← Chapters

အခန်း ၂၆၆

Vol. 15 Ch. 266

အခန်း ၂၆၆

Vol. 15 Ch. 266

အပိုင်း (၂၆၆) အကာအကွယ် ဝတ်စုံ လုပ်နေတာ။

"အဲဒီနောက်ပိုင်းမှာတော့ ကိုယ်တော် ထီးနန်းဆက်ခံခဲ့တယ်။ ကိုယ်တော် နန်းတက်ပြီးနောက် ကိစ္စနှစ်ခု လုပ်ခဲ့တယ်။"

ဤနေရာသို့ ရောက်ချိန်မှာတော့ အရှင်မင်းကြီးသည် အနည်းငယ် ဂုဏ်ယူနေသည့်ပုံ ပေါက်သွား၏။ "ပထမ ကိစ္စက နန်းတွင်းက တာအိုဆရာ အားလုံးကို ခေါင်းဖြတ်သတ်ပစ်တာပဲ။ ဒုတိယ ကိစ္စက နယ်စားမင်းသားတွေကို မြို့တော်ကို ဆင့်ခေါ်တာပဲ။"

ဖန်ကျန်းရီ မနေနိုင်ဘဲ ခေါင်းညိတ်လိုက်မိသည်။

ယင်းမှာ နယ်စားမင်းသားတို့၏ အာဏာကို လျှော့ချခြင်းပင် ဖြစ်သည်။ ဤကိစ္စရပ်ကို သူသည် တောက်ယွမ်ခရိုင်တွင် ရှိနေစဉ်ကပင် စုံစမ်းသိရှိခဲ့ပြီး ထိုစဉ်က များစွာ အံ့သြခဲ့မိသည်။ သမိုင်းတစ်လျှောက်၌ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဧကရာဇ်ဟူသည် လက်ချိုးရေတွက်၍ ရနိုင်လောက်အောင်ပင် နည်းပါးလှ၏။

ထိုစဉ်က အရှင်မင်းကြီးသည် စစ်အာဏာကို လက်ဆုပ်လက်ကိုင် ပြုထားနိုင်ပြီး နယ်စားမင်းသားများက ပြန်လည်ခုခံရန် အင်အားမရှိတော့သောကြောင့်သာ အာဏာလျှော့ချခြင်း အောင်မြင်ခဲ့သည်ဟု သူ ခန့်မှန်းခဲ့မိသည်။

သို့သော်ငြား တာအိုဆရာများကို သတ်ဖြတ်သည့် ကိစ္စကိုတော့ သူ မသိခဲ့ပေ။

ထို့ကြောင့် မေးလိုက်သည်။ "နတ်ဆေးက အစွမ်းထက်ပုံ ပေါက်နေမှတော့ အရှင်မင်းကြီးက ဘာလို့ တာအိုဆရာတွေကို သတ်ရတာလဲ။"

အရှင်မင်းကြီးသည် လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ကိုင်ကာ တွေးတွေးဆဆဖြင့် ပြောလိုက်၏။ "ကိုယ်တော်က အမြဲတမ်း အရက်သောက်ရတာကို ကြိုက်တယ်။ အထူးသဖြင့် အရက်ပြင်းကို ပိုကြိုက်တယ်။

ကိုယ်တော် နောက်ပိုင်း ပြန်တွေးကြည့်တော့ နတ်ဆေးစားပြီးနောက် ပြသတဲ့ လက္ခဏာတွေက အရက်သောက်ပြီးနောက် ပြသတဲ့ လက္ခဏာတွေနဲ့ နည်းနည်း ဆင်တူနေတယ်လို့ ခံစားရတယ်။

ဒါပေမဲ့ အရက်သောက်တာ ခန္ဓာကိုယ်ကို ထိခိုက်စေတယ်ဆိုတာ လူသားတိုင်း သိကြတယ်။ ဒါဆို ကိုယ်တော်က ဘာကို အခြေခံပြီး နတ်ဆေးက သေချာပေါက် ကောင်းတယ်လို့ သတ်မှတ်ရမှာလဲ။"

