← Chapters

အခန်း (၉၀၉-၉၁၀)

Vol. 48 Ch. 909-910

အခန်း (၉၀၉-၉၁၀)

Vol. 48 Ch. 909-910

အပိုင်း (၉၀၉) ဉာဏ်များသော တရားသူကြီးချုပ် (ပင်လယ်ရပ်ခြား ဇာတ်လမ်းပြီးဆုံးခြင်း)

"ခင်ဗျား ပေးတဲ့ အကြံဆိုးကြီးလေ။ လူတွေ အကုန်လုံး စုဝေးသွားပြီ။ အခု သွားတားလို့လည်း မရတော့ဘူး။ အခု ဘယ်လိုလုပ်မလဲ ပြောစမ်း။" ရဟန်းမင်းကြီးက တရားသူကြီးချုပ်အား ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။

တရားသူကြီးချုပ်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ပြာပြာသလဲဖြင့် ရှင်းပြလိုက်သည်။ "အရှင် ... စိတ်မပူပါနဲ့။ အဲဒီ ... အဲဒါ ... သေချာပေါက် နည်းလမ်းရှိပါတယ်။ ကျုပ်ကို စဉ်းစားခွင့်ပေးပါ။"

……

ဟော့ပူသည် လူအုပ်ထဲတွင် အံကြိတ်ကာ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလျက် ဘေးနားရှိ အစေခံကို ခပ်ပြင်းပြင်း တွန်းလိုက်၏။ "မင်း မြန်မြန်သွားပြီး သူတို့ကို သွားကူညီလိုက်စမ်း။"

အစေခံသည် ထိုစကားကိုကြားသောအခါ ဘာမှထပ်မပြောတော့ဘဲ လူအုပ်ကြီးထဲသို့ ချက်ချင်း တိုးဝင်သွားတော့သည်။

ဆော်ဂျာ၏ အနောက်တွင် လူများ ပိုမိုစုဝေးလာပြီး သူ့ကို စက်ဝိုင်းသဏ္ဍာန် ဝန်းရံထားကြ၏။ နောက်မှရောက်လာသူများမှာ အခြေအနေကို နားလည်သွားသဖြင့် ကိုယ်တိုင်လိုလိုလားလား ဝင်ရောက် ကူညီကြခြင်း ဖြစ်၏။

ဤလူအုပ်ကြီးသည် အလှည့်ကျ ဝင်ရောက်ထမ်းပိုးကြကာ ဆော်ဂျာကို ဝန်းရံလျက် မြို့တံခါးဆီသို့ ဖြည်းညင်းစွာ ရွေ့လျားသွားကြသည်။

လူအုပ်ထဲတွင် အတန်ကြာ လှုပ်ရှားနေခဲ့သော တာ့ကျွမ်းသည် လိုင်ကော်အာ၏ အနားသို့ ပြန်လည် ရောက်ရှိလာပြီး နဖူးပေါ်မှ ချွေးများကို သုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "အစ်ကိုကော် ... ကျုပ် လုပ်တာ ဘယ်လိုနေလဲ။"

လိုင်ကော်အာသည် မူလက ဤမြင်ကွင်းကို အာရုံစိုက်ကာ ကြည့်ရှုနေခဲ့ရာ ထိုစကားကို ကြားသောအခါ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "မင်း ဦးဆောင်ပြီး လုပ်တာလား။"

"ဒါပေါ့ … မနေ့က လူစုတုန်းတည်းက အတွေ့အကြုံ ရနေပြီလေ။ ကျုပ်ကသာ သွေးမထိုးပေးရင် ဘယ်သူက အစပြုရဲမှာလဲ။"

လိုင်ကော်အာက ချီးကျူးလိုက်၏။ "ကောင်းတယ် ... ကောင်းတယ်။ မင်းကို ကြီးမားတဲ့ ကောင်းမှုတစ်ခု မှတ်ထားပေးမယ်။ နောက်ဆိုရင် မင်းက ဖိုပေါ်လဲ့ထက်တောင် အိမ်ကို စောစော ပြန်ရနိုင်တယ်။"

သူ၏ဘေးတွင် အမြဲရပ်နေသော ဖိုပေါ်လဲ့မှာ မျက်ရည်များပင် ကျလာမတတ် ဖြစ်သွားပြီး အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ တာ့ကျွမ်းကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

ဒီခွေးကောင် ... ဒါမျိုးလုပ်ရတာကျ ငါ့ကိုတောင် မခေါ်ဘူး။ ဒါပေမဲ့ အခွင့်အရေး ရှိသေးတယ်။ ငါ မြေပုံသွားဆွဲလို့ ရသေးတယ်။ ဒါဆိုရင် နောင်ကျရင် အိမ်ကို မြန်မြန်ပြန်ရမှာပဲ။

လူအုပ်ကြီးသည် ဖြည်းညင်းစွာ ရှေ့သို့ ဆက်သွားနေကြရာ လိုင်ကော်အာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "စဉ်းစားလို့တောင် မရဘူး။ ဘုန်းတော်ကြီးမှာ ဒီနေ့လို အတွေ့အကြုံမျိုး ရှိလာလိမ့်မယ်လို့ ... သူက တကယ်ကို ကြီးမြတ်တဲ့ လူတစ်ယောက်ပဲ။"

ထိုသို့ပြောပြီးနောက် သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူကာ စီစဉ်ညွှန်ကြားလိုက်သည်။ "တာ့ကျွမ်း ... မြန်မြန်သွားပြီး ရထားလုံး အဆင်သင့်ပြင်ထား။ ပြီးတော့ တခြားလူတွေကိုလည်း မြို့တံခါးဝမှာ စောင့်နေဖို့ သွားပြောလိုက်။ ဘုန်းတော်ကြီး မြို့ပြင်ထွက်လာတာနဲ့ တစ်ပြိုင်နက် သူ့ကိုခေါ်ပြီး ဖေးခါကို ချက်ချင်းပြန်မယ်။

