အခန်း (၈၇၄-၈၇၅)
Vol. 46 Ch. 874-875
အပိုင်း (၈၇၄) ကျင်းဘုရင်မင်းမြတ် ၏ မူလရည်ရွယ်ချက်။
ရှင်းကျန်းခရိုင် ရုံးတော်အတွင်း၌။
လူအများက ကော်ထျန်းယန်၏ ဘေးပတ်လည်တွင် ဝိုင်းရံနေကြပြီး အားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအရာများ ရှိနေကြ၏။
သူ ပြန်ရောက်လာပြီး အခြေအနေကို ရှင်းပြပြီးတည်းက ဤလူစုသည် သူ့အား ဤသို့ အမြဲတမ်း ဝိုင်းထားပြီး မဆုံးနိုင်အောင် မေးမြန်းနေကြသည်။
ကော်ထျန်းယန်သည် ခေါင်းကြီး ပေါက်ကွဲထွက်တော့မတတ် ခံစားရပြီး စိတ်ရှည်လက်ရှည်ဖြင့် ထပ်မံ ရှင်းပြလိုက်၏။ “အမတ်မင်းတို့ ... အရှင်မင်းကြီး တကယ်ပဲ ဘာမှ မဖြစ်ပါဘူး။
လမ်းမှာ ဒေသခံ ပြည်သူတစ်ယောက်နဲ့ တွေ့ဆုံပြီး စကားပြောတာ အဆင်ပြေသွားလို့ အရှင်မင်းကြီးကို သူရဲ့ အိမ်ဆီ ဧည့်သည်အဖြစ် ဖိတ်ခေါ်ပြီး ညအိပ် တည်းခိုခိုင်းတာပါ။
အရှင်မင်းကြီးကလည်း ပျော်နေတော့ ကျုပ်ကို အရင် ပြန်လွှတ်လိုက်တာ။ အဲဒီ ပြည်သူ့အိမ်မှာလည်း သူတစ်ယောက်တည်း ရှိတာ ဆိုတော့ လုံခြုံရေးအတွက် အမတ်မင်းတို့ စိုးရိမ်နေစရာ မလိုပါဘူး။ ပြီးတော့ သူ့သားမက် တပ်မှူးချန်ဖန်နဲ့ ကျန်းပြောင်တို့လည်း အရှင်မင်းကြီးရဲ့ နောက်မှာ ပါသွားကြတာပဲဟာ။”
လီယန်စုန့်က စိုးရိမ်တကြီး ပြောလိုက်၏။ “ဒါပေမဲ့ ... အရှင်မင်းကြီး ဒီလို လုပ်တာက အနည်းနဲ့အများတော့ မသင့်တော်ဘူး။ မိန်းမစိုးကော် ... အရှင်မင်းကြီး ဘယ်မှာလဲ၊ ကျုပ် သွားပြီး အရှင်မင်းကြီးကို အရင် နားချကြည့်ရမလား၊ လူတိုင်း ရင်တဒိတ်ဒိတ် ခုန်နေရတာလည်း ကောင်းတဲ့ကိစ္စမှ မဟုတ်တာ။”
ကော်ထျန်းယန်က စကားဆိုသည်။ “အို ... အမတ်ကြီးလီ၊ ဘာမှ မဖြစ်ပါဘူး။ အရှင်မင်းကြီးက တစ်သက်လုံး စစ်တိုက်လာခဲ့တာ။ အခု ဒီလောက်လေးတောင် စံစား ခံစားကြည့်လို့ မရတော့ဘူးလား။
ကျုပ်က အဲဒီ အရပ်သားအိမ် ပတ်လည်မှာ သေသေချာချာ တစ်ချက် လေ့လာကြည့်ရှုပြီးပါပြီ၊ လုံးဝ ပြဿနာမရှိဘူး။ ရှင်းကျန်းခရိုင် အတွင်းက အမှုကိစ္စ အပိုင်းကိုတော့ အရှင်မင်းကြီးက ကျုပ်ကို ကိုယ်စား လေ့လာကြည့်ရှုခိုင်းထားတဉယ်၊ အမတ်မင်းတို့ ဘာလုပ်သင့်လဲ ဆိုတာကို သာမန်အတိုင်း လုပ်ဆောင်နေရင် ရပါပြီ။ ကဲ ... အားလုံး ရုံးတော်ထဲ ရောက်နေကြပြီပဲ၊ စာရွက်စာတမ်း မှတ်တမ်းတွေ ဘာတွေ အကုန် ထုတ်ခဲ့ကြတော့။”
စွန်းရှန်းသည် ရှေ့သို့ တိုးလာပြီး ပြောလိုက်၏။ “အမတ်မင်းတို့ ရောက်လာတာ ဒီလောက် ကြာနေပြီ ထမင်း မစားရသေးဘူး မဟုတ်လား။ ကျွန်တော်မျိုးက အစားအသောက်တွေ ပြင်ဆင်ဖို့ လူလွှတ်ထားပြီးပါပြီ၊ မိန်းမစိုးကြီးနဲ့ အမတ်မင်းတို့ အရင် သွားပြီး သုံးဆောင်တော်မူကြပါ၊ သုံးဆောင်ပြီးတဲ့ အခါကျမှ တိုင်းပြည် အမှုကိစ္စတွေကို ဆက်လုပ်ကြတာ ဘယ်လိုနေလဲ။”
စွန်းရှန်း စကားပြောသည်ကို မြင်ရချိန်မှာတော့ ကော်ထျန်းယန်သည် သူ့အား အရေးမစိုက်ချင်သကဲ့သို့ ဖြစ်သွားပြီး လက်စွပ်အိတ်ထဲမှ သစ်ကိုင်း သစ်ရွက်များ ကပ်နေသော ပန်းသီးတစ်လုံးကို ထုတ်ယူလိုက်သည်။
သေသေချာချာ ပွတ်သပ် သန့်စင်လိုက်ပြီး တစ်ချက် ကိုက်စားလိုက်၏။ “မလိုပါဘူး ... ကျုပ် မဆာဘူး။ အမတ်မင်းတို့ ပင်ပန်းပြီး ဆာလောင်နေရင် အရင် သွားနှင့်ကြပါတော့၊ ကျုပ်ဆီမှာ အရေးကြီး ကိစ္စတွေ ကျန်နေသေးလို့။”
...
