← Chapters

အခန်း ၉၃၁

Vol. 49 Ch. 931

အခန်း ၉၃၁

Vol. 49 Ch. 931

အပိုင်း (၉၃၁) စက်ရုံတွင်း နေရာချထားမှု။

စာမေးပွဲဖြေသူ လေးဦးသည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေခဲ့၏။

ဤခံစားခွင့်များက အနည်းငယ် လွန်ကဲစွာ ကောင်းမွန်လွန်းနေချေသည်။

အမှောင်ဘက်ခြမ်းကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမည်။ မဟုတ်လျှင် အလုပ်သမားအသစ်တွေ ထွက်ပြေးကုန် ပေလိမ့်မည်။

လေးဦးသား အနည်းငယ် စဉ်းစား တွေးတောလိုက်ကြပြီးသည့်နောက် စိတ်ထဲတွင် သဘောပေါက် နားလည်သွားကြ၏။

စုထျန်းက ထူးခြားမှုကို မရိပ်မိဘဲ သူတို့ လေးဦး၏ ရှေ့မှ ဦးဆောင် လျှောက်လှမ်းသွားရင်း ပြောလိုက်သည်။ "တခြား အဆောက်အအုံတွေက ကျုပ်တို့ စက်ရုံရဲ့ အနောက်ဘက်မှာ ရှိတယ် ...။ ကျုပ် အခုပဲ မိတ်ဆွေတို့ကို လိုက်ပြပေးမယ် ...။"

ငါးဦးသားသည် စက်ရုံပြင်ပသို့ ထွက်လာခဲ့ကြပြီး ခြေလှမ်း အနည်းငယ်မျှ လျှောက်လှမ်းလိုက်သည်နှင့် နောက်ထပ် အဆောက်အအုံ အနည်းငယ်ကို မြင်တွေ့လိုက်ရသည်။

စက်ရုံ အဆောက်အအုံကြီးနှင့် စာလျှင် သေချာပေါက် သေးငယ်သွားခဲ့ပြီး စုထျန်းသည် ဘယ်ဘက် လက်ရှိ အဆောက်အအုံဆီသို့ လျှောက်သွားရင်း ရှင်းပြလိုက်၏။ "ဒီနေရာကတော့ စားသောက်ဆောင်ပဲ ...။ မိတ်ဆွေတို့ အနေနဲ့ စက်ရုံမှာ စားသောက် နေထိုင်သရွေ့ အကုန်လုံး အခမဲ့ပဲ ...။ နေ့လယ် တစ်နပ်၊ ည တစ်နပ် ... ဟင်းလျာ နှစ်ဆယ်ကျော်ကို ကြိုက်တာ ရွေးချယ် စားသောက်လို့ ရတယ် ... ထမင်း မလောက်ရင် ကိုယ့်ဘာသာ ထပ် ခပ်စားပေါ့ ...။ ဝမ်းနည်းစရာ ကောင်းတာက အခုက ထမင်းစားချိန် မဟုတ်သေးတော့ ကျုပ် မိတ်ဆွေတို့ကို အထဲအထိတော့ ခေါ်မသွားတော့ဘူး ...။

နောက်ပြီးတော့လည်း ရှိသေးတယ် ... စားသောက်ဆောင် အနောက်ဘက်မှာ ရေချိုးဆောင် ရှိတယ် ... အခမဲ့ ရေချိုးလို့ ရတယ် ...။ သုံးရက်ကို တစ်ခါ ဖွင့်ပေးတယ် ... အကုန်လုံးက ရေနွေးတွေချည်းပဲ ... ကြိုက်သလောက် ချိုးလို့ ရတယ် ...။"

စားသောက်ဆောင်နှင့် မဝေးလှသည့် နေရာတွင် စုထျန်းက သူတို့ကို နောက်ထပ် အဆောက်အအုံ တစ်ခုရှေ့သို့ ခေါ်ဆောင်သွားပြီး ပြောလိုက်သည်။ "ဒီနေရာကတော့ နားနေဆောင်ပဲ ...။ နေ့လယ် နားချိန်၊ အလုပ်ဆင်းချိန် ဒါမှမဟုတ် အားလပ်ရက်တွေမှာ ဒီနေရာကို လာပြီး အနားယူလို့ ရတယ် ...။ အထဲမှာ စာအုပ်တွေ အများကြီး ရှိတယ် ... မိတ်ဆွေတို့ အားလပ်တဲ့ အခါကျရင် စာအုပ် လာဖတ်လို့ ရတယ် ...။"