ပြီးတော့ ဒီကကိစ္စတွေကို အပြင်ကို တတ်နိုင်သမျှ ပျံ့နှံ့သွားအောင် ဖြန့်ဖို့ လူတွေ စီစဉ်လိုက်။ ဘုရားကျောင်းက ဘုန်းတော်ကြီးကို ဒုက္ခပေးမှာ စိုးရိမ်တယ်။ ဒီကိစ္စက ပိုပြီး ပျံ့နှံ့သွားလေလေ၊ သူ ပိုပြီး လုံခြုံလေလေပဲ။"

တာ့ကျွမ်းက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ ဘုန်းတော်ကြီးက ဘုရားကျောင်းကို စော်ကားထားပြီ ဆိုတော့ နောင်ကျရင် ဖေးခါမှာ ကျုပ်တို့ရဲ့ ဆက်ဆံရေးက ... "

"အဲဒါ အရေးမကြီးဘူး။ နောင်ကျရင် အခြေအနေအပေါ် မူတည်ပြီး ဖြေရှင်းရမှာပဲ။ ငါ ချက်ချင်း နန်းတော်ကို စာရေးပြီး ဒီကိစ္စအတွက် အစီအစဉ်အသစ်တွေ လုပ်ဖို့ တောင်းဆိုလိုက်မယ်။ တာ့ကျင်းနဲ့ ဘုရားကျောင်းကြားမှာ အစောနဲ့အနှောင်း စစ်ဖြစ်ရလိမ့်မယ်လို့ ငါထင်တယ်။"

လိုင်ကော်အာက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "ပြီးတော့ ငါတို့ ဖေးခါကနေ ထွက်သွားပြီးရင် ဘုရားကျောင်းက သေချာပေါက် တုံ့ပြန်မှုတွေ လုပ်လာလိမ့်မယ်။ သတင်းစုံစမ်းဖို့ လူလွှတ်ထားပြီး သတင်းရတာနဲ့ ငါ့ဆီ အမြန်ဆုံး ပို့ပေး။"

ထိုအချိန်မှာပင် ဟော့ပူသည် ဘေးဘက်မှ ထွက်လာကာ လိုင်ကော်အာ၏ ရှေ့တွင် ရပ်လိုက်ပြီး လက်ကိုင်ပုဝါဖြင့် ချွေးများကို သုတ်လျက် ဝမ်းသာအားရ ပြောလိုက်၏။ "အစ်ကိုလိုင် ... နောက်ဆုံးတော့ ခင်ဗျားကို ရှာတွေ့ပြီ။ စောစောက ခင်ဗျားကို မကူညီခဲ့လို့ ကျုပ်ကို အပြစ်မတင်ပါဘူးနော်။"

လိုင်ကော်အာက ပြုံးကာ ပြောလိုက်သည်။ "အစ်ကိုဟော့ပူ ... ခင်ဗျား ကျုပ်ကို အများကြီး ကူညီခဲ့တာပဲ။ ကျေးဇူးတင်လို့တောင် မဆုံးပါဘူး။ ဒါပေမဲ့ ကျုပ်တို့ ဒီနေရာမှာပဲ လမ်းခွဲရတော့မယ်။ ကျုပ် သန့်စင်တဲ့ မြို့တော်ကနေ အခုချက်ချင်း ထွက်သွားတော့မလို့။"

ဟော့ပူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်၏။ "ခင်ဗျား ဘုန်းတော်ကြီးကို ခေါ်သွားချင်လို့လား။"

"ဟုတ်တယ်။"

"အင်း ... သတိထားပါ။ ဘုရားကျောင်းအကြောင်း ကျုပ် သိထားသလောက်ဆိုရင် ဒီကိစ္စကို ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး။ အပြင်ပန်းမှာ ဘာမှမလုပ်ပေမဲ့ တိတ်တဆိတ် လုပ်ကြံဖို့ လူလွှတ်နိုင်တယ်။ ညီအစ်ကို အသင်းတော်ဆိုတာ ခင်ဗျား ကြားဖူးတယ်မလား။ ညီအစ်ကိုအသင်းတော် နာမည်ကို သုံးပြီး လုပ်ကြံဖို့ စီစဉ်ကောင်း စီစဉ်နိုင်တယ်။" ဟော့ပူက သတိပေးလိုက်သည်။

လိုင်ကော်အာက လက်သီးဆုပ်ကာ အရိုအသေပေးလိုက်၏။ "အစ်ကိုဟော့ပူ ... ကျေးဇူးအများကြီးတင်ပါတယ်။ သန့်စင်တဲ့မြို့တော်ကို လာရတာ ခင်ဗျားလို လူမျိုးနဲ့ သိကျွမ်းခွင့်ရတာနဲ့တင် တန်နေပါပြီ။"

ဟော့ပူက လက်ဝှေ့ယမ်းကာ ရယ်မော၍ ပြောလိုက်သည်။ "တူတူပါပဲဗျာ။ အရှေ့တိုင်းသားတွေလည်း မဆိုးပါဘူးလို့ ကျုပ် ထင်ပါတယ်။ ဒါဆို ကျုပ်တို့ရဲ့ စီးပွားရေးက ... "

"ခင်ဗျား ကျုပ်ကို ကူညီခဲ့တာဆိုတော့ ကျုပ်လည်း ကျေးဇူးဆပ်ရမှာပေါ့။ ဒါပေမဲ့ ဒီကိစ္စအတွက် ကျုပ်ဆီက သတင်းကို စောင့်ပါ။ ခင်ဗျားအတွက် အဆင်ပြေအောင် ကျုပ် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။ ဘယ်လိုလဲ။"

နိုင်ငံတော်နှင့် စီးပွားရေးလုပ်ရသည်မှာ မလွယ်ကူလှချေ။

ဟော့ပူက နှုတ်ခမ်းကို သပ်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။ "ဒါဆိုရင် ကျုပ် သတင်းကောင်းကိုပဲ စောင့်နေပါ့မယ်။ ခရီးလမ်းဖြောင့်ဖြူးပါစေ။"

...

