← Chapters

အခန်း (၄၉၆-၄၉၇)

Vol. 27 Ch. 496-497

အခန်း (၄၉၆-၄၉၇)

Vol. 27 Ch. 496-497

အပိုင်း (၄၉၆) ကျုပ်က စာပေပညာတတ်မျိုးရိုးက ဆင်းသက်လာတာ။

စာဖတ်ဖော်ဖြစ်သွားရင် အပြင်ကို လွတ်လွတ်လပ်လပ် ထွက်ခွင့်ရမည်ဆိုတော့ အများကြီး ပိုအဆင်ပြေသွားမည်။

နားထောင်ရတာ မဆိုးလှပေ။ ဤရက်ပိုင်း ချူအိမ်တော်မှာ ရှိနေစဉ်အတွင်း ခိုးထွက်ရသည်က အတော်လေး ဒုက္ခများသည်။

မည်သို့ပင်ဆိုစေကာမူ အပြင်ဘက်၌ သူ၏ ညီအစ်ကိုများက သူ့အား လိုက်လံရှာဖွေနေကြလောက်ပြီ ဖြစ်သည်။ သူသည် ချူအိမ်တော်အတွင်း၌သာ အစဉ်အမြဲ ပုန်းအောင်းနေ၍ ရမည် မဟုတ်ချေ။

ကြာလျှင် တကယ်တမ်း အိမ်စေတစ်ဦးအဖြစ် ဘဝဆုံးသွားရတော့မည် မဟုတ်ပါလော။

အချိန်ကာလကို တွက်ဆကြည့်မည်ဆိုလျှင် ဤရက်ပိုင်းအတွင်း ယွီတင့်မြို့အထိ လိုက်လံရှာဖွေလာမည့်သူ ရှိလောက်သည်။ သူ ပျောက်ဆုံးနေခဲ့သည်မှာ ရက်အတန်ကြာမြင့်နေပြီ ဖြစ်ရာ ကျိုးထျဲ့တို့တစ်စု မည်မျှစိုးရိမ်ပူပန်နေကြမည်ကို မှန်းဆ၍ပင် မရနိုင်ပေ။

"စာဖတ်ဖော် ရွေးဖို့ ဘာသတ်မှတ်ချက်တွေ ရှိလဲ။"

ရှင်းကျူးက ခဏစဉ်းစားပြီးနောက် ပြန်ဖြေသည်။ "ဘာသတ်မှတ်ချက်မှ သိပ်မရှိပါဘူး။ စာရေးတတ်၊ ဖတ်တတ်ရင် ရပြီထင်တယ်။ ဘာလို့လဲဆိုတော့ ခြံဝန်းထဲက အိမ်စေတွေထဲမှာ စာတတ်တဲ့သူ သိပ်မရှိဘူးလေ။ မနက်ဖြန် အကြီးဆုံးသခင်မလေးရော၊ ဒုတိယသခင်မလေးပါ ရှိလိမ့်မယ်။ အဓိကတော့ အကြီးဆုံး သခင်မလေးကပဲ ကြည့်ပြီး ရွေးမှာပါ။"

"ဒါဆို ငါက ဒုတိယသခင်မလေးရဲ့ ခြံဝန်းထဲက အိမ်စေဖြစ်နေပေမဲ့ တောင်ဘက်ခြံဝန်းကို သွားပြီး အရွေးခံလို့ ရပါ့မလား။"

ရှင်းကျူးက ပြုံးလျက် ဆို၏။ "ကျွန်မ ရှိနေတာပဲ... ပြဿနာမရှိပါဘူး။ မနက်ဖြန် မနက်ပိုင်း ရှင် တစ်ခါတည်း သွားလိုက်ရုံပဲ။ စိတ်ချရတယ်။"

“ကောင်းပြီလေ။”

...

နောက်တစ်နေ့မနက် အိပ်ရာထ၊ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် ဖန်ကျန်းရီသည် စာဖတ်ဖော်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် တောင်ဘက်ခြံဝန်းသို့ သွားရန် ပြင်ဆင်လိုက်သည်။

လိုင်ကောက်အာ က မြင်သောအခါ စိုးရိမ်တကြီးဖြင့် ပြောသည်။ "အစ်ကိုကြီး... ခင်ဗျား တကယ်သွားမလို့လား။ ခင်ဗျား စာဖတ်ဖော် သွားလုပ်ရင် ကျုပ် ဘယ်လိုလုပ်ရမလဲ။"

"ငါက မင်းအတွက် ရှင်းကျူးကို အပိုင်ကြံပေးဖို့ သွားတာလေ။ မင်း ငါ့အလုပ်တွေကို ကူလုပ်ပေးထားရင် ရပြီ။"

"အာ..."

လိုင်ကောက်အာ မျက်နှာတွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လာပြီး အလုပ်များကို ဆက်လက် လုပ်ကိုင်နေတော့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဖန်ကျန်းရီမှာ စကားပင်မဆိုနိုင်တော့ချေ။ လိုင်ကောက်အာကို ပြောခြင်းမဟုတ်၊ မိမိကိုယ်ကို ပြောခြင်းဖြစ်သည်။

ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေက သာမန်လူတစ်ယောက်ဆိုရင် တကယ်ကို လက်ခံနိုင်မှာ မဟုတ်ပေ။

သူတောင်းစားဘဝကနေ အိမ်စေဖြစ်လာပြီး အခု စာဖတ်ဖော်တောင် သွားလုပ်ရအုံးမယ်။ ရက်ပိုင်းလေး အတွင်းမှာပဲ အပြောင်းအလဲတွေက အများကြီး ဖြစ်လာတယ်။ မကြာခင် ကြုံရာလုပ်ရမယ့် အထွေထွေ လုပ်သားကြီးတောင် ဖြစ်လာနိုင်တယ်။

သို့ပေမည့် သူကိုယ်တိုင်က အောက်ခြေကနေ ရုန်းကန်လာခဲ့ရသူဖြစ်ပြီး အတွေ့အကြုံလည်း များပြားသဖြင့် ယခုလို အခြေအနေမျိုးကို ကောင်းကောင်း ကိုင်တွယ်နိုင်ခြင်းဖြစ်သည်။

