အခန်း (၉၁၃-၉၁၄)
Vol. 48 Ch. 913-914
အပိုင်း (၉၁၃) ပြဿနာတွေကို ဖြေရှင်းဖို့ အကြမ်းဖက်နည်းကို မသုံးပါနဲ့
.
မြို့စားအိမ်တော်ရှေ့တွင် မီးတုတ်ရာနှင့်ချီ၍ လင်းထိန်နေပြီး အိမ်တော်ရှေ့ရှိ လမ်းမကြီးတစ်ခုလုံး အလွန်ပင် လင်းထိန်နေ၏။
မရေမတွက်နိုင်သော ပညာတတ်များ၏ ဆူညံသံများသည် အထက်သို့ လွင့်ပျံနေပြီး တစ်ခါတစ်ရံတွင် ဖြတ်သွားဖြတ်လာ ပြည်သူများပါ ဝင်ရောက်ပါဝင်လာကြသည်။
မြို့စားအိမ်တော်၏ အဓိကတံခါးရှေ့ရှိ လှေကားထစ်ပေါ်တွင် လူတစ်ဦးသည် စိတ်အားထက်သန်စွာဖြင့် စကားပြောနေ၏။
ကျိုးမောက်ရွှယ်သည် လူအုပ်ထဲတွင် ရှိနေပြီး ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။
သူ၏ အဆင့်အတန်း မြင့်မားပြီး မိတ်ဆွေ သူငယ်ချင်း များပြားသော်လည်း ဤကဲ့သို့သော လူအများအပြားက တစ်ခဲနက် ထောက်ခံအားပေးသည့် မြင်ကွင်းမျိုးကို ယခုမှ ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်၏။
အရာရှိ မဖြစ်သေးသော်လည်း အာဏာ၏ သာယာဖွယ်ကောင်းသော အရသာက ရင်ထဲတွင် ပျံ့နှံ့လာပြီ ဖြစ်သည်။
ဘေးနားရှိ အစေခံမှာမူ ခြေထောက်များ တုန်ယင်နေပြီဖြစ်ပြီး ကျိုးမောက်ရွှယ်၏ အင်္ကျီကို တိတ်ဆိတ်စွာ ဆွဲကာ ငိုသံပါသော လေသံဖြင့် ပြောလိုက်၏။ "သခင်လေး … သခင်လေး ... ဒီမြင်ကွင်းကြီးက အရမ်းကြီးလွန်းတယ်။ တကယ်လို့များ ပြဿနာတစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ သခင်လေး တကယ် ဘာလုပ်ချင်တာလဲ။"
"မြို့စားဖန်ကို စော်ကားမိရင် ကျုပ်တို့ ခံနိုင်မှာ မဟုတ်ဘူးနော်။"
ကျိုးမောက်ရွှယ်သည် အင်္ကျီကို ခပ်ပြင်းပြင်း ဆွဲယူကာ အစေခံ၏ လက်ကို ဖြုတ်ချလိုက်ပြီး အိမ်တော်၏ တံခါးကြီးကို စူးစိုက်ကြည့်လိုက်သည်။
"မင်းလို ခွေးကျွန်က ဘာနားလည်လို့လဲ။ လူများရင် ဥပဒေက အရေးမယူနိုင်ဘူး။ ပြဿနာ ဘယ်လောက်ကြီးကြီး …. အဲဒါက နန်းတော်ရဲ့ အမှားပဲ။ ဘယ်သူက အပြစ်ပေးရဲမှာလဲ။
မြို့စားဖန်ဆိုတော့ရော ဘာဖြစ်လဲ။ သူက ကျင်းယီဝေတပ်ဖွဲ့ကို အသုံးချပြီး အကြမ်းဖက်ရဲလို့လား။ မကြောက်နဲ့။ အခု အခြေအနေက ငါတို့ဘက်မှာ အသာစီးရနေတယ်။ နောက်ရက်အနည်းငယ်လောက်ဆိုရင် ငါက တစ်နိုင်ငံလုံးက ပညာတတ်တွေရဲ့ ခေါင်းဆောင် ဖြစ်လာတော့မှာ။"
ကျိုးမောက်ရွှယ်က လက်ညိုးထိုးကာ ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "ဝင်ပါလာတဲ့သူတွေ ပိုများလာတာကို မင်း မတွေ့ဘူးလား။ ဒါက ပြည်သူတွေရဲ့ ထောက်ခံမှုကို ပြသနေတာပဲ။ လောကကြီးရဲ့ အခြေအနေက ပြည်သူတွေရဲ့ စိတ်ဆန္ဒပဲ။ ပြည်သူတွေ ငါ့ဘက်မှာ ရှိနေရင် မအောင်မြင်နိုင်တဲ့ ကိစ္စ မရှိဘူး။
ဒီလောက် အဆင်ချောချောနဲ့ ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ မြို့စားဖန်ကို ရာထူးကနေတောင် ဖြုတ်ချနိုင်ကောင်း ဖြုတ်ချနိုင်လိမ့်မယ်။ အဲဒီအခါကျရင် စာမေးပွဲလမ်းကြောင်းက လာတဲ့ ပညာတတ်မဟုတ်ရင်တောင် သမိုင်းမှာ နာမည်တွင်နိုင်တယ်ဆိုတာကို တစ်နိုင်ငံလုံး သိအောင် ငါလုပ်ပြမယ်။"
အစေခံမှာ လုံးဝ အံ့အားသင့်သွားတော့၏။
သခင်လေးသည် ပညာရေးတွင် ညံ့ဖျင်းပြီး စာမေးပွဲကိုလည်း အကြိမ်ကြိမ် ကျရှုံးခဲ့သော်လည်း သူ့ကိုယ်သူ အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးမားသည်ဟု အမြဲတမ်း ခံယူထားသူ ဖြစ်သည်။
ပုံမှန်အချိန်များတွင်လည်း ထိုကဲ့သို့ပင် ပြသလေ့ရှိပြီး မိတ်ဆွေ သူငယ်ချင်းများ များပြားကာ ဘယ်နေရာရောက်ရောက် အဆင်ပြေအောင် နေတတ်၏။
သို့သော်ငြား ရုတ်တရက် ရည်မှန်းချက်တွေ ဤမျှလောက်အထိ ကြီးမားလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ မြို့စားဖန်ကိုပါ ရာထူးက ဖြုတ်ချချင်နေသေးသည်။ ဖြစ်နိုင်ပါ့မည်လား။
အိမ်တော်ရှေ့မှ ပညာတတ်သည် စကားပြောဆိုပြီးသွားသောအခါ ကျိုးမောက်ရွှယ်က အင်္ကျီလက်စကို ခါလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "ငါ့အလှည့် ရောက်ပြီ။ မင်း အောက်ကနေ သေချာကြည့်ထား။"
ထိုသို့ပြောပြီးနောက် လက်နှစ်ဖက်ကို မြှောက်ကာ လူအုပ်ထဲမှ ထွက်လာခဲ့သည်။ "မိတ်ဆွေများ …. အစ်ကိုတို့ … ကျုပ် ပြောစရာစကားတစ်ခွန်း ရှိပါတယ်။ အားလုံး သေချာနားထောင်ပေးကြပါ။"
သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်မှာ တကယ်ပင် အနည်းငယ် ငြိမ်သက်သွား၏။
