အခန်း ၇၂၃
Vol. 38 Ch. 723
အပိုင်း (၇၂၃) ဝင်ငွေတိုးရန် အကြံဉာဏ်ကောင်း။
ဝမ်မုန်မှာ ယခုအချိန်တွင် အဝေးတစ်နေရာ၌ ရပ်နေပြီး ရှေ့သို့ မတိုးရဲချေ။
ကျင်းဘုရင်မင်းမြတ်၏ ချီးကျူးစကားကို ကြားသောအခါ သူက ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ "ကျွန်တော်မျိုးက ဂုဏ်ပြုခံဖို့ မထိုက်တန်ပါဘူး။ ဒါတွေအကုန်လုံးက သခင်လေးဖန် သင်ပေးထားလို့ပါ။"
ကျင်းဘုရင်မင်းမြတ်က ရယ်မောလျက် ပြောလိုက်သည်။ "ဟဲဟဲ ... နှိမ့်ချနေပြန်ပါပြီ။ ဒီကောင် လူငါးဆယ်ကျော်ကို အဆိပ်ခတ်သတ်ခဲ့တာ ဆေးပညာကို ဘာနားလည်မှာလဲ။ ဒီတစ်ခေါက် မင်းကို ငါကိုယ်တော် ဆုလာဘ် ကြီးကြီးမားမား ချီးမြှင့်မယ်။ မင်း ဘာဆန္ဒရှိလဲဆိုတာ ပွင့်ပွင့်လင်းလင်းသာ ပြော။"
ဒီကိစ္စကို ဘာလို့ ပြန်ပြောနေရတာလဲ။ တစ်သက်လုံး အရိပ်မည်းကြီး ဖြစ်နေတော့မှာလား။
ဖန်ကျန်းရီ၏ အပြုံးများက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး လီယွမ်ကျောက်၏ မျက်နှာပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွား၏။
လီယွမ်ကျောက်က သူ၏ အနီးသို့ လျှောက်လာပြီး အနားနားကပ်ကာ ရယ်မောလျက် ပြောလိုက်သည်။ "ဖန်ကြီး ... ခင်ဗျားလည်း ဒီနေ့မျိုး ရောက်လာတာပဲ။ ကျုပ်သားက ကျုပ်နဲ့မတူဘဲ ခမည်းတော်နဲ့ တူတယ်ပေါ့။ ခင်ဗျား လိမ်မယ်ဆိုရင်တောင် ယုံနိုင်စရာစကားကို ပြောပါလား။"
"ဟဲဟဲ ... အိမ်ရှေ့စံ ... ကျုပ်ကို မစွပ်စွဲပါနဲ့။ ကျုပ်က အမှန်တိုင်း ပြောတာပါ။"
ဝမ်မုန်က မြေပြင်ပေါ်တွင် ဒူးထောက်လျက် ခေါင်းငုံ့ကာ တွေးတောနေ၏။ မူလက အရန်အနေဖြင့် နန်းတော်ထဲသို့ စေလွှတ်ခံရခြင်းဖြစ်သော်လည်း ယခုလို ဆုလာဘ်ကြီးကြီးမားမား ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အနည်းငယ် တွေးတောပြီးနောက် သူက စကားစလိုက်သည်။ "ကျွန်တော်မျိုး တောက်ယွမ်ဆေးခန်းမှာ လူနာတွေကို ကြည့်ပေးလာတာ ကြာပါပြီ။ ဒါပေမဲ့ အဲဒီအထဲမှာ အမျိုးသမီးတော်တော်များများက ယောက်ျား မိန်းမ အထိအတွေ့ကို ရှောင်ကြဉ်ကြတဲ့အတွက် ကုသလို့ရနိုင်တာကို ဆေးခန်းရောက်ပြီးမှ နောက်ဆုတ်သွားကြတယ်။ အချိန်ကြာလာတော့ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အခြေအနေအထိ ရောက်သွားကြတယ်။ ဒါကြောင့် ကျွန်တော်မျိုးက အရှင်မင်းကြီးကို တောက်ယွမ်ဆေးခန်းအတွက် စာရေးပေးဖို့နဲ့ သားဖွားမီးယပ်ဌာနတစ်ခု သီးသန့်ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ နောက်ဆိုရင် အမျိုးသမီးတွေကို ဆေးပညာသင်ဖို့ ခေါ်ယူပြီး မြို့တော်က ပြည်သူတွေကို ဆက်လက် ကုသပေးနိုင်မှာပါ။"