နေဝင်သွားသောအခါ ဆော်ဂျာ၏ အရိပ်သည် မြို့တံခါးဝတွင် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။

လူအုပ်ကြီး၏ အကူအညီ ရရှိခဲ့သော်လည်း သူ၏ ခွန်အားများမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့ပေမည့် ပတ်ဝန်းကျင်မှ လူများ၏ အားပေးသံများက သူ့ကို ဆက်လက်၍ အားအင်ဖြစ်စေခဲ့သည်။

နောက်ဆုံးတွင် တံခါးပေါက်မှ ထိုးဆင်းလာသော အလင်းရောင်သည် သူ၏ ခြေထောက်ပေါ်သို့ ကျရောက်လာခဲ့သည်။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း ...

ဒုန်း။

"ကောင်းတယ် ... ကောင်းတယ်။"

ရုပ်တုကြီး မြေပြင်ပေါ်သို့ ကျသွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လူများထံမှ အောင်ပွဲခံသံများ ထွက်ပေါ်လာ၏။

မြို့တံခါးဝတစ်ခုလုံးသည် ရယ်မောသံ၊ ပျော်ရွှင်သံများဖြင့် ပြည့်နှက်သွားတော့သည်။

နတ်ဘုရား၏ စီရင်ချက်ကို သူတို့ ခံနိုင်ရည်ရှိခဲ့ကြပြီ။

အောင်ပွဲခံသံများ ငြိမ်သက်သွားပြီးနောက် လူအားလုံး၏ အကြည့်များက ဆော်ဂျာထံသို့ ပြန်လည် ရောက်ရှိသွားကြသည်။

ယခုအချိန်တွင် သူသည် မြေပြင်ပေါ်၌ လဲလျောင်းနေပြီး အသက်ငင်နေသကဲ့သို့ ဖြစ်နေသော်လည်း သူ၏ မျက်လုံးများကမူ တောက်ပနေဆဲ ဖြစ်၏။ နှုတ်ခမ်းများက လှုပ်ရှားနေပြီး ကျေးဇူးတင်စကား ဆိုနေပုံရသည်။

ပတ်ဝန်းကျင်ရှိ လူများက သူ့ကို အရိုအသေပေးကာ ကြည့်နေကြ၏။

လူအားလုံး စိတ်လှုပ်ရှားနေကြစဉ် လိုင်ကော်အာသည် လူအုပ်ထဲမှ ထွက်လာကာ ဘာမှမပြောဘဲ သူ့ကို ကောက်ပွေ့လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော ရထားလုံးပေါ်သို့ ချက်ချင်း ခုန်တက်သွားသည်။

ထို့နောက် ရထားလုံးကို အမြန်မောင်းနှင်သွားကာ နောက်သို့လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားလေရာ အံ့အားသင့်နေသော လူအုပ်ကြီးသာ ကျန်ရစ်ခဲ့တော့၏။

...

ရထားလုံးထဲတွင် ဘုန်းတော်ကြီးဆော်ဂျာသည် ရထားလုံးအမိုးကို ငေးမောကြည့်နေသည်။

လိုင်ကော်အာသည် စိတ်အခြေအနေ အလွန်ကောင်းမွန်စွာဖြင့် မေးလိုက်၏။ "ဘုန်းတော်ကြီး ... နောက်ဆိုရင် သေဖို့မစဉ်းစားပါနဲ့တော့။ နောက်တစ်ခါဆိုရင် ခင်ဗျားကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။"

ဆော်ဂျာက ပြုံးပြီး အားနည်းစွာဖြင့် ပြောလိုက်သည်။ "မလုပ်တော့ပါဘူး။ ခင်ဗျားကို အလုပ်ရှုပ်သွားစေမိပြီ။ ဒီတစ်ခါ ဖေးခါကို ပြန်ရောက်ရင် ကျုပ် ခင်ဗျားကို ထပ်ကူညီနိုင်မှာ မဟုတ်တော့ဘူး ထင်တယ်။"

"ကူညီနိုင်ပါတယ်။ ခင်ဗျား လုပ်နိုင်တယ်။ ခင်ဗျားက လူပုံအလယ်မှာ နတ်ဘုရားစီရင်ချက်ကို ကျော်ဖြတ်နိုင်ခဲ့တာပဲ။ ခင်ဗျားကို ဘယ်သူမှ မထိရဲတော့ဘူး။ ခင်ဗျားက ဖေးခါရဲ့ ဂိုဏ်းအုပ်ဘုန်းကြီး ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ကျုပ်တို့က ရဟန်းမင်းကြီးကို စော်ကားပြီးပြီဆိုတော့ ခင်ဗျား ပြန်ရောက်ရင် ဂိုဏ်းအုပ်ဘုန်းကြီးရဲ့ အလုပ်တွေကို ပုံမှန်အတိုင်း လုပ်နေစရာ မလိုတော့ဘူး။ ခင်ဗျား စိတ်ကူးရှိတဲ့အတိုင်းသာ လုပ်လိုက်တော့။"

ဆော်ဂျာက ခေါင်းအနည်းငယ် ညိတ်လိုက်၏။ "သခင်လေးဖန် ကျုပ်ကို ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ပြန်သတိရမိတယ်။ သူက ရင်ထဲက ရုပ်တုကြီး သေဆုံးသွားပေမဲ့ ရည်မှန်းချက်တွေကတော့ မပျောက်ပျက် သွားဘူးလို့ ပြောခဲ့တယ်။ သူပြောတာတွေ အားလုံး မှန်တယ်ဆိုတာကို အခုမှ ကျုပ် နားလည်တော့တယ်။ ဒါပေမဲ့ ဖေးခါကို ပြန်ရောက်ရင် ... ကျုပ် တကယ် ဆက်လုပ်နိုင်ပါ့မလား။"

"ရဲရဲဝံ့ဝံ့သာ လုပ်လိုက်ပါ။ ယုံယုံကြည်ကြည်နဲ့ လုပ်ပါ။ ဘာသာတရားအသစ်တစ်ခု တည်ထောင်လိုက်ရင်တောင် ရသေးတယ်။"

လိုင်ကော်အာ၏ မျက်လုံးများတွင် တည်ငြိမ်မှုများ ရှိနေ၏။ "ခင်ဗျားလုပ်တဲ့ အလုပ်က အမှန်တရားဖြစ်နေသရွေ့၊ ကျုပ်တို့ဘက်မှာ ရပ်တည်နေသရွေ့ ဘုရားကျောင်းက တားဆီးရင်တောင်မှ တာ့ကျင်းရဲ့ သင်္ဘောအုပ်စုက ခင်ဗျားရဲ့ နောက်ကွယ်ကနေ အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးနေမှာပါ။"

...