တောင်ဘက်ခြံဝန်းသို့ ရောက်သောအခါ ခြံဝန်းထဲတွင် ရင်ကော့ခေါင်းမော့ကာ ရပ်နေကြသော အိမ်စေအချို့ကို တွေ့ရသဖြင့် ဖန်ကျန်းရီလည်း အသံတိတ်ပင် သူတို့ကြားထဲ ဝင်ရောက်သွားလိုက်၏။

သူ့ဘေးနားရှိ အိမ်စေတစ်ယောက်က သူ့ကို မျက်စောင်းထိုးကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။ "ရှင်က ဘယ်သူလဲ။ တောင်ဘက်ခြံဝန်းကလား။ တစ်ခါမှ မမြင်ဖူးပါဘူး။"

"မဟုတ်ပါဘူး။ ဒီနေ့ စာဖတ်ဖော် ဘယ်လိုရွေးမလဲဆိုတာ ခင်ဗျား သိလား။" ဖန်ကျန်းရီက သူ့ကို တစ်ချက် ကြည့်လိုက်သည်။

ဤအိမ်စေက ရုပ်ရည်သန့်ပြန့်ပြီး အသားလေး အနည်းငယ်ညိုသည်။ ခပ်မိုက်မိုက် ကောင်လေးတစ်ယောက်၏ ပုံစံမျိုး ပေါက်နေသည်။

"ညီအစ်ကို... ငါ မင်းကို ပြောမလို့။ မင်းက အပြင်ခြံဝန်းကလာပြီး ဒုတိယသခင်မလေးကို မျက်နှာလာ လုပ်ချင်တာလား။ မင်း စာရောတတ်လို့လား။ ကဗျာတွေ လင်္ကာတွေဆိုရင် ငါ မရတာ မရှိဘူး။ ဒီတစ်ခေါက် စာဖတ်ဖော်နေရာက ငါ့အတွက် သီးသန့်ပဲ။"

"ဟားဟား။"

ဖန်ကျန်းရီက မျက်စိကို ဘေးမလွှဲဘဲ အရှေ့ကိုသာ တည့်တည့်ကြည့်နေရင်း ဒုတိယသခင်မလေးနှင့် ရှင်းကျူးတို့ အိမ်ထဲမှ ထွက်လာသည်ကို မြင်လိုက်ရ၏။

ချက်ချင်း နဂါးလက်သည်းသိုင်းကွက်ကို သုံးကာ ဘေးနားရှိ အိမ်စေ၏ ပေါင်ကြားဆီသို့ ရုတ်တရက် လှမ်းနှိုက်လိုက်သည်။

"အော့... ချီးပဲ..."

အိမ်စေမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေကြီးပေါ်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ရသည်။

ချူယိုယီ အိမ်ပြင်သို့ ခြေချလိုက်သည်နှင့် အော်သံကို ကြားလိုက်ရသဖြင့် လန့်သွားကာ မျက်နှာလည်း ပျက်သွား၏။

သူမက အိမ်စေကို ကြည့်ကာ အလျင်အမြန် မေးလိုက်သည်။ "ရှင် ဘာဖြစ်သွားတာလဲ။"

"ခွေးကောင်... ဒုတိယ... သခင်မလေး... သူက ခိုးပြီး... အော့..." အိမ်စေက စကားကို ပြတ်တောင်းပြတ်တောင်း ပြောနေစဉ်မှာပင် ဖန်ကျန်းရီကလည်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထိုအိမ်စေ၏ တင်ပါးအနောက်ဘက်မှနေ၍ နောက်တစ်ချက် ထပ်နှိုက်လိုက်ပြန်၏။

နဂါးလက်သည်းသိုင်း နောက်တစ်ကွက် ထပ်မံ ထွက်ပေါ်သွားခြင်းဖြစ်သည်။

"ဒုတိယသခင်မလေး... သူ ရုတ်တရက် ရောဂါဖောက်လာလို့ပါ။ မြန်မြန် ဆရာဝန်ဆီ ပို့လိုက်ပါတော့။" ဖန်ကျန်းရီက အော်ပြောလိုက်၏။

စကားတစ်ဝက်တွင် အိမ်စေ၏ အောက်ပိုင်းမှာ ထပ်မံ၍ ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရပြန်သည်။

ထိုသူက စကားဆက်မပြောနိုင်တော့ဘဲ အေးစက်သော လေများကိုသာ ရှိုက်သွင်းနေရသည်။ သွေးဆုတ်နေသော မျက်နှာဖြင့် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေရင်း ယိုင်တိုင်တိုင်ပင် ဖြစ်လာကာ နဖူးမှ ချွေးစေးများ စီးကျလာ၏။

သောက်ကျိုးနည်း... သူ စဉ်းစား၍ မရပေ။ ဘယ်နေရာမှာများ မှားသွားလို့ ဒီခွေးကောင်က သူ့ကို ရုတ်တရက်ကြီး လာချောင်းရိုက်ရသနည်း။

"မြန်မြန်... လူလာကြအုံး။ သူ့ကို အခန်းထဲ ပြန်သယ်သွားပြီး ဆရာဝန် ခေါ်ပြလိုက်ကြ။" ချူယိုယီက ပြောလိုက်သည်။

"ကျုပ်... စီး... အွတ်..." အိမ်စေက စကားပြောရန် ကြိုးစားနေသေးသည်ကို မြင်သောအခါ ဖန်ကျန်းရီက ရက်စက်စွာပင် နောက်တစ်ချက် ထပ်နှိုက်လိုက်ပြန်သည်။

သူ၏ အားအင်ထိန်းချုပ်မှုက အလွန် သပ်ရပ် ကောင်းမွန်လှ၏။

သုံးချက်ဆက်တိုက် ပြင်းထန်သော တိုက်ခိုက်မှုများအပြီးတွင်တော့ အိမ်စေမှာ သတိလစ်သွားပြီး အခြားသူများ၏ သယ်ဆောင်သွားခြင်းကို ခံလိုက်ရတော့သည်။

သယ်ဆောင်သွားခံရသော အိမ်စေကိုကြည့်ရင်း ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိချေ။

ဟမ့်... ပြိုင်ဘက် တစ်ယောက် လျော့သွားပြီ။

ချူယိုယီက သယ်သွားခံရသော အိမ်စေကို စိုးရိမ်တကြီး ကြည့်ရင်း ရှင်းကျူးကို ပြောလိုက်သည်။ "သူ အိမ်မှာ အလုပ်လုပ်နေတာ နှစ်တော်တော်ကြာနေပြီလို့ ငါ မှတ်မိတယ်။ ဘယ်လိုဖြစ်လို့ ဒီလို ထူးဆန်းတဲ့ရောဂါမျိုး ရှိနေရတာလဲ။"