ဝမ်အာ့ကျူ၏ သစ်သီးခြံထဲတွင် သစ်သီးများစွာ ရှိနေပြီး သူသည် အစွမ်းကုန် ခူးဆွတ်နေ၏။
သို့သော်လည်း ဖန်ကျန်းရီက အဆက်မပြတ် တိုက်တွန်းနေသောကြောင့် လူအနည်းငယ် ဝိုင်းဝန်း ကူညီပြီးမှသာ တစ်လှည်းစာ ခူးဆွတ်နိုင်ခဲ့သည်။
ဖန်ကျန်းရီက တမင်တကာ သူ့အား လောဆော်နေခြင်းတော့ မဟုတ်ချေ၊ ကျင်းဘုရင်မင်းမြတ် က တိုက်တွန်းနေခြင်းကြောင့်သာ ဖြစ်၏။
ကော်ထျန်းယန် အနေဖြင့် အမတ်များကို တည်ငြိမ်အောင် ထိန်းထားနိုင်မည်၊ မထိန်းထားနိုင်ဘူး ဆိုတာကို သူ သေချာ မပြောနိုင်ချေ။ လက်ရှိတွင် သူသည် လျှို့ဝှက်စွာဖြင့် သွားရောက် ကြည့်ရှုရန် သံမဏိလို စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။
ခမ်းနား ကြီးကျယ်စွာ သွားရောက်လျှင် လိမ်လည် ဟန်ဆောင်တာမျိုးနှင့် ထပ်မံ ကြုံတွေ့ရမည်ကို စိုးရိမ်နေမိ၏။
ကိုယ်တိုင် ကိုယ်ကျ မျက်မြင် တွေ့ရမှသာ သူ၏ စိတ်နှလုံး တည်ငြိမ် သက်သာရာ ရပေလိမ့်မည်။
ပန်းသီး တစ်လှည်းစာကို အဆုံးတွင် ကောင်းမွန်စွာ စုဆောင်း ရရှိသွားသော်လည်း ဝမ်အာ့ကျူမှာ အနည်းငယ် မကျေမနပ် ဖြစ်နေဆဲပင်။ ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေ၏။ “ဒီတစ်လှည်းလေးကလည်း ပိုက်ဆံ အများကြီး မရနိုင်လောက်ဘူး ...”
ဖန်ကျန်းရီက စကားဆိုသည်။ “ပိုက်ဆံ အများကြီး မရနိုင်ရင်လည်း ဒီနေရာမှာ နေတာထက်တော့ ပိုကောင်းသေးတယ် မဟုတ်လား။ ရသလောက် ရတာပဲပေါ့၊ ကျန်တာတွေကို ပြန်လာတဲ့ အခါကျမှ ရှင်းကျန်း ခရိုင်ထဲမှာ ရောင်းတာပေါ့ဗျာ ... အနည်းနဲ့အများတော့ ခင်ဗျား အပိုငွေလေး တစ်ခု ရမသွားဘူးလား။”
“အင်း ... အဲဒါလည်း ဟုတ်တာပဲ။”
သစ်သီးများကို လှည်းပေါ် တင်ပြီးနောက် ဖန်ကျန်းရီသည် ထို မြည်းကို ကြည့်ကာ စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။ “အစ်ကိုကြီး ... လှည်းပေါ်မှာ လူလေးယောက် ထိုင်ရဦးမှာ၊ ခင်ဗျားရဲ့ ဒီမြည်းက ရပါ့မလား။”
“သေချာပေါက် မရနိုင်ဘူးလေ၊ အဲဒီအခါကျရင် ခင်ဗျားတို့ မြေပေါ် ဆင်းပြီး နည်းနည်းလောက် လျှောက်လိုက်ကြပေါ့။”
“အင်း ...”
...
လမ်းမပေါ်တွင် မြည်းလှည်းတစ်စီးက တကျီကျီ အသံပေးလျက် ခရီးဆက်နေ၏။
လူသုံးယောက်က လှည်းပေါ်တွင် တည်ငြိမ် အေးဆေးစွာ ထိုင်နေကြပြီး ဝမ်အာ့ကျူကမူ ဇက်ကြိုးကို ဆွဲလျက် သနားစရာကောင်းသော မြည်းလေးအား နှမြောတသစွာ ပွတ်သပ်နေသည်။
တစ်ရက်ကျော် လမ်းခရီးလေး အတွင်းမှာပင် သူ၏ ချစ်လှစွာသော မြည်းလေးမှာ ပင်ပန်းလွန်း၍ သေတော့မတတ် ဖြစ်နေပြီဟု သူ ခံစားရ၏။
ထို သခင်ကြီး သုံးယောက်ကတော့ လှည်းပေါ်တွင် စိတ်အေးလက်အေး ထိုင်နေကြပြီး၊ သူက နှမြောသော်လည်း ဘာမှ မပြောရဲသဖြင့် ခြေလျင် လျှောက်လျက် မြည်းကို ဆွဲနေရသည်။
လမ်းလျှောက်ရတာ ပျင်းစရာ ကောင်းသောကြောင့် သူသည် အရှေ့ဆုံးတွင် ထိုင်နေသည့် ကျန်းပြောင်နှင့် စတင် စကားပြောဆိုမိ၏။
နေဝင်ဆည်းဆာ အချိန်အခါ ဖြစ်ပြီး ရှုခင်းက အလွန် လှပနေသည်။
ဖန်ကျန်းရီသည် အဝေးသို့ လှမ်းကြည့်လိုက်ပြီး တီးတိုး မေးလိုက်၏။ “အရှင်မင်းကြီး ... ဒီတစ်ကြိမ် လျှို့ဝှက် တိုင်းခန်းလှည့်လည်တာ ပြန်ဖို့ မလောတော်မူဘူးလား။ ကျွန်တော်မျိုးက အရှင်မင်းကြီးကို တားဆီးနေတာ မဟုတ်ပါဘူး ... ဒါပေမဲ့ ဒီတစ်ကြိမ် ဆုံးဖြတ်ချက်က နည်းနည်း အလျင်စလို ဖြစ်လွန်းသလိုပဲနော်။”
“အလျင်စလို ဖြစ်တာလား။”
ကျင်းဘုရင်မင်းမြတ် က ဖွဖွလေး ပြုံးလိုက်ပြီး ခေါင်းခါကာ ပြောလိုက်၏။ “ကိုယ်တော်ကတော့ အလျင်စလို ဖြစ်တယ်လို့ မထင်ပါဘူး၊ ဟန်ကျန်းပြည်နယ် အတွင်းမှာ ဘာပြဿနာများ ပေါ်ပေါက်နိုင်မှာလဲ။ ပြီးတော့ အိမ်ရှေ့စံက တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်နေတာပဲဟာ၊ ကိုယ်တော်လည်း သူ့ကို အချိန်အကြာကြီး ထားခဲ့ချင်သေးတယ်။
ကိုယ်တော်က တစ်သက်လုံး တိုင်းပြည် အမှုကိစ္စတွေကို ကြိုးပမ်း ဆောင်ရွက်လာခဲ့တာ၊ နည်းနည်းလောက် လွတ်လွတ်လပ်လပ် ရဲရဲတင်းတင်း နေကြည့်လို့ မရတော့ဘူးလား။”
