← Chapters

အခန်း (၂၄၂-၂၄၃)

Vol. 14 Ch. 242-243

အခန်း (၂၄၂-၂၄၃)

Vol. 14 Ch. 242-243

အပိုင်း (၂၄၂) လေလံဆွဲတာကနေ လေလံပွဲ ဖြစ်သွားတာလား။

နောက်တစ်နေ့ ည။

ဖန်ကျန်းရီသည် သင်္ဘောပေါ်မှ ထွက်ခွာရန် ပြင်ဆင်နေစဉ် လီယွမ်ကျောက်က အနောက်မှနေ၍ သူ၏ အရာရှိဝတ်စုံကို အတင်းဆွဲထား၏။

ပြီးနောက် စိတ်ပျက်လက်ပျက် ပြောလာသည်။ "ခင်ဗျားမှာ အချိန်ရရင် လေပန်းချီစံအိမ်ကို ခေါ်သွားမယ်ဆို။ ကျုပ် ဘာမှတောင် မကစားရသေးဘူး။

သုံးရက် … ကျုပ် သင်္ဘောပေါ်မှာ သုံးရက်တိတိ နေခဲ့ရတယ်။ ဒီသုံးရက်လုံး ဘယ်လို ဖြတ်သန်းခဲ့ရလဲ ခင်ဗျား သိလား။ နေ့တိုင်း ဘာအသုံးမှမကျတဲ့ စာရွက်စာတမ်းတွေကို ကူညီပြီး ဖြေရှင်းပေးရတယ်။ တံဆိပ်တုံး ထုရတယ်။ လက်မှတ် ထိုးရတယ်။

"ကျုပ် လေပန်းချီစံအိမ်ကို သွားပြီး တစ်ဝကြီး ပျော်ချင်တယ်။"

ဖန်ကျန်းရီက လီယွမ်ကျောက်ကို ဆွံ့အစွာဖြင့် ကြည့်နေမိ၏။ ဤရက်ပိုင်းအတွင်း တကယ်ကို အလုပ်များလွန်းလှသည်။ ထမင်းစားရ၊ သီချင်းနားထောင်ရနှင့် အလွန်ပင်ပန်းနေခဲ့၏။ လီယွမ်ကျောက်ကို လေ့ကျင့်ပေးရန်အတွက် ရုံးတော်ရှိ အရေးမပါသော အလုပ်ကြမ်းများကို ပုံချပေးခဲ့ခြင်း ဖြစ်၏။

ယနေ့ည အရေးကြီးသော အချိန်ရောက်မှ ဤအရွယ်ရောက်နေသော ကလေးဆိုးကြီးက လာဂျီကျနေမည်ဟု မထင်ထားခဲ့ပေ။ လျစ်လျူရှုထား၍လည်း မရချေ။

ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်၏။ "မင်းသား …. လေပန်းချီစံအိမ်က ဘယ်လောက်ပဲ ပျော်စရာကောင်းပြီး ဆွဲဆောင်မှုရှိရှိ အဲဒါတွေက အတုတွေပါ။ အစစ်အမှန် မဟုတ်ဘူး။ ဒါကြောင့် အရမ်းမစွဲလမ်းပါနဲ့။

ကြီးမားတဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့အတွက် အရင်ဆုံး ရည်မှန်းချက် အသေးစားလေးတွေ သတ်မှတ်ပါ။ ဥပမာ စာအုပ် ငါးရာ အရင်ဖတ်တာမျိုးပေါ့။

ဘာမှမရှိတော့ဘူးဆိုရင် ကျုပ် အရင်သွားတော့မယ်။ ဒီည အလုပ်များသေးတယ်။"

လီယွမ်ကျောက်က မျက်လုံးပြူးကာ အော်လိုက်၏။ "ဖန်ကြီး … ခင်ဗျား ပြောင်းလဲသွားပြီ။

ကျုပ်က အပြင်ထွက်ပြီး တစ်ခါလောက်ပဲ ပျော်ချင်တာပါ။ လေပန်းချီစံအိမ်မှာ အချစ်ဇာတ်လမ်း သရုပ်ဆောင်တဲ့ အခန်းတွေရှိတယ်လို့ သင်္ဘောပေါ်ကလူတွေ ပြောတာ ကြားဖူးတယ်။ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတယ်တဲ့။

ကျုပ် စမ်းကြည့်ချင်ရုံလေးပါ။ ခင်ဗျားကျတော့ နေ့တိုင်း အပြင်ထွက်ပြီး မိန်းမသွားရှာနေတာ ကျုပ်ကိုကျ မခေါ်ဘူးလား။ ဒီလိုမျိုးက ညီအစ်ကိုလို့ ခေါ်ဖို့ ထိုက်တန်သေးရဲ့လား။"

ဟမ် … ဘယ်သူက မိန်းမသွားရှာနေလို့လဲ။

ဖန်ကျန်းရီက မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ပြုံးပြရန် ကြိုးစားလိုက်၏။ "မင်းသား … ကျုပ်တို့က အလုပ်လုပ်ဖို့ လာတာပါ။ မိန်းမရှာဖို့ လာတာ မဟုတ်ပါဘူး။

