← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 18 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 18 Ch. 317-318

အပိုင်း (၃၁၇) ငါ လာပြီး ဖန်ကျန်းရီကို တားထားမယ်။

ချီယန်တယ်ရှန်းသည် ပုံမှန်အတိုင်းပင် အရောင်းအဝယ် မရှိချိန်များတွင် ဆိုင်ပေါက်ဝတွင် ခွေးခြေပုလေး တစ်လုံးနှင့် ထိုင်နေလေ့ရှိသည်။ နေပူဆာလှုံရင်း သွားလာနေသော လူများကို ကြည့်ကာ အေးချမ်းသော အချိန်များကို ဖြတ်သန်းနေ၏။

တိုင်းပြည် ပျက်သုဉ်းသွားပြီ ဆိုသော်လည်း ယခုအချိန်တွင် သူတစ်ပါးကို အလုပ်အကျွေးပြုစရာ မလိုတော့သဖြင့် ဘဝက အဆင်ပြေနေဆဲ ဖြစ်သည်။ ထို့အပြင် ရေနတ်ဘုရားဂိုဏ်းကိုလည်း နှိမ်နင်းလိုက်ပြီဖြစ်သောကြောင့် သူ၏ စိတ်ပူပန်မှု တစ်ခု လျော့နည်းသွား၏။

သူသည် လျှို့ဝှက်စွာ လှုပ်ရှားတတ်သူဖြစ်ပြီး ချီယန်နိုင်ငံ တုန်းချန်၏ သူလျှိုများအတွက် သတင်းပေးအဖြစ်လည်း လုပ်ဆောင်နေသေးသည်။

မြို့တော်အတွင်းရှိ ရေနတ်ဘုရားဂိုဏ်း၏ အထက်ပိုင်း ခေါင်းဆောင် နှစ်ဦးကိုလည်း သူက တိတ်တဆိတ် သတင်းပေးခဲ့ခြင်း ဖြစ်ရာ သူ၏ ခေါင်းပေါ်သို့ ပြဿနာ ရောက်လာမည်ကို မကြောက်ရွံ့ချေ။ ဘဝက ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင်လည်း ကောင်းမွန်နေဆဲ ဖြစ်သည်။

သို့ပေမည့် ယခုအချိန်တွင် စိတ်ပူစရာ တစ်ခုတည်းသာ ကျန်ရှိတော့၏။ မင်းသမီး၏ လုံခြုံရေးပင် ဖြစ်သည်။ သူမက အသက် ဆယ့်ခုနစ်နှစ်သာ ရှိသေးပြီး အတွေ့အကြုံ အလွန် နုနယ်သေး၏။

လုပ်ကြံရေး ကဲ့သို့သော ကျွမ်းကျင်မှု လိုအပ်သည့် အလုပ်မျိုးဆိုလျှင် ပို၍ပင် အတွေ့အကြုံ မရှိချေ။ လက်လွတ် ဒူးလေးကို အကွက်ဆင်ထားလျှင်တောင်မှ အကယ်၍ ဓားဆွဲပြီး ပြေးဝင်သွားရင် မည်သို့လုပ်မည်နည်း။ မိသွားလျှင် မည်သို့လုပ်မည်နည်း။

ဟူး... မနေ့က မင်းသမီးကို ကြိုးနဲ့ တုပ်ထားခဲ့ရမှာ။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိသလောက်ပဲ။ တကယ်လို့ မင်းသမီး သေသွားရင် ငါလည်း အသက်ရှင်နေဖို့ မျက်နှာ မရှိတော့ဘူး။ ဒါပေမဲ့ ဒီအသက်အရွယ်အထိ နေခဲ့ရတာလည်း တန်နေပါပြီ။ ဆိုင်ကို မွေးစားသားတွေအတွက် ထားခဲ့လို့ ရတယ်။ ဘယ်လို သေနည်းက ပိုပြီး သင့်တော်မလဲ... အဆိပ်သောက် သေမလား၊ ကြိုးဆွဲချ သေမလား။

မိန်းမစိုးအိုကြီးမှာ ရုတ်တရက် ခေါင်းကိုက်သွားသည်။

စဉ်းစားရင်း စဉ်းစားရင်း ချီယန်တယ်ရှန်း၏ စိတ်ထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်လာ၏။ ကံကြမ္မာဆိုတာ မခန့်မှန်းနိုင်ဘူး... ဘာလို့များ ဒီလို အခြေအနေမျိုးအထိ ရောက်လာရတာလဲ။ အရင်တုန်းက သူလည်း လေကိုခေါ် မိုးကိုခေါ်နိုင်တဲ့... နန်းတော်ထဲမှာ ဩဇာအာဏာ ကြီးမားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပဲ။

တံခါးဘောင်ကို မှီရင်း ချီယန်တယ်ရှန်းမှာ မျက်ရည်များ ကျဆင်းလာတော့သည်။

ငေးမောနေစဉ်မှာပင် အဝေးမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ချီယန်တယ်ရှန်းက မျက်ရည်များကို သုတ်ကာ အသံလာရာသို့ ကြည့်လိုက်၏။ထိုအခါ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး တုန်ယင် သွားသည်။ ထို့နောက် အမှတ်တမဲ့ အော်လိုက်မိ၏။