သူ ထိုသို့ပြောသည်ကို ကြားသောအခါ ကျင်းဘုရင်မင်းမြတ်သည် စိတ်ထဲတွင် အံ့ဩသွားပြီး တစ်ချိန်တည်းမှာပင် လေးစားမှုများလည်း တိုးပွားလာခဲ့၏။
ဤလူက ထုံ့ထုံ့အအပုံစံ ပေါက်သော်လည်း ရိုးသားဖြောင့်မတ်သော လူကောင်းတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကိုယ့်ကျိုးကို လုံးဝမငဲ့ဘဲ သူတစ်ပါးအကျိုးကိုသာ ဆောင်ရွက်ခြင်းက ဘယ်လိုစိတ်ဓာတ်မျိုးလဲ။
ဖန်ကျန်းရီလည်း အံ့ဩသွားသည်။
ဝမ်မုန် .. ဒီကောင်က အရင်တုန်းက ဒီလိုစရိုက်မျိုး မဟုတ်ပါဘူး ... ဘယ်လိုဖြစ်လို့ ဒီနေ့မှ လောကကြီးကို စောင့်ရှောက်ချင်တဲ့စိတ်တွေ ဝင်နေရတာလဲ။
"မင်း သေချာစဉ်းစားထားရဲ့လား။ ဆုလာဘ်က မင်းကို ပေးတာ။ အခွင့်အရေးက တစ်ခါပဲ ရှိတယ်။"
ဝမ်မုန်က ခေါင်းမော့ကာ ပြောလိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး သေချာပါတယ်။ သခင်လေးက ဆေးခန်းမှာ ကျွန်တော်မျိုးကို သင်ပေးဖူးတယ်။ လူ့အသက်က ရွှေတစ်ထောင်ထက်ပိုပြီး တန်ဖိုးကြီးတယ်တဲ့။ ပြီးတော့ ဆေးခန်းအတွက် ဆေးပညာ လမ်းညွှန်ချက်လည်း ချမှတ်ပေးခဲ့တယ်။ ဆေးဖော်စပ်တာ ဘယ်လောက်ပဲ ရှုပ်ထွေးပါစေ၊ လုပ်အားကို မလျှော့ပါဘူး။ ဆေးဘက်ဝင်ပစ္စည်းတွေ ဘယ်လောက်ပဲ ဈေးကြီးပါစေ၊ ပစ္စည်းကို မလျှော့ပါဘူးတဲ့။ ကျွန်တော်မျိုးရဲ့ ဘဝက အဆင်ပြေပါတယ်။ ဘာမှမလိုပါဘူး။ ဆေးခန်းကို သေချာစီမံပြီး လူနာတွေကို ဆက်ကုသပေးဖို့နဲ့ ဆေးပညာကို လေ့လာဖို့ပဲ ဆန္ဒရှိပါတယ်။"
"ကောင်းတယ်။"
ကျင်းဘုရင်မင်းမြတ်သည် မနေနိုင်ဘဲ လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။ "ဒါဆိုရင် မင်းပြောတဲ့အတိုင်း သားဖွားမီးယပ်ဌာန သီးသန့်ဖွင့်ပြီး အမျိုးသမီး သမားတော်တွေကို ခေါ်ယူဖို့ ခွင့်ပြုတယ်။ ငါကိုယ်တော်လည်း မင်းကို ဆိုင်းဘုတ်တစ်ခု ချီးမြှင့်မယ်။"
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။" ထိုသို့ပြောပြီးနောက် ဝမ်မုန်က ထပ်မံ ခေါင်းငုံ့ကာ အရိုအသေပေးလိုက်၏။