အခုအချိန်မှာ အချစ်ဇာတ်လမ်းတွေကို နားထောင်ဖို့ စိတ်ကူးမရှိဘူး။ အခု ကျုပ်ငွေရှာချင်တာပဲ သိတယ်။ ကျုပ်တို့ လှုပ်ရှားရမယ်။ သူတို့လက်ထဲက ငွေတွေကို ရယူပြီး ဒုက္ခသည်တွေကို ကယ်ဆယ်ရမယ်။"

လီယွမ်ကျောက်သည် ရှက်ရွံ့စွာဖြင့် လက်ကို လွှတ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။ "ဒါဆို ဒီည ကျုပ်လည်း လိုက်ခဲ့မယ်။ ခင်ဗျားနဲ့အတူ အတွေ့အကြုံ ဗဟုသုတ လိုက်ယူမယ်။"

ကြည့်ရသည်မှာ ဤသုံးရက်တာ အချိန်က သူ့ကို တကယ်ပင် အခက်တွေ့စေခဲ့ပုံရသည်။

ဖန်ကျန်းရီသည် ခေါင်းညိတ်ကာ သဘောတူလိုက်ရ၏။ "ကောင်းပါပြီ။ မင်းသား လိုက်ချင်ရင်လည်း ရပါတယ်။ ဒါပေမဲ့ စကားမပြောရဘူး။ ကျန်းပြောင်ရဲ့ အနားကနေ မခွာရဘူး။"

"ကောင်းပြီ။"

...

ဖန်ကျန်းရီ၊ လီယွမ်ကျောက်နှင့် ကျန်းပြောင် သုံးဦးတို့သည် မြင်းစီးကာ လေပန်းချီစံအိမ်သို့ ရောက်ရှိလာကြ၏။ လီယွမ်ကျောက်သည် မြင်းပေါ်မှဆင်းကာ အထဲသို့ ချက်ချင်း ဝင်သွားသည်။

ဖန်ကျန်းရီသည် သူ့နောက်မှ လိုက်ဝင်သွားပြီး ကျန်းပြောင်အား တိုးတိုးလေး ပြောလိုက်၏။ "မင်းကို ထပ်ပြောမယ်။ ရှောင်လီကို သေချာစောင့်ကြည့်ထား။ ကျန်းကျန်မြို့ နယ်နိမိတ်ထဲမှာ ရှိနေသရွေ့ သူ့အနားကနေ လုံးဝမခွာစေနဲ့။

အထူးသဖြင့် လူစည်ကားတဲ့နေရာတွေမှာ။ မင်းသားကို ဘာအန္တရာယ်မှ မဖြစ်စေနဲ့။ နားလည်လား။"

ကျန်းပြောင်သည် ထိုစကားကို ကြားသောအခါ ဘေးဘီဝဲယာသို့ တစ်ချက်ကြည့်လိုက်၏။ "မင်းသား…ဘယ်မှာလဲ။"

"ရှောင်လီလေ။ မင်း အခုအချိန်ထိ မသိသေးဘူးလား။" ဖန်ကျန်းရီက စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ဘာ။" ကျန်းပြောင်သည် ခေါင်းပေါ်သို့ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်အဟောင်းသားဖြင့် ရပ်နေမိ၏။

ဉာဏ်မမီတဲ့ လီယွမ် ဆိုသူက အိမ်ရှေ့မင်းသားတဲ့လား။

"ကြားလားလို့။ မင်းကို ပြောနေတာ။" ကျန်းပြောင်ထံမှ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ဖန်ကျန်းရီက ထပ်မံ၍ သတိပေးလိုက်၏။

သတိဝင်လာသော ကျန်းပြောင်သည် တံတွေးမြိုချလိုက်ပြီး ဖန်ကျန်းရီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "သခင်လေး …. ဒါဆို ကျုပ်တို့... ပုန်ကန်ကြမလား။"

"..."

"ပါးစပ်ပိတ်ထားစမ်း။ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုး ထပ်ပြောရင် မင်းကို သင်းကွပ်ပစ်ဖို့ လူရှာလိုက်မယ်။"

ဖန်ကျန်းရီသည် ကျန်းပြောင်ကြောင့် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရပြီး မကျေမနပ် တစ်ချက်ကြည့်လိုက်ကာ လေပန်းချီစံအိမ်ထဲသို့ အမြန်ဝင်သွား၏။

ကျန်းပြောင်သည် နေရာတွင်ပင် ရပ်ကျန်ခဲ့ပြီး ခေါင်းကို ကုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဒီလောကကြီးက ကောင်းလာနိုင်ပါ့အုံးမလား။"

ဖန်ကျန်းရီသည် အဆောက်အအုံထဲသို့ ဝင်သွားသောအခါ လူတိုင်း ရောက်ရှိနေကြပြီ ဖြစ်၏။ လီယွမ်ကျောက်သည် မည်သူမှ သတိမထားမိသော ထောင့်တစ်နေရာတွင် သွားရောက်၍ ငြိမ်သက်စွာ ထိုင်နေသည်။

လူတိုင်း၏ အကြည့်အောက်တွင် ဖန်ကျန်းရီသည် စင်မြင့်ပေါ်သို့ ယုံကြည်မှုရှိစွာ လျှောက်သွားလိုက်ပြီး နှုတ်မှလည်း ပြောလိုက်၏။ "ကျုပ် နောက်ကျသွားတယ်။ အားလုံးကို စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်။ အခုပဲ စလိုက်ကြရအောင်။"