“အို ... ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး ဘာလုပ်ချင်လုပ်ချင် ရပါတယ်။” ဖန်ကျန်းရီ စိတ်ထဲတွင် တွေးတောနေမိ၏။
ကြည့်ရသည်မှာ လျှို့ဝှက် စုံစမ်း လေ့လာခြင်းက တစ်ဖက်၊ အခြားတစ်ဖက်က အိမ်ရှေ့စံကို အာဏာ လွှဲအပ်ပေးရန် စတင် စဉ်းစားနေခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ယောက္ခထိကြီးက ဤ အသက်အရွယ်ကြီး ရောက်မှ လွတ်လွတ်လပ်လပ် နေချင်လိမ့်မည်ဟု တကယ် ထင်မှတ်မထားခဲ့ချေ။
“ဒါဆို အရှင်မင်းကြီး ဖျင်ဝမ်ခရိုင်ကို ရောက်ရင် ဘယ်နေရာက စမလို့လဲ။”
ကျင်းဘုရင်မင်းမြတ်သည် တွေးတောလိုက်၏။ “အရပ်လေးမျက်နှာကို လျှောက်သွားပြီး ကြည့်ရှု ကြည့်တာပေါ့၊ နောက်ဆုံးကျမှ ရုံးတော်ကို သွားမယ် ... ဒါပေမဲ့ ရောက်သွားတာနဲ့ ကိုယ်တော်က စားသောက်ဆိုင်ကို သွားပြီး ကောင်းမွန်တဲ့ အစားအသောက်တစ်ချို့ အရင် သုံးဆောင်ချင်သေးတယ်။ အေး ဟုတ်သားပဲ ... အဲဒီ ဝမ်အာ့ကျူကိုပါ ခေါ်လိုက်အုံး၊ ကိုယ်တော် ကြည့်ရတာ သူက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပုံပဲ။”
“အရှင်မင်းကြီးက သူ့ကို စိတ်မဆိုးဘူးလား။”
ကျင်းဘုရင်မင်းမြတ်သည် လှောင်ပြောင်သလို ပြောလိုက်၏။ “ဘာများ စိတ်ဆိုးစရာ ရှိလို့လဲ၊ သူ ပြောတာ မှန်တယ် ... နန်းတွင်း အမတ်တွေ အားလုံးက ကိုယ်တော် ဉာဏ်ပညာ ကြီးမားကြောင်းကိုပဲ ပြောဆိုနေကြတာ။ ဒါပေမဲ့ ဝမ်အာ့ကျူကို တွေ့ရတဲ့အခါကျမှ ကိုယ်တော် အလကား ဉာဏ်ပညာ ကြီးမားခဲ့တာမှန်း သိရတော့တယ်။”
ဖန်ကျန်းရီသည် မျက်နှာတည်ဖြင့် လေးစား အံ့ဩစွာ ပြောလိုက်သည်။ “အရှင်မင်းကြီးရဲ့ ဒီနေ့ အောင်မြင်မှုတွေက အရင်က မရှိခဲ့ဖူးတဲ့ အရာတွေပါ၊ ဒီလို ခမ်းနားတဲ့ ခေတ်ကာလကြီးကို ကိုယ်တိုင် ဖန်တီးခဲ့တာတောင် ကိုယ့်ရဲ့ အမှားကို ပြန်လည် ဆင်ခြင်ပြီး မူလ ရည်ရွယ်ချက် မပြောင်းလဲဘူး ဆိုတော့ တကယ့် သူရဲကောင်းကြီး အစစ်အမှန်ပါပဲ။”
ကျင်းဘုရင်မင်းမြတ် သည် နှုတ်ခမ်းကို အားရပါးရ ဖိစေ့လိုက်ပြီး ဘာစကားမျှ မဆိုချေ။
ဟီးဟီး ... တကယ်ပဲ မြှောက်ပင့် ချီးကျူးတာက ဘယ်တော့မှ ခေတ်မနောက်ကျဘူးပဲ။
ဖန်ကျန်းရီ၏ စိတ်ထဲတွင် တိတ်တဆိတ် ဂုဏ်ယူနေမိပြီး လက်ကမူ သတိမထားမိဘဲ ရင်ဘတ်ထဲ နှိုက်လိုက်ကာ ပိုက်ဆံ ဘယ်လောက် ပါသလဲ ဆိုတာကို ရေတွက်ရန် ပြင်ဆင်လိုက်၏။
လက် နှိုက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း မျက်နှာအမူအရာ တောင့်တင်းသွားတော့သည်။
ဒုက္ခပဲ။ မေ့သွားတာပဲ။ ပိုက်ဆံ မသယ်လာခဲ့တဲ့ ကိစ္စကြီးကို။
သူ၏မျက်နှာအမူအရာ ထူးဆန်းနေသည်ကို မြင်သည့်အခါ ကျင်းဘုရင်မင်းမြတ်က မေးလိုက်၏။ “ဘာဖြစ်တာလဲ။”
“ပိုက်ဆံ ... ကျွန်တော်မျိုးတို့ ထွက်လာတာ ပိုက်ဆံ သယ်ဖို့ မေ့သွားတယ်။”
ကျင်းဘုရင်မင်းမြတ်၏ မျက်နှာအမူအရာ တောင့်တင်းသွားပြီး အနည်းငယ် နေရခက်သွားသည်။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် အရပ်သား ဝတ်စုံ လဲပြီး လျှို့ဝှက် လေ့လာနေရဦးမည်နည်း။
ဖန်ကျန်းရီသည် အရပ်လေးမျက်နှာကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြောလိုက်၏။ “ကိစ္စမရှိပါဘူး ... ဝမ်အာ့ကျူဆီမှာ ပိုက်ဆံ ရှိတယ်၊ ပြီးတော့ ပန်းသီးတွေလည်း ရှိသေးတယ်၊ ကျွန်တော်မျိုးက သူ့ကို လက်စွပ်တစ်ကွင်း ပေးထားသေးတာပဲ ... မြို့ထဲ ရောက်ရင် နေရာတစ်နေရာရှာပြီး ရောင်းလိုက်ရင် ပြီးတာပဲဟာ။”
“ဒါက ... သိပ် မကောင်းဘူး ထင်တယ်နော်။” ကျင်းဘုရင်မင်းမြတ် နေရခက်သွား၏။
သူများရဲ့ လှည်းကို စီးလာပြီး သူများရဲ့ ပိုက်ဆံကိုပါ သုံးရဦးမယ်လား။ ဒါက ဓားပြတိုက်တာနဲ့ ဘာများ ကွာခြားလို့လဲ။
ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “အရှင်မင်းကြီး စိတ်ချပါ ... ကျွန်တော်မျိုး သူ့ကို သေချာပေါက် နစ်နာအောင် မလုပ်ပါဘူး။”
