အခန်း (၅၇၅-၅၇၆)
Vol. 31 Ch. 575-576
အပိုင်း (၅၇၅) လောကတွင် သစ္စာအရှိဆုံး အမတ်။
ဖန်ကျန်းရီက ခါးညွတ်အရိုအသေပေးလိုက်သည်။ "အရှင်မင်းကြီး ကိုယ်တိုင် လမ်းညွှန်ပြသပေးမှာဆိုတော့ ကျွန်တော်မျိုး အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အရှင်မင်းကြီး ကြွလာပြီဆိုတော့ အားလုံးပဲ သေချာလေး လုပ်ပြကြစမ်း။"
ကျောက်လျဲ့က မျက်နှာထား တင်းမာသွားပြီး အော်ဟစ်လိုက်၏။ "သတိ... ညာဘက်ကို... ကြည့်။ ဂဏန်းရေ။"
"တစ်... နှစ်... သုံး..."
ကျင်းဘုရင်မင်းမြတ် မှာ သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ရင်း အနည်းငယ် အံ့ဩသွားကာ ပြုံး၍ မိန့်ကြားလိုက်သည်။ "ဒီလို... ဒီလို တပ်လေ့ကျင့်တဲ့ ပုံစံမျိုးကို ကိုယ်တော် ပထမဆုံး မြင်ဖူးတာပဲ။ ကြည့်ရတာ အတော်လေး သပ်ရပ်ပြီး စည်းကမ်းသေဝပ်မှု ရှိပုံရတယ်။"
"ဖန်အမတ်... မင်း လေ့ကျင့်ထားတာက အတော်လေး စနစ်ကျတာပဲ။ အချိန်အတော်ကြာ လေ့ကျင့်ထားပုံရတယ်။"
ဖန်ကျန်းရီက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်၏။
တိတ်တဆိတ် တပ်လေ့ကျင့်ခြင်းက ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သော်လည်း ယနေ့ ကျင်းဘုရင်မင်းမြတ် ကို ဖွင့်ပြောပြရန် သူ အသင့်ပြင်ထားပြီး ဖြစ်သည်။
အမှားအယွင်း အသေးအဖွဲလေးတွေက ကိစ္စမရှိလှပေ။
ကျင်းဘုရင်မင်းမြတ် နှင့် အမတ်ဟောင်းများမှာ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြ၏။
ဖန်ကျန်းရီက လီယွမ်ကျောက်အနားသို့ တိတ်တဆိတ် တိုးသွားပြီး မေးလိုက်သည်။ "အိမ်ရှေ့စံ... ခင်ဗျား ဘယ်လိုလုပ် ရောက်လာတာလဲ။"
အိမ်ရှေ့စံက မျက်တောင်မခတ်တမ်း ကြည့်နေရင်း တီးတိုးဖြေလိုက်၏။ "အို... ခင်ဗျားကို အကြာကြီး မတွေ့ရလို့ ဘာတွေ လုပ်နေလဲ လာကြည့်တာ။ ကျွတ် .. ကျွတ် ... ခင်ဗျားမှာလည်း လျှို့ဝှက်လက်နက်တွေ ရှိနေတာပဲ။ သူတို့ တန်းစီတာ ဒီလောက်တောင် သပ်ရပ်ညီညာနေတာ တွေ့ရတယ်။ ကျုပ် ရဲရဲကြီး ပြောရဲတယ်၊ နန်းတော်စောင့်တပ်တွေတောင် ဒီလောက် အဆင့်မီမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် အမြင်မှာတော့ လိုအပ်ချက် နည်းနည်း ရှိနေသေးတယ်။ တိုက်ပွဲဝင်တယ်ဆိုတာ ပြဇာတ်ကနေတာမှ မဟုတ်တာ။ ခင်ဗျားက တပ်ကို သပ်ရပ်ညီညာလွန်းအောင် လေ့ကျင့်ထားတော့ အချိန်နဲ့ လုပ်အားတွေ အလဟဿ ဖြစ်နေသလိုပဲ။"
ဖန်ကျန်းရီ၏ ရင်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
ဘာတွေ သိလို့ လာပြောနေတာလဲ။ ဒါတွေက နှစ်ထောင်ပေါင်းများစွာ အတွေ့အကြုံတွေကနေ ထုတ်နုတ်ထားတဲ့ အနှစ်သာရတွေကွ။ ဒါမှ တကယ့် စစ်စည်းကမ်း၊ ဒါမှ တကယ့် အောင်ပွဲခံ တပ်တော်လို့ ခေါ်တာ။
လီယွမ်ကျောက်၏ အာရုံစိုက်မှုက သိုင်းကျင့်ကွင်းပေါ်တွင်သာ ရှိနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ကျန်းပြောင် အနားသို့ ထပ်မံရွှေ့သွားပြီး တီးတိုးမေးလိုက်၏။ "မင်းက ဘာလို့ အခုမှ ရောက်လာတာလဲ။ ပြီးတော့ အရှင်မင်းကြီးနဲ့ ဘယ်လို လုပ်ပြီး အတူတူ ရောက်လာတာလဲ။"
ကျန်းပြောင်က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။ "အို... အပေါက်ဝမှာ အရှင်မင်းကြီးနဲ့ ဆုံတာပါ။ ဒီနေ့ အစ်မချွန်း အလေးမရင်း ဒဏ်ရာရသွားလို့ သမားတော်ဆီ ပို့ပေးနေရတာ။ ရှောင်ထောင်က သူ့ကို ပြုစုပေးနေတယ်။ ကိစ္စမရှိပါဘူး၊ သူက သက်သာသွားရင် ဆက်ပြီး လေ့ကျင့်အုံးမယ်လို့ ပြောတယ်။ ပေါင်လေးဆယ်လေး ကိုတောင် မနိုင်ဘူးဆိုတော့ တကယ် ညံ့တာပဲ။"
ဖန်ကျန်းရီက ဒေါသတကြီး ကျိန်ဆဲလိုက်၏။ "မင်း လူလို နားလည်စမ်းပါ။ နောက်တစ်ခါ အစ်မချွန်းကို ကြွက်သားထွက်အောင် ထပ်လေ့ကျင့်ခိုင်းရင် တောက်ယွမ်ခရိုင်ကနေ ထွက်သွားတော့။"
အရှေ့ဘက်တွင် လေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်နေပြီး ကျောက်လျဲ့၏ အမိန့်ပေးသံတိုင်းမှာ အသံကုန် အော်ဟစ်နေခြင်း ဖြစ်သည်။
ယနေ့ အရှင်မင်းကြီး လာရောက်ကြည့်ရှုခြင်းဖြစ်ရာ သခင်လေး၏ မျက်နှာကို လုံးဝ အပျက်ခံ၍ မဖြစ်ပေ။
"ညီညာစွာ လျှောက်... တစ် နှစ် တစ်... တစ် နှစ် တစ်... တစ် နှစ် သုံး လေး..."