“ဖန်ကျန်းရီ”

နောက်တစ်စက္ကန့်တွင် ချီယန်တယ်ရှန်းသည် နောက်ဖေးသို့ အလျင်အမြန် ဝင်သွားသည်။

“ရှောင်စစ်... ရှောင်စစ် ...ကျင်းဇီ...အကုန်လုံး မြန်မြန် လာကြစမ်း။”

ခဏအကြာတွင် လူလေးယောက် သူ့အနားသို့ ရောက်လာကြရာ ချီယန်တယ်ရှန်းက အလျင်စလို ပြောလိုက်၏။

“ဖန်ကျန်းရီ ရောက်လာပြီ...သူ ဒီလောက် အလောတကြီး ရောက်လာတာ မင်းသမီး ပြဿနာ တစ်ခုခု ဖြစ်ပြီး ငါတို့ ပေါ်ပေါက်သွားတာ ဖြစ်နိုင်တယ်။ မနေ့ညကမှ မင်းသမီး လာသွားတာ။ အခု ဖန်အိမ်တော်မှာပဲ ရှိနေလောက်တယ်။ မင်းတို့ လက်နက်တွေ ယူပြီး လူစုခွဲ သွားကြ။ မင်းသမီးကို သွားကယ်။ မင်းသမီးကို တွေ့ရင် မြို့ပြင်က အိမ်ကို ခေါ်သွား။ မြန်မြန်သွား၊ နောက်ဖေးပေါက်ကနေ ထွက်။”

“ဒါဆို မွေးစားအဖေက ဘယ်လိုလုပ်မလဲ။”

ချီယန်တယ်ရှန်းက စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“ငါက လောကကြီးထဲမှာ ဒီလောက် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာ ဘာမမြင်ဖူးလို့လဲ...ငါ သူ့ကို တားထားမယ်။ နာရီဝက်လောက်ကတော့ ပြဿနာ မရှိဘူး။”

“ဒိုင်း” ဆိုသော တံခါးကန်ဖွင့်သံကြီး ထွက်ပေါ်လာသည်။

လူလေးယောက် ချက်ချင်း လူစုခွဲသွားကြပြီး ချီယန်တယ်ရှန်းက မျက်နှာကို လက်ဖြင့် ပွတ်ကာ အပြုံးတစ်ခု ဖန်တီးပြီး ဆိုင်ထဲသို့ လျှောက်သွားလိုက်၏။

ဖန်ကျန်းရီက ဘေးနားရှိ ကျိုးထျဲ့ကို တစ်ချက်ကြည့်လိုက်ရာ သူက မဝံ့မရဲ ဖြစ်နေသည်ကို မြင်တော့ အထည်ဆိုင် ပိုင်ရှင်ကို မမှတ်မိမှန်း သိလိုက်သည်။

ချီယန်တယ်ရှန်းကလည်း သူတို့နှစ်ယောက်ကို အမြန် အကဲခတ် ကြည့်လိုက်၏။ ဖန်ကျန်းရီက လူငယ်တစ်ယောက် ဖြစ်သည်။ သူ့ကို အကြိမ်အနည်းငယ် မြင်ဖူးခဲ့သော်လည်း အတွေ့အကြုံ မရှိသေးသော လူငယ်လေး တစ်ယောက်မို့ ပြဿနာ မရှိချေ။ ဘေးက ညစ်ပတ်ပေရေနေသည့် သူမှာ မြင်းထိန်း တစ်ယောက် ဖြစ်ပုံရပြီး ရင်းနှီးနေသလို ခံစားရသော်လည်း... ဂရုစိုက်စရာ မလိုချေ။

လူနှစ်ယောက်တည်း လာတာပဲ... တကယ်လို့ သူ ပေါ်ပေါက်သွားတယ်ဆိုရင် လူပိုများများ ခေါ်လာသင့်တာ မဟုတ်ဘူးလား။ တကယ်လို့ မပေါ်ပေါက်သေးဘူးဆိုရင် ဒီနှစ်ယောက်က ဘာလို့ ဒီလောက် အလောတကြီး ရောက်လာတာလဲ...။

ကိုယ်ကပဲ အလွန်အမင်း စိတ်ပူနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်စစ်တို့ကို မင်းသမီး သွားကယ်ခိုင်းတာ အမှားမရှိပါဘူး။ မင်းသမီးကို လုပ်ကြံခွင့် မပြုနိုင်ဘူး။ သူတို့ကို အရင်ဆုံး တစ်နာရီလောက် တားထားလိုက်မယ်။

စဉ်းစားပြီးနောက် ချီယန်တယ်ရှန်းက ရင်းနှီးစွာ သွားရောက် နှုတ်ဆက်လိုက်၏။

“ဧည့်သည်တော်တို့ ရောက်လာတာ အချိန်ကိုက်ပါပဲ။ ကျုပ်တို့ဆိုင်မှာ အခုလေးတင် ဝင်လာတဲ့...”