အောက်ဘက်ရှိ လူများစွာသည် ကျိုးမောက်ရွှယ်ကို မှတ်မိကြသည်။ ဤမိတ်ဆွေသည် အရင်က ထမင်းစားပွဲများ စီစဉ်ကာ အားလုံးကို ဖိတ်ကျွေးခဲ့ဖူးပြီး ထမင်းစားပွဲတွင် စကားပြောကောင်းလှသဖြင့် အားလုံး၏ ချီးကျူးမှုကို ရရှိခဲ့သူ ဖြစ်သည်။
အားလုံးက သူ့ကို အထင်ကြီးလေးစားကြ၏။
ကျိုးမောက်ရွှယ်သည် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိသောအခါ ရင်ထဲတွင် ကျေနပ်သွားပြီး ဖြည်းညင်းစွာ စကားစလိုက်သည်။ "မိတ်ဆွေတို့ ... ကျုပ်က ကျိုးမောက်ရွှယ်ပါ။ ဒီနေ့ အားလုံး ဒီနေရာကို စုဝေးလာကြတာ ဘာအတွက်လဲဆိုတာ အများကြီး ပြောစရာမလိုတော့ပါဘူး။
ကျုပ်က စာပေပညာရှင်ကြီး တစ်ယောက်လို့ မကြွားဝံ့ပေမဲ့ နိုင်ငံနဲ့ ပြည်သူအတွက်တော့ စိတ်ရင်းအမှန်နဲ့ လုပ်ချင်တဲ့ဆန္ဒ ရှိပါတယ်။ အရှေ့ဆင်ခြေဖုံး တက္ကသိုလ် စတင်ပေါ်ပေါက်လာတည်းက သိပ္ပံဆိုတဲ့ လမ်းမှားကြီးက နေရာယူလာပြီး လူတွေရဲ့ စိတ်ထားတွေ ပျက်စီးကုန်သလို စာမေးပွဲစနစ်လည်း ပျက်စီးသွားခဲ့ပြီ။"
ကျိုးမောက်ရွှယ်က လက်သီးဆုပ်ကာ ဆက်ပြောလိုက်၏။ "ကျုပ်တို့ နိုင်ငံရဲ့ အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားပြီး အမတ်တွေကလည်း ဖြောင့်မတ်မှန်ကန်ကြပါတယ်။ ဒါပေမဲ့ ဖန်ကျန်းရီလို လူမျိုးက အခွင့်အရေးယူပြီး ဝင်လာတယ်။ ကျမ်းဂန်တွေကို ဖျက်ဆီးပြီး နန်းတွင်းရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တယ်။ အဲဒီ သိပ္ပံဆိုတဲ့ လမ်းမှားကြီးကို ပန်းရှန်းသတင်းစာကနေ ကြော်ငြာပြီး အဆိပ်အတောက်တွေ အများကြီး ဖြန့်ဝေနေတယ်။ သတင်းစာထဲမှာ ပိုပိုသာသာတွေ ရေးပြီး လူတွေရဲ့ အာရုံကို ဖမ်းစားနေလို့ တစ်နိုင်ငံလုံးက ကျောင်းသားတွေ စာမကျက်ချင်ကြတော့ဘူး။
ကျုပ်တို့ တာ့ကျင်း စတင်တည်ထောင်တည်းက သူတော်စင်တွေရဲ့ စကားတွေကို လိုက်နာပြီး ရိုးရာဓလေ့တွေကို ထိန်းသိမ်းလာခဲ့တာပါ။ နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်နဲ့ ဥပဒေတွေက လှပပြီး ပြည့်စုံနေပါပြီ။ ပြင်စရာ ဘာမှမလိုတော့ပါဘူး။ ပြီးတော့ စာမေးပွဲစနစ်ဆိုတာ နိုင်ငံရဲ့ အသက်သွေးကြောပဲ။ ဒါပေမဲ့ အခု လူတချို့က အဲဒီအပေါ်မှာ စိတ်ယုတ်တွေ ဝင်လာပြီး သိပ္ပံဆိုတဲ့ စကားလုံးကို အသုံးချတယ်။ နိုင်ငံရဲ့ အသက်သွေးကြောကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားနေကြတယ်။ အရှေ့ဆင်ခြေဖုံး တက္ကသိုလ် က စာမတတ်တဲ့ ရိုင်းစိုင်းတဲ့လူတွေက ကျမ်းဂန်တွေကို မလေ့လာဘဲနဲ့ အစ်ကိုတို့ရဲ့ အရာရှိနေရာကို လုယူပြီး နန်းတွင်းမှာ ရာထူးကြီးတွေ ရနေကြတာ။ ဒါက လောကဓမ္မတာ ပျက်စီးသွားတာ မဟုတ်လို့ ဘာလဲ။
နိုင်ငံရေး အခက်အခဲတွေ ဖြစ်လာပြီး လူတွေရဲ့ စိတ်ထားတွေ ပျက်စီးနေချိန်မှာ ကျုပ်တို့တွေက ဒီအတိုင်း ထိုင်ကြည့်နေလို့ ရမလား။ ကျုပ်က အရည်အချင်း မရှိပေမဲ့ အိမ်တော်ရှေ့မှာ မြို့စားဖန်ကို ငါးရက်တိတိ ဦးဆောင်ပြီး ဆန္ဒပြမယ်။ ငါးရက်အတွင်းမှာ မြို့စားဖန်က အပြင်ထွက်ပြီး ကျုပ်တို့နဲ့ အငြင်းပွားမယ်၊ အမှားကို ဝန်ခံမယ်၊ နောင်တရမယ်ဆိုရင်တော့ ကယ်တင်လို့ ရပါသေးတယ်။ တကယ်လို့ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ... "
ကျိုးမောက်ရွှယ်က အင်္ကျီလက်ထဲမှ စာအိတ်နှစ်အိတ်ကို အလျင်အမြန် ထုတ်လိုက်၏။ "ကျုပ်က အိမ်မှာနေရင်း စာတမ်းနှစ်စောင် ရေးထားခဲ့တယ်။ စာလုံးရေ တစ်သောင်းတောင် မပြည့်ပေမဲ့ စာလုံးတိုင်းက သွေးနဲ့ ရေးထားသလိုပါပဲ။ ပထမတစ်စောင်က အရှင်မင်းကြီးဆီကို တင်ပြမယ့် အစီရင်ခံစာပါ။ မိတ်ဆွေတို့ရဲ့ အကူအညီနဲ့ အရှင်မင်းကြီးရှေ့ကို ရောက်ဖို့ မျှော်လင့်ပါတယ်။ မကောင်းဆိုးဝါးတွေကို ရှင်းလင်းပြီး တာ့ကျင်းရဲ့ အခြေခံကို ခိုင်မာစေဖို့ပါ။
နောက်တစ်စောင်ကတော့ သိပ္ပံပညာ လမ်းမှားအကြောင်း ရေးထားတဲ့ စာတမ်းပါ။ နန်းတွင်းက အမတ်ကြီးတွေဆီကို ပို့ပြီး တာ့ကျင်းရဲ့ အုပ်ချုပ်ရေးကို ရှင်းလင်းသွားစေဖို့ပါ။"
"အစ်ကိုကျိုး တကယ်တော်တာပဲ။" လူအုပ်ထဲမှ တောင်ပြိုကမ်းပြို သြဘာပေးသံကြီး ထွက်ပေါ်လာ၏။
လူအုပ်ကြီးထံမှ ထွက်ပေါ်လာသော စိတ်လှုပ်ရှားမှုများက ကျိုးမောက်ရွှယ်ကို အလွန်ပင် လွှမ်းမိုးသွားစေပြီး သူ၏ ရင်ထဲတွင် သွေးများ ဆူပွက်လာသည်။
