အခန်း ၅၂၂
Vol. 29 Ch. 522
အပိုင်း (၅၂၂) အရက်နတ်ဆိုး စင်မြင့်ပေါ်သို့ တက်လာခြင်း။
စပျစ်ရည်အရသာမှာ တကယ်ကို ကောင်းမွန်လှသည်။ ရှားပါးသော အရက်ကောင်းတစ်မျိုး ဖြစ်၏။
ထို့အပြင် အခန်းထဲတွင် အိုက်စပ်ပူလောင်နေပြီး လေလံပွဲကလည်း အနည်းငယ် ပျင်းစရာကောင်းနေသဖြင့် ဖန်ကျန်းရီသည် တိတ်တဆိတ် အိုးငယ်သုံးအိုးမျှ သောက်လိုက်သည်။
တစ်ခုတည်းသော ဖျော်ဖြေရေးအစီအစဉ်မှာ လေလံအောင်သွားသူတိုင်း၏ မျက်နှာကို လိုက်ကြည့်ကာ နောက်ပိုင်း ပြဿနာတက်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မှတ်ထားရခြင်းပင် ဖြစ်၏။
လုဆိုသည့် နာမည်ဖြင့် လေလံအောင်သွားသူတစ်ယောက် ရှိကြောင်း ကြားလိုက်ရသဖြင့် ဖန်ကျန်းရီသည် အလိုအလျောက် အနောက်သို့ လှည့်ကြည့်လိုက်သည်။
လုရှို့ဝမ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားခဲ့၏။
ထိုကောင်စုတ်လေးမှာ တကယ်ကို ရိုးသားသူ မဟုတ်ချေ။
တုံးအသော ဒုတိယသခင်မလေးကတော့ တကယ်ပင် မျက်စိကန်းနေခြင်းသာ ဖြစ်၏။ သို့သော်ငြား ထိုအရာက သူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်သောကြောင့် သူ ဝင်ပါနေလျှင် စပ်စုလွန်းရာ ကျသွားပေလိမ့်မည်။
ဖန်ကျန်းရီသည် အထင်သေးစွာ ပြုံးလိုက်ပြီး အနောက်သို့လှည့်၍ အရက်ကိုသာ ဆက်သောက်နေလိုက်၏။
ထိုအချိန်တွင် ချူယိုယီသည် လူအုပ်ထဲမှနေ၍ လုရှို့ဝမ်အနားသို့ တဖြည်းဖြည်း တိုးကပ်သွားခဲ့သည်။
အနီးသို့ ရောက်ခါနီးတွင် သူမ မုတ်ဆိတ်တု တပ်ထားသည်ကို သတိရသွားကာ အနည်းငယ် ရှက်ရွံ့သွား၏။
သို့ပေမည့် များများမစဉ်းစားနိုင်ခင်မှာပင် နောက်ထပ်တစ်ဦး လေလံအောင်သွားသဖြင့် လူအုပ်ကြီးက ဆူညံသွားကာ သူမကို လုရှို့ဝမ်အနားသို့ တွန်းပို့လိုက်သည်။
ချူယိုယီ၏ အနောက်မှ သန်မာသော လူကြီးနှစ်ယောက်သည် မျက်မှောင်ကုတ်သွားကြသည်။ တစ်ယောက်က မေးလိုက်၏။
“သူ ဟိုဘက်ကို သွားတာ အန္တရာယ် ရှိနိုင်မလား။”
နောက်တစ်ယောက်က ပြန်ဖြေလိုက်သည်။
“ဘာအန္တရာယ် ရှိနိုင်မှာလဲ။ သခင်လေးက သူ့ကို ကာကွယ်ပေးဖို့ ပြောထားတာပဲ။ အဲဒါဆိုရင် စောင့်ကြည့်နေရုံပဲပေါ့။ သူ အသိအကျွမ်းနဲ့ သွားတွေ့တာကိုတောင် ခင်ဗျားက ဝင်စွက်ဖက် ချင်နေသေးတာလား။”
“ဪ …”
လုရှို့ဝမ်သည် ချူယိုယီ သူ့အနား ရောက်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး ဘေးနားရှိ သူငယ်ချင်းကို လက်ညှိုးထိုးကာ ရိုင်းစိုင်းစွာ ပြောလိုက်သည်။
“မင်း ထ။ သူ့ကို နေရာ ဖယ်ပေးလိုက်။”