ရှင်းကျူးကလည်း နားမလည်နိုင်စွာဖြင့် ဖြေလိုက်၏။ "မသိပါဘူး။ အဲဒါ လင်ရှန်း မဟုတ်လား။ အခု ရောဂါ ဖောက်လာတာ ကံကောင်းသွားတယ်။ မဟုတ်ရင် သခင်မလေးနဲ့အတူ ရှိနေတုန်း ဖောက်ရင် ဘာအန္တရာယ်တွေများ ဖြစ်လာမလဲ မသိနိုင်ဘူး။ အကြီးဆုံးသခင်မလေး... မင်္ဂလာပါ။"

ချူချင်ဟန်က ချူယိုယီ၏ ဘေးသို့ လျှောက်လာပြီး အောက်ဘက်ရှိ အိမ်စေများကို ကြည့်ကာ မေးလိုက်သည်။ "ခုနက ဘာတွေ ဆူညံနေတာလဲ။ လူတွေ စုံပြီမလား။ အဲဒါဆိုရင် သူတို့ကို စက္ကူနဲ့ စုတ်တံတွေ ပေးလိုက်ပြီး စာတချို့ ရေးခိုင်းလိုက်။"

"အစ်မ... ဒီလောက် ရိုးရှင်းတာလား။" ချူယိုယီက မေးလိုက်သည်။

"ဒါဆို ဘာလုပ်ရအုံးမလဲ။ စာဖတ်ဖော်ဆိုတာ ဘာလုပ်ရမှာလဲ... နင့်ကို စာသင်ကျောင်းပို့မယ်၊ ပြီးရင် အိမ်ပြန် ခေါ်လာပေးမယ်။ စာဖတ်တတ်၊ စာရေးတတ်ပြီး အပြင်ရောက်ရင် စကားလေးနည်းနည်း ပြောတတ်ရင် လုံလောက်ပြီ မဟုတ်လား။ အစ်မ အဲဒီတုန်းက သွားခဲ့တာဆိုရင် စာဖတ်ဖော်တောင် မပါဘူး။" ချူချင်ဟန်က အေးအေးဆေးဆေး ပြောလိုက်သည်။

ဖန်ကျန်းရီက ယခုမှ ထွက်ပေါ်လာသော အကြီးဆုံးသခင်မလေးကို ကြည့်ပြီး အံ့သြသွားမိသည်။

တကယ်ကြီး ဂေါ်ရီလာမျောက်ဝံကြီး မဟုတ်ဘူးပဲ။ ဂေါ်ရီလာ မဟုတ်တဲ့အပြင် အရမ်းတောင် လှနေသေးတယ်။

3D အန်နီမေးရှင်း ကာတွန်းတွေထဲက Tifa လိုမျိုးပဲ... ခြေတံကလည်း တော်တော်ရှည်တယ်။

ဒီမိန်းကလေး အရင် စာသင်ကျောင်းသွားတုန်းက အတူတက်ခဲ့ရတဲ့ ကျောင်းသားတွေက ဘယ်လောက်တောင် မျက်စိမပါလို့များ သွားတိုင်ရတာလဲ။ ရိုက်ခံရတာ လုံးဝ ထိုက်တန်တယ်။

ဒါပေမဲ့ ချူအိမ်တော်က မျိုးရိုးဗီဇ တော်တော်ကောင်းတာပဲ။ ညီအစ်မ နှစ်ယောက် ယှဉ်ရပ်နေတာလေးကတင် ရှုခင်းတစ်ခုလို လှပနေတယ်။

လူတိုင်း၏ ရှေ့တွင် စက္ကူ၊ စုတ်တံ၊ မင်တုံးများ ချထားပေးလိုက်သည်။

ချူချင်ဟန်က စကား စတင်ပြောလိုက်သည်။ “ရှင်တို့တွေ အခု စရေးလို့ရပြီ။ စက္ကူပေါ်မှာ ကြိုက်တာရေးလို့ရတယ်။ ရေးပြီးသွားရင် ဘေးမှာရပ်ပြီး စစ်ဆေးဖို့ စောင့်နေကြ။"

စကားဆုံးသည်နှင့် လူတိုင်းက စုတ်တံကို ကိုင်ကာ စတင်ရေးသားကြတော့၏။

ဖန်ကျန်းရီကတော့ အလျင်မလိုသေးဘဲ ဘယ်ညာ ဝဲယာကို လိုက်လံကြည့်ရှုနေသည်။

ခဏလောက် ကြည့်ပြီးနောက် သူ၏စိတ်ထဲတွင် သေချာသွားသည်။ တစ်ယောက်ချင်းစီ ရေးထားတာတွေက မူလတန်းကျောင်းသား စာစီစာကုံးရေးထားသလိုပင်။

မနေ့က ဘာဟင်းစားခဲ့တယ်ဆိုတာတွေ၊ အိမ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာမျိုးတွေသာ ဖြစ်သည်။

လက်ရေးတွေကလည်း အရုပ်ဆိုးလှ၏။

စုတ်တံကို ကိုင်ကာ ခဏစဉ်းစားပြီးနောက် ဖန်ကျန်းရီက စက္ကူပေါ်တွင် ကဗျာတစ်ကြောင်းကို လျင်မြန်စွာ ရေးချလိုက်ပြီး စုတ်တံကို ပြန်ချလိုက်သည်။

သေချာပြီ။ နိုင်ပြီ။

သူက နောက်ဆုံးမှ စရေးသော်လည်း အမြန်ဆုံး ပြီးသွားခဲ့သည်။

ဘေးနားရှိ အခြားသူများလည်း တဖြည်းဖြည်းနှင့် စုတ်တံချကာ ဘေးတွင် ဝင်ရပ်နေကြပြီဖြစ်သည်။

သူတို့အားလုံးက ပညာရေး သိပ်မရှိကြသဖြင့် ရိုးရိုးရှင်းရှင်း စကားလုံးများကိုသာ ရေးချကြပြီး စာလုံးရေ အများကြီးလည်း မရေးနိုင်ကြပေ။

