← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 11 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 11 Ch. 185-186

အပိုင်း (၁၈၅) မင်းကို ထပ်စကားပြောရင် ကျုပ်က ခွေးပဲ။

ဖန်ကျန်းရီသည် ဧကရာဇ်၏ စာကြည့်ဆောင် အပြင်ဘက်တွင် စောင့်နေရင်း ပျင်းရိလာပြီ ဖြစ်၏။

အစောင့်များနှင့် စကားစမြည် ပြောရန် ကြိုးစားသော်လည်း မည်သူကမှ သူ့ကို ဂရုမစိုက်ကြချေ။

အချိန်မည်မျှ ကြာသွားသည် မသိပေ၊ ကျင်းဘုရင်က ဖြည်းညင်းစွာ လျှောက်လာပြီး ကော်ထျန်းယန်က အနောက်မှ လိုက်ပါလာ၏။

ဖန်ကျန်းရီကို အပေါ်အောက် တစ်ချက် ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောဘဲ စာကြည့်ဆောင် အတွင်းသို့ ဝင်သွားသည်။

ကော်ထျန်းယန်က တိုးတိုးလေး ပြော၏။ "ဝင်လာခဲ့။"

ဖန်ကျန်းရီက သူ့နောက်မှ လိုက်ကာ ဧကရာဇ်၏ စာကြည့်ဆောင် အတွင်းသို့ ရိုသေစွာ ဝင်သွားသည်။

ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူ့အတွက် ထိုင်ခုံ မရှိချေ။

ကျင်းဘုရင်က စကားမပြောသေးဘဲ စာရွက်စာတမ်း အချို့ကိုသာ ခေါင်းငုံ့ ဖတ်နေ၏။

ဖန်ကျန်းရီက နေရာတွင်ပင် ရပ်နေရင်း ဆရာမ ရုံးခန်းထဲ ခေါ်ပြီး အပြစ်ပေးခံရသလို ခံစားနေရသည်။

မကြာခင်မှာပဲ သူ အိပ်ချင်လာ၏။

"ဖန်ကျန်းရီ... ဒီနေ့ ကိုယ်တော်က မင်းကို ကျန်းကျန်းမြို့ရဲ့ ဒုမြို့ဝန် အဖြစ် ရာထူးချလိုက်တဲ့ အပေါ် ရင်ထဲမှာ မကျေနပ်ချက် ရှိနေလား။" ကျင်းဘုရင်က ခေါင်းမမော့ဘဲ ဖြည်းညင်းစွာ မေးလိုက်သည်။

"ကျွန်တော်မျိုး ရင်ထဲမှာ မကျေနပ်ချက် မရှိပါဘူး။ ဒါပေမဲ့ လက်မခံနိုင်ပါဘူး။"

ဖန်ကျန်းရီက ရိုးသားစွာ ပြန်ဖြေ၏။ "အမတ်တွေက ဘေးအန္တရာ် ကယ်ဆယ်ရေးကို ဂရုမစိုက်ကြဘူး။ ကျွန်တော်မျိုးက သူတို့ကို တွန်းအားပေးရုံ သက်သက်ပါ။ ဒီလိုလုပ်မှပဲ ပြည်သူတွေ ငတ်မသေအောင် ကယ်တင်နိုင်မှာပါ။ ကျွန်တော်မျိုးမှာ အပြစ်မရှိပါဘူး။"

ကျင်းဘုရင်က ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဖန်ကျန်းရီ... မင်း ရိုင်းစိုင်းလှချည်လား။ မင်း ဒီလိုလုပ်တာက တိုင်းပြည်ရဲ့ ဥပဒေကို ဘယ်နေရာမှာ ထားတာလဲ။

အားလုံးသာ မင်းလိုမျိုး လုပ်နေကြရင် တော်ဝင်မိသားစုနဲ့ ညီလာခံရဲ့ဂုဏ်သိက္ခာကို ဘယ်မှာ သွားထားရမလဲ။"

ဖန်ကျန်းရီက ဖြည်းညင်းစွာ ပြန်ဖြေသည်။ "မင်းကြီး... ကျွန်တော်မျိုးရဲ့ အမြင်မှာတော့ အမတ်တွေရဲ့ မျက်နှာက ပြည်သူတွေရဲ့ အသက်ထက် ပိုအရေးမကြီးပါဘူး။"

"သေချင်နေတာလား။ မင်း ပြန်ပြောရဲသေးတယ်ပေါ့။ လူတွေ လာကြစမ်း။"

"မင်းကြီး ခဏလေး နေပါအုံး။"

ဖန်ကျန်းရီက ပြောပြီးနောက် အင်္ကျီထဲမှ ငွေစက္ကူ တစ်ထပ်ကို ထုတ်ယူလိုက်၏။

"မင်းကြီး... ဒါက ပြီးခဲ့တဲ့ရက်ပိုင်းက ပန်းရှန်းရပ်ကွက်ရဲ့ ထီရောင်းရငွေနဲ့ အခွန်ငွေတွေ၊ တခြား ရငွေ အသေးစားလေးတွေ စုစုပေါင်း ငွေနှစ်သောင်းသုံးထောင့်နှစ်ဆယ့်သုံး တေလ်း ဖြစ်ပါတယ်။"

ကျင်းဘုရင်က ငွေစက္ကူများကို ကြည့်ပြီး ရုတ်တရက် တည်ငြိမ်သွားသည်။

သူက လှောင်ပြုံး ပြုံးလိုက်၏။ "ဘာလဲ။ ကိုယ်တော့်ကို လာဘ်ထိုးချင်နေတာလား။"

