← Chapters

အခန်း (၅၀၄ က+ခ)

Vol. 28 Ch. 504 က+ခ

အခန်း (၅၀၄ က+ခ)

Vol. 28 Ch. 504 က+ခ

အပိုင်း (၅၀၄ - က) အရှက်မရှိသော လူယုတ်မာ ဖန်ကျန်းရီ။

ချူယိုယီ၏ မျက်လုံးဝိုင်းကြီးများထဲတွင် အလွန်အမင်း အံ့အားသင့်မှုများ ပြည့်နှက်နေပြီး မျက်ရည်များပင် ဝဲလာ၏။

ဖန်ကျန်းရီ၏ ပြောစကားမှာ အလွန်ပင် ရက်စက်လွန်းလှပေသည်။

ယခုခေတ်အခါ၌ အမျိုးသမီးများက ပိန်ပါးမှုကိုသာ အလှအပအဖြစ် သတ်မှတ်ကြရာ သူမအား ဝသည်ဟု ပြောဆိုခြင်းက လုံးဝ စော်ကားလိုက်ခြင်းပင် မဟုတ်ပါလား။

ထို့အပြင် ဤမျှလောက် ရက်ရက်စက်စက် စကားမျိုး သူမအား မည်သူကမှ မပြောဆိုဖူးချေ။ သူမအပေါ် အမြဲတမ်း တင်းကျပ်လေ့ရှိသော ချူချင်ဟန်ပင်လျှင် ထိုသို့ မပြောဖူးပေ။

ချူယိုယီက အော်ဟစ်လိုက်လေသည်။ “ဖန်ထန်ကျင့်… ရှင် တကယ် ရူးသွားပြီပဲ။ ဒီနေ့ အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း ပစ္စည်းတွေသိမ်းပြီး ထွက်သွားတော့။”

ဖန်ကျန်းရီက လက်နှစ်ဖက်ကို ဆန့်တန်းကာ အလွန် မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ သခင်မလေးက တကယ် ဝနေတာပဲလေ”

ချူယိုယီမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေပြီး ရင်ဘတ်လေးမှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ “ရှင့် မျက်စိကန်းနေလား။ ငယ်ငယ်ကတည်းက ကြီးတဲ့အထိ ကျွန်မကို ဝတယ်လို့ ပြောတဲ့သူ တစ်ယောက်မှ မရှိဖူးဘူး”

အမှန်အတိုင်း ဆိုရလျှင် ဖန်ကျန်းရီကလည်း သူမကို ဝသည်ဟု လုံးဝ မထင်မှတ်ထားပေ။

ရင်သား အနည်းငယ် သေးငယ်သည်မှအပ ခန္ဓာကိုယ်အချိုးအစားမှာ အလွန် ပြေပြစ်ညီညွတ်ပြီး ရုပ်ရည်မှာလည်း ချစ်ခင်စရာ ကောင်းလှသည်။

မည်သို့ပင်ဖြစ်စေ အစ်မကြီးဖြစ်သူက အရှေ့တွင် လှပနှင့်ပြီးဖြစ်ရာ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာလည်း ဆိုးရွားမည် မဟုတ်ပေ။

သို့ရာတွင် ပြဿနာမှာ သူသည် တစ်ဖက်လူ၏ ငွေကြေးများကို ခေတ္တ ယူငင်သုံးစွဲထားမိသဖြင့် မျက်စိမှိတ်ကာ လိမ်လည်ပြောဆိုရတော့မည်။

သူမ ဒေါသထွက်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီကလည်း အလွန်အကျွံ ဖြစ်သွားမည်စိုးသဖြင့် ခေါင်းစောင်းကာ စဉ်းစားလိုက်ရင်း ဆို၏။ “ဒုတိယသခင်မလေးက ကျုပ် မြင်ဖူးသမျှထဲမှာ ဒုတိယမြောက် အလှဆုံး မိန်းကလေးပါ။ တစ်ခုတည်းသော အားနည်းချက်က ဝနေတာပဲ … တကယ်ကို ဝပါတယ်။”

ချူယိုယီ၏ အာရုံမှာ ချက်ချင်း ပြောင်းလဲသွားသည်။ “ဒါဆို ပထမ အလှဆုံးက ဘယ်သူလဲ”

ဖန်ကျန်းရီက လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။ “သခင်မလေးရဲ့ အစ်မ၊ အကြီးဆုံးသခင်မလေးပေါ့။ အင်း… သူက တကယ်ကို ပြီးပြည့်စုံတယ်”

ချူယိုယီက ခါးထောက်ကာ သူ့အား စူးစိုက်ကြည့်ရင်း ခွန်းတုံ့ပြန်လိုက်သည်။ “ဟက်… အပြောချိုလိုက်တာ။ ကျွန်မအစ်မရဲ့ ကိုယ်အလေးချိန်က ကျွန်မလောက်တောင် မပေါ့ပါဘူး၊ ရှင် ကျွန်မကို လာမလိမ်နဲ့”

ဖန်ကျန်းရီက စိတ်မကောင်းဟန်ဖြင့် ခေါင်းခါလျက် ရှင်းပြလိုက်၏။ “ဝက်ဆီးအိမ်က ပေါ့ပေမဲ့ အရွယ်အစား ကြီးတယ်လေ။ ကျုပ် လောင်ဖန်က ပွင့်လင်းတဲ့သူပါ။ လုရှို့ဝမ်ကို တွေ့တာနဲ့ ပါးစပ်ကနေ တန်းဆဲမိတာ သခင်မလေး မတွေ့ဘူးလား။ ဒီလို ကိစ္စမျိုးကို ကျုပ် သခင်မလေးကို မလိမ်ပါဘူး။ ချူအိမ်တော်မှာ သခင်မလေးကို ဝတယ်လို့ ပြောတဲ့သူ မရှိတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ကျုပ်အိမ်မှာလည်း ကျုပ်ကို လက်ရေးက ဆိုးလွန်းတယ်လို့ ပြောတဲ့သူ မရှိဘူးလေ။ ခြေမသန်တဲ့သူရှေ့မှာ ခြေတိုတဲ့အကြောင်း ဘယ်သူက ပြောမှာလဲ။ မိသားစုဝင်တွေဆိုတော့ ပိုဆိုးတာပေါ့”