သန့်စင်တဲ့မြို့တော်အတွင်းတွင် ပုပ်ရဟန်းမင်းကြီးသည် ကြည့်ရှုစင်မြင့်ပေါ်၌ စိတ်ပျက်လက်ပျက် ထိုင်နေပြီး ဘုရားကျောင်းမှ အထက်လူကြီးများမှာလည်း မိဘသေဆုံးသွားသကဲ့သို့ ဝမ်းနည်းပူဆွေးနေကြ၏။

အစောပိုင်းက မြို့ပြင်သို့ ထွက်သွားသောသူများသည် သုံးယောက်တစ်စု၊ နှစ်ယောက်တစ်စုဖြင့် ပြန်လည်ရ ောက်ရှိလာကြပြီ ဖြစ်သည်။

ဘုန်းတော်ကြီးဆော်ဂျာသည် ဤမျှ ထူးဆန်းသော နည်းလမ်းဖြင့် အန္တရာယ်ကို ကျော်ဖြတ်သွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

ဆင်းရဲသားရပ်ကွက်မှ ထိုဆင်းရဲသားများသည် ပုပ်ရဟန်းမင်းကြီး၏ပါးကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်လိုက်ခြင်း ဖြစ်၏။

ပြည်သူလူထု၏ ရှေ့မှောက်တွင် ရဟန်းမင်းကြီးမှာ ဘာမှပြောစရာ စကားမရှိတော့ချေ။

အတန်ကြာပြီးနောက် ပုပ်ရဟန်းမင်းကြီး၏ အမူအရာသည် မည်းနက်သွားပြီး ဘေးနားရှိ တရားသူကြီးချုပ်အား ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။

"ခင်ဗျား နည်းလမ်းရှာနေတယ်ဆို။ အခုထိ မစဉ်းစားရသေးဘူးလား။"

တရားသူကြီးချုပ်မှာ တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်။ "စဉ်းစား ... စဉ်းစားလို့ရပါပြီ။ ဒါပေမဲ့ အရှင် စိတ်မပူပါနဲ့။ ဆော်ဂျာ အလောင်းတောင် မကျန်အောင် သေစေရမယ့် အကြံတစ်ခု ကျုပ် မှာ ရှိပါတယ်။"

"ပြောစမ်း။"

"ဖေးခါဆိုတာ ညီအစ်ကိုအသင်းတော်တွေ သောင်းကျန်းနေတဲ့ နေရာဆိုတာ အရှင် မေ့နေပြီလား။ သူ ဖေးခါကို ပြန်ရောက်တာနဲ့ ကျုပ်တို့က သူ့ကို ချီးကျူးဂုဏ်ပြုတဲ့ အမိန့်စာ ပို့လိုက်ရုံပဲ။ တစ်ချိန်တည်းမှာပဲ ညီအစ်ကို အသင်းတော်ကို စုံစမ်းနေတာတွေ ရပ်တန့်လိုက်မယ်။ ဒါဆိုရင် မကြာခင်မှာပဲ သူ့နာမည်က ကြီးလာပြီး ညီအစ်ကိုအသင်းတော်ရဲ့ နားထဲ ရောက်သွားလိမ့်မယ်။ အဲဒီအခါကျရင် သူတို့လက်ကို ငှားပြီး တိုက်ရိုက် သတ်ပစ်လို့ ရပြီလေ။"

ပုပ်ရဟန်းမင်းကြီး၏ မျက်လုံးများ အရောင်လင်းသွား၏။ "ကောင်းတဲ့အကြံပဲ။ ဒါပေမဲ့ မြို့ထဲက ကိစ္စတွေကိုရော ဘယ်လိုလုပ်မလဲ။ ဘုရားကျောင်းရဲ့ ဂုဏ်သိက္ခာက ဒီတစ်ခါ အများကြီး ထိခိုက်သွားပြီ။"

တရားသူကြီးချုပ်က ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "ဒါလည်း နည်းလမ်းရှိပါတယ်။ သူက ဆင်းရဲသားတွေနဲ့ ရောနှောနေတာကို သဘောကျတယ် မဟုတ်လား။ ဆင်းရဲသားတွေကို သန့်စင်တဲ့ မြို့တော်ထဲမှာ ဘယ်သူမှ မကြိုက်ကြပါဘူး။ ကျုပ်တို့ အဓိက စဉ်းစားရမှာက သန့်စင်တဲ့မြို့တော်ထဲက ပုံမှန်ပြည်သူတွေအပေါ် သက်ရောက်မှုပဲ။ ပုံမှန်လူ ဘယ်သူက ဆင်းရဲသားရပ်ကွက်ကို သွားချင်မှာလဲ။ အားလုံးက မုန်းတောင်မုန်းနေကြတာပဲ။

ဆော်ဂျာက အရှေ့တိုင်းကို ရောက်ဖူးတယ်လို့ ပြောခဲ့တာ ကျုပ် မှတ်မိတယ်။ မြို့ထဲမှာ တိတ်တဆိတ် သတင်းဖြန့်လိုက်မယ်။ သူက ယုံကြည်မှုမရှိဘဲ ဘုရားကျောင်းအပေါ် ရန်ငြိုးဖွဲ့နေတဲ့ အရှေ့တိုင်းသားတွေရဲ့ သွေးထိုးမှုကို ခံထားရတာလို့ ပြောလိုက်မယ်။