နောက်ထပ် လမ်းခရီး အနည်းငယ် ဆက်သွားပြီးနောက် မြည်းလှည်းမှာ ရုတ်တရက် တစ်ချက် တုန်ခါသွားပြီး လမ်းပေါ်တွင် ရပ်တန့်သွား၏။
ဖန်ကျန်းရီသည် ဝမ်အာ့ကျူအား အလျင်စလို မေးလိုက်သည်။ “ဘာဖြစ်တာလဲ”
ဝမ်အာ့ကျူသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ဘီးကို ဆွဲလှန်ကြည့်ကာ ပြောလိုက်၏။ “ဒီမှာ ဗွက်ကျင်း တစ်ခု ရှိနေတယ်ဗျ ... နစ်ဝင်သွားပြီ၊ သခင်ကြီးတို့ ဆင်းပြီး တစ်ချက်လောက် တွန်းပေးကြပါလား။”
“အရှင်မင်းကြီး ထိုင်တော်မူပါ ... ကျွန်တော်မျိုး သွားတွန်းပါ့မယ်။” ဖန်ကျန်းရီသည် ကျင်းဘုရင်မင်းမြတ် အား စကားတစ်ခွန်း မှာကြားလိုက်ပြီး လှည်းပေါ်မှ ခုန်ဆင်းလိုက်၏။
လှည်း၏ နောက်ဘက်သို့ လျှောက်သွားပြီး အော်ဟစ်လိုက်သည်။ “ကျန်းပြောင် ... အရှေ့ကနေ နည်းနည်း ဆွဲထား၊ မြည်းနဲ့အတူ အားစိုက်ချေ။”
စကားဆိုပြီးနောက် လှည်းအနောက်ပိုင်းတွင် ကိုယ်ကိုကိုင်း၍ လှည်းပျဉ်ပြားကို တွန်းလျက် ဝမ်အာ့ကျူအား ပြောလိုက်၏။ “ကျုပ် တစ်၊ နှစ်၊ သုံး ရေတွက်မယ် ... အတူတူ တွန်းမယ်နော်။”
ဝမ်အာ့ကျူ ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ဦး တစ်ပြိုင်နက်တည်း လှည်းကို တွန်းလိုက်ကြသည်။
ဆက်တိုက် အကြိမ်အနည်းငယ် တွန်းသော်လည်း မြည်းလှည်းမှာ အနည်းငယ်မှပင် လှုပ်ရှားခြင်း မရှိချေ၊
ဝမ်အာ့ကျူ အမောတကော ပြောလိုက်၏။ “ကျုပ်ကို အရင် အမောဖြေခွင့် ပေးပါအုံး ... ကျုပ် လျှောက်လာတာ ခရီး တစ်ဝက်ရှိပြီ၊ ပင်ပန်းလွန်းလို့ သေတော့မယ်။”
“ကောင်းပြီလေ ... ဒါဆိုလည်း ခဏ အနားယူကြတာပေါ့။” ဖန်ကျန်းရီသည် ရွေးချယ်စရာ မရှိဘဲ လှည်းဘေးတွင် မှီရပ်နေလိုက်၏။
ဝမ်အာ့ကျူသည် ရေဘူးကို ကိုင်ဆောင်လျက် ဖန်ကျန်းရီ၏ အနီးသို့ ရှက်ကိုးရှက်ကန်းဖြင့် တိုးကပ်လာပြီး ပြောလိုက်၏။ “ဟိုလေ ... သခင်လေးလွီ၊ ကိစ္စတစ်ခုလောက် ကျုပ် ကူညီတောင်းခံလို့ ရမလား။”
“အင်း ... ပြောပါ။”
“သခင်လေးက စီးပွားရေးသမားပဲဟာ၊ ကျုပ်ကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလား... ဒီ ပန်းသီးတွေကို ဘယ်လိုလုပ်ပြီး ဈေးကောင်းရအောင် ရောင်းရမလဲ ဆိုတာကိုလေ ... ကျုပ် ဒီတစ်ခေါက်မှ အပြင်ကို ပထမဆုံးအကြိမ် ထွက်ဖူးတာ၊ အပြင်က စည်းကမ်းတွေကို နားမလည်လို့ပါ။”
ဖန်ကျန်းရီ ရယ်မောလိုက်သည်။ “မေးနေစရာ မလိုဘူး။ ခင်ဗျား ကံကောင်းသွားပြီလို့ မှတ်လိုက် ... ခင်ဗျားရဲ့ ပန်းသီးတွေကို ကျုပ် ကူပြီး ရောင်းပေးမယ်။”
“တကယ်လား” ဝမ်အာ့ကျူ အလွန်အမင်း ဝမ်းမြောက်သွား၏။ မူလက စီးပွားရေး နည်းလမ်းလေးကို တောင်းခံ လေ့လာချင်ရုံလေး ဖြစ်သော်လည်း ဤသို့ကောင်းမွန်သည့် ကိစ္စမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
“တကယ်ပေါ့ … အမှန်ပဲပေါ့၊ ကျုပ် ခင်ဗျားကို ပေးထားတဲ့ အဲဒီ လက်စွပ်ကို ရှိတယ် မဟုတ်လား။ ကျုပ် ခင်ဗျားကို ပြောမယ် အဲဒီ လက်စွပ်က တန်ဖိုးရှိတယ် ... အတော်ပဲ မြို့ထဲ ရောက်ရင် အဲဒါကို ငွေပြောင်းလိုက်လို့ ရပြီ။”
ဝမ်အာ့ကျူက ခေါင်းကို အဆက်မပြတ် ညိတ်ပြ၏။ ဖန်ကျန်းရီက ဤမျှအထိ ဖော်ရွေ ဆက်ဆံတတ်သောကြောင့် သူ၏ သတ္တိမှာ ပို၍ပင် ကြီးမားလာပြီး ရင်းနှီးအောင် တိုးကပ် ပြောဆိုသည်။ “သခင်လေးလွီ ... သခင်လေးနဲ့ သခင်ကြီးဟွမ်တို့ နာမည် ဘယ်လိုခေါ်လဲ ဆိုတာကို ကျုပ် မသိရသေးဘူးဗျ၊ နောင်တစ်ချိန်မှာလည်း သခင်လေးတို့နှစ်ဦးကို ကျေးဇူးတင်လို့ ရအောင်ပါဗျာ။”
“ကျုပ်ရဲ့ ယောက္ခထီးက မျိုးရိုးနာမည် ဟွမ်၊ နာမည် လောင်ယဲ့ လို့ ခေါ်တယ်။ ကျုပ်က မျိုးရိုးနာမည် လွီ၊ စာလုံးတစ်လုံးတည်း ကျုံး လို့ ခေါ်တယ် ... ခင်ဗျား ကျုပ်ကို လွီကျုံး (သခင်လေးလွီ) လို့ ခေါ်ရင် ရပြီ။”
ဝမ်အာ့ကျူ အံ့ဩတကြီး ရေရွတ်လိုက်၏။ “သခင်ကြီးဟွမ် ဆိုတဲ့ ဒီနာမည်က ကောင်းလှချည်လား၊ ဘယ်နေရာ သွားသွား အမြတ်ထွက်တယ်ဗျ။ ဒါပေမဲ့ သခင်လေးရဲ့ ဒီ လွီကျုံး (မြည်းမျိုး) ကတော့ ...”