ထိုသူငယ်ချင်းမှာ မတတ်သာဘဲ ဘေးသို့ ဖယ်ပေးလိုက်ရ၏။ လုရှို့ဝမ်က မျိုးရိုးကောင်းသဖြင့် သူ ပြဿနာ မရှာရဲချေ။
“ယိုယီ .. ထိုင်လေ။”
ချူယိုယီသည် အနည်းငယ် ရှက်ရွံ့စွာဖြင့် လုရှို့ဝမ်၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး မျက်နှာရဲရဲဖြင့် တိုးညင်းစွာ ခေါ်လိုက်၏။ “သခင်လေးလု။”
ပါးစပ်မှ ထိုသို့ ပြောနေသော်လည်း စိတ်ထဲတွင်မူ ဗြောင်းဆန်နေခဲ့သည်။
သခင်လေးလုသည် တကယ်ပင် ပြည့်တန်ဆာရုံကို လာခဲ့သည်လား။ ဖန်ထန်ကျင့် ပြောသလို သူက တစ်လကို အကြိမ်နှစ်ဆယ်လောက် ပြည့်တန်ဆာရုံ လာသည်ဆိုတာ တကယ်ပဲလား။ သူက ထိုသို့ မိန်းမကြိုက်သော လူမျိုးလား။
လုရှို့ဝမ်သည် ချူယိုယီ၏ ရှေ့တွင် အမှတ်လျော့သွားသည်ကို သိသဖြင့် အလျင်အမြန် မေးလိုက်သည်။ “မင်း ဘယ်လိုလုပ်ပြီး ပြည့်တန်ဆာရုံကို ရောက်လာတာလဲ။ ဒီနေရာက အရမ်း အန္တရာယ်များတာကို။”
“ကျွန်မ ကျောင်းတော်မှာ... အရက်နတ်ဆိုး ဆိုတာကို ကြားပြီး... စပ်စုချင်စိတ်နဲ့ လိုက်လာတာ။ သခင်လေးလု .. ရှင်ကော ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။”
“ကျုပ်လည်း အတူတူပဲ။ စပ်စုလို့ … စပ်စုလို့ ရောက်လာတာ။” လုရှို့ဝမ်က အဆက်မပြတ် ထောက်ခံလိုက်၏။
စကားလမ်းကြောင်းလွှဲကာ လုရှို့ဝမ်က အရက်အိုးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ယိုယီ ကြည့်စမ်း …. ကျုပ်ဒီနတ်ဆေးကို ဝယ်လာတယ်။ ဒီဆေးက အလှအပအတွက်ပါ အကျိုးရှိတယ်တဲ့။ ကျုပ်တို့ အတူတူ မြည်းကြည့်ကြမလား။”
ချူယိုယီသည် အရက်အိုးကို ကြည့်ကာ နှုတ်ခမ်းကို သပ်လိုက်သည်။ အနည်းငယ် စိတ်ဝင်စားသွားသော်လည်း အလိုအလျောက် ခေါင်းညိတ်လိုက်ပြီးမှ အလျင်အမြန် ခေါင်းယမ်းလိုက်ခဲ့၏။
“ဟင့်အင်း …. မသောက်တော့ဘူး။ ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကို မသောက်ပါရစေနဲ့။”
သူမ၏ တောက်ပနေသော နှုတ်ခမ်းလေးကို ကြည့်ပြီး လုရှို့ဝမ်၏ လည်စေ့က အထက်အောက် လှုပ်ရှားသွားကာ စိတ်ထဲတွင် ရမ္မက်မီးများ တောက်လောင်လာသည်။
“ယိုယီ .. မင်းက ငါ့ကို သူစိမ်းတွေလို ဆက်ဆံနေတာလား။ ဒီလို ပစ္စည်းကောင်းမျိုး ရှိတာကို ငါက အရေးကြီးတဲ့သူနဲ့ပဲ အတူတူ မျှဝေချင်တာပါ။”
အရေးကြီးတဲ့သူတဲ့လား။
ချူယိုယီမှာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။ ခဏမျှ စဉ်းစားပြီးနောက် ချွဲနွဲ့စွာ ခေါင်းညိတ်ပြလိုက်၏။
“လူလွှတ်ပြီး ပန်းကန်နှစ်လုံး သွားယူခိုင်းလိုက်မယ်...”