"တစ်... နှစ်... သုံး... လေး..."
တပ်ဖွဲ့ဝင်များမှာ သိုင်းကျင့်ကွင်းပေါ်တွင် သပ်ရပ်ညီညာစွာ ပြေးလွှားနေကြရာ အမတ်ဟောင်းကြီးများမှာ ပါးစပ်ကိုအုပ်ကာ ခိုးရယ်နေကြသည်။
သပ်ရပ်ညီညာမှုက ကြည့်ကောင်းသော်လည်း အော်ဟစ်နေသော အသံများက ရယ်စရာကောင်းနေသည်ဟု ထင်မြင်နေကြခြင်း ဖြစ်၏။
သို့သော် ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာမှာမူ ပို၍ တည်ကြည်လာသည်။ သူ၏ ကျွမ်းကျင်သော အမြင်အရ ဤတပ်ဖွဲ့မှာ သာမန်မဟုတ်ကြောင်း သိသာလှသည်။
ခန္ဓာကိုယ် အချိုးအစားမှအစ စည်းကမ်းသေဝပ်မှုအထိ အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အထက်တန်းစားထဲမှ အထက်တန်းစားဟုပင် ဆိုနိုင်၏။
"သေချာလေ့လာ၊ ပြင်းပြင်းထန်ထန် ကျင့်ကြံ။ စာပေသိုင်းပညာ စုံလင်၊ သံမဏိလို ခိုင်မာ။ စည်းလုံးညီညွတ်၊ ကိုယ်တိုင်ထိန်းချုပ်။ စိတ်တူကိုယ်တူ ပူးပေါင်း၊ တာ့ကျင်းတိုင်းပြည်ကို မြှင့်တင်။"
လေ့ကျင့်ရေး သံပြိုင်ဟစ်ကြွေးသံများမှာ ကောင်းကင်သို့ပင် လွင့်ပျံသွားသည်။
သံပြိုင်ဟစ်ကြွေးသံများ ထွက်ပေါ်လာသောအခါ အမတ်ဟောင်းများလည်း မရယ်နိုင်ကြတော့ဘဲ ဖန်ကျန်းရီကို ထူးဆန်းသော အကြည့်များဖြင့် ဝိုင်းကြည့်လာကြ၏။
တောက်ယွမ်ခရိုင်က တကယ့် စစ်တပ်အစစ်ကြီးကို လေ့ကျင့်နေတာပဲ။ ခရိုင်ဝန် တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် အင်အားကြီးတဲ့ တပ်ကို လေ့ကျင့်ခွင့် ရသွားတာလဲ။
ကျင်းဘုရင်မင်းမြတ် မမေးမီမှာပင် လူအများ၏ အကြည့်များ ထူးဆန်းနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက အလျင်အမြန် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်။"
တပ်လေ့ကျင့်ခြင်းက အပြစ်ရှိသော်လည်း လူနှစ်ရာခန့်သာ ဖြစ်သဖြင့် ကျင်းဘုရင်မင်းမြတ် မှာ သိပ်ဂရုမစိုက်လှပေ။
ဖန်ကျန်းရီ စည်းကမ်းမလိုက်နာသည်ကို သူ အသားကျနေပြီ ဖြစ်သည်။
ကျင်းဘုရင်မင်းမြတ် က တည်ငြိမ်စွာ မေးလိုက်၏။ "ဖန်အမတ်... မင်း ဘာလို့ အပြစ်ရှိတယ်ဆိုတာ ကိုယ်တော့်ကို သေချာ ရှင်းပြစမ်းပါ။"
ဖန်ကျန်းရီက ရိုသေကျိုးနွံစွာ လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုးမှာ တပ်ကို အုပ်ချုပ်ခွင့် မရှိဘဲ တိတ်တဆိတ် တပ်လေ့ကျင့်ခဲ့တဲ့အတွက် အရှင်မင်းကြီး ပြစ်ဒဏ်ချမှတ်ပေးပါ။ ဒီလူ နှစ်ရာက ချန်တိုင်းပြည်နဲ့ တာ့ကျင်းတိုင်းပြည် စစ်ဖြစ်နေချိန်မှာ ကျွန်တော်မျိုး လေ့ကျင့်ပေးခဲ့တာပါ။ ကျွန်တော်မျိုးက စစ်ရေးအခြေအနေ ကို စိုးရိမ်ပြီး နိုင်ငံတော်အတွက် အကျိုးပြုချင်တဲ့ စိတ်နဲ့ ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ စစ်မြေပြင်ကို သွားဖို့ လူနှစ်ရာကို လေ့ကျင့်ပေးခဲ့တာပါ။
ဒါပေမဲ့ အဲဒီအချိန်တုန်းက အရှင်မင်းကြီးက စစ်ရေးမှာ ဒီလောက် ကျွမ်းကျင်ပြီး ရန်သူတွေကို အပြတ်အသတ် နှိမ်နှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်မျိုး ဘယ်သိပါ့မလဲ။ ကျွန်တော်မျိုး စစ်မြေပြင်ကို မသွားရခင်မှာပဲ အရှင်မင်းကြီးက အောင်ပွဲခံပြီးနေပါပြီ။ အဲဒီနောက်တော့ ကျွန်တော်မျိုးက ဒီလူတွေကို တိတ်တဆိတ် လူစုခွဲလိုက်ပါတယ်။ အခု အရှင်မင်းကြီးက ကျင်းယီဝေကို တည်ထောင်လိုက်တော့ ကျွန်တော်မျိုးက သူတို့ကို ပြန်ခေါ်လာခဲ့တာပါ။ အကြောင်းစုံက ဒါပါပဲ။"