သူက ဆင်းရဲသားတွေကို တမင်တကာ မျက်နှာလိုမျက်နှာရလုပ်ပြီး မြို့ထဲမှာ ပဋိပက္ခတွေ ဖြစ်အောင် လုပ်ချင်နေတာလို့ ပြောလိုက်မယ်။ ဒါဆိုရင် ပြည်သူတွေရဲ့ အာရုံစိုက်မှုက တခြားကို ရောက်သွားလိမ့်မယ်။ ဘယ်လိုလဲ အရှင်။"

ပုပ်ရဟန်းမင်းကြီးက အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်လိုက်၏။ "ကောင်းတယ်။ ခင်ဗျား လုပ်နိုင်တာပဲ။"

အပိုင်း (၉၁၀) ဖါးပါးနှင့် ပြန်လည်တွေ့ဆုံခြင်း။

"သူရဲကောင်းတစ်ယောက်က လူတွေကို ကျေနပ်အားရစေမဲ့ ကောင်းမှုတစ်ခု လုပ်ခဲ့တယ်။ ဒါကို အသုံးချပြီး သွေးထိုးတဲ့သူ ရှိနတယ်လား။ တကယ်ကို မိုက်မဲလိုက်တာ။"

ဖန်ကျန်းရီသည် လက်ထဲရှိ သတင်းလွှာကို စားပွဲပေါ်သို့ ခပ်ပြင်းပြင်း ပစ်ချလိုက်၏။ "ကြည့်ရတာ ကျုပ် ဘုန်းတော်ကြီး ဆော်ဂျာကို အထင်သေးမိသွားပြီ ထင်တယ်။ ဒီလောက်ကြီးမားတဲ့ ကိစ္စကြီးကို လုပ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ဒီလိုမှန်းသိရင် သူ့ကို အိမ်တစ်လုံးလောက် လက်ဆောင်ပေး လိုက်သင့်တာ။"

လီယွမ်ကျောက်သည် ဘေးနားမှ နားထောင်ရင်း သွားရည်ကျမတတ် ဖြစ်နေကာ တောက်တခေါက်ခေါက်ဖြင့် ဝမ်းနည်းစွာ ပြောလိုက်သည်။ "အိပ်ရာထနောက်ကျသွားတယ်။ အိပ်ရာထနောက်ကျသွားတယ်။ ဒီနေ့ နန်းတော်မှာ ဒီလောက်ကြီးတဲ့ ကိစ္စကြီး ဖြစ်နေတာကို ကျုပ် လွတ်သွားရတယ်လို့။ ဒါနဲ့ နန်းတော်က ဒီကိစ္စအပေါ် ဘယ်လိုသဘောထားရှိလဲ။"

ဖန်ကျန်းရီက ခဏတာ စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "နန်းတော်ထဲက အမတ်တွေအားလုံးကတော့ ဒေါသထွက်နေကြတာပေါ့။ ဘုရားကျောင်းလို ယုတ်မာတဲ့ အဖွဲ့အစည်းကို ဝိုင်းပြီး ပြစ်တင်ရှုတ်ချနေကြတယ်။ လိုင်ကော်အာ ပို့လိုက်တဲ့ အစီရင်ခံစာကို ကူးရေးဖို့ လူရှာနေတယ်။ အကြောင်းအရာက အများကြီးမို့လို့ နောက်နှစ်ရက်လောက်နေမှ ခင်ဗျား အပြည့်အစုံ ဖတ်ရလိမ့်မယ်။"

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုအချို့ ပေါ်လာ၏။

အနောက်တိုင်းမှ ပြန်လည်ပေးပို့လာသော သတင်းများကို လိုင်ကော်အာသည် စာအုပ်ငယ် နှစ်အုပ်စာ အပြည့် ရေးသားထားခဲ့သည်။

ဒေသန္တရ ဓလေ့ထုံးစံများမှအစ နိုင်ငံအသီးသီး၏ အခြေအနေများ၊ ဘုရားကျောင်း၏ အခြေအနေများနှင့် သန့်စင်တဲ့ မြို့တော်၏ မြေပုံများပင် ပါဝင်သေး၏။

ထို့အပြင် ပင်လယ်ရပ်ခြားမှ ဒေသထွက်ကုန်များစွာနှင့် စာပေကျမ်းဂန်များ၏ မူရင်း၊ ဘာသာပြန်များလည်း ပါဝင်ကာ အကြောင်းအရာများမှာ အလွန်ပင် ကျယ်ပြန့်လှသည်။

ဤအလုပ်ကို အလွန်ပင် အသေးစိတ်ကျကျနှင့် သေသေချာချာ လုပ်ဆောင်ထားသဖြင့် နန်းတော်တစ်ခုလုံးကပင် ဝိုင်းဝန်းချီးကျူးကြပြီး နန်းတွင်းအမတ်များ၊ စစ်သူကြီးများအားလုံးက လက်ခံအသိအမှတ်ပြုကြရ၏။

ဤသည်မှာ ကြီးမားသော ကြိုးစားအားထုတ်မှုတစ်ခု ဖြစ်ကြောင်း ထင်ရှားပေသည်။ လိုင်ကော်အာသည် သူ၏လူ ဖြစ်ကြောင်းကို အားလုံးက သိထားကြသဖြင့် ဤတစ်ကြိမ်တွင် သူ၏ မျက်နှာကို အလွန်ပင် ပွင့်လန်းစေခဲ့သည်။