“ကောင်းပြီ။ အားလုံးကို ဂုဏ်ပြုပါတယ်။ ကံထူးရှင် အယောက်နှစ်ဆယ်လုံး ခုနစ်ရက် မဟာနတ်ဆေးတွေကို အသီးသီး ရရှိသွားကြပါပြီ။ ဒီနေ့ အစီအစဉ်ကတော့ ဒီမှာပဲ ပြီးဆုံးပါပြီ။” ကျိုးထျဲ့သည် ပြောပြီး စင်ပေါ်မှ ခုန်ဆင်းသွား၏။
ကြည့်ရှုနေသူများထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အရက်နတ်ဆိုးကြီးကော …. ဒီနေ့ ဒီကို လာမယ်လို့ ပြောထားတယ် မဟုတ်လား။ ဘာလို့ ထွက်မလာသေးတာလဲ။”
“အရက်နတ်ဆိုးကြီးနဲ့ တွေ့ခွင့်ပြုပါ။ ကျုပ်တို့ ပညာရှိကြီးဆီကနေ ပညာနည်းနည်းလောက် သင်ယူချင်လို့ပါ။”
“တွေ့ချင်တယ်။”
“တွေ့ချင်တယ်။”
“တွေ့ချင်တယ်။”
ကြည့်ရှုနေသူများ၏ အော်ဟစ်သံများမှာ ပို၍ပို၍ ညီညာလာသည်။
လုရှို့ဝမ်သည် ချူယိုယီကို ကြည့်ကာ ပြောလိုက်၏။
“ယိုယီ .. အရက်နတ်ဆိုး ထွက်လာတာကို စောင့်ကြည့်ပြီးမှ ငါတို့ ပြည့်တန်ဆာရုံထဲ ထွက်ကြမယ်။ ပြီးမှ တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာပြီး ဒီနတ်ဆေးကို အေးဆေး မြည်းကြည့်ကြမလား။”
ချူယိုယီကလည်း စင်ပေါ်သို့ စပ်စုချင်စိတ်ဖြင့် ကြည့်ကာ ပါးစပ်မှ လက်ခံလိုက်သည်။ “ကောင်းပြီ … သခင်လေးလု စီစဉ်တဲ့အတိုင်းပဲ လုပ်ကြတာပေါ့။”
ဖန်ကျန်းရီသည် လေးအိုးမြောက် အရက်ကို တဖြည်းဖြည်း သောက်နေသည်။ ဤအရက်မှာ ပြင်းအား သိပ်မများသော်လည်း အတော်လေး မူးစေသည်။ ယခု နည်းနည်း ပူလာပြီး ခေါင်းလည်း နည်းနည်း မူးနေပြီ ဖြစ်၏။
ရှဲ့ရှန်းက စိုးရိမ်တကြီးဖြင့် ဖန်ကျန်းရီကို မေးလိုက်သည်။
“သခင်လေး … သူတို့က တွေ့ချင်တယ်လို့ အော်နေကြတယ်။ သခင်လေးထွက်တွေ့မလား။”
ဖန်ကျန်းရီသည် အရက်ခွက်ကို အကုန်သောက်လိုက်ပြီး မျက်လုံးကို မှေးကာ စဉ်းစားနေ၏။
“သေချာ မဆုံးဖြတ်ရသေးဘူး... ထားလိုက်ပါတော့။ ငွေလည်း ရပြီးပြီပဲ ကျုပ်က ဘာလို့ ထွက်တွေ့ရမှာလဲ။ အကျိုးမရှိတဲ့ အလုပ်ကို ကျုပ်တို့ မလုပ်ဘူးလေ ကျုပ်ခင်ဗျားတို့ကို ဘယ်လို သင်ပေးထားလဲ။ အသံတိတ်ပြီး ပိုက်ဆံရှာရမယ်။”
“သခင်လေးပြောတာ မှန်ပါတယ်။ သောက်ကြမယ်။”
သုံးယောက်သား ခွက်ချင်းတိုက်ကာ ဆက်သောက်နေကြ၏။
အခန်းထဲတွင် ညီညာသော အော်ဟစ်သံများ ဆက်လက် ထွက်ပေါ်နေသော်လည်း ထိုသုံးယောက်ကမူ လေဆင်နှာမောင်း၏ အလယ်ဗဟိုကဲ့သို့ ငြိမ်သက်စွာဖြင့် ကိုယ့်ဘာသာ အရက်သောက်နေကြသည်။
သူတို့ မလောသော်ငြား ယွီနျန်ကတော့ အလွန် လောနေပြီ ဖြစ်၏။
