← Chapters

အခန်း ၇၉၈

Vol. 42 Ch. 798

အခန်း ၇၉၈

Vol. 42 Ch. 798

အပိုင်း (၇၉၈) ရွှေတိုင်းပြည်၏ ဓနလျှို့ဝှက်ကုဒ်။

နောက်တစ်နေ့တွင် ဖန်ကျန်းရီသည် ရွှေတိုင်းပြည်မှ မှူးမတ်များ ဝတ်ဆင်လေ့ရှိသော အဝတ်အစား တစ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ကိုယ်ပေါ်တွင် ထူးခြားသော အဆင်တန်ဆာများကို ချိတ်ဆွဲကာ ထွက်ခွာသွားခဲ့သည်။

ပထမဆုံး သွားရောက်မည့် နေရာမှာ အီရှီပူ၏ အိမ်တော်ပင် ဖြစ်သည်။ မသွားမီတွင် အာလီပိုင်ကို ရှာ၍ အနည်းငယ် မေးမြန်းစုံစမ်းခဲ့သေး၏။ ထိုမြင်းတပ် အဓိပတိ စစ်သူကြီးသည် ဝူထူ၏ နပန်းဆရာလည်း ဖြစ်ကာ အလွန်အမင်း ယုံကြည်စိတ်ချရသူ ဖြစ်သည်။ အသက်အရွယ် ကြီးရင့်နေခြင်းသာ မဟုတ်ပါက စစ်မြေပြင်သို့ လိုက်ပါသွားလောက်ပြီ ဖြစ်၏။

ဤကဲ့သို့သော စစ်သူကြီးမျိုးကို ရင်ဆိုင်ရန်အတွက် ဖန်ကျန်းရီသည် အရက်ကောင်း နှစ်အိုးကို ပို၍ ဆွဲလာခဲ့သည်။

စစ်သူကြီး အိမ်တော်သို့ ရောက်ရှိပြီးနောက် အကြောင်းကြားစေရာ အီရှီပူနှင့် အလွန် ချောမွေ့စွာ တွေ့ဆုံခွင့်ရခဲ့၏။ အီရှီပူသည် အသက်ခုနစ်ဆယ် ကျော်နေပြီ ဖြစ်သော်လည်း ခန္ဓာကိုယ် အချိုးအစား ကောင်းမွန်နေဆဲ ဖြစ်သည်။ ဆံပင်များ ဖြူနေပြီ ဖြစ်သော်လည်း မျက်လုံးများထဲတွင်မူ ထက်မြက် ပါးနပ်သော အရိပ်အယောင်များ တောက်ကြွားနေဆဲပင်။ ဝူထူက သူ့ကို မြို့စောင့်ရန် ထားခဲ့ခြင်းမှာ အဆန်းမဟုတ်တော့ချေ။ ဤမျက်နှာပေးကို ကြည့်ရုံဖြင့် လှည့်စားရန် လွယ်ကူမည့်ပုံ မပေါ်ပေ။

ဖန်ကျန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် သတိထားလိုက်ပြီး မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်သည်။

ဘေးနားရှိ နောက်လိုက်က ကမန်းကတန်း ဘာသာပြန်ပေးလိုက်၏။ "ဖန်ကျန်းရီက စစ်သူကြီး အီရှီပူကို အထူး လာရောက် ဂါရဝပြုတာပါ။"

အီရှီပူသည် သူတို့ ဒေသထွက် အဝတ်အစားနှင့် အဆင်တန်ဆာများကို ဝတ်ဆင်ထားသည်ကို မြင်ချိန်မှာတော့ အနည်းငယ် အံ့အားသင့်သွားသော်လည်း များစွာ ပို၍ ရင်းနှီးသွားသလို ခံစားလိုက်ရသည်။ သို့ပေမည့် ဖန်ကျန်းရီသည် တာ့ကျင်းသား တစ်ဦး ဖြစ်နေသေးသည့်အတွက် အီရှီပူက ခပ်အေးအေးပင် မေးလိုက်၏။ "အမတ်မင်းဖန် ... ဘာကိစ္စများ ရှိလို့ လာရောက် တွေ့ဆုံတာလဲ။"