ချူယိုယီက လှောင်ပြုံး ပြုံးနေသော်လည်း လက်ကမူ ခါးကို အလိုအလျောက် နှစ်ချက်ခန့် စမ်းကြည့်လိုက်မိသည်။ “ဒီနေ့ ရှင် ဘာပြောပြော ကျွန်မ မယုံဘူး။ ကျွန်မအစ်မကို သွားတိုင်မယ်။ ရှင် ကျွန်မကို အနိုင်ကျင့်တယ်လို့။”

ဤအပြုအမူကို ဖန်ကျန်းရီ မျက်စိလျှမ်းမသွားပါချေ။ ထိုသို့ဆိုလျှင် လွယ်သွားလေပြီ။

ဖန်ကျန်းရီက အင်္ကျီလက်စကို ခါလိုက်ရာ ကြေးပြားနှစ်ပြား လက်ဖဝါးထဲသို့ ကျလာပြီး လမ်းဖြတ်သွားသော ခရီးသည်တစ်ဦးကို ဖမ်းဆွဲလိုက်၏။

ထိုသူကို သူတို့နှစ်ယောက်ကြားသို့ ဆွဲသွင်းလိုက်ပြီး ချူယိုယီကို ညွှန်ပြကာ မေးလိုက်သည်။ “သူ ဝလား”

ခရီးသည်မှာ အကြောင်းမဲ့ အဖမ်းခံလိုက်ရသဖြင့် ကြောင်အမ်းအမ်း ဖြစ်နေစဉ် လက်ဖဝါးထဲသို့ ဝိုင်းစက်နေသော ကြေးပြားနှစ်ပြား ရောက်လာသည်ကို ခံစားလိုက်ရသဖြင့် ချူယိုယီကို တစ်ချက် ကြည့်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဖြေလိုက်၏။ “ဝ … ဝပါတယ်”

ချူယိုယီမှာ အံ့အားသင့်သွားပြီး ချက်ချင်း မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရလသည်။

လမ်းဖြတ်သွားတဲ့ ခရီးသည်တစ်ယောက်က ပါးစပ်ဟတာနဲ့ သူမကို ဝတယ်လို့ ပြောတယ် ဟုတ်လား။ အခုလေးတင် ဖြတ်သွားတာလေ၊ ဖန်ထန်ကျင့်က ကြိုတင် စီစဉ်ထားတာတော့ မဖြစ်နိုင်ပါဘူး။

ဖန်ကျန်းရီက လက်ဝှေ့ယမ်းကာ ထိုသူကို လွှတ်ပေးလိုက်၏။

ထို့နောက် ဒုတိယမြောက် လူကို ထပ်ဖမ်းပြန်သည်။

“သူ ဝ လား။”

“အရမ်းဝတယ်။”

“သူ ဝလား …”

ဆက်တိုက်ဆိုသလို ဖြတ်သွားဖြတ်လာ လေးယောက်ကို ဖမ်းဆွဲပြီး ကြေးပြားရှစ်ပြား ကုန်ကျခံလိုက်ရာ လူတိုင်းက ဝသည်ဟုသာ ဖြေကြ၏။

ဖန်ကျန်းရီလည်း ကံကောင်းသည်ဟု တိတ်တဆိတ် တွေးလိုက်ပြီး ရင်ထဲတွင် ချွေးပျံသွားမိသည်။

ကံကောင်းလို့ ဉာဏ်ရည်ပုံမှန်ရှိတဲ့ ဖြတ်သွားဖြတ်လာတွေကို ဖမ်းမိတာ၊ ငတုံးတွေကို မဖမ်းမိလို့ တော်သေးတယ်။

သုံးယောက်ပြောလျှင် ကျားဖြစ်သွားသည်ဆိုသကဲ့သို့ပင် ချူယိုယီကို ပြန်ကြည့်လိုက်တော့ သူမ၏ မျက်နှာက ဖြူလျော်နေပြီး မိမိကိုယ်ကိုယ် အလွန်အမင်း သံသယဝင်နေသည့် အခြေအနေသို့ ရောက်ရှိနေသည်။ ခြေလှမ်းများပင် အနည်းငယ် ယိုင်နဲ့သွားပြီး အလိုအလျောက် နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားမိ၏။

ထို့နောက် မျက်လုံးများ အသက်မဲ့သွားပြီး ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေသည်။ “ကျွန်မ တကယ်ပဲ ဝနေတာလား … မဖြစ်နိုင်ဘူး … မဖြစ်နိုင်ပါဘူး။”

သူမ၏ အယူအဆများ ပြိုကွဲသွားသော ပုံစံကို ကြည့်ရင်း အပြစ်ကြီးလေးသော ဖန်ကျန်းရီက မနေနိုင်ဘဲ နှစ်သိမ့်ပေးလိုက်၏။ “ဒုတိယသခင်မလေး … ဒီလောကကြီးမှာ လိမ်ညာမှုတွေက အပြည့်ပဲ။ ရိုးသားမှုဆိုတာ တန်ဖိုးရှိတဲ့ အရည်အသွေးတစ်ခုပါ။