“သူ့ဘောင်းဘီကို ချွတ်လိုက်စမ်း။”

ဖန်ကျန်းရီက လက်ညှိုးထိုးကာ အော်လိုက်သည်။

ကျိုးထျဲ့က ရှေ့သို့ ပြေးထွက်သွားပြီး ချီယန်တယ်ရှန်းကို ကောင်တာပေါ်သို့ အားကုန် ဖိချလိုက်၏။ ချီယန်တယ်ရှန်း၏ ဘောင်းဘီကို ချက်ချင်း ဆွဲချွတ်လိုက်ရာ ဖြူဖွေးနုဖတ်နေသော တင်ပါးကြီး ပေါ်လာသည်။

ဖန်ကျန်းရီက ကုန်းကြည့်လိုက်၏။

“တကယ် မိန်းမစိုးပဲ...ဖမ်းသွား။”

ဘာအခြေအနေလဲ ....မင်း ငါ့ကို စကားတစ်ခွန်းလောက်တော့ ပြောပါအုံးလား။ လာလာချင်း ဘောင်းဘီ ဆွဲချွတ်ရသလား။ မင်းက လူရော ဟုတ်ရဲ့လား။ အောက်တန်းကျလိုက်တာ...အောက်တန်းကျလိုက်တာ…။

ချီယန်တယ်ရှန်း၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီးနောက် အရှက်ကွဲမှုကြောင့် မျက်ရည်များ ကျဆင်း လာတော့၏။ ရုန်းကန်ရင်း စူးရှသော အသံဖြင့် အော်လိုက်သည်။

“ဖန်ကျန်းရီ... မင်းကို ငါ...”

“ဘုတ်”

စကားမဆုံးခင်မှာပင် ကျိုးထျဲ့က လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်ရာ ချီယန်တယ်ရှန်း သတိလစ်သွား၏။

ချီယန်တယ်ရှန်းသည် ကောင်တာပေါ်မှ ကြမ်းပြင်ပေါ်သို့ ခွေကျသွားသည်။

“ဒီလိုကိုး … မိန်းမစိုးဆိုတာ အောက်ပိုင်းက ဒီလို ပုံစံမျိုးပါလား။”

“ဟုတ်တယ်... ကျုပ်လည်း အခုမှ ပထမဆုံး မြင်ဖူးတာ။ သခင်လေး ကျေးဇူးကြောင့်ပါ။ ဗဟုသုတတွေ အများကြီး ရခဲ့ပါပြီ သခင်လေး..။”

သူတို့နှစ်ယောက် နေရာတွင် ရပ်ကာ ချီယန်တယ်ရှန်း၏ တင်ပါးကို ညွှန်ပြရင်း ဝေဖန်နေကြ၏။

“တော်ပြီ … သွားပြီး မြင်းလှည်း တစ်စီး သွားရှာချေ။ အိမ်ပြန်မယ်။”

ကျိုးထျဲ့ လှည့်ထွက်သွားသည်။

ဖန်ကျန်းရီက ငုံ့၍ ချီယန်တယ်ရှန်း၏ ဘောင်းဘီကို ပြန်တင်ပေးလိုက်၏။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို လိုက်ရှာကြည့်လိုက်သည်။

လက်ဖက်ရည် တစ်ခွက် သောက်ချိန်လောက် အကြာတွင် ငွေစက္ကူ နှစ်ရာနှင့် အကြွေ ငါးမူးကို ရှာတွေ့သွား၏။

ကျိုးထျဲ့နှင့် မြင်းလှည်းသမား ပြန်ရောက်လာချိန်တွင် သူတို့နှစ်ယောက် လူကို မြင်းလှည်းပေါ်သို့ တင်လိုက်ကြသည်။

မြင်းလှည်းသမားမှာ ကြောက်ရွံ့တုန်လှုပ်နေပြီး ဖန်ကျန်းရီက အကြွေငါးမူးကို သူ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

“အစိုးရက အမှုစစ်နေတာ။ အများကြီး မမေးနဲ့။”

ထိုစကားကို ကြားမှ မြင်းလှည်းသမားလည်း အနည်းငယ် စိတ်အေးသွားပြီး အပြုံးလေးတစ်ခု ဖန်တီးလိုက်သည်။

ချီယန်တယ်ရှန်းကို မြင်းလှည်းပေါ် တင်ပြီးနောက် ဖန်ကျန်းရီက မြင်းလှည်းတွင်းကို တစ်ချက် ကြည့်လိုက်၏။

“နည်းနည်း ဟာနေသလိုပဲ။”

“သခင်လေး... အထဲမှာ အထည်တွေ ရှိသေးတယ်လေ။”

“ထပ်တင်လိုက်။”

တောက်...နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ။

မြင်းလှည်းသမားသည် လက်ထဲရှိ ငွေငါးမူးကို ကြည့်ရင်း တံတွေး တစ်ချက် မြိုချလိုက်၏။ ငွေငါးမူး.. သူ ခြောက်လကျော်လောက် အလုပ်လုပ်မှ ရမယ့် ငွေပမာဏပဲ။ စွန့်စားကြည့်လိုက်မယ်။