"စစ်သူကြီးရဲ့ နာမည်ကြီးကျယ်မှုကို ကြားဖူးနေတာ ကြာပါပြီ။ ကျုပ်က စစ်သူကြီးရဲ့ ခမ်းနားတဲ့ ပုံစံကို တစ်ချက်လောက် မြင်ဖူးချင်ရုံ သတ်သတ်ပါ။ ဒါကြောင့် အကြိုက်ဆုံး ဖြစ်မယ့် အရက်နဲ့ ဟင်းလျာ တစ်ချို့ကို အထူး ယူဆောင်လာခဲ့ပါတယ်။"

လက်ဆောင် လာပေးခြင်းလား။ အနည်းငယ်တော့ စိတ်ဝင်စားဖွယ်ရာ ကောင်းပေသည်။

အီရှီပူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာ၏။ "အမတ်မင်းဖန်ကတော့ ယဉ်ကျေးလွန်းနေပါပြီ။ ဒါဆိုလည်း အထဲကို ကြွပါ။"

သူတို့နှစ်ဦး ထိုင်ပြီးသွားချိန်မှာတော့ ဖန်ကျန်းရီသည် ယူဆောင်လာသော အစားအသောက်များကို အီရှီပူ၏ စားပွဲရှေ့တွင် တစ်ခုချင်းစီ သေသေချာချာ ချထားပေးလိုက်ပြီး အနည်းငယ် အလုပ်ရှုပ်ပြီးမှသာ သူ၏ နေရာသို့ ပြန်လည် ထိုင်လိုက်သည်။

ပုံမှန်မဟုတ်သော ကိစ္စရပ်များ ဖြစ်ပေါ်လာလျှင် သေချာပေါက် နတ်ဆိုး ရှိနေတတ်၏။ နန်းရင်းဆရာ မထွက်သွားမီက ဤကောင်လေးကို သေချာ စောင့်ကြည့်ရန် ကြိုတင် မှာကြားခဲ့ပြီး ဖြစ်သည်။ ရက်အနည်းငယ်လောက် ငြိမ်သက်နေပြီးနောက် တကယ်ကိုပဲ လှုပ်ရှားမှုတွေ စတင်လာချေပြီ။

အီရှီပူသည် တိတ်တဆိတ် အကဲခတ်နေရင်း တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "အမတ်မင်းဖန် ... ဒီလိုမျိုးတွေ လုပ်နေစရာ မလိုပါဘူး။ ပြောစရာရှိတာကို တိုက်ရိုက်သာ ပြောပါ။ ကျုပ်က စစ်သူကြီး တစ်ယောက်မို့ အမြဲတမ်း ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုဆက်ဆံတတ်တယ်။"

"စစ်သူကြီး အထင်လွဲနေပါပြီ။ ကျုပ် အခုတစ်ခေါက် လာတာက စစ်သူကြီးကို ရိုးရိုးသားသား လာရောက် ဂါရဝပြုချင်ရုံ သတ်သတ်ပါ ..."

ဖန်ကျန်းရီ၏ စကားမဆုံးမီမှာပင် အီရှီပူက ကြားဖြတ် ပြောလိုက်၏။ "ကျုပ်က လူတွေနဲ့ စကားကို လှည့်ပတ်ပြောဆိုနေရတာမျိုးကို မနှစ်သက်ဘူး။"

ဖန်ကျန်းရီသည် အရှက်ပြေ ရယ်မောလိုက်သည်။ "ဒါက ... စစ်သူကြီးက တကယ့်ကို ပွင့်လင်းဖြောင့်မတ်တာပဲ။ ဒါဆိုလည်း ကျုပ် ဘာတစ်ခုမှ ဖုံးကွယ်မထားတော့ဘူး။ အခုတစ်ခေါက် လာတာက နှစ်နိုင်ငံ စစ်ဖြစ်ကြတဲ့ အခါမှာ ရွှေတိုင်းပြည်ဘက်က အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်လောက် ရှိသလဲ ဆိုတာကို စစ်သူကြီးကို မေးချင်လို့ပါ။"

