အခန်း ၅၂၅
Vol. 29 Ch. 525
အပိုင်း (၅၂၅) မိုးဖွဲဖွဲခေါင်းလောင်းသံ။
"နှမြောတသ လွမ်းဆွတ်တမ်းတ၍ မဆုံးနိုင်သေးမီမှာ၊
ထွက်ခွာမည့်လှေက အလျင်စလို ရှိနေခဲ့လေပြီ။
လက်ချင်းယှက်တွယ်လျက်
မျက်ရည်ဝဲလည်နေသော
မျက်ဝန်းများဖြင့် အချင်းချင်း ငေးကြည့်နေမိကြ
နှုတ်မှ စကားတစ်ခွန်းမျှပင် မဟနိုင်တော့ဘဲ
ရင်တွင်း၌ ဆို့နင့်ကြေကွဲနေရသည်။"
ဖန်ကျန်းရီက ဤတစ်ခါတော့ ဟန်အပြည့် ဖမ်းလိုက်သည်။
အရက်သောက်ခြင်းက တစ်ခါတရံတွင် ဖော်ပြနိုင်စွမ်းကို တကယ်ပင် တိုးစေပြီး ပုံမှန် ခြောက်ကပ်ကပ် ကဗျာရွတ်သည်ထက် အများကြီး ပိုကောင်းစေခဲ့၏။
သို့ပေမည့် ပရိသတ်များ၏ တုံ့ပြန်မှုကတော့ သိပ်မကောင်းလှချေ။
ထိုကဗျာက တစ်ပိုင်းတစ်စ ကဗျာဘုရင် ဖန်ကျန်းရီ စပ်ဆိုထားတာဖြစ်ပြီး နေရာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်သည်၊၊ ဤနေရာတွင် စာတတ်ပေတတ်များကလည်း များပြားလှရာ ထိုကဗျာကို မကြားဖူးသူဆိုတာ ခပ်ရှားရှားပင် ဖြစ်မည်။
ထို့ကြောင့် ဖန်ကျန်းရီ စကားစလိုက်သည်နှင့် လူအများစုမှာ စိတ်ပျက်သွားကြသည်။
ဒါက ကဗျာစပ်နေတာလား၊ အလွတ်ရွတ်ပြနေတာပဲလေ၊ သူ့ပုံစံကို ကြည့်ရတာ အရက်နည်းနည်း မူးနေတဲ့ပုံပဲ။
ချူယိုယီ၏ မျက်လုံးများတွင်လည်း စိတ်ပျက်မှု အနည်းငယ် ပေါ်လွင်သွားပြီး စောစောက ကဗျာကလည်း သူများဆီက ကူးချထားတာပဲ ဖြစ်ရမည်ဟု တွေးလိုက်မိ၏။
အခု အရက်မူးသွားတော့ ဖုံးကွယ်ဖို့တောင် မသိတော့ဘူးလား။
ဤတစ်ပိုင်းတစ်စ ကဗျာက အစ်မ အနှစ်သက်ဆုံး ကဗျာဖြစ်ပြီး သူမ နားထောင်ရလွန်းသဖြင့် နားထဲတွင် အသားမာတောင် တက်တော့မည်။
အင်း အစကတော့ အကောင်းသား၊ အခုတော့ ကိုယ့်ဘာသာ ထွက်လာပြီး အရှက်ကွဲခံနေတယ်။
ဖန်ထန်ကျင့် ဘယ်လိုတွေ စဉ်းစားနေလဲ မသိတော့ပေ။
လုရှို့ဝမ်က မူလက အရှက်ပြေ ထိုင်နေခဲ့ရာမှ ဖန်ကျန်းရီ ကဗျာဟောင်း ပြန်ရွတ်နေသည်ကို ကြားလိုက်ရသောအခါ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ရုတ်တရက် ပြန်လည် တောက်လောင်လာခဲ့၏။
သူက အလောတကြီး မတ်တပ်ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အားလုံးပဲ .. ဒီကဗျာက မြို့တော်မှာ နာမည်ကြီးတဲ့ ဖန်ကျန်းရီ၊ အမတ်မင်းဖန် စပ်ဆိုထားတာပါ။ အခု ဒီလူလိမ်က သူစပ်တယ်လို့ ပြောနေတယ်၊ သူ့ကို အရက်နတ်ဆိုးကြီးလို့ ခင်ဗျားတို့ ယုံနေကြသေးတာလား။"