သို့နှင့် အံကြိတ်ကာ ဆိုင်ထဲ ဝင်သွားပြီး အထည်နှစ်လိပ် သယ်လာခဲ့သည်။

မြင်းလှည်းတွင်းတွင် အကောင်းစား အထည်များ အပြည့်ပါလာပြီး မြင်းလှည်းသမား၏ တင်ပါးအောက်တွင်လည်း အထည်နှစ်လိပ် ရှိနေသေး၏။

မကြာမီ မြင်းလှည်းသည် ဖန်အိမ်တော်သို့ ရောက်ရှိလာ၏။ ပစ္စည်းများ ချပြီးနောက် ဖန်ကျန်းရီက မြင်းလှည်းသမားကို အားရကျေနပ်စွာ ကြည့်လိုက်သည်။

တော်တဲ့လူပဲ... ဘာအလုပ်မဆို လက်ခံရဲတယ်၊ ဘာကိစ္စမဆို လုပ်ရဲတယ်။

မြင်းလှည်းသမားက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ကြောက်ရွံ့စွာဖြင့် ပြောလိုက်၏။

“သခင်လေး... ကျုပ်တို့... ပူးပေါင်းကြံစည်သူတွေ ဖြစ်သွားပြီနော်... ဒီအထည်တွေက ကျုပ် ယူလာတာ... ခင်ဗျား... ခင်ဗျား သဘောကျရင် ဒါကိုပါ ယူမလား။”

ပြောပြောဆိုဆိုဖြင့် တင်ပါးအောက်ရှိ အထည်ကို ဆွဲထုတ်ရန် ပြင်လိုက်သည်။

ဖန်ကျန်းရီက ရယ်မောလိုက်၏။ “အစိုးရ အမှုစစ်နေတာလို့ ပြောထားတယ် မဟုတ်လား။ ဘာတွေ ကြောက်နေတာလဲ။ အထည်တွေကို ခင်ဗျားပဲ ယူသွားလိုက်တော့။ အိမ်ပြန်တော့။”

မြင်းလှည်းသမားသည် လွတ်ငြိမ်းခွင့်ရသွားသကဲ့သို့ ကျေးဇူးတင်စကားဆိုကာ အမြန် မောင်းနှင် ထွက်ပြေးသွားတော့သည်။

အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်လွန်သွားပြီးနောက် ချီယန်တယ်ရှန်းကို ကုလားထိုင်ပေါ်တွင် ကြိုးတုပ် ထားလိုက်သည်။ သတိမလည်သေးချေ။

မျက်နှာပေါ်ရှိ မုတ်ဆိတ်မွေးများကိုလည်း ပြောင်စင်အောင် ရိတ်ပစ်လိုက်ပြီ ဖြစ်၏။

ဖန်ကျန်းရီသည် သူ၏ အရှေ့တွင် ထိုင်ကာ စိုက်ကြည့်ရင်း အဆက်မပြတ် စဉ်းစားနေသည်။

ကျိုးထျဲ့က ဘေးတွင် ရပ်လျက် ရက်စက်စွာ ပြုံးကာ ပြောလိုက်၏။

“ဒီအဘိုးကြီး ချီယန်တယ်ရှန်း ဖြစ်နေတာကိုး။ ဒီနေ့ ကျုပ်နဲ့ ပြန်တွေ့မယ်လို့ မထင်ထားဘူး။ အရင်တုန်းက ကျုပ်ဆီက ငွေနှစ်ဆယ် ခြိမ်းခြောက် ယူသွားတာ။ ဒီနေ့ အဆတစ်ရာ ပြန်တောင်းရမယ်။”

ဖန်ကျန်းရီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“သူ့ဆီမှာ ဘယ်က ငွေရှိမှာလဲ။ သူ့ငွေတွေ အကုန်လုံးက ကျုပ်ငွေတွေပဲလေ။”

ကျိုးထျဲ့၏ မျက်နှာပေါ်ရှိ အပြုံးများ ရပ်တန့်သွားသည်။ ပြီးနောက် ဖန်ကျန်းရီကို ကြည့်ကာ ဟန်လုပ် ရယ်မောလိုက်၏။

ဖန်ကျန်းရီက ငွေစက္ကူ နှစ်ရာကို ထုတ်ကာ ကမ်းပေးလိုက်သည်။

“ယူသွားလိုက် … လုပ်အားခပဲ။ သွားမရှုပ်နဲ့တော့။ သိပ်ရှုပ်ရင် ဦးနှောက်ကို ထိခိုက်တတ်တယ်။ ကြည့်လေ... အခု ခင်ဗျား ဘာမှ မမှတ်မိတော့ဘူး မဟုတ်လား။”