"ရာခိုင်နှုန်းပြည့်ပဲ။"

ဖန်ကျန်းရီ၏ မျက်လုံးများမှာ ချက်ချင်းပင် မှေးမှိန်သွားကာ တိုးညင်းသော လေသံဖြင့် မေးလိုက်၏။ "စစ်သူကြီးဆီမှာ ဒီလောက်အထိ ယုံကြည်မှု ရှိနေတာက ဘယ်လို အချက်တွေကြောင့်များလဲ။"

အီရှီပူက ပြောလိုက်၏။ "ကျုပ်တို့ ရွှေတိုင်းပြည်ရဲ့ သံချပ်ကာ မြင်းတပ်သား သုံးသောင်းကို သေချာ ကွပ်ကဲနိုင်မယ် ဆိုရင် တာ့ကျင်းရဲ့ ခြေလျင်တပ်သား ငါးသိန်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တိုက်ခိုက်နိုင်တယ်။ အခု ကျုပ်တို့ ရွှေတိုင်းပြည်မှာ အကောင်းစား သံချပ်ကာဝတ် မြင်းတပ်သား ခြောက်သောင်းတိတိ ရှိပြီး သာမန် မြင်းတပ်သားတွေ ဆိုတာက ရေတွက်လို့တောင် မရနိုင်ဘူး။ မင်းက တာ့ကျင်းရဲ့ အမတ်တစ်ယောက် ဖြစ်နေမှတော့ တိုင်းပြည်တွင်းက အခြေအနေတွေကို သေချာ သိရှိမှာပဲ။ မင်းအမြင်အရ ဆိုရင် ကျုပ်တို့ ရွှေတိုင်းပြည် ဘက်က အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်လောက် ရှိသလဲ။"

ဖန်ကျန်းရီ၏ မျက်နှာတစ်ခုလုံး ခါးသီးသွား၏။ သူသည် မိမိ၏ ပေါင်ကို အားကုန် ဆွဲဆိတ်လိုက်ရာ သွေးရောင်များ ထပ်မံ ဆုတ်ယုတ်သွားခဲ့ပြီး အားတင်း ပြုံးကာ အရက်ခွက်ကို မြှောက်လိုက်သည်။ "ဒါတွေကို အရင် မပြောကြေး။ စစ်သူကြီး ... ကျုပ် ခင်ဗျားကို တစ်ခွက်လောက် ဂါရဝပြုပါရစေ။"

ထိုမြင်ကွင်းကို အီရှီပူက မျက်စိထဲတွင် အကုန် မြင်တွေ့လိုက်ရပြီး လှောင်ပြုံးတစ်ခု ပြုံးလိုက်ကာ အရက်ခွက်ကို မြှောက်၍ တစ်ကျိုက်တည်း မော့သောက်လိုက်၏။

"အဟွတ် ... အဟွတ်။ တကယ်တော့ ကျုပ်က ရွှေတိုင်းပြည်မှာ နေတည်းက ဒီက ယဉ်ကျေးမှုကို နေ့စဉ်နှင့်အမျှ အားကျနှစ်သက်နေခဲ့တာပါ။ စစ်သူကြီးထံကနေ ပညာတစ်ချို့ တောင်းခံချင်လို့ လာခဲ့တာ။ ဒီအဝတ်အစားတွေရဲ့ အနုပညာကိုပဲ ကြည့်လိုက် ... အပေါ်မှာပါတဲ့ ပန်းချီဒီဇိုင်းတွေက တစ်မူထူးခြားပြီး ကိုယ်ပိုင် ဟန်ပန်တွေ ရှိတယ်။ ကြမ်းတမ်းမှုတွေ အကြားမှာ သိမ်မွေ့ နုနယ်မှုတွေ မလျော့နည်းသွားဘူး။ ဒါကို ကြည့်ရုံနဲ့တင် ရွှေတိုင်းပြည် ယဉ်ကျေးမှုရဲ့ နက်နဲတဲ့ အခြေခံအုတ်မြစ်ကို မြင်တွေ့နိုင်ပါတယ်။