အရှင်မင်းကြီး ခေါင်းခါလိုက်ပြီး လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ချလိုက်၏။

ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ "ကိုယ်တော်က ဧကရာဇ်ဟောင်းရဲ့ နောက်ဆုံးအချိန်တွေက အဓိပ္ပာယ်မဲ့တဲ့ အပြုအမူတွေကို မြင်တွေ့ခဲ့ရလို့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆင်ခြင် သုံးသပ်နေခဲ့တယ်။

ကိုယ်တော် အဂုဏ်ယူဆုံး အရာက ချီယန်တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ မဟုတ်ဘူး။ ကိုယ်တော့်ရဲ့ လောဘဆန္ဒတွေကို ဖိနှိပ်ထားနိုင်ခဲ့တာပဲ။

ရှေးယခင်ကနေ ယခုအချိန်အထိ ဧကရာဇ် ဘယ်နှစ်ပါးကများ ထာဝရအသက်ရှင်ချင်ခဲ့ကြလဲ။ ထာဝရ အသက်ရှင်ခြင်းကို အောင်မြင်သူဆိုတာ တစ်ခါမှ မကြားဖူးခဲ့ဘူး။

ကိုယ်တော်က ဒီအခွင့်အရေး ကိုယ်တော့် ခေါင်းပေါ် ကျလာလိမ့်မယ်လို့ ထင်မှတ်လောက်တဲ့အထိ ဘဝင်မမြင့်သေးပါဘူး။ နောက်ပြီး ကိုယ်တော်ကလည်း ထာဝရအသက်ရှင်ဖို့ ရှာဖွေချင်စိတ် မရှိဘူး။ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ်... ကိုယ်တော့်မှာ ဒီသားတစ်ယောက် ရှိသေးတယ်။"

ဖန်ကျန်းရီ နားထောင်ပြီးနောက် အနည်းငယ် မှင်တက်သွားခဲ့၏။

ဧကရာဇ်ရဲ့ ဒီအတွေးက... နည်းနည်းတော့ ထူးဆန်းနေတာပဲ။ ဘယ်လိုလုပ် ကိုယ့်ရဲ့ သိမှတ်မှုနဲ့ သိပ်မတူရတာလဲ။

အမလေး … စဉ်းစားတွေးခေါ်မှု ယုတ္တိဗေဒကတော့ တော်တော်လေး ခိုင်မာတာပဲ။ တောက်ယွမ်ခရိုင် သုတေသနဌာနမှာ တိုက်ရိုက် သွားအလုပ်ဆင်းလို့ ရပြီ။

သို့သော်ငြား အရှင်မင်းကြီးက သူ့ကို ဤစကားများ ပြောပြနိုင်ခြင်းက သံယောဇဉ် အစစ်အမှန်ကို ထုတ်ဖော် ပြသခြင်းဟု ဆိုနိုင်ပြီး သူ့ကို အပြင်လူအဖြစ် မသတ်မှတ်ထားကြောင်း ဖော်ပြနေသည်။

သို့ပေမည့် နောက်ဆုံး ပြောရမည်ဆိုလျှင် အိမ်ရှေ့စံအတွက်ပင် ဖြစ်၏။

ခံစားချက် ဤမျှလောက် ပြည့်ဝသော ဧကရာဇ်မျိုးနှင့် တွေ့ရဖို့ ဆိုတာ ခဲယဉ်းလှသည်။

သို့သော်လည်း ဝူမင်းသား ဆိုသည့် နာမည်က ထပ်မံ ထွက်ပေါ်လာခြင်းက ဖန်ကျန်းရီ၏ စိတ်ထဲတွင် အကြောင်းမဲ့ သတိထားမှု တစ်ခုကို အမှန်တကယ် ဖြစ်ပေါ်လာစေခဲ့၏။

လက်ရှိအချိန်အထိ သူက ဝူမင်းသားနှင့် ပတ်သက်၍ ဘာဆိုဘာမှ နားမလည်သေးပေ။ စေလွှတ်ထားသော သူလျှိုများလည်း ဘယ်လို အခြေအနေ ရှိနေပြီလဲဆိုတာ မသိရသေးချေ။

