဝတ်အစား တစ်စုံ ဖြစ်နေ၏။
သို့ပေမည့် ဤအဝတ်အစား တစ်စုံက အဖြူရောင်စစ်စစ် ဖြစ်နေပြီး ချုပ်ရိုးချုပ်သားများကလည်း အလွန် ကြမ်းတမ်းလှရာ ဤကဲ့သို့သော ပစ္စည်းမျိုးကို ဈေးကွက်ထဲသို့ ယူသွားလျှင် သေချာပေါက် အနှိမ်ခံရမည့် အမျိုးအစားပင် ဖြစ်သည်။
အကယ်၍ အလယ်တွင် 'အကျဉ်းသား' ဆိုသည့် စာလုံးကြီးကြီး တစ်လုံးသာ ထည့်လိုက်လျှင် အရည်အသွေးက ချက်ချင်း မြင့်တက်သွားလိမ့်မည်။
သို့သော်ငြား ဖန်ကျန်းရီက အလွန် အံ့အားသင့် ဝမ်းသာသွား၏။ ရှောင်ထောင် မှလွဲ၍ မည်သူကမှ သူ့အတွက် အဝတ်အစား မချုပ်ပေးဖူးချေ။
ဖန်ကျန်းရီက တန်ဖိုးကြီး ရတနာတစ်ခု ရလိုက်သကဲ့သို့ အဝတ်အစားကို ဝတ်ဆင်ရန် ပြင်လိုက်သော်လည်း လီမြောင်ဟန်က လက်ဆန့်ကာ တားဆီးလိုက်ပြီး တီးတိုးပြောလိုက်သည်။ "အိမ်ရောက်မှပဲ စမ်းဝတ်ကြည့်ပါတော့။ အခုက အပြင်ဘက်မှာလေ..."
ဖန်ကျန်းရီက ခဏမျှ စဉ်းစားလိုက်ပြီး အဝတ်အစားကို သေချာ ပြန်ခေါက်ကာ လီမြောင်ဟန် ကို နောက်တစ်ကြိမ် ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
သို့သော်ငြား ဤတစ်ကြိမ်တွင်တော့ ပိုမို ချောမွေ့သွားပြီး သူမ၏ ခန္ဓာကိုယ်ကလည်း ယခင်ကလို တောင့်တင်းမနေတော့ပေ။
လီမြောင်ဟန် က သူ၏ခါးကို ပြန်ဖက်ကာ တီးတိုး စတင်ပြောဆိုလာသည်။ "ရှင် မရှိတဲ့ အချိန်တုန်းက ကျွန်မ လူလွှတ်ပြီး ရှင့်အကြောင်း စုံစမ်းခိုင်းခဲ့တယ်။ ဘာသတင်းမှ မရခဲ့ဘူး။ အိမ်ရှေ့စံမင်းသားက ရှင် သေပြီလို့ပဲ အမြဲ ပြောနေတာ... ကျွန်မ နေ့တိုင်း ကြောက်ရွံ့ စိုးရိမ်နေခဲ့ရတယ်။ ရှင် ပြန်ရောက်လာပြီလို့ ကြားတော့ ကျွန်မ ထွက်ရှာချင်ခဲ့ပေမဲ့..."
လီမြောင်ဟန် ရင်ဖွင့်နေသည်ကို ကြားရသောအခါ ဖန်ကျန်းရီ၏ စိတ်ထဲတွင် ဝမ်းသာပီတိ ဖြစ်မိသလို အပြစ်မကင်းသလိုလည်း ခံစားလိုက်ရ၏။
သို့ပေမည့် ယခုအချိန်တွင်တော့ ပြုံးလျက် မေးလိုက်သည်။ "အိမ်ရှေ့စံမင်းသား က ကျုပ် သေပြီလို့ တကယ်ကြီး ပြောခဲ့တာလား။"
လီမြောင်ဟန် က ခေါင်းညိတ်ပြလိုက်၏။ "တကယ်ပြောတာပါ။ တစ်ကြိမ်တည်း မကဘူး။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "အင်း... ကျုပ် နန်းတော်ကနေ ထွက်တာနဲ့ သူ့ပါးစပ်ကို ဆွဲဖြဲပစ်မယ်။"
လီမြောင်ဟန်က ရယ်မောလိုက်ပြီး လှပသော မျက်လုံးလေးများက လခြမ်းကွေးလေး နှစ်ခုလို ဖြစ်သွား၏။
သူမ ပျော်ရွှင်နေသော ပုံစံကို ကြည့်ပြီး ဖန်ကျန်းရီ၏ လိပ်ပြာက ပြင်းပြင်းထန်ထန် အပြစ်တင်ခြင်း ခံလိုက်ရသည်။
ကျင်းဘုရင်မင်းမြတ် ကို လက်ထပ်ခွင့် တောင်းပြီးကြောင်း ပြောပြချင်သော်လည်း ပါးစပ်ဖျားရောက်မှ ပြောထွက်ရန် ခက်ခဲနေ၏။
ခေါင်းထဲတွင် အကြိမ်ကြိမ် အခါခါ လေ့ကျင့်ကြည့်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။ "မြောင်ဟန်... ကျုပ်မှာ သူငယ်ချင်း တစ်ယောက် ရှိတယ်... အဟမ်း။ သူက မိန်းမ တစ်ယောက်ကို ချစ်မိသွားတယ်။ အဲဒီမိန်းမကလည်း သူ့အပေါ် သံယောဇဉ် ရှိတယ်။ ဒါပေမဲ့လေ... ကျုပ် သူငယ်ချင်းက အပြင်မှာ တခြား မိန်းမတွေ အများကြီး ရှိနေတယ်။ မိန်းမက အဲဒီကိစ္စကို မသိဘူး။ မိန်းမရဲ့ အဖေကလည်း သမီးကို အရမ်းချစ်တဲ့သူဆိုတော့ ဒီကိစ္စကို သိသွားရင် ကျုပ် သူငယ်ချင်းကို သေချာပေါက် သတ်ပစ်လိမ့်မယ်။ အဟမ်း... မင်း စဉ်းစားကြည့်။ ကျုပ် သူငယ်ချင်း ဘယ်လို လုပ်သင့်လဲ။"