စာအုပ် ...။ စက်ရုံထဲမှာ ဘာကြောင့် စာအုပ်တွေ အများကြီး ရှိနေရတာလဲ ...။

ကျိုးမောက်ရွှဲ့သည် နားနေဆောင်ကို စိုက်ကြည့်ရင်း သံသယတကြီး မေးလိုက်၏။ "စက်ရုံထဲမှာ စာအုပ်တွေ ဒီလောက် အများကြီး ပြင်ဆင်ထားတာ ဘာလုပ်ဖို့လဲ ...။ ပြီးတော့ ဒီနားနေဆောင်ကို ကြည့်ရတာ အသစ်စက်စက် တည်ဆောက်ထားတာ ထင်ရှားနေတယ် မဟုတ်လား ...။"

စာအုပ်ဆိုသည်မှာ တကယ်ကို လုံးဝ အသုံးမဝင်ချေ။ ထိုအရာမှာ မကြာသေးမီကမှ အသစ် တည်ဆောက်ထားခဲ့ခြင်း မဟုတ်ပါလား...။ ဤလူများ၏ မျက်လုံးများမှာကား တကယ်ကိုပင် စူးရှလွန်းလှပေသည်။

စုထျန်း၏ မျက်နှာမှာ အနည်းငယ် နီရဲသွားသော်လည်း အသားအရေ မည်းညစ်လွန်းသောကြောင့် ကျိုးမောက်ရွှဲ့တို့ သိသာလောက်အောင် မမြင်တွေ့လိုက်ရချေ။

သို့သော်ငြား ဤအခြေအနေမျိုးအတွက် အထက်ပိုင်းက ကြိုတင် ပြင်ဆင်ထားသည့် စကားများ ရှိပြီးသား ဖြစ်ပေ၏။

"အို ... ဒါကတော့လေ ... ကျုပ်တို့ စက်ရုံမှာ စာတတ်တဲ့သူ ဆိုလို့ ဘယ်နှစ်ယောက်များ ရှိမှာလဲ ...။ ကျုပ်လို စာ နည်းနည်းပါးပါး တတ်တဲ့သူတောင် အများကြီး မသိဘူးလေ ...။"

စုထျန်းက ဟားဟား ရယ်မောလိုက်သည်။ "ဒီနားနေဆောင် ဆောက်ပြီးတည်းက ဘယ်သူမှ လာမကြည့်ဖူးကြဘူး ...။ ဒါပေမဲ့ ကျုပ်တို့ သူဌေးကတော့ တပည့် လက်အောက်ငယ်သားတွေကို စာပေ ပိုပြီး တတ်ကျွမ်းစေချင်တယ်လေ ...။ စက်ရုံထဲမှာ လူရည်ချွန်တွေ မွေးထုတ်ပြီး ရေရှည် အလုပ်လုပ်ဖို့ စာချုပ် ချုပ်ဆိုထားရင် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကို လွှတ်ပြီး စာသင်ခိုင်းပေးမလို့တဲ့ ...။ ပညာ စုံသွားရင် စက်ရုံကို ပြန်လာပြီး ဆက် အလုပ်လုပ်တာပေါ့ ...။"

အရှေ့ဆင်ခြေဖုံး တက္ကသိုလ် ကျောင်းသားတွေက အရမ်း လုယူခံရတာလေ ...။ သူဌေးကလည်း လူ ရှာမရတာနဲ့ ဒီလို နည်းလမ်းကို စဉ်းစားမိသွားတာပါ ... ဒါပေမဲ့ အခုအချိန်အထိ ဒီနေရာကို ဘယ်သူမှ လာချင်တဲ့သူ မရှိသေးဘူး ...။"