"ဆေးဖော်စပ်တာ ဘယ်လောက်ပဲ ရှုပ်ထွေးပါစေ၊ လုပ်အားကို မလျှော့ပါဘူး။ ဆေးဘက်ဝင်ပစ္စည်းတွေ ဘယ်လောက်ပဲ ဈေးကြီးပါစေ၊ ပစ္စည်းကို မလျှော့ပါဘူးတဲ့ ... သိပ်ကောင်းတဲ့ စကားပဲ။ ကျန်းရီ ... မင်းက ဆေးပညာကို နားမလည်ပေမဲ့ မင်းရဲ့ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်က နာမည်ကြီး သမားတော် တော်တော်များများထက် သာလွန်နေလိမ့်မယ်လို့ မထင်ထားဘူး။" ကျင်းဘုရင်မင်းမြတ်က သက်ပြင်းချကာ ပြောလိုက်သည်။
ဖန်ကျန်းရီက နှုတ်ခမ်းကိုစေ့လျက် ခေါင်းငုံ့ကာ ပြောလိုက်၏။ "အရှင်မင်းကြီး ချီးကျူးလွန်းပါပြီ။ ကျွန်တော်မျိုးက ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်ကို နားမလည်ပါဘူး။ ဒါပေမဲ့ ငယ်ငယ်တည်းက ရိုးရိုးသားသားနေဖို့နဲ့ အလုပ်ကို သေသေချာချာလုပ်ဖို့ သင်ကြားခံခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်မျိုး တွေးမိတာက ... လူနာတွေကို ကုသပေးတဲ့နေရာမှာ ပိုပြီးတော့ ဒီလိုမျိုး ဖြစ်သင့်တယ်လို့ ထင်လို့ပါ။ ဒါပါပဲ။"
ကျင်းဘုရင်မင်းမြတ်က အားရပါးရ ရယ်မောလိုက်ရာ ယနေ့၏ ပျော်ရွှင်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားချေပြီ။
သို့သော် ဤနေရာတွင် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့ပြီဖြစ်ရာ ဆက်နေရန် မသင့်တော်တော့သဖြင့် ပြောလိုက်သည်။ "မင်းတို့ ဒီမှာဆက်နေပြီး ပြုစုချင်တယ်ဆိုရင် နေခဲ့ကြ။ ငါကိုယ်တော် အရေးကြီးကိစ္စ ရှိသေးလို့ အရင်သွားနှင့်မယ်။"
ကျင်းဘုရင်မင်းမြတ် ထွက်သွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်ပြီးနောက် ဖန်ကျန်းရီသည် ရှေ့သို့တိုးကာ ဝမ်မုန်ကို ဆွဲထားလိုက်၏။ "ခင်ဗျား ဘယ်အချိန်ကတည်းက ဖားတတ်သွားတာလဲ။ ဒီလောက် အကျင့်ဆိုးတွေ များနေတာ ဘယ်သူ့ဆီက သင်လာတာလဲ။"
ဝမ်မုန်က ပြောလိုက်သည်။ "မဟုတ်ရပါဘူး သခင်လေးရယ်။ ကျုပ် တကယ်ပဲ အမျိုးသမီး သမားတော်တွေကို ခေါ်ချင်လို့ပါ။ သခင်လေး မသိပါဘူး။ တောက်ယွမ်ဆေးခန်းကို ပြည့်တန်ဆာမ တော်တော်များများ လာပြကြတယ်။ ရောဂါတော်တော်များများက ပင်နီဆီလင်နဲ့ ကုလို့ရတယ်။ အဲဒီမိန်းမတွေက ပိုက်ဆံသုံးတဲ့နေရာမှာ လုံးဝ လက်မတွန့်ကြဘူး။ ကျုပ် တွေးမိတာက အပြင်မှာ ဆေးလာမပြရဲတဲ့ အမျိုးသမီးတွေ အများကြီးရှိတော့ ငွေအများကြီး ရှုံးမနေဘူးလားလို့။ ပြီးတော့ ကျုပ် စောစောက အတွေးအသစ်တစ်ခု ရလိုက်တယ် ...