ကျင်းဘုရင်မင်းမြတ် က သဘောပေါက်သွားသည်။ "ဒီလိုကိုး... ဖန်အမတ်မှာ ဒီလို စေတနာမျိုး ရှိလိမ့်မယ်လို့ ကိုယ်တော် တကယ် မထင်ထားခဲ့ဘူး။"
ဖန်ကျန်းရီ ပုန်ကန်မည်ဆိုသည်ကို မည်သူကမှ သံသယရှိမည် မဟုတ်ပေ။
တောက်ယွမ်ခရိုင်၏ တည်နေရာအရ ဦးနှောက်ထဲ ဝက်ဆီဝင်နေမှသာ ပုန်ကန်ရန် တွေးမိပေမည်။ ပတ်ဝန်းကျင်မှ ထောက်ပံ့မှုများကို ဖြတ်တောက်လိုက်သည်နှင့် အထဲတွင် ပိတ်မိသွားမည်သာ ဖြစ်၏။
တိုက်ခိုက်စရာပင် မလိုဘဲ အထဲတွင် ငတ်သေသွားမည်မှာ သေချာသည်။
ထို့အပြင် လူနှစ်ရာဖြင့် မည်သည့် အလုပ်ကြီးကို လုပ်နိုင်မည်နည်း။ မြှားတစ်ခါ ပစ်လိုက်ရုံဖြင့် အသက်ရှင်ကျန်မည့်သူပင် ရှိမည် မဟုတ်ချေ။
ထိုအခါ ဖန်ကျန်းရီက လူအုပ်ကြီးကို လှမ်း၍ အော်ဟစ်လိုက်သည်။ "အင်္ကျီချွတ်ကြ။"
ကျောက်လျဲ့ကလည်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "သတိ... အင်္ကျီချွတ်။"
လူနှစ်ရာလုံးက တစ်ပြိုင်နက်တည်း အင်္ကျီများကို ချွတ်ချလိုက်ကြသည်။ ကွင်းထဲတွင် ပြေးလွှားထားသဖြင့် ကိုယ်ပေါ်တွင် ချွေးများ စို့နေကာ နေရောင်အောက်တွင် တောင့်တင်းသော ကြွက်သားများက တောက်ပနေသည်။
အချို့မှာ ဗိုက်ရွှဲနေသော်လည်း အဆီများအောက်တွင် ဝမ်းဗိုက်ကြွက်သားများ အနည်းငယ် ဖောင်းကြွနေသည်ကို မြင်နိုင်သဖြင့် သူတို့၏ အခြေခံ ကြံ့ခိုင်မှု မည်မျှကောင်းမွန်ကြောင်း သိသာလှ၏။
ကျင်းဘုရင်မင်းမြတ်မှာ အံ့အားသင့်သွားသည်။ "အားလုံးက ဒီလောက်တောင် သန်မာကြတာလား။ အင်္ကျီချွတ်ပြီး ဘာလုပ်မလို့လဲ။"
ဖန်ကျန်းရီက အနည်းငယ် ပြုံးကာ အော်ဟစ်လိုက်၏။ "နောက်လှည့်။"
"ဟူး... ဟား..."
လူနှစ်ရာလုံးက ပြိုင်တူ နောက်လှည့်ကာ ကိုယ်ကာယပြသသည့် အနေအထားဖြင့် ကြီးမားကျယ်ပြန့်သော ကျောပြင်ကြွက်သားများကို ဖော်ပြလိုက်ကြသည်။
ထို့အပြင် လူတိုင်း၏ ကျောပြင်တွင် စာလုံးကြီး လေးလုံးကို ဆေးမင်ကြောင် ထိုးထားသည်ကို တွေ့ရ၏။
[တိုင်းပြည်အတွက် အကြွင်းမဲ့ သစ္စာစောင့်သိမည်]
ဤစံနှုန်းသတ်မှတ်ချက် လေ့ကျင့်မှုများကို စစ်ပွဲကာလများတွင် မကြာခဏ ပြုလုပ်လေ့ရှိပြီး ယခုအခါတွင်မူ အမှန်တကယ် အသုံးဝင်လာပြီ ဖြစ်သည်။
ကျင်းဘုရင်မင်းမြတ် ၏ အနီးရှိ လူတိုင်းမှာ မှင်တက်သွားကြပြီး ဦးနှောက်များ ဗလာဖြစ်သွားကြ၏။
ထိုလူများ၏ ကျောပြင်ရှိ ဆေးမင်ကြောင်များမှာ ယခုမှ အသစ်ထိုးထားခြင်း မဟုတ်ကြောင်း သိသာလှရာ ဖန်ကျန်းရီ ပြောသည်များမှာ အမှန်တကယ် ဖြစ်နေပြီ မဟုတ်ပါလား။
အတွင်းဝန်ရုံးမှ အမတ်ဟောင်းများမှာ ဖန်ကျန်းရီကို ထူးဆန်းသော အကြည့်များဖြင့် အကဲခတ်နေကြသည်။
ရင်ထဲတွင်လည်း တိတ်တဆိတ် အံ့ဩနေမိကြ၏။
ချီးတဲ့မှပဲ … အရှင်မင်းကြီးက ရုတ်တရက် လာကြည့်တာတောင် ဒီလို မျက်နှာလိုမျက်နှာရ လုပ်နိုင်သေးတယ်။ ကြိုတင် စီစဉ်ထားတာတော့ မဟုတ်လောက်ဘူးမလား။
ဖန်ကျန်းရီက နတ်ဝင်ပူးနေတာလား။
ကျင်းယီဝေမှ လူများပင်လျှင် တပ်မှူးချုပ်ဖန်ကို အံ့ဩလေးစားစွာဖြင့် တိတ်တဆိတ် အကဲခတ်နေမိကြသည်။ ကြည့်ရသည်မှာ... သူတို့ထင်ထားသည့် တပ်မှူးချုပ်ဖန်နှင့် တဖြည်းဖြည်း ကွာခြားလာပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဖန်ကျန်းရီက အလျင်အမြန် လက်သီးဆုပ်ကာ အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုးက တိုင်းပြည်ကို ကယ်တင်ချင်စိတ် ပြင်းပြလွန်းလို့ပါ။ ဒါပေမဲ့ တိတ်တဆိတ် တပ်လေ့ကျင့်တာက ကြီးလေးတဲ့ ပြစ်မှုဖြစ်တဲ့အတွက် ကျွန်တော်မျိုး ပြစ်ဒဏ်ကနေ မလွတ်ကင်းနိုင်ပါဘူး။ အရှင်မင်းကြီး ပြစ်ဒဏ်ချမှတ်ပေးပါ။"