နန်းတော်ထဲက အမတ်တွေလိုမျိုး စာရှည်ကြီးတွေ ရေးနိုင်ဖို့ဆိုသည်ကတော့ သဘာဝကျကျပင် မဖြစ်နိုင်ပေ။

ချူချင်ဟန်က လှေကားပေါ်မှ ဖြည်းညင်းစွာ ဆင်းလာပြီး စတင်စစ်ဆေးတော့သည်။

မည်သူမျှ မဖြေဆိုရသေးခင် ပထမတစ်ပတ်တွင် သူမက အားလုံး၏ လက်ရေးအဆင့်အတန်းကို အကဲခတ်ရန်သာ အမြန် လျှောက်ကြည့်လိုက်၏။

ထင်ထားသည့်အတိုင်းပင် ဖန်ကျန်းရီကတော့ လျစ်လျူရှုခံလိုက်ရသည်။

ချူချင်ဟန်က စိတ်ထဲတွင် အမှတ်ပေးပြီးနေပြီဖြစ်၏။

ဖန်ကျန်းရီသည် ချူအိမ်တော်၏ အိမ်စေများထဲမှ စာဖတ်ဖော်ရွေးချယ်ပွဲ လက်ရေးပြိုင်ပွဲတွင် အဆင့်ငါးနေရာကို အောင်မြင်စွာ ရရှိခဲ့သည်။

တစ်ပတ်ပတ်ပြီးနောက် ချူချင်ဟန်က စက္ကူပေါ်ရှိ အကြောင်းအရာများကို တစ်ယောက်ချင်းစီ သေချာစွာ စစ်ဆေးတော့သည်။ တချို့ကို ခေါင်းညိတ်ပြပြီး တချို့ကိုတော့ ခေါင်းခါပြသည်။

လူအများစုက နေ့စဉ်မှတ်တမ်းပုံစံမျိုး ရေးထားကြပြီး ဉာဏ်နည်းနည်းကောင်းသူများကတော့ ချူအိမ်တော်ကို ကျေးဇူးတင်ကြောင်း၊ ဒုတိယသခင်မလေးကို ကျေးဇူးတင်ကြောင်း စသည်ဖြင့် ရေးထားကြ၏။

သိပ်ပြီး ဆန်းသစ်မှု မရှိလှပေ။ ပညာနည်းနည်း တတ်သူများကတော့ ပညာရှိကြီးများ၏ စကားအချို့ကို ရေးထားကြသည်။

သူတို့ နည်းနည်းတော့ သိကြသည်။ သို့ပေမည့် အများကြီးတော့ မဟုတ်ပေ။

ဖန်ကျန်းရီ ရှေ့သို့ ပြန်ရောက်လာသောအခါ ချူချင်ဟန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ မျက်နှာထားက တဖြည်းဖြည်း လေးနက်လာပြီး တိုးညင်းသောအသံဖြင့် မနေနိုင်စွာ ရွတ်ဆိုလိုက်မိသည်။ "နိုင်ငံတော်အတွက် အကျိုးရှိမည်ဆိုပါက အသက်ကိုပင် စတေးဝံ့၏။ ကံကောင်းခြင်း၊ ကံဆိုးခြင်းတို့ကြောင့် ရှောင်လွှဲ ပုန်းရှောင်နေမည်လား။ ဒါရှင် ရေးတာလား။"

ငါ သေရင်တောင် ဝန်ခံလို့ မဖြစ်ဘူး။

ဖန်ကျန်းရီက စိတ်ထဲက တွေးလိုက်သည်။ မဟုတ်လျှင် နောက်ကနေ လိုက်လာမည့် မေးခွန်းတွေ အများကြီးကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ဤသို့သော ကိစ္စမျိုးကို သူ အရင်ကတည်းက အတွေ့အကြုံ ရှိပြီးသားဖြစ်သည်။

ခဏတာ စဉ်းစားပြီးနောက် ဖန်ကျန်းရီက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ "အကြီးဆုံးသခင်မလေး... ဒါ ကျုပ်ရေးတာ မဟုတ်ပါဘူး။"

"ဒါဆို ဒီကဗျာကို ဘယ်သူရေးတာလဲ။" ချူချင်ဟန်က ထိုကဗျာကို စိတ်ထဲတွင် ထပ်ခါတလဲလဲ တွေးတောရင်း လေးစား ချီးကျူးမိနေသည်။

ဤမျှကြီးမားသော မျိုးချစ်စိတ်ဓာတ်က သာမန်လူတွေ၌ ရှိနိုင်သော အရာမျိုးမဟုတ်တာ သေချာ၏။

"အကြီးဆုံးသခင်မလေးကို ပြန်လည်လျှောက်တင်ပါရစေ။ ဒါ ကျုပ်အဖေ ရေးခဲ့တာပါ။ အမှန်အတိုင်းပြောရရင် ကျုပ်တို့က စာပေပညာတတ်မျိုးရိုးက ဆင်းသက်လာတာပါ။"

အပိုင်း (၄၉၇) စမ်းသပ်မှု သုံးရပ်။

"ကျုပ်အဖေက အမြဲတမ်း တိုင်းပြည်ကို အကျိုးပြုချင်တဲ့ ဆန္ဒရှိခဲ့တာ။ နောက်ပိုင်း စစ်ထဲမဝင်ခင်မှာ ဒီကဗျာကို ရေးဖွဲ့ခဲ့တာပါ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက အဲဒီတုန်းက ကျုပ်က အရွယ်ငယ်သေးတော့ ဒီတစ်ကြောင်းပဲ မှတ်မိလိုက်တာ။ တကယ်ကို ရှက်စရာကောင်းပါတယ်။" ဖန်ကျန်းရီက နှမြောတသဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်လေသည်။

ချူချင်ဟန်မှာ စိတ်ဝင်စားသွားပြီး ဆက်လက် မေးမြန်းလိုက်၏။ "ရှင်အဖေက ဒီလောက် ပါရမီပါတာကို သူ ဘယ်ရောက်သွားလို့လဲ။ ပြီးတော့ ရှင်က ဘာဖြစ်လို့ ကျွန်မတို့ ချူအိမ်တော်မှာ လာပြီး အိမ်စေ လုပ်နေရတာလဲ။"