ကျိုးထျဲ့က ဝမ်းသာအားရဖြင့် ငွေစက္ကူများကို လှမ်းယူလိုက်၏။

“သခင်လေးက နားမလည်လို့ပါ။ ကျုပ်က ပိုရှုပ်လေ ပိုလန်းဆန်းလေပါပဲ။”

“……”

အပိုင်း (၃၁၈) ဒီပြဇာတ်ကို ငါ ဆက်မကတော့ဘူး။

ချီယန်တယ်ရှန်းသည် မူးဝေနေစဉ် မျက်နှာပေါ်သို့ ရေအေးအေး တစ်ခွက် အပက်ခံလိုက်ရသဖြင့် ရုတ်တရက် သတိဝင်လာ၏။

အခုလေးတင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများက သူ၏ စိတ်နှလုံးကို ပြင်းထန်စွာ ရိုက်ခတ်နေဆဲ ဖြစ်သည်။

ငါ တစ်သက်လုံး လောကကြီးထဲမှာ ကျင်လည်လာခဲ့တာ။ ဒီလို အရူးမျိုးနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဘာစကားမှ မပြောဘဲ ဘောင်းဘီကို ချက်ချင်း ဆွဲချွတ်ပစ်ရသလား။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဆိုရင် ဖန်ကျန်းရီလို အောက်တန်းစားမျိုးကို ငါ တစ်စစီ ခုတ်ထစ်ပစ်ပြီးလောက်ပြီ။

တွေးမိလေ ဒေါသထွက်လေ ဖြစ်ပြီး ချီယန်တယ်ရှန်းသည် ခေါင်းငိုက်စိုက်ကျကာ မျက်နှာကြီး နီရဲ ဖောင်းကားလာ၏။

“အို... မျက်နှာနီနေတာလား။” ဖန်ကျန်းရီက လက်ဖက်ရည်သောက်ရင်း ချီယန်တယ်ရှန်းကို ပြုံးစိစိဖြင့် ကြည့်လိုက်သည်။

“နိုးရင် စကားပြော။ ဟန်ဆောင် မနေနဲ့။ အဲဒီလိုမှ မဟုတ်ရင် ခင်ဗျားကို နောက်တစ်ခေါက် ထပ်ပြီး သင်းကွပ်ပစ်မယ်။” ကျိုးထျဲ့က အော်လိုက်၏။

ချီယန်တယ်ရှန်းက တံတွေးမြိုချလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ ဝမ်းနည်းပူဆွေးနေသော မျက်နှာအိုကြီး ပေါ်လာသည်။ မျက်လုံးများထဲတွင်လည်း အကြောက်တရားနှင့် ထိတ်လန့်မှုများ အပြည့် ပါဝင်နေ၏။ သူက တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

“သခင်လေးတို့... ခင်ဗျားတို့ ဘာလုပ်ချင်တာလဲ။ ကျုပ်က သာမန် ပြည်သူ တစ်ယောက်ပါ။ ခင်ဗျားတို့ ငွေလိုချင်ရင်... ကျုပ်ဆီမှာ ရှိပါတယ်။ သေချာ ပြောကြတာပေါ့...”

ဖန်ကျန်းရီနှင့် ကျိုးထျဲ့တို့ နှစ်ယောက်သား အချင်းချင်း ကြည့်ကာ တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြ၏။

ဒီအဘိုးကြီး... ဘောင်းဘီချွတ်ခံရပြီးတာတောင် ဟန်ဆောင်နေတုန်းပဲ။ ပြီးတော့ ကျိုးထျဲ့က ဘယ်သူဆိုတာလည်း မှတ်မိပုံ မပေါ်ဘူး။

ကျိုးထျဲ့က ရယ်မောကာ ပြောလိုက်သည်။

“သခင်လေး... သူက ဝန်မခံဘူး။ ကျုပ် အရင်ဆုံး သူ့ကို ရိုက်လိုက်ရမလား။ အကြောလေး ဘာလေး လျော့သွားအောင်လို့။”

“မလောပါနဲ့။ သူနဲ့ ကစားကြည့်ကြသေးတာပေါ့။” ဖန်ကျန်းရီက မေးစေ့ကို ပွတ်ရင်း ချီယန်တယ်ရှန်းကို နောက်ပြောင်ချင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။

“ကျုပ်က လူကောင်းပါ။”

ချီယန်တယ်ရှန်း၏ နှလုံးသားမှာ ရုတ်တရက် တုန်လှုပ်သွားသည်။ မည်သို့ပင်ဖြစ်စေ အံကြိတ်ကာ ငြင်းဆိုရန် ဆုံးဖြတ်လိုက်၏။ မင်းသမီး၏ အခြေအနေကို မသိရသေးသဖြင့် သူ့ကို အရင်ဆုံး တားထားရမည်။

ချီယန်တယ်ရှန်းက အံကြိတ်ကာ ပြောလိုက်သည်။

“သခင်လေးတို့ ကျုပ်ကို ဘာပြောခိုင်းချင်နေတာလဲ။ နေ့ခင်းကြောင်တောင် ပြည်သူတွေကို အတင်းအဓမ္မ ဖမ်းလာတာ အစိုးရကို မကြောက်ဘူးလား။”