နောက်ပြီး အစားအသောက်ကို ပြောရရင် ရွှေတိုင်းပြည်က အမဲသားနဲ့ သိုးသားတွေရဲ့ အသားအရည်က နူးညံ့သိမ်မွေ့တယ်။ တာ့ကျင်းရဲ့ နန်းတော်ထဲ ရောက်မှ ကျုပ် ဒီလို အသားမျိုးကို စားဖူးခဲ့တာပါ ... ပုံမှန်ဆိုရင် ကျုပ်က ဟော့ပေါ့စားရတာကို နှစ်သက်တယ်။ တာ့ကျင်းရဲ့ ဟော့ပေါ့က အရသာမရှိဘူး။ ရွှေတိုင်းပြည်ရဲ့ ဟော့ပေါ့ကမှ အရသာရှိတာ။ ကျုပ် ရွှေတိုင်းပြည်ကို ပထမဆုံး ရောက်လာတည်းက ဒီက အစားအသောက်တွေကို အချစ်မိသွားတော့တာပဲ ..."

ဖန်ကျန်းရီဘက်မှ အဆက်မပြတ် မြှောက်ပင့်ပြောဆိုနေပြီး အီရှီပူကို အခါအားလျော်စွာ အရက်တစ်ခွက်စီ တိုက်နေခဲ့ရာ ဘေးနားရှိ ဘာသာပြန်သူ၏ နှုတ်ခမ်းများပင်လျှင် မီးခိုးထွက်မတတ် ဖြစ်နေချေပြီ။ အီရှီပူကမူ သူ၏ သရုပ်ဆောင်မှုကို မျက်ခုံးများ ပင့်ကာ ပြုံးရွှင်စွာ ကြည့်နေခဲ့သည်။

အင်း ... သူ ပူပန်လွန်သွားခြင်းသာ ဖြစ်ပေမည်။ ဤကောင်လေး ယခုတစ်ခေါက် လာရောက်ရသည့် ရည်ရွယ်ချက်က အလွန် ရှင်းလင်းနေပြီ ဖြစ်၏။ တာ့ကျင်းစစ်ရှုံးသွားမည်ကို စိုးရိမ်သောကြောင့် သူ၏ထံသို့ ကြိုတင်လာရောက်ကာ သစ္စာခံပြီး နောင်တစ်ချိန် ရွှေတိုင်းပြည်တွင် အနာဂတ် ကောင်းကောင်းတစ်ခုကို တည်ငြိမ်စွာ ရယူလိုခြင်း သတ်သတ်သာ ဖြစ်ပေ၏။

ဟက်ဟက် ... အသက်ကိုနှမြောပြီး သေရမှာကို ကြောက်တဲ့ သတ္တဝါ တစ်ကောင်ပဲ။

သို့ပေမည့် သူပြောသော စကားများက တကယ့်ကို နားထောင်လို့ ကောင်းလှပေသည်။ သူ၏ ရင်ထဲရှိ သွေးများကိုပင် ဆူပွက်လာစေ၏။

အရက် သုံးပတ်လောက် လှည့်ပြီးချိန်မှာတော့ ဖန်ကျန်းရီသည် တံတွေးများ စင်ထွက်မတတ် ပြောဆိုနေဆဲ ဖြစ်ကာ ပါးနှစ်ဖက်လုံး ရဲတက်နေ၏။ "ကျုပ် တာ့ကျင်းမှာ စီးခဲ့တဲ့ မြင်းတွေ အကုန်လုံးက ဒီက မြင်းတွေချည်းပဲ။ တာ့ကျင်းမှာ ဘယ်သူကများ မသိဘဲ နေမှာလဲ ... ဒီအကောင်းဆုံး မြင်းကောင်းမြင်းသန့်တွေကို ရွှေတိုင်းပြည် တစ်ခုတည်းကပဲ မွေးမြူထုတ်လုပ်နိုင်တာ။ တကယ့်ကို ရွှေစင်တစ်ထောင်နဲ့တောင် ရှာဖွေဖို့ ခက်ခဲလှပါတယ် ... စစ်သူကြီး ... နောက်ထပ် တစ်ခွက်လောက် ထပ်သောက်ကြအုံးစို့။"