ဖန်ကျန်းရီက နာကျင်ရိပ်သန်းနေသော မျက်နှာဖြင့် ခေါင်းခါလျက် ပြန်လည်ဖြေကြားလေသည်။ "စစ်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ ကျုပ်အဖေကို ရှာလို့ မတွေ့တော့ပါဘူး။ ကျုပ်အဖေ စစ်မြေပြင်ကို ထွက်သွားပြီးတဲ့နောက် အိမ်မှာ ကျုပ်နဲ့ အမေ နှစ်ယောက်ပဲ ကျန်ခဲ့တာ။ နောက်ပိုင်း စီးပွားပျက်ပြီး ဒီလိုဘဝကို ရောက်ခဲ့ရတာပါ။ ကျုပ်အမေက အဖေ့ကို အမြဲတမ်း သတိရပြီး လိုက်ရှာဖို့ ဆန္ဒရှိခဲ့တယ်။ ပြီးတော့ ကျုပ်ကိုယ်ပေါ်မှာ စာတောင် ထိုးပေးခဲ့သေးတယ်။"

စကားအဆုံးတွင် ဖန်ကျန်းရီက ပခုံးပေါ်မှ အင်္ကျီကို လှန်ချလိုက်ရာ ပခုံးနောက်ကျောဘက်၌ ထိုးထားသော [တိုင်းပြည်အတွက် သစ္စာရှိရှိ အမှုထမ်းမည်] ဟူသည့် စာလုံးလေးလုံး ပေါ်ထွက်လာလေ၏။

ထိုစာလုံးများမှာ အမှန်စင်စစ် ဧကရာဇ်မင်းကြီး တောက်ယွမ်ခရိုင်သို့ မဝင်ရောက်လာမီကပင် ကြိုတင် ရေးထိုးထားခဲ့ခြင်း ဖြစ်ပေသည်။ စစ်ပွဲပြီးဆုံးသွားပြီးနောက် နန်းတော်မှ သိရှိသွားမည့် တစ်နေ့၌ သူ၏ မျိုးချစ်စိတ်ဓာတ်ကို ထုတ်ဖော်ပြသရန် ရည်ရွယ်ထားခြင်းပင် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဤနည်းလမ်းမှာ ရှေးယခင်မှစ၍ ယနေ့ခေတ်တိုင်အောင် မည်သည့်အချိန်၌မဆို အသုံးဝင်လှသော လက်နက်တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။

မျိုးချစ်စိတ်ဟူသည်မှာ လုံခြုံသော နေရာ၌ ရှိနေသရွေ့ ပါးစပ်မှ နှစ်သက်သလောက် အော်ဟစ်နေ၍ ရနိုင်သည်။ တကယ်တမ်း စစ်မြေပြင်သို့ သွားရောက်ကာ မိမိ၏ အသက်ကို စတေးရန် မလိုအပ်သောကြောင့်ပင်။

ထို့အပြင် ကိုယ်ကျင့်တရား အမြင့်ဆုံးနေရာမှ ရပ်တည်ကာ အခြားသူများအား လက်ညှိုးထိုး ဝေဖန်၍ ရနိုင်သေးသည်။ နှစ်သက်သလို စွပ်စွဲနိုင်ပြီး မည်သည့် အရင်းအနှီးမှလည်း မလိုအပ်ချေ။

"ကျုပ်က ငယ်ငယ်တည်းက စာများများစားစား မသင်ခဲ့ရပေမဲ့ မိဘတွေရဲ့ ဆုံးမစကားကို တစ်ခါမှ မမေ့ခဲ့ပါဘူး။ ဒီကဗျာကိုလည်း ရင်ထဲမှာ အမြဲ မှတ်ထားပါတယ်။"

ဖန်ကျန်းရီက အင်္ကျီကို တိတ်တဆိတ် ပြန်လည် ဆွဲတင်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

ချူချင်ဟန်မှာ ထိုစကားများကို ကြားပြီးနောက် သိသိသာသာပင် တုန်လှုပ်သွားသည်။ ကဗျာဟူသည်မှာ အခြားနေရာမှ ကူးချလာ၍ ရနိုင်သော်ငြား ဤတက်တူး (ဆေးမင်ကြောင်) မှာမူ ချက်ချင်းကြီး ထိုးနှံလာခဲ့ခြင်းမျိုး လုံးဝ မဖြစ်နိုင်ပေ။

မည်သူမှ အကြောင်းပြချက်မရှိဘဲ ခန္ဓာကိုယ်ပေါ်၌ 'တိုင်းပြည်အတွက် သစ္စာရှိရှိ အမှုထမ်းမည်' ရေးထိုးနေမည် မဟုတ်ချေ။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် သူပြောသမျှမှာ အမှန်ပင် ဖြစ်ရပေမည်။

ချူချင်ဟန်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။ "ရှင်အဖေက တကယ်ကို မြင့်မြတ်တဲ့သူပဲ။ ရှင်အမေကလည်း တရားသဘောကို နက်နက်နဲနဲ နားလည်တဲ့သူပဲ ဖြစ်ရမယ်။"

"ရှင်နာမည် ဘယ်လိုခေါ်လဲ။"

"ဖန်ထန်ကျင့် လို့ ခေါ်ပါတယ်။"

"ကောင်းပြီ။ ဒီနေ့ကစပြီး ရှင်က ယိုယီရဲ့ စာဖတ်ဖော်ပဲ။"

"အကြီးဆုံးသခင်မလေး... ကျုပ်တို့ကို မစစ်ရသေးဘူးလေ။"

နောက်ဘက်၌ စစ်ဆေးခံခွင့် မရလိုက်သော အိမ်စေများက ချက်ချင်းပင် အော်ဟစ်လိုက်ကြသည်။

ချူချင်ဟန်က မျက်နှာထား တင်းမာသွား၏။ "ကျွန်မက ဘယ်သူဆိုရင် ဘယ်သူပဲ။ အကုန်လုံး လူစုခွဲကြတော့။"

ဖန်ကျန်းရီမှာ စိတ်တွင်း၌ ခိုး၍ ရယ်မောလိုက်သည်။

လွယ်ကူလှသည် ... အလွန်ကို လွယ်ကူလွန်းလှသည်။ ဤတစ်ကြိမ် နေရာသစ်သို့ ပြောင်းရွှေ့လာခြင်းမှာ ငရဲခန်း၏ အစပြုရာဟု ဆိုနိုင်သော်ငြား ယခုအချိန်၌မူ သံသယဖြစ်စရာမလိုဘဲ ပေါ့ပါးသည့် ခက်ခဲမှုလေး အဖြစ်သာ ရှိနေခဲ့၏။