“သာမန် ပြည်သူကြီး …. ခင်ဗျားရဲ့ ညီလေးရော ဘယ်ရောက်သွားပြီလဲ။ မှန်မှန်ပြောစမ်း။”

“ကျူပ်... ငယ်ငယ်တုန်းက သစ်ပင်ပေါ်က ပြုတ်ကျပြီး... ထိခိုက်သွားလို့ပါ။ ကျုပ်က တကယ် သာမန် ပြည်သူပါ။”

“သစ်ကိုင်းခွပေါ် ပြုတ်ကျတာလား။ တော်ပြီလေ... အဘိုးကြီးချီ ….ဆက်ပြီး ဟန်ဆောင်မနေပါနဲ့တော့။ ခင်ဗျားကို ချီယန်တယ်ရှန်းလို့ ခေါ်ရမလား၊ ချီယန်ရှန်းလို့ ခေါ်ရမလား။” ဖန်ကျန်းရီက အေးအေးဆေးဆေး မေးလိုက်သည်။

“ကျုပ်နာမည်က ချီယန်ရှန်းပါ။ သခင်လေး ဘာတွေပြောနေတာလဲဆိုတာ နားမလည်ပါဘူး။”

“ဒါဆို ခင်ဗျား ကျုပ်နာမည်ကို ဘယ်လိုလုပ် သိနေတာလဲ။”

“ဖန်အမတ်ရဲ့နာမည်က ကြီးမြတ်တော့... သိပါတယ်။ ကျုပ်ပန်းရှန်းရပ်ကွက်ကို သွားတုန်းက ဖန်အမတ်ကို မြင်ဖူးပါတယ်။ ဖန်အမတ်...ကျုပ်ကို လွှတ်ပေးပါဗျာ။ ကျုပ် ဘာမှ မသိပါဘူး။ ကျုပ်က ငယ်ငယ်ကတည်းက မြို့တော်မှာ နေလာတဲ့သူပါ။ မယုံရင်... ကျုပ်အိမ်မှာ အိမ်ထောင်စုစာရင်း ရှိပါတယ်။ အစိုးရ ရုံးမှာလည်း သွားစစ်ကြည့်လို့ ရပါတယ်။” ချီယန်တယ်ရှန်းက ငိုယိုကာ ပြောလိုက်၏။

အဘိုးကြီးက မှတ်ပုံတင်အတုတောင် သေချာ ပြင်ဆင်ထားတာပဲ။

ဖန်ကျန်းရီမှာ အနည်းငယ် အံ့အားသင့်သွားမိသည်။ သူကိုယ်တိုင်လည်း ကိစ္စများ လွယ်ကူစေရန် မှတ်ပုံတင်အတု ပြုလုပ်တတ်သူများကို အလွန် အလိုရှိခဲ့ဖူး၏။ နန်းတော်ထဲမှ ထွက်လာသူများက တကယ့် ပညာရှင်တွေ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ကောင်းပြီ...ခေါင်းမော့ပြီး ကျုပ်ဘေးက လူက ဘယ်သူလဲဆိုတာ ကြည့်စမ်း။”

ချီယန်တယ်ရှန်းက ခေါင်းမော့ကာ ကျိုးထျဲ့ကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် နားမလည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာ၏။ ဤလူကို မြင်ဖူးသလို ရှိပေမဲ့ တကယ်ကို မှတ်မိနိုင်စွမ်း မရှိချေ။ သူ ငွေခြိမ်းခြောက် ယူခဲ့တဲ့သူတွေက အများကြီးပဲ။ သာမန် လူတစ်ယောက်ကို ဘယ်သူက မှတ်မိနေမှာလဲ။

ကျိုးထျဲ့က သူ မမှတ်မိသေးသည်ကို မြင်သောအခါ ဒေါသထွက်လာ၏။ ဒေါသတကြီးဖြင့် အော်လိုက်သည်။

“ခင်ဗျား ဟန်ဆောင်မနေနဲ့။ အရင်တုန်းက သိုင်းပြိုင်ပွဲမှာ ကျုပ် ခင်ဗျားကို ငွေငါးရာ ပေးပြီး ပြဿနာကောင်ကို ဖြုတ်ချပေးဖို့ ပြောခဲ့တယ်။ ခင်ဗျား တစ်ခုမှ လုပ်မပေးခဲ့ဘူး မဟုတ်လား။ ကျုပ် ကိုယ့်အရည်အချင်းနဲ့ကိုယ် အောင်မြင်လာမယ်လို့ ခင်ဗျား မထင်ထားဘူး မဟုတ်လား။ အဲဒီငွေတွေကို ဘာလို့ ပြန်မအမ်းတာလဲ။ ကျုပ်ဆီကနေ ငွေနှစ်ဆယ်တောင် ထပ်ပြီး ခြိမ်းခြောက် ယူသွားသေးတယ်။”