"ဒီနေ့ အရှင်မင်းကြီးရဲ့ သဘောထားကို ကြည့်ရတာ နောင်ကျရင် ဘုရားကျောင်းနဲ့ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ချင်နေပုံရတယ်။ အခုဆိုရင် ပင်လယ်ရပ်ခြားမှာ ကျုပ်တို့ရဲ့ စခန်းတချို့ ဖွင့်ထားပြီးပြီ။ ဖေးခါနဲ့ အနီးဆုံးနေရာဆိုရင် ရွက်လွှင့်ချိန် ဆယ့်ငါးရက်ဆိုရင် ရောက်နိုင်တယ်။ အခု စစ်ရေးဝန်ကြီးဌာနရဲ့ အမြင်ကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တပ်တွေ ချထားဖို့ပဲ။ အဲဒီအတိုင်း ဖြစ်လာဖို့ သေချာနေပြီလို့ ကျုပ် ထင်တယ်။"

လီယွမ်ကျောက်သည် လှုပ်လှုပ်ရွရွ ဖြစ်လာပြီး နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်။ "ကျုပ် ရေကြောင်းတိုက်ပွဲ မတိုက်ဖူးသေးဘူး။"

ဖန်ကျန်းရီက ပြုံးလိုက်၏။ "နေပါစေတော့။ ပြင်ဆင်မှုတွေ လုပ်နေတာပဲ ရှိသေးတာ။ စစ်တိုက်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်။ တကယ်တိုက်မယ်ဆိုရင်တောင် ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခုရှိမှ ဖြစ်မှာလေ။ ပြီးတော့ ကျုပ်တို့မှာ ဘုရားကျောင်းကို ဖြုတ်ချနိုင်တဲ့ စွမ်းအားရှိရင်တောင်မှ အဲဒီလိုလုပ်ဖို့ လိုအပ်လို့လား။ ဖရိုဖရဲတွေ ဖြစ်ကုန်ရင် စီးပွားရေးလုပ်ဖို့ မလွယ်တော့ဘူး။ ကျုပ်တို့ရဲ့ အဓိက တာဝန်က ငွေရှာဖို့နဲ့ တာ့ကျင်းပြည်သူတွေရဲ့ ဘဝကို တိုးတက်အောင် လုပ်ဖို့ပဲလေ။"

လီယွမ်ကျောက်သည် ထိုစကားကို ကြားသောအခါ စိတ်ပျက်သွားသည့် အမူအရာဖြင့် ပြောလိုက်သည်။ "ခင်ဗျားပြောတာလည်း ဟုတ်တာပါပဲ။ ဒါပေမဲ့ ကမ္ဘာကြီးက ဒီလောက်ကျယ်တာ ကျုပ်လည်း အပြင်ထွက်ပြီး ကြည့်ချင်သေးတယ်။ ဒီမြို့တော်လေးထဲမှာပဲ ပိတ်မိနေရတာ တကယ်ကို မကျေနပ်ဘူး။ ကျုပ် ကိုယ်တိုင် ဝူထူကို ခေါင်းဖြတ်သတ်ခဲ့တာဆိုတော့ အခု ရဟန်းမင်းကြီးဆိုတဲ့လူနဲ့ တွေ့ကြည့်ချင်သေးတယ်။"

ဖန်ကျန်းရီက ပခုံးတွန့်လိုက်ပြီး ဘာမှ ပြန်မပြောချေ။

"ပင်လယ်ရပ်ခြားက အရမ်းဝေးတော့ အရှင့်သားအတွက် အခွင့်အရေး မရှိလောက်တော့ဘူးထင်တယ်။ ဒါပေမဲ့ နောင်ကျရင် ထိုက်ဖူဘာသာရဲ့ ရဟန်းမင်းကြီးနဲ့ တွေ့ဖို့ အခွင့်အရေး ရှိလာနိုင်မယ်ထင်တယ်။ အဲဒီလို လူယုတ်မာမျိုး သာ တာ့ကျင်းကို ရောက်လာခဲ့ရင် သူ့ကို ကျင်းယီဝေတပ်ဖွဲ့ရဲ့ အမြင့်ဆုံး နှိပ်စက်မှုဒဏ်ကို မြည်းစမ်းကြည့်ခိုင်းရမယ်။"

"အမြင့်ဆုံး နှိပ်စက်မှုဒဏ်လား။ အဲဒါက ဘာလဲ။ ကျင်းယီဝေတပ်ဖွဲ့က ကြမ်းကြမ်းတမ်းတမ်း မလုပ်တတ်ဘူး မဟုတ်ဘူးလား။" လီယွမ်ကျောက်က မျက်လုံးပြူးကာ စပ်စုလိုက်၏။

ဖန်ကျန်းရီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဒါက ကျင်းယီဝေတပ်ဖွဲ့ရဲ့ ပြစ်ဒဏ်စာရင်းမှာ တစ်ခါမှ မသုံးဖူးသေးတဲ့ နည်းလမ်းပဲ။ အဲဒါကို နဂါးကို နှစ်သိမ့်ပေးတဲ့ ငရုတ်သီးချောင်းလို့ နာမည်ပေးထားတယ်။"

"နဂါးကို နှစ်သိမ့်ပေးတဲ့ ငရုတ်သီးချောင်းလား။ ကြားရတာတော့ ကောင်းသားပဲ။ ဘယ်လို နှိပ်စက်တာလဲ။" လီယွမ်ကျောက်၏ မျက်လုံးများ အရောင်လင်းသွား၏။

"လွယ်လွယ်လေးပါ။ အရင်ဆုံး တရားခံရဲ့ လက်နှစ်ဖက်ကို တောက်ယွမ်ခရိုင်က အထူးထုတ်လုပ်ထားတဲ့ ငရုတ်သီးရည် အပြင်းစားတွေ ထူထူကြီး သုတ်ပေးလိုက်မယ်။ ပြီးတော့ တရားခံကို မြင်းဆေး အပြင်းစား နှစ်ပန်းကန်လောက် တိုက်လိုက်မယ်။ ပြီးရင် စအိုဝတစ်ဝိုက်မှာ ယားယံဆေးမှုန့်တွေ ဖြူးပေးပြီး အမှောင်ခန်းထဲ ပစ်ထည့်ထားလိုက်ရုံပဲ။ နတ်ပြည်ရောက်သွားသလို ခံစားရတာကို ကိုယ်တိုင် ခံစားကြည့်စေရမယ် ... ဟားဟား ... "

