← Chapters

အခန်း ၇၀၈

Vol. 38 Ch. 708

အခန်း ၇၀၈

Vol. 38 Ch. 708

အပိုင်း (၇၀၈) နိုင်ငံခြားသားများ၏ အစီအစဉ်။

ခွေးမသား နိုင်ငံခြားသားတွေ …. ဘဝက သာယာနေပါလား။ ငါတို့တာ့ကျင်းရဲ့ နိုင်ငံသားအဖြစ် ခံယူခွင့်ဆိုတာ အဲဒီလောက် ရဖို့လွယ်နေလို့လား။

သို့ပေမည့် သူတို့ ဤသို့တွေးနေခြင်းမှာလည်း အလုံးစုံ ဆိုးရွားနေသည်တော့ မဟုတ်ပေ။ နောက်ပိုင်း လေ့ကျင့်ရေးပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာနိုင်သည်။

ဖန်ကျန်းရီသည် အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။ "ဟေ့ ... မင်းတို့ ဒီမှာနေချင်လို့တော့ မရဘူး။ ကျင်းယီဝေမှာ အလုပ်တစ်ခု ပေးထားတာက နိုင်ငံတကာ မိတ်ဆွေတွေဖြစ်နေလို့ ကြည့်ထောက်ထားပြီး ထမင်းစားပေါက်လေး လုပ်ပေးထားတာ။ ကျုပ်တို့တာ့ကျင်းက သင်္ဘောအုပ်စုတွေ ပင်လယ်ထွက်တဲ့အခါကျရင် မင်းတို့လည်း အိမ်ပြန်ရမှာပဲ။"

တာ့ကျွမ်းက တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။ "အိမ်မှာက နေရထိုင်ရတာ သိပ်အဆင်မပြေဘူး။ ဒီမှာပဲ နေတာ ပိုကောင်းတယ်။ သခင်လေး ... ကျုပ်တို့ ဒီမှာပဲ ကျင်းယီဝေအဖြစ် ဆက်နေလို့ မရဘူးလား။"

"မင်းတို့ရဲ့ ဘာသာတရား ယုံကြည်မှုကကော။"

"ပင်လယ်ထဲမှာ လွှင့်ပစ်ခဲ့ပြီ။"

"..."

တကယ့်ကို ရိုးသားတဲ့လူတွေပါလား။ ဖန်ကျန်းရီသည် ခေါင်းမော့ကာ သက်ပြင်းချလိုက်မိ၏။

"မင်းတို့လေးယောက်စလုံး တကယ် အိမ်မပြန်ချင်တော့ဘူး ဟုတ်လား။"

လေးဦးသား ပြိုင်တူ ခေါင်းညိတ်လိုက်ကြသောအခါ ဖန်ကျန်းရီက ကျေနပ်စွာဖြင့် ပြောလိုက်သည်။ "ကောင်းပြီ ... မင်းတို့က တကယ်ကို နေချင်တယ်ဆိုတော့ ကျုပ်က သနားညှာတာတဲ့အနေနဲ့ တစ်ခါလောက်တော့ အခွင့်အရေးပေးလိုက်မယ်။ ဒါပေမဲ့ ကျင်းယီဝေလုပ်ရတာ အဲဒီလောက် မလွယ်ဘူးနော်။ နောက်ဆိုရင် ရုံးတော်က အရှေ့သွားဆို အရှေ့သွားရမယ်။ အနောက်ကို သွားလို့မရဘူး။ နားလည်လား။"

"နားလည်ပါတယ်။"

"ကောင်းပြီ။ ကျုပ် အမှန်အတိုင်းပဲ ပြောလိုက်တော့မယ်။ ကျုပ်တို့ တာ့ကျင်းရဲ့ သင်္ဘောအုပ်စုတွေက နောက်ထပ် နှစ်လလောက်နေရင် ပင်လယ်ထွက်တော့မယ်။ အနောက်တိုင်းနိုင်ငံတွေကို သွားပြီး ချစ်ကြည်ရေး တည်ဆောက်ဖို့ပါပဲ။ အဲဒီတော့ လမ်းပြအချို့ လိုအပ်နေတယ်။ အဲဒီအတွက် မင်းတို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မဖြစ်မနေ တစ်ခေါက်တော့ ပြန်လိုက်သွားရမယ်။