“ခင်ဗျားက လျှာကြီးတာလား၊ နားရွက် ကြီးတာလားဗျ။ ကျုံး စာလုံးဗျ။ မတ်တပ်ရပ်ပြီး လှည်းတွန်းတော့ ... အချိန်တွေ ဖြုန်းတီး မနေနဲ့တော့။”
ဖန်ကျန်းရီ မျက်နှာ ပျက်သွားပြီး ဤ ဝမ်အာ့ကျူ၏ ဦးနှောက်မပါသော စကားကြောင့် ဒေါသထွက်လွန်း၍ ဦးနှောက် သွေးကြောပေါက်မတတ် ဖြစ်သွားရသည်။
ဝမ်အာ့ကျူသည် အနေရခက်သော်လည်း ယဉ်ကျေးမှု မပျက်သော အပြုံးတစ်ခုကို ပြသလိုက်ပြီး ဦးခေါင်းကို ကုတ်လိုက်သည်။
“ဟုတ် ... ဟုတ်ကဲ့ပါ သခင်လေးလွီ၊ သခင်လေးလွီ ... ကျုပ်တို့ ထပ်ပြီး ခဏလောက် အနားယူကြဦးစို့ ကျုပ် တကယ် မရတော့လို့ပါ။”
“……”
အပိုင်း (၈၇၅) ကြွယ်ဝဝေဆာသော ဖျင်ဝမ်။
ဖျင်ဝမ်ခရိုင် မြို့တော် နယ်နိမိတ်တွင် မြည်းလှည်းတစ်စီးက ကုန်ပစ္စည်းများနှင့် လူများကို အစွမ်းကုန် ဆွဲလျက် အမောတကော ခရီးဆက်နေ၏။
လမ်းက သွားရတာ တဖြည်းဖြည်း ပိုမို လွယ်ကူလာသည်ကို မြင်ရသောကြောင့် ကျင်းဘုရင်မင်းမြတ် ၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း လန်းဆန်း ပြေလျော့လာခဲ့သည်။
ဤနေရာသို့ မဝင်ရောက်ခင် အချိန်က နေရာတကာတွင် မြေသားလမ်းများသာ ရှိခဲ့သော်လည်း လက်ရှိ လမ်းမှာမူ သိသာထင်ရှားစွာပင် လူလုပ် ခင်းကျင်း ပြုပြင်ထားခြင်း ဖြစ်၏။
ထို့အပြင် လမ်းပေါ်တွင် လူပေါင်းများစွာတို့က ဖျင်ဝမ်ခရိုင် ရှိရာဘက်သို့ လျှောက်လှမ်းနေကြသည်။
ဤ အဝေးပြေး လမ်းမကြီးအပေါ်၌ လူစည်ကားနေသည့် အသွင်အပြင် ရှိနေချေပြီ။ ပို၍ ဆန်းကြယ်သည်မှာ လူတော်တော်များများတို့က စက်ဘီးများကို စီးနင်းနေကြခြင်းပင်။
ကျင်းဘုရင်မင်းမြတ်သည် ဤ ထူးဆန်းသော မြင်ကွင်းကို ကြည့်ရှုရင်း မေးမြန်းလိုက်၏။ “မြို့တော်အပြင်ဘက်မှာလည်း ဒီလောက် များပြားတဲ့ ပြည်သူတွေက စက်ဘီးစီးဖို့ လိုလားကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလမ်းက ကြည့်ရတာ နည်းနည်းတော့ အဆင်မပြေလောက်ဘူး မဟုတ်လား။”
ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်၏။
အဆင်မပြေရုံလေး ဘယ်ကမလဲဗျာ ... ပြုပြင် ပြုစုထားသော မြေသားလမ်း ဖြစ်တယ်ဆိုပေမဲ့ ဒီလမ်းက စက်ဘီးရဲ့ တုန်ခါမှုကို ထိန်းချုပ်ထားနိုင်စွမ်းမရှိဘူး။ စက်ဘီးစီးရင် လုံးဝ သက်တောင့်သက်သာ ရှိမှာ မဟုတ်ဘူး။
ခန့်မှန်းရသည်မှာ ဤပုံစံအတိုင်း တစ်နာရီ၊ နှစ်နာရီလောက် စီးနင်းလိုက်လျှင် ... ဥတွေတောင် ကြေမွသွားနိုင်သည်...။
သို့သော်လည်း ... သက်တောင့်သက်သာ မရှိတာတောင် အဘယ့်ကြောင့် စီးနင်းနေကြရသလဲ ဆိုသည့်အပေါ် ဖန်ကျန်းရီ၏ စိတ်ထဲတွင် အနည်းငယ် တွေးဆမိပြီးသား ဖြစ်၏။
ဖြစ်နိုင်သည်မှာ ဤ မြို့တော်ထဲက ပြည်သူများက သတင်း အချက်အလက် ရရှိမှု လျင်မြန်ပြီး စက်ဘီးက မြို့တော်ထဲတွင် ခေတ်စားနေကြောင်း သိရှိသောကြောင့် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် အားလုံးက လိုက်ပါ စီးနင်းလိုကြခြင်း ဖြစ်သည်၊ နေရထိုင်ရ ခက်ခဲလျှင်တောင် စီးနင်းလိုကြသည် ... ဘာပဲဖြစ်ဖြစ် ဤသည်က အထက်လွှာ၏ ရေစီးကြောင်းတစ်ခုကို ကိုယ်စားပြုနေသည် မဟုတ်ပါလား။
နောင်လာနောက်သား ခေတ်ကာလမှာလည်း အနောက်တိုင်းစတိုင်လ်ဆိုပြီး ဘောင်းဘီဂွကျကျကို ဝတ်ဆင်ကြသည် မဟုတ်ပါလား။ ထို့ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးက အလွန် ပုံမှန်ကျသည်။
ဖန်ကျန်းရီက ပြောလိုက်၏။ “အရှင်မင်းကြီး ကြည့်တော်မူပါ ... ဒီနေရာမှာ ဒီလောက် များပြားတဲ့ ပြည်သူတွေက စက်ဘီးစီးဖို့ လိုလားကြတယ် ဆိုတာက အနည်းဆုံးတော့ သူတို့ရဲ့ လက်ထဲမှာ ပိုက်ဆံ အနည်းငယ် ရှိနေတယ် ဆိုတာကို သက်သေပြနေတာပဲ၊ မဟုတ်ရင် ဒီလို လမ်းမျိုးမှာ ... ဘယ်လိုလုပ်ပြီး သိပ် အသုံးမဝင်တဲ့ ဒီလို ကိရိယာမျိုးကို ရောင်းချတဲ့သူ ရှိနိုင်မှာလဲဗျ။”
“အင်း … အဓိပ္ပာယ် ရှိပေတယ်။” ကျင်းဘုရင်မင်းမြတ်၏ မျက်လုံးများ အရောင်လက်သွားပြီး လမ်းသွားလမ်းလာများကို သေသေချာချာ လေ့လာကြည့်ရှုတော့သည်။