အထောက်အပံ့ကောင်းများ ရှိနေလျှင် မိမိကိုယ်တိုင်သာမက လက်အောက်ငယ်သားများကိုပါ သုံးခွင့်ပေးရမည် မဟုတ်ပါလား။
ဖန်ကျန်းရီက စစ်ပွဲကို အလွန် ကြောက်ရွံ့သူ ဖြစ်သည်။ စစ်မြေပြင်တွင် ဤစာလုံးလေးလုံးကို ပြသလိုက်ပါက ရန်သူပင်လျှင် အနည်းငယ် လေးစားသွားမည်မှာ သေချာသည်။
ကိုယ့်လူများ အမှန်တကယ် ဒုက္ခရောက်ပါကလည်း အနည်းဆုံးတော့ အသက်ချမ်းသာရာရနိုင်မည့် အခွင့်အရေး ပိုများလာမည်။ ထို့ကြောင့် ပြင်ဆင်ထားခြင်းပင်။
လီယွမ်ကျောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သွားရည်များပင် ကျဆင်းလာ၏။
သူ၏ လက်အောက်တွင်သာ ဤကဲ့သို့သော စွမ်းရည်ပြည့်ဝသည့် တပ်ဖွဲ့မျိုး ရှိမည်ဆိုပါက မည်သည့်နေရာအထိ တိုက်ခိုက်နိုင်မည်ကို တွေးတောနေမိသည်။
ကျင်းဘုရင်မင်းမြတ် မှာ သတိပြန်ဝင်လာသောအခါ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်နေသည်။ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ တီးတိုးရေရွတ်လိုက်မိ၏။ "တိုင်းပြည်အတွက် အကြွင်းမဲ့ သစ္စာစောင့်သိမည်... ကောင်းတယ်... ကောင်းတယ်။ တကယ့်ကို နိုင်ငံတော်ရဲ့ အားထားရတဲ့ မှီခိုရာတွေပဲ။"
ဖန်ကျန်းရီက နှိမ့်ချစွာ ပြောလိုက်၏။ "သူတို့က လက်တွေ့ မပြရသေးတော့ အရှင်မင်းကြီးရဲ့ ချီးမွမ်းမှုကို လက်ခံဖို့ မထိုက်တန်သေးပါဘူး။"
ကျင်းဘုရင်မင်းမြတ် က ရယ်မောကာ ဖန်ကျန်းရီ၏ ပခုံးကို အားပါးတရ ပုတ်ရင်း ပြောလိုက်သည်။ "ထိုက်တန်ပါတယ်။ ဘာလို့ မထိုက်တန်ရမှာလဲ။ ကိုယ်တော်က ထိုက်တန်တယ်ဆိုရင် ထိုက်တန်တာပဲ။ ဖန်အမတ်... မင်းက ကိုယ်တော် မျှော်လင့်ထားတာထက် နောက်တစ်ကြိမ် ထပ်ပြီး သာလွန်သွားပြန်ပြီ။ တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ချင်တဲ့ စိတ်ထားက တကယ့် သူရဲကောင်းစစ်စစ်ပါပဲ။"
ဖန်ကျန်းရီက ရှက်ကိုးရှက်ကန်း ပြုံးကာ လျှောက်တင်လိုက်၏။ "တကယ်တော့ ကျွန်တော်မျိုးလည်း ထိုးထားပါတယ်။"
ကျင်းဘုရင်မင်းမြတ် က အံ့ဩတကြီး မေးလိုက်သည်။ "ဘာ... မင်းလည်း ထိုးထားတယ် ဟုတ်လား။"
ဆေးမင်ကြောင်ထိုးခြင်းကို တာ့ကျင်းတိုင်းပြည်တွင် အများလက်ခံနိုင်သော အရာအဖြစ် မသတ်မှတ်ထားပေ။ လူမျိုးစုများ သို့မဟုတ် ရာဇဝတ်ကောင်များမှလွဲ၍ မည်သူကမှ မိမိသဘောဆန္ဒဖြင့် ဆေးမင်ကြောင် မထိုးချင်ကြချေ။
စာပေအမတ်တစ်ဦးက မိမိသဘောဖြင့် ဆေးမင်ကြောင်ထိုးသည်ဆိုပါက အလွန်ကြီးမားသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းသာ ဖြစ်ရမည်။
ခန္ဓာကိုယ် အစိတ်အပိုင်းဟူသမျှသည် မိဘများထံမှ ရရှိထားခြင်း ဖြစ်သည် မဟုတ်ပါလား။
ဖန်ကျန်းရီက တိတ်ဆိတ်စွာပင် သူ၏ပခုံးပေါ်မှ အင်္ကျီကို လှန်ပြလိုက်ရာ ပခုံးနောက်ဘက်ရှိ စာလုံး သေးသေးလေး လေးလုံး ပေါ်လာသည်။
ကျင်းဘုရင်မင်းမြတ် က စကားမပြောနိုင်တော့ဘဲ မေးလိုက်၏။ "မင်းရဲ့ စာလုံးက ဘာလို့ ဒီလောက် သေးနေရတာလဲ။"
ဖန်ကျန်းရီက ဖြေလိုက်သည်။ "အဟမ်း... ကျွန်တော်မျိုး နာမှာ ကြောက်လို့ပါ။"
ကျင်းဘုရင်မင်းမြတ်က ဟားဟားရယ်မောလိုက်ပြီး ဖန်ကျန်းရီ၏ ပခုံးကို နောက်တစ်ကြိမ် အားပါးတရ ပုတ်လိုက်ပြန်သည်။ "ကောင်းပါပြီ... ကောင်းပါပြီ။ ကိုယ်တော် သိပါပြီ။ ဖန်အမတ်ရဲ့ တိုင်းပြည်နဲ့ ဘုရင်အပေါ် သစ္စာရှိတဲ့ စိတ်ထားက လူဘယ်နှယောက်ကိုတောင် ရှက်သွားစေမလဲ မသိဘူး။ ကိုယ်တော်က မင်းကို ဘယ်လိုလုပ် အပြစ်ပေးရက်မှာလဲ။ မင်းကို ဆုတောင် ချီးမြှင့်ရအုံးမယ်။"