စင်မြင့်ပေါ်တွင် အစီအစဉ်သစ်များ ထပ်မံပေါ်ပေါက်လာပြန်၏။ ပတ်ပတ်လည် ထောင့်များတွင် ဖယောင်းတိုင်များ ထွန်းညှိထားပြီး ဖယောင်းတိုင်များ၏ အနောက်တွင် မှန်ချပ်ငယ်များ ထောင်ထားကာ အောက်ဘက်မှ လူတစ်ဦးက မှန်ချပ်၏ ထောင့်အချိုးအကွေ့ကို ထိန်းချုပ်နေသည်။ ထိုအရာမှာ ရိုးရှင်းသော မီးရောင်စူးစူး ဖန်တီးရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။

စင်မြင့်ပေါ်တွင် စားပွဲငယ်တစ်ခု ထပ်တိုးလာပြီး ၎င်းအပေါ်၌ သစ်သားတူငယ်တစ်ခု တင်ထားသည်။ နောက်ခံနံရံ ကို မနေ့ကကဲ့သို့ပင် အနီရောင်အဝတ်ဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်၏။

ဖန်ကျန်းရီသည် စားပွဲရှေ့သို့ ရောက်သည်နှင့် ဘေးဘက်သို့ လက်ယပ်ခေါ်လိုက်ရာ အစေခံမိန်းကလေး နှစ်ဦးက ထွက်လာပြီး အဝတ်ကို ဖယ်ရှားပေးလိုက်သည်။ အဝတ်နောက်ကွယ်တွင် အကြိမ်ပေါင်းများစွာ ချဲ့ထားသော မြို့ပြမြေပုံကြီးတစ်ခု ရှိနေ၏။

"ကျုပ် အချိန်မဆွဲတော့ပါဘူး။ တိုက်ရိုက်ပဲ အဓိကအကြောင်းအရာကို သွားကြတာပေါ့။ အားလုံးပဲ ကြည့်ပါ။ ဒီပုံက ကျန်းကျန်မြို့ရဲ့ မြေပုံပါ။ ဒီနေ့ လေလံပစ်မယ့် စီမံကိန်းက ဒီမြေပုံထဲမှာ ရှိပါတယ်။

စည်းကမ်းတွေက ရိုးရှင်းပါတယ်။ ခင်ဗျားတို့ တစ်ယောက်ချင်းစီ နံပါတ်ကတ်ပြားတစ်ခုစီ ရလိမ့်မယ်။ ကတ်ပြားမြှောက်လိုက်တိုင်း ငွေတစ်ရာ ထပ်တိုးရမယ်။"

ပြောပြီးသည်နှင့် စားပွဲအောက်မှ တုတ်တံရှည်တစ်ခုကို ဆွဲထုတ်ကာ မြေပုံအလယ်ရှိ လမ်းမကြီးကို ထောက်ပြလိုက်၏။

ဖန်ကျန်းရီ ညွှန်ပြလိုက်သည်နှင့် အောက်ဘက်ရှိ အစေခံမိန်းကလေးများက မှန်ချပ်ငယ်ကို အမြန်ချိန်ညှိလိုက်ရာ ညွှန်ပြထားသော လမ်းမကြီးနေရာသို့ အလင်းရောင် ကျရောက်သွားသည်။

"ပထမဆုံး လေလံပစ်မယ့် စီမံကိန်းကတော့ ကျန်းကျန်မြို့ရဲ့ အဓိကလမ်းမကြီးပါပဲ။ စီမံကိန်းရဲ့ အကြောင်းအရာ ကတော့ ဒီလမ်းကို အစအဆုံး အသစ်ပြန်လည် ပြုပြင်ဖို့ပါ။"

အောက်ဘက်တွင် တိတ်ဆိတ်သွားပြီး လူတိုင်းက မြေပုံကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြ၏။

စွန်းကျားချန်သည် သူ၏ နံပါတ်ကတ်ပြားကို တိတ်တဆိတ် မြှောက်ကာ အော်လိုက်သည်။ "ငွေ တစ်ထောင်။"

ဝမ်ချီရွှင်က စွန်းကျားချန်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်ပြီး သူ၏ နံပါတ်ကတ်ပြားကို မြှောက်ကာ အော်လိုက်၏။ "ကျုပ် တစ်ထောင့်တစ်ရာ။"

"ကျုပ် တစ်ထောင့်နှစ်ရာ။"

"ကျုပ် တစ်ထောင့်သုံးရာ။"

"..."

အခြားသူများက ထိုသူနှစ်ဦးကို မျက်နှာရှုံ့မဲ့ကာ ကြည့်နေကြ၏။ ခင်ဗျားတို့ နှစ်ယောက်လုံး ရူးနေကြတာလား။ ငွေတွေများလွန်းလို့ ဦးနှောက် လောင်သွားတာလား။ လေလံဆွဲမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ လေလံပွဲ ဖြစ်သွားတာလဲ။

ဩော် …. ကျုပ်တို့က လူအင်အား၊ ငွေကြေးအင်အား စိုက်ထုတ်ပြီး လမ်းပြင်ပေးရမယ်။ ပြီးတော့ ခင်ဗျားကို ငွေထပ်ပေးရဦးမယ်ပေါ့လေ။ မနေ့က ပြောခဲ့တဲ့ ရွှေတစ်သောင်းတန်ဆိုတာ ကျုပ်တို့က ခင်ဗျားကို ရွှေတစ်သောင်း ပေးရမယ်ဆိုတဲ့ သဘောလား။