"စာပေသူခိုး … ဒီတစ်ပိုင်းတစ်စ ကဗျာကို တစ်လောကလုံးက လူတွေ ဘယ်လောက်တောင် သိနေကြလဲ။ မင်း ကူးချတာတောင် သေချာ မကူးဘူး၊ ကျုပ်ကြည့်ရတာ စောစောက ကဗျာကလည်း ဘယ်ဆရာကြီးဆီက ကူးချလာတာလဲ မသိဘူး။"
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
ထိုစကားကို ငြင်းစရာ မရှိပေ၊ လုသခင်လေး ပြောသည်က အမှန်တရားဖြစ်ပြီး အားလုံးကလည်း ကူးချနေမှန်း သိနေကြသည် မဟုတ်ပါလား။
သို့ပေမည့် အရက်နတ်ဆိုးကြီး၏ ပုံစံက အရက်မူးလွန်နေသည့်ပုံ ပေါက်နေသည်။ ဖန်ကျန်းရီ၏ ကဗျာကို ရွတ်လိုက်ရုံဖြင့် အရင်ကဗျာကိုပါ ကူးချထားသည်ဟု သတ်မှတ်၍ ရနိုင်ပါ့မလား။
ရှဲ့ရှန်းက ဆက်မကြည့်ရက်တော့ဘဲ မျက်လုံးမှိတ်ထားလိုက်သည်။
သွားပြီ၊ သခင်လေးတော့ အရှက်ကွဲတော့မှာ သေချာနေပြီ၊ ဒါကို ဘယ်လို ပြန်ရှင်းမလဲ။ ဒီလောက် လူတွေ အများကြီး ရှေ့မှာ သူက ဖန်ကျန်းရီပါလို့ ပြောမလား။
ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ဘဲ နားထဲရှိ အသံများကိုလည်း သေချာ မကြားရတော့ဘဲ ကိုယ့်ဘာသာ ဆက်လက် ရွတ်ဆိုနေခဲ့၏။
အရက်အိုးကို ကိုင်ကာ မျက်လုံးများ ဝေဝါးနေပြီး လက်ကို ဓားပုံစံ လုပ်ကာ အမြင့်သို့ လှမ်းညွှန်လိုက်သည်။
"ယနေ့ညဉ့် ယမကာအမူးပြေ၍ နိုးထလာချိန်ဝယ်၊
မည်သည့်အရပ်ဆီသို့ ရောက်ရှိနေမည်နည်း။
မိုးမခပင်တို့ ဝေဆာရာ ကမ်းနဖူး၊
နံနက်ခင်း လေပြေသင်းသင်းနှင့်
လခြမ်းကွေးငယ် သာယာရာ အရပ်ဆီ၌လား။
ဤအရပ်မှ ထွက်ခွာသွားပြီးနောက်
နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်သွားမည်ဖြစ်ရာ၊
ကောင်းမြတ်သော အချိန်အခါနှင့်
သာယာလှပသော ရှုခင်းများသည်လည်း
အချည်းနှီးသာ ဖြစ်ရပေတော့မည်။
ရင်တွင်း၌ မေတ္တာစိတ္တဇနှင့်
ခံစားချက်မျိုးစုံ ကိန်းအောင်းနေသော်ငြားလည်း၊
မည်သူ့ထံပါး သွားရောက် ဖွင့်ဟပြောဆိုရပါမည်နည်း။"
စကားအဆုံးတွင် ဖန်ကျန်းရီ မှင်တက်သွားပြီး ခေါင်းထဲတွင် အနည်းငယ် ပြန်လည် ကြည်လင်လာခဲ့၏။
လက်လျော့သွားသဖြင့် အရက်အိုးကလည်း စင်ပေါ်သို့ ပြုတ်ကျ ကွဲသွားပြီး အနီရင့်ရောင် အရက်များ စီးကျလာသည်။
ဖန်ကျန်းရီ၏ မျက်ထောင့်မှ မျက်ရည်ကြည် တစ်ပေါက် ဖြည်းညှင်းစွာ ကျဆင်းလာသည်။
သတိရပြီ။ ငါ နောက်ဆုံးတော့ သတိရသွားပြီလား။
မျက်ရည် တစ်ပေါက်၊ နှစ်ပေါက်မှသည် ပိုပို များလာကာ အရက်မူးနေသော ဖန်ကျန်းရီက ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ငိုကြွေးလာရာ မျက်ရည်များဖြင့် ရွှဲရွှဲစိုနေသော လူတစ်ယောက် ဖြစ်သွား၏။