"သူတို့ကို ဆက်ပြီး လေ့ကျင့်ခိုင်းလိုက်။"
အပိုင်း (၅၇၆) တောက်ယွမ်တွင် နတ်သိုင်းရှိတယ်။
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "ဆက်လုပ်ကြ။"
ချွေးများရွှဲနေသော ကြွက်သားတောင့်တောင့်နှင့် လူတစ်စုက ကိုယ်ကိုမတ်ကာ ပြန်လည်တန်းစီ၍ ခြေလှမ်းညီညီ လျှောက်လှမ်းကြပြန်၏။
သပ်ရပ်ညီညာသော ခြေသံများက ကြားရသူတိုင်းကို စိတ်ကြည်နူးစေပြီး ကျင်းဘုရင်မင်းမြတ် က ရန်ဟွာကို လှည့်မေးလိုက်သည်။ "ရန်ဟွာ... မင်း အမြင်မှာ ဒီတပ်ရဲ့ အရည်အချင်းက ဘယ်လိုရှိလဲ။"
ရန်ဟွာက လက်သီးဆုပ်ကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုး အမြင်မှာ သူတို့က အမိန့်နာခံမှု ကောင်းပြီး ဘာမှ လိုအပ်ချက် မရှိပါဘူး။ သခင်လေးဖန်ရဲ့ တပ်ကို အုပ်ချုပ်နိုင်စွမ်းက တကယ်ကို လေးစားဖို့ ကောင်းပါတယ်။"
ဒီကောင်လေးက မျက်နှာလိုမျက်နှာရ လုပ်တတ်နေပြီပဲ။ ဒါပေမဲ့ အများကြီး လိုပါသေးတယ်။
ဖန်ကျန်းရီက ကြားဖြတ် ဝင်ပြောလိုက်သည်။ "အရှင်မင်းကြီးက မေးနေရင် အမှားကို ထောက်ပြရမယ်လေ။ နောက်ဆိုရင် ဒီလို အနှစ်သာရမရှိတဲ့ စကားတွေ မပြောနဲ့။"
ကျင်းဘုရင်မင်းမြတ် က ဖန်ကျန်းရီကို သဘောကျစွာ ကြည့်လိုက်၏။
ရန်ဟွာမှာ မျက်နှာလိုမျက်နှာရ ပြောလိုက်သော်လည်း ပြန်လည်ပိတ်ဆို့ခံလိုက်ရသဖြင့် အသက်ရှူပင် မှားသွားသည်။
ရန်ဟွာက သွားကြိတ်ကာ ပြောလိုက်၏။ "ဟုတ်ကဲ့ပါ သခင်လေး...။ ဒီတပ်ရဲ့ စည်းကမ်းက တင်းကျပ်ပေမဲ့ ခုနက ပြောသလို သူတို့က စစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ ခြေလှမ်း ညီညီညာညာ လျှောက်နိုင်ရုံ၊ အသံကျယ်ကျယ် အော်နိုင်ရုံနဲ့ ရန်သူကို မတိုက်ထုတ်နိုင်ပါဘူး။
ဒါကြောင့်... လက်တွေ့ အသုံးချနိုင်ဖို့က အဓိကပဲလို့ ကျုပ် ထင်ပါတယ်။ လက်နက်နဲ့ တကယ့်တိုက်ပွဲဝင်မှ သူတို့ရဲ့ အစွမ်းအစ အစစ်အမှန်ကို သိရမှာပါ။"
ကျင်းဘုရင်မင်းမြတ် က အနည်းငယ် ပြုံးကာ မိန့်ကြားလိုက်သည်။ "မင်းပြောတာ မှန်တယ်။ ရန်ဟွာ... မင်းအဖေက ကိုယ်တော်နဲ့ အတူတူ စစ်မြေပြင်မှာ အောင်ပွဲတွေ အများကြီး ရခဲ့ဖူးတယ်။ မင်းလည်း စစ်တပ်မှာ အတော်လေး နာမည်ရနေပြီး အဖေ့ခြေရာ နင်းနိုင်တယ်လို့ ကြားတယ်။ အခုများ ပျင်းရိနေပြီလားတော့ မသိဘူး။ သူတို့နဲ့ သွားပြီး ယှဉ်ကြည့်ရဲလား။"
ရန်ဟွာက ယုံကြည်မှုအပြည့်ဖြင့် လျှောက်တင်လိုက်၏။ "သေချာပေါက် ရဲတာပေါ့ အရှင်မင်းကြီး။ ကျွန်တော်မျိုးက အဖေ့ဆီကနေ အမြဲတမ်း လမ်းညွှန်မှု ခံယူနေရပြီး အခြေခံ သိုင်းပညာတွေကိုလည်း တစ်ရက်မှ မပျက်ကွက်ခဲ့ပါဘူး။ အရှင်မင်းကြီး ခွင့်ပြုရင် သူတို့နဲ့ ဝင်ပြီး ယှဉ်ပြိုင်ချင်ပါတယ်။"
ကျင်းဘုရင်မင်းမြတ် က ဖန်ကျန်းရီကို လှည့်မေးလိုက်သည်။ "ဖန်အမတ်... မင်း ဘယ်လိုထင်လဲ။ မင်းရဲ့ လူတွေက တကယ့်တိုက်ပွဲမှာ ကြောက်သွားမှာလား။"
ဖန်ကျန်းရီက တည်ကြည်စွာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ဒီတပ်က နိုင်ငံတော်အတွက် ကျွန်တော်မျိုး သေချာ လေ့ကျင့်ပေးထားတာပါ။ စစ်မြေပြင်အတွက် ပြင်ဆင်ထားတာဆိုတော့ အပေါ်ယံ ဟန်ပြ သိုင်းကွက်တွေလောက်ပဲ တတ်လို့ ဘယ်ဖြစ်မလဲ။