ဒါက ကမ္ဘာပေါ်မှာ အယုတ္တိမရှိဆုံး ကိစ္စပဲ။ ဖန်ကျန်းရီ … ခင်ဗျားရဲ့ လောဘက အဲဒီလောက်တောင် ကြီးသလား။ လူတွေကို အနိုင်ကျင့်ရင်တောင် ဒီလောက်ထိ အနိုင်မကျင့်သင့်ဘူး။

နောက်ဆုံးတွင် လူတစ်ဦးက မခံနိုင်တော့ဘဲ မတ်တတ်ရပ်၍ ကျယ်လောင်စွာ မေးလိုက်၏။ "မြို့ဝန်မင်းဖန် …. လေလံဆွဲမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ လေလံပွဲ ဖြစ်သွားရတာလဲ။

ကိုယ့်ငွေကိုယ်စိုက်ပြီး အစိုးရအတွက် လမ်းပြင်ပေးရမယ့်အပြင် အစိုးရကို ငွေထပ်ပေးရမယ့် သဘောတရားက ဘယ်မှာရှိလို့လဲ။"

"ဟုတ်တယ်။ လောကကြီးမှာ အဲဒီလို သဘောတရားမျိုး မရှိဘူး။"

"မြို့ဝန်မင်းဖန် ….. ခင်ဗျား အမှားလုပ်မိတာ ဖြစ်ရမယ်။"

ဖန်ကျန်းရီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်၏။ "ထိုင်ပါ။ ထိုင်ကြပါ။"

"အားလုံးပဲ စိတ်အေးအေးထားကြပါ။ ကျုပ် သေချာ ရှင်းပြပါရစေအုံး။"

ထို့နောက် သူက ပြုံးလိုက်ပြီး တုတ်တံဖြင့် မြေပုံကို တစ်ချက်ခေါက်လိုက်၏။

"ဟုတ်ပါတယ်။ လေလံပွဲပါ။ လေလံဆွဲတာ လုံးဝ မရှိခဲ့ပါဘူး။ ကျုပ်က လေလံဆွဲမယ်လို့လည်း မပြောခဲ့ပါဘူး။ အမြဲတမ်း လေလံပစ်မယ်လို့ပဲ ပြောခဲ့တာပါ။"

အောက်ဘက်ရှိ လူများမှာ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်ကာ ဖန်ကျန်းရီကို ကြည့်နေကြ၏။ သူတို့၏ အကြည့်များက အရှင်လတ်လတ် ဆွဲဖြဲချင်နေသည့်ပုံပင်။

ဒီကောင်က တကယ်ကို လူကောင်းမဟုတ်ဘူး။ ဒီနေ့တော့ တစ်ခုခု မပေးဘဲ ပြန်ထွက်လို့ရမယ့်ပုံ မပေါ်ဘူး။

"ဒါပေမဲ့ ခင်ဗျားတို့အားလုံးက ကုန်သည်ကြီးတွေလေ။ လေလံပွဲဆိုတော့ သေချာပေါက် တန်ဖိုးရှိတဲ့အရာ ဖြစ်ရမှာပေါ့။"

"အားလုံးကို အမြတ်မရစေရင်တောင်မှ အနည်းဆုံးတော့ အရှုံးမပေါ်စေရပါဘူး။

လမ်းပြင်ရမှာကလည်း အမှန်ပဲ။ ငွေပေးရမှာကလည်း အမှန်ပဲ။

ဒါပေမဲ့ ... လမ်းပြင်ဆင်ခွင့်ကို ကန်ထရိုက်ယူလိုက်တဲ့အတွက် ရလာမယ့် အပိုဆုကြေးတွေက ပေးရတဲ့ တန်ဖိုးထက် အများကြီး ပိုတန်မယ်ဆိုတာကို ကျုပ် အာမခံပါတယ်။"

လူတိုင်း၏ မျက်လုံးများ တစ်ဖန် ပြန်လည် အရောင်လင်းလာကြပြန်၏။

အပိုင်း (၂၄၃) အလိမ်အညာသမားကြီး ဖန် စတင်လှုပ်ရှားပြီ။

ဩော် … ဒီအထဲမှာ လျှို့ဝှက်ချက်တွေ ရှိနေတာကိုး။

ဒါဆိုရင်တော့ စိတ်ဝင်စားစရာပဲ။ လမ်းပြင်တာက အကြောင်းပြချက်သက်သက် ဖြစ်နေတာကို မထင်ထားခဲ့ဘူး။ အနောက်မှာ ဘယ်လောက်တောင် ကြီးမားတဲ့ အကျိုးအမြတ်တွေ ရှိနေမလဲ မသိဘူး။

သူဌေးများ၏ ရင်ထဲတွင် မျှော်လင့်ချက်များ စတင်ဖြစ်ပေါ်လာတော့၏။

ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲသွားသည်ကို ဖန်ကျန်းရီ မြင်သောအခါ ပြုံးလိုက်သည်။ "ပထမဆုံး လမ်းပြင်ဆင်မှုအတွက် သတ်မှတ်ချက်က နှစ်ချက်ပဲ ရှိတယ်။