တိုက်တိုက်ဆိုင်ဆိုင် ကျုပ်ဆီမှာ အဲဒါ ရှိနေတယ်။ ကျုပ် ရင်ထဲက စကားကို ပြောရရင် ဒုတိယသခင်မလေးလို လှပတဲ့ မိန်းကလေးမျိုးကို လူတိုင်းက ကာကွယ်ပေးချင်ကြမှာပဲ၊ ဒါကြောင့် စိတ်ထိခိုက်စေမဲ့ စကားမျိုးကို ဘယ်သူမှ ပြောချင်မှာ မဟုတ်ဘူး၊ ကျုပ်လည်း အပါအဝင်ပေါ့။ ဒါပေမဲ့ ကျုပ် ငယ်ငယ်ကတည်းက အရမ်း ရိုးသားတယ်၊ ဒီပါးစပ်ကို မထိန်းနိုင်ဘူး။ တကယ် တောင်းပန်ပါတယ်။ ဒါဆို … အခု ယွီဟွာစံအိမ်ကို ထမင်း သွားစားကြမလား။”

ချူယိုယီက ခါးသီးစွာ ပြုံးလိုက်သည်။ “ထမင်းစားမယ် ဟုတ်လား။ ဘာစားရမှာလဲ။ ကျွန်မ မစားတော့ဘူး။ လူလိမ်တွေ … အားလုံးက လူလိမ်တွေချည်းပဲ။ ငယ်ငယ်ကတည်းက ကျွန်မကို အမှောင်ထဲမှာ ထားခဲ့ကြတာ … ဒီနေ့ ရှင်သာ မပြောပြရင် ကျွန်မ တစ်သက်လုံး ငတုံးဖြစ်နေတော့မှာ။ တောင်းပန်စရာ မလိုပါဘူး … ကျွန်မ ရှင့်ကို အထင်လွဲသွားတာပါ၊ ကျွန်မကသာ တောင်းပန်ရမှာပါ။”

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်၏။ “ဒုတိယသခင်မလေး … ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းပါးပါးတော့ စားသင့်ပါတယ်၊ ယန်ချွန်းခေါက်ဆွဲလေး စားလိုက်ပါ။”

ယန်ချွန်းခေါက်ဆွဲကို သူ စောစောတည်းက ကြည့်ထားပြီးပြီ ဖြစ်ကာ ဤနေရာမှာက မြို့တော်ထက် ပိုသက်သာပြီး သုံးပြားပဲ ကျကာ ဟင်းရည် ထပ်တောင်း၍လည်း ရသည်။

သူ့ဆီမှာ ကျန်နေသော ပိုက်ဆံလေးက ထိုအတွက် လုံလောက်၏။

ချူယိုယီက ခေါင်းခါ၍ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ကျွန်မ မစားတော့ဘူး၊ ဝိတ်ချတော့မယ်”

ဖန်ကျန်းရီက ဝိတ်ချ ပညာရှင်တစ်ယောက်လို ဟန်ဆောင်ကာ ပြောလိုက်၏။ “ဒုတိယသခင်မလေး … သခင်မလေး ကျုပ်ကို ယုံရင် ကျုပ်ပြောတာကို နားထောင်ပါ။ ဗိုက်မဝဘဲနဲ့ ဝိတ်ချလို့ မရဘူး။ ကျုပ်က လူတော်တော်များများကို ဝိတ်ကျအောင် ကူညီပေးဖူးတယ်၊ ဒီအပိုင်းမှာ အတွေ့အကြုံ ရှိတယ်။ သခင်မလေးသာ အစာငတ်ခံနေရင် တစ်နေ့နေ့ကျ မခံနိုင်တော့ဘဲ အလွန်အကျွံ စားမိလိမ့်မယ်၊ အဲဒီအခါကျရင် ပိုပြီးတောင် ဝလာအုံးမယ်။”

ဖန်ကျန်းရီ အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ပြောနေသည်ကို ကြည့်ရင်း ချူယိုယီ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ လင်းလက်လာကာ မေးလိုက်သည်။ “တကယ်ပဲလား”

“တကယ်ပေါ့။ သခင်မလေးရဲ့ ကိုယ်အလေးချိန်က မများဘဲနဲ့ ဝနေပုံ ပေါက်နေရင် ဝိတ်ချရတာ အလွယ်ဆုံးပဲ။ သခင်မလေး တစ်ပေါင် ကျသွားတာက တခြားသူတွေ ပေါင်အများကြီး ကျသွားတာနဲ့ အတူတူပဲ၊ ကျုပ်ကိုသာ ယုံပါ။ စားရင်းနဲ့ စကားပြောကြတာပေါ့။”

သူမကို အစာငတ်ခံခိုင်းလို့တော့ မဖြစ်ဘူးလေ။ ခန္ဓာကိုယ် တစ်ခုခု ဖြစ်သွားရင် အပြစ်ကြီးသွားလိမ့်မယ်၊ ပြီးတော့ ကြီးထွားဆဲ အရွယ်လေ။ ဖန်အစ်ကိုက ဘာပဲဖြစ်ဖြစ် အခြေခံ စည်းမျဉ်းရှိတဲ့ နိုင်ငံ့ဝန်ထမ်းပါ။

ဘေးနားမှာ အမှန်တရားကို ပြောရဲသူ၊ ရိုးသားတဲ့သူ တစ်ယောက် ပေါ်လာတာ ရှားရှားပါးပါးမို့ ချူယိုယီက သူ့ကို ပိုပြီး ယုံကြည်သွားသည်။ “ကောင်းပြီလေ၊ ကျွန်မ ရှင့်စကားကို နားထောင်ပါ့မယ်”

သူတို့နှစ်ယောက် ဆိုင်ရှေ့တွင် ထိုင်လိုက်ပြီး ဖန်ကျန်းရီက လက်ယပ်ခေါ်လိုက်၏။ “သူဌေး … ယန်ချွန်းခေါက်ဆွဲ နှစ်ပွဲ၊ ကြက်သွန်မြိတ် များများ၊ ဆီများများ။”