အမှန်တိုင်း ပြောရရင် ကျွန်တော်မျိုး သူတို့ကို ခရိုင်ထဲမှာ ဝက်သတ်ခိုင်းထားတာပါ။ နှစ်တွေ အကြာကြီး ကြာလာတော့ သူတို့ တစ်ယောက်ချင်းစီရဲ့ လက်အောက်မှာ အသေကောင်တွေ တောင်လိုပုံနေပြီး သူတို့ရဲ့ စိတ်ထားတွေက ဓားတစ်လက်လို အေးစက်နေပါပြီ။"
အတွင်းဝန်ရုံးမှ အမတ်ဟောင်းများမှာ နောက်တစ်ကြိမ် ပါးစပ်ကိုအုပ်ကာ ခိုးရယ်ကြပြန်သည်။
"ဒီဖန်ကျန်းရီက ဝက်သတ်ပြီး အလေ့အကျင့် လုပ်ခိုင်းနေတာပဲ။ တကယ် စစ်မြေပြင်ရောက်ရင်တော့ သုံးလို့ရမှာ မဟုတ်ဘူး။"
"ဝက်သတ်တာနဲ့ လူသတ်တာက ဘယ်လိုလုပ် တူမှာလဲ။"
"ကျုပ် အမြင်တော့ မသေချာဘူး။ ဟို ကျန်းပြောင်ကို ကြည့်လေ … အရင်က ချီလျဲ့ကို ဘယ်လောက်တောင် ရိုက်နှက်ခဲ့လဲ။ ဒီလူတွေက သာမန် မဟုတ်ဘူး။"
"ဆရာလီ ပြောတာ အဓိပ္ပာယ်ရှိတယ်။"
ကျင်းဘုရင်မင်းမြတ်က ရယ်မောလိုက်ပြီး ဖန်ကျန်းရီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ "ဖန်အမတ်... ဝက်သတ်တာနဲ့ လူသတ်တာက လုံးဝ မတူဘူးနော်။ ဝက် အကောင်တစ်ရာ သတ်ဖူးတာက လူတစ်ယောက် သတ်ဖူးတာလောက် မစွမ်းဘူးကွ။
ကိုယ်တော် စစ်တပ်မှာ တုန်းက ဝက်သတ်သမားကနေ စစ်သားဖြစ်လာတဲ့ သူတွေကို တွေ့ဖူးပါတယ်။ ဒါပေမဲ့ စစ်မြေပြင်ရောက်တော့ ခြေထောက်တွေ တုန်နေပြီး ဘာမှ အသုံးမဝင်တော့ဘူး။ ဒါပေမဲ့ မင်းမှာ အတွေ့အကြုံ မရှိတာကိုတော့ ကိုယ်တော် နားလည်ပေးလို့ ရပါတယ်။"
ဖန်ကျန်းရီက ရှင်းပြရန် ပြင်လိုက်သော်လည်း ဤလူရိုင်းကြီးများ၏ ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို တွေးမိကာ အနည်းငယ် ရွံရှာသွားမိသည်။
ခရိုင်ထဲတွင် သေဒဏ်ကျခံရမည့် တရားခံ နှစ်ယောက်ကို ဤလူများက ခန္ဓာဗေဒ လေ့လာရန် အသုံးပြုခဲ့ပြီး ရုပ်အလောင်းကို အကြိမ်ကြိမ် ခွဲစိတ်ခဲ့ကြ၏။
ယခုအခါ ဝူမင်းသား၏ တပ်များနှင့်လည်း တိုက်ခိုက်ခဲ့ဖူးပြီး သူတို့အားလုံး၏ စိတ်ပိုင်းဆိုင်ရာမှာ ပုံမှန်အတိုင်း ရှိနေသည်ကို ကြည့်လျှင် လူသတ်ခြင်းကို လုံးဝ ဝန်လေးမည်မဟုတ်ကြောင်း သိသာလှသည်။
ဖြစ်နိုင်သည်မှာ စစ်မြေပြင်သို့ ရောက်ဖူးသော သာမန် စစ်သားများပင် သူတို့နှင့် ယှဉ်နိုင်မည် မဟုတ်ချေ။
သူ စကားမပြောသည်ကို မြင်သောအခါ ကျင်းဘုရင်မင်းမြတ် က ထပ်မံမေးလိုက်၏။ "ဖန်အမတ်... ကိုယ်တော် မင်းကို သတိပေးပြီးပြီနော်။ မင်းလူတွေကို ရန်ဟွာနဲ့ ယှဉ်ပြိုင်ခိုင်းရဲလား။"
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "ဘာလို့ မရဲရမှာလဲ။ သူတို့က နေ့တိုင်း နိုင်ငံတော်အတွက် အသက်ပေးဖို့ စဉ်းစားနေကြတာပါ။ ဒီနေ့ အရှင်မင်းကြီး ရှေ့မှောက်မှာ အားရပါးရ မတိုက်ခိုက်လိုက်ရရင် တစ်သက်လုံး နောင်တရနေကြလိမ့်မယ်။ မင်းတို့တွေ... အရှင်မင်းကြီးကို အရင်ဆုံး အချင်းချင်း တိုက်ခိုက်ပြလိုက်ကြစမ်း။ ခဏနေရင် မင်းတို့ရဲ့ အထက်အရာရှိလောင်းက မင်းတို့နဲ့ ယှဉ်ပြိုင်လိမ့်မယ်။ လုံးဝ အထင်မသေးကြနဲ့။ အရှင်မင်းကြီး ရှေ့မှာ အကောင်းဆုံး တိုက်ခိုက်ပြကြ။"
ရန်ဟွာက ရှေ့သို့တက်ကာ ပြောလိုက်၏။ "သခင်လေးဖန်... အဲဒီလောက် မလိုပါဘူး။ ကျုပ် တိုက်ရိုက်သွားပြီး ယှဉ်ပြိုင်လိုက်ရုံပါပဲ။"
ဖန်ကျန်းရီက လက်ကာပြကာ တားလိုက်သည်။ "နေအုံး... ခုနက ခွန်အားစမ်းတုန်းက တစ်ယောက် ဒဏ်ရာရသွားတယ် မဟုတ်လား။ အခု ခင်ဗျား အခြေအနေကို အရင် လေ့လာတာ အကောင်းဆုံးပဲ။"
ရန်ဟွာက ကျောက်လျဲ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး ပြောလိုက်၏။ "သူက ခွန်အားကြီးပေမဲ့ ကျုပ်ရဲ့ တစ်ကွက်ကိုတောင် ခုခံနိုင်မှာ မဟုတ်ပါဘူး။"