ဤသို့ သေသေချာချာ ကြည့်ရှုလိုက်ချိန်မှာတော့ လူပေါင်းများစွာတို့က ကမန်းကတန်း သွားလာနေကြသော်လည်း ဖျော့တော့ နာမကျန်း ဖြစ်နေသည့် အခြေအနေမျိုး မရှိကြောင်း ရှာတွေ့သွား၏။
ဤအခြေအနေက ကျင်းဘုရင်မင်းမြတ်၏ စိတ်နှလုံးကို အများကြီး သက်သာရာ ရသွားစေရန် လုံလောက်နေပေသည်။
ကျင်းဘုရင်မင်းမြတ်သည် စိတ်ဓာတ် အနည်းငယ် လန်းဆန်းလာပြီး အပြုံးများက မျက်နှာပေါ်တွင် ချိတ်ဆွဲနေ၏။ “မြို့တွင်းမှာ ဘယ်လို မြင်ကွင်းမျိုး ရှိနေမလဲ မသိဘူး။ အေး ဟုတ်သားပဲ ... မြို့စောင့် အရာရှိ စစ်သည်တွေက ပြည်သူတွေကို ကွယ်ရာကနေ ခေါင်းပုံဖြတ်တဲ့ အလေ့အကျင့်ဆိုး ရှိတယ်လို့ ကြားဖူးတယ်၊ ငါတို့ မြို့ထဲ ဝင်ရင် ဖြတ်သန်းခ ပိုက်ဆံတွေ ဘာတွေ ပေးရအုံးလား မသိဘူး။”
“မပေးလောက်ပါဘူးဗျ။”
ဖန်ကျန်းရီ သေသေချာချာ စဉ်းစားကြည့်လိုက်၏။
သူသည် ဖြတ်သန်းခ လုံးဝ မကောက်ခံရန် ယန်ဖုန်းဖန်ကို စာရေး၍ သတိပေးထားခဲ့ဖူးသည်။ ထို့အပြင် ဤကိစ္စကို ကြီးကြပ် ကွပ်ကဲရန် ကျင်းယီဝေများကိုလည်း လွှတ်၍ တပ်စွဲစေခဲ့၏။
အကယ်၍ ယန်ဖုန်းဖန်သာ လုံလောက်စွာ စကားနားထောင်ပြီး ကျင်းယီဝေတို့၏ တပ်ဆင် ဖြန့်ကျက်ထားမှု မပြောင်းလဲလျှင် သေချာပေါက် ပြဿနာ မရှိနိုင်ချေ။
မြို့တံခါးအောက်သို့ ရောက်ရှိသွားချိန်မှာတော့ လူအုပ်ကြီးက တစ်နေရာတည်းတွင် စုစည်းနေကြပြီး အလွန် စည်ကားနေဟန် ပေါ်လွင်နေ၏။
ပြည်သူ မနည်းက တန်းစီ၍ မြို့တွင်းသို့ ဝင်ရောက်နေကြသည်။
ဖန်ကျန်းရီသည် မြည်းလှည်းပေါ်တွင် ရပ်လျက် လည်ပင်းဆန့်၍ ကြည့်လိုက်ပြီး အရှေ့ကလူများ တစ်ယောက်ပြီးတစ်ယောက် ချောမွေ့စွာ ဝင်ရောက်သွားသည်ကို မြင်သည့်အခါ စိတ်ထဲတွင် အတန်ငယ် ပေါ့ပါးသွား၏။
ကြည့်ရသည်မှာ ဘာမှ မဖြစ်တော့ချေ၊ အနည်းဆုံးတော့ မြို့ပြင်က အခြေအနေကို ကြည့်ခြင်းအားဖြင့် ယန်ဖုန်းဖန် အုပ်ချုပ်သည်မှာ ပြဿနာ မရှိချေ။
အဆုံးတွင် ကျင်းဘုရင်မင်းမြတ်တို့ အလှည့်ရောက်ရှိလာချိန်မှာတော့ လေးယောက်သား လှည်းပေါ်မှ ဆင်း၍ မြို့တွင်းသို့ ဝင်ကြ၏။
ရုတ်တရက် မြို့စောင့် စစ်သည်က လက်ဆန့်၍ မြည်းလှည်းကို တားဆီးလိုက်သည်။
“မင်းတို့ ခဏလောက် စောင့်အုံး။”
ဖန်ကျန်းရီ၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ရှေ့သို့ ကမန်းကတန်း တိုးသွားကာ ပြောလိုက်၏။ “အရာရှိမင်း ... ဘာပြဿနာများ ရှိလို့လဲ။”
မြို့စောင့် စစ်သည်သည် မေးစေ့ကို ပွတ်လျက် လှည်းကို တစ်ပတ် ပတ်ကြည့်ကာ မေးလိုက်သည်။ “မင်းတို့ ဒီနေရာကို ပထမဆုံးအကြိမ် လာတာလား။”
ကျင်းဘုရင်မင်းမြတ် သည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်၏။
ကြောက်ရာ လာမှန်ခြင်းပင်။ စောစောက အရှေ့က ပြည်သူများအားလုံး ချောမွေ့စွာ ဝင်ရောက်သွားခဲ့သော်လည်း သူတို့ထံတွင် မြည်းလှည်း ပါလာသည်ကို မြင်သည့်အခါ ဤနေရာ၌ ရပ်တန့်ခိုင်း၏။
ဤ စစ်သည်လေးက သူတို့ဆီမှာ အမြတ်ထုတ်၍ ဆီထွက်စရာ ရှိကြောင်း မြင်သောကြောင့်သာ ဤ လုပ်ရပ်မျိုး ရှိနေခြင်း ဖြစ်ပေလိမ့်မည်။
တကယ်ပင် ... အချို့ကိစ္စများက လျှို့ဝှက် တိုင်းခန်းလှည့်လည်မှသာ ပြဿနာကို ရှာတွေ့နိုင်သည်။
မြို့စောင့် စစ်သည် လျှောက်လာသည်ကို မြင်သည့်အခါ ဖန်ကျန်းရီသည် အပြုံးမျက်နှာကို ညှစ်ထုတ်လိုက်ပြီး ပြောလိုက်၏။ “မှန်ပါတယ် ... ကျုပ်တို့က တကယ်ပဲ ပထမဆုံးအကြိမ် လာတာပါ၊ အရာရှိမင်း ... နည်းနည်းလောက် သဘောထား ကြီးပေးလို့ ရမလားဗျ။”
စကားဆိုရင်းနှင့် ဖန်ကျန်းရီသည် ပန်းသီးတစ်လုံးကို လှမ်းပေးလိုက်၏။
မြို့စောင့် စစ်သည်သည် ထို ပန်းသီးကို မြင်သည့်အခါ ရွံရှာသော မျက်နှာပေးဖြင့် ပြောလိုက်သည်။ “ဘယ်သူ့ကို လာပြီး သေးသိမ်အောင် လုပ်နေတာလဲ။ သခင်ကြီးက မင်းရဲ့ ဒီ ပန်းသီးတစ်လုံးလေးကို လိုအပ်နေလို့လား။”
ရဲတင်းလှချည်လား။ ခြင်္သေ့ပါးစပ် ကြီးကြီး ဟရဲသေးသည်ပေါ့။