ချူယိုယီမှာ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေပြီး ဘာစားစား ဝလာတော့မည်ဟု ခံစားနေရသောကြောင့် မေးလိုက်သည်။ “ဆီစားရင် မဝဘူးလား”

“စိတ်မပူပါနဲ့၊ ကျုပ် သိပါတယ်။ ကျုပ် အစီအစဉ်အတိုင်းသာ လုပ်ပါ။”

“ကောင်းပါပြီ။”

ပူနွေးနေသော ယန်ချွန်းခေါက်ဆွဲ နှစ်ပွဲ ရောက်လာသောအခါ ချူယိုယီက ယန်ချွန်းခေါက်ဆွဲကို ကြည့်ရင်း မျက်နှာ ရှုံ့မဲ့သွား၏။

ဖန်ကျန်းရီက ကြည့်ရင်း အနည်းငယ် ရယ်ချင်သွားသည်။ ဇိမ်ကျကျ ကြီးပြင်းလာတဲ့ ဒီအလှလေးက ဒီလို ကြမ်းတမ်းတဲ့ အစားအစာတွေကို တကယ် မစားတတ်ဘူး ထင်တယ်။

ယန်ချွန်းခေါက်ဆွဲက ရုပ်မြင်သံကြားမှာ မကြာခဏ ပါလာတတ်သော နာမည်ကြီး အစားအစာ တစ်ခု ဖြစ်ပေမဲ့ တကယ်တမ်းကျတော့ စားလို့ မကောင်းပေ။ ရေနွေးနှင့် ပြုတ်ထားတဲ့ ခေါက်ဆွဲ ကဲ့သို့ပင်။

ခေတ်ဟောင်းနှင့် ခေတ်သစ်ကာလတို့၏ အကြားတွင် ကြီးမားလှသော ကွာဟချက်ကြီး ရှိနေသည်။ ခေတ်သစ်ကာလ၌ ပြင်ဆင်ချက်ပြုတ်ထားသော ခေါက်ဆွဲများတွင် ဝက်ဆီနှင့် ကြက်သားမှုန့်တို့ကို အလျှံပယ် ထည့်သွင်းထားတတ်သော်လည်း ယခုခေတ်အခါမှ ဆိုင်ရှင်များမှာမူ ဆားကိုပင် အလျဉ်းမထည့်ရက်ချေ။ ဆီဆိုလျှင်ကား ဆိုဖွယ်ရာပင် မရှိတော့ပေ။

သို့ဖြစ်ရာ ဆားအရသာ ခပ်ရွရွလေးကို ခံစားရုံမျှသာ ရှိသည်။ ဤသည်မှာ အောက်ခြေလူတန်းစားများ ဝမ်းစာဖူလုံစေရန်အလို့ငှာ စားသုံးကြရသော အစားအစာဖြစ်လေရာ သေချာပေါက် အရသာရှိလှမည်တော့ မဟုတ်ပေ။

ဖန်ကျန်းရီသည် ယခင်က ယန်ချွန်းခေါက်ဆွဲများကို အများအပြား စားသုံးဖူးသူ ဖြစ်သည့်အပြင် တစ်နံနက်ခင်းလုံး အချိန်ကုန်လွန်ထားခဲ့သဖြင့် ဗိုက်ဆာလောင်မွတ်သိပ်နေပြီဖြစ်ရာ ခေါင်းငုံ့ကာ လေဆင်နှာမောင်း ဝင်မွှေ့သည့်အလား အငမ်းမရ စားသောက်လိုက်တော့သည်။ မကြာမီမှာပင် ခေါက်ဆွဲများမှာ တစ်ဝက်ခန့် ကုန်စင်သွား၏။

ချူယိုယီကတော့ တစ်လုတ်မှ မစားသေးဘဲ ခေါင်းငုံ့ကာ ခေါက်ဆွဲပန်းကန်ကို သနားစရာကောင်းလောက်အောင် စိုက်ကြည့်နေသည်။

အပိုင်း (၅၀၄ - ခ) ဝိတ်ချခြင်းအနုပညာရှင် ဖန်ကျန်းရီ။

သူမ မလှုပ်မယှက် ဖြစ်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက အလျင်အမြန် တိုက်တွန်းလိုက်၏။ “စားလေ။ ခေါက်ဆွဲတွေ ပွကုန်ပြီ၊ ယန်ချွန်းခေါက်ဆွဲ စားတာက ဝိတ်ကျတယ်လေ။”

ခေါက်ဆွဲစားလျှင် ဝိတ်ကျသည်ဟု ကြားတော့မှ ချူယိုယီက မလွှဲသာမရှောင်သာ တူကို ကိုင်ကာ ခေါက်ဆွဲ တစ်ချောင်းချင်းစီ ကောက်စားနေတော့သည်။

ဖန်ကျန်းရီက စားရင်းနှင့် မျှော်လင့်ချက်တွေ ပေးနေရာ ချူယိုယီမှာ အလှဆုံး မိန်းမ ဖြစ်လာမည့် အကြောင်း တွေးတောရင်း ပြုံးနေမိ၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ “တကယ်တော့ သခင်မလေး တကယ် စိတ်ပူစရာ မလိုပါဘူး။ ကျုပ်အကူအညီသာ ပါရင် ရက်အနည်းငယ်အတွင်းမှာ ဝိတ်ကျသွားမှာ သေချာတယ်။ အဲဒီအခါကျရင် သခင်မလေးက အကြီးဆုံးသခင်မလေးကို ကျော်တက်ပြီး တစ်မြို့လုံးမှာ အလှဆုံး မိန်းမ ဖြစ်လာမှာ။”