"ကျွန်တော်မျိုး မရဲပါဘူး။"

ထို့နောက် ဖန်ကျန်းရီက ဒုတိယမြောက် စာရွက်ကို ထုတ်ယူလိုက်ပြန်သည်။ "ဒါက ပြည်သူတွေဆီကနေ ကောက်ခံရရှိတဲ့ ရိက္ခာ စာရင်းပါ။ စုစုပေါင်း ဆန်စပါး သုံးရာ့လေးဆယ့်လေး တန် ရှိပါတယ်။ သာမန် ပြည်သူတွေက ဘေးဒုက္ခ ကြုံနေရတဲ့ ဒေသအတွက် လှူဒါန်းထားတာပါ။ ဒါက နေ့တစ်ဝက်လောက်ပဲ ကောက်ခံရရှိသေးတဲ့ ရိက္ခာတွေပါ။"

"မင်း ဘာဆိုလိုတာလဲ။ ဒီအရာတွေနဲ့ ကိုယ်တော့်ရဲ့ စိတ်ကို ပြောင်းလဲနိုင်မယ် ထင်နေတာလား။"

"ပြောလို့ ပြီးပြီလား။ ပြီးရင် ကိုယ်တော် လူခေါ်တော့မယ်။"

ဖန်ကျန်းရီက ခေါင်းရမ်းလိုက်ပြီး တတိယမြောက် ပစ္စည်းကို ထုတ်ယူလိုက်၏။

စာအုပ်ငယ်လေး တစ်အုပ် ဖြစ်ပြီး လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။

"မင်းကြီး... သတင်းစာ ထုတ်ဝေတဲ့ လုပ်ငန်းက စက္ကူ အများကြီး သုံးရပါတယ်။ ပြီးတော့ တစ်စောင်ကို ငါးပြားလောက်ပဲ တန်ပါတယ်။ အရင်တုန်းက ဆိုရင် ဒီလိုမျိုး ထုတ်ဝေဖို့ လုံးဝ မရဲပါဘူး။

ဒါပေမဲ့ ကျွန်တော်မျိုးက စက္ကူလုပ်ငန်းကို လေ့လာခိုင်းပြီး စက္ကူထုတ်လုပ်တဲ့ နည်းလမ်းသစ်ကို တီထွင်ခဲ့ပါတယ်။ အထွက်နှုန်း ငါးဆ ပိုများပြီး စက္ကူဈေးကို အများကြီး ကျဆင်းသွားစေပါတယ်။"

လောလောဆယ် အိမ်ရှေ့စံ နေ့စဉ်သတင်းစာနဲ့ အလုပ်များနေလို့ မင်းကြီးဆီ မဆက်သရသေးတာပါ။ အခု ကျွန်တော်မျိုး ခရီးဝေး သွားရတော့မှာမလို့ မင်းကြီးဆီ တစ်ခါတည်း ဆက်သခဲ့ပါတယ်။

ပြီးတော့ ပန်းရှန်းရပ်ကွက်က အရေးကြီးတဲ့ ကိစ္စတချို့ကိုလည်း ကျွန်တော်မျိုး သေချာ ရှင်းပြချင်လို့ပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး။ မင်းကြီး အထင်မလွဲပါနဲ့။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီက မတ်မတ် ရပ်နေလိုက်၏။

ယနေ့ ဒိုင်းကာ တစ်ခု ချပေးလိုက်ပြီ ဖြစ်သည်။ ရလဒ်ကို စောင့်ကြည့်ရုံပဲ ကျန်တော့သည်။

ကျင်းဘုရင်က စားပွဲပေါ်ရှိ စာအုပ်ငယ်လေးကို ကြောင်အမ်းအမ်း ကြည့်နေ၏။

စက္ကူထုတ်လုပ်ခြင်း... အထွက်နှုန်း ငါးဆ... စက္ကူဈေး အများကြီး ကျဆင်းသွားခြင်း စသည့် စကားလုံးများက သူ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေ၏။ အချိန်အတော်ကြာမှ သတိပြန်ဝင်လာပြီး အနေရခက်စွာဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်သည်။

"စောစောက ကိုယ်တော် စကားပြောတာ အသံ နည်းနည်း ကျယ်သွားတယ်။ ထိုင်ခုံ ပေးလိုက်။"

ဖန်ကျန်းရီက ရယ်ချင်စိတ်ကို မနည်း အောင့်ထားရ၏။ တကယ့်ကို လက်တွေ့ကျလွန်းတာပဲ။

ထို့နောက် ဖန်ကျန်းရီက အလျင်အမြန် ထိုင်လိုက်သည်။ အချိန်အတော်ကြာ မတ်တပ်ရပ်နေရသဖြင့် တကယ်ကို ပင်ပန်းနေပြီ ဖြစ်၏။

ကျင်းဘုရင်က စာအုပ်ငယ်လေးကို ကိုင်ကာ အဆက်မပြတ် ဖတ်နေပြီး သူ့နောက်ရှိ ကော်ထျန်းယန်က ဖန်ကျန်းရီကို အားကျစွာ ကြည့်နေသည်။

တကယ် တော်တာပဲ။ မင်းကြီး သဘောကျအောင် လုပ်နိုင်တယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို ငါလိုက်လုပ်လို့ မရဘူး။

ကျင်းဘုရင်က စာအုပ်ကို ဖတ်အပြီးတွင် အနည်းငယ် သက်ပြင်းချလိုက်မိ၏။

"ဒီနည်းလမ်းက သိပ်ကောင်းတာပဲ။ ဒီလို စက္ကူထုတ်လုပ်တဲ့ နည်းလမ်းမျိုးသာ အစောကြီးကတည်းက ရှိခဲ့ရင် ကျင်းတိုင်းပြည်မှာ ပညာရှင်တွေ အဆများစွာ ပိုများလာမှာပဲ။"