သူက စိတ်လှုပ်ရှားစွာဖြင့် လက်ကို မြှောက်ကာ အော်ဟစ်လိုက်၏။ "ကျုပ် ဒီနေ့ လုပ်တာက တစ်နိုင်ငံလုံးက ပြည်သူတွေအတွက်ပါ။ မိတ်ဆွေတို့အားလုံး ကျုပ်နဲ့အတူ ဒီနေရာမှာ ဆက်ပြီး ရပ်တည်ပေးကြဖို့ တောင်းဆိုပါတယ်။ တကယ်လို့ နန်းတော်က ဖိအားပေးလာရင် ကျုပ်က ရှေ့ဆုံးကနေ ရင်ဆိုင်ပါ့မယ်။ သေရမယ်ဆိုရင်တောင် ... တာ့ကျင်းရဲ့ ခမ်းနားကြီးကျယ်တဲ့ ခေတ်ကြီးကို ပြန်လည်ရောက်ရှိဖို့ မျှော်လင့်ပါတယ်။"
မြို့စားအိမ်တော်ရှေ့တွင် လူတစ်စုသည် အိမ်တော်၏ တံခါးကြီးကို ဆဲဆိုနေကြ၏။
စကားပြောသူများ၏ အသံမှာ ပို၍ ကျယ်လောင်လာပြီး ဝေဖန်မှုများမှာလည်း ပို၍ ပြင်းထန်လာသည်။
သို့ပေမည့် အချုပ်အားဖြင့် ပြောရလျှင် စကားလုံးများမှာ ထပ်ခါတလဲလဲ ထိုအကြောင်းအရာများပင် ဖြစ်၏။
ဖန်ကျန်းရီကို တောင်းပန်ခိုင်းခြင်း၊ ရိုးရာဓလေ့ကို ပြန်လည်ကျင့်သုံးခြင်း၊ ဘိုးဘေးများ၏ စည်းမျဉ်းများ၊ နိုင်ငံ၏ စနစ်ကို လေးစားခြင်း၊ သိပ္ပံပညာကို ဖျက်သိမ်းခြင်း၊ သိပ္ပံပါရဂူရာထူးကို ဖျက်သိမ်းခြင်း အစရှိသည်တို့ပင် ဖြစ်သည်။
ဖန်ကျန်းရီသည် ဖန်ချန်ယွီကို ပွေ့ချီကာ မလှမ်းမကမ်းတွင် ရပ်နေပြီး လူမနေသော မြို့စားအိမ်တော်ကို ဦးတည်ကာ ပစ်မှတ်မရှိဘဲ ဆဲဆိုနေကြသည့် ဤလူစုကို ကြည့်နေ၏။
ရင်ထဲတွင် ငိုရမလို၊ ရယ်ရမလိုပင် ဖြစ်နေသည်။
ဖန်ချန်ယွီက ခေါင်းစောင်းကာ ဖန်ကျန်းရီကို ကြည့်ပြီး မေးလိုက်၏။ "အဖေ ... ဘာလို့ ဒီလောက်လူအများကြီးက အဖေ့ကို ဆန့်ကျင်နေကြတာလဲ။"
ဖန်ကျန်းရီက မြို့စားအိမ်တော်ကို စိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။ "အယူအဆ မတူလို့ပေါ့။ သူတို့ ဘာတွေပြောနေလဲဆိုတာ သား ကြားတယ် မဟုတ်လား။ သူတို့က ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေကို ကာကွယ်ပြီး သိပ္ပံပညာကို ဖျက်သိမ်းမယ်လို့ ပြောနေကြတယ်။ ဒါပေမဲ့ သားတို့ ကျောင်းမှာလည်း သိပ္ပံပညာကို သင်နေတာပဲလေ။ သိပ္ပံပညာမှာ ဘာမှားနေလို့လဲ။ အဲဒါက ပညာရပ်တစ်ခု၊ နည်းလမ်းတစ်ခုပဲ။ အမှားအမှန်နဲ့ မဆိုင်ဘူး။"
ဖန်ကျန်းရီက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပြီးနောက် မေးလိုက်၏။ "သူတို့ ပြောတာ မှန်တယ်လို့ သား ထင်လား။"
"မမှန်ဘူး။ ဘိုးဘေးတွေကလည်း လူပဲ၊ သားလည်း လူပဲလေ။ ဘိုးဘေးတွေက ပြောင်းလဲလို့ရရင် သားလည်း သေချာပေါက် ပြောင်းလဲလို့ ရတာပေါ့။ လူတွေက ပြောင်းလဲနေတယ်ဆိုရင် အရာရာတိုင်းက ပြောင်းလဲနိုင်တာပဲ။" ဖန်ချန်ယွီက စဉ်းစားရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်။ အရာရာတိုင်းက ပြောင်းလဲနိုင်တယ်။ ဒါဆို လက်တွေ့အခြေအနေကို ဂရုမစိုက်ဘဲ၊ ယုတ္တိမတန်ဘဲနဲ့ ဘိုးဘေးတွေ၊ ဒါမှမဟုတ် တစ်ခုခုကို ကာကွယ်ဖို့အတွက် ဘာမဆို လုပ်ရဲတဲ့သူဆိုတာ ဘယ်လိုလူမျိုး ဖြစ်မယ်လို့ သားထင်လဲ။"
ဖန်ချန်ယွီသည် အပြင်းအထန် စဉ်းစားခန်း ဝင်သွားပြီး အတန်ကြာမှသာ တွေဝေစွာဖြင့် ပြန်ဖြေလိုက်၏။ "သခင်ကို ကာကွယ်တဲ့ ကျေးကျွန်တွေပဲ အဲဒီလို လုပ်မယ်ထင်တယ် ... "
ဖန်ကျန်းရီက ဝမ်းသာအားရ ပြုံးလိုက်သည်။ "မှန်တယ်။ ကျေးကျွန်တွေပဲ အကြောင်းပြချက် မမေးဘဲ၊ မူဝါဒ မရှိဘဲ သခင်ကို ကာကွယ်ကြတာ။ သူတို့က အတွေးအခေါ်ရဲ့ ကျွန်တွေ ဖြစ်နေလို့ အကျိုးအကြောင်း မစဉ်းစားဘဲ ဆန့်ကျင်ဘက်လူကို ဖြုတ်ချဖို့ပဲ စဉ်းစားကြတာ။ သား ကြီးလာရင် သူတို့လို လုံးဝ မဖြစ်စေနဲ့။ အခြေခံ အသိပညာတွေ စုဆောင်းနိုင်ဖို့ ကြိုးစားသင်ယူရမယ်။ ပြီးရင် နှလုံးသားနဲ့ သေချာ လေ့လာစောင့်ကြည့်ရမယ်။ ခေါင်းနဲ့ သေချာစဉ်းစားရမယ်။ သတိထားပြီးမှ ကိုယ်ပိုင်ကောက်ချက်ချရမယ်။ ဒါတောင်မှ ကိုယ့်ရဲ့ အရင်အယူအဆဟောင်းတွေကို ကိုယ်တိုင် ပြန်ချေပဖို့ စိတ်ထဲမှာ အကြိမ်ကြိမ် စမ်းသပ်ကြည့်ရအုံးမယ်။ အဲဒီလိုလုပ်မှ သာမန်လူ တစ်ယောက်အဖြစ် လျှောကျမသွားမှာ။
သူတို့ကို သေချာကြည့်ထား။ အမြဲတမ်း အသိတရားရှိဖို့ မှတ်ထားပါ။ မဟုတ်ရင် တခြားသူတွေရဲ့ အသုံးချတာကို ခံရလိမ့်မယ်။"
ဖန်ချန်ယွီက ပြန်ပြောလိုက်၏။ "သား မှတ်ထားပါပြီ ဖေဖေ။ ဒါပေမဲ့ သူတို့က ဖေဖေ့ကို ဆဲနေတာလေ။ ဖေဖေ ဒေါသမထွက်ဘူးလား။"
ဖန်ကျန်းရီက ရယ်မောလိုက်သည်။ "ဒေါသထွက်ရမလား။ ဒေါသက မင်းရဲ့ ဉာဏ်ပညာကို ပျောက်ဆုံးစေလိမ့်မယ်။ အဖေ အစအဆုံး လုပ်ခဲ့တာတွေ အားလုံးက အမှန်တွေချည်းပဲ။ သူတို့က သမိုင်းရေစီးကြောင်း ကို ဆန့်ကျင်နေကြတာ။ သူတို့ ပြောတာတွေကို အဖေ လုံးဝ ဂရုမစိုက်ဘူး။"
ဖန်ချန်ယွီက နားမလည်စွာဖြင့် မေးလိုက်၏။ "သမိုင်းရေစီးကြောင်းဆိုတာ ဘာလဲ။"
