အခန်း (၄၉၈-၄၉၉)
Vol. 28 Ch. 498-499
အပိုင်း (၄၉၈) ဒုတိယသခင်မလေးကို သေချာ ဂရုစိုက်ပေးမည်။
အခြေအနေ ပြောင်းလဲသွားနိုင်သေးသည်ဟု ကြားသောအခါ အစေခံများ အားလုံး ဝမ်းသာအားရ ဖြစ်သွားကြ၏။
လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ ဘာဂရုစိုက်စရာ ရှိလို့လဲ။ ကိုယ် မလုပ်နိုင်ရင် နောက်မှရောက်လာတဲ့ အကောင်လည်း သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူးလေ။
ချူယိုယီက ဖန်ကျန်းရီကို စိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဘေးနားရှိ ချူချင်ဟန်ကတော့ တကယ် ဒေါသထွက်သွားပြီဖြစ်ပြီး အသံကျယ်ကျယ်ဖြင့် အပြစ်တင်လိုက်၏။ "မလုပ်သင့်တာတွေ လျှောက်လုပ်မနေနဲ့။ ချက်ချင်း အခန်းထဲ ပြန်ဝင်သွားစမ်း။ မနက်ဖြန် စာသင်ကျောင်းကို သွားပြီး စာဘယ်လိုဖတ်ရမလဲ၊ လူဘယ်လိုလုပ်ရမလဲ ဆိုတာကို သေချာ သင်ယူခဲ့"
ချူယိုယီက နှုတ်ခမ်းကို စူကာ ချက်ချင်း ပြန်လည် ချေပရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက အရင် ဝင် ပြောလိုက်သည်။ "ကောင်းပြီလေ။ ဒါပေမဲ့ နေ့ခင်းဘက်မှာတော့ ကြယ်တွေ မရှိဘူး၊ ညကျရင် ကျွန်တော် ဒုတိယသခင်မလေးဆီ ကြယ်တွေ လာပေးပါ့မယ်"
"ကြားလား အစ်မ၊ သူကိုယ်တိုင် ကြယ်ခူးပေးမယ်လို့ ပြောနေတာနော်"
ချူယိုယီက ချူချင်ဟန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဖန်ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်၏။ "ဒါဆိုရင် ဒီသခင်မလေးက ညကျရင် ခြံထဲမှာ စောင့်နေမယ်။ ဘယ်သူ ကြယ်ကို ခူးပေးနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"
ပြောပြီးသည်နှင့် သူမက အခန်းထဲသို့ လှည့်ဝင်သွားတော့သည်။
ချူချင်ဟန်၏ မျက်နှာတွင် မတတ်သာသည့် အမူအရာများ ပိုမို ထင်ဟပ်လာပြီး ဖန်ကျန်းရီကို ပြောလိုက်၏။ "သူ့ကို ဂရုစိုက်မနေနဲ့ .. ကျွန်မနောက်လိုက်ခဲ့။ မနက်ဖြန် ဒုတိယသခင်မလေးကို စာသင်ကျောင်း ပို့တဲ့အခါ လုပ်ရမယ့် ကိစ္စတချို့ကို မင်းကို သေချာ မှာချင်လို့ပါ"
ဒီကောင်မလေး ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ၊ သူ့အစ်မစကားကိုတော့ နားထောင်ရမှာပဲ မဟုတ်လား။
ဖန်ကျန်းရီက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်သွားသော ချူချင်ဟန်၏ နောက်သို့ လိုက်ပါသွား၏။
လမ်းတစ်လျှောက် လျှောက်လာပြီးနောက် ချူချင်ဟန်၏ စာကြည့်ခန်းသို့ ရောက်ရှိသွားသည်။
စာကြည့်ခန်း တံခါးဝသို့ ဝင်လိုက်သည်နှင့် ဖန်ကျန်းရီ ကြောင်အမ်းအမ်း ဖြစ်သွား၏။
နံရံပေါ်တွင် ကဗျာတစ်ပုဒ်ကို ချိတ်ဆွဲထားသည်။
"အေးစက်တဲ့ ဆောင်းရာသီ ပိုးကောင်တွေရဲ့ အသံက ဝမ်းနည်းစရာ ကောင်းလိုက်တာ၊
ခရီးရှည် သွားရမယ့် အဆောင်ရှေ့မှာ ညနေစောင်းနေပြီ၊
ရုတ်တရက် ရွာချတဲ့ မိုးကလည်း အခုလေးတင် တိတ်သွားတယ်။
မြို့တံခါးဝက တဲလေးမှာ...