"ဖန်ကျန်းရီ …. နိုင်ငံတော်အတွက် ကြီးမားတဲ့ ကုသိုလ်ပဲ။ ပြောစမ်း... ဘာဆုလာဘ် လိုချင်လဲ။"

ဖန်ကျန်းရီက ခဏ စဉ်းစားလိုက်ပြီး "မင်းကြီး... ကျွန်တော်မျိုး ကျန်းကျန်းမြို့ကို မသွားချင်ပါဘူး။ မြို့တော်မှာပဲ နေပါရစေ။ မင်းကြီး ခိုင်းတာ ဘာမဆို လုပ်ပါ့မယ်။"

"ဒါဆိုရင် နန်းတွင်းထဲ ဝင်ခဲ့လေ။"

ကော်ထျန်းယန်က ချက်ချင်း ကြက်သီးထသွားပြီး ကျင်းဘုရင်ကို မျက်လုံးပြူးကာ ကြည့်လိုက်၏။

မင်းကြီး... ကျုပ်ကို မလိုချင်တော့ဘူးလား။ ဒီကောင်လေးက ကျုပ်ထက် ငယ်တာကလွဲရင် ဘာပိုကောင်းလို့လဲ။

ထို့နောက် သူက ဖန်ကျန်းရီကို စူးရဲစွာ ကြည့်လိုက်သည်။

ဖန်ကျန်းရီက ချက်ချင်း ပြောလိုက်၏။ "မင်းကြီး နောက်နေတာပဲ ဖြစ်ရမယ်..."

ကျင်းဘုရင်၏ မျက်နှာက ပြန်လည် တည်ကြည်သွားသည်။ "မင်းက ကိုယ်တော့်ကို အရင် နောက်တာလေ။ အမတ်တွေရှေ့မှာ ကိုယ်တော်က မင်းကို ကျန်းကျန်းမြို့ကို သွားခိုင်းခဲ့တာ။ အခု မင်းက မသွားချင်ဘူး ပြောနေတယ်။ ကိုယ်တော်က အမိန့်ကို တစ်ရက်တောင် မပြည့်သေးဘဲ ပြောင်းလဲလိုက်ရင် ပြည်သူတွေ ကိုယ်တော့်ကို ဘယ်လို မြင်ကြမလဲ။ တခြား တစ်ခု ရွေးလိုက်။"

"ဒါဆိုရင်လည်း မင်းကြီး သဘောအတိုင်းပဲ စီစဉ်ပေးပါ။"

ကျင်းဘုရင်က ဖန်ကျန်းရီ၏ သဘောထားကို မြင်ချိန်မှာတော့ သက်ပြင်းချလိုက်ပြီး နားလည်အောင် ရှင်းပြ၏။ "ဒီနေ ကိစ္စအတွက် မင်း ရင်ထဲမှာ အမုန်းတရား မရှိပါစေနဲ့။ ဒီလောက် ကြီးမားတဲ့ ကိစ္စကို မင်းနဲ့ အိမ်ရှေ့စံက ကိုယ်တော့်ကို မတိုင်ပင်ဘဲ လုပ်ရဲတယ်။

ရာထူးချရုံလောက်ပဲ အပြစ်ပေးတာက သက်သာနေပြီ။ အကယ်၍ ကိုယ်တော်သာ ဝင်မပါဘူး ဆိုရင် မင်း အများကြီး ခံရလိမ့်မယ်။"

ဖန်ကျန်းရီက ပြန်မေးလိုက်သည်။ "အကယ်၍ ကျွန်တော်မျိုးက မင်းကြီးကို ပြောပြခဲ့ရင် မင်းကြီးက လုပ်ခွင့်ပေးမှာလား။"

ကျင်းဘုရင်က ခဏ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေ၏။ "တချို့ကိစ္စတွေက သေချာပေါက် လုပ်လို့ ရပါတယ်။ ဒါပေမဲ့ ဒီလောက်တော့ အလျင်မလိုသင့်ဘူး။ ကိုယ်တော် မင်းကို ကောင်းကောင်း နားလည်တယ်လို့ ထင်ခဲ့တာ။ ဘာလို့ ဒီတစ်ကြိမ်မှာ အကျိုးဆက်ကို မစဉ်းစားဘဲ ဒီလောက် ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲ။"

ဖန်ကျန်းရီ၏ မျက်နှာကလည်း တဖြည်းဖြည်း လေးနက်လာပြီး ကျင်းဘုရင်ကို ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်ကာ ရုတ်တရက် သက်ပြင်းချလိုက်သည်။

"ဟူး... မင်းကြီး... ကျွန်တော်မျိုးလည်း အရင်တုန်းက ငတ်ပြတ်ခဲ့ဖူးတယ်။

အဲဒီအချိန်တုန်းက တောက်ယွမ်ခရိုင်မှာ ဘယ်သူ့ကို အကူအညီ တောင်းတောင်း မရခဲ့ဘူး။ ပြည်သူတွေ အများကြီး ငတ်သေခဲ့တယ်။ ကျွန်တော်မျိုး တခြားမြို့တွေကို သွားပြီး ဒူးထောက် တောင်းပန်ခဲ့ပေမဲ့ ရိက္ခာ အများကြီး မရခဲ့ပါဘူး။