ခိုင်ခံ့ရမယ်။ ညီညာရမယ်။ ဒါပါပဲ။

ခင်ဗျားတို့အနေနဲ့ လမ်းပေါ်မှာ ခင်းမယ့် အုတ်ခဲတွေ၊ ကျောက်တုံးတွေပေါ်မှာ ရေးချင်တာ မှန်သမျှကို လွတ်လွတ်လပ်လပ် ရေးထွင်းနိုင်ပါတယ်။ အစိုးရရုံးတော်က လုံးဝ အရေးယူမှာ မဟုတ်ပါဘူး။

ခင်ဗျားတို့ ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် ကြော်ငြာစာသားတွေပဲဖြစ်ဖြစ်၊ ရုပ်ပုံတွေပဲဖြစ်ဖြစ် အားလုံး ရတယ်။"

ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ တစ်လမ်းလုံးမှာ ခင်ဗျားတို့ ချန်ထားခဲ့တဲ့ သတင်းအချက်အလက်တွေနဲ့ ပြည့်နေမယ်ဆိုရင်... ဒီလမ်းမှာ ခင်ဗျားတို့နဲ့ ပြိုင်ဘက် ရှိနိုင်ပါအုံးမလား။

ဒါ့အပြင် ဒီလမ်းရဲ့ အနှစ်ငါးဆယ်စာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို အောင်မြင်စွာ လေလံဆွဲနိုင်သူဆီ အပ်နှင်းသွားမှာပါ။

ကျုပ် စကားမဆုံးသေးဘူး။ ဒီတစ်ချက်တည်းနဲ့တင် ဒီအထဲက အကျိုးအမြတ်နဲ့ အခွင့်အလမ်းတွေကို... ခင်ဗျားတို့ သေချာ စဉ်းစားကြည့်ကြပါ။"

လခွမ်း … ။ ဒါက တကယ်ကို မိုက်တာပဲ။

ဖန်ကျန်းရီ၏ စကားကို ကြားပြီးနောက် အောက်ဘက်မှ လူများ စဉ်းစားကြည့်လိုက်ရာ ချက်ချင်းပင် ဆူညံစွာ ဆွေးနွေးလာကြတော့၏။

ဒါက တစ်လမ်းလုံးကို ကိုယ်ပိုင် ကြော်ငြာဆိုင်းဘုတ်အဖြစ် ပြောင်းလဲလိုက်တာ မဟုတ်ဘူးလား။

ကျုပ်သာ လက်ဝတ်ရတနာ ရောင်းတဲ့သူဆိုရင် အောက်ငုံ့ကြည့်လိုက်တာနဲ့ ကျုပ်ဆိုင်ရဲ့ ဆိုင်းဘုတ်ကို မြင်ရမှာပဲ။ တခြားဆိုင်တွေကို ဘယ်သူက သိတော့မှာလဲ။

ထိုစဉ် လူအုပ်ထဲမှ သရော်သံတစ်ခု ထွက်ပေါ်လာ၏။

"မြို့ဝန်မင်းဖန် … အားလုံးက ကုန်သည်တွေ၊ အောက်တန်းကျတဲ့ အလုပ်ကို လုပ်နေကြတယ်ဆိုပေမဲ့ အနည်းဆုံးတော့ ဂုဏ်သိက္ခာကို ငဲ့ကွက်ကြပါသေးတယ်။ ကိုယ့်ဆိုင်ရဲ့ ဆိုင်းဘုတ်ကို မြေကြီးပေါ်ချပြီး သူများ နင်းတာကို ဘယ်သူက ခံချင်မှာလဲ။ အပြင်မှာ သတင်းပျံ့သွားရင် လူတွေ ရယ်စရာ ဖြစ်မသွားဘူးလား။

ပြီးတော့ ကျန်းကျန်မြို့က မြို့ဝန်မင်းဖန်ရဲ့ မြို့တော်နဲ့ ယှဉ်လို့မရပါဘူး။ စာတတ်တဲ့သူက ဘယ်နှစ်ယောက်များ ရှိလို့လဲ။"

ဟုတ်ပေသည်။ မိမိဆိုင်၏ ဆိုင်းဘုတ်ကို မြေကြီးပေါ်ချပြီး သူများအနင်းခံရမည်ဆိုလျှင် ဆိုးကျိုးများပင် ဖြစ်ပေါ်လာနိုင်၏။

ဆွေးနွေးသံများ ရုတ်တရက် ရပ်တန့်သွားပြီး လူတိုင်းက ဖန်ကျန်းရီကို ပြန်ကြည့်လိုက်ကြသည်။

ဘယ်က ခွေးလဲ။ ဘာလို့ ဒီလောက် စကားများရတာလဲ။

ဖန်ကျန်းရီက စွေကြည့်လိုက်ရာ ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွား၏။ ထိုသူမှာ မျောက်ရုပ်ပေါက်နေပြီး ရက်စက်မည့်ပုံပေါ်ကာ ကျန်းကျန်မြို့တွင် နာမည်ကြီးသော ဆေးဘက်ဝင်အပင် ကုန်သည် ချန်ခွေ ဖြစ်သည်။ သူ၏ ဆေးဆိုင်များမှာ ကျန်းကျန်မြို့ နေရာအနှံ့တွင် ရှိ၏။

ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်သည်။ "ဩော် … ဒီက ဆိုင်ရှင်ချန်ပဲ။ ဒါက အမြင်သဘောထား ပြဿနာ သတ်သတ်ပါ။