စင်အောက်ရှိ လူများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ထိုကဗျာက ဖန်ကျန်းရီ စပ်ဆိုထားတာ မှန်သော်လည်း နာမည်ကြီးသည့် တစ်ပိုင်းတစ်စ ကဗျာသာ ဖြစ်သည် မဟုတ်ပါလား။
လူပေါင်းများစွာက နောက်ဆုံး စာကြောင်းနှစ်ကြောင်းကို ဖြည့်စွက်ရန် ကြိုးစားခဲ့ကြသော်လည်း အကုန်လုံးက အသုံးမကျသော စပ်ဆိုမှုများဟု ဆဲဆိုခံခဲ့ရသည်။
အချိန်ကြာလာသောအခါ ထိုကဗျာ၏ နောက်ဆုံး စာကြောင်းနှစ်ကြောင်းကို မည်သူကမှ ထပ်မဖြည့်ချင်ကြတော့ဘဲ ထိုတစ်ပိုင်းတစ်စ ကဗျာလေးကပင် ပြည့်စုံသော လက်ရာတစ်ခုအဖြစ် လက်ခံထားလိုက်ကြ၏။
ယခု အရက်နတ်ဆိုးကြီးက သူ့စွမ်းရည်ကို ပြသပြီး ထိုကဗျာကို အပြည့်အစုံ ဖြစ်အောင် ဖြည့်စွက် လိုက်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
စာတတ်ပေတတ် တစ်ယောက်က စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လာပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"သူ ဖြည့်စွက်လိုက်ပြီ။ သဘာဝကျပြီး ပြီးပြည့်စုံလွန်းတယ်။"
"ပြည့်စုံသွားပြီ။ ဒီကဗျာ ပြည့်စုံသွားပြီ။"
" ရင်တွင်း၌ မေတ္တာစိတ္တဇနှင့်
ခံစားချက်မျိုးစုံ ကိန်းအောင်းနေသော်ငြားလည်း၊
မည်သူ့ထံပါး သွားရောက် ဖွင့်ဟပြောဆိုရပါမည်နည်း။
ဒီစာကြောင်း တစ်ကြောင်းတည်းနဲ့တင် အရက်နတ်ဆိုးကြီးဆိုတဲ့ နာမည်က တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်တယ်။"
မြင်ကွင်းက တစ်ခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့၏။
လူပေါင်းများစွာက ခေါင်းတညိတ်ညိတ်ဖြင့် ကဗျာတစ်ပုဒ်လုံး၏ ရသကို ခံစားနေကြသည်။ တစ်ချို့က ချီးကျူးကြသည်။ တစ်ချို့က သက်ပြင်းချကြသည်။ တစ်ချို့ကတော့ ရင်ထဲတွင် အနည်းငယ် စိတ်ပျက် အားငယ်မှုများကို ခံစားနေကြရသည်။
ဒီကဗျာကို ငါသာ ဖြည့်စွက်နိုင်ခဲ့ရင် တစ်လောကလုံးမှာ နာမည်ကြီးသွားမှာ သေချာတယ်၊ နှမြောစရာကောင်းတာက ဒီထက် ပိုပြည့်စုံတဲ့ စာကြောင်းနှစ်ကြောင်း ဆိုတာ နောက်ထပ် ရှိလာတော့မှာ မဟုတ်ဘူး။
ဖန်ကျန်းရီက ငိုလိုက် ရယ်လိုက် လုပ်နေပြီး စင်အောက်ဘက်သို့ လက်ညှိုးတစ်ချောင်း ထောင်ပြရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"တစ်မှတ်တည်းပါ။ ငါ အစမ်းစာမေးပွဲမှာ အမှတ်ပြည့်ရရဲ့သားနဲ့။ ဒီကဗျာကြောင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ အမှတ်တွေ လျော့တာ။”