သာယာလှပတဲ့ အချိန်တွေနဲ့ ရှုခင်းတွေက အလကား ဖြစ်ရတော့မယ်"
ကဗျာက ဤနေရာတွင် ရုတ်တရက် ရပ်တန့်သွားပြီး နောက်ဆုံး စာကြောင်း နှစ်ကြောင်း လွတ်နေ၏။
ဖန်ကျန်းရီက စိတ်ထဲတွင် တွေးလိုက်သည်။
ဒါ ငါကူးချထားတဲ့ 'ယွီလင်လင် - မိုးရေထဲက ခေါင်းလောင်းသံ’ ကဗျာ မဟုတ်ဘူးလား။ အဲဒါကို နံရံမှာတောင် ချိတ်ထားသေးတယ် ဟုတ်လား။
တကယ့် ပရိသတ် အစစ်ပဲ။
ကူးချထားသော ကဗျာဆိုသော်လည်း ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ်တော့ ဂုဏ်ယူမိသွား၏။
ဝမ်းနည်းစရာကောင်းတက နောက်ဆုံး စာကြောင်း နှစ်ကြောင်းကို မေ့သွားတာပဲ။ အရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အဲဒီ နောက်ဆုံး စာကြောင်း နှစ်ကြောင်းကို မေးခဲ့တာလေ၊ စာမေးပွဲ ပြီးတာနဲ့ ငါ အိမ်သာသွားချင်ယောင် ဆောင်ပြီးစာအုပ်ကို ပြန်လှန်ကြည့်ခဲ့ရတာ။
ဘယ်လိုလုပ် မေ့သွားရတာလဲ။ ဘာဖြစ်မလဲ စဉ်းစားကြည့်စမ်း …။
ချူချင်ဟန်က ခြေလှမ်းရပ်လိုက်သည်။ နံရံကို စိုက်ကြည့်ရင်း ငေးမောနေသော ဖန်ကျန်းရီကို သံသယဖြင့် ကြည့်ကာ ပြုံးလျက် မေးလိုက်၏။ "ဘာလဲ … ရှင်ဒီကဗျာကို နားလည်လို့လား"
"အာ... ရေးထားတာ တော်တော်လေး ကောင်းတယ်လို့ ထင်လို့ပါ"
ချူချင်ဟန်က ပြုံးလျက် ရှင်းပြလိုက်သည်။ "ဒီကဗျာက အခု လက်ရှိ အကြံပေးအမတ်ကြီး ဖန်ကျန်းရီ ရေးဖွဲ့ထားတာပါ။ သူ့ရဲ့ ကဗျာစွမ်းရည်က တကယ်ကို အံ့မခန်းပါပဲ၊ ရှ၍် သဘောကျရင် အချိန်ရရင် များများ ဖတ်ကြည့်ပေါ့"
"ဖန်ကျန်းရီ ဟုတ်လား။ အဲဒီလူက ဒီလောက်တောင် အရည်အချင်းရှိမှတော့ သေချာပေါက် စာရိတ္တကောင်းမွန်ပြီး အကျင့်သီလ မြင့်မားတဲ့သူ ဖြစ်မှာပဲ၊ ရုပ်ရည်ကလည်း ချောမောခန့်ညားမှာပဲနော်" ဖန်ကျန်းရီက အရှက်မရှိ မေးမြန်းလိုက်၏။
ချူချင်ဟန်ကတော့ သူ့အမေးကြောင့် အံ့အားသင့်သွားသည်။
ကဗျာကို စိတ်ဝင်စားတယ်လို့ ထင်နေတာ၊ အခုလို စကားမျိုး ထွက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ခဏလောက် စဉ်းစားပြီး ပြန်ဖြေလိုက်၏။ "ဒါကတော့ သေချာတာပေါ့"
