အခန်း ၃၈၂
Vol. 21 Ch. 382
အပိုင်း (၃၈၂) တောက်ယွမ် မြေအောက်မြို့တော်။
"ညီအစ်ကိုတို့ … ဒါ သခင်လေးက ကျုပ်တို့ကို ပထမဆုံးအကြိမ် အပြင်သွားဖို့ အမိန့်ပေးတာပဲ။ ဆရာရှဲ့ နဲ့အတူ သေချာ အလုပ်လုပ်ကြမယ်။ ပြဿနာ ရှိလား။" ကျောက်လျဲ့က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
"ပြဿနာ မရှိပါဘူး။" လူတိုင်းက ပြိုင်တူ အော်ဟစ် ဖြေကြားလိုက်ကြ၏။
ရှဲ့ရှန်းက အနေခက်စွာ ပြုံးလိုက်သည်။ "ဒီလောက် ကျယ်ကျယ် အော်စရာ မလိုပါဘူး။"
"နဂါးအဖွဲ့က ညီအစ်ကိုတို့ စိတ်ချပါ။ ဒီတစ်ခါ စစ်ဆင်ရေးက အရမ်း အန္တရာယ်များတယ်။ တကယ်လို့ မသွားချင်တဲ့သူ ရှိရင် ကျုပ်ကို တိုက်ရိုက် ပြောလို့ရပါတယ်။ အတင်းအကျပ် မခိုင်းဘူး။"
ကျောက်လျဲ့က ရှဲ့ရှန်း အနားသို့ ကပ်လာပြီး တီးတိုးပြောလိုက်၏။ "ဆရာ ... သခင်လေး မြို့တော်ကို ရောက်သွားတည်းက ကျုပ်တို့ကို နဂါးအဖွဲ့လို့ မခေါ်တော့ဘူး။ နိုင်ငံတော် ပုန်ကန်မှု ဖြစ်သွားမှာစိုးလို့လေ။"
ရှဲ့ရှန်း အံ့အားသင့်သွားပြီး ခေါင်းလှည့်ကာ မေးလိုက်သည်။ "ဒါဆို ဘယ်လို ခေါ်လဲ။"
"သရဲသတ်အဖွဲ့ လို့ ခေါ်တယ်။" ကျောက်လျဲ့က လေးနက်သော မျက်နှာဖြင့် ပြန်ဖြေလိုက်၏။
"ဟင် … သရဲသတ်အဖွဲ့ က ဘာအဓိပ္ပာယ်လဲ။" ရှဲ့ရှန်းမှာ ကြောင်အမ်းသွားသည်။
ကျောက်လျဲ့က ရှဲ့ရှန်းကို အထင်သေးစွာ ကြည့်လိုက်၏။ ကြည့်ရတာ တစ်ချိန်က သူ့ကို စာသင်ပေးခဲ့တဲ့ ဒီဆရာလည်း သေချာ စာမလုပ်လို့ အခုဆို အဆင့်တွေ တော်တော် ကျသွားပြီပဲ။
"ဒီလောက်တောင် နားမလည်ဘူးလား။ နာမည်အတိုင်းပဲလေ၊ သခင်လေးကို စော်ကားတဲ့ သူတွေကို ကျုပ်တို့က သရဲဖြစ်သွားတဲ့အထိ သတ်ပစ်မှာ။ သရဲက သခင်လေးကို ပြဿနာရှာရင်လည်း ကျုပ်တို့ ဆက်သတ်မှာပဲ။"
"အင်း ... ကောင်းပါပြီလေ။"
ရှဲ့ရှန်းမှာ စကားမပြောနိုင်တော့ပေ ... သခင်လေးက ဒီလို အဓိပ္ပာယ်မရှိတဲ့ နာမည်တွေ ပေးတာ တစ်ခါ၊ နှစ်ခါမှ မဟုတ်တာ။
ကြိုက်သလိုသာ ခေါ်ကြပါစေတော့။
"ကောင်းပြီ။ အားလုံး သွားဖို့ သဘောတူတယ် ဆိုရင်တော့ မျက်နှာလေး ဘာလေး အရင် သစ်လိုက်ကြအုံး။ ပြီးရင် လက်နက်တိုက်ကို သွားပြီး ပစ္စည်းတွေ သွားထုတ်ကြမယ်။"
...