"ချီး .. ခင်ဗျားတို့က ကြောက်စရာပဲ"

လီယွမ်ကျောက်မှာ ကျောချမ်းသွားပြီး ခေါင်းလှည့်ကာ ထပ်မေးလိုက်၏။ "ဒါဆိုရင် အမျိုးသမီးတရားခံဆိုရင်ရော။"

"တူတူပါပဲ။"

" ... "

ဖန်ကျန်းရီသည် စကားပြောအပြီးတွင် စားပွဲပေါ်၌ ချထားသော သတင်းလွှာကို လက်ချောင်းဖြင့် ခေါက်လိုက်၏။ "ဒီနေ့ နန်းတွင်းအစည်းအဝေးမှာ အဓိက ပြောခဲ့တာက ဒီအကြောင်းပဲ။ ပြီးတော့ ... အရှင်မင်းကြီးက ခင်ဗျားကို လာပြောခိုင်းလိုက်တာ။ နောက်တစ်ခါ နန်းတွင်းအစည်းအဝေးကို ထပ်ပြီး အချိန်မဆွဲနဲ့တော့တဲ့။ မဟုတ်ရင် သူကိုယ်တိုင် လာရှာလိမ့်မယ်တဲ့။ ကဲ ကျုပ် သွားတော့မယ်။"

လီယွမ်ကျောက်၏ မျက်နှာမှာ ညှိုးကျသွား၏။ "ဘယ်လိုဖြစ်တာလဲ။ ကျုပ် နေမကောင်းလို့ ခွင့်ယူထားတယ်လို့ ပြောထားတယ်လေ။ ဒီမှာ တစ်နပ်လောက် စားပြီးမှ သွားပါလား။ ကျုပ် မနက်စာတောင် မစားရသေးဘူး။"

"တော်ပါတော့။ ခင်ဗျားရဲ့ အကြံအစည်လေးတွေကို ဘယ်သူက မသိဘဲ နေမှာလဲ။ နောက်တစ်ခါဆိုရင် ဒီထက်ကောင်းတဲ့ အကြောင်းပြချက်လေး ရှာအုံး။ ဒီနေ့ ကျုပ်မှာ အရေးကြီးကိစ္စ ရှိသေးတယ်။ ရွှေတိုင်းပြည် က သံတမန်အဖွဲ့ မြို့တော်ကို ရောက်နေတာ ရက်အနည်းငယ် ရှိပြီ။ မနေ့က ဖါးပါးက လူလွှတ်ပြီး ကျုပ်ဆီ အလည်လာမယ်လို့ ပြောထားတယ်။"

"သူက ခင်ဗျားကို ဘာလုပ်ဖို့ လာရှာတာလဲ။ ပြီးတော့ သူ့လို ဂုဏ်သိက္ခာရှိတဲ့လူက မြို့တော်ကို အလွယ်တကူ လာဖို့ မသင့်တော်ဘူးလေ။" လီယွမ်ကျောက်က သံသယဖြင့် မေးလိုက်၏။

"မသိပါဘူး။ တွေ့ပြီးမှပဲ ပြောကြတာပေါ့။"

...

မင်းသမီးအိမ်တော်အတွင်း။

ဖန်ကျန်းရီသည် စာကြည့်ခန်းထဲတွင် လက်ဖက်ရည်သောက်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

ကျင်းတိုင်းပြည်မှ သံတမန်အဖွဲ့ မြို့တော်သို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သော်လည်း လွန်ခဲ့သော သုံးလခန့်ကတည်းက သတင်းပို့ထားခဲ့ခြင်း ဖြစ်ပြီး ဖါးပါးကိုယ်တိုင် လာရောက်ခြင်း ဖြစ်သည်။

နိုင်ငံတော်ဆရာကြီး တစ်ဦးဖြစ်သူ၏ ယခုလက်ရှိ အဆင့်အတန်းမှာ သာမန်မဟုတ်ပေ။ နိုင်ငံတော်၏ အဓိက ကျောထောက်နောက်ခံဟုပင် ဆိုနိုင်၏။

ရွှေတိုင်းပြည်တွင် ဧကရာဇ်မရှိဘဲ တစ်ရက် နေနိုင်သော်လည်း နိုင်ငံတော်ဆရာကြီး မရှိဘဲ တစ်ရက်မျှ နေ၍မရချေ။

ဤတစ်ကြိမ် သံတမန်အဖွဲ့ မြို့တော်သို့ ဝင်ရောက်လာခြင်းမှာ သူနှင့် မပတ်သက်သေးသော်လည်း သေးငယ်သော ကိစ္စတစ်ခုတော့ မဟုတ်နိုင်ဟု သူ ယူဆထား၏။

လက်ဖက်ရည်ပန်းကန်ကို ကိုင်ကာ တွေးတောနေစဉ် အစေခံတစ်ဦးက ဝင်ရောက်လာပြီး သတင်းပို့လိုက်သည်။ "သခင်လေး ... နိုင်ငံတော်ဆရာကြီးဖါးပါး အလည်လာပါတယ်။"

ဖန်ကျန်းရီသည် လက်ဖက်ရည်ပန်းကန်ကို ချလိုက်ပြီး မတ်တတ်ရပ်ကာ ထွက်၍ ကြိုဆိုလိုက်၏။

ထိုအချိန်တွင် ဖါးပါးသည် ဧည့်ခန်းထဲ၌ စောင့်ဆိုင်းနေပြီး ဘေးတစ်ဖက်တစ်ချက်တွင်လည်း နောက်ပါများက လက်ဆောင်ထုပ်ကြီး၊ လက်ဆောင်ထုပ်ငယ်များကို ကိုင်ဆောင်ထားကြသည်။