ကျင်းဘုရင်မင်းမြတ်က စိတ်ဝင်တစား မေးလိုက်သည်။ "ကိုယ်တော် မလာခင် သူတို့ ယှဉ်ပြိုင်ပြီးသွားကြပြီလား။"
ဖန်ကျန်းရီက ဂုဏ်ယူစွာဖြင့် လျှောက်တင်လိုက်၏။ "အို... သူတို့ ခွန်အားစမ်းကြည့်ကြတာပါ။ ကျွန်တော်မျိုးရဲ့ လူတွေက တခြားစွမ်းရည်တော့ မရှိပါဘူး။ ခွန်အားတော့ ကောင်းကောင်း ရှိကြတယ်။
ခွန်အားနဲ့ ပညာကို အနိုင်ယူတယ်ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ သူတို့ရဲ့ ခွန်အားရှေ့မှာ ဘယ်လို နည်းစနစ်မျိုးကမှ အသုံးဝင်မှာ မဟုတ်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။"
ရန်ဟွာက တိတ်တဆိတ် မျက်လုံးလှန်ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။
ကျင်းဘုရင်မင်းမြတ် က ပြုံးကာ လက်ယမ်းပြလိုက်သည်။ "စလိုက်ကြတော့။"
ဖန်ကျန်းရီ၏ အမိန့်ပေးသံနှင့်အတူ ကျောက်လျဲ့တို့အဖွဲ့မှာ အလိုအလျောက် နှစ်ယောက်တစ်တွဲ ခွဲထွက်သွားကြပြီး အချို့က လက်နက်စင်မှ သစ်သားလက်နက်များကို ယူဆောင်လာကြသည်။
အားလုံး အဆင်သင့် ဖြစ်သွားသောအခါ ကျောက်လျဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "အခြေခံ လေ့ကျင့်ရေးအတိုင်း စတင် တိုက်ခိုက်ကြ။"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် တစ်ဖက်နှင့်တစ်ဖက် လက်သီးဆုပ်ကာ ဂါရဝပြုလိုက်ကြပြီး လက်သီးများဖြင့် စတင်ထိုးကြိတ်ကြတော့သည်။
သိုင်းကျင့်ကွင်းမှာ ချက်ချင်းပင် ပူညံပူညံ ဖြစ်သွားပြီး လူသန်ကြီး တစ်ရာခန့် အချင်းချင်း တိုက်ခိုက်နေသည့် မြင်ကွင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
အထူးသဖြင့် ခွန်အားကို အလျှော့မပေးဘဲ အပြန်အလှန် ထိုးကြိတ်နေကြခြင်းဖြစ်ရာ ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသကဲ့သို့ စိတ်ဝင်စားဖွယ် ကောင်းလှသည်။
ကျောက်လျဲ့၏ လှုပ်ရှားမှုများမှာ ပို၍ပင် လျင်မြန်လှသည်။ ခုန်ပျံကျော်လွှားကာ ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ကာကွယ်ခြင်း၊ တန်ပြန်တိုက်ခိုက်ခြင်းတို့က ရေစီးကြောင်းပမာ အလွန် ချောမွေ့နေ၏။
အမတ်ဟောင်းကြီးများမှာ ကြည့်ရင်းဖြင့် စုတ်သပ်ကာ ချီးမွမ်းနေကြတော့သည်။
"ကောင်းလိုက်တာ... ကြည့်ရတာ အရမ်းတိုက်ခိုက်နိုင်မယ့် ပုံပဲ။ တိုက်ကွက်တွေကလည်း လှလိုက်တာ။"
"ဆရာလီ... ခင်ဗျား ပြောတာ တကယ် မှန်နေတာပဲ။ ဒီလူတွေက တကယ်ကို သာမန် မဟုတ်ဘူး။"
လီယန်စုန့်က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "အင်း... ဖန်ကျန်းရီကို သာမန်လူလို တွေးလို့ မရဘူး။ သူ့မှာ တကယ့် စွမ်းရည်အစစ် ရှိတယ်။"
တစ်ဖက်တွင် ဆူညံစွာ ဆွေးနွေးနေကြသော်လည်း ကျင်းဘုရင်မင်းမြတ် နှင့် ရန်ဟွာတို့အဖွဲ့မှာမူ တိတ်ဆိတ်နေကြ၏။
ကျင်းဘုရင်မင်းမြတ် က မျက်နှာသေဖြင့် ကြည့်နေပြီး ရန်ဟွာ၏ မျက်နှာပေါ်တွင်မူ အထင်သေးမှုများ ပိုမို ထင်ရှားလာသည်။
နောက်ဆုံးတွင် လီယွမ်ကျောက်မှာ ဆက်ကြည့်မနေနိုင်တော့ဘဲ ဖန်ကျန်းရီ အနားသို့ တိုးသွားကာ အင်္ကျီလက်စကို တိတ်တဆိတ် ဆွဲရင်း တီးတိုးပြောလိုက်သည်။ "ဖန်ကြီး... ခင်ဗျား လူတွေက သိပ်အဆင်မပြေဘူးဗျ...။"
ဖန်ကျန်းရီက မေးလိုက်၏။ "ဘာလို့ အဆင်မပြေရမှာလဲ အိမ်ရှေ့စံ။"