အင်း .. အင်း …။
ငါက အမှောင်ထုထဲက ပိုးစုန်းကြူးလေးလိုပါပဲလား။? အဲဒီလောက် ထင်ရှားပြီး အဲဒီလောက် ထူးခြားနေတာကို၊ ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရပါဘူး။
ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး တိတ်တဆိတ် ရယ်မောလိုက်၏။
ချူချင်ဟန်က လှည့်ကာ စာအုပ်စင်ပေါ်မှ စာအုပ်အနည်းငယ်ကို ထုတ်ယူပြီး ဖန်ကျန်းရီကို ကမ်းပေးလိုက်သည်။ "ဒီစာအုပ်က အရင်တုန်းက ကျွန်မ ရေးမှတ်ထားတဲ့ မှတ်စုတွေပဲ။ ဒုတိယသခင်မလေးကို ပေးလိုက်ပြီး အတန်းထဲမှာ သေချာ ဖတ်ခိုင်းလိုက်ပါ။ ပြီးတော့ ဒီမှတ်စုတွေကို သေချာ ထိန်းသိမ်းထားဖို့လည်း မင်း ဂရုစိုက်ရမယ်။ မပျက်စီးစေနဲ့နော်"
ဖန်ကျန်းရီက မှတ်စုစာအုပ်ကို လှမ်းယူလိုက်ပြီး စာမျက်နှာ နှစ်မျက်နှာလောက်ကို အကြမ်းဖျင်း လှန်ကြည့်လိုက်ကာ အလေးအနက် ခေါင်းညိတ်ပြလိုက်၏။
"အကြီးဆုံးသခင်မလေး စိတ်ချပါ"
အထဲ၌ သေးငယ်လှပသော စာလုံးလေးများ အပြည့်အမောက် ရေးမှတ်ထားပြီး စာမျက်နှာ အပြင်အဆင်မှာလည်း လှပသပ်ရပ်နေသည်ကို ကြည့်ခြင်းအားဖြင့် တကယ်ပင် အာရုံစိုက်ကာ ရေးသားထားကြောင်းသိသာလှသည်။
ထို့အပြင် ဤမှတ်စုများကို အစေခံမိန်းကလေးအား ပေး၍ လာပို့ခိုင်း၍ ရနိုင်ပါလျက်နှင့် သူမကိုယ်တိုင် စာကြည့်ခန်းသို့ ခေါ်ဆောင်ကာပေးသည်ကို ထောက်ရှုလျှင် ဤမှတ်စုများမှာ သူမအတွက် အလွန်ပင် အရေးကြီးကြောင်း ထင်ရှားလှ၏။
ဖန်ကျန်းရီ၏ ရင်ထဲ၌ မနေနိုင်တော့ဘဲ လေးစားစိတ်များ ဖြစ်ပေါ်လာသည်။
ဤခေတ်ကာလကြီး၌ နေရာတစ်နေရာ ရရှိရန်ဟူသည်မှာ တကယ်ပင် ခက်ခဲလှသော ကိစ္စတစ်ရပ် ဖြစ်၏။
မိန်းမတစ်ယောက် အောင်မြင်ရန်ဆိုသည်မာ ယောက်ျားများထက် အဆပေါင်းများစွာ ပို၍ အနစ်နာခံရသည်။ အခြားသော ကိစ္စရပ်များကို အသာထား၍ လူတို့၏ အပြောအဆိုကို ခံနိုင်ရည်ရှိရန် တစ်ခုတည်းကပင် သာမန်လူတို့အတွက် တကယ်ပင် ခက်ခဲလှသည်။