။ အမျိုးသမီးတွေ ကလေးမွေးတဲ့အခါ သွေးသွန်တတ်တယ်။ သွေးတိတ်အောင် လုပ်ဖို့ အချိန်မမီတော့ဘူးလေ။ အဲဒါ တခြားလူတစ်ယောက်ရဲ့ သွေးကို သွေးထွက်လွန်နေတဲ့ လူနာကိုယ်ထဲကို သွင်းပေးလို့ မရဘူးလား။ အဲဒီလိုလုပ်ပြီး သွေးတိတ်အောင် နည်းလမ်းရှာရင် လူနာ အသက်ရှင်ဖို့ အခွင့်အရေး ရှိလာနိုင်တယ်။ ဒါပေမဲ့ ဒီလိုလေ့လာမှုမျိုးက မျောက်တွေကို သုံးရအုံးမယ်။ မျောက်ဝယ်တာကို ရပ်လို့မရဘူး။ ဒါပေမဲ့ မျောက်တွေက အရမ်းဈေးကြီးတယ်။ တောက်ယွမ်ဆေးခန်းက ကိုယ့်ဖာသာကိုယ် ရပ်တည်နေရတာ။ ခရိုင်ကလည်း ကျုပ်ကို ပိုက်ဆံမချပေးဘူး။ ဒါကြောင့် ပိုက်ဆံပိုရအောင် နည်းလမ်းရှာရတော့တာပဲ။"
ချီးတဲ့မှ။ အခုကတည်းက သွေးသွင်းဖို့အထိ တွေးနေပြီလား။ ငါတောင် တွေးဖို့ မဝံ့ရဲဘူး။
ဖန်ကျန်းရီ၏ စိတ်ထဲတွင် ရှက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာ၏။
တကယ်ကို ကျရှုံးတာပဲ။ ငါ့လက်အောက်ငယ်သားတွေ အကုန်လုံးက အချိန်ခရီးသွားပြီး ရောက်လာတဲ့လူတွေ ကျနေတာပဲ ... တကယ့်ကို ဝမ်းနည်းစရာပဲ။ မူပိုင်ခွင့် မှတ်ပုံတင်တာကို အမြန်လုပ်မှ ရတော့မယ်။
ဖန်ကျန်းရီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဝမ်မုန်က မေးလိုက်သည်။ "သခင်လေး ... ပြဿနာ တစ်ခုခုရှိလို့လား။ ပြဿနာ မတက်နိုင်ပါဘူးနော်။"
"ပြဿနာမရှိဘူး။ လုံးဝ ပြဿနာမရှိဘူး။ စီးပွားရေးဆိုတာ ပရဟိတပဲ။ ပိုက်ဆံရှာတာနဲ့ ပရဟိတလုပ်တာ ဆန့်ကျင်ဘက် မဟုတ်ဘူး။ ကျုပ်တို့လုပ်နေတာက ကောင်းမှုကုသိုလ်ပဲ။ ခင်ဗျား ပိုက်ဆံလိုရင် ကျုပ်ကိုပြောလေ။ သခင်လေးမှာ နည်းလမ်းတွေ အများကြီး ရှိတယ်။"
ဝမ်မုန်က ကမန်းကတန်း မေးလိုက်၏။ "သခင်လေး ညွှန်ကြားပြသပေးပါ။"
ဖန်ကျန်းရီက ပြုံးပြီး တီးတိုး ပြောလိုက်သည်။ "ကျုပ်မေးမယ်။ လူနာတွေ ဆေးခန်းကို ဘယ်လိုလာကြလဲ။"
"ပိုက်ဆံရှိတဲ့သူတွေက မြင်းစီး ဒါမှမဟုတ် မြင်းလှည်းနဲ့ လာကြတယ်။ ပိုက်ဆံမရှိတဲ့သူတွေက လမ်းလျှောက် လာကြတာပေါ့။"
"ဒါဆိုရင် အပေါက်ဝမှာ နေရာတစ်ခု သတ်မှတ်လိုက်။ ရထားရပ်တာ ဒါမှမဟုတ် မြင်းချည်တာကို အခကြေးငွေတောင်း။ ဒါက ဝင်ငွေတစ်ခုပဲ။ ပြီးတော့ လူနာတွေကို ရွေးထုတ်လို့ရတယ်။ လမ်းလျှောက်လာတဲ့သူတွေက သဘာဝအရ ဆင်းရဲသားတွေပဲလေ။ ကျုပ်တို့ရဲ့ ပင်နီဆီလင် ထုတ်လုပ်မှုက နည်းတယ်။ ပိုက်ဆံရှိတဲ့သူဆီက ပိုတောင်းပြီး ဆင်းရဲသားဆီက နည်းနည်းပဲ တောင်းပေါ့။