အခြေအနေများ ဤအတိုင်း ဆက်သွားနေပါက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့မည်။ အရက်နတ်ဆိုးသာ ထွက်မတွေ့ခဲ့ပါက ဤလူများ ဒေါသထွက်ပြီး ချွန်းယွီရုံကိုပါ ဖြိုပစ်လောက်သည်။
ထိုဆိုးရွားသော နောက်ဆက်တွဲ ပြဿနာကို တွေးမိသောအခါ ယွီနျန်သည် ပြာပြာသလဲ ပြေးကာ ဖန်ကျန်းရီ အနားသို့ အမြန် ရောက်လာခဲ့သည်။ ဒူးထောက်ကာ လက်နှစ်ဖက်ကို ဖန်ကျန်းရီ၏ ဒူးပေါ် တင်ပြီး တောင်းပန်လိုက်၏။
“ကျေးဇူးပြုပြီး … သခင်လေးဖန် အပေါ်တက်ပြီး သူတို့နဲ့ တစ်ခေါက်လောက် သွားတွေ့ပေးပါရှင်။ ဒီအတိုင်း ဆက်သွားရင် ချွန်းယွီရုံရဲ့ နာမည်လည်း ပျက်တော့မယ်... ကျွန်မက သခင်လေးရဲ့ ပန်းနီအသင်းက ပထမဆုံး အဖွဲ့ဝင်လေရှင်။”
ပန်းနီအသင်း။
ယွီနျန်က ထိုစကားလုံးကို ပြောလိုက်သည်နှင့် ဖန်ကျန်းရီသည် ရုတ်တရက် သတိဝင်လာခဲ့၏။
ဟိုက်။
အရက်မူးပြီး ဤကိစ္စကို မေ့နေခဲ့သည်။ နောက်ပိုင်းမှာ ငွေအများကြီးရမည့် အခွင့်အရေး ရှိသေးရာ ယနေ့ ထွက်မသွားပါက ကိုယ့်လူကို ကိုယ်ပြန်ဒုက္ခပေးသလို ဖြစ်သွားပေတော့မည်။ သူက ထိုသို့ ယုတ်မာသော အလုပ်မျိုးကို မလုပ်ချေ။
ထွက်သွားလျှင်လည်း ဘာမှ မဖြစ်ပါချေ။ လုရှို့ဝမ်ဆိုသည့် ကောင်စုတ်လေးကလွဲ၍ သူ့ကို ဘယ်သူမှ မသိကြပေ။
ထိုသို့ တွေးမိပြီးနောက် သနားစရာကောင်းနေသော ယွီနျန်ကို ကြည့်ကာ ဖန်ကျန်းရီက သူမကို ဆွဲထူလိုက်ပြီး ပြောလိုက်သည်။ “ယွီနျန်ရယ် … ဒီလို အသေးအဖွဲ ကိစ္စလေးအတွက် ဘာလို့ ဒီလောက်တောင် ဝမ်းနည်းပြနေရတာလဲ။ ထပြီး စကားပြောပါ။”
ယွီနျန် ထရပ်လိုက်ရာ မျက်လုံးထဲတွင် ကျေးဇူးတင်သည့် အရိပ်အယောင်လေး ဖြတ်ပြေးသွား၏။
“သခင်လေး တက်သွားဖို့ သဘောတူပြီလား။”
“သွားမှာပေါ့။ အားလုံးက ပန်းနီအသင်းက လူတွေ ဖြစ်နေပြီ ဆိုမှတော့ မသွားစရာ အကြောင်း မရှိတော့ဘူးပေါ့။ သန်ဘက်ခါကျရင် ခင်ဗျားက ကျုပ်အတွက် တခြား ပြည့်တန်ဆာရုံတွေကို သွားပြီး ဆက်သွယ်ပေးရအုံးမှာလေ။” ဖန်ကျန်းရီက လက်ကာပြလိုက်၏။
“သခင်လေး စိတ်ချပါရှင်။ ယွီနျန် သေချာပေါက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်။”
ဖန်ကျန်းရီသည် အနည်းငယ် ပြုံးလိုက်ပြီး ခြေလှမ်းရွှေ့ကာ စင်ပေါ်သို့ တက်သွား၏။ လက်နှစ်ဖက်ကို ဖြန့်ကာ လူအုပ်ကြီးဘက်သို့ လှည့်ပြီး ဆံပင်ကို ခပ်မိုက်မိုက်လေး ခါပြလိုက်သည်။
“သခင်လေး ကျုပ် က အရက်နတ်ဆိုးပဲ။ ခင်ဗျားတို့က ကျုပ်ကို တွေ့ချင်တယ် ဆိုလို့။ သခင်လေး ကျုပ် ဒီနေ့ ဒီမှာ ရပ်နေပြီ။ သိချင်တာ ရှိရင် မေးကြ။ အချိန် တစ်နာရီလောက် ရမယ်။”