ဒါပေမဲ့ ခင်ဗျားပြောတာလည်း အကြောင်းပြချက် တစ်စိတ်တစ်ပိုင်း ပါပါတယ်။ ဆိုင်းဘုတ်ကို ခြေထောက်အောက်မှာ နင်းခံရတာ နိမိတ်မကောင်းဘူးလို့ ထင်တဲ့ အသိပညာမဲ့တဲ့ ပြည်သူအချို့ ရှိနေနိုင်တာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီမှာရှိနေတဲ့ ခင်ဗျားတို့အားလုံး လုပ်နေတာက ရေရှည်စီးပွားရေးလေ။

အသိပညာမဲ့တဲ့ ပြည်သူတွေက သူများဆိုင်းဘုတ်ကို နေ့တိုင်း နင်းနေရတယ်ဆိုပြီး တွေးနေကြမယ်လို့ ခင်ဗျား ထင်လား။

ကျုပ် ပြောမယ်။ သူတို့ မတွေးပါဘူး။ ဂရုလည်းမစိုက်ဘူး။ ပြီးတော့ ပြီးသွားတာပါပဲ။ သူတို့သိတာ တစ်ခုတည်းပါ။ သူတို့ ဆေးဝယ်ချင်တဲ့အခါ ဒီလမ်းမှာ ခင်ဗျားရဲ့ ဆိုင်ရှင်ချန် ဆေးဆိုင်ပဲ ရှိတယ်ဆိုတာကိုပေါ့။

အကယ်၍ ဒီလမ်းကို ကျန်းမိသားစု ဆေးဆိုင်၊ လီမိသားစု ဆေးဆိုင်က ပြင်ထားတာဆိုရင်ကော ….

အားလုံးက ကုန်သည်တွေချည်းပဲမို့ ခေါင်းကောင်းကောင်း သုံးတတ်ကြပါတယ်။ အမြင်ကျယ်ကျယ် ထားတတ်ကြတယ်။"

စီးပွားရေး လုပ်ငန်းကြီးတစ်ခု လုပ်ချင်ရင် နာမည်ကောင်းကို တန်ဖိုးထားရမယ်။ နာမည်ဆိုးကို မကြောက်ရဘူး။ နာမည်မရှိမှာကိုပဲ ကြောက်ရမယ်။"

ချန်ခွေသည် ထိုစကားကို ကြားသောအခါ ခေါင်းငုံ့၍ စဉ်းစားခန်း ဝင်သွား၏။ အောက်ဘက်ရှိ လူများလည်း တီးတိုး ဆွေးနွေးလာကြပြန်သည်။

"မြို့ဝန်မင်းဖန် ပြောတာ အရမ်းကောင်းတာပဲ။ တကယ်ကို တွေးစရာတွေ ပေးလိုက်တာပဲ။ ဒီလမ်းကို ပြင်ဆင်ခွင့်က ကျုပ် စွန်းကျားချန်ကလွဲပြီး ဘယ်သူမှ မရစေရဘူး။"

ရုတ်တရက် စွန်းကျားချန်က မတ်တတ်ရပ်ကာ ကျယ်လောင်စွာ အော်လိုက်၏။

ဝမ်ချီရွှင်လည်း ချက်ချင်း မတ်တတ်ရပ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဘာလို့လဲ။ လေလံပွဲတောင် မစရသေးဘူးလေ။ ခင်ဗျား အသံကျယ်တိုင်း ခင်ဗျားဟာ ဖြစ်သွားရောလား။"

"ကျုပ်က ခင်ဗျားထက် ပိုမြန်လို့လေ။"

"ခင်ဗျား သောက်ပိုတွေ ပြောမနေနဲ့။"

"ဟေ့ … ရန်မဖြစ်ကြနဲ့လေ... မြို့ဝန်မင်းဖန် ရှိနေသေးတယ်လေ။"

ထိုသူနှစ်ဦးသည် အသံကုန်အော်ဟစ်၍ ရန်ဖြစ်နေကြပြီး လက်ပါလာတော့မည့် အခြေအနေတွင် ဘေးရှိလူများက အမြန်ဝင်ဆွဲထားရ၏။

ဖန်ကျန်းရီက ထိုသူနှစ်ဦးကို ကျေနပ်အားရစွာ ကြည့်နေသည်။

တကယ်ကောင်းတယ်။ တကယ့် ဖန်တီးရှင်တွေပဲ။ အားပေးသူ ကောင်းတွေပဲ။

"အဟမ်း … ကောင်းပြီ။ အားလုံးပဲ မဆူညံကြပါနဲ့တော့။ ပစ္စည်းကောင်းဆိုတာ လူတိုင်း လိုချင်ကြတာချည်းပါပဲ။ ခဏနေရင် ကိုယ့်ငွေကြေးအင်အားနဲ့ကိုယ် ပြောကြတာပေါ့။"

ဖန်ကျန်းရီ၏ သူ၏ စကားပြောအရှိန်မှာ အနှောင့်အယှက် ဖြစ်သွားသောကြောင့် သစ်သားတူငယ်ကို ယူ၍ စားပွဲကို နှစ်ချက်ခေါက်လိုက်၏။

"အဲဒါ... ခုနက ဘယ်နေရာရောက်သွားပြီလဲ။"

"စီးပွားရေးလုပ်ရင် နာမည်မရှိမှာကိုပဲ ကြောက်ရတယ်ဆိုတဲ့ နေရာပါ။"