"ကိုယ်တော် နည်းနည်း ပင်ပန်းနေပြီ။ အရင် ပြန်ပြီး နားလိုက်အုံးမယ်။"

ဖန်ကျန်းရီ ချက်ချင်း ပြောလိုက်၏။ "ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် နေစရာ ပြင်ဆင်ထားပါတယ်။ ကျွန်တော်မျိုး နောက်ကို လိုက်ခဲ့ပါ။"

မကြာမီ သူတို့သုံးဦးသည် လေပန်းချီစံအိမ်သို့ တိုက်ရိုက် လှည့်ထွက်လာခဲ့ကြသည်။

အရှင်မင်းကြီးသည် ခေါင်းမော့ကာ လေပန်းချီစံအိမ်၏ ဆိုင်းဘုတ်ကို ကြည့်ပြီး သံသယဖြင့် မေးလိုက်၏။ "စံအိမ် ဆိုတာက ဘာလဲ။"

"အစည်းအဝေးပါ။ အစည်းအဝေးလုပ်တဲ့ နေရာပါ။ မင်းကြီး စိတ်ချပါ။ ဒီအထဲမှာ နေစရာ ရှိပါတယ်။ အကုန်လုံး စီစဉ်ထားပြီးပါပြီ။ ကျွန်တော်မျိုး အပြင်ဘက်မှာလည်း လူတွေကို အစောင့်ချထားပါတယ်။"

ဤနေရာအတွင်းပိုင်းကို အသစ်တဖန် ပြန်လည် စီစဉ်ထားပြီး ဖြစ်၏။ လေပန်းချီစံအိမ်၌ အစေခံမိန်းကလေးများမှလွဲ၍ ကျန်လူအားလုံးကို ခွင့်ပေးထားလိုက်ပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဧကရာဇ်အတွက် နေစရာ စီစဉ်ပေးရမည်ဖြစ်ရာ ဤနေရာထက် ပိုမို သင့်တော်သော နေရာ မရှိတော့ချေ။

ထို့ပြင် ခေါင်းဆောင်ကြီးကို စံအိမ်သို့ ခေါ်လာခြင်းက အပြစ်ပြောစရာ မရှိပေ။

ဖန်ကျန်းရီသည် အရှင်မင်းကြီးအတွက် ပြဇာတ်တစ်ခုပင် စီစဉ်ပေးချင်နေသေး၏။

သို့ပေမည့် စဉ်းစားကြည့်ပြီးနောက် လက်လျှော့လိုက်သည်။ ကစားတာ လွန်သွားလျှင် မည်သို့လုပ်မည်နည်း။

စံအိမ်အတွင်းသို့ ဝင်ရောက်သည်နှင့် အရှင်မင်းကြီးသည် တစ်ပတ်ဝိုက်ကြည့်လိုက်ပြီး တုံ့ပြန်မှုက ပုံမှန်သာ ဖြစ်နေ၏။

ကော်ထျန်းယန်လည်း ထိုနည်းတူပင် ဖြစ်သည်။

ဖန်ကျန်းရီ အနည်းငယ် အံ့သြသွားမိသည်။ မဖြစ်သင့်ဘူး။ ငါကိုယ်တိုင် ဒီလောက် လန်းတဲ့ ဒီဇိုင်းကို ဆွဲထားတာ ဘာလို့တုံ့ပြန်မှု နည်းနည်းလေးတောင် မရှိဘူးလား။

သို့ပေမည့် သူ ချက်ချင်း သဘောပေါက်သွားခဲ့၏။ ဒီနှစ်ယောက်က နန်းတော်ထဲမှာ နှစ်ရှည်လများ နေထိုင်လာကြတဲ့ အထက်တန်းလွှာ အစစ်အမှန်တွေ ဖြစ်ပြီး အလှအပကို ခံစားတတ်တဲ့ အမြင်ကလည်း အဆင့်မြင့်နေမှာ သေချာတယ်။