ဖန်ကျန်းရီ ဘေးဘက်မှ ထွက်လာသည်ကို မြင်သောအခါ ချက်ချင်း မတ်တတ်ရပ်ပြီး လက်သီးဆုပ်ကာ ပြုံးလျက် ပြောလိုက်၏။ "ညီလေးဖန် နေကောင်းရဲ့လား။ မတွေ့ရတာ ကြာပြီပေမဲ့ ခင်ဗျားကတော့ အရင်အတိုင်းပဲနော်။"

ဖန်ကျန်းရီက ပြန်လည်အရိုအသေပေးပြီး ပြုံးကာ ပြောလိုက်သည်။ "နိုင်ငံတော်ဆရာကြီးလည်း အရင်တိုင်းပါပဲ။ ဒီနေ့ ကျုပ်ဆီလာတာ လက်ဆောင်တွေတောင် ပါလာသေးတယ်။ အားနာစရာကြီးဗျာ။"

သူတို့နှစ်ဦး ထိုင်လိုက်ကြပြီးနောက် မွှေးကြိုင်သော လက်ဖက်ရည်များကို စားပွဲပေါ်သို့ ချပေးလိုက်၏။

ဖါးပါးက သက်ပြင်းချကာ ပြောလိုက်သည်။ "မတွေ့ရတာ နှစ်အတော်ကြာပြီဆိုတော့ ညီလေးဖန်ကို မြင်လိုက်ရတာနဲ့ ကျုပ်တို့ ရွှေတိုင်းပြည်မှာ တက်တက်ကြွကြွ ရှိနေခဲ့တဲ့ ညီလေးဖန်ရဲ့ ပုံစံကို ပြန်သတိရမိတယ်။ ဒီနေ့ အတူတူထိုင်ပြီး လက်ဖက်ရည်သောက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

ဖန်ကျန်းရီက ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်၏။ "ငယ်ရွယ်စဉ်က မောက်မာခဲ့မိတာပါ။ ပြောဖို့တောင် မတန်ပါဘူး။ သံတမန်အဖွဲ့ မြို့တော်ကို ရောက်နေတာ ကြာပြီဆိုတာ ကြားပေမဲ့ အလုပ်တွေ အရမ်းများနေလို့ နိုင်ငံတော်ဆရာကြီးဆီ ကိုယ်တိုင် လာမတွေ့နိုင်ခဲ့ဘူး။ ရွှေတိုင်းပြည်က ဒီကိုလာတာ ဘာကိစ္စများရှိလို့လဲ။ ကျုပ်တို့နှစ်ယောက်ကြားမှာ အားနာစရာ မလိုပါဘူး။ အကူအညီလိုတာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ။"

ဖါးပါးသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "ဒီကို မလာခင်က ရွှေတိုင်းပြည်က ခင်ဗျားတို့ဆီကို သံတမန်စာ ပို့ထားခဲ့တယ်။ ညီလေးဖန် ဖတ်ပြီးပြီလားတော့ မသိဘူး။"

"မဖတ်ရသေးဘူး။ ဒါပေမဲ့ နည်းနည်းတော့ သိထားတယ်။ စီးပွားရေးကိစ္စအတွက်လို့ ကြားတယ်။ ဒါပေမဲ့ ခင်ဗျား ကိုယ်တိုင် ဒီအထိ လာစရာမလိုပါဘူး။"

ဖါးပါးက အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်လိုက်၏။ "ဒါဆိုလည်း ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ အပြင်ပန်းကတော့ စီးပွားရေးကိစ္စအတွက်လို့ ဆိုပေမဲ့ တကယ်တမ်းကျတော့ ကျုပ်ကိုယ်တိုင် တာ့ကျင်းကို လာကြည့်ချင်လို့ပါ။

မြို့တော်က သတင်းစာတွေလည်း ကျုပ်တို့ ရွှေတိုင်းပြည်ဆီ မကြာခဏ ရောက်လာတတ်တယ်။ အချိန်နည်းနည်း နောက်ကျပေမဲ့ တာ့ကျင်းရဲ့ တိုးတက်မှုတွေနဲ့ မြို့တော်ထဲက အပြောင်းအလဲတွေကိုတော့ ကျုပ် နည်းနည်းပါးပါး သိထားပါတယ်။" နောက်ပိုင်းကျတော့ သတင်းစာထဲမှာ ရထားတွေနဲ့ ရေနွေးငွေ့စက်တွေအကြောင်း သတင်းတွေ ပါလာတယ်။ ဒါက ... တကယ်ကို ယုံနိုင်စရာ မရှိလောက်အောင်ပါပဲ။ ဒါကြောင့် လအနည်းငယ်လောက် ကြိတ်မှိတ်နေခဲ့ပေမဲ့ နောက်ဆုံးတော့ ကိုယ်တိုင် လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာပဲ။"

ထိုသို့ပြောပြီးနောက် ဖါးပါးသည် ထပ်မံ၍ ပြုံးလိုက်ပြန်၏။ သို့သော်ငြား ဤတစ်ကြိမ် အပြုံးတွင်မူ ခါးသီးမှုအချို့ ပါဝင်နေသည်။

ဖန်ကျန်းရီက မျက်ခုံးပင့်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။ ကိုယ်ကို အနည်းငယ် ကိုင်း၍ မေးလိုက်၏။ "ဒါဆို နိုင်ငံတော်ဆရာကြီး ရထားကို မြင်ခဲ့ရပြီပေါ့။"

"မြင်ခဲ့ရပြီ။ ရထားတင် မကဘူး။ ရထားပတ်ဝန်းကျင်က စက်ရုံတွေရော၊ မြို့တော်ထဲက ကုန်သွယ်ရေး ခန်းမတွေရော၊ အရာရာတိုင်းကို ကျုပ် အကုန်လုံး ကြည့်ခဲ့ပြီးပြီ။"

"ဒါဆို နိုင်ငံတော်ဆရာကြီး ဘယ်လိုမြင်လဲ။"

ဖါးပါးသည် ခဏတာ တွေဝေသွားပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။ "ကမ္ဘာကြီး ပြောင်းလဲသွားပြီ။ တကယ်ကို အံ့သြစရာပါပဲ။"

All Chapters