သူက အဆင့်အမြင့်ဆုံးသို့ ရောက်ရှိနေသူဖြစ်ရာ ဤအခက်အခဲလောက်ကို အေးဆေးစွာပင် အနိုင်ယူနိုင်သည်။

ချူချင်ဟန် တစ်နေရာတည်း၌ အချိန်အတော်ကြာ ရပ်နေသည်ကို မြင်တွေ့ရသောအခါ ချူယိုယီက ရှင်းကျူးကို ခေါ်ဆောင်ကာ လျှောက်လှမ်းလာခဲ့သည်။ ဖန်ကျန်းရီကို မြင်သည်နှင့် သိချင်စိတ်ဖြင့် ချက်ချင်း မေးမြန်းလိုက်၏။ "ဟင်... ရှင်က ဟို ဖန်ထန်ကျင့် မဟုတ်လား။ ရှင် ဘယ်လိုလုပ်ပြီး တောင်ဘက်ခြံဝန်းကို ရောက်လာတာလဲ။"

"အော်... ရှင်းကျူးက ဒီမှာ အိမ်စေရွေးနေတယ်လို့ ပြောပြပြီး လာစမ်းကြည့်လို့ရတယ်ဆိုလို့ လာခဲ့တာပါ။"

ရှင်းကျူးက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ "အင်း.. အင်း။ ဖန်ထန်ကျင့်က တော်တော် အရည်အချင်းရှိတယ်။ စကားပြောလည်း ကောင်းတယ်။"

"ဟင်... ဟုတ်လို့လား။"

ချူယိုယီ၏ အကြည့်များမှာ ဖန်ကျန်းရီအား သံသယဖြင့် အကဲခတ်နေ၏။ "ဟိုတစ်နေ့က ယွီဟွာ စားသောက်ဆိုင်မှာတော့ ရှင်က တော်တော်လေး ဟန်ကျနေတာပဲ။ စားတဲ့နေရာမှာတော့ ရှင်က တော်တော်ကျွမ်းကျင်ပုံရတယ်။"

"မင်းတို့တွေ ယွီဟွာစားသောက်ဆိုင်မှာ တွေ့ခဲ့ကြသေးတာလား။" ချူချင်ဟန်က မေးလိုက်သည်။

"တွေ့ဖူးတာပေါ့။ ဒီလူက ယွီဟွာစားသောက်ဆိုင်မှာ ထမင်းစားတာကို ဟိုရွေးဒီရွေးနဲ့... သူ့ပါးစပ်က ညီမလေးထက်တောင် အစားပိုရွေးသေးတယ်။" ချူယိုယီက မကျေမနပ်ဖြင့် ပြောလိုက်၏။

"ဒါက... အဖေ စစ်ထဲမဝင်ခင်တုန်းက ကျုပ် စားသောက်ဆိုင်တွေကို ခဏခဏ သွားလေ့ရှိတာကိုး။ ပြီးခဲ့တဲ့တစ်ခေါက်က ကျုပ် ပိုက်ဆံတော်တော်များများ စုထားတာ။ အခုမှ ခင်မင်တဲ့ ညီလေးကို ထမင်းကောင်းကောင်း တစ်နပ်ဝယ်ကျွေးမယ်လို့ ကတိပေးထားတာလေ။ သူ့အိမ်က ဆင်းရဲတော့ ကောင်းကောင်းမွန်မွန် ဘာမှ မစားဖူးဘူး။

စားသောက်ဆိုင်က ကျုပ်တို့ ဆင်းရဲတာကိုမြင်တော့ ဟင်းတွေကို ဖြစ်သလို ချက်ပေးလိုက်တာ။ အဲဒီအချိန်မှာ ဒုတိယသခင်မလေးနဲ့ ဆုံလိမ့်မယ်လို့ မထင်ထားမိဘူး။ ရယ်စရာ ဖြစ်သွားရပါပြီ... ရယ်စရာ ဖြစ်သွားရပါပြီ။"

ဖန်ကျန်းရီက နှိမ့်ချမှုမရှိ၊ မောက်မာမှုမရှိဘဲ ပြန်လည် ဖြေကြားလိုက်သည်။

"လျှောက်ပြောနေတာပဲ။ အဲ့ဒီနေ့က ကျွန်မ ရှင်ကို ထမင်းဝယ်ကျွေးမယ်လို့ ပြောတော့ ရှင် ဟင်းပွဲပေါင်း ဆယ်ဂဏန်းလောက်တောင် မှာလိုက်သေးတယ်။ ရှင် အကုန်စားနိုင်လို့လား။" ချူယိုယီက ခါးထောက်ကာ မေးခွန်းထုတ်လိုက်၏။

"ဒုတိယသခင်မလေး... အဲဒါကတော့ ကျုပ်ကို အထင်လွဲတာပါ။ ကျုပ်က သေချာပေါက် အကုန်မစားနိုင်ပါဘူး။ တကယ်တော့ ကျုပ်နဲ့ တစ်ခန်းတည်းနေတဲ့ တခြားလူတွေအတွက်ပါ ယူသွားပေးချင်လို့ပါ။ သူတို့က ဒီလိုကောင်းတဲ့ ဟင်းတွေကို တစ်ခါမှ မစားဖူးဘူးလေ။ ဒါကြောင့် ကျုပ်လည်း အဲဒီတုန်းက အများကြီး မစဉ်းစားမိဘဲနဲ့ မှာလိုက်မိတာပါ။ ဒုတိယသခင်မလေးကို တကယ်အားနာပါတယ်။ ထမင်းဖိုးကို ကျုပ်လစာ ထဲကနေပဲ နုတ်လိုက်ပါတော့။"

ရှင်းကျူး၏ မျက်လုံးများမှာ အရောင်လက်သွားသည်။

ဤသည်မှာ အမှန်ပင် ဖြစ်သည်။ ယမန်နေ့ညက ကြက်ကြော်ကဲ့သို့ အရသာရှိလှသော အစားအစာကိုပင် သူ တစ်လုတ်မျှ မစားဘဲ သူမနှင့် လိုင်ဖူကိုသာ အကုန်အစင် ခွဲဝေကျွေးမွေးခဲ့သည်။ တကယ်ကို ဤကဲ့သို့သော လူစားမျိုးဖြစ်ကြောင်း သိသာထင်ရှားလှ၏။