လီမြောင်ဟန် က လှပသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးလိုက်သည်။ "ဘယ်လို လုပ်ရမှာလဲ။ မယူရင် ပြီးရောပေါ့။ အပြင်မှာ တခြား မိန်းမတွေ ဒီလောက် အများကြီး ရှိနေမှတော့ ဒီတစ်ယောက် မပါလည်း ဘာဖြစ်လဲ။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "မရဘူး … မဖြစ်မနေ ယူရမယ်။ မယူရင် သေသွားသလိုကို ခံစားရမှာ။"
လီမြောင်ဟန် က ပြောလိုက်သည်။ "ဒါဆိုလည်း ယူလိုက်ပေါ့။ သူ့အဖေက သမီးကို ဒီလောက် ချစ်နေမှတော့ သားမက်ကို တကယ်ကြီး သတ်ပစ်ပါ့မလား။"
ဖန်ကျန်းရီက မျက်နှာတစ်ခုလုံး နီမြန်းသွားကာ မေးလိုက်၏။ "အဲဒီမိန်းမက ကျုပ် သူငယ်ချင်းမှာ တခြား မိန်းမတွေ ရှိနေတာကို မသိဘူးလေ။ နောက်မှ သိသွားရင် ဘယ်လို ဖြစ်သွားမလဲ။"
လီမြောင်ဟန် က ဖန်ကျန်းရီကို နားမလည်နိုင်စွာ ကြည့်လျက် ပြောလိုက်သည်။ "ယောကျာ်းတွေ မိန်းမ အများကြီး ယူတာက ပုံမှန်ပဲ မဟုတ်လား။ အဲဒါက ဘာပြဿနာ ရှိလို့လဲ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "အဟမ်း... အဟမ်း။ ဒါပေမဲ့ မင်းသမီးရဲ့ ယောက်ျားက မိန်းမ တစ်ယောက်တည်းပဲ ယူခွင့်ရှိတာ မဟုတ်လား။"
လီမြောင်ဟန် က ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "တော်ဝင်မိသားစု နဲ့ အရပ်သားတွေက ဘယ်လိုလုပ် တူညီနိုင်မှာလဲ။ ပြီးတော့ တကယ့်တကယ်ကျတော့ တချို့ကိစ္စတွေက ရှင် ထင်ထားသလို မဟုတ်ပါဘူး။ အစ်မတွေ ပြောတာ ကြားဖူးတယ်။ အဲဒီ မင်းသမီး ခင်ပွန်းတွေက အပြင်မှာ မယားငယ်တွေ တိတ်တဆိတ် ထားကြတယ်တဲ့။
ခမည်းတော်လည်း သိပါတယ်။ သူ ဒေါသထွက်ပေမဲ့ ဘာမှ သိပ်မလုပ်ပါဘူး။ လုပ်လည်း မလုပ်နိုင်ဘူးလေ။ ရှင်က ဒါကို ဘာလို့ မေးတာလဲ။ ရှင့် သူငယ်ချင်းက အသက်ဘယ်လောက်ရှိပြီလဲ။ ဒီလောက် ကိစ္စလေးကိုတောင် ကိုယ်တိုင် မဖြေရှင်းနိုင်ဘူးလား။"
ဖန်ကျန်းရီက တံတွေးကို မြိုချလိုက်ပြီး လည်ချောင်းများ တင်းကျပ်လာသည်ဟု ခံစားလိုက်ရသည်။
လီမြောင်ဟန် ၏ ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဖိကိုင်ကာ သူ၏ အရှေ့သို့ လှည့်ယူလိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "မြောင်းဟန်... ကျုပ် သူငယ်ချင်း ကိစ္စကို အရင်ထားလိုက်တော့။ ကျုပ်က အလကား လျှောက်မေးကြည့်တာပါ။ ကျုပ် မင်းကို ပြောချင်တာက... ကျုပ် အရှင်မင်းကြီးဆီမှာ လက်ထပ်ခွင့် တောင်းခဲ့တယ်။"
ချက်ချင်းပင် လီမြောင်ဟန် ၏ ဦးနှောက်ထဲတွင် လုံးဝ ဗလာကျင်းသွားပြီး စိတ်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွား၏။
နောက်တစ်စက္ကန့်တွင် မျက်နှာလေး အနည်းငယ် ဖြူရော်သွားကာ ဖန်ကျန်းရီကို စိုက်ကြည့်လျက် ပြောလိုက်သည်။ "ရှင်... ရှင်..."