လူနာတွေ ဆေးခန်းထဲ ရောက်လာရင် စစ်ဆေးရအုံးမယ် မဟုတ်လား။ စစ်ဆေးတဲ့အခါ ခင်ဗျားက ပြည့်ပြည့်စုံစုံ စစ်ဆေးရမယ်။ တချို့ရောဂါတွေက ခေါင်းကိုက်ရင် ခေါင်းကိုကု၊ ခြေထောက်ကိုက်ရင် ခြေထောက်ကိုကုတာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားက ခေါင်းကနေ ခြေဖျားအထိ အကုန်လုံးကို တစ်ခေါက် စစ်ဆေးရမယ်။ စစ်ဆေးတာက ပိုက်ဆံမကုန်ဘူးလား။ စစ်ဆေးတဲ့ လုပ်ငန်းစဉ်မှာ ခင်ဗျားရဲ့ ကျွမ်းကျင်မှုကို ပြသဖို့ ကိရိယာတွေ ပိုသုံးရမယ် မဟုတ်လား။ မဟုတ်ရင် လူနာတွေက ညည်းညူကြလိမ့်မယ်။ ကိရိယာတွေအတွက်လည်း ခင်ဗျားက ပိုက်ဆံတောင်းရမယ်လေ။
ကျုပ်တို့ရဲ့ ကိရိယာတွေက တစ်ခါသုံး သန့်ရှင်းမှုကို အာမခံတယ်။ လုံးဝ ပြန်မသုံးဘူး။ နောက်ဆုံး လူနာတွေ ဆေးရုံတက်ရပြီ။ သူတို့က အိမ်ပြန်ချင်ကြတယ်။ ခင်ဗျားက သူတို့ကို လွယ်လွယ်နဲ့ အိမ်မပြန်ခိုင်းရဘူး။ သာမန်ပြည်သူတွေက ဆေးပညာကို ဘာနားလည်မှာလဲ။ သူတို့ကို ကျုပ်တို့ဆီမှာ ပြုစုပေးရမယ်။အပြည့်စုံဆုံး အာဟာရကို ပေးရမယ်။
အာဟာရပြည့်တဲ့ အစားအစာက ပိုက်ဆံမလိုဘူးလား။ အကျွမ်းကျင်ဆုံး ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှောက်သူတွေက ပိုက်ဆံမလိုဘူးလား။
နောက်ဆုံး ကျုပ်တို့ ဆေးခန်းက လူနာခန်းတွေ အကုန်လုံးက စံနှုန်းတစ်ခုတည်း ဖြစ်နေတယ်။ ဒါက ပိုက်ဆံရှိတဲ့ ဖောက်သည်တွေကို ဘယ်လိုလုပ် ဂုဏ်သရေရှိမှု ပြသနိုင်မှာလဲ။ ဆေးကုတာလည်း အခမ်းအနားလို ဖြစ်ရမယ်။ အခန်းတွေကို ပြန်ပြင်ပြီး က၊ ခ၊ ဂ၊ ဃ ဆိုပြီး ခွဲလိုက်။ 'က' အဆင့် အခန်းတွေအတွက် ပြည့်တန်ဆာရုံကနေ လှပတဲ့ မိန်းကလေးတွေကို သူနာပြုအဖြစ် ခေါ်ထား။ ဂုဏ်သရေရှိတဲ့ လူနာတွေကို အပြန်လမ်းမေ့သွားအောင် လုပ်လိုက်။ 'ဂ' အဆင့် အခန်းတွေကိုတော့ အိပ်စင်ကြီးတွေအဖြစ် ပြောင်းလိုက်။ ဆင်းရဲသားတွေကို မြန်မြန်ကု၊ ပျောက်တာနဲ့ မြန်မြန် ထွက်သွားခိုင်းလိုက်။ ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရမယ်။ ဒါတွေ လုပ်ပြီးရင် ပိုက်ဆံမရနိုင်ဘူးလား။"
လီယွမ်ကျောက်သည် ဘေးတွင် အသံတိတ် နားထောင်နေပြီး သူ၏ မျက်နှာထားက အထင်အမြင်သေးမှုမှ အံ့ဩမှုသို့ တဖြည်းဖြည်း ပြောင်းလဲသွား၏။
တကယ့်ကို ဖန်ကြီးပဲ။ ဆေးကုတာကိုတောင် ဒီလောက် အကွက်တွေ အများကြီး သုံးနိုင်တယ်။