ထို့နောက် ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတင်း၊ ဗီတာမင်၊ မြေထဲပင်လယ် အစားအသောက်၊ အင်ဆူလင်၊ မျှတသော အစားအသောက် ပိရမစ်ပုံစံ ဇယား စသည်ဖြင့် အရှေ့တိုင်းရော အနောက်တိုင်းပါ ပေါင်းစပ်ပြီး ခေါင်းထဲမှာ ရှိသမျှ အကုန် ပြောပြလိုက်၏။

ချူယိုယီ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပလာသည်။

သူ ပြောနေတာတွေကို လုံးဝ နားမလည်ပေမဲ့ နားထောင်ကောင်းတယ်။

သူက ဝိတ်ချတဲ့ ကိစ္စကို တကယ်ပဲ နက်နက်ရှိုင်းရှိုင်း လေ့လာထားပုံ ရတယ်။ သေချာပေါက် ဒီလိုပဲ ဖြစ်ရမယ်။ တကယ်ကို ကျွမ်းကျင်တာပဲ။ တကယ့်ကို ဆရာကြီးပဲ။

ယုံကြည်မှုများ အတိုင်းအဆမရှိ တိုးပွားလာ၏။

ဖန်ကျန်းရီက စားရင်းပြောရင်းဖြင့် ခေါက်ဆွဲ ကုန်သွားသည်။ ပါးစပ်ကို သုတ်ပြီး ရည်ရွယ်ချက် ရှိရှိဖြင့် မေးလိုက်သည်။ “ဒါနဲ့ သခင်မလေးမှာ အရမ်းစားချင်ပေမဲ့ အကြီးဆုံးသခင်မလေးက မစားခိုင်းလို့ မစားရတဲ့ အစားအစာတွေ ရှိလား။”

ချူယိုယီက ပြန်ဖြေ၏။ “ရှိတယ်။ အစ်မက ကျွန်မကို မုန့်တွေ လျှော့စားခိုင်းတယ်။ အများကြီးစားရင် ခန္ဓာကိုယ် အတွက် မကောင်းဘူးတဲ့။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း စားဖြစ်တယ်။ ကျွန်မက မုန့်တွေကို အရမ်းကြိုက်တာ။”

“အင်းအင်း … မဆိုးဘူး၊ အကြီးဆုံးသခင်မလေး ပြောတာ မှန်တယ်။ သခင်မလေး … နောက်ဆိုရင် မုန့်တွေ စားလို့ မရတော့ဘူးနော်၊ ဝတတ်တယ်။”

ချူယိုယီက ခေါက်ဆွဲပန်းကန်ကို တွန်းဖယ်လိုက်ပြီး ရွံရှာသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဒါဆို ကျွန်မ နောက်ဆိုရင် မုန့် မစားတော့ဘူး။ ကျွန်မ ဗိုက်ဝသွားပြီ၊ ဒီခေါက်ဆွဲကိုလည်း မစားချင်တော့ဘူး။”

ဖန်ကျန်းရီက သူမ၏ ခေါက်ဆွဲပန်းကန်ကို ကြည့်လိုက်ရာ သုံးပုံတစ်ပုံခန့်သာ လျော့သွားသည်ကို တွေ့ရသဖြင့် အလွန်အမင်း နေရခက်သွားမိ၏။

ဤသည်ကား သူ၏ စွဲကပ်နေသော ရောဂါဟောင်းတစ်ခုပင် ဖြစ်သည်။ မိမိ၏ မျက်မှောက်တွင် စားကြွင်းစားကျန်များ ရှိနေသည်ကို သူ အလျဉ်း ကြည့်မရက်နိုင်ပေ။ ဤအကျင့်မှာ နောင်တစ်ချိန် ကြွယ်ဝချမ်းသာလာသည့်တိုင်အောင် ပျောက်ကင်းသွားခဲ့ခြင်း မရှိချေ။ အိမ်၌ဆိုလျှင်လည်း အမြဲတစေ ကျန်းပြောင်ကသာ ပြောင်စင်အောင် ရှင်းလင်းပေးလေ့ရှိသည်။

ယခုမူ မျက်မှောက်တွင် ခေါက်ဆွဲများ တစ်ပန်းကန်လုံး ကျန်ရစ်နေလေရာ ဖန်ကျန်းရီမှာ ကိုယ်ပေါ်၌ ပုရွက်ဆိတ်များ တွားသွားနေသည့်အလား ဂနာမငြိမ် ခံစားနေရ၏။

ခဏလောက် စဉ်းစားပြီးနောက် နောက်ဆုံးတွင်တော့ ချူယိုယီ၏ ခေါက်ဆွဲကို ညွှန်ပြကာ ပြောလိုက်သည်။ “ဒီခေါက်ဆွဲ မစားတော့ဘူးဆိုရင် ကျုပ်ကို ပေး”

ချူယိုယီ၏ မျက်နှာ ချက်ချင်း နီမြန်းသွားကာ ပြောလိုက်၏။ “အာ … အင်း … ဒါဆိုလည်း ရှင် ယူလိုက်လေ၊ ရှင် ဗိုက်မဝသေးဘူးလား”

ဖန်ကျန်းရီက ဘာမှမပြောဘဲ သူမ၏ ပန်းကန်ကို ယူကာ အကြိမ်ဆယ်ဂဏန်းလောက် အငမ်းမရ စားလိုက်ရာ ကျန်နေသော ခေါက်ဆွဲများ အကုန် ကုန်သွားပြီး ဗိုက်က အနည်းငယ် တင်းကျပ်လာသည်။

ချူယိုယီက မျက်နှာနီနီဖြင့် သူ့ကို ကြည့်နေပြီး ရင်ထဲတွင် အနည်းငယ် ထူးဆန်းသလို ခံစားနေရ၏။

ကိုယ့်ရဲ့ ခေါက်ခွဲကျန်ကို မျက်စိရှေ့မှာတင် စားသွားတယ် … ဒါက ဘယ်လို ကိစ္စမျိုးလဲ …