ဒီလို တရုတ်မကျ ကပြားမကျ အလှဆင်ထားတဲ့ ပုံစံမျိုးက သာမန် ပြည်သူတွေကိုပဲ လှည့်စားလို့ ရနိုင်ပေလိမ့်မည်။

ဧကရာဇ်နဲ့ သူ့ရဲ့ ကိုယ်ရံတော် မိန်းမစိုးကြီးတို့ရဲ့ မျက်စိထဲမှာတော့ သေချာပေါက် အဆင့်မမီဘူး ဖြစ်နေမှာပဲ။

အလှဆင်ထားမှုက အဆင့်မမီသော်ငြား အရှင်မင်းကြီးကလည်း ဂျီးများတတ်သူ မဟုတ်သဖြင့် ဖန်ကျန်းရီ၏ နောက်မှလိုက်ကာ စီစဉ်ထားသော အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ကော်ထျန်းယန်သည် အခန်းထဲမှထွက်ကာ နဂါးရထားလုံးဆီသို့ ပြန်သွားပြီး ပစ္စည်းအချို့ ယူရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက အင်္ကျီလက်ကို ဆွဲထားလိုက်၏။

"အစ်ကိုကြီးကော် … ခဏလေး။"

ကော်ထျန်းယန်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။ ကျုပ် အရှင်မင်းကြီး သုံးဖို့ ပစ္စည်းလေးတွေ သွားယူမလို့ပါ။"

ဖန်ကျန်းရီသည် ကော်ထျန်းယန်၏ ဘေးသို့ ကပ်သွားကာ ခပ်တိုးတိုး မေးလိုက်၏။ "အစ်ကိုကြီးကော် … ဝူမင်းသား အကြောင်း သိလား။"

ကော်ထျန်းယန် မျက်မှောင်ကြုတ်သွားသည်။ "ရှူး။ မင်း … ကောင်လေး တကယ် သေချင်နေတာပဲ။ တော်ဝင်မိသားစုရဲ့ ကိစ္စတွေကို မစုံစမ်းနဲ့။"

"အာ... အစ်ကိုကြီးကော် … အစ်ကိုကြီးကော် ။ မသွားပါနဲ့အုံး။"

ထိုသို့ပြောရင်း ဖန်ကျန်းရီသည် ငွေစက္ကူ တစ်ရွက်ကို ထုတ်ကာ ကော်ထျန်းယန်၏ အင်္ကျီလက်ထဲသို့ ထိုးထည့်ပေးလိုက်၏။

ပြီးနောက် မျက်နှာအပြည့် အပြုံးမျိုးဖြင့် ပြောလိုက်သည်။ "ဝူမင်းသားက ကျုပ်နဲ့ ပူးပေါင်းပြီး အရက်ရောင်းနေတာပါ။ ကျုပ် မြို့တော်ကို ပြန်ရောက်ရင် သူ့ကို သွားပြီး ဂါရဝပြုမလို့။ ကြိုတင် ပြင်ဆင်ထားလို့ ရအောင်လို့ပါ။ အကြမ်းဖျင်းလောက် ပြောပြပေးပါလား။"

ကော်ထျန်းယန် အလွန် မတတ်သာသည့် အမူအရာဖြင့် ပြန်ဖြေလိုက်၏။ "ကောင်းပြီလေ .. မင်း ဘာမေးချင်တာလဲ။"

"ခင်ဗျား အရင် ကြုံသလို ပြောပြကြည့်ပါ။ ဒီဝူမင်းသားက နတ်ဆေးတွေကို သဘောကျတာ မဟုတ်ဘူးလား။ ကျုပ် သွားရှာပြီး သူ့ကို နှစ်လုံးလောက် လက်ဆောင် ပေးမလို့။"

မင်း … ကောင်လေး... ဒီလိုစကားမျိုးကို ဗြောင်ကျကျ ပြောနေတာ သင့်တော်လို့လား။

ကော်ထျန်းယန်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်၏။ "ဟူး... ဝူမင်းသားက အလုပ်မရှိ အကိုင်မရှိ အေးဆေးနေတဲ့ မင်းသား တစ်ပါးပါပဲ။ ထူးခြားတာ ဘာမှ မရှိပါဘူး။