"ခေတ်အဆက်ဆက်က အင်အားအကြီးဆုံးသူတွေ အားလုံး အမြင့်ဆုံးနေရာကို ရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပဲ။ သမိုင်းရေစီးကြောင်းဆိုတာ တကယ်တော့ ဘာလဲဆိုတာကိုပေါ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အသက်ရှင်လျက် အဖြေကို သိသွားတဲ့သူက လက်ချိုးရေတွက်လို့ ရလောက်အောင် နည်းပါတယ်။ ဒါပေမဲ့ အဲဒီမေးခွန်းက အဖေ့ဆီမှာ မရှိဘူး။"
ဖန်ချန်ယွီသည် ထပ်မံ၍ ခေါင်းမော့ကြည့်လိုက်ရာ မျက်လုံးများထဲတွင် မေးခွန်းများ ပြည့်နှက်နေ၏။
ဖန်ကျန်းရီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။ "အဖေ ကိုယ်တိုင်က ရေစီးကြောင်းပဲလေ။"
ဖန်ချန်ယွီသည် နားမလည်ကြောင်း ခေါင်းခါပြလိုက်သော်လည်း အကြောင်းအရာတစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း နားလည်သွား၏။
အဖေ လုပ်သမျှ အားလုံးက မှန်တယ်။
"အဖေ ... ဒါဆို သူတို့ကို မောင်းထုတ်ဖို့ မြန်မြန် လူသွားရှာလေ။ ဒီအတိုင်း ဆက်ဆဲနေ၊ ဆက်အော်နေတာကို ခွင့်ပြုထားမှာလား။"
ဖန်ကျန်းရီက ဖြည်းညင်းစွာ ရှင်းပြလိုက်၏။ "အကြမ်းဖက်နည်းကို လွယ်လွယ်နဲ့ မသုံးရဘူး။ အဲဒါက မတတ်သာတဲ့အခါမှ သုံးရတဲ့ နောက်ဆုံးနည်းလမ်းပဲ။ သူတို့နဲ့ အဖေ့ကြားက ပဋိပက္ခက တကယ့် လက်တွေ့ အကျိုးစီးပွား ပဋိပက္ခ မဟုတ်ဘူး။ အယူအဆ မတူတာပဲ။ သူတို့က အရမ်းဆိုးရွားတဲ့ လူဆိုးတွေလည်း မဟုတ်ဘူး။ ဒါကြောင့် သူတို့ကို ရင်ဆိုင်ဖို့ အရေးကြီးဆုံးက အကျိုးအကြောင်း ရှင်းပြတတ်ဖို့ပဲ။ သား နောက်ဆိုရင် တခြားသူတွေနဲ့ စိတ်ရှည်လက်ရှည် အကျိုးအကြောင်း ရှင်းပြတတ်အောင် သင်ယူရမယ်။ ရန်သူရဲ့ စကားကိုတောင် နားထောင်ပေးရမယ်။ တစ်ဖက်လူက အကျိုးအကြောင်း မပြောတော့မှ တခြားနည်းလမ်းကို စဉ်းစားရမယ်။
စကားစလိုက်တာနဲ့ ရိုက်မယ်၊ သတ်မယ်ဆိုတာချည်းပဲ မလုပ်နဲ့။ အဲဒါ မကောင်းဘူး။ ဒီနေ့လည်း ကြည့်ရတာ လုံလောက်ပြီဆိုတော့ စောစောပြန်အိပ်တော့။ မနက်ဖြန် ကျောင်းသွားရအုံးမယ်။"
ဖန်ကျန်းရီ စကားပြောအပြီးတွင် ဖန်ချန်ယွီကို အိမ်ပြန်ပို့ရန် ကျင်းယီဝေတစ်ဦးကို အစောင့်အဖြစ် တာဝန်ပေးလိုက်၏။
ဖန်ချန်ယွီ ထွက်သွားပြီးနောက် ကျင်းယီဝေတစ်ဦးသည် သူ၏အနားသို့ ချက်ချင်း ရောက်လာကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သခင်လေး ... နန်းတော်က အရေးပေါ် ခေါ်နေပါတယ်။"
ဖန်ကျန်းရီက အေးစက်စွာ မေးလိုက်၏။ "ခေါင်းဆောင်ကို စုံစမ်းလို့ သိရပြီလား။"
ကျင်းယီဝေက ပြန်ဖြေလိုက်သည်။ "လောလောဆယ်တော့ မသိရသေးပါဘူး။ ဒါပေမဲ့ သွေးထိုးလှုံ့ဆော်နိုင်စွမ်း အရမ်းကောင်းတဲ့ လူတချို့ကိုတော့ ကျုပ်တို့ မှတ်ထားပါတယ်။ တစ်ရက်နှစ်ရက်အတွင်း အဖြေရမှာပါ။ ဒါပေမဲ့ အခု ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ။"
ဘယ်လိုလုပ်ရမလဲ။
ဖန်ကျန်းရီ၏ မျက်လုံးများတွင် အေးစက်သော အရောင်တစ်ချက် ဖြတ်ပြေးသွား၏။ "လူတစ်စု သွားခေါ်လာခဲ့။ တွေ့တဲ့လူ အကုန်ရိုက်။ အရိုးနဲ့ အတွင်းကလီစာတွေ မထိခိုက်သရွေ့ သေလုမျောပါး ဖြစ်တဲ့အထိ ရိုက်ပစ်။
ကျားက အစွယ်မပြတာနဲ့ ကြောင်နာလို့များ ထင်နေသလား။ ငါ့ရဲ့ နယ်မြေမှာ လာပြီး ရမ်းကားရဲတယ်။ အလွယ်လေးလို့ ထင်နေတာလား။"
ကျင်းယီဝေမှာ အလွန်အမင်း အံ့အားသင့်သွားတော့၏။ "ဟင် … သူတို့အားလုံးက နေရာအနှံ့က လာတဲ့ ပညာတတ်တွေလေ။ အကြမ်းဖက်လိုက်ရင် ပဋိပက္ခကို ပိုကြီးသွားစေမှာ မဟုတ်ဘူးလား။ အဲဒီလိုလုပ်ရင် သခင်လေးရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မယ် ... "
ဖန်ကျန်းရီက မျက်စောင်းထိုးကြည့်လိုက်သည်။ "ဦးနှောက်သုံးစမ်းပါ။ အောက်ကလူတွေကို အဝတ်အစားလဲပြီး လူမိုက်တွေလို ဟန်ဆောင်ခိုင်းလိုက်။ အင်း ... စွန်းရှောင်ချွမ်းက လုပ်တာလို့ ပြောလိုက်။ ပြီးရင် စွန်းရှောင်ချွမ်း နာမည်နဲ့ မြို့တော်ထဲမှာ နှစ်ရက်လောက် လူမိုက်အလုပ်တွေ လျှောက်လုပ်ခိုင်းထား။ ပြီးတော့ သတင်းစာထဲမှာ ထည့်ပြီး ကြော်ငြာလိုက်ရင် ဘယ်သူကမှ ငါတို့နဲ့ ဆက်စပ်ပြီး တွေးမိမှာ မဟုတ်တော့ဘူး။
ဒုတိယနေ့ကျရင် ဒီလူတွေထဲက ဘယ်သူ အများဆုံး ပြဿနာရှာလဲဆိုတာ ကြည့်ထား။ အဲဒီလူက ခေါင်းဆောင်ပဲ။ သေချာ စုံစမ်းပြီးရင် ငါ့ကို သတင်းပို့။ ငါ နန်းတော်ကို ဝင်သွားအုံးမယ်။ ခဏနေ လူရိုက်တဲ့အခါ သတိထား။ အသက်အန္တရာယ် မထိခိုက်စေနဲ့။"
"ဟုတ်ကဲ့။ ကျုပ် အခုပဲ သွားလုပ်လိုက်ပါ့မယ်။"
...