"သခင်မလေး... ကျွန်မ သက်သေခံပေးနိုင်ပါတယ်။ သူပြောတာ တကယ်ပါ။" ရှင်းကျူးက ဝင်ရောက် ဖြည့်စွက် ပြောဆိုလိုက်သည်။

"ရှင်းကျူး နင်က... နင် သူ့အကြောင်းကို အဲ့လောက်တောင် ကောင်းကောင်းသိနေတာလား။"

ချူယိုယီမှာ အနည်းငယ် မကျေမနပ် ဖြစ်သွား၏။

ရှင်းကျူးက ဘယ်ဘက်ကပါသနည်း။ ဤဖန်ထန်ကျင့်ဘက်မှသာ အမြဲတမ်း ဝင်ရောက် ပြောဆိုပေးနေသည်။ ထိုသူ၏ လှည့်စားမှုကိုများ ခံလိုက်ရပြီလား။

ချူချင်ဟန်မှာ ကြားပြီးနောက် ပို၍ လေးနက်သွားကာ ဖန်ကျန်းရီကို လေးစားသော အကြည့်ဖြင့် ကြည့်ရှုလိုက်သည်။

အရပ်အမောင်းကလည်း ကောင်းမွန်ကာ ရုပ်ရည်ကလည်း သန့်ပြန့်ပြီး အခြေခံလည်း ခိုင်မာသည်။ ထို့အပြင် သံယောဇဉ်ကြီးမားပြီး အခြားသူများကိုလည်း ဂရုတစိုက် ရှိတတ်သေး၏။

သူ၏ စိတ်နေသဘောထားမှာလည်း အတော်လေး ကောင်းမွန်ပုံရသည်။ ရိုးသားသော သူတစ်ယောက်ပင်။

ဤသို့သော လူစားမျိုးမှာ အတော်လေး ထူးချွန်လှသည်။ လုံးဝကို ရိုးသားပြီး ယုံကြည်စိတ်ချရ၏။ မိသားစု စီးပွားရေးပျက်ယွင်းကာ ဤသို့သော ဘဝသို့ ရောက်မသွားခဲ့ဘူးဆိုပါလျှင် ယခုအချိန်၌ ယဉ်ကျေးပျူငှာသော စာပေပညာရှင် တစ်ဦးပင် ဖြစ်နေလောက်ပေပြီ။

"ယိုယီ... ဆက်မပြောပါနဲ့တော့။ ငါ ကြည့်ရသလောက် ဖန်ထန်ကျင့်က တော်တော်ကောင်းပါတယ်။ မနက်ဖြန်ကစပြီး မင်းကို စာသင်ကျောင်းမှာ အဖော်လုပ်ပေးဖို့ သူ့ကိုပဲ တာဝန်ပေးလိုက်တော့။ ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ ကျန်တဲ့သူတွေ အကုန် လူစုခွဲကြတော့။" ချူချင်ဟန်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

ချူချင်ဟန်၏ ငြင်းဆန်၍မရနိုင်သော လေသံကို ကြားလိုက်ရသဖြင့် ချူယိုယီ၏ ဆန့်ကျင်လိုသော စိတ်များ ထကြွလာတော့၏။

"မရဘူး။ စာရေးတာလေးလောက်နဲ့ ဘာကို ကြည့်လို့ရမှာလဲ။ ကျွန်မ သူတို့ကို ထပ်ပြီး စာမေးပွဲစစ်အုံးမယ်။"

ချူချင်ဟန်၏ မျက်ခုံးများမှာ တွန့်ချိုးသွားသည်။ "ယိုယီ... ဒီမှာ လာပြီး ကလေးအချိုး မချိုးနဲ့။ ပညာသင်တယ် ဆိုတာ အရေးကြီးတဲ့ကိစ္စပဲ။ မင်းကို ကလေးကလား လုပ်ခွင့်ပေးလို့ မရဘူး။"

"အစ်မကလည်း... ကျွန်မရဲ့ စာဖတ်ဖော်ကို ရွေးတာလေ။ ကျွန်မ သဘောမကျရင် အဆင်မပြေဖြစ်မှာပေါ့။ ဒါကြောင့် သေချာလေး ရွေးချယ်ရမှာပေါ့လို့။" ချူယိုယီက သူမ၏ လက်မောင်းကို လှုပ်ယမ်းကာ တောင်းပန်သည့် မျက်နှာထားဖြင့် ပြောဆိုလိုက်၏။

ချူချင်ဟန်မှာ မည်သို့မှ မတတ်နိုင်တော့ဘဲ ပြောလိုက်ရသည်။ "ကောင်းပြီ။ ဒါဆို မင်း ဘာကို ထပ်စစ်ချင်သေးတာလဲ။"

"အင်း.. အင်း … စာနဲ့ ပန်းချီက တစ်သားတည်းပဲလေ။ စာရေးတတ်ရုံလောက်နဲ့က သိပ်ပြီး မလုံလောက်သေးဘူး။ ပန်းချီလည်း ဆွဲတတ်ရအုံးမယ်။ ရှင်တို့အားလုံး ကျွန်မကို ပန်းချီတစ်ချပ်စီ ဆွဲပေးကြ။ ဘယ်သူ ပန်းချီအဆွဲနိုင်ဆုံးလဲ။ အဲဒီလူ စာဖတ်ဖော် လုပ်ရမယ်။"

အိမ်စေအားလုံး၏ မျက်နှာများထက်၌ အခက်တွေ့သွားသည့်ဟန်များ ပေါ်လွင်လာကြ၏။

ပန်းချီဆွဲခြင်းဟူသည်မှာ ကျွမ်းကျင်မှု လိုအပ်သော အလုပ်တစ်ခုပင် ဖြစ်သည်။ မည်သူမှ မဆွဲတတ်ကြချေ။

သို့သော်ငြား ဖန်ကျန်းရီ၏ မျက်နှာမှာတော့ တည်ငြိမ်နေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် တကယ်ပင် ပန်းချီ ဆွဲတတ်သောကြောင့် ဖြစ်သည်။

စုတ်တံကို ကိုင်ဆောင်ပြီးနောက် …..