နတ်ဆေး ဘာညာကိုလည်း သူ စိတ်မဝင်စားဘူး။ ဒါပေမဲ့... ဝူမင်းသားရဲ့ တချို့ အချက်တွေကတော့ မင်းနဲ့ နည်းနည်း ဆင်တူတယ်။"

ဖန်ကျန်းရီ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ "အို... ဒါက ဘယ်လို ပြောတာလဲ။"

ကော်ထျန်းယန်သည် ကြိုးစား၍ ပြန်လည် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "ငယ်ငယ်ကတည်းက ထူးဆန်းတဲ့ လက်မှုပညာ အရာဝတ္ထုတွေကို သုတေသန လုပ်ရတာကို ကြိုက်တယ်။ မင်းရဲ့ တောက်ယွမ်ခရိုင်ထဲ က အရာတွေနဲ့ နည်းနည်း ဆင်တူတယ်။ ဒါပေမဲ့ သိပ်ပြီး သေသပ်လှပတာမျိုးတော့ မဟုတ်ဘူး။"

ဖန်ကျန်းရီ ထိုစကားကို ကြားသည်နှင့် ပြုံးလိုက်သည်။ "ဪ .. စိတ်ဝင်စားစရာပဲ။ ဒါဆို ဝူမင်းသားက နန်းတွင်းမှာ လူကြိုက်များရမှာပေါ့။ ဘာလို့ ဘယ်သူမှ မပြောကြတာလဲ။"

ကော်ထျန်းယန် ပါးစပ်ကြီးဟသွားပြီး ဖန်ကျန်းရီကို မယုံနိုင်စွာ ကြည့်လိုက်၏။

မင်း... မင်းက ကိုယ့်ကိုယ်ကိုယ် လူကြိုက်များတယ်လို့ ထင်နေတာလား။

ကော်ထျန်းယန် ခါးသီးစွာ ပြုံးလိုက်မိသည်။ တော်တော်မျက်နှာ အရေခွံထူတဲ့ကောင်ပဲ။

"အစ်ကိုကြီးကော် .. ဆက်ပြောပါအုံး။"

ကော်ထျန်းယန်က ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်ကို မြင်လိုက်ရ၏။

"မဟုတ်ဘူး။ ဝူမင်းသားက လူကြိုက်မများရုံသာမကဘူး။ ငယ်ငယ်ကတည်းက ဧကရာဇ်ဟောင်းရဲ့ မျက်နှာသာပေးမှုကို မခံရဘူး။ ဧကရာဇ်ဟောင်းက ဝူမင်းသားကို အပျော်အပါးမှာပဲ နစ်မွန်းနေတယ်လို့ ထင်တယ်။ ဝူမင်းသား ဖန်တီးထားတဲ့ အရာတွေ အားလုံးကို ဧကရာဇ်ဟောင်းက အကုန် ဖျက်ဆီးပစ်ခဲ့တယ်။

နောက်ပိုင်း ဝူမင်းသား နယ်စားသွားလုပ်ရတယ်။ ဧကရာဇ်ဟောင်း ဖျားနာတဲ့ အချိန်မှာ တာအိုဆရာ တော်တော်များများကို ရှာပေးပြီး ဧကရာဇ်ဟောင်းအတွက် နတ်ဆေးတွေ ဖော်စပ်ပေးခဲ့တယ်လို့ ကြားတယ်။ အဲဒီတော့မှပဲ ဆက်ဆံရေးက နည်းနည်းလေး ပြန်ကောင်းလာခဲ့တာ..."