"ပြောတာ အရမ်း ကောင်းတယ်။ မော့လိုက်။"

အီရှီပူသည်လည်း ပါးနှစ်ဖက် အနည်းငယ် ရဲနေပြီ ဖြစ်၏။ သူက စကားအများကြီး မပြောဘဲ ဖန်ကျန်းရီက ရွှေတိုင်းပြည်အကြောင်း လေလုံးထွားနေသည်ကိုသာ တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး စိတ်ထဲတွင် အလွန်အမင်း ကျေနပ်နေမိသည်။

ရုတ်တရက် ဖန်ကျန်းရီ၏ စကားသံများ ရပ်တန့်သွားကာ အရက်ခွက်ကို စားပွဲပေါ်သို့ ဘုန်းခနဲ နေအောင် ဆောင့်ချလိုက်ရာ အရက်များ စားပွဲတစ်ခုလုံးသို့ စင်ထွက်သွားခဲ့သည်။

အီရှီပူသည် သတိဝင်လာကာ သူ့ကို ကမန်းကတန်း လှမ်းကြည့်လိုက်ရာ ဖန်ကျန်းရီက မျက်ရည်များ ဝဲနေလျက် ပြောလိုက်သည်ကို တွေ့လိုက်ရ၏။ "စစ်သူကြီး ... အမှန်အတိုင်း ပြောရရင် ကျုပ်က နာမည်ခံ တာ့ကျင်းရဲ့ အမတ်ဆိုပေမယ့် ... တကယ်တမ်းကျတော့ သစ္စာဖောက် အမတ်တစ်ယောက် ဖြစ်နေတာ ကြာပါပြီ။ ရွှေတိုင်းပြည်အတွက် မိုးပျံပူဖောင်းကို တည်ဆောက်ပေးခဲ့ပြီးပြီမို့ ကျုပ်မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ပါဘူး။"

ဒီနေ့မှာ တစ်အချက်က စစ်သူကြီးနဲ့အတူ ရွှေတိုင်းပြည်ရဲ့ ယဉ်ကျေးမှုအကြောင်းကို ဆွေးနွေးတိုင်ပင်ချင်လို့ပါ။ နှစ် အချက်ကတော့ ရင်ထဲမှာ ပိတ်လှောင်နေတဲ့ စိတ်ညစ်ညူးမှုတွေကို ဖြေဖျောက်ချင်လို့ပါ။"

အရက်မူးသွားပြီး ရင်ထဲက စကားမှန်တွေကို မမြိုသိပ်နိုင်တော့ဘဲ ထုတ်ပြောလာခြင်းလား။

အီရှီပူသည် အရာအားလုံးကို သဘောပေါက် နားလည်သွားပြီး ပြုံးကာ လက်ကာပြလိုက်၏။ "မင်းက ဘာကို စိုးရိမ်နေရတာလဲ။ ကျုပ်တို့ရဲ့ ယဉ်ကျေးမှုကို အားကျနှစ်သက်နေမှတော့ ဒီမှာပဲ ဆက်နေလိုက်ပေါ့။ မင်းက ကျုပ်တို့အတွက် မိုးပျံပူဖောင်းကို တည်ဆောက်ပေးခဲ့တာက အကြီးမားဆုံးသော အကျိုးဆောင်မှုကြီး တစ်ခုပဲ။ အရှင်မင်းကြီးနဲ့ နန်းရင်းဆရာတို့ နှစ်ဦးလုံးက မင်းကို သဘောကျနေကြတယ်။ မင်းက ကျုပ်တို့အပေါ် ရိုးသားဖြောင့်မတ်နေသရွေ့ နောင်တစ်ချိန်ကျရင် သေချာပေါက် အနာဂတ် တောက်ပလာလိမ့်မယ်။"