လူတိုင်း၏ အကြည့်များမှာ ဤအခိုက်အတန့်တွင် ဖန်ကျန်းရီထံသို့ တညီတညွတ်တည်း ရောက်ရှိသွားကြ၏။
စင်အောက်မှ တီးတိုးစကားပြောသံများ ထွက်ပေါ်လာသည်။
“အို …. သူက အရက်နတ်ဆိုးကြီးလား။ ကျုပ်ထင်ထားတာထက် အများကြီး ငယ်သေးတာပဲ။”
“ဟွန့် …. အဘိုးကြီးတွေက ဘယ်လိုလုပ် ပြည့်တန်ဆာရုံ သွားဖို့ ခွန်အား ရှိတော့မှာလဲ။”
“နတ်ဆေး ရှိတယ်လေ။”
“ရုပ်ရည်ချောမောပြီး တကယ့်ကို တင့်တယ်တဲ့ သခင်လေး တစ်ယောက်ပါပဲ။ အရက်နတ်ဆိုး ဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်ပါတယ်။”
လုရှို့ဝမ်နှင့် ချူယိုယီတို့ နှစ်ယောက်ကတော့ စင်ပေါ်ရှိ ရင်းနှီးနေသော ပုံရိပ်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြ၏။
“ယိုယီ... အဲဒါ မင်းရဲ့ စာဖတ်အစေခံ ဖန်ထန်ကျင့် မဟုတ်ဘူးလား။”
ချူယိုယီ၏ နှုတ်ခမ်းလေး တုန်ယင်သွားသည်။
“မသိဘူးလေ။”
အဘယ်သို့ ဖန်ထန်ကျင့် ဖြစ်နိုင်မည်နည်း။ သူက လူတွေကို ဂရုစိုက်တတ်သည့် စာဖတ်အစေခံ တစ်ယောက်ပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လောကကို လှုပ်ခတ်သွားစေသည့် အရက်နတ်ဆိုးကြီး ဖြစ်သွားရသနည်း။
ရုပ်ချင်း ဆင်တာပဲ ဖြစ်မှာပါလေ။ ဒါပေမဲ့ ဒီလောက်တောင် တူနေတာလား။ အသံကလည်း ဒီလောက် ဆင်နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
ချူယိုယီ၏ ခေါင်းထဲတွင် ဗြောင်းဆန်နေပြီး အလွန်အကျွံ စဉ်းစားမှုများကြောင့် အခန်းတွင်း အပူရှိန်နှင့် ပေါင်းကာ မျက်နှာတစ်ခုလုံး ကြောက်စရာကောင်းလောက်အောင် နီရဲနေ၏။
ဘေးနားရှိ လုရှို့ဝမ်က သူမ၏ ဤအမူအရာကို မြင်သောအခါ ဒေါသထွက်လာခဲ့သည်။
ချူယိုယီက ဘာလို့ ဒီလို အမူအရာမျိုး ဖြစ်နေရတာလဲ။
အရက်နတ်ဆိုးကြီး ဆိုတာ ဖန်ထန်ကျင့်ပဲ။ ဒီမိန်းမကြိုက်တဲ့ အကောင်က ချူယိုယီအနားမှာ အမြဲတမ်း ပုန်းကွယ်နေတာပဲ။ သူမက လောကအကြောင်း ဘာမှ မသိသေးဘူး။ အခွင့်ကောင်းယူ ခံလိုက်ရပြီလား မသိဘူး။ ငါတောင် သူတို့အိမ်က စားကြွင်းစားကျန်ကို မစားရသေးဘူး။
သည်းခံနိုင်စရာ အကြောင်း မရှိတော့ချေ။
ဟိုဟိုဒီဒီ တွေးပြီးနောက် လုရှို့ဝမ်သည် ဒေါသတကြီး စားပွဲကို ရိုက်ကာ မတ်တပ်ရပ်လိုက်ပြီး ဖန်ကျန်းရီကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မင်း လိမ်နေတာ။ မင်းက အရက်နတ်ဆိုး လုံးဝ မဟုတ်ဘူး။”