ဒီလိုကိုး ...။

ကျိုးမောက်ရွှဲ့၏ မျက်မှောင်များ ဖြည်းညင်းစွာ ပြေလျော့သွားခဲ့၏။ နားထောင်ကြည့်ရသည်မှာ အတော်လေး ယုတ္တိရှိသော အကြောင်းပြချက် တစ်ခု ဖြစ်နေသည်။

စက်ရုံပိုင်ရှင် သူဌေးက ရေရှည် အမြော်အမြင် ရှိသည် ဆိုသည်မှာလည်း မဖြစ်နိုင်စရာ မရှိချေ။

"မိတ်ဆွေတို့က စာတတ်ကြတယ် ဆိုတော့ကာ အားလပ်တဲ့ အချိန်ကျရင် ဒီမှာ လာပြီး စာများများ ဖတ်ကြပေါ့ ...။ နောင်တစ်ချိန်ကျရင် သူဌေးက ရာထူး တိုးပေးကောင်း တိုးပေးနိုင်တယ် ...။"

စုထျန်းက ရယ်မောရင်း ဟာသ လုပ်လိုက်၏။ "နားနေဆောင်ရဲ့ အနောက်ဘက်ကို ခြေလှမ်း နှစ်ရာလောက် ဆက်လျှောက်သွားရင် ဘောလုံးကွင်း သေးသေးလေး တစ်ကွင်း ရှိသေးတယ် ... ကျုပ်တို့ စက်ရုံက လူတွေ အလုပ်ဆင်းရင် အားလပ်တဲ့ အခါ အဲဒီမှာ ဘောလုံး သွားကန်ရတာကို သဘောကျကြတယ် ...။

တစ်ခါတလေကျရင် တခြား စက်ရုံတွေနဲ့တောင် ပြိုင်ပွဲတွေ လုပ်ကြသေးတယ် ...။ ဒီလလယ်မှာ ပြိုင်ပွဲ တစ်ပွဲ ရှိတယ် ... မိတ်ဆွေတို့ ကန်တတ်ရင် စမ်းကြည့်လို့ ရတယ် ... အနိုင်ရရင် ဆုကြေးငွေ ရမယ့်အပြင် ကျုပ်တို့ စက်ရုံအတွက်လည်း ဂုဏ်တက်စေတယ် ...။"

ကျိုးမောက်ရွှဲ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "မလိုပါဘူး ... ကျုပ်တို့ မကန်တတ်ပါဘူး ...။"

"ဟားဟား ... ကန်တတ်တာ၊ မကန်တတ်တာ ဘာထူးမှာလဲ ... လျှောက်ဆော့တာပဲဟာ ...။ ကဲ ... ကျုပ် မိတ်ဆွေတို့ကို နေထိုင်ရမယ့် နေရာ လိုက်ပြပေးမယ် ...။"

သိပ်မကြာမီမှာပင် စုထျန်း၏ ဦးဆောင်မှုအောက်တွင် သူတို့ လေးဦးသည် အိပ်ဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

အခန်းတွင်းတွင် မထင်ရှားလှသော ထူးဆန်းသည့် အနံ့ဆိုး တစ်ခု ပျံ့လွင့်နေ၏။

ဤအိပ်ဆောင်တွင် နှစ်ထပ်ကုတင်များဖြင့် စုစုပေါင်း အိပ်ရာ ရှစ်ခု ရှိပေသည်။

အိပ်ရာ လေးခုမှာ ဖရိုဖရဲ ဖြစ်နေပြီး တစ်ယောက်ယောက် နေထိုင်နေကြောင်း ထင်ရှားနေကာ ကျန်ရှိသော အိပ်ရာ လေးခုပေါ်တွင်မူ စောင်၊ ခေါင်းအုံးများနှင့် အလုပ်သမား ဝတ်စုံများကို သပ်သပ်ရပ်ရပ် တင်ထားသည်ကို တွေ့ရ၏။