ပညာတတ်များမှာမူ စိတ်လှုပ်ရှားစွာဖြင့် ဆက်လက် အော်ဟစ်နေကြဆဲ ဖြစ်၏။
ကျိုးမောက်ရွှယ်၏ ဘေးတွင်မူ လူအများအပြား စုဝေးနေပြီး တိတ်ဆိတ်စွာဖြင့် အသေးစိတ် ဆွေးနွေး ပြောဆိုနေကြသည်။
ကျိုးမောက်ရွှယ်၏ စကားပြောစွမ်းရည်နှင့် သူ၏နောက်ခံကြောင့် ထွက်ပေါ်လာသော အရှိန်အဝါသည် ပညာတတ်များစွာကို လွှမ်းမိုးသွားနိုင်ခဲ့သည်မှာ ထင်ရှားသည်။
လူပုံအလယ်တွင် စကားပြောပြီးနောက် ကျိုးမောက်ရွှယ်သည်လည်း ပို၍ ယုံကြည်မှု ရှိလာကာ လူအုပ်ကြီးကို လိမ္မာပါးနပ်စွာဖြင့် စည်းရုံးနေ၏။
ဆွေးနွေးမှုများ အရှိန်မြင့်နေစဉ် မလှမ်းမကမ်းရှိ လမ်းထောင့်မှ လူတစ်စု ထွက်ပေါ်လာပြီး အရက်မူးနေပုံဖြင့် အရက်အိုးများကို ကိုင်ဆောင်ကာ မြို့စားအိမ်တော် အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
မူလက ဆူညံနေသော လူအုပ်ကြီးသည် ချက်ချင်း တိတ်ဆိတ်သွားပြီး ဤဖိတ်ခေါ်မထားသော ဧည့်သည်များကို သတိထားကာ စောင့်ကြည့်နေကြ၏။
အစွမ်းအစ ပြသခွင့် ထပ်ရပြီဖြစ်ကြောင်း သိသောအခါ ကျိုးမောက်ရွှယ်သည် လူအုပ်ထဲမှ ထွက်လာကာ ကျယ်လောင်သော အသံဖြင့် မေးလိုက်သည်။ "မိတ်ဆွေတို့ .. ဘာကိစ္စရှိလို့လဲ။"
ဦးဆောင်လာသော အရက်မူးနေသူက သူ့ကို တစ်ချက်ပင် မကြည့်ဘဲ အော်ပြောလိုက်၏။ "ငါက တခြားလမ်းမှာ အရက်သောက်နေတာ။ မင်းတို့ မိန်းမလျာတွေ အသံကလည်း ကျယ်လိုက်တာ။ ငါ အရက်သောက်တာကို အနှောင့်အယှက်ဖြစ်လို့ အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း။"
သူတို့က ရိုင်းစိုင်းတဲ့ လူမိုက်တွေပဲ။
ပညာတတ်များအားလုံး ချက်ချင်း ဆူညံသွားကြပြီး ဝိုင်းဝန်း ပြစ်တင်ရှုတ်ချကြတော့၏။
"မင်း ဘယ်လို စကားပြောနေတာလဲ။"
"ငါတို့ ဘယ်သူတွေလဲဆိုတာ မင်း သိရဲ့လား။"
"ဒီနေရာကနေ အမြန်ထွက်သွား။ မပြောဘူးလို့တော့ မပြောနဲ့နော်။"
ကျိုးမောက်ရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ "ဒီနေ့ ဒီနေရာမှာ ရှိနေတာက တာ့ကျင်း နေရာအနှံ့ကနေ မြို့တော်ကို လာပြီး စာမေးပွဲဖြေတဲ့ ပညာတတ်တွေချည်းပဲ။ မင်းတို့ကို စကားပြောတာ ဆင်ခြင်ဖို့ သတိပေးလိုက်မယ်။ လုပ်စရာရှိတာ သွားလုပ်ကြ။ ကိုယ့်လမ်းကိုယ်သွားကြ။ ပြဿနာ မရှာနဲ့။"
အရက်မူးနေသူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ "တောက် …. မင်းတို့ မိန်းမလျာတွေက မင်းတို့အမေလို မာနကြီးနေတာလား။ ဘယ်ကောင် နောက်တစ်ခွန်း ထပ်ဆဲရဲလဲ။"
"မင်းကို ဆဲတော့ ဘာဖြစ်လဲ။ အမေမရှိတဲ့ ... "
"တောက် … ညီအစ်ကိုတို့ ... ချကြစမ်း။"
ဦးဆောင်လာသော အရက်မူးနေသူက အမိန့်ပေးလိုက်သည်နှင့် နောက်ပါများက အရက်အိုးများကို ကိုင်ဆောင်ကာ လူအုပ်ထဲသို့ ဝင်ရောက်လာကြတော့၏။
သူတို့၏ လျင်မြန်သော လှုပ်ရှားမှုများကြောင့် အားနည်းသော ပညာတတ်များမှာ ချက်ချင်းပင် လဲကျသွားကြသည်။
နေရာတစ်ခုလုံး ပွက်လောရိုက်သွားပြီး ညည်းညူသံများ နေရာအနှံ့မှ ထွက်ပေါ်လာ၏။ ကျိုးမောက်ရွှယ်သည် တစ်ကိုယ်လုံး ကြက်သီးထသွားပြီး တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ "မိတ်ဆွေတို့။ ဒါ ဖန်ကျန်းရီက ကျုပ်တို့ကို လက်စားချေဖို့ တိတ်တဆိတ် လူလွှတ်လိုက်တာပဲ။ မကြောက်ကြနဲ့၊ ကျုပ်တို့ လူများတယ်။ အားလုံး ပြန်ချကြ။ ကျုပ်တို့ စည်းလုံးညီညွတ်ရင် ... "
သူ စကားပင် မဆုံးသေးမီ အစောပိုင်းက ဦးဆောင်လာသော အရက်မူးနေသူက သူ၏ အင်္ကျီကော်လာကို ဆွဲယူလိုက်ပြီး အခြားလက်တစ်ဖက်က အရက်အိုးကို ကိုင်ကာ သူ၏ မျက်နှာဆီသို့ ရိုက်ချလိုက်၏။
ထိုအချက်ကြောင့် သူ၏ မျက်လုံးထဲတွင် ကြယ်လေးများပင် လွင့်ပျံသွားသည်။
ထို့နောက် အရက်မူးနေသူက အရက်နံ့များ နံဟောင်နေလျက် ရက်စက်စွာ ပြုံးကာ ပြောလိုက်၏။ "မင်းအမေကို …. ဘာတွေ ပြောနေတာလဲ။ နောက်တစ်ခါ လမ်းမှာ ငါ့ကိုတွေ့ရင် အကဲခတ်တတ်ပါစေ။ မင်းရဲ့ အဘိုး ငါ့နာမည်က စွန်းရှောင်ချွမ်း ကွ။"
အပိုင်း (၉၁၄) အရှင်မင်းကြီးကို ဂုဏ်ပြုဖို့ ကျွန်တော်မျိုး လာခဲ့တာပါ။
နွေးထွေးသော နန်းဆောင်အတွင်းတွင် ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးနေ၏။
ကြောက်နေသည့်အရာက တကယ်ဖြစ်လာခဲ့ပြီ။ လွန်ခဲ့သော နှစ်ရက်က အစိုးရိမ်ဆုံး ကိစ္စကြီးသည် နောက်ဆုံးတွင် အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ကျင်းယီဝေသည် အခင်းဖြစ်ပွားရာမှ သတင်းကို နန်းတော်သို့ ချက်ချင်း ပို့ဆောင်ပေးခဲ့၏။
အရှင်မင်းကြီးသည်လည်း မဆိုင်းမတွဘဲ နန်းတွင်းအဖွဲ့နှင့် မင်းသားလေးကို ချက်ချင်း ခေါ်ယူလိုက်သည်။
ဤအချိန်တွင် အရှင်မင်းကြီးသည် တကယ်ပင် လက်မြှောက်အရှုံးပေးလိုက်ရပြီ ဖြစ်၏။