ဖန်ကျန်းရီက ပါးစပ်ကို သုတ်ကာ ဆက်ပြောလိုက်သည်။ “လေ့ကျင့်ခန်း လုပ်တာအပြင် ဝိတ်ချဖို့ အရေးအကြီးဆုံး အချက်က စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုပဲ။ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု မပါရင် လုံးဝ အောင်မြင်မှာ မဟုတ်ဘူး။”

ချူယိုယီက သူ့ကို စူးစိုက်ကြည့်ရင်း မေးလိုက်၏။ “ဘာ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုလဲ”

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်ကာ ပြောလိုက်သည်။ “အရမ်း လွယ်ပါတယ်။ အဲဒါကတော့ သခင်မလေး ဝိတ်ချနေတယ် ဆိုတာကို တခြားလူတွေကို လုံးဝ မပြောပြဖို့ပါပဲ။ ကိစ္စတစ်ခုက လျှို့ဝှက်ထားမှ အောင်မြင်တာ၊ ပြောလိုက်ရင် ပျက်စီးသွားတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

ဒုတိယသခင်မလေး … သခင်မလေး ဝိတ်ချတာ အရမ်း မြန်မှာ သေချာတယ်။ ဆယ်ရက်လောက်နဲ့ အောင်မြင် သွားနိုင်တယ်။ ကျုပ်တို့ တိတ်တိတ်လေး ပိန်သွားအောင် လုပ်မယ်။ ပြီးတော့ လူတိုင်းကို အံ့သြသွားအောင် လုပ်ပစ်မယ်။”

ချူယိုယီက စိတ်လှုပ်ရှားစွာ လက်သီးဆုပ်လိုက်ပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ပြီးနောက် ပြောလိုက်၏။ “ကောင်းလိုက်တဲ့ စကားပဲ။ ကျွန်မ တိတ်တိတ်လေး ပိန်သွားအောင် လုပ်မယ်။ ပြီးတော့ လူတိုင်းကို အံ့သြသွားအောင် လုပ်ပစ်မယ်။”

ညဘက် …. ချူချင်ဟန်၏ စာကြည့်ခန်းအတွင်း၌။

ချူယိုယီက ချူချင်ဟန်၏ အရှေ့တွင် နုံးခွေစွာ ရပ်နေရာ ချူချင်ဟန်က မနေနိုင်ဘဲ ရယ်မောလိုက်ကာ မေးလိုက်သည်။ “ဘာလဲ၊ စာသင်ကျောင်းကို ပထမဆုံးရက် သွားတာနဲ့ ဒီလောက်တောင် ပင်ပန်းနေပြီလား။ ဒီနေ့ စာသင်တာ ဘယ်လိုနေလဲ။ အရက်ကို ဆရာကြီးရှန်ဆီ ပေးခဲ့ပြီလား။”

ချူယိုယီက ခြေဖျားကို စိုက်ကြည့်ကာ တိုးတိုးလေး ဖြေလိုက်၏။ “အဆင်ပြေပါတယ်၊ အရက်လည်း ပေးခဲ့ပြီးပြီ။”

“ဒီနေ့ည ဘာလို့ ထမင်းမစားတာလဲ၊ နေ့လယ်က ယွီဟွာစံအိမ်မှာ စားခဲ့တာလေ၊ အများကြီး စားမိသွားလို့လား။”

“အင်း … ညီမလေး မဆာဘူး၊ စားမဝင်လို့ပါ။”

“ဒါဆို ဖန်ထန်ကျင့်က ဘယ်လိုနေလဲ။ သူ ပြဿနာ မရှာဘူး မဟုတ်လား၊ နင့်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်တာမျိုး မရှိဘူး မဟုတ်လား။”

ချူယိုယီက အနည်းငယ် စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။ “အာ … သူ အဆင်ပြေပါတယ်။ အစ်မက ဘာလို့ မေးခွန်းတွေ ဒီလောက် များနေရတာလဲ။”

ချူချင်ဟန်က သက်ပြင်းချကာ ပြောလိုက်၏။ “ယိုယီ … အဖေက အခု ကျန်းမာရေး မကောင်းဘူး၊ အစ်ကိုကြီး ကလည်း အဲဒီလို ဖြစ်နေတယ်။ ကိစ္စတွေကို အမေကလည်း နားမလည်ဘူးဆိုတော့ ငါက နင့်ကို ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ။

အခု အိမ်က စီးပွားရေး ကိစ္စတွေ အကုန်လုံးကို ငါပဲ တာဝန်ယူနေရတာ၊ ရမ်း ပင်ပန်းနေပြီ။ နင့်ကို စာများများ ဖတ်စေချင်တာ၊ အကြောင်းအကျိုး နားလည်ပြီး နောင်ကျရင် ငါ့ကို ကူညီပေးနိုင်အောင်လို့ပါ။ မဟုတ်ရင် ငါတို့ ချူအိမ်တော်က ဘယ်လို ဆက်လက် ရပ်တည်သွားမှာလဲ။ ငါ့ကို စိတ်ညစ်အောင် လုပ်တယ်လို့ မထင်နဲ့၊ ငါလည်း နင့်ကို မပြောချင်ပါဘူး၊ နင် ပင်ပန်းနေရင်လည်း ပြန်သွားနားလိုက်တော့။”

ချူယိုယီက ခေါင်းငိုက်စိုက်ကျသွားပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။ “အစ်မ … ယောက်ျားတစ်ယောက်က တစ်လအတွင်းမှာ ပြည့်တန်ဆာအိမ်ကို … အကြိမ် နှစ်ဆယ် သွားနိုင်လား။”