အဲဒီတုန်းက ကျွန်တော်မျိုး တွေးခဲ့ဖူးတယ်။ ပြည်သူတွေကို ဒုက္ခတွင်းထဲက ကယ်တင်ပေးပြီး ပြည်သူတွေကို ထမင်းတစ်လုပ်လောက် ကျွေးနိုင်မယ့် အရာရှိကြီး တစ်ယောက်ယောက် ဘာလို့ မရှိရတာလဲလို့ပေါ့။

နှမြောစရာပဲ... အဲဒီလိုလူမျိုး မရှိခဲ့ဘူး။ တောက်ယွမ်ခရိုင်က ပြည်သူတွေက ပိုပိုပြီး သေကုန်ကြတယ်။"

ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသည့် အပြုံးတစ်ခု ပေါ်လာ၏။ "အခုချိန်မှာတော့ ကျွန်တော်မျိုးက အရင်တုန်းက မြင်ခဲ့ဖူးတဲ့ အရာရှိကြီး ဖြစ်လာခဲ့ပြီ။ ပြည်သူတွေ ဒုက္ခရောက်နေတာကို သိသိကြီးနဲ့ ဘာမှမလုပ်ဘဲ မြို့တော်မှာ အေးအေးဆေးဆေး နေပြီး စည်းစိမ် ခံစားနေလို့ ရပါ့မလား။ မရပါဘူး။"

တောက်ယွမ်ခရိုင်ကို စရောက်စက အချိန်များကို ပြန်လည် စဉ်းစားမိချိန်မှာတော့ ဖန်ကျန်းရီ တကယ်ကို ဝမ်းနည်းသွားမိသည်။

ကျင်းဘုရင် နောက်ရှိ ကော်ထျန်းယန်၏ မျက်နှာက သိသိသာသာ မည်းမှောင်သွား၏။

ဖန်ကျန်းရီ... ချီးတဲ့မှ .. အဲတာ ငါ့အကြောင်း မဟုတ်ဘူးလား။ ခွေးမသား … နောက်တစ်ခါ မင်းကို ထပ်စကားပြောရင် ငါက ခွေးပဲ။

"ဒါအပြင် ဒီကိစ္စက ကျွန်တော်မျိုး တစ်ယောက်တည်းရဲ့ ဆန္ဒ မဟုတ်ပါဘူး။ အိမ်ရှေ့စံကလည်း စေတနာ သဒ္ဒါတရား ထက်သန်ပြီး ရိက္ခာရဖို့၊ လူတွေကို ကယ်ဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားခဲ့တယ်။

အိမ်ရှေ့စံနဲ့ ကျွန်တော်မျိုးရဲ့ ဆန္ဒကို ပြည့်ဝဖို့အတွက် ကျွန်တော်မျိုး ရင်ထဲမှာ နောင်တရတာမျိုး တစ်စက်လေးမှ မရှိသလို အကြောက်တရားလည်း မရှိပါဘူး။ ဒါကြောင့် စိတ်လိုက်မာပါ လုပ်မိတဲ့အတွက် မင်းကြီး အပြစ်ပေးတာကို ခံယူပါတယ်။"

ကျင်းဘုရင်၏ ရင်ထဲတွင် အနည်းငယ် ထိခိုက်သွားသော်လည်း မျက်နှာပေါ်တွင် လုံးဝ မပြသချေ။

"ကိုယ်တော် သိပြီ။ ကျန်းကျန်းမြို့ကို သွားတဲ့ လမ်းမှာ ဂရုစိုက်သွားပါ။" တည်ငြိမ်စွာဖြင့်သာ ပြောလိုက်၏။

ဖန်ကျန်းရီ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ချီးတဲ့မှ အလကား သရုပ်ဆောင်လိုက်ရတာပဲ။ နောက်ဆုံးတော့ သွားရမှာပဲလား။

ထို့နောက် သူက ထပ်မေးလိုက်၏။ "ကျွန်တော်မျိုး ကျန်းကျန်းမြို့ကို ရောက်သွားရင် ပြဿနာ ထပ်ရှာပြီး ညီလာခံရဲ့ ဂုဏ်သိက္ခာ ပျက်စီးမှာကို မင်းကြီး မကြောက်ဘူးလား။"

ကျင်းဘုရင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည် ပေါ်လာသည်။

"ဂုဏ်သိက္ခာက ပိုအရေးကြီးသလား၊ လူ့အသက်က ပိုအရေးကြီးသလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ် … ဖန်ကျန်းရီ။"

အပိုင်း (၁၈၆) ရှန်ဖန် ဓားသခင်။

"ဒီတစ်ခေါက် ကျန်းကျန်းမြို့ကို သွားရင် မင်း စိတ်ကြိုက် လုပ်နိုင်တယ်။"

ဖန်ကျန်းရီက ရယ်မောလိုက်၏။ "ဒါဆိုရင် စိတ်အေးရပါပြီ။ ဒီတစ်ကြိမ် သတင်းစာကိစ္စ လွန်သွားလို့ မင်းကြီး ဒေါသထွက်နေမယ်လို့ ကျွန်တော်မျိုး ထင်နေခဲ့တာ။"

ကျင်းဘုရင်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ "မြို့ဝန်ဖန်... မင်းက ကိုယ်တော့်ကို အထင်သေးလွန်းပါတယ်။ ဒီလို ကလေးကလား ကိစ္စလေးတွေကို ကိုယ်တော်က စိတ်ထဲ မထားပါဘူး။ ကိုယ်တော် ဒေါသထွက်ရတာက မင်းနဲ့ အိမ်ရှေ့စံတို့ ကိုယ်တော့်ကို မတိုင်ပင်ခဲ့လို့ပဲ။"