ဒါပေမဲ့ မင်းတို့အားလုံး ဒီမှာနေချင်ကြတယ်ဆိုတော့ ကျုပ်က လူနှစ်ယောက်ကိုပဲ ရွေးပြီး ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်နှစ်ယောက်ကို ရွေးမလဲဆိုတာကတော့ မြို့တော်ထဲမှာ မင်းတို့ရဲ့ အပြုအမူတွေအပေါ် မူတည်တယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဘာသာပြန်ဌာနမှာနေပြီး မင်းတို့နိုင်ငံရဲ့ စကားတွေကို သင်ပေးရမယ်။ သဘောတူလား။"

နိုင်ငံခြားသားလေးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် မီးတောက်များ တောက်ပလာကြ၏။

ပြန်သွားရဦးမယ် ဟုတ်လား။

သင်္ဘောကို သူတို့ ထပ်မစီးချင်တော့ပေ။ တာ့ကျင်းမှ ဖေးခါသို့ ဘယ်လိုသွားရမည်၊ ဘယ်လောက်ဝေးသည်ကိုလည်း သူတို့မသိကြချေ။

လမ်းခုလတ်တွင် ပင်လယ်ပြင် မုန်တိုင်းနှင့် ထပ်မံကြုံတွေ့ရမည်ဆိုလျှင် သေချာပေါက် သေဆုံးရပေမည်။

ထို့အပြင် ဤကာလအတွင်း စကားများကို အတင်းအကျပ် သင်ယူရသဖြင့် အလွန်ဆင်းရဲဒုက္ခရောက်ခဲ့ရပြီး ညဘက်များတွင်လည်း စစ်တပ်ဟင်းကိုသာ စားခဲ့ရသည်။

သို့ပေမည့် အခြားသော နေထိုင်မှုဘဝများမှာမူ အလွန်ကောင်းမွန်သည်ဟု ဆိုရပေမည်။

မြို့တော်၏ ခမ်းနားထည်ဝါပြီး ထူးခြားဆန်းပြားသော အဆောက်အအုံများက သူတို့၏ မျက်စိများကို ပြာဝေသွားစေခဲ့၏။

သန့်ရှင်းသပ်ရပ်သော လမ်းမများသည် ဇာတိမြေမှ အနံ့အသက်ဆိုးများ ထွက်ပေါ်နေပြီး ညစ်ညမ်းနေသော လမ်းများနှင့် မတူညီပေ။

အကယ်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့မည်ဆိုလျှင်ပင် ရွှံ့ဗွက်များကို နင်းမိမည်မဟုတ်ချေ။

မြို့တော်အတွင်းရှိ အစားအသောက်များကလည်း အလွန်ဆွဲဆောင်မှုရှိလှသည်။ ကျင်းယီဝေတွင် စားသောက်ရသည်မှာ မကောင်းသော်လည်း အပြင်ထွက်၍ အလုပ်လုပ်ရာတွင် လမ်းဘေးစားသောက်ဆိုင်များ၌ စားသောက်ရသည်က ပိုမိုကောင်းမွန်ပြီး အလုပ်ရှင်က ကျွေးမွေးသော ထမင်းမှာလည်း အလွန်အရသာရှိသည်။

အရာရှိများမှာလည်း လာဘ်စားမှုကင်းရှင်းပြီး ဖေးခါရှိ နယ်မြေအရှင်သခင်များကဲ့သို့ မာနထောင်လွှားမှု မရှိကြပေ။ ကျင်းယီဝေများနှင့် တွေ့ဆုံရပါက ပို၍ပင် ရင်းနှီးဖော်ရွေသေး၏။

အရေးအကြီးဆုံးမှာ ဤနေရာရှိ မိန်းမများက မိမိဇာတိမြေမှ မိန်းမများထက် ပို၍မွှေးကြိုင်နေခြင်းပင်။ အဘယ့်ကြောင့် အိမ်ပြန်ရဦးမည်နည်း။

ဘက်စုံထောင့်စုံမှ ကြည့်မည်ဆိုလျှင် ဇာတိမြေထက် သာလွန်နေသဖြင့် ဤနေရာတွင် အခြေချနေထိုင်ရသည်က မကောင်းပေဘူးလား။ အဘယ့်ကြောင့် မိမိကိုယ်ကို ဒုက္ခရှာရမည်နည်း။

ဘာသာတရား ယုံကြည်မှုနှင့် ပတ်သက်၍မူ … ချီးကိုသာ သွားယုံလိုက်တော့။ ပင်လယ်ပြင်တွင် လည်ချောင်းကွဲမတတ် အော်ဟစ်ခဲ့သော်လည်း မည်သူကမျှ လာရောက်ကယ်တင်ခဲ့ခြင်း မရှိချေ။