နာရီဝက်ခန့် အကြာတွင် လူနှစ်ဆယ်ကျော်သည် လက်နက်တိုက်ဆီသို့ အုပ်စုလိုက် သွားရောက်ကြသည်။
လက်နက်တိုက်ကို ရှဲ့ရှန်း သိပ်မရင်းနှီးသော်လည်း ကျောက်လျဲ့ လမ်းပြပေးသဖြင့် အလွန် လွယ်ကူသွား၏။
လက်နက်တိုက် ခြံဝင်းအပြင်ဘက်သို့ ရောက်သောအခါ စစ်သား ဆယ်ယောက်ခန့် ကင်းစောင့်နေကြသည်။
လူသိများသူများဖြစ်သဖြင့် သိပ်ပြီး သတိမထားကြတော့ဘဲ ပုံမှန် စစ်ဆေးမှု ပြုလုပ်ပြီးနောက် ချက်ချင်း ဝင်ခွင့်ပြုလိုက်၏။
လက်နက်တိုက် အတွင်းသို့ ဝင်ရောက်သွားသောအခါ ဓားလှံတချို့နှင့် ဖုန်တက်နေသော ရဲမက်ဝတ်စုံ တချို့ကို ဖရိုဖရဲ ထားသိုထားကြောင်း တွေ့လိုက်ရသည်။
ရှဲ့ရှန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ "မဖြစ်နိုင်ဘူး။ ကျုပ်တို့ဆီမှာ ဒီလောက်ပဲ ပစ္စည်းတွေ ရှိတော့တာလား။ ဒါတွေ ယူသွားရင် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ လက်နက်တွေက ဒီထက် အများကြီး ပိုကောင်းတယ်လို့ မှတ်ထားတာ။"
ကျောက်လျဲ့က ပြုံးလိုက်သည်။ "ဒါတွေက ဟန်ပြတွေပါ။ အခု ခရိုင်မှာ အပြင်လူတွေ အမြဲ လာနေတာလေ။ စူးစမ်းချင်တဲ့သူတွေ လာကြည့်ရင် သူတို့ကို ကြည့်ခိုင်းလိုက်တာပေါ့။ သခင်လေးက သိုသိုသိပ်သိပ် နေခိုင်းထားတယ်။ ကျုပ်တို့ ဝင်ရမှာက ဒီလက်နက်တိုက် မဟုတ်ဘူး။ ဒီအခန်း။"
ထိုသို့ပြောပြီးနောက် ကျောက်လျဲ့က လက်နှစ်ဖက်ဖြင့် ဘေးနားရှိ နံရံကို အားကုန် တွန်းလိုက်၏။
ဖုံးကွယ်ထားသော ကျောက်တံခါးက ဂလောက် ဂလောက် အသံများနှင့်အတူ ဖြည်းညှင်းစွာ ပွင့်လာပြီး နက်ရှိုင်းသော တွင်းပေါက်ကြီး တစ်ခု ပေါ်လာသည်။
ရှဲ့ရှန်းက ကျောက်တံခါးကို ကြည့်ကာ တွေးတောဟန်ဖြင့် ပြောလိုက်၏။ "ကျုပ်တို့ရဲ့ မြေအောက်မှာ လက်နက်တိုက် ရှိနေတာလား။"
ထိုအချိန်တွင် ကျောက်လျဲ့က ကျွမ်းကျင်စွာဖြင့် မီးတုတ် တစ်ခုကို ထွန်းညှိလိုက်ပြီး ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး။ မူလ လက်နက်တိုက်ကို မြေအောက်ကို ပြောင်းလိုက်တာပါ။ နည်းနည်းတော့ အလုပ်ရှုပ်ပေမဲ့ လုံခြုံရေး အတွက်တော့ စိတ်ချရတယ်။"
ကျောက်လျဲ့က မီးတုတ်ကို ကိုင်ကာ ကျောက်တံခါးထဲသို့ ဝင်သွားပြီး လှေကားထစ်များ အတိုင်း ဆင်းသွားရာ ရှဲ့ရှန်းလည်း အနောက်မှ အနီးကပ် လိုက်ပါသွား၏။