ဒီနှစ်ပိုင်းတွေမှာ ကျင်းတိုင်းပြည်က အများကြီး ငြိမ်းချမ်းလာပြီး လူအတော်များများလည်း ချမ်းသာလာကြတယ်။ မင်း လုပ်ခဲ့တဲ့ ကိစ္စက သူတို့ရဲ့ အမွေးအမျှင်လေးတွေကို ထိခိုက်သွားရုံလေးပါ။

အထက်တန်းလွှာ အမတ်ကြီးတွေကနေ သာမန်ပြည်သူတွေအထိ အားလုံးက ကိုယ်တော့်ရဲ့ ပြည်သူတွေချည်းပဲ။ ကိုယ်တော်က အားလုံးကို တန်းတူပဲ သဘောထားတယ်။"

သာမန်အချိန်တွေဆို အားလုံးက ရိုးသားဖြောင့်မတ်ချင်ယောင် ဆောင်နေကြပေမဲ့ ကိစ္စတစ်ခုခု ကြုံလာရင်တော့ ကိုယ်တော် စကားစမှာကိုပဲ စောင့်နေကြတယ်။

သူတို့ရဲ့ အသားကို မလှီးထုတ်ပစ်တာကတင် ကိုယ်တော် တော်တော်လေး သနားညှာတာနေပြီ။ မြို့ဝန်ဖန်... မင်း အရမ်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ကြီးမြတ်တဲ့ အလုပ်ကို လုပ်မယ့်သူက အသေးအဖွဲ ကိစ္စလေးတွေကို ဂရုစိုက်နေလို့ မရဘူး။

ဒါပေမဲ့... ဒီတစ်ကြိမ်တော့ ညီလာခံရဲ့ ဂုဏ်သိက္ခာ ပျက်သွားခဲ့ရတယ်။ နောက်ဆိုရင် သတင်းစာတိုက်ကနေ ထုတ်ဝေမယ့် သတင်းစာတိုင်းကို နန်းတွင်းထဲပို့ပြီး ကိုယ်တော် ကိုယ်တိုင် စစ်ဆေးမယ်။ အနီရောင် မှင်နဲ့ ခွင့်ပြုချက် ပေးပြီးမှ ထုတ်ဝေခွင့် ပြုမယ်။

သတင်းစာတိုက်ကလည်း အိမ်ရှေ့စံ နာမည်ကို သုံးပြီး ထင်ရာဆိုင်းလို့ မရတော့ဘူး။ နောက်ဆိုရင် ပန်းရှန်း နေ့စဉ်သတင်းစာလို့ပဲ နာမည်ပြောင်းလိုက်။ သတင်းစာတိုက်က ရတဲ့ ငွေတွေကိုတော့ ကိုယ်တော် ဂရုမစိုက်ဘူး။ မင်းနဲ့ အိမ်ရှေ့စံပဲ ခွဲယူလိုက်ကြ။"

"မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်။ နောက်ကျရင် ကျွန်တော်မျိုး လူလွှတ်ပြီး စီစဉ်ခိုင်းလိုက်ပါ့မယ်။"

ဖန်ကျန်းရီက ပြုံးလိုက်၏။

မှန်းထားသည့်အတိုင်းပင် အသီးခူးရမည့် အချိန်ရောက်လာချိန်မှာတော့ မင်းကြီးက တစ်စက်လေးမှ လက်မနှေးချေ။ သတင်းစာဆိုသည့်အရာကို ဧကရာဇ် တစ်ပါးက မည်သည့် အမတ်၏ လက်ထဲသို့မှ အလွယ်တကူ ထည့်ထားပေးမည် မဟုတ်ချေ။

ဤကိစ္စက မျှော်လင့်ထားပြီးသား ဖြစ်၏။ သို့သော်ငြား ငွေကြေးကိစ္စမှာတော့ မင်းကြီးက သတင်းစာ နောက်ကွယ်ရှိ ကြီးမားလှသည့် အကျိုးအမြတ်များကို သတိမထားမိသေးသည်မှာ သေချာလှသည်။

သတင်းစာတိုက် နာမည်ပြောင်းမည့်ကိစ္စကို မင်းကြီး မပြောလျှင်တောင် ဖန်ကျန်းရီ ကိုယ်တိုင် ပြောင်းရန် စဉ်းစားထားပြီး ဖြစ်၏။ ယခုအချိန်အထိ သတင်းစာတိုက်က ကြော်ငြာခများ မကောက်ခံရသေးချေ။

အကယ်၍ အိမ်ရှေ့စံ၏ နာမည်ကိုသုံးပြီး ကြော်ငြာခများ ကောက်ခံနေမည် ဆိုလျှင် အနည်းငယ် မသင့်တော်သလို ဖြစ်သွားမည်ဖြစ်ပြီး ကန့်ကွက်မည့်သူ အများအပြား ထွက်ပေါ်လာမည်မှာ သေချာသည်။

ကျင်းဘုရင်က ဖန်ကျန်းရီကို လေးစား အသိအမှတ်ပြုသည့် အကြည့်များဖြင့် ကြည့်နေ၏။

အလုပ်လည်း လုပ်နိုင်သည်၊ ငွေလည်း ရှာနိုင်သည်၊ စကားလည်း ပြောတတ်သည့်အပြင် လူချစ်လူခင်လည်း နည်းပါးသည်။

တော်တော်လေး ကောင်းတာပဲ။

"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ဒီနေ့ ညီလာခံမှာ ကျန်းရှီက ကိုယ်တော့်ကို စာတင်ခဲ့တယ်။ ဌာနအသီးသီးက နေ့စဉ်သတင်းစာ အသစ်တွေ ထုတ်ဝေမယ် ဆိုတဲ့ အကြောင်းပဲ။ မင်း ဘယ်လိုမြင်လဲ။"