တာ့ကျင်းလူမျိုးများတွင် ဘာသာတရား ယုံကြည်မှု မရှိသော်လည်း သူတို့ထက်ပင် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ကြသည် မဟုတ်ပါလား။ ထို့ကြောင့် အားလုံးမှာ အတုအယောင်များသာဖြစ်ပြီး လိမ်လည် လှည့်ဖြားမှုများသာ ဖြစ်ကြောင်း သိသာထင်ရှားနေသည်။

အကယ်၍ အမှန်တကယ် မှန်ကန်နေခဲ့မည်ဆိုလျှင်တောင်မှ တာ့ကျင်းသည် နတ်ဘုရားများ စောင့်ရှောက်ထားသည့် နေရာဖြစ်ကြောင်း သက်သေပြနေ၏။

တစ်ခဏအတွင်းမှာပင် ထိုလေးဦးသည် နိုင်ငံရပ်ခြားမှ သူငယ်ချင်းများအဖြစ်မှ ပြိုင်ဘက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

တာ့ကျင်းတွင် ဆက်လက်နေထိုင်ခွင့်ရရန် မဖြစ်မနေ ကြိုးပမ်းသွားမည်ဟု အားလုံးက စိတ်ထဲမှ ကျိန်ဆိုလိုက်ကြ၏။

လေထုမှာ တစ်ခဏမျှ အနည်းငယ် ထူးဆန်းသွားသည်။

ရှောင်ရွှိုက်၏ တုံ့ပြန်မှုက အမြန်ဆန်ဆုံးဖြစ်ပြီး သူက ဦးစွာ စကားစပြောလိုက်၏။ "သခင်လေး ... တာ့ကျင်းက အရပ်သားတွေက ကျုပ်ကို လိုအပ်နေတယ်။ သူတို့ပစ္စည်းပျောက်ရင် ကျုပ်မပါဘဲ ပြန်ရှာတွေ့မှာ မဟုတ်ဘူး။"

ချီးတဲ့မှ ..။

ဖန်ကျန်းရီ၏ မျက်လုံးထဲတွင် ရွံရှာမှုတစ်ချက် ဖြတ်ပြေးသွား၏။

ဒီကောင်လေးပဲ။ ဒီလောက်တောင် တက်တက်ကြွကြွ ဖြစ်နေတာ၊ အချိန်ကျရင် သူ့ကို အရင်ဆုံး ပြန်ပို့ပေးရမယ်။

ရင်ထဲတွင် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း ဖန်ကျန်းရီသည် ပြုံးလျက် ပြောလိုက်သည်။ "ဪ ... မင်းက တော်တော်လေး တော်တာပဲ။

ဒါပေမဲ့ မင်းတို့တွေလည်း မကြာသေးခင်က ပင်ပန်းထားကြတော့ လောလောဆယ် မင်းတို့ကို ခိုင်းစရာ အထူးတာဝန် မရှိသေးဘူး။

မင်းတို့ လုပ်ရမယ့် တစ်ခုတည်းသောအရာကတော့ မြို့တော်ထဲမှာ ကိုယ့်ဘဝကို ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်ဖို့ပဲ။ မင်းတို့ အရင်က ပေးထားတဲ့ ငွေတွေကို ကျုပ်က ပြန်ပေးမယ်။ ပြီးတော့ သုံးနှစ်စာ လစာကိုလည်း ကြိုထုတ်ပေးမယ်။

ဒီငွေတွေကို ယူပြီး မင်းတို့ သုံးချင်သလို သုံးလို့ရတယ်။ နေချင်သလို နေလို့ရတယ်။ ဒါပေမဲ့ နေ့တိုင်း အနီးစပ်ဆုံး ကင်းစခန်းကိုတော့ သွားပြီး သတင်းပို့ဖို့ မမေ့နဲ့။ ပင်လယ်ထွက်မယ့်အချိန်ကျရင် ကျုပ် မင်းတို့ကို အကြောင်းကြားမယ်။"

ဒီလောက်တောင် ကောင်းတာလား။ လေးဦးသား၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြ၏။

"ဒါပေမဲ့ တစ်ခုတော့ အရင်ကြိုပြောထားမယ်။ မကောင်းမှုတစ်ခုခု လုပ်တာတွေ့ရင်တော့ ကျုပ် လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒီနေ့တော့ ဒီလောက်ပဲ။ မင်းတို့ အိမ်ပြန်ကြတော့။"