အလင်းရောင် အနည်းငယ် မှောင်နေပြီး နေရာကလည်း အလွန် ကျဉ်းမြောင်းသဖြင့် လူအုပ်ကြီးမှာ ဖြည်းညှင်းစွာ သွားနေရရာ လေထုက အကြောင်းပြချက် မရှိဘဲ အနည်းငယ် တင်းမာနေသည်။
ရှဲ့ရှန်းက အရင်စပြီး ပြောလိုက်၏။ "မြေအောက်မြို့တော်ကို မလာရတာ တော်တော် ကြာပြီ။ အောက်မှာ ဘာတွေ ပြောင်းလဲသွားလဲ မသိဘူး။"
ကျောက်လျဲ့က ပြုံးလိုက်သည်။ "ဘာမှ မပြောင်းလဲပါဘူး။ မှောင်မည်းနေတာပဲ။ လက်နက် သုတေသန ဌာနက လူတွေကလွဲရင် ဘယ်သူက ဒီမှာ နေချင်မှာလဲ။
ဒါပေမဲ့ သခင်လေး တီထွင်ခဲ့တဲ့ ကွန်ကရစ်က တကယ်ကို ကောင်းတယ်။ ဒီလောက် နှစ်တွေ ကြာတာတောင် အရမ်း ခိုင်ခံ့နေတုန်းပဲ။ အစတုန်းကတော့ အားလုံးက ပြိုကျမယ်လို့ ထင်ခဲ့ကြတာ။"
စကားပြောနေစဉ်မှာပင် မြေအောက် ဒုတိယထပ်သို့ ရောက်ရှိသွားပြီး ရှဲ့ရှန်း ရှေ့တွင် လမ်းကြောင်းငယ် တစ်ခု ပေါ်လာ၏။
ဤလမ်းကြောင်းက နက်ရှိုင်းပြီး ရှည်လျားသော်လည်း အနည်းငယ် နိမ့်နေသည်။
လူတိုင်းက ခါးကို အနည်းငယ် ကိုင်းကာ တစ်ယောက်ချင်းစီ ဖြတ်သန်းသွားရပြီး အစစ်အမှန် လက်နက်တိုက် ရှေ့သို့ ရောက်ချိန်မှသာ နေရာက ကျယ်ဝန်းသွား၏။
ကျောက်လျဲ့က လက်နက်တိုက် တံခါးကို ခေါက်လိုက်သောအခါ တံခါးက ဖြည်းညှင်းစွာ ပွင့်လာသည်။
တံခါးထဲမှ ခေါင်းတစ်လုံး ထွက်လာပြီး ဆံပင်၊ မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအို တစ်ယောက်က ကျောက်လျဲ့ကို ကြည့်ကာ မတတ်နိုင်စွာဖြင့် ပြောလိုက်၏။ "အလုပ်လဲမယ့်သူ လာပြီလို့ ထင်နေတာ။ ကောင်လေး .. .မင်း ဖြစ်နေတာကိုး။ ဆောင်းတောင် မဝင်သေးဘူးလေ။ အခုကတည်းက ဘာလို့ အမဲလိုက် ထွက်မှာလဲ။"
ရှဲ့ရှန်းက ဖန်ကျန်းရီ၏ စာကို တိတ်တဆိတ် ကမ်းပေးလိုက်ရာ အဘိုးအိုက စာကို ယူ၍ သေသေချာချာ နှစ်ခေါက်ခန့် ဖတ်ကြည့်လိုက်သည်။
ထို့နောက် ပြောလိုက်၏။ "ဝင်လာခဲ့။ မီးတုတ် ကိုင်ထားတဲ့ သူတွေ အပြင်မှာ နေခဲ့။ ပစ္စည်းတွေ ယူပြီးရင် မြန်မြန် ထွက်သွားကြ။"
လူတိုင်းက မီးတုတ်များကို လက်ပြောင်းပေးလိုက်ကြပြီး လူဆယ်ယောက်ခန့်က လက်နက်တိုက် အတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းများ သွားထုတ်ကြသည်။
ရှဲ့ရှန်းက အခန်းထဲတွင် ပတ်ပတ်လည် အကဲခတ်ကြည့်လိုက်၏။
ဤအခန်း၏ အကျယ်အဝန်းက သိပ်မကြီးမားလှပေ။ မြေပြင်ပေါ်ရှိ လက်နက်တိုက် အကျယ်အဝန်းနှင့် အတူတူပင် ဖြစ်သည်။