စုထျန်းက ကုတင်တိုင်ကို ပုတ်လိုက်သည်။ "အတော်ပဲ ...။ နောင်ကျရင် မိတ်ဆွေတို့ လေးယောက် အတူတူ ကပ်ပြီး နေထိုင်ကြတော့ပေါ့ ...။ ဒီအဝတ်အစားတွေရဲ့ အရွယ်အစားက အတူတူလောက်ပဲ ဆိုတော့ မိတ်ဆွေတို့ အရင်ဆုံး ယာယီ ဝတ်ထားကြအုံး ... နောက်ပိုင်းကျမှ သင့်တော်တာတွေ စီစဉ်ပေးမယ် ...။ စက်ရုံထဲမှာက အဓိကအားဖြင့် ဒီလောက်ပါပဲ ... စားဝတ်နေရေး အကုန် ပြည့်စုံတယ် ...။ အကယ်၍ မိတ်ဆွေတို့ နားမလည်တာ ရှိရင် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မေးမြန်းလို့ ရတယ် ...။ မနက်ဖြန်ကျရင် ကျုပ် ကိုယ်တိုင် လာခေါ်ပြီး အလုပ် စဝင်ဖို့ စီစဉ်ပေးမယ် ...။ ပထမဆုံးနေ့မှာ သူဌေးက စစ်ဆေးရေး လာလုပ်လိမ့်မယ် ... ကောင်းကောင်းမွန်မွန် ကြိုးစားပြဖို့ မမေ့ကြနဲ့ ...။

ဒါနဲ့ ... မိတ်ဆွေတို့ရဲ့ မွေးသက္ကရာဇ် ဇာတာခွင်ကို တစ်စောင်စီ ချန်ထားပေးခဲ့အုံး ...။" စုထျန်းက ရင်ဘတ်ထဲမှ မှတ်စုစာအုပ် သေးသေးလေး တစ်အုပ်နှင့် မီးသွေးခဲ တစ်ချောင်းကို ထုတ်၍ ကျိုးမောက်ရွှဲ့ထံသို့ ကမ်းပေးလိုက်၏။

ကျိုးမောက်ရွှဲ့နှင့် တခြား သူတို့သည် စုထျန်းကို သတိကြီးကြီးထားပြီး လှမ်းကြည့်လိုက်ကြသည်။

စက်ရုံ ဝင်လုပ်တာတောင် မွေးသက္ကရာဇ် ဇာတာခွင် တောင်းတယ် ဆိုတော့ သေချာပေါက် ပြဿနာ ရှိနေပြီပဲ ...။

"ဘာဖြစ်လို့ ကျုပ်တို့ရဲ့ မွေးသက္ကရာဇ် ဇာတာခွင်ကို တောင်းတာလဲ ...။"

"ဒါကတော့လေ ... ကောင်းတဲ့ ကိစ္စပါ ...။ မိတ်ဆွေတို့ နောက်ကျရင် သိလာပါလိမ့်မယ် ...။ ရေးလိုက်ကြပါ ... ဘာမှ မဖြစ်ပါဘူး ... စက်ရုံ ဝင်လုပ်တဲ့သူ အကုန်လုံး မွေးသက္ကရာဇ် ဇာတာခွင် ရေးပေးကြရတာပဲ ...။" စုထျန်းက ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ပြောလိုက်သည်။ ကျိုးမောက်ရွှဲ့က စာရွက်နှင့် စာရေးကိရိယာကို မယူသည်ကို မြင်သောအခါ သူက တခြား တစ်ယောက်ထံသို့ ပြောင်း၍ ကမ်းပေးလိုက်၏။

ထိုစာမေးပွဲဖြေသူကလည်း တုံ့ဆိုင်းမနေဘဲ စာရွက်နှင့် စာရေးကိရိယာကို ယူ၍ မွေးသက္ကရာဇ် ဇာတာခွင် တစ်ခုကို လက်တည့်စမ်း ရေးသားလိုက်သည်။

ကျန် နှစ်ဦးကလည်း အမြန်ပင် ရေးသားပြီးစီးသွားခဲ့ရာ ကျိုးမောက်ရွှဲ့၏ ရှေ့သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့၏။

ကျိုးမောက်ရွှဲ့က စိတ်ထဲတွင် စဉ်းစား တွေးတောလိုက်ပြီး ကလောင်ကို ကိုင်၍ ရေးသားလိုက်သည်။