ဖန်ကျန်းရီ၏ အမိန့်ပေးသံ ထွက်ပေါ်လာပြီးနောက် လေးဦးသားသည် ဝမ်းသာအားရဖြင့် ကျန်းဖူစီဌာနမှ ထွက်ခွာသွားကြသည်။

လေးဦးသား ထွက်သွားသည်ကို မြင်သောအခါ အတန်ကြာ ငြိမ်သက်နေခဲ့သော လုဖာက ပြောလိုက်၏။ "သခင်လေး ... သူတို့အပေါ် သိပ်ကောင်းလွန်းနေတာ မဟုတ်ဘူးလား။ အပြင်လူတွေကို အလွယ်တကူ မယုံသင့်ဘူးနော်။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "အေးလေ ... အလွယ်တကူ မယုံသင့်ဘူး။ နောင်တစ်ချိန် ပင်လယ်ထွက်ရင် သေချာပေါက် ခိုင်မာမှုရှိရမယ်။ ဒါကြောင့် ဒီကာလအတွင်း ခင်ဗျား သေချာစောင့်ကြည့်ထား။ သစ္စာအရှိဆုံးနဲ့ တာ့ကျင်းမှာ အနေချင်ဆုံးလူကို ပင်လယ်ထွက်ဖို့ လွှတ်လိုက်မယ်။

ကင်းစခန်းကို သတင်းလာပို့တဲ့အချိန်ကျရင် သူတို့ကို သင်ခန်းစာတွေ ပိုပေးပြီး မှန်ကန်တဲ့ အတွေးအခေါ်တွေ သွတ်သွင်းပေးဖို့ မမေ့နဲ့။ ပြီးတော့ ကြည့်ရတာ သူတို့ စကားပြောတာ နည်းနည်းနှေးနေသေးတယ်။ ကောင်းကောင်းမွန်မွန် သင်ယူဖို့ တိုက်တွန်းလိုက်အုံး။"

လုဖာသည် မျက်နှာလိုမျက်နှာရဖြင့် ပြောလိုက်၏။ "သခင်လေး ... ကျုပ်မှာ အကြံတစ်ခုရှိတယ်။ သူတို့ရဲ့ သင်ယူမှုကို ပိုမြန်လာစေဖို့ အာမခံနိုင်တယ်။"

"ဟင် ... ခင်ဗျားက နိုင်ငံခြားစကား သင်တာ ဒီလောက်မြန်တာ တကယ်ပဲ လျှို့ဝှက်ချက် ရှိနေတာကိုး။ မြန်မြန် ပြောပြစမ်းပါ။" ဖန်ကျန်းရီသည် စိတ်ဝင်စားသွားသည်။

လုဖာက တဟားဟား ရယ်မောလိုက်သည်။ "သခင်လေး ... ကျုပ်ကတော့ ပင်ကိုယ်စွမ်းရည်ကြောင့်ပါ။ ဒါပေမဲ့ ဒီနိုင်ငံခြားသားတွေကိုတော့ အထူးနည်းလမ်းနဲ့ တွန်းအားပေးလို့ရတယ်။

နည်းလမ်းကတော့ ရှင်းပါတယ်။ လှပတဲ့ မိန်းမလှလေးတွေ ရှာပြီး သူတို့နဲ့ အတူတူ သင်ခိုင်းလိုက်ရင် မိန်းကလေး အဖော်ရှိတော့ ပိုပြီး သင်တာ မမြန်နိုင်ဘူးလား။ နောက်ဆုံးတော့ မိန်းမယူပြီး သားသမီးတွေပါ မွေးလာရင် သူတို့ရဲ့ နှလုံးသားက ကျုပ်တို့ တာ့ကျင်းမှာ အမြစ်တွယ်သွားပြီ မဟုတ်ဘူးလား။"

"..."

ဖန်ကျန်းရီသည် နားထောင်ပြီးနောက် လုဖာအား မျက်နှာသေဖြင့် စိုက်ကြည့်နေလိုက်သည်။ ရုတ်တရက် သူက ပြုံးပြီး လက်ယမ်းကာ ပြောလိုက်၏။ "လာ လာ လာ ... ကျုပ် ခင်ဗျားကို အရာတစ်ခု ပြမယ်။"

လုဖာ၏ မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းသာအားရဖြင့် ရှေ့သို့ တိုးသွားလိုက်သည်။

ဒီအကြံအစည်က တကယ်ကို ကောင်းမွန်တာပဲ။ ကြည့်ရတာ သခင်လေးက ဒီနေ့ ဆုတွေ ထပ်ချအုံးမယ့်ပုံပဲ။