နံရံများပေါ်တွင် ဆီမီးခွက် ဒါဇင်ပေါင်းများစွာကို ထွန်းညှိထားပြီး မှန်ပြားများဖြင့် အလင်းပြန်အောင် ပြုလုပ်ထားသည်။
ထို့အပြင် နံရံပေါ်တွင် ချိတ်ဆွဲထားသော သံချပ်ကာ အင်္ကျီများ၊ ဓားများ၊ လှံများနှင့် လက်နက် မျိုးစုံကလည်း အဆက်မပြတ် အလင်းပြန်နေသဖြင့် ဤမြေအောက် အခန်း၏ အလင်းရောင်မှာ သိပ်ပြီး မမှောင်မိုက်လှပေ။
ကျောက်လျဲ့တို့ အဖွဲ့က ကျွမ်းကျင်စွာဖြင့် လက်နက်များကို ရှာဖွေနေကြ၏။
မကြာမီမှာပင် သေတ္တာကြီး အနည်းငယ် အပြည့် ရရှိသွားရာ ရှဲ့ရှန်းလည်း အနားသို့ ကပ်သွားပြီး ကြည့်လိုက်သည်။
ဓားမြှောင်များ၊ လက်ကိုင်ဒူးလေးများ၊ သံကြိုးအင်္ကျီများ၊ အကာအကွယ် ပစ္စည်းမျိုးစုံ ...ထို့အပြင် အရောင်အသွေး စုံလင်သော ပုလင်းလေးတွေ၊ ခွက်လေးတွေလည်း ပါသေး၏။
ပစ္စည်းများ စုဆောင်းပြီးနောက် ကျောက်လျဲ့က လက်ပေါ်မှ ဖုန်များကို ခါလိုက်သည်။ "ရပြီ။ ဒါတွေဆို လုံလောက်လောက်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တော့ လုံလောက်ပါတယ်။ ဒါပေမဲ့ လက်နက် သုတေသန ဌာနကို သွားပြီး ပစ္စည်းတချို့ ယူရအုံးမယ်။"
ရှဲ့ရှန်းက စပ်စုစွာ မေးလိုက်သည်။ "ကျုပ် မှတ်မိသလောက် သခင်လေးက အစောကြီးတည်းက ယမ်းမှုန့်တွေ ထပ်မလုပ်ဖို့ တားမြစ်ထားတယ် မဟုတ်ဘူးလား။ ပြီးတော့ အဲဒီက ပစ္စည်းတွေက လေးလည်း လေးတယ်၊ ထူလည်း ထူတယ်၊ ဘာအသုံးဝင်မှာလဲ။"
ကျောက်လျဲ့က ပြုံးလိုက်၏။ "ယမ်းမှုန့် လုပ်တာတော့ ရပ်သွားပါပြီ။ ဒါပေမဲ့ သုတေသန ဌာနကတော့ မရပ်သေးဘူး။ သူတို့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ်။"
"သခင်လေးက ကျုပ်တို့ကို ခင်ဗျားရဲ့ သက်တော်စောင့် အဖြစ် ခေါ်သွားခိုင်းတယ်ဆိုတာ ဒီတစ်ခါ ခရီးစဉ်က တကယ်ကို အန္တရာယ်များလို့ပဲ။ ကျုပ်တို့ ဒီလက်နက်တွေ ယူသွားရင် လုံလောက်ပါပြီ။ ဒါပေမဲ့ ခင်ဗျားအတွက် မရဘူးလေ။ ခင်ဗျား ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်နက်တချို့ သွားရှာပေးရမယ်။"
"ဘာပစ္စည်းလဲ။" ရှဲ့ရှန်းက မေးလိုက်၏။
ကျောက်လျဲ့က ခေါင်းယမ်းလိုက်သည်။ "သေချာ ရှင်းပြလို့ မရဘူး။ ကျုပ်လည်း တစ်ခါပဲ မြင်ဖူးသေးတာ၊ အဲဒါတောင် တစ်ဝက်တစ်ပျက်ပဲ ပြီးသေးတယ်။ အခု ပြီးသွားပြီလား မသိဘူး၊ ကံစမ်းကြည့်ရမှာပေါ့။"