ဖန်ကျန်းရီသည် စင်ပေါ်တွင် ဘဝနှစ်ခုစာ အောင့်အည်းထားရသော နာကြည်းချက်များကို ရူးသွပ်စွာ ပေါက်ကွဲထုတ်ပစ်နေပြီး အရက်ရှိန်ဖြင့် စိတ်ဒဏ်ရာများကို ပါးစပ်ဖြင့် တိုက်ခိုက်နေတော့၏။
စင်အောက်ရှိ လူများက သူ အရူးလုပ်နေသည်ကို အရူးအမူး ငေးကြည့်နေကြသည်။
"တကယ့်ကို ခံစားချက် အပြည့်ပါတာပဲ၊ သူ ငိုနေတာ ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလဲ ကြည့်စမ်း၊ အရက်နတ်ဆိုးကြီးကလည်း အချစ်ကြီးတဲ့ သူတစ်ယောက်ပဲ။"
"အားလုံးက ယောက်ျားတွေ ဖြစ်ကြပေမဲ့ ဘယ်သူက အချစ်စစ်ကို မတောင့်တဘဲ နေမှာလဲ။ အရက်နတ်ဆိုးကြီး က ဒီနေ့လို ဒဏ္ဍာရီလာ ပြည့်တန်ဆာရုံ ကျက်စားသူ ဖြစ်လာတာ … ကြည့်ရတာ အရင်တုန်းက အချစ်ကြောင့် နာကျင်ခဲ့ရလို့ပဲ ဖြစ်မယ်။"
"အင်း … အရမ်းကို စိတ်ထိခိုက်သွားလို့ သူ လျှောက်ပြောနေပြီ။ ဘယ်လောက်တောင် နာကျင်ခဲ့ရတာလဲ။"
ဖန်ကျန်းရီက အတန်းပိုင်ဆရာမှသည် ကျောင်းအုပ်ကြီးအထိ၊ ကျောင်းအုပ်ကြီးမှသည် မန်နေဂျာချုပ်အထိ အဆက်မပြတ် ဆဲဆိုနေရာ ရှဲ့ရှန်း မြင်သောအခါ ကျိုးထျဲ့နှင့် ကျောက်လျဲ့တို့ကို အလျင်အမြန် အချက်ပြလိုက်သည်။
သူတို့နှစ်ယောက်က တွေဝေမနေဘဲ စင်ပေါ်သို့ တက်ကာ အင်အားသုံး၍ ဖန်ကျန်းရီကို ဆွဲချသွားပြီးနောက် လက်ဖက်ရည်များ စတင် တိုက်တော့သည်။
ဖန်ကျန်းရီက အရက်ဟု ထင်မှတ်ကာ လာသမျှ မငြင်းဘဲ တစ်ခွက်ပြီး တစ်ခွက် သောက်နေခဲ့၏။
"အရမ်းကောင်းတာပဲ၊ အရမ်းကောင်းတာပဲ၊ ငါက အရောင်းရဆုံး ချန်ပီယံ ဖြစ်ရမယ်၊ ငါက မန်နေဂျာဖန် ဖြစ်ရမယ်၊ အရမ်းကောင်းတာပဲ။"
"မန်နေဂျာဖန် … မြန်မြန် သတိထားပါအုံး …။ သောက်ကျိုးနည်း အရမ်းမူး မနေနဲ့တော့၊ မင်းတို့နှစ်ယောက် အရက်ပြေစေမယ့် ဟင်းရည် သွားရှာကြစမ်း။"
ရှဲ့ရှန်းမှာ စိုးရိမ်လွန်း၍ ချွေးသံတရဲရဲ ဖြစ်နေ၏။
ကဗျာစပ်ရင်လည်း ကဗျာပဲ စပ်လေ၊ ဘာလို့ လျှောက်ပြောနေရတာလဲ၊ ကံကောင်းလို့ ပုံမှန်လူတွေ နားလည်နိုင်တဲ့ စကား တစ်ခွန်းမှ မပါလို့သာပဲ။
ယွီနျန်က အခြေအနေကို ကောင်းစွာ နားလည်သဖြင့် စားပွဲထိုးလေးများကို ပြည့်တန်ဆာရုံတွင် အမြဲ အဆင်သင့်ရှိသော အမူးပြေ ဟင်းရည် ပန်းကန်လုံးကြီး အတော်များများကို ယူလာခိုင်းလိုက်သည်။
အရက်ပြေ ဟင်းရည် ရောက်လာသည်နှင့် သုံးယောက်သား ကမန်းကတန်းဖြင့် ဖန်ကျန်းရီကို ဆေးတိုက်ကြတော့၏။
ချူယိုယီက ဖန်ကျန်းရီ ရှိရာဘက်သို့ ငေးကြည့်နေပြီး စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်လေးက အလိုလို တုန်ယင်လာခဲ့သည်။
မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများနှင့် စပ်စုချင်စိတ်များ ပြည့်နှက်နေ၏။
ဖန်ထန်ကျင့်က ဒီလောက်တောင် အရည်အချင်း ရှိတာလား၊ ဒီကဗျာ ပြည့်စုံသွားပြီး ဒီလောက်တောင် အပြစ်ကင်းစင်နေတယ် ဆိုတာကို အစ်မသာ သိရင် ဘယ်လောက်တောင် ဝမ်းသာသွားမလဲ မသိဘူး။
ဒါပေမဲ့ သူ ဘာလို့ စာဖတ်အစေခံ လာလုပ်နေရတာလဲ။ ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ။
ဘေးနားရှိ လုရှို့ဝမ်က စိတ်ပျက်လက်ပျက်ဖြင့် နေရာတွင် ပြန်ထိုင်လိုက်ပြီး မြေကြီးကို ကြည့်ကာ ဆံပင်များကို ဆွဲဖွရင်း စိတ်ထဲတွင် မွန်းကျပ်နေသည်။
ဒီကောင်က တကယ်ပဲ ဖန်ထန်ကျင့် မဟုတ်ဘူးလား၊ စာဖတ်အစေခံ တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် စာပေအရည်အချင်း ရှိနိုင်မှာလဲ၊ မဖြစ်နိုင်ဘူး။
ဒီနေ့ လူပုံအလယ်မှာ အရှက်ကွဲသွားတာ ဒီယုတ်မာတဲ့ကောင်ရဲ့ ပါးရိုက်ခံလိုက်ရတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။၊ မနက်ဖြန်ကျရင် ဘယ်လောက်များတဲ့ လူတွေက ငါ့ကို လှောင်ပြောင်ကြအုံးမလဲ မသိဘူး။
နောင်တရပြီး ဝမ်းနည်းနေစဉ်မှာပဲ ယွီနျန်က ပြုံးရွှင်စွာ လျှောက်လာခဲ့၏။
လုရှို့ဝမ်၏ ဘေးတွင် ထိုင်ချလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
"သခင်လေးလု ... ဒီနေ့ သခင်လေးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မိပြီ၊ အားလုံးက ကျွန်မ အမှားတွေပါ၊ ကျွန်မက သခင်လေးအတွက် သီးသန့် အကောင်းစား အခန်းတစ်ခန်း ပြင်ဆင်ပေးထားပါတယ်၊ ပြီးတော့ ..."
လုရှို့ဝမ်က မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ချူယိုယီကို အနည်းငယ် စိုးရိမ်စွာ ကြည့်လိုက်၏။
ယွီနျန်က လိုက်ကြည့်လိုက်ရာ ချူယိုယီမှာ မိန်းကလေးမှန်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သဖြင့် တိုးညင်းစွာ ရယ်မောပြီး ပြောလိုက်သည်။
"ဪ အလှလေး ပါလာတာကိုး … ယွီနျန် အနှောင့်အယှက် ပေးမိပြီ။ ဒါပေမဲ့ ကောင်းကင် အမှတ်သုံး အခန်းကို သခင်လေးအတွက် ချန်ထားပေးပါတယ်။ ကောင်းကောင်း အနားယူပါ … လိုအပ်တာ ရှိရင် ကျွန်မကို အချိန်မရွေး ခေါ်လိုက်ပါ။"
ယွီနျန် ပြောသော စကားများကို နားထောင်ရင်း လုရှို့ဝမ်၏ စိတ်ထဲတွင် ရမ္မက်မီးများ ရုတ်တရက် အပြင်းအထန် တောက်လောင်လာခဲ့သည်။ သူက ချူယိုယီကို ကြည့်လိုက်၏။