ချူချင်ဟန်၏ မျက်နှာထား ချက်ချင်း တင်းမာသွားကာ ပြန်မေးလိုက်၏။ “ဘာ … နင် ဘာတွေ လျှောက်ပြောနေတာလဲ”

“အာ … ဘာမှမဟုတ်ပါဘူး၊ ကျောင်းက သူငယ်ချင်းတွေ စကားပြောနေတာ ကြားလို့ စပ်စုချင်လို့ပါ။”

ချူချင်ဟန် စိတ်သက်သာရာ ရသွားပြီး မတတ်သာဘဲ ခေါင်းခါလိုက်ကာ ဆိုသည်။ “ဒီလို အဓိပ္ပာယ်မရှိတာတွေကို လိုက်မမေးပါနဲ့၊ စာသင်တာကိုပဲ အာရုံစိုက်”

ချူယိုယီက ခေါင်းညိတ်ပြပြီး စိုးရိမ်ပူပန်စွာဖြင့် အခန်းထဲမှ ထွက်သွားရင်း ပြောလိုက်သည်။ “ဪ … ဒါဆို ညီမလေး သွားတော့မယ်”

အပြင်သို့ ရောက်သည်နှင့် ချူချင်ဟန်က ဘေးရှိ အစေခံမလေးကို ချက်ချင်း အမိန့်ပေးလိုက်၏။ “ဖန်ထန်ကျင့်ကို ခေါ်လိုက်”

သိပ်မကြာခင်မှာပဲ ဖန်ကျန်းရီက အပြာရောင်အင်္ကျီနှင့် ဦးထုပ်ငယ်ကို ဝတ်ဆင်ကာ ချူချင်ဟန်၏ စာကြည့်ခန်းသို့ ရောက်လာသည်။ “အကြီးဆုံးသခင်မလေး၊ ကျုပ်ကို ခေါ်တာ အကြောင်းရှိလို့လား”

“အင်း … ဒီနေ့ ဒုတိယသခင်မလေး စာသင်ကျောင်းမှာ အခြေအနေ ဘယ်လိုရှိလဲ။ နေ့လယ်က ယွီဟွာစံအိမ်ကို သွားတာ ငွေဘယ်လောက် ကုန်လဲ။”

ဖန်ကျန်းရီ၏ မျက်နှာတွင် အလွန် နေရခက်နေသည့် အမူအရာ ပေါ်နေသည်။ သို့နှင့် ဖြေလိုက်၏။ “သူ့အခြေအနေ အရမ်းကောင်းပါတယ်။ ကြည့်ရတာ ပင်ပန်းနေပုံရတယ် … ဒါပေမဲ့ ယွီဟွာစံအိမ်ကို သွားတာတော့ ငွေတွေ အကုန် ကုန်သွားတယ်”

ချူချင်ဟန်က မျက်ခုံးပင့်လိုက်ကာ ပြောလိုက်သည်။ “ဟင်း … ယိုယီက ယွီဟွာစံအိမ်ကို သွားရင် အမြဲတမ်း ငွေတစ်တေလ်းကျော်ပဲ ကုန်တာ၊ သေချာပေါက် ကျန်ရမယ်။ ကျန်တဲ့ပိုက်ဆံတွေ ဘယ်မှာ သုံးလိုက်တာလဲ။”

ဖန်ကျန်းရီ၏ မျက်နှာတွင် ထိတ်လန့်မှု အနည်းငယ် ထပ်တိုးလာပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။ “ဒီ … အကြီးဆုံးသခင်မလေး … ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ဒုတိယသခင်မလေးက … သူက မုန့်တွေ အများကြီး ဝယ်စားသွားတာ၊ အကြီးဆုံးသခင်မလေးကို မပြောခိုင်းဘူး။”

ချူချင်ဟန်၏ မျက်နှာ အနည်းငယ် ပျက်ရွင်းသွားသော်လည်း ပြောလိုက်သည်။ “ဒီလိုကိုး … ဒါဆိုရင်တော့ ဟုတ်ပြီ။ ဒါကြောင့် သူ ညဘက် ထမင်းမစားတာကိုး။ မင်း အလုပ်လုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို နောက်နောင် သူ့ကိုယ်စား ဖုံးကွယ်မပေးနဲ့၊ ထူးခြားတဲ့ အခြေအနေ ရှိရင် ဒီကို အရင်ဆုံး ပြန်လာပြောရမယ်။”

ဖန်ကျန်းရီက ပါးစပ်မှ သဘောတူလိုက်ပြီး ရုတ်တရက် စိတ်ကူးတစ်ခု ရလာသလို ပြောလိုက်သည်။ “တကယ်ပဲ ထူးခြားတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ဒုတိယသခင်မလေးက သခင်လေးတစ်ယောက်ကို စိတ်ဝင်စားနေပုံရတယ်၊ အကြီးဆုံးသခင်မလေး သတိထားတာ ပိုကောင်းမယ် ထင်တယ်။ သူ့နာမည်က လုရှို့ဝမ်တဲ့။”

ဖန်ကျန်းရီက ပြောပြီးနောက် ချူချင်ဟန်ကို မော့ကြည့်ကာ သူမ မပျော်မရွှင် ဖြစ်သွားမည်ဟု ထင်ခဲ့သော်လည်း အံ့သြစရာကောင်းစွာပင် ဝမ်းသာသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသည်ကို မြင်လိုက်ရ၏။

ချူချင်ဟန်က ပြုံးလျက် ပြောလိုက်သည်။ “သခင်လေးလုကို ငါ သိပါတယ်။ မျိုးရိုးကောင်းပြီး အကျင့်စာရိတ္တရော ပညာရော ပြည့်စုံတဲ့သူပါ။ ဒီကိစ္စကို မင်း ဝင်ပါစရာ မလိုပါဘူး၊ ယိုယီရဲ့ နေထိုင်မှုနဲ့ စာသင်ကြားမှုကိုပဲ သေချာ ဂရုစိုက်ပေးပါ။ ဒီမှာ ငွေနှစ်တေလ်း … မနက်ဖြန် သူ့ကို မုန့်ထပ်ဝယ်မကျွေးနဲ့တော့၊ မှတ်ထား။