"ဩော်။ ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ … ကျုပ် ဆက်ပြောမယ်။ ခုနက ဆိုင်ရှင်ချန် ပြောသလို မြို့ထဲက လူအများစု က စာမတတ်ကြဘူးဆိုတာ မှန်ပါတယ်။

တကယ်တော့ အဲဒါကလည်း ပြဿနာမဟုတ်ပါဘူး။ ပထမအချက်က စာမတတ်တဲ့ ပြည်သူတွေဆိုတာ သူတို့ကိုယ်တိုင်မှာလည်း ငွေကြေးသိပ်မရှိကြတော့ ခင်ဗျားတို့ရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုက သိပ်မကြီးမားပါဘူး။

ဒုတိယအချက်ကတော့ ကျုပ်က မြို့ပြင်မှာ စာသင်ကျောင်းတွေ ဆောက်ဖို့ လူလွှတ်ထားပြီးပါပြီ။ အသက်ဆယ့်နှစ်နှစ်အောက် ကလေးတွေအားလုံး အခမဲ့ ကျောင်းတက်ခွင့် ရပါလိမ့်မယ်။"

ဒီကနေ့ကစပြီး အဲဒီစည်းကမ်းအတိုင်းပဲ သွားမယ်။ အသက်နည်းနည်း ကြီးတဲ့သူတွေအတွက်တောင်မှ ကျောင်းလခ လျှော့ပေါ့ပေးမယ့် စာသင်ကျောင်းတွေ ဖွင့်ပေးအုံးမှာပါ။

ခင်ဗျားတို့ လမ်းပြုပြင်ထိန်းသိမ်းခွင့် ရမယ့်အချိန်က အနှစ်ငါးဆယ်တောင် ရှိတာလေ။ ဒီအနှစ်ငါးဆယ်အတွင်းမှာ စာဖတ်တတ်တဲ့ ဖောက်သည် ဘယ်လောက်တောင် ပေါ်လာမလဲဆိုတာ ခင်ဗျားတို့ မျက်မြင်ကိုယ်တွေ့ ကြုံရမှာပါ။

ဒီအနှစ်ငါးဆယ်အတွင်းမှာ ကျူးရန်၊ ထန်းဟွာ၊ ပန်းယန်၊ ကျွမ့်ယွမ် ဘယ်လောက်များများ ဒီလမ်းပေါ်ကနေ ဖြတ်လျှောက်သွားကြမလဲ။

သူတို့ ကြီးပြင်းလာပြီး ဒေသန္တရ အရာရှိတွေ ဖြစ်လာတဲ့အခါ ခင်ဗျားတို့က အဲဒီနေရာတွေမှာ ဆိုင်ခွဲတွေ သွားဖွင့်မယ်။ အဲဒီအခါကျရင် ဒေသခံ အရာရှိတွေက ခင်ဗျားတို့အပေါ်မှာ သံယောဇဉ်တွေ ရှိနေမှာပဲလေ။

ဆယ်စုနှစ် အနည်းငယ်ကြာတဲ့အခါ ခင်ဗျားတို့ရဲ့ ဆိုင်ခွဲတွေက နိုင်ငံအနှံ့၊ အရပ်လေးမျက်နှာကို ရောက်သွားလိမ့်မယ်။

အဲဒီအချိန်ကျရင် ခင်ဗျားတို့ မိသားစုတစ်ခုတည်းကပဲ ကုန်သည်အသင်း ဖြစ်သွားမယ်။ စီးပွားရေးအုပ်စုကြီး ဖြစ်သွားမယ်။ မဟုတ်ဘူး... အဲဒီလို ပြောလို့မရဘူး။ ခင်ဗျားတို့ကို ငွေကြေးအင်ပါယာကြီးလို့ ခေါ်ရမှာ။

မရေမတွက်နိုင်အောင် များပြားလှတဲ့ ဓနဥစ္စာတွေကို ပိုင်ဆိုင်ထားပြီး တိုင်းပြည်တစ်ပြည်လောက် ချမ်းသာ ကြွယ်ဝလာမယ်။ ခင်ဗျားတို့ မိသားစုရဲ့ လှုပ်ရှားမှုတိုင်းက လုပ်ငန်းနယ်ပယ်တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်စွမ်း ရှိလာလိမ့်မယ်။

အဲဒီအချိန်ရောက်ရင် ခင်ဗျားတို့က ဓနဥစ္စာတွေကို ပိုင်ဆိုင်ရုံတင်မကဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကိုပါ ပိုင်ဆိုင်လာပြီး မရေမတွက်နိုင်တဲ့ လူတွေကို ဝန်ဆောင်မှု ပေးနိုင်လာလိမ့်မယ်။

တကယ်လို့ အဲဒီအချိန်သာ ရောက်လာခဲ့ရင် နန်းတော်တွင်းက အရာရှိကြီးတွေက ကုန်သည်တွေကို ဘယ်လို မြင်ကြမလဲ။ အဲဒီအခါကျရင် ကုန်သည်ဆိုတာ အောက်တန်းကျတဲ့ အလုပ်လို့ ဘယ်သူကမှ ပြောရဲတော့မှာ မဟုတ်ဘူး။ အရာရှိကြီးတွေ အားလုံးက ခင်ဗျားတို့ကို အထင်ကြီးလေးစားလာကြလိမ့်မယ်။"