ကျန်းရှီမှာ ဒီလို အကြံအစည်မျိုး ရှိနေတာလား။ ဒီအဘိုးကြီးက အထင်သေးလို့ မရဘူးပဲ။

ဖန်ကျန်းရီက ခဏ စဉ်းစားပြီး ပြော၏။ "ဒါက ကောင်းတဲ့ကိစ္စပါ။ ညီလာခံရဲ့ လွှမ်းမိုးနိုင်စွမ်းကို အများကြီး မြှင့်တင်ပေးနိုင်ပါတယ်။

မင်းကြီးနဲ့ ညီလာခံရဲ့ အမိန့်တွေက ဗဟိုကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး မူလ ရည်ရွယ်ချက်က အမြဲတမ်း ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့ အဆင့်ကို ရောက်သွားချိန်မှာတော့ လမ်းလွဲသွားလေ့ ရှိတယ်။ ဒီလိုမျိုး အမိန့်တွေကို ပြည်သူတွေဆီ တိုက်ရိုက် ရောက်ရှိစေမယ် ဆိုရင် အမှားအယွင်းတွေကို အများကြီး လျှော့ချနိုင်ပါတယ်။

ဒါပေမဲ့ သတင်းစာတွေကို အစိုးရအဖွဲ့ကနေ စစ်ဆေးသင့်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ ဌာနအသီးသီးက တိုက်ရိုက် ထုတ်ဝေခွင့် မရှိသင့်ပါဘူး။ ဒီလိုမှသာ မင်းကြီးရဲ့အမိန့်တွေက ထိထိရောက်ရောက် ဖြစ်နိုင်မှာပါ။

ဒါ့အပြင် သတင်းစာကို ဌာနအသီးသီးက တိုက်ရိုက် ရေးသားတာက အနည်းငယ် မသင့်တော်ပါဘူး။ သာမန် ပြည်သူတွေ ကြားထဲကနေ အရည်အချင်းရှိသူတွေကို ရွေးချယ်ပြီး အဖွဲ့အစည်း အသစ်တစ်ခု ဖွဲ့စည်းမှသာ ပိုပြီး သင့်တော်မှာပါ။

လက်တွေ့ မကျတဲ့ စကားလုံး အလှတွေချည်း သုံးနေတာက ပြည်သူတွေကို ဒုက္ခပေးတာနဲ့ အတူတူပါပဲ။"

ဖန်ကျန်းရီက ရုတ်တရက် စကားရပ်လိုက်၏။

ဒါ့အပြင် အထွက်နှုန်းကောင်းတဲ့ စက္ကူထုတ်လုပ်နည်းက မင်းကြီးနဲ့ အိမ်ရှေ့စံတို့ရဲ့ လက်ထဲမှာ ရှိနေပါတယ်။ တခြားဌာနတွေက သတင်းစာ အမြောက်အမြား ထုတ်ဝေချင်ရင် စက္ကူထုတ်လုပ်နည်းသစ် မရှိဘဲနဲ့ လုံးဝ မဖြစ်နိုင်ပါဘူး။ အခု ပန်းရှန်း နေ့စဉ်သတင်းစာက တစ်စောင်ကို ငါးပြား ဈေးနဲ့ ရောင်းနေတာတောင် အရင်းကျေရုံလောက်ပဲ ရှိတာပါ။"

ကျင်းဘုရင်က ထိုစကားများကို နားထောင်အပြီးတွင် တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။ "ကောင်းတယ်။ ဒါက တိုင်းပြည်အတွက် အကျိုးရှိမယ့် စကားပဲ။"

ဖန်ကျန်းရီက စိတ်ထဲမှ ကြိတ်၍ ရယ်မောလိုက်မိ၏။

ကြည့်ရသည်မှာ မင်းကြီးက ညီလာခံမှာ အကြပ်ရိုက်ခဲ့ရပြီး သူ့ဆီ လာရောက် အတည်ပြုချက် ယူနေပုံပေါ်သည်။

ဧကရာဇ် ဆိုပေမဲ့လည်း သာမန်လူတွေလိုပဲ ခံစားချက် ရှိနေသည်။ သူ မပြောလျှင်တောင် မင်းကြီးက သေချာပေါက် လုပ်မည်သာ ဖြစ်၏။

သို့သော်ငြား ဤတစ်ကြိမ်တွင် သူက စက္ကူထုတ်လုပ်နည်းကို ယူလာခဲ့ခြင်းမှာ အချိန်ကိုက်ပင် ဖြစ်သွားခဲ့သည်။

ကျင်းဘုရင်က စားပွဲပေါ်ရှိ ရေးဆွဲပြီးစ စာရွက်ကို လိပ်လိုက်ပြီး ဖန်ကျန်းရီဆီ ပစ်ပေးလိုက်၏။

"ကော်ပန်ပန်... ဓားသွားယူခဲ့စမ်း။"

ကော်ထျန်းယန်က လှည့်ထွက်သွားပြီး အနောက်ဘက်ရှိ ဗီရိုထဲမှ အလွန် လှပသပ်ရပ်သည့် ဓားတစ်လက်ကို ယူဆောင်လာကာ ဖန်ကျန်းရီ၏ ရှေ့တွင် လာချထားပေးသည်။