အမတ်ကြီးလီယန်စုန့်သည် ဧကရာဇ်နှစ်ပါးလက်ထက် အမတ်ဟောင်းတစ်ဦး ဖြစ်သည့်အားလျော်စွာ သူ၏ စူးရှပြီး အသေးစိတ်ကျသော တွေးခေါ်နိုင်စွမ်းမှာ သာမန်အရာရှိများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။
သူပြောခဲ့သည်များ အားလုံး မှန်ကန်ခဲ့သည်။ သို့သော်ငြား ဝမ်းနည်းစရာမှာ ဖြေရှင်းမည့်နည်းလမ်းကိုတော့ မပေးနိုင်ခဲ့ချေ။
အရှင်မင်းကြီးသည် နေရာတွင် အဆက်မပြတ် လမ်းလျှောက်နေပြီး လီယွမ်ကျောက်နှင့် အခြားသူများမှာလည်း ဘေးတွင် ရပ်နေကာ မထိုင်ရဲကြချေ။
ဤမျှ ခက်ခဲသော ပြဿနာမျိုးကို ယခု ကျင်းယီဝေမှ အသေးစိတ် အစီရင်ခံစာ ထပ်မံမပို့လာသေးသဖြင့် အခြေအနေ မည်သို့ ရှိနေသည်ကို မသိရသေးပေ။ ဖန်ကျန်းရီ ရောက်လာမှသာ မေးမြန်းရတော့မည်။
အရှင်မင်းကြီး၏ မျက်မှောင်များမှာ တင်းတင်းကြုတ်နေပြီး ပါးစပ်မှလည်း အဆက်မပြတ် ရေရွတ်နေသည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီလူတွေက ဘာလို့ ဒီလောက် ရဲတင်းနေရတာလဲ။ လူစုလူဝေးနဲ့ ဆူပူအုံကြွတယ်။ မြို့စားအိမ်တော်ကို တိုက်ခိုက်တယ်။ သူတို့ ဖန်ကျန်းရီ ဘယ်သူလဲဆိုတာ မသိကြဘူးလား။"
လီယန်စုန့်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး ... အရာရှိ မဖြစ်သေးတဲ့ ပညာတတ်တွေက အမြဲတမ်း ဒီလိုပါပဲ။ ကျေးကျွန်အိုကြီး မမြင်ချင်ဆုံး ကိစ္စကတော့ ဖြစ်လာခဲ့ပါပြီ။ အခုအချိန်မှာတော့ နန်းတော်အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပြီး တစ်လှမ်းဆုတ်ပေးတာ အကောင်းဆုံးလို့ ကျေးကျွန်အိုကြီး အကြံပြုချင်ပါတယ်။ နှစ်ဖက် ထိပ်တိုက်တွေ့ရင် နောက်ဆုံးရလဒ်က နှစ်ဦးနှစ်ဖက်လုံး ထိခိုက်နစ်နာဖို့ပဲ ရှိပါတယ်။"
"တစ်လှမ်းဆုတ်ပေးရမယ်။ ကိုယ်တော့်ကို အမိန့်ပြန်ရုပ်သိမ်းခိုင်းတာလား။"
အရှင်မင်းကြီးက ခြေလှမ်းရပ်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။ "အခြေအနေမှန်ကို နားမလည်တဲ့ ခေါင်းမာတဲ့ ပညာတတ်တစ်စုလေ။ ရူးသွပ်လွန်းတယ်။ သူတို့က ဘာကအမှန်၊ ဘာကအမှား ဆိုတာကို နားလည်လို့လား။
နိုင်ငံတော်ဘဏ္ဍာကို တိုးလာအောင် ဘယ်သူက လုပ်ပေးနိုင်လဲ။ နိုင်ငံတော်ရဲ့ စစ်တပ်ကို တစ်နေ့တည်းနဲ့ လိုရာခရီးရောက်အောင် ဘယ်သူက လုပ်ပေးနိုင်လဲ။ အားလုံးက စာအုပ်ထဲကအတိုင်းပဲ ပြောတတ်တဲ့လူတွေချည်းပဲ။ လက်တွေ့အလုပ်ကို တစ်ယောက်မှ မလုပ်နိုင်ကြဘူး။ စာမေးပွဲကျတာ ကိုယ့်မှာ အရည်အချင်းမရှိလို့လေ။ ဒါကို အကြောင်းပြပြီး ပြဿနာရှာတယ်။ ဒီလို ပညာတတ်မျိုးတွေကို ကိုယ်တော်က ဘာလုပ်ရမှာလဲ။"
အရှင်မင်းကြီး ဒေါသထွက်နေကြောင်း လီယန်စုန့် သိသဖြင့် ညင်သာစွာ နှစ်သိမ့်လိုက်၏။ "ကျေးကျွန်အိုကြီးက အဲဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး။ နန်းတော်ရဲ့ ဆုံးဖြတ်ချက်ကို သေချာစဉ်းစားပြီးမှ ထုတ်ပြန်ရမှာပါ။ အဲဒီ ပညာတတ်တွေရဲ့ တောင်းဆိုချက်ကိုလည်း ကျုပ်တို့ ဖြည့်ဆည်းပေးလို့ ရပါတယ်။ နောက်ထပ် စာမေးပွဲအောင်တဲ့သူ အများအပြားကို ထပ်ထည့်ပြီး နန်းတော်က ခန့်အပ်ပေးလိုက်ရင်ရော။"
အရှင်မင်းကြီးက ချက်ချင်း ပယ်ချလိုက်သည်။ "မရဘူး။ ဘယ်လောက် ခန့်ပေးရင် သူတို့ ကျေနပ်မှာလဲ။ ကျန်တဲ့လူတွေက ထပ်ပြီး ဆူပူကြရင်ရော ဘယ်လိုလုပ်မလဲ။"
လီယန်စုန့်က ပြောလိုက်၏။ "သူတို့ကို တစ်နေရာတည်း ခေါ်ပြီး လူပုံအလယ်မှာ ကြေညာလိုက်မယ်။ တကယ်လို့ စာရင်းထဲမပါတဲ့ ကျန်တဲ့ ကျောင်းသားတွေက သဘောတူညီချက်ကို မလိုက်နာဘဲ ထပ်ပြီး ဆူပူရင်တော့ နန်းတော်ဘက်က မှန်သွားပြီလေ။ နောက်တစ်နည်းကတော့ ထပ်ထည့်လိုက်တဲ့ လူတွေကို အရေးပေါ် ခန့်အပ်ပြီး ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းခိုင်းလိုက်မယ်။ အဆိုးဆုံး အခြေအနေမှာတောင် ပြဿနာကို တခြားကို လွှဲချလိုက်လို့ ရတာပဲ။"
"ဟူး ... "
အရှင်မင်းကြီးက မျက်မှောင်ကြုတ်ကာ ခေါင်းကိုက်နေပုံဖြင့် သက်ပြင်းချလိုက်သည်။ "နောက်ဆုံး ဘာမှလုပ်လို့ မရတော့မှပဲ အဲဒီလို လုပ်ရတော့မှာပေါ့။ ကိုယ်တော် တစ်သက်လုံး စစ်မြေပြင်မှာ လွှမ်းမိုးနိုင်ခဲ့ပေမယ့် တစ်နိုင်ငံလုံးက လူတွေရဲ့ ပါးစပ်ကိုတော့ ရှုံးနိမ့်သွားပြီ ... "
နွေးထွေးသော နန်းဆောင်အတွင်းတွင် တိတ်ဆိတ်ငြိမ်သက်ပြီး အသက်ရှူကျပ်မတတ် အခြေအနေမျိုး ဖြစ်နေစဉ် ဖန်ကျန်းရီသည် အလျင်စလို ဝင်ရောက်လာ၏။
သူ၏ မျက်နှာပေါ်တွင် ကြီးမားသော ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး နှစ်သစ်ကူးပွဲတော်မှ ပြန်လာသည့်အလား ဖြစ်နေသည်။
အားလုံးက သူ့ကို လှည့်ကြည့်လိုက်ကြပြီး အရှင်မင်းကြီးက မေးရန် ပြင်လိုက်စဉ်မှာပင် ...