အောက်ဘက်ရှိ နားထောင်နေသူများ၏ သွေးများမှာ ဆူပွက်လာကြပြီ ဖြစ်၏။

ဖန်ကျန်းရီက မျက်လုံးကိုမှိတ်၍ ခေါင်းကိုမော့ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ဒါပေမဲ့ အခုရော။

ကုန်သည်တွေရဲ့ အဆင့်အတန်းက အသိအမှတ်ပြု မခံရသေးဘူး။ ခင်ဗျားတို့ လှပတဲ့ ပိုးထည်ဝတ်စုံတွေကိုတောင် ဝတ်ပြီး လမ်းပေါ်မထွက်ရဲကြဘူး။

အဲဒီ ဆင်းရဲနွမ်းပါးတဲ့ စာတတ်ပေတတ် ရှို့ချိုက်တွေ၊ ကျူးရန်တွေကျတော့ လူတွေရဲ့ လေးစားမှုကို ခံရပြီး လွတ်လွတ်လပ်လပ် သွားလာနေနိုင်ကြတယ်။ ကျုပ်တို့ ကုန်သည်တွေကျတော့ ညဘက်မှပဲ လှပတဲ့ အဝတ်အစားတွေကို ဝတ်ခွင့်ရတယ်။

ဒီလိုဘဝမျိုးကို မြင်ရတဲ့အခါ ကျုပ်ရင်ထဲမှာ အရမ်းနာကျင်ရတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်ကိုယ်တိုင်လည်း ကုန်သည်မိသားစုကနေ ကြီးပြင်းလာခဲ့တာပါ။ ငယ်ငယ်ကတည်းက လူတွေရဲ့ နှိမ်ချဆက်ဆံမှုကို ခံခဲ့ရတယ်။"

ဒါပေမဲ့ မိဘတွေက ပင်ပန်းဆင်းရဲခံပြီး ကျုပ်ကို ပြုစုပျိုးထောင်ခဲ့တယ်။ ကျောင်းထားပေးခဲ့တယ်။"

ဖန်ကျန်းရီသည် စိတ်ထဲတွင် ကျိတ်ရယ်နေမိ၏။

"ကမ္ဘာပေါ်မှာ ဘယ်သူက အပင်ပန်းအဆင်းရဲခံဆုံးနဲ့ မကျေမနပ် မပြောဘဲ အလုပ်အလုပ်ဆုံးသူလဲဆိုတာ အဲဒီအချိန်ကတည်းက ကျုပ်သိခဲ့တယ်။ ကုန်သည်တွေပဲ။

ကမ္ဘာပေါ်မှာ အလှပဆုံးသူက ဘယ်သူလဲ။ ကုန်သည်တွေပဲ။

ဒါကြောင့် ကျုပ် ငယ်ငယ်ကတည်းက အိပ်မက်တစ်ခု ရှိခဲ့တယ်။ အဲဒါက ကြီးလာရင် ကုန်သည်တွေရဲ့ အဆင့်အတန်းကို သေချာပေါက် ပြောင်းလဲပေးမယ် ဆိုတာပဲ။

အနှစ်ငါးဆယ်စာ လမ်းပြုပြင်ထိန်းသိမ်းခွင့် ပေးလိုက်တဲ့အတွက် ကျုပ်အပေါ်ကို နန်းတော်ကနေ ဘယ်လောက်တောင် အပြစ်တင်ကြိမ်းမောင်းမှုတွေ ရောက်လာမလဲဆိုတာ ခင်ဗျားတို့ သိလား။ ဒါပေမဲ့ အဲဒါတွေက အရေးမကြီးပါဘူး။

အရေးကြီးတာက ကျုပ် အခွင့်အရေးတစ်ခု လိုအပ်တယ်။ အားလုံးလည်း အခွင့်အရေးတစ်ခု လိုအပ်တယ်။ ဒီအခွင့်အရေးက ဘာလဲဆိုတာ ဘယ်သူများ ကျုပ်ကို ပြောပြနိုင်မလဲ။"

စွန်းကျားချန်သည် ရုတ်တရက် မတ်တတ်ရပ်ကာ အော်လိုက်၏။ "ကုန်သည်တွေအတွက် နာမည်ကောင်းကို သက်သေပြဖို့။"

"ကုန်သည်တွေအတွက် နာမည်ကောင်းကို သက်သေပြဖို့။"

ခင်ဗျား ကျုပ်စကားကို ထပ်လုပြန်ပြီလား။ ဝမ်ချီရွှင်က စွန်းကျားချန်ကို အံကြိတ်ကာ ကြည့်လိုက်၏။

စင်အောက်ရှိ ကုန်သည်များမှာမူ အံ့အားသင့်ကာ မှင်သက်နေကြပြီ ဖြစ်သည်။

အရာရှိတစ်ဦးက လူအများကြီးရှေ့မှာ ကုန်သည်တွေအတွက် နာမည်ကောင်းကို သက်သေပြမယ်လို့ အော်ပြောနေတာလား။

ဒါက... အိပ်မက်ထဲမှာတောင် မမက်ရဲတဲ့ ကိစ္စပဲ။ မျက်ရည်တောင် ဝဲလာပြီ။

"မြို့ဝန်မင်းဖန်က မြင့်မြတ်လှပါပေတယ်။"

All Chapters