သို့ပေမည့် သူ ရေးသားခဲ့သည်မှာ ဇာတာတု တစ်ခုသာ ဖြစ်၏ ...။ ထို့ပြင် မွေးနေ့ရက်ကိုလည်း နောက်ဆယ်ရက် အကြာအဖြစ် ရေးသားခဲ့သည်။

ဤစက်ရုံက အနည်းငယ် ထူးဆန်းနေပေရာ နောက်ကွယ်တွင် ဘာတွေ ကြံစည်နေကြသလဲ ဆိုတာကို သူ တကယ်ပင် စောင့်ကြည့်ချင်မိ၏။

"ကောင်းပြီ ...။ ဒီနေ့အတွက်တော့ အကြမ်းဖျင်း ပြီးစီးသွားပါပြီ ...။ မနက်ဖြန် ကျရင် တရားဝင် စတင်ကြမယ် ...။ မိတ်ဆွေတို့ စောစော အနားယူကြတော့လေ ...။" စုထျန်းက မှာကြားပြီးသည့်နောက် နောက်ပြန်လှည့်၍ ထွက်ခွာသွားခဲ့သည်။

ကျိုးမောက်ရွှဲ့သည် သက်ပြင်းရှည်ကြီး တစ်ချက် ရှိုက်လိုက်ပြီး ကုတင်ပေါ်သို့ ဖြုန်းကနဲ ထိုင်ချလိုက်၏။

ကျန် သုံးဦးကလည်း သူ၏ ဘေးတွင် ယှဉ်တွဲ ထိုင်လိုက်ကြသည်။

"ကျိုးအစ်ကို ... ဒီနေရာက အရမ်း ထူးဆန်းနေတယ်လို့ မထင်ဘူးလား ...။"

"ဒီနေရာက သွေးချွေးစက်ရုံနဲ့လည်း မတူဘူး ... အကယ်၍ ဟန်ဆောင်ထားတာ ဆိုရင်တောင် သူတို့က အရမ်းကို သရုပ်ဆောင် ကောင်းလွန်းနေတယ် ...။"

ကျိုးမောက်ရွှဲ့က ခေါင်းခါယမ်းလိုက်၏။ "အခြေအနေကို အရင် စောင့်ကြည့်ကြတာပေါ့ ...။ ကျုပ်တို့ လောလောဆယ် ဘာမှ မလုပ်ကြသေးဘဲနဲ့ အေးအေးဆေးဆေးပဲ အလုပ် လုပ်နေကြတာ ကောင်းတယ် ...။ သိပ်မကြာခင်မှာ သူတို့ အစွယ် ထုတ်ပြလာကြမှာ သေချာတယ် ...။"

...

နာရီအနည်းငယ် ကုန်လွန်သွားခဲ့ပြီးသည့်နောက် ကျိုးမောက်ရွှဲ့နှင့် ထိုစာမေးပွဲဖြေသူ သုံးဦးသည် အိပ်ရာ နေရာများကို ခွဲဝေ ပြီးစီးသွားခဲ့ကာ ကုတင်ပေါ်တွင် လဲလျောင်းရင်း ဟိုအကြောင်း၊ ဒီအကြောင်း ပြောဆိုနေခဲ့ကြ၏။

ရုတ်တရက် တံခါး ပွင့်သွားပြီး အလုပ်သမား ဝတ်စုံ ဝတ်ဆင်ထားသော အလုပ်သမား လေးဦး တံခါးကို တွန်းဖွင့်၍ ဝင်ရောက်လာခဲ့ရာ ပြင်းထန်သော ချွေးနံ့ဆိုးကြီး တစ်ခုလည်း အတူတူ ပါဝင်လာခဲ့သည်။

ဦးဆောင် လာသူ အလုပ်သမားက လုပ်ဖော်ကိုင်ဖက် အသစ်များ ရောက်နေသည်ကို မြင်သောအခါ လက်ကို မြှောက်၍ နှုတ်ဆက်လိုက်၏။

ကျိုးမောက်ရွှဲ့၏ မျက်ခမ်းထောင့်များ တုန်ယင်သွားသည်။ သို့ပေမည့် တုံ့ပြန်မှု အနေဖြင့် နှုတ်ခမ်းကို အတင်းအကျပ် တွန်းတင်၍ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