"ဖြန်း။"

ကျယ်လောင်သော ပါးရိုက်သံကြီးက မျက်နှာပေါ်တွင် ချက်ချင်း ပေါ်ထွက်လာ၏။

လုဖာသည် အံ့ဩမှင်တက်စွာဖြင့် နေရာတွင်ပင် ရပ်တန့်သွားပြီး သူ၏ပါးပြင်မှာ အနည်းငယ် ဖောင်းကြွလာသည်။

"သောက်ကျိုးနည်း ... နောက်တစ်ခါ ဒီလို သောက်အကြံအစည်တွေ ထပ်ပေးအုံးမယ်ဆိုရင် ခင်ဗျားပါ အဲဒီနိုင်ငံခြားသားတွေနဲ့အတူ ပင်လယ်ထဲ လိုက်သွားလိုက်တော့။"

လုဖာသည် အလွန်အမင်း ထိတ်လန့်သွားပြီး ဒူးထောက်ချလိုက်ကာ ငိုယိုပြောဆိုသည်။ "ကျုပ်ကို ပင်လယ်ထဲ မလွှတ်ပါနဲ့။ မလွှတ်ပါနဲ့။ ဘာဖြစ်လို့လဲ သခင်လေး ... ဘာလို့ ကျုပ်ကို ရိုက်ရတာလဲ။ ကျုပ်ပြောတာ ကောင်းတယ်လို့ ထင်လို့ပါ။"

"ကောင်းတယ် ဟုတ်လား။"

ဖန်ကျန်းရီက ဒေါသတကြီးဖြင့် ပြောလိုက်၏။ "အဲဒီနိုင်ငံခြားသားတွေ ကိုယ့်ဘာသာကိုယ် မိန်းမရှာနိုင်တာက ကျုပ်တို့နဲ့ မဆိုင်ဘူး။ ခင်ဗျားကများ သူတို့ကို မိန်းမပါ ရှာပေးချင်နေသေးတယ်။ ငွေပေးလိုက်တာကတင် လုံလောက်နေပြီကို၊ မိန်းမပါ ပေးအုံးမယ်ဆိုတော့ ခင်ဗျားက သူတို့ကို နိုင်ငံခြားသား အဖေတွေအဖြစ် ကိုးကွယ်ထားချင်လို့လား။"

လုဖာသည် မျက်ရည်များ ကျဆင်းလာကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "သခင်လေး ... ကျုပ်ဆိုလိုတာက အဲဒီလို မဟုတ်ပါဘူး။ ဒီလူလေးယောက်က အားကိုးရာမဲ့ ဖြစ်နေတာပါ။ မိသားစုရှိတယ်ဆိုတာ ဓားစာခံရှိတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။"

"သောက်ကျိုးနည်း ... ခင်ဗျားကိုယ်ခင်ဗျား ဓားပြလို့ ထင်နေတာလား။ ခင်ဗျားအိမ်မှာ ညီမရှိရင်ရော အဲဒီလို ပေးရက်မှာလား။"

လုဖာသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားလေသည်။

ဖန်ကျန်းရီသည် ရှေ့သို့တိုးကာ ခြေထောက်ဖြင့် ထပ်ကန်လိုက်ပြီး ပြောလိုက်၏။ "ဒီမှာလာပြီး မငိုနဲ့။ သွားပြီး အဲဒီနိုင်ငံခြားသားတွေကို စောင့်ကြည့်ထား။ ဥပဒေ မချိုးဖောက်သရွေ့ သူတို့ လုပ်ချင်တာ လုပ်ပါစေ။ ဥပဒေ ချိုးဖောက်ပြီး အရပ်သားတွေကို အနှောင့်အယှက်ပေးရင်တော့ ပြစ်ဒဏ်ပိုကြီးမယ်။

ဘယ်ကောင် ပြဿနာရှာရဲလဲ၊ တိုက်ရိုက်ဖမ်းပြီး ကျင်းယီဝေကွင်းပြင်မှာ ကျောက်အိုးထမင်းသုပ် ကျွေးလိုက်။"

လုဖာသည် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ခေါင်းမော့ကာ မေးလိုက်သည်။ "သခင်လေး ... ကျောက်အိုးထမင်းသုပ် ဆိုတာ ဘာလဲ။"

"ငတုံး ... ဘာမှနားမလည်ဘူး။ ဝက်စာတွေကို ဝက်စာခွက်ထဲ လောင်းထည့်တာကို ပြောတာကွ။"

All Chapters