ပြောပြောဆိုဆိုဖြင့် ကျိုးထျဲ့က ချီယန်တယ်ရှန်း၏ ခေါင်းကို ဆွဲယမ်းလိုက်၏။ အနောက်ဘက်မှ ဖန်ကျန်းရီ၏ အထင်သေးသော မျက်နှာထားကို လုံးဝ ဂရုမစိုက်တော့ချေ။

ဒီလူရဲ့ သိုင်းသူရဲကောင်းဘွဲ့က တကယ်ပဲ ဝယ်ထားတာပဲ... ငွေငါးရာတောင် ပေးလိုက်ရသေးတယ်။ ချီယန်တိုင်းပြည် က တကယ်ကို ပုပ်ပွနေတာပဲ...။

ချီယန်တယ်ရှန်း၏ ဦးရေပြားမှာ နာကျင်လွန်းသဖြင့် စဉ်းစား၍ပင် မရနိုင်တော့ဘဲ ပါးစပ်မှ အဆက်မပြတ် တောင်းပန်နေရ၏။

ဖန်ကျန်းရီက ရပ်တန့်ခိုင်းမှသာ ကျိုးထျဲ့က လက်လွှတ်ကာ နောက်သို့ ပြန်ဆုတ်သွားသည်။

သတိပြန်ဝင်လာသော ချီယန်တယ်ရှန်းသည် ကျိုးထျဲ့ကို ကြည့်လိုက်ရာ မှတ်ဉာဏ်များက ရေလှိုင်းများကဲ့သို့ ရုတ်တရက် ဝင်ရောက်လာပြီး အမှတ်တမဲ့ အော်လိုက်မိ၏။ “ကျိုးထျဲ့လား”

ကျိုးထျဲ့က လက်ပိုက်ကာ သူ့ကို အေးစက်စွာ ပြုံးကြည့်နေသည်။

ဖန်ကျန်းရီက ပြုံးရွှင်စွာ ပြောလိုက်၏။ “ကဲ... အခု ဝန်ခံလို့ ရပြီလား။”

ချီယန်တယ်ရှန်း၏ ခေါင်းက ထပ်မံ ငိုက်စိုက်ကျသွားသည်။

အခုတော့ ဟန်ဆောင်လို့ မရတော့ဘူး။ အသိအကျွမ်းနဲ့ တွေ့သွားပြီပဲ။

သူက တံတွေး တစ်ချက် မြိုချလိုက်ပြီး မိမိကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ နှုတ်ခမ်းကို မဲ့လိုက်မိ၏။

ကြည့်ရတာ ငါ့အသက်က မရှည်တော့ဘူးထင်တယ်။ မင်းသမီးလည်း ဒီလိုပဲ ဖြစ်လောက်တယ်။ ငါ့ရဲ့ နောက်ဆုံးအချိန်တွေက ဒီလောက်တောင် သနားစရာ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

“ဟားဟားဟား…” မိမိကိုယ်ကိုယ် လှောင်ပြောင်နေသည့် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

အခန်းတွင်း အလင်းရောင် အားနည်းသဖြင့် အနည်းငယ် မှောင်မိုက်နေပြီး ချီယန်တယ်ရှန်း၏ အက်ကွဲနေသော ရယ်သံနှင့် ပေါင်းစပ်လိုက်သောအခါ လူဆိုးဇာတ်ကောင်၏ ဟန်ပန်မျိုး ပေါ်လွင်နေ၏။

ဖန်ကျန်းရီမှာ နားထောင်ရသည်ကို စိတ်မရှည်တော့သဖြင့် ထလာပြီး ပါးနှစ်ချက် ရိုက်လိုက်သည်။

ရယ်သံများ ချက်ချင်း ရပ်တန့်သွား၏။

“စကားပြောစရာရှိတာ မြန်မြန်ပြော။ ဆက်ပြီး ဟန်ရေးပြနေရင် ခင်ဗျားကို နောက်တစ်ခေါက် ထပ်ပြီး သင်းကွပ်ပစ်မယ်။”

ချီယန်တယ်ရှန်းက ခေါင်းမော့လိုက်ရာ သူ၏အမူအရာများ ပြောင်းလဲသွားပြီ ဖြစ်၏။ စောစောက ကြောက်ရွံ့တုန်လှုပ်နေသော သာမန်ပြည်သူ တစ်ယောက်၏ ပုံစံမျိုး မရှိတော့ဘဲ အကြည့်များက စူးရှလာကာ ဖန်ကျန်းရီကို မကြောက်မရွံ့ စိုက်ကြည့်နေသည်။

“ကောင်းပြီ... ကောင်းပြီ...ဒီအခြေအနေအထိ ရောက်နေပြီဆိုမှတော့ ဒီပြဇာတ်ကို ဆက်မကတော့ဘူး။ ငါက တာ့ချီယန်ရဲ့ တံဆိပ်တုံးကိုင် မိန်းမစိုး၊ တုန်းချန်ရဲ့ ခေါင်းဆောင် ချီယန်တယ်ရှန်းပဲ။”