လီယွမ်ကျောက်က သေချာ ရှင်းပြသည်။ "သူတို့ တိုက်ခိုက်နေတာ ကြည့်လို့တော့ လှပါတယ်။ ဒါပေမဲ့ အဲဒါတွေက အပြင်လူတွေကို လှည့်စားဖို့ သက်သက်ပဲ။ တကယ်တမ်း သိုင်းချရင် အဲဒီလို လှမှာ မဟုတ်ဘူး။ ခင်ဗျားက ဒီလို အခြေခံအမှားမျိုးကို ဘယ်လိုလုပ် မှားရတာလဲ။ ကျုပ် မှတ်မိသလောက် ခင်ဗျားလည်း ရမ်းကားပြီး ရန်ဖြစ်တတ်တာပဲ မဟုတ်လား။
ကျန်းပြောင်က တိုက်ခိုက်ရေး အရမ်းကောင်းတာပဲလေ။ သူတို့ကို လေ့ကျင့်ပေးတော့ ဘာလို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ။"
"ဟော... ဟိုမှာ ကြည့်။ သူက ခုန်ပြီး နောက်လှည့်သွားပြန်ပြီ။ အဲဒီနေရာမှာ ကိုယ်ကို နှိမ့်ချရမှာလေ။ မဟုတ်ရင် ရန်သူက ဓားနဲ့ ဝင်ခုတ်လိုက်တဲ့အခါ ကြိုတင်ပြင်ဆင်မှု မရှိရင် စစ်မြေပြင်မှာ အသေကောင် ဖြစ်သွားမှာပေါ့။
ဟာ... ဒီတစ်ယောက်က ဘာလို့ အလကားနေရင်း မြေကြီးပေါ် လိမ့်နေရတာလဲ။ တကယ့်ကို ရှုပ်ယှက်ခတ်နေတာပဲ။
ဖန်ကြီး... ကျုပ် ခင်ဗျားကို အပြစ်တင်တာ မဟုတ်ဘူးနော်။ သူတို့ရဲ့ ဒီလောက် ကောင်းမွန်တဲ့ ခန္ဓာကိုယ်တွေကို အလဟဿ ဖြုန်းတီးပစ်နေတာပဲ။ အဲဒီအစား သူတို့ကို ကျုပ်ဆီသာ အပ်လိုက်ပါ။ သူတို့ကို အစွမ်းထက်တဲ့ စစ်သည်တော်တွေ ဖြစ်လာအောင် ကျုပ် သေချာပေါက် လေ့ကျင့်ပေးနိုင်တယ်။"
ဖန်ကျန်းရီက နားနားကပ်၍ တီးတိုး ပြန်ပြောလိုက်၏။ "အိမ်ရှေ့စံ... စိတ်အေးအေးထားစမ်းပါ။ ဒါတွေ အကုန်လုံးက ကျန်းပြောင် လေ့ကျင့်ပေးထားတဲ့ တပ်တွေချည်းပဲ။ စိတ်ချလက်ချသာ နေပါ။ ခင်ဗျားက တပ်လေ့ကျင့်ရတာ ဝါသနာပါရင် ကျင်းယီဝေက နောက်ပိုင်း လူသစ်စုတဲ့အခါ ခင်ဗျားကို အဝ လေ့ကျင့်ခိုင်းမယ်။"
"အင်..."
လီယွမ်ကျောက်မှာ ချက်ချင်းပင် မှင်တက်သွားပြီး နောက်တစ်စက္ကန့်တွင် ရန်ဟွာကို ကြည့်ကာ ပြုံးစိစိဖြင့် ဘာမှ ထပ်မပြောတော့ချေ။
ဖန်ကြီး ဒီလူရှုပ်က အကြံအစည်ကောင်း ရှိမှာ သေချာတယ်။ နောက်ထပ် ပွဲကောင်း တစ်ပွဲ ကြည့်ရတော့မယ်ထင်တယ်။
ဖန်ကျန်းရီက ကျင်းဘုရင်မင်းမြတ် စကားမပြောသည်ကို မြင်သောအခါ အရင်စ၍ မေးလိုက်သည်။ "အရှင်မင်းကြီး... ဘယ်လိုမြင်ပါသလဲ။"
ကျင်းဘုရင်မင်းမြတ် က အမှန်အတိုင်း ပြောရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်နေသော အပြုံးကို မြင်သောအခါ စိတ်ထားပျော့ပြောင်းသွားပြီး နှစ်သိမ့်ကာ ပြောလိုက်၏။ "ဖန်အမတ်... မင်း လေ့ကျင့်ထားတဲ့ တပ်က အတော်လေး ကောင်းမွန်ပါတယ်။ သူတို့ အားလုံးက အလားအလာ ရှိကြပါတယ်..."
သူ စကားမဆုံးမီမှာပင် သိုင်းကျင့်ကွင်းပေါ်တွင် ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။
ကျောက်လျဲ့၏ ပြိုင်ဘက်က သူ၏ မျက်နှာဆီသို့ လက်သီးဖြင့် ထိုးချလိုက်ရာ ကျောက်လျဲ့က ခါးကိုလှည့်၍ ရုတ်တရက် ရှောင်တိမ်းလိုက်သည်ကို မြင်လိုက်ရသည်။
လက်သီးက ကျောက်လျဲ့၏ နှာခေါင်းထိပ်ကို ကပ်၍ ကျော်လွန်သွားပြီး လက်သီးလေဟုန်နှင့်အတူ ချွေးစက်များက သူ၏ မျက်နှာပေါ်သို့ ကျရောက်သွား၏။
ပြိုင်ဘက်က လက်သီးကို ရုပ်သိမ်းရန် အချိန်မရမီမှာပင် ကျောက်လျဲ့က ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ခါးမှ လက်သီးကို လက်ဝါးအဖြစ် ပြောင်းလဲကာ လျှပ်စီးပမာ မြန်ဆန်စွာဖြင့် ပြိုင်ဘက်၏ ရင်ဘတ်ဆီသို့ ထိုးနှက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ခွန်အားအပြည့်ဖြင့် အသံကျယ်ကျယ် အော်ဟစ်လိုက်သည်။ "တိမ်လွှာခွဲလက်ဝါး..."
ကျင်းဘုရင်မင်းမြတ်မှာ မိုးကြိုးပစ်ခံရသကဲ့သို့ မှင်တက်သွားတော့၏။