ကျန်ရှိသော စာမေးပွဲဖြေသူ သုံးဦး၏ အမူအရာမှာလည်း အတူတူလောက်ပင် ဖြစ်၏။

စကား မပြောချင်ခြင်း မဟုတ်ပေ ...။ တကယ်ကို ပါးစပ် မဟရဲလောက်အောင် ဖြစ်နေခြင်းသာ ဖြစ်သည်။

ဤလူလေးဦးစလုံးမှာ ညစ်ပတ် ပေရေနေပြီး တစ်ကိုယ်လုံး အနံ့ဆိုးများ နံစော်နေရာ ကြည့်ရသည်မှာ အလွန် အဆင့်အတန်း နိမ့်ကျသည့် ပုံစံ ပေါက်နေ၏။

သူတို့ အားလုံးက အရင်တုန်းက အသိုင်းအဝိုင်းထဲမှာ နာမည်ကျော်ကြားသော လွတ်လပ် ပေါ့ပါးသူ စာပေ ပညာရှင်တွေ ဖြစ်ခဲ့ကြသည်။

အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး စက်ရုံထဲ ဝင်လာခဲ့သည်က ကြီးကျယ်သော ရည်မှန်းချက်ကြီး တစ်ခုအတွက် ဖြစ်၏။

ဒါဟာ ဘယ်လောက်တောင် နိမ့်ကျတဲ့ လူတန်းစားတွေလဲ ...။ ဒီလို လူမျိုးတွေနဲ့ စကားပြောဆိုတာဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ကိုယ်တိုင် ဖျက်ဆီးရာ မရောက်ဘူးလား ...။

စာမေးပွဲဖြေသူတွေက ပါးစပ်ကနေ ပြည်သူတွေရဲ့ တရားမျှတမှုအတွက် လာတာလို့ ပြောနေကြပေမဲ့ လက်တွေ့ လူတွေကို မြင်တွေ့လိုက်ရတဲ့ အခါမှာတော့ ကိုယ်ချင်းစာစိတ်တွေက ဤအခိုက်အတန့်မှာတင် ပျောက်ကွယ် သွားခဲ့ပုံရပေသည် ...။

အလုပ်သမား လေးဦးသည် ကျိုးမောက်ရွှဲ့တို့၏ မျက်လုံးများထဲမှ ဖုံးကွယ်၍ မရနိုင်သော ရွံရှာ မနှစ်မြို့မှုများကို ထင်ရှားစွာ သိမြင်သွားခဲ့ကြ၏။

သူတို့က ခေါင်းကို လှည့်လိုက်ပြီး ကိုယ့်ကုတင် အသီးသီးရှေ့သို့ ပြန်သွားကာ အဝတ်အစားလည်း မလဲတော့ဘဲ ကုတင်ပေါ်သို့ ခပ်ကြမ်းကြမ်း လဲလျောင်း ချလိုက်ကြတော့သည်။

ထို့နောက် သိပ်မကြာခင်မှာပင် မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လှသော ဟောက်သံကြီးများ တဆက်တည်း ထွက်ပေါ်လာခဲ့တော့၏။

နှာခေါင်းဝတွင် လှည့်ပတ်နေသော အနံ့ဆိုးများ၊ နားဘေးတွင် ဆူညံနေသော အသံကျယ်ကြီးများကြောင့် ကျိုးမောက်ရွှဲ့၏ စိတ်အာရုံမှာ ရုတ်တရက် ပြိုကွဲမတတ် ဖြစ်သွားခဲ့သည်။

ဤအရာက ... အခု လောလောဆယ်မှာ သွေးချွေးစက်ရုံ ပြဿနာ မဟုတ်တော့ဘူး ...။ ဒီသွေးချွေးစက်ရုံထဲက အလုပ်သမားတွေကိုပဲ သူ အတော်လေး လက်ခံနိုင်ဖို့ ခက်ခဲနေပြီ ...။ နောက်ပိုင်း ရက်တွေမှာ သူ ဆက်ပြီး ခံနိုင်ပါဦးမည်လား။

All Chapters