အဲဒီလုရှို့ဝမ်ကလည်း ကိုက်ညီတဲ့ အိမ်ထောင်ဖက်တစ်ယောက်ပါပဲ။ သူနဲ့ ယိုယီကလည်း အကြိမ်ကြိမ် တွေ့ဖူးတယ်။ တကယ်လို့ သူတို့နှစ်ယောက်သာ အဆင်ပြေသွားရင် ဒါက မထင်မှတ်ထားတဲ့ ဝမ်းသာစရာ ကိစ္စတစ်ခုပဲ။”

ဖန်ကျန်းရီက နှုတ်ခမ်းမဲ့လိုက်သည်။

မှတ်ထားပါတယ်၊ သူ မုန့်စားလို့ မရတော့ဘူး။ အဲဒီမုန့်တွေ ဝယ်လာရင် ကျုပ်ပဲ စားရမှာပေါ့။

ဒီညီအစ်မနှစ်ယောက်က မျက်စိကန်းတာ မျိုးရိုးလိုက်တာလား။ လုရှို့ဝမ်ဆိုတဲ့ ကောင်က ဘယ်နေရာမှာ အကျင့်စာရိတ္တနဲ့ ပညာ ပြည့်စုံလို့လဲ။ အကုန်လုံးက ဟန်ဆောင်ထားတာချည်းပဲ။

တကယ်လို့သာ သူတို့ ပေါင်းမိသွားရင် ချူယိုယီလို ဉာဏ်ရည်မျိုးနဲ့ အသေအချာကို အလိမ်ခံရမှာပဲ။

ဒါပေမဲ့ ကံကောင်းတာက ပိုက်ဆံ အလွဲသုံးစားလုပ်တဲ့ ကိစ္စကတော့ ဖုံးကွယ်နိုင်သွားပြီ။ တခြားကိစ္စတွေကိုတော့ လွှတ်ထားလိုက်တော့မယ်၊ ကူညီပေးနိုင်ရင်လည်း ကူညီပေးလိုက်တာပေါ့။

ဖန်ကျန်းရီက ပြောလိုက်သည်။ “ကောင်းပါပြီ၊ အကြီးဆုံးသခင်မလေး စိတ်ချပါ၊ ကျုပ် ဒုတိယသခင်မလေးကို သေချာ စီစဉ်ပေးပါ့မယ်”

နောက်တစ်နေ့ မနက်စောစော၊ ဖန်ကျန်းရီက ချူအိမ်တော် တံခါးဝတွင် ရပ်ကာ နံနက်ခင်း နေရောင်ခြည်ကို မျက်လုံးမှေးကြည့်ရင်း အတွေးများ လွင့်မျောနေ၏။

သာယာတဲ့ နေ့တစ်နေ့ပဲ၊ စာသင်ကျောင်းသွားမယ်၊ အရင်ဆုံး အစေခံတွေဆီက သင်တန်းကြေး ကောက်မယ်၊ ပြီးရင် မြို့ထဲမှာ အမှတ်အသားတွေ ဆက်ရေးမယ်။ နေ့လယ်ကျရင် ချူယိုယီကို ယန်ချွန်းခေါက်ဆွဲ သွားကျွေးရအုံးမယ် … အင်း … ဒီမိန်းကလေးအပေါ် သူ အရမ်း လွန်သွားပြီလား။

သူက သန့်စင်တဲ့ မိန်းမချောလေးပဲလေ။

မကောင်းဆိုးဝါးလို ဖြစ်နေတဲ့ သူ … ဖန်ကျန်းရီတောင် အားနာသလိုဖြစ်နေတယ်။

တွေးနေစဉ်မှာပင် ချူယိုယီက အိမ်မကြီး တံခါးမှ ထွက်လာပြီး ဖန်ကျန်းရီကို မြင်သည်နှင့် ခေါ်လိုက်သည်။ “ဖန်ထန်ကျင့် … သွားကြရအောင်”

“ဒုတိယသခင်မလေး … မနက်စာ စားခဲ့ပြီလား။”

ချူယိုယီက တိုးတိုးလေး ဖြေလိုက်၏။ “ကျွန်မ မစားခဲ့ဘူး … ဘယ်စားရဲပါ့မလဲ။ နေ့လယ်ကျရင် ယန်ချွန်း ခေါက်ဆွဲ နည်းနည်း စားလိုက်ရင် ရပါပြီ။”

ဖန်ကျန်းရီက သူမကို ခေါ်ကာ ရှေ့ဆက် လျှောက်သွားပြီး ချူအိမ်တော်၏ နယ်နိမိတ်မှ တဖြည်းဖြည်း ဝေးကွာသွားတော့ ပြောလိုက်သည်။ “ဒုတိယသခင်မလေး မကြောက်ပါနဲ့၊ ကျုပ်ဆီမှာ ဝိတ်ကျတာ မြန်စေမယ့် နည်းလမ်း ရှိသေးတယ်။”

“ဘာနည်းလမ်းလဲ၊ မြန်မြန် ပြောလေ။ လမ်းလျှောက်တာချည်းပဲ လုပ်လို့ မရဘူးလား။”

“လေ့ကျင့်ခန်း လုပ်ရမယ်လေ။ အလေးအပင် သယ်ပြီး လေ့ကျင့်ရင် ဝိတ်ကျတာ ပိုမြန်တယ်။ လာ … သခင်မလေး ရဲ့ စာအုပ်သေတ္တာကို သခင်မလေးဘာသာ အရင်သယ်လိုက်။”

All Chapters