“တာ့ချီယန်က ကျဆုံးသွားပြီလေ။” ဖန်ကျန်းရီက ချက်ချင်း ဝင်ပြောလိုက်၏။

ချီယန်တယ်ရှန်းမှာ အသက်ရှူရပ်သွားပြီး ဒေါသတကြီး အော်လိုက်သည်။

“သတ်ချင်ရင် သတ်၊ ဖြတ်ချင်ရင် ဖြတ်။ သဘောရှိ လုပ်တော့။”

မလျှော့ပေးသည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြုံးကာ ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကိုင်၍ ခြေချိတ်ထိုင်ရင်း ပြောလိုက်၏။

“အဘိုးကြီးချီ... မလောပါနဲ့။ ကျုပ်က သတ်တာဖြတ်တာတွေကို အမုန်းဆုံးပဲ။ ခင်ဗျား ကျုပ်နဲ့ သေချာ ပူးပေါင်းမယ်ဆိုရင် ခင်ဗျား အသက်ကို ချမ်းသာပေးဖို့ဆိုတာ ပြဿနာ မဟုတ်ပါဘူး။ ကြည့်လေ... ကျိုးထျဲ့လည်း ချီယန်နိုင်ငံသားပဲ။ အခု ကောင်းကောင်းမွန်မွန် နေထိုင်နေရတာပဲ မဟုတ်လား။”

“ထွီ...တိုင်းပြည် သစ္စာဖောက်။”

“ဟေ့...ခွေးကောင်ကြီး။ သေချင်နေတာလား။” ကျိုးထျဲ့မှာ ချက်ချင်း ဒေါသထွက်သွားပြီး ချီယန်တယ်ရှန်းကို ထိုးရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက အလျင်အမြန် တားလိုက်သည်။

“ပိုင်ရီက ခင်ဗျားနဲ့ ဘယ်လို ပတ်သက်တာလဲ။ သူက ချီယန်နိုင်ငံမှာ ဘာအဆင့်အတန်း ရှိတာလဲ။”

ချီယန်တယ်ရှန်းက ခေါင်းလွှဲသွားပြီး ပါးစပ်ပိတ်ကာ ဘာမှ မပြောတော့ချေ။

“ကောင်းပြီ၊ ခင်ဗျား မပြောချင်ရင်လည်း ကျုပ် အတင်းအကျပ် မမေးပါဘူး။ ခင်ဗျားအကြောင်းပဲ ပြောကြတာပေါ့။ ခင်ဗျား မြို့တော်မှာ ဘာတွေ လုပ်နေတာလဲ။”

“...”

သူ့ဘက်မှ ပူးပေါင်းလိုသည့် အရိပ်အယောင် လုံးဝ မပြသဖြင့် ဖန်ကျန်းရီလည်း အလောတကြီး မလုပ်တော့ချေ။ ခဏကြာလျှင် ပါးစပ်ကို ဖွင့်နိုင်လိမ့်မည်ဟု ယုံကြည်ထား၏။ အဓိကအားဖြင့် စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်ပြီး စိတ်ငြိမ်သွားပါက ကြောက်လာလိမ့်မည်သာ။

ထို့ကြောင့်ပြုံးကာ ဆက်ပြောလိုက်၏။ “ခင်ဗျား ကျေနပ်ချင်မှ ကျေနပ်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဦးနှောက်မသုံးတာတော့ မှန်တယ်။ အထည်ဆိုင်နာမည်တောင် သေချာ မစဉ်းစားဘူး။ ချီယန်တယ်ရှန်း... ချီယန်ရှန်း... ဟဲဟဲ။”

ထိုစကားကိုကြားချိန်တွင် ချီယန်တယ်ရှန်းက လှုပ်ရှားသွားသည်။ သို့ပေမည့် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ငါ့ရဲ့ မူလနာမည်က ချီယန်ရှန်းပဲ။ တယ်ဆိုတဲ့ စာလုံးက အရင်မင်းကြီး ပေးထားတာ။ ငါက နာမည် မပြောင်းသလို မျိုးရိုးလည်း မပြောင်းဘူး။”

“အဘိုးကြီး …. ခင်ဗျား အသင်းကွပ်ခံထားရပြီးပြီပဲကို ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။”

ချီယန်တယ်ရှန်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်း ဒေါသထွက်သွား၏။ ဒီခွေးကောင်လေး စကားပြောတာက လူကို ဒေါသထွက်သေအောင် လုပ်နိုင်တယ်။

ဖန်ကျန်းရီက လက်ဖက်ရည်ခွက်ကို ချကာ အေးအေးဆေးဆေး ပြောလိုက်သည်။

“ကျုပ် ခင်ဗျားကို ဖမ်းလည်း ဖမ်းနိုင်သလို လွှတ်လည်း လွှတ်ပေးနိုင်တယ်။ ဒီအခန်းထဲက လူတွေကလွဲရင် နန်းတော်ထဲမှာ ခင်ဗျားရဲ့ အဆင့်အတန်းကို သိတဲ့သူ မရှိဘူး။ ကျုပ်တို့ အပေးအယူလေး တစ်ခုလောက် လုပ်ကြမလား။”

All Chapters