"ဒီဓားက အရင်တုန်းက ချီယန်တိုင်းပြည်ရဲ့ နန်းတော်ကနေ သိမ်းဆည်းရမိခဲ့တာပဲ။ ကိုယ်တော် တော်တော်လေး သဘောကျတယ်။ အခု မင်းကို ဆုချလိုက်မယ်။ ကိုယ်တော့်ရဲ့ အမိန့်စာကို ကိုင်ပြီး ကျန်းကျန်းမြို့ကို သွားရင် မင်း အဆီးအတား မရှိ သွားလာနိုင်လိမ့်မယ်။ ဘာကိုမှ စိုးရိမ်နေစရာ မလိုဘူး။

အလုပ်ကို သေချာ ပြီးမြောက်အောင် လုပ်နိုင်ရင် ကြီးမားတဲ့ ကုသိုလ်တစ်ခု ရလိမ့်မယ်။ မလုပ်နိုင်ရင်လည်း ကိုယ်တော် မင်းကို အပြစ်မတင်ပါဘူး။"

ဖန်ကျန်းရီက ဓားကို တိတ်ဆိတ်စွာ လှမ်းယူလိုက်ပြီး သေချာ ကြည့်ရှုလိုက်၏။

ဝါး... ဒဏ္ဍာရီထဲက ရှန်ဖန်ဓားကြီးပဲ။ အောက်က လူယုတ်မာတွေကို ခုတ်လို့ရသလို အပေါ်က... အဲ...

သို့သော်ငြား ချီယန်တိုင်းပြည်က ဓားဟု ကြားချိန်မှာတော့ ဖန်ကျန်းရီက တွန့်ဆုတ်သွားသည်။ "မင်းကြီး... ဒီချီယန်တိုင်းပြည်ရဲ့ ဓားက ကျင်းတိုင်းပြည်က အရာရှိတွေကို ခုတ်လို့ ရပါ့မလား။"

ကျင်းဘုရင်က မျက်လုံးပြူးကြည့်လိုက်၏။ "ဘာစကား ပြောတာလဲ။ ဘယ်က ချီယန်တိုင်းပြည် ရှိတော့လို့လဲ။ အကုန်လုံးက ကိုယ်တော့်ရဲ့ ပစ္စည်းတွေချည်းပဲ။ ဘာကိစ္စမှ မရှိတော့ရင် ထွက်သွားတော့။"

"ရှိပါသေးတယ်။ ကျွန်တော်မျိုးက တော်ဝင်ခြံဝန်းထဲက ခေတ်သစ် ကန်စွန်းဥ တစ်ရာတန်လောက်ကို ကျန်းကျန်းမြို့ဆီ တစ်ပါတည်း ယူသွားချင်ပါသေးတယ်။"

ကျင်းဘုရင်က တစ်စက်လေးမှ တွန့်ဆုတ်မနေဘဲ ချက်ချင်း သဘောတူလိုက်၏။

ထို့နောက် ဖန်ကျန်းရီကို ပြုံးစစဖြင့် ကြည့်လိုက်သည်။ "ဘာ ခေတ်သစ် ကန်စွန်းဥလဲ။ ကန်စွန်းဥပဲ မဟုတ်လား။ နာမည်က ခေါ်ရတာ တော်တော် ခက်တာပဲ။"

ဖန်ကျန်းရီက အနေရခက်စွာ ပြုံးလိုက်၏။ "မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်။"

"နောက်ဆိုရင် ဒီလို အပိုတွေ လျှောက်လုပ်မနေနဲ့တော့။ ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူး။"

"ဒါဆို ကျွန်တော်မျိုး ပြန်ခွင့်ပြုပါအုံး။"

"ခဏနေအုံး။ ဆရာလီနဲ့ မင်း ဘယ်လို ပတ်သက်နေတာလဲ။"

"..."

...

ဖန်ကျန်းရီက ဓားကိုကိုင်ကာ နန်းတော်ထဲတွင် တစ်ပတ်လောက် လျှောက်သွားနေလိုက်ပြီးမှ အိမ်သို့ ဖြည်းညင်းစွာ ပြန်လာခဲ့၏။

ဤတစ်ကြိမ်တွင် သူ ရှုံးသည်ဟု မဆိုသာချေ။ ရှန်ဖန်ဓား တစ်လက်နှင့် မင်းကြီး၏ အမိန့်စာ တစ်စောင်ကို ရရှိခဲ့သည်။

အားကောင်းသည့် လက်နက်နှစ်ခုကို ကိုင်ဆောင်ထားသဖြင့် နေရာအနှံ့ ထင်ရာဆိုင်းနိုင်တော့မည်။

နန်းတော် တံခါးဝမှ ထွက်လာသည်နှင့် ဖန်ကျန်းရီက ပန်းရှန်းရပ်ကွက်ဆီသို့ အလျင်အမြန် သွားလိုက်၏။

ယခု အရေးအကြီးဆုံး ကိစ္စမှာ လက်ရှိ အလုပ်များကို သေချာ စီစဉ်ထားခဲ့ရန် ဖြစ်သည်။

ကျင်းဘုရင်က သူ့ကို တစ်လအတွင်း အရောက်သွားရန် အမိန့်ပေးထားသဖြင့် တွက်ကြည့်မည် ဆိုလျှင် ရက်နှစ်ဆယ်ခန့်သာ အချိန်ရမည် ဖြစ်ပြီး ကျန်သော ဆယ်ရက်ကို ခရီးသွားရန် အချိန်ဖယ်ထားရမည်။

လမ်းတွင် တစ်ခုခု အဆင်မပြေ ဖြစ်ခဲ့လျှင် အချိန်ကြန့်ကြာသွားနိုင်သေးသည်။

သတင်းစာတိုက်သို့ ရောက်ချိန်မှာတော့ လီယွမ်ကျောက်က သူ၏နေရာတွင် မျက်နှာသုန်မှုန်စွာဖြင့် ထိုင်နေ၏။

ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားပြီး အလျင်အမြန် ထရပ်ကာ နှုတ်ဆက်သည်။

ဖန်ကျန်းရီက ထိုင်ခုံတစ်လုံး ဆွဲယူပြီး သူ၏ အရှေ့တွင် ထိုင်လိုက်၏။

လီယွမ်ကျောက်က တစ်စုံတစ်ရာကို ပြောချင်နေသော်လည်း ဘယ်က စပြောရမှန်း မသိဖြစ်နေသည်။

ဖန်ကျန်းရီကလည်း စကားမပြောသေးဘဲ ဘေးနားရှိ သတင်းစာများကို လှန်လှော ကြည့်ရှုကာ စာလုံးပေါင်း အမှားများကို စစ်ဆေးနေ၏။

အချိန်အတော်ကြာမှ လီယွမ်ကျောက်က စကားစလိုက်သည်။ "ဖန်ကြီး ... တကယ် သွားတော့မလို့လား။"

"တကယ် သွားမှာပါ။ မင်းကြီးက ကျုပ်ကို ဓားတစ်လက်တောင် ဆုချလိုက်သေးတယ်။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီက ဓားကို စားပွဲပေါ်သို့ ပစ်တင်လိုက်၏။

လီယွမ်ကျောက်က ထိုအရာကို မြင်ချိန်မှာတော့ နှုတ်ခမ်းမဲ့သွားသည်။ "ဒီဓားကို ကျုပ် ခမည်းတော်ဆီ ခဏခဏ တောင်းခဲ့ဖူးပေမဲ့ မပေးခဲ့ဘူး။ အခုတော့ ခင်ဗျား လက်ထဲ ရောက်သွားပြီကိုး။ ခင်ဗျား ထွက်သွားရင် ကျုပ် ဘယ်လိုလုပ်ရမလဲ။"

ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။ "အရှင့်သားက အခုဆိုရင် လူထောင်ချီကို အုပ်ချုပ်နေရပြီပဲ။ ကိုယ်ပိုင် ရပ်တည်နိုင်နေပြီလေ။ ကျုပ် ရှိနေတာနဲ့ မရှိတာ ဘာမှ မကွာပါဘူး။ အခုဆိုရင် အရှင့်သား အလုပ်ရှုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ ကျုပ်လည်း ဝင်ပါလို့ ရမှာ မဟုတ်ဘူး။"

"ကျုပ်လည်း ကျန်းကျန်းမြို့ကို သွားချင်တယ်။ ခင်ဗျား ကျုပ်အနားမှာ မရှိရင် ကျုပ် ယုံကြည်မှု မရှိဘူး။"

သတင်းစာတိုက် အတွင်းရှိ သတင်းထောက် အသစ်များက သူတို့၏ အခန်းလေးများထဲမှ ခေါင်းပြူကြည့်လိုက်ကြ၏။

မြို့ဝန်ဖန် ထွက်သွားတော့မလို့လား။ ဒီနှစ်ယောက်ရဲ့ စကားပြောပုံက... မခွဲနိုင်မခွာရက်ဖြစ်နေသလိုပဲ။ ဟူး... နည်းနည်း စိတ်ဝင်စားစရာပဲ။

လေထု အနည်းငယ် လေးလံနေသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက အခြေအနေကို ပြေလျော့သွားစေရန် ကြိုးစားလိုက်သည်။ "ဒီလိုလုပ်ရအောင်။ ပန်းရှန်းရင်ပြင်မှာ ဇာတ်လမ်း အသစ်တစ်ပုဒ် ကပြမယ်လို့ ကြားတယ်။ ဒီည သွားကြည့်ရအောင်လေ။ ကြည့်ရင်းနဲ့ စကားပြောကြတာပေါ့။"

"ဒါဆို သတင်းစာတိုက်ကို ဂရုမစိုက်တော့ဘူးလား။ ကဏ္ဍ အတော်များများကို ခင်ဗျား ကိုယ်တိုင် ရေးထားတာလေ။"

"သူတို့ကို အချိန်ပို ဆင်းခိုင်းလိုက်။ ဒါပေမဲ့ ဒီရက်ပိုင်း သတင်းစာတိုက်က ညီအစ်ကိုတွေလည်း တော်တော် ပင်ပန်းနေကြပြီ။ ကောင်းကောင်းလည်း မစားရ၊ မအိပ်ရဘူး။"

"ရူယွင်။ ရူယွင်။" ဖန်ကျန်းရီက နှစ်ကြိမ်လောက် အော်ခေါ်လိုက်၏။

အဒေါ်ကြီး တစ်ယောက်က လှေကားပေါ်မှ ကပျာကယာ ပြေးတက်လာသည်။

"မြို့ဝန်ဖန် ဘာခိုင်းစရာ ရှိလို့လဲ။"

"ဒီနေ့ကစပြီး နေ့လယ်စာ စားတဲ့အခါ သတင်းစာတိုက်က ညီအစ်ကိုတွေ အားရှိအောင် ကြက်ဥဟင်းရည် တစ်အိုးလောက် ထပ်တိုးပေးလိုက်။ အဲ … နည်းနည်း ပျစ်ပျစ်လေး ချက်ပြီး ဟင်းသီးဟင်းရွက်တွေ အများကြီး ထည့်၊ ကြက်ဥ နည်းနည်းပဲ ထည့်။ ကြက်ဥက အများကြီး စားရင် အပူကန်တတ်တယ်။"

All Chapters