ကျင်းဘုရင်မင်းမြတ်၏ စိတ်နှလုံးထဲ၌ ဒေါသများ ပေါ်ပေါက်လာပြီး ချက်ချင်းပင် ရှေ့သို့ တိုးသွား၍ စကားစစ်ထိုးရန် ပြင်ဆင်လိုက်၏။
ထင်မှတ်မထားသည်မှာ ထို စစ်သည်က ထပ်မံ ပြောလိုက်သည်။ “ယူသွား၊ ယူသွား။ မင်းတို့က ပထမဆုံးအကြိမ် လာတာ ဆိုတော့ ကျုပ်တို့ ဒီက စည်းကမ်းတွေကို နားမလည်ကြဘူး၊ မင်းတို့ရဲ့ ဒီပုံစံကို ကြည့်ရတာ မြို့ထဲမှာ ဈေးရောင်းချင်နေတာ မဟုတ်လား။
ကျုပ် မင်းတို့ကို ပြောမယ် ... ဈေးရောင်းချင်ရင် ရတယ်၊ မင်းတို့ကို ရောင်းဖို့ သီးသန့် သတ်မှတ်ပေးထားတဲ့ နေရာ ရှိတယ်၊ အထဲ ဝင်သွားပြီးတာနဲ့ လူရှာပြီး သေသေချာချာ မေးမြန်း၊ ကမောက်ကမ လျှောက်မလုပ်နဲ့။
ပြီးတော့ မင်းတို့ရဲ့ ဒီမြည်း ... လမ်းပေါ်မှာ သေးချေး စွန့်ရင် ပြောင်စင်အောင် သိမ်းဆည်းရမယ်၊ မဟုတ်ရင် ဒဏ်ရိုက်မယ် ... နားလည်လား။”
ကျင်းဘုရင်မင်းမြတ် သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အတန်ငယ် ဝေခွဲမရစွာဖြင့် မျက်တောင် ပုတ်ခတ်၊ ပုတ်ခတ် လုပ်လိုက်၏။
အို ... ခေါင်းပုံဖြတ်တာ မဟုတ်ဘူးလား။ အမှန်တကယ်ကို စေတနာ ကောင်းမွန်စွာနဲ့ သတိပေးနေတာပဲ။
ဖန်ကျန်းရီ သက်ပြင်းတစ်ချက် ချလိုက်သည်။ “ဒီလိုကိုး ... အရာရှိမင်းကို ကျေးဇူးတင်ပါတယ်ဗျ။ ပန်းသီးလေး သုံးဆောင်ပါအုံး”
မြို့စောင့် စစ်သည်သည် စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းပြလိုက်၏။ “ဝင်သွား၊ ဝင်သွား ... ဒီမှာ လာပြီး နောက်ကလူတွေကို ပိတ်မနေနဲ့၊ မင်းရဲ့ ပန်းသီးကို ဘယ်သူက စားချင်မှာလဲ။”
လူတစ်စု မြို့တွင်းသို့ ဝင်ရောက်သွားပြီးနောက် ဝမ်အာ့ကျူသည် အတန်ငယ် မယုံကြည်နိုင်သကဲ့သို့ ခံစားလိုက်ရပြီး ဖန်ကျန်းရီ၏ ဘေးသို့ တိုးကပ်လာ၏။ “ဟေ့ ... လွီသခင်လေး... ဒီဘက်ကလူတွေက တကယ်ပဲ အလွန် ဖော်ရွေကြတာပဲဗျ။”
ဖန်ကျန်းရီက ရွံရှာစွာ ပြောလိုက်သည်။ “လျှာကြီးတဲ့ကောင် ... ကျုပ်ကို လွီကျုံး (လွီသခင်လေး) လို့ မခေါ်ဘဲ နေလို့ မရဘူးလား။ လွီကုန်းဇီ (သခင်လေးလွီ) လို့ ခေါ်စမ်းပါ။”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ သခင်လေးလွီ၊ ကျုပ်တို့ ဈေးရောင်းဖို့ နေရာ သွားရှာကြစို့။” ဝမ်အာ့ကျူ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေပြီး လေးရပ်မျက်နှာကို ဝေ့ကြည့်နေ၏။
ဖျင်ဝမ်ခရိုင်၊ ဒါက ဖျင်ဝမ်ခရိုင်ပဲ။
မြို့တော်က အပြင်ဘက်မှ ကြည့်လျှင် အရွယ်အစား ဆင်တူသည် ဆိုသော်လည်း ဤအထဲရှိ လူများကမူ ရှင်းကျန်းခရိုင်ထက် အများကြီး ပိုမို များပြားလှသည်။
မြို့တွင်း၌ လမ်းများကို ခင်းကျင်း ပြုပြင်ထားပြီး အလွန်အမင်း ညီညာ သေသပ်ဟန် ရှိ၏။
စက်ဘီးစီးသူများမှာ မြို့ပြင်ထက် ပို၍ပင် များပြားနေသေးသည်။
နေရာတကာတွင် အော်ဟစ် ရောင်းချနေသည့် ဈေးဆိုင်ငယ်လေးများ၊ ၎င်းတို့နှင့် စကားပြောဆိုနေကြသည့် လမ်းသွားလမ်းလာများ ရှိနေ၏။
ရှုပ်ထွေးမှုများထဲတွင် စနစ်တကျ ရှိမှုကို ဖော်ပြနေပြီး စည်ကား ကြွယ်ဝသော မြင်ကွင်းတစ်ခု ဖြစ်ကာ နံနက်ခင်း အချိန်မျှသာ ဖြစ်သော်လည်း လူ့ပြည်၏ အသက်ဝင် လှုပ်ရှားမှု အရှိန်အဝါက တိုက်ခတ်လာခဲ့ပြီ ဖြစ်သည်။
ကျင်းဘုရင်မင်းမြတ် ပင်လျှင် မခံမရပ်နိုင်ဘဲ စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩသွားမိ၏။
လက်ရှိ မြင်တွေ့ရသလောက်တော့ အောက်ကလူတွေ အလုပ်လုပ်တာ ယုံကြည် စိတ်ချရသေးပေသည်။
ဖန်ကျန်းရီသည် တစ်ချက် ဝေ့ကြည့်လိုက်ပြီး စိတ်ထဲတွင် အတော်လေး ကျေနပ်သွားကာ ဝမ်အာ့ကျူအား ပြောလိုက်၏။ “ကျုပ်တို့ အရင်ဆုံး အပေါင်ဆိုင် တစ်ဆိုင် ရှာပြီး ခင်ဗျားရဲ့ လက်စွပ်ကို သွားပေါင်ကြမယ်။”