ဖန်ကျန်းရီက အသံကျယ်ကြီးဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီးဆီ လာတာ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ အရှင်မင်းကြီးကို ဂုဏ်ပြုဖို့ ကျွန်တော်မျိုး လာခဲ့တာပါ။ ဂုဏ်ပြုပါတယ်။"
နန်းတွင်းအမတ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အရှင်မင်းကြီးက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။ "မြို့စားအိမ်တော် အပြင်ဘက်မှာ လူတွေ ပြဿနာရှာနေတာကို မင်း မသိဘူးလား။ ကိုယ်တော့်မှာ ဘာဂုဏ်ပြုစရာ ရှိလို့လဲ။"
ဖန်ကျန်းရီက ကျယ်လောင်စွာ ပြန်ပြောလိုက်၏။ "ကျွန်တော်မျိုးသိတာပေါ့။ အခုလေးတင် အခင်းဖြစ်တဲ့နေရာကနေ ပြန်လာတာ။ ရှင်းရှင်းလင်းလင်းကို မြင်ခဲ့ရတယ်။"
"ဒါဆို မင်းက ဘာလို့ ဂုဏ်ပြုနေတာလဲ။" အရှင်မင်းကြီးက နားမလည်စွာဖြင့် မေးလိုက်သည်။
"ကျွန်တော်မျိုး မျက်စိနဲ့ မြင်ခဲ့ရသလောက်တော့ ပညာတတ်တွေ အကုန်လုံးက မြို့စားအိမ်တော်ရှေ့မှာ နန်းတော်က တရားမမျှတဘူးလို့ ဆဲဆိုနေကြတယ်။ ဒါကြောင့် ကျွန်တော်မျိုး ရင်ထဲမှာ အရမ်း ဝမ်းသာသွားတယ်။"
ဖန်ကျန်းရီက တည်ငြိမ်စွာ ရှင်းပြလိုက်၏။ " ကျွန်တော်မျိုးရဲ့ အခုလက်ရှိ အဆင့်အတန်းကို သာမန်လူတွေ မမီနိုင်ပါဘူး။ အရာရှိတွေတောင် ကျွန်တော်မျိုးကို တွေ့ရင် သတိထားနေကြရတယ်။"
"ဒါပေမဲ့ ကျွန်တော်မျိုးရှေ့မှာ အဆင့်အတန်း နိမ့်ကျတယ်လို့ ဆိုနိုင်တဲ့ အဲဒီ ပညာတတ်တွေက အိမ်တော်ရှေ့မှာ ရဲရဲဝံ့ဝံ့နဲ့ သူတို့ရဲ့ ခံစားချက်တွေကို ပြောဆိုပြီး နိုင်ငံအတွက် အကြံဉာဏ်တွေ ပေးနေကြတယ်။ သူတို့ရဲ့ မျိုးချစ်စိတ်က တကယ်ကို ကြည်နူးစရာပါပဲ။"
"ကျွန်တော်မျိုးတို့ တာ့ကျင်းက ငြိမ်းချမ်းတဲ့ခေတ်ကို ရောက်နေပြီး ငြိမ်းချမ်းလာတာ ကြာပြီလေ။ ကျွန်တော်မျိုး သမိုင်းစာအုပ်တွေ ဖတ်ကြည့်ဖူးသလောက်တော့ ဒီလို ငြိမ်းချမ်းတဲ့ခေတ်ကို ရောက်ရင် ပညာတတ်တွေက မိန်းမလျာတွေလို ဝတ်စားဆင်ယင်ပြီး အားနည်းတာကို အလှတရားလို့ ထင်လာတတ်ကြတယ်။ အဲဒီနောက်မှာတော့ နိုင်ငံက ကျဆင်းသွားတော့တာပါပဲ။
ဒါပေမဲ့ ကျွန်တော်မျိုးတို့ တာ့ကျင်းကတော့ မတူဘူး။ ဒီတစ်နိုင်ငံလုံးက ကျောင်းသားတွေက သတ္တိတွေ အပြည့်ရှိပြီး သံမဏိလို ခိုင်မာတဲ့ စိတ်ဓာတ်တွေ ရှိကြတယ်။ အထက်လူကြီးကို ရဲရဲဝံ့ဝံ့ ဝေဖန်ရဲတယ်။ အာဏာရှင်ကို မကြောက်ဘူး။ အမှားအမှန်ကို ဘေးဖယ်ထားလိုက်မယ်ဆိုရင်တောင် သူတို့ ပြသခဲ့တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ သတ္တိက လူ့သဘာဝမှာ တန်ဖိုးအရှိဆုံး အရာတစ်ခုပါပဲ။ ဒါက ကျွန်တော်မျိုးတို့ တာ့ကျင်းရဲ့ နိုင်ငံတော် ကံကြမ္မာ ဘယ်လောက် တိုးတက်နေလဲဆိုတာကို ပြသနေတာပါပဲ ... ရှေးခေတ်ကနေ အခုအချိန်အထိ အမြဲတမ်း ရှေ့တန်းမှာ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးက အရှင်မင်းကြီးကို မဂုဏ်ပြုဘဲ မနေနိုင်အောင် ဖြစ်သွားရတာပါ။"
"ဟားဟားဟားဟားဟား"
အရှင်မင်းကြီး၏ ပါးစပ်မှ အလွန်အမင်း ပျော်ရွှင်နေသော ရယ်မောသံကြီး ထွက်ပေါ်လာ၏။ "ဝန်ကြီးချုပ်ရဲ့ ဗိုက်ထဲမှာ လှေလှော်လို့ရတယ်ဆိုတဲ့ စကားရှိတယ်။ ကိုယ်တော့်အမြင်တော့ ကျန်းရီရဲ့ ဗိုက်ထဲမှာ စစ်သင်္ဘောတောင် လှော်လို့ရမယ် ထင်တယ်။ တစ်နန်းတော်လုံးမှာ ဒီလောက် သဘောထားကြီးတဲ့လူ ဘယ်သူရှိသေးလဲ။"
နွေးထွေးသော နန်းဆောင်အတွင်းရှိ မူလက လေးလံနေသော လေထုသည် ချက်ချင်းပင် လွင့်စင်သွားတော့သည်။
လီယွမ်ကျောက်၏ မေးစေ့မှာ မြေပြင်သို့ပင် ကျမတတ် ဖြစ်သွား၏။
ဟင် … စောစောကမှ ခမည်းတော် ဒေါသထွက်နေတာလေ။
ဖန်ကြီးပဲ လုပ်နိုင်တာ။ အခန်းထဲဝင်လာပြီး စကားနှစ်ခွန်းလောက် ပြောလိုက်တာနဲ့ အခြေအနေကို ဖြေရှင်းနိုင်သွားပြီလား။
ကော်ပန်ပန်မှာ မျက်နှာသေဖြင့် အမူအရာ ပြောင်းလဲခြင်း မရှိချေ။
လီယန်စုန့်နှင့် အခြားသူများမှာ နှုတ်ခမ်းများ စူထွက်လာကြ၏။
ခွေးကောင် … မင်းရဲ့ ဒီအကျင့်ဟောင်းကြီးက ဘယ်အချိန်ဖြစ်ဖြစ် မဖျောက်နိုင်သေးဘူးလား။ အခုက မီးက မျက်ခုံးမွေးကို လောင်နေပြီလေ။ မင်းက အခန်းထဲဝင်လာပြီး ချက်ချင်း အမွှမ်းတင်နေတာ ဘာသဘောလဲ။
အရှင်မင်းကြီးကို ကောင်းကင်ပေါ် ရောက်အောင် မြှောက်ပေးလည်း လက်တွေ့ပြဿနာကို မဖြေရှင်းနိုင်ဘူးလေ။
ဒါပေမဲ့ ကောင်းတဲ့အချက် တစ်ချက်တော့ ရှိတယ်။ သူ ပညာတတ်တွေဘက်ကနေ တစ်ကြိမ်လောက် ကာကွယ်ပြောဆိုပေးတာ ရှားရှားပါးပါးပဲ ...