ရှဲ ရှဲ ရှဲ... အချက်အနည်းငယ်မျှ ရေးဆွဲလိုက်ရုံဖြင့် အသက်ဝင်လှပကာ လူ၏စိတ်နှလုံးကို ထိရှစေနိုင်သော ပြိုင်ဘက်ကင်း ပန်းချီကားတစ်ချပ် ထွက်ပေါ်လာတော့၏။

"အကြီးဆုံးသခင်မလေး၊ ဒုတိယသခင်မလေး... ကျုပ် ဆွဲလို့ ပြီးပါပြီ။ ကျေနပ်ရဲ့လား။"

မိန်းကလေးနှစ်ဦး၏ အကြည့်များမှာ စက္ကူပေါ်သို့ ရောက်ရှိသွားသောအခါ သူတို့၏ မျက်နှာများထက်၌ မရယ်ဘဲ မနေနိုင်သော အမူအရာများ ထင်ဟပ်လာကြသည်။

ချူယိုယီက ဗိုက်ကိုနှိပ်ကာ ဟားတိုက် ရယ်မောလိုက်၏။ "ရှင်.. ရှင် ဒါက ပန်းချီလား။ ရယ်သေတော့မှာပဲ။ တကယ်ကို ရယ်စရာကြီး။"

တကယ်ကိုပင် ရယ်စရာကောင်းလှသည်။

ဖန်ကျန်းရီ၏ မျက်နှာမှာမူ ပုံမှန်အတိုင်းပင် ရှိနေ၏။ "ဒုတိယသခင်မလေး ပြောတာ မှန်ပါတယ်။ ဒီပန်းချီ နာမည်က ရယ်စရာပြောင်စပ်စပ် လို့ ခေါ်ပါတယ်။"

ဤပြောင်စပ်စပ်ရုပ်ကို တက္ကသိုလ်၌ စာသင်နေစဉ်က မကြာခဏ ရေးဆွဲခဲ့ဖူးသည်။ ယနေ့တွင် ရေဆေးပန်းချီပုံစံ ဖြစ်နေသော်ငြားလည်း သူ၏လက်ထဲမှ အနုပညာတစ်ခုပင် ဖြစ်၏။

ချူချင်ဟန်မှာလည်း မနေနိုင်တော့ဘဲ ပါးစပ်ကိုအုပ်ကာ တိုးတိတ်စွာ ရယ်မောလိုက်မိသည်။ "ရယ်စရာပြောင်စပ်စပ်... တော်တော်လေး လိုက်ဖက်တာပဲ။ ကဲပါ ယိုယီ... ဆက်ပြီး မကစားနဲ့တော့။ ဖန်ထန်ကျင့်ကိုပဲ ရွေးဖို့ အစ်မ ဆုံးဖြတ်လိုက်ပြီ။"

"မရဘူး။ သူ့ကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်ခွင့် ပေးလို့မရဘူး။ ကျွန်မ ထပ်ပြီး စစ်အုံးမယ်။"

"ယိုယီ... မင်း ဘယ်အချိန်ထိ ကစားနေအုံးမှာလဲ။"

ချူချင်ဟန်၏ မျက်နှာထက်၌ ဒေါသအရိပ်အယောင် အနည်းငယ် ပေါ်လွင်လာသည်။ "မင်းကို ငါ နောက်နေတယ်လို့ ထင်နေတာလား။"

မိန်းမလှလေး စိတ်ဆိုးသည်မှာ ဤသို့သော ပုံစံမျိုးပေလား။

ဖန်ကျန်းရီက ချူချင်ဟန်အား တိတ်တဆိတ် ခိုးကြည့်လိုက်၏။

ချူချင်ဟန်၏ သဘောထားမှာ ပိုမို ပြတ်သားလာလေလေ၊ ချူယိုယီက ပို၍ ဆန့်ကျင်လိုလေလေ ဖြစ်လာကာ ခေါင်းမာမာဖြင့် ပြန်လည် ပြောဆိုလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကျွန်မ သေချာ မစဉ်းစားရသေးဘူး။"

"ဒါဆိုရင် မင်း ဘယ်လိုလုပ်ချင်တာလဲ။ ဖန်ထန်ကျင့်ကို မရွေးဘဲ သူ့ကို ရွေးရင်ရော။" ချူချင်ဟန်က အခြားသော အိမ်စေတစ်ဦးကို လက်ညှိုးထိုးပြလိုက်၏။

ထိုအိမ်စေမှာ ချက်ချင်း ဝမ်းသာသွားကာ မျက်နှာချိုသွေး၍ မြှောက်ပင့်သော အမူအရာကို ပြသလိုက်သည်။

ချူယိုယီက ကြည့်လိုက်ပြီး အနည်းငယ် ရွံရှာသွားကာ နှုတ်ခမ်းကိုမဲ့လျက် ငြင်းပယ်လိုက်၏။ "မလိုချင်ပါဘူး။"

"မင်း ..."

"အကြီးဆုံးသခင်မလေး... ဒုတိယသခင်မလေးကို ကြိုက်တာ မေးခိုင်းလိုက်ပါ။ ဘာကိုပဲ စစ်စစ် ကျုပ်ကို စမ်းကြည့်လို့ ရပါတယ်။" ဖန်ကျန်းရီမှာ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ဝင်ရောက် ပြောဆိုလိုက်ရသည်။

ဤမိန်းကလေး အဘယ်ကြောင့် ဤမျှ ပြဿနာများရသနည်း။ သူ့အတွက် အပြင်ထွက်ရန်လေးကိုပင် အတော်လေး ဒုက္ခများနေရ၏။

ချူယိုယီက ကြားသောအခါ အေးစက်စွာ ပြုံးလိုက်ပြီး ပြော၏။ "ရှ၍်က လေလုံးထွားလှချည်လား။ ကောင်းပြီ... အဲဒါဆိုရင် ကောင်းကင်ပေါ်က ကြယ်တွေကို ခူးပေး။ ရှင်တို့ အကုန်လုံးလည်း နားထောင်ထား... ကောင်းကင်ပေါ်က ကြယ်ကို ခူးပေးနိုင်တဲ့သူက မနက်ဖြန် ကျွန်မနဲ့အတူ စာသင်ကျောင်းကို လိုက်ခဲ့ရမယ်။"

All Chapters