ဖန်ကျန်းရီက လမ်းမှာတုန်းက သူ့ကို တစ်ချက် သတိပေးခဲ့ဖူးသည် ဆိုသော်လည်း ယခု ပြောလာချိန်တွင် ဝမ်အာ့ကျူ၏ စိတ်ထဲ၌ ရုတ်တရက် နှမြောတသစိတ် အနည်းငယ် ပေါ်ပေါက်လာပြီး ပေါင်တာက ရောင်းတာလောက် မတွက်ချေဟု ခံစားရ၏။ “သခင်လေး ... ဒါက သခင်လေး ကျုပ်ကို ပေးထားတာ ဆိုတော့ မသင့်တော်ဘူး ထင်တယ်နော်။ ဒါမှမဟုတ် ကျုပ်ပဲ သိမ်းထားလိုက်ပါ့မယ်။”
ဖန်ကျန်းရီ စိတ်ထဲတွင် အေးစက်စက် ရယ်မောလိုက်သည်။
အဲဒီ စိတ်ကူး ဉာဏ်နီဉာဏ်နက်ကို သူ တစ်ချက် ကြည့်လိုက်တာနဲ့ နားလည်တယ်။
သိမ်းထားမယ်၊ ခင်ဗျားလို သနားစရာကောင်ဆီမှာ အရင်းအနှီး မရှိရင် ကျုပ်က ဘာနဲ့ သွားပြီး ပန်းသီး ရောင်းရမှာလဲ။
“ကျုပ် ခင်ဗျားကို ပြောမယ် ... ဒီပစ္စည်းက ခင်ဗျား ပြန်ထုတ်ရောင်းဖို့ မလွယ်ကူဘူး၊ အကောင်းဆုံး နေရာက အပေါင်ဆိုင်ပဲ။ ပြီးတော့ ဒီမှာက စီးပွားရေး စည်ကားတာ ဆိုတော့ အပေါင်ဆိုင်တွေက သေချာပေါက် ကတိသစ္စာ ရှိကြတယ်၊ ဒါထက် ပိုပြီး သင့်တော်တာ မရှိတော့ဘူး။ အဲဒီ လက်စွပ်က စားလို့လည်း မရဘူး၊ ကစားလို့လည်း မရဘူး ဆိုတော့ ငွေသား ပြောင်းလိုက်တာ မကောင်းဘူးလား။”
“ဒါပေါ့ သဘာဝကျကျ အဲဒါက ခင်ဗျားရဲ့ ပစ္စည်း ဖြစ်တဲ့အတွက် ခင်ဗျား ဘယ်လို စီမံ ဆောင်ရွက်ချင်ချင် ရပါတယ်။”
ဝမ်အာ့ကျူသည် ခဏမျှ တုံ့ဆိုင်းသွားပြီး ရင်ဘတ်ထဲမှ လက်စွပ်ကို ထုတ်ယူလိုက်၏။ “ဒါဆိုလည်း သခင်လေး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။”
သခင်လေးလွီက ဒီလို ပြောလာမှတော့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့လေ၊ ဘာပဲဖြစ်ဖြစ် သူ ဘာမှ မသိဘူး။
ခရီးတစ်လျှောက်လုံးတွင်လည်း မြင်တွေ့ခဲ့တယ်။ သခင်လေးလွီတို့ရဲ့ ဒီတစ်မိသားစုလုံးက စိတ်ရင်း တော်တော်လေး ကောင်းမွန်ကြတယ်။
မြို့တွင်းရှိ ကုန်သွယ်ရေးက တကယ်ပင် သာမန် မျက်စိဖြင့် မြင်နိုင်လောက်အောင် သာမန် မြို့တော်များထက် စည်ကား ကြွယ်ဝလှပြီး အပေါင်ဆိုင်များကလည်း အရေအတွက် မနည်းလှချေ။
လေးယောက်သား အများကြီး အားစိုက်စရာ မလိုဘဲ အရွယ်အစား ပမာဏ အတော်လေး ကြီးမားဟန် ရှိသည့် အပေါင်ဆိုင် တစ်ဆိုင်ကို ရှာတွေ့သွားကြ၏။
အတွင်းသို့ ဝင်ရောက်သွားရာ သာမန်မဟုတ်အောင် မြင့်မားသည့် ကောင်တာတစ်တန်းကို မြင်တွေ့လိုက်ရပြီး သစ်သားသံတိုင်များက အပြင်နှင့် အတွင်းကို ခြားထားကာ သေးငယ်သော ပြတင်းပေါက်လေး တစ်ခုကိုသာ ချန်ရစ်ထားသည်။
ဖန်ကျန်းရီ၏ တစ်မီတာ ရှစ်ဆယ်ကျော် အရပ်အမောင်းနှင့်ပင် ခေါင်းမော့ကြည့်မှသာ အပေါင်ဆိုင်မှ အလုပ်သမားလေးကို မြင်နိုင်၏။
ဤအခိုက်အတန့်တွင် အထဲ၌ အလုပ်လုပ်နေသူ မနည်း ရှိနေသည်။
ဝမ်အာ့ကျူသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး စိတ်ထဲတွင်လည်း အနည်းငယ် တင်းကျပ်သွားသည်။ ဤ မြင်ကွင်းမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
အတန်ငယ် ကြောက်ရွံ့နေသည် ဆိုသော်လည်း ဖန်ကျန်းရီ နောက်ဘက်တွင် ရှိနေကြောင်း တွေးမိသဖြင့် သတ္တိ နှစ်ဆလောက် ပိုမို မြင့်တက်လာ၏။
ကောင်တာရှေ့သို့ လျှောက်သွားပြီး သူ ပါးစပ် မဖွင့်ရသေးခင်မှာပင် ကောင်တာနောက်မှ အလုပ်သမားလေးက အထက်စီးမှနေ၍ မျက်လွှာချကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။ “ရွေးမလို့လား၊ ပေါင်မလို့လား။”
ယခု ရောက်လာသော သူသည် တောဆန်လွန်းလှပြီး ပုံစံကို ကြည့်လိုက်သည်နှင့် ပထမဆုံးအကြိမ် လာသူမှန်း သိနိုင်ပေ၏။
ဤကဲ့သို့သော ဖောက်သည်မျိုးက လိမ်လည်ရန် လွယ်ကူသော်လည်း အမြတ်အစွန်း သိပ်မရှိချေ။ အလုပ်သမားလေး ၏ စိတ်ထဲတွင် အနည်းငယ် စိတ်မရှည်မှုများ ပါဝင်နေသည်။
ဝမ်အာ့ကျူသည် ပါးစပ်ကို ဟလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “ပေါင် ... ပေါင်မလို့ပါ။”
“ပစ္စည်း တင်လိုက်။”
ဝမ်အာ့ကျူသည် ထိတ်လန့် တုန်လှုပ်စွာဖြင့် လက်စွပ်ကို ထုတ်ယူပြီး အပေါ်သို့ ကမ်းပေးရန် ပြင်ဆင်လိုက်၏။
ထင်မှတ်မထားသည်မှာ လက်တစ်ဖက်က သူ၏ နောက်ဘက်မှ ဆန့်ထွက်လာခြင်းပင်။ “ပေးစမ်းပါ ... ကျုပ် ကူပြီး ပေါင်ပေးမယ်။”