စားကြွင်းစားကျန် ဟုတ်၊ မဟုတ် တစ်လုတ်လောက် မြည်းကြည့်လိုက်ရင် သိရမှာပဲ မဟုတ်လား၊ ဒီကောင်မလေးကလည်း ငါ့ကို စိတ်ဝင်စားနေတာပဲ၊ ပြီးတော့ သာမန် ကုန်သည်သမီးပဲလေ၊ ဒီနေ့ ဒီလောက် အခွင့်အရေးကောင်း ရှိနေတာ၊ သောက်ကျိုးနည်း ဘာကို စောင့်နေရအုံးမှာလဲ။
"အင်း … သိပြီ။"
လက်ဝှေ့ယမ်းကာ ယွီနျန်ကို နှင်ထုတ်လိုက်ပြီး လုရှို့ဝမ်က ချူယိုယီ အနားသို့ ကပ်၍ ပြောလိုက်သည်။
"ယိုယီ .. ငါ အရမ်း လောသွားတာပါ၊ ကြည့်ရတာ သူ့ကို အထင်လွဲသွားတာ ဖြစ်နိုင်တယ်။ သူ စာဖတ်အစေခံ မဟုတ်လောက်ဘူး။"
ချူယိုယီက စိတ်မပါ့တပါဖြင့် ခေါင်းညိတ်ပြပြီး ဟိုဟိုဒီဒီ ကြည့်နေဆဲ ဖြစ်သည်။
လုရှို့ဝမ်၏ စိတ်ထဲတွင် မွန်းကျပ်မှု တစ်ခု ထပ်တိုးလာပြီး စိတ်ရှည်လက်ရှည်ဖြင့် ပြောလိုက်၏။
"ယိုယီ …. ကြည့်စမ်း အချိန်လည်း မစောတော့ဘူး၊ ငါတို့ ခဏနေရင် နေရာတစ်ခုရှာပြီး ဒီ ခုနစ်ရက် မဟာနတ်ဆေးကို မြည်းကြည့်ကြမလား၊ ပြီးရင် မင်းကို အိမ်ပြန်ပို့ပေးမယ်လေ။"
"ဟင် .. မလိုတော့ပါဘူး သခင်လေးလု၊ ကျွန်မ တန်းပြီး အိမ်ပြန်တာပဲ ကောင်းမယ်။"
ချူယိုယီလည်း အချိန်မစောတော့မှန်း ရုတ်တရက် သတိပြုမိသွားသည်။
ဤမျှ ညဉ့်နက်သည်အထိ အိမ်သို့ ပြန်မလာသေးပါက လူအတော်များများက သူမအား စိုးရိမ်တကြီး လိုက်လံရှာဖွေနေကြလောက်ပေပြီ။
လုရှို့ဝမ်က ဖြည်းညှင်းစွာ သွေးဆောင်လိုက်သည်။
"ယိုယီ … ဘာပဲဖြစ်ဖြစ် ဒီအချိန်ရောက်နေပြီပဲ။ စောစော နောက်ကျကျ ကိစ္စမရှိပါဘူး၊ အပြင်မှာ ငါ့ကို စောင့်နေတဲ့ မြင်းလှည်း ရှိတယ်။ ဒီနတ်ဆေး သောက်ပြီးရင် မင်းကို အိမ်ပြန်ပို့ပေးမယ်လေ။ ဒီဆေးက အလှအပအတွက် အံ့ဖွယ် အာနိသင် ရှိတယ်။ အိမ်ပြန်ယူသွားရင် ညီအစ်ကိုတွေ လုယူသွားမှာ စိုးလို့။ ငါတို့ အရင် မြည်းကြည့်တာ ပိုကောင်းမယ်။ အချိန်လည်း သိပ်မကြာပါဘူး၊ သွားရအောင်။"
ပြောပြီးသည်နှင့် လုရှို့ဝမ်က ရှေ့တိုးကာ ချူယိုယီ၏ လက်ကို ဆွဲရန် ပြင်လိုက်ရာ ချူယိုယီက အလိုအလျောက် ရှောင်ဖယ်လိုက်သော်လည်း အင်္ကျီလက်စကိုတော့ အဆွဲခံလိုက်ရ၏။
သို့ပေမည့် စကားက ဤမျှအထိ ရောက်နေပြီ ဖြစ်သဖြင့် ငြင်းဆန်ရန် အကြောင်းပြချက်ကောင်း မရှိတော့ပေ။ ချူယိုယီမှာ ကြောင်တောင်တောင်ဖြင့် မတ်တပ်ရပ်ကာ လုရှို့ဝမ် ဆွဲခေါ်ရာသို့ ပါသွားသည်။
သို့ပေမည့် အကြည့်များကမူ ဖန်ကျန်းရီ ရှိရာ နေရာသို့ စူးစိုက်ကြည့်နေဆဲ ဖြစ်၏။