အရှင်မင်းကြီးသည် စိတ်ထဲတွင် ကြည်နူးသွားပြီး ဝမ်းနည်းမှုများ အားလုံး ပျောက်ကွယ်သွားကာ ကုလားထိုင် ပေါ်တွင် ပြန်ထိုင်ရင်း မေးလိုက်သည်။ "အခု အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲ။"
"ကျွန်တော်မျိုး ပတ်ဝန်းကျင်ကို ပိတ်ဆို့ဖို့ လူလွှတ်ထားပြီးပါပြီ။ ပြဿနာက လောလောဆယ်တော့ ကြီးမားမလာသေးပါဘူး။"
"အကြမ်းမဖက်ဘူး မဟုတ်လား။"
ဖန်ကျန်းရီက ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ "ကျွန်တော်မျိုးက အမြဲတမ်း မေတ္တာနဲ့ တရားမျှတမှုကို သုံးပြီး ပြိုင်ဘက်ကို သိမ်းသွင်းဖို့ အကြံပြုတဲ့သူပါ။ ကျင်းယီဝေတပ်ဖွဲ့ကလည်း သူတို့ရဲ့ ပုံရိပ်ကို အမြဲတမ်း မြှင့်တင်နေပါတယ်။ အလွန်ဆိုးရွားတဲ့ လူဆိုးတွေနဲ့ ရင်ဆိုင်ရရင်တောင် စည်းကမ်းအတိုင်းပဲ လုပ်ဆောင်ရမှာပါ။
ဒီပညာတတ်တွေက ခဏတာ စိတ်ရှုပ်ထွေးနေတာပါ။ အားလုံးက မိသားစု နောက်ခံကောင်းတဲ့သူတွေချည်းပါပဲ။ ကျွန်တော်မျိုးက အကြမ်းဖက်နည်းနဲ့ ပြဿနာကို ဖြေရှင်းလို့ မရပါဘူး။ အခုချိန်မှာ ညင်သာတဲ့ နည်းလမ်းနဲ့ပဲ ဖြန့်ခွဲဖို့ ကြိုးစားနေပါတယ်။"
အရှင်မင်းကြီးက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "မင်းမှာ ယုံကြည်မှု အပြည့်ရှိနေပုံရတယ်။ ဒါဆို ဘယ်လိုဖြေရှင်းမလဲ ပြောပြစမ်း။ ဒီအတိုင်း ပိတ်ဆို့ထားလို့တော့ မဖြစ်ဘူးလေ။ ဒီလူတွေက တာ့ကျင်းရဲ့ အနာဂတ် ခေါင်းဆောင်တွေ ဖြစ်လာမယ့်သူတွေ။ တကယ်လို့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရင် အကျိုးဆက်ကို မင်း သိမှာပါ။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "ကျွန်တော်မျိုးမှာ အကြမ်းဖျင်း အကြံဉာဏ်တချို့တော့ ရှိပါတယ်။ ဒါပေမဲ့ အတိအကျတော့ မဖြစ်သေးဘူး။ ဒါပေမဲ့ ယေဘုယျအားဖြင့် ပြောရရင် ပြဿနာရဲ့ အရင်းအမြစ်က နှစ်ဖက်စလုံး တစ်ယောက်ကိုတစ်ယောက် နားမလည်ကြလို့ပါ။ ဒီလိုကိစ္စမျိုးက ဒီနေ့ မဖြစ်ရင်လည်း မနက်ဖြန် ဖြစ်လာမှာပါပဲ။"
"အရှေ့ဆင်ခြေဖုံး တက္ကသိုလ် ရဲ့ သိပ္ပံအယူအဆက ပညာတတ်တွေ အမြင်မှာတော့ အရမ်းကို အကျိုးအမြတ်ကိုပဲ ကြည့်လွန်းနေတယ်။ စိတ်ဓာတ်ရေးရာကို မပြောဘဲ နည်းပညာကိုပဲ ပြောနေတော့ လူအများစု အမြင်မှာတော့ လမ်းမှားကို ရောက်သွားပြီး ကိုယ်ကျင့်တရား ပျက်ပြားနေတယ်လို့ မြင်ကြတာပါ။ သိပ္ပံနည်းပညာက ယူဆောင်လာတဲ့ အပြောင်းအလဲတွေကို နန်းတွင်းက အမတ်ကြီးတွေက အလယ်ဗဟိုမှာ ရှိနေတော့ အခြေအနေအရပ်ရပ်ကို မြင်နိုင်ပြီး စိတ်ထဲမှာ ရှင်းလင်းနေကြတယ်။ ဒီပညာတတ်တွေရဲ့ အမြင်ကတော့ ကျဉ်းမြောင်းနေတာ သိသာပါတယ်။
အချုပ်အားဖြင့် ပြောရရင် သတင်းအချက်အလက် စီးဆင်းမှု မကောင်းလို့ပါ။ တကယ်လို့ သူတို့သာ ပိုသိလာမယ်ဆိုရင် သူတို့ရဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးရဲ့ ဖြေရှင်းနည်းကတော့ ဂရုတစိုက် သင်ကြားပေးမယ်၊ စိတ်ရှည်လက်ရှည် ဆက်သွယ်ပြောဆိုမယ်။ နောက်ဆုံး နှစ်ဖက်စလုံး နားလည်မှု ရသွားတဲ့အထိပါပဲ။"
အရှင်မင်းကြီးက အနည်းငယ် စိတ်ပျက်သွား၏။ "ဒါ မင်းရဲ့ နည်းလမ်းလား။ ကြားရတာတော့ သိပ်ပြီး အထင်ကြီးစရာ မကောင်းလှဘူး။ တကယ်လို့ အဲဒီလူတွေကို ပြောပြလို့ ရမယ်ဆိုရင် ကိုယ်တော် ဒီလောက် ခေါင်းကိုက်နေစရာ လိုလို့လား။"
ဖန်ကျန်းရီက လက်အုပ်ချီကာ ပြောလိုက်သည်။ "အမှန်တရားဆိုတာ ရိုးရှင်းပါတယ်။ ကျွန်တော်မျိုးမှာ တကယ့် စေတနာ၊ မေတ္တာနဲ့ စိတ်ရှည်မှု ရှိရင် တခြားသူတွေကို သေချာပေါက် သိမ်းသွင်းနိုင်မှာပါ။ ဒါကြောင့် ဒီနေ့ အရှင်မင်းကြီးဆီမှာ ခွင့်တောင်းချင်ပါတယ်။ ဒီကိစ္စကို ကျွန်တော်မျိုးကို အပြည့်အဝ တာဝန်ယူ ဖြေရှင်းခွင့်ပေးပါ။ ပြဿနာ ပြေလည်သွားတဲ့ နေ့ကျမှ နန်းတော်ကို ပြန်လာပါ့မယ်။ အရှင်မင်းကြီး ခွင့်ပြုပေးတော်မူပါ။"
အရှင်မင်းကြီးသည် ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "မင်း တကယ်ပဲ ကိုယ်တိုင် ဖြေရှင်းချင်တာလား။ ကိုယ်တော့်ဆီက အကူအညီ မလိုဘူးလား။"
ဖန်ကျန်းရီက ခေါင်းခါပြလိုက်သည်။ "ကျွန်တော်မျိုးအသုံးချနိုင်တဲ့ အရင်းအမြစ်တွေက လုံလောက်နေပါပြီ ... တကယ်လို့ မအောင်မြင်ဘူးဆိုမှ နန်းတော်ကို အကူအညီတောင်းပါ့မယ်။ အဲဒီမတိုင်ခင်တော့ အရှင်မင်းကြီးနဲ့ အမတ်ကြီးများအားလုံး စိတ်အေးအေးထားပြီး ဒီကိစ္စ မဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။ ဒီကိစ္စကြောင့် နိုင်ငံတော် အရေးကိစ္စတွေကို မထိခိုက်ပါစေနဲ့။"
အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်နေသည့် အမူအရာ ပေါ်လာ၏။
မူလက အနည်းငယ် ကူညီပေးရန် စဉ်းစားထားသော်လည်း သူက အားလုံးကို သူ့ဘာသာသူ တာဝန်ယူသွားတော့သည်။
"ဒီကိစ္စကို ကိုယ်တော် ခွင့်ပြုလိုက်မယ်။ မင်း စိတ်ကြိုက် လုပ်ဆောင်ပါ။ တကယ်လို့ အကူအညီ လိုအပ်ရင် နန်းတော်ကို ဝင်လာပြီး အသေးစိတ် ပြန်ပြောပါ။"