"ဖန်ကြီး ... ခင်ဗျား အဲဒီလိုလုပ်တာ မယုတ်မာလွန်းဘူးလား။ လူတွေ လာရစ်မှာကို မကြောက်ဘူးလား။"
ဖန်ကျန်းရီသည် လီယွမ်ကျောက် ဘေးတွင် နားထောင်နေသည်ကို ယခုမှ မြင်လိုက်ရသဖြင့် အားနာစွာဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ "အိမ်ရှေ့စံ ... ဘယ်လိုလုပ် ယုတ်မာတာ ဖြစ်ရမှာလဲ။ ဒါတွေက ဝန်ဆောင်မှုကို ရောင်းတာပါ။ တစ်ပြားမှ အလကား မကုန်ပါဘူး။ ပြီးတော့ လောကကြီးက စီးပွားရေး ဂုဏ်သတင်းတွေက လူအများစုပေါ်မှာ မူတည်တယ်။ စီးပွားရေး တော်တော်များများရဲ့ ဖောက်သည်တွေက ဆင်းရဲသားတွေ များတယ်။ ဆင်းရဲသားတွေ ကျေနပ်သွားရင် ဂုဏ်သတင်းက ရလာမှာပဲ။
ပိုက်ဆံရှိတဲ့သူတွေကျတော့ ပြုစုရတာ ပိုလွယ်တယ်။ အဲဒီလောက် ပြဿနာမများဘူး။ သီးသန့် ဆက်ဆံရေးလည်း လုပ်လို့ရတယ်။ ဂုဏ်သရေရှိမှုကို ပြသဖို့အတွက် သူတို့က ပိုက်ဆံကုန်မှာကို မကြောက်ဘူး။ သူတို့ကို ညပိုင်းဝန်ဆောင်မှု ဆိုတာကို သိသွားစေရင် ... အဟမ်း ... သူတို့က နေ့တိုင်း နေမကောင်း ဖြစ်ချင်နေကြလိမ့်မယ်။"
"ညပိုင်းဘာလုပ်တာလဲ။" ဝမ်မုန်နှင့် လီယွမ်ကျောက်တို့က တစ်ပြိုင်နက်တည်း သိချင်စိတ်ဖြင့် ခေါင်းပြူလာကြ၏။
ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်သည်။ "သူနာပြုတွေက ညဘက်မှာ လူနာခန်းတွေကို ကြိုးကြိုးစားစား လှည့်လည်စစ်ဆေးတာကို ဆိုလိုတာပါ။ ထိပ်တန်းလူနာတွေအပေါ် ဆေးခန်းရဲ့ အသေးစိတ် ပြုစု စောင့်ရှောက်မှုကို ပြသတာပါ။"
"ဪ ..." နှစ်ယောက်သား သဘောပေါက်သွားကြ၏။
"ကျုပ်မှာ ကိစ္စရှိသေးလို့ များများမပြောတော့ဘူး။ အိမ်ပြန်ရအုံးမယ်။ ဒီနေ့ သားတော်လေး ရတဲ့အတွက် အိမ်ရှေ့စံကို ဂုဏ်ပြုပါတယ်။" ဖန်ကျန်းရီက လက်အုပ်ချီလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်၏။
"ဖန်ကြီး ... ခင်ဗျား ကျုပ်နဲ့ ခဏလောက် နေပါအုံး။ လာပြီးမှတော့။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "အိမ်ရှေ့စံ ... အရင်က ကျုပ်တို့ ဆွေးနွေးခဲ့တဲ့ ကုန်သည်ကိစ္စကို မှတ်မိသေးလား။ အခုလေးတင် မြေးတော်လေး ရလိုက်တော့ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ ဘာပူပင်သောကမှ မရှိတော့ဘူး။ အခု အရေးကြီးကိစ္စ ရှိတယ်။ ကျုပ် ပြန်ပြီး အစီရင်ခံစာတစ်ခု ရေးဆွဲပြီး အရှင်မင်းကြီးဆီ မြန်မြန် တင်ပြရအုံးမယ်။"