ကော်ထျန်းယန်က အရသာခံကာ ပြောနေရင်း ရုတ်တရက် သူ စကားပြောတာ နည်းနည်း များသွားမှန်း သတိထားမိလိုက်သည်။

ထို့ကြောင့် စိုးရိမ်တကြီး ပြောလိုက်၏။ "ကျုပ် ပြောပြတဲ့ ဒီကိစ္စကို တခြားလူတွေကို မသိစေနဲ့နော်။"

ဖန်ကျန်းရီက မျက်လုံးပြူးကြည့်လိုက်သည်။ "အစ်ကိုကြီးကော် … မလိုပါဘူး။ ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ။"

"လျှို့ဝှက်ချက် မဟုတ်တာတော့ မှန်တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးရဲ့ မိသားစု ကိစ္စလေ။ သိပ်ပြီး မပြောတာ ကောင်းတယ်။"

"သိပါပြီ အစ်ကိုကြီးကော် .. ခင်ဗျား သွားစရာရှိတာ သွားလုပ်ပါ။"

ကော်ထျန်းယန်ကို ပြန်လွှတ်ပြီးနောက် ဖန်ကျန်းရီသည် သူ၏ အခန်းသို့ ပြန်လာကာ ငေးမောနေတော့၏။

ဝူမင်းသားနှင့် ပတ်သက်၍ ဘာဆိုဘာမှ နားလည်မှု မရှိသေးဘဲ ဤလူက သူ့ကို အမြဲတမ်း ထူးခြား ဆန်းကြယ်သည့် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။

သို့ရာတွင် မိမိ၏ ဖခင်အရင်းအား အဆိပ်ခတ်သည်ဟူ၍ ကြားသိရသည်တွင် သိပ်၍ ဉာဏ်အမြော်အမြင် ရှိလှမည့်ဟန်တော့ မပေါ်ချေ။

ဖန်ကျန်းရီ အတန်ကြာ စဉ်းစားကြည့်သော်လည်း ဘာမှ ထွက်မလာခဲ့ချေ။

နောက်လှည့်ကာ တံခါးပေါက်မှ ထွက်ပြီး လီယွမ်ကျောက်ကို သွားရှာလိုက်သည်။

တစ်ပတ်လောက် မေးမြန်းကြည့်လိုက်တော့မှ လီယွမ်ကျောက်သည် အပျော်စီးသင်္ဘောပေါ်သို့ ပြေးပြီး ပုန်းအောင်းနေကြောင်း သိလိုက်ရ၏။

ဖန်ကျန်းရီ လိုက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်ချိန်မှာတော့ လီယွမ်ကျောက်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး လက်ထဲတွင် လွှတစ်ချောင်းကို ကိုင်ကာ ဘာကို လွှတိုက်နေမှန်း မသိသည်ကို မြင်လိုက်ရသည်။

သို့သော်ငြား ဘေးရှိ စားပွဲကတော့ နှစ်ပိုင်းပြတ်အောင် လွှတိုက်ခံထားရပြီး ဖြစ်၏။

ဖန်ကျန်းရီ သံသယဖြင့် သူ၏ဘေးသို့ လျှောက်သွားကာ ပခုံးကို ပုတ်လိုက်သည်။ "အိမ်ရှေ့စံ … ခင်ဗျား ဘာလုပ်နေတာလဲ။"

"အမ်။" လီယွမ်ကျောက် တစ်ကိုယ်လုံး တုန်တက်သွားပြီး အမြန် နောက်လှည့်ကြည့်လိုက်၏။

ဖန်ကျန်းရီ တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်ချိန်မှာတော့ ချက်ချင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။

"ဖန်ကြီး … ခင်ဗျား ဘယ်လို ရောက်လာတာလဲ။ ခမည်းတော်ရော။"

"အရှင်မင်းကြီး နားနေပါတယ်။"

တစ်ခန်းလုံး ရှုပ်ပွနေသည်ကို ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လွှစာမှုန့်များအပြင် သစ်သားပြား အသေးလေးများကိုပါ မြင်တွေ့လိုက်ရ၏။

ဖန်ကျန်းရီ စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒါက..."

"ဖန်ကြီး .. အခန်းထဲကို ဘယ်သူ့ကိုမှ အဝင်မခံနဲ့နော်။ ကျုပ်ကို အပြင်ထွက်ပြီး ကြည့်ပေးထားအုံး။"

"ကျုပ် အကာအကွယ် ဝတ်စုံ လုပ်နေတာ။"

All Chapters