"ဒါပေမဲ့ ... ဒါပေမဲ့ ခင်ဗျားတို့က အလုပ်ပြီးသွားရင် မြင်းကို သတ်ပစ်သလိုမျိုး လုပ်ကြမှာ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ကျုပ်က တခြားနိုင်ငံသား တစ်ယောက်လေ။"

အီရှီပူက တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။ "လျှောက်ပြောမနေနဲ့။ မင်းကို အမှန်အတိုင်း ပြောပြရရင် နန်းရင်းဆရာက မင်းကို အတော်လေး အလေးထားတယ်။ အရှင်မင်းကြီးရဲ့ ရှေ့တော်မှောက်မှာလည်း မင်းအတွက် ထောက်ခံတင်ပြပေးခဲ့ဖူးတယ်။ မင်းက ရိုးရိုးသားသားနဲ့ စိတ်အေးအေးထားပြီး အလုပ်လုပ်နေရုံပဲ။ မင်းအတွက် ကျုပ်က အာမခံပေးမယ်။ အရှင်မင်းကြီး စစ်နိုင်ပြီး နန်းတော်ကို ပြန်လာတဲ့ အခါကျရင် မင်းရဲ့ ဒီသစ္စာခံချင်တဲ့ စိတ်ထားကို အရှင်မင်းကြီးထံ ကျုပ် အကုန်အစင် တင်ပြပေးပါ့မယ်။"

မျက်ရည်ကြည် နှစ်ကြောင်းသည် ဖန်ကျန်းရီ၏ မျက်ထောင့်မှနေ၍ ဖြည်းညင်းစွာ စီးကျလာခဲ့သည်။ ထို့နောက် သူက အရက်ခွက်ကို အလေးအနက် မြှောက်လိုက်ပြီး တုန်ယင်သော လေသံဖြင့် ပြောလိုက်၏။

"တကယ်သာ အဲဒီလိုဆိုရင် ... စစ်သူကြီးရဲ့ ကျေးဇူးကို ကျုပ် ဘဝဆက်တိုင်း ပြန်ဆပ်လို့တောင် ကုန်နိုင်မှာ မဟုတ်တော့ဘူး။"

"ဟားဟား ဟားဟား ဟားဟား။ ပြောတာတွေ လွန်ကုန်ပါပြီ၊ လွန်ကုန်ပါပြီ။ လာ ... နောက်ထပ် တစ်ခွက်လောက် ထပ်သောက်ကြစို့။"

သူတို့နှစ်ဦး အရက်ခွက်များ မြှောက်ကာ ဂါရဝပြုသောက်သုံးလိုက်ကြသည်။ ဖန်ကျန်းရီသည် နောက်တစ်ကြိမ် တံတွေးများ စင်ထွက်မတတ် ပြောဆိုနေပြီး ရွှေတိုင်းပြည်အပေါ် ထားရှိသည့် သူ၏ တမ်းတမက်မောသော စိတ်ထားကို ဖော်ပြနေခဲ့၏။

စားသောက်ပြီးစီးသွားချိန်မှာတော့ ဖန်ကျန်းရီသည် နံရံကို အားပြုကာ စစ်သူကြီး အိမ်တော်မှ ထွက်လာခဲ့သည်။

သူသည် စစ်သူကြီး အိမ်တော်၏ တံခါးဝတွင် ရပ်ကာ ခတ္တမျှ အန်ချင်ဟန် ပြုနေမိ၏။

ချီးတဲ့မှ … ဒီအဘိုးကြီးက တကယ်ကိုပဲ အရက်သောက်နိုင်လွန်းတယ်။

အနည်းငယ် အမှားအယွင်း ဖြစ်သွားခဲ့သော်လည်း ရလဒ်ကမူ မဆိုးလှဟု သတ်မှတ်၍ ရပေသည်။ ပြန်သွားပြီး သေချာ ပြင်ဆင်ရဦးမည်။ အချိန်က အလွန် ကပ်နေပြီ ဖြစ်ရာ နောက်တစ်အိမ်သို့ ဆက်လက် ထွက်ခွာရပေမည်။

All Chapters