ချူချင်ဟန်ကဲ့သို့ စာကို ကြိုးကြိုးစားစား ဖတ်ရုံသာမကဘဲ အိမ်၏ စီးပွားရေးကိုပါ ကူညီစီမံပေးနိုင်သော အမျိုးသမီးဟူသည်မှာ လူထောင်သောင်းချီမှ တစ်ဦးသာ ရှိနိုင်သော အမျိုးသမီးခေါင်းဆောင်မျိုးပင် ဖြစ်သည်။
ဖန်ကျန်းရီသည် အခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းကာ အောင်မြင်အောင် ကြိုးစားအားထုတ်ကြသူများကို အစဉ်အမြဲ အထူးလေးစားစိတ် ရှိသူဖြစ်သည်။ ဤသည်မှာ သူ၏ ကိုယ်ပိုင် အတွေ့အကြုံကြောင့်လည်း ဖြစ်နိုင်၏။
ချူချင်ဟန်မှာ သူ သေချာစွာ နားထောင်နေသည်ကို မြင်တွေ့ရသောအခါ အနည်းငယ် စိတ်အေးသွားပြီး ဆက်လက် ရှင်းပြလိုက်သည်။ "ယိုယီကို တကယ်တော့ ကျွန်မကိုယ်တိုင် သင်ပေးရမှာ၊ ဒါပေမဲ့ အချိန်မရှိဘူး ဖြစ်နေတယ်။
ရှင့်ရဲ့ တာဝန်ကလည်း သိပ်မကြီးပါဘူး၊ ယိုယီကို သေချာ အဖော်ပြုပေးရုံပါပဲ။ အရင်က စာကြည့်ဖော် အစေခံ လုပ်ဖူးလား"
"မလုပ်ဖူးဘူး" ဖန်ကျန်းရီက ရိုးသားစွာ ဖြေကြားလိုက်၏။
"အင်း … သာမန် စာကြည့်ဖော် အစေခံတွေက အိမ်မှုကိစ္စတွေနဲ့ စာကြည့်ခန်းကို ရှင်းလင်းပေးရတယ်။ အဲဒီအပိုင်းကို ရှင် လုပ်စရာ မလိုဘူး၊ ရှင်းကျူက တာဝန်ယူလိမ့်မယ်"
"ဒုတိယသခင်မလေးက အငြိမ်မနေတတ်တဲ့သူဆိုတော့ အတန်းထဲမှာ ငြိမ်ငြိမ်ထိုင်နေမှာ မဟုတ်ဘူး။ ရှင်က သူ့ကို သေချာ ကြပ်မတ်ပေးပြီး စာကို ဂရုစိုက်ဖတ်ခိုင်းရမယ်၊ ပေါ့ပေါ့ဆဆ နေခွင့်မပေးနဲ့
ကျန်တဲ့ တာဝန်တွေကတော့ ယိုယီ အပြင်ထွက်ရင် လိုအပ်တာတွေ ကူညီလုပ်ပေးဖို့၊ စာသင်ကျောင်း အဝင်အထွက်မှာ အတူလိုက်ပါဖို့၊ သူ့လုံခြုံရေးကို ကာကွယ်ပေးဖို့၊ နေ့တိုင်း သူနဲ့ စားသောက်ဆိုင်မှာ ထမင်း သွားစားဖို့ ပို့ပေးဖို့၊ ညဘက်ကျရင် အိမ်ကို လုံလုံခြုံခြုံ ပြန်ပို့ပေးဖို့ပဲ။ အဲဒါတွေက ရှင် လုပ်ရမယ့် အလုပ်တွေ အကုန်လုံးပဲ။
ဒီဘက်က အခြေအနေတွေကို ဆရာကြီးရှန်နဲ့ ကျွန်မ တိုင်ပင်ပြီးပြီ။ စာသင်ကျောင်း ရောက်ရင်လည်း ရှင် စိုးရိမ်စရာ မလိုပါဘူး။ တကယ်လို့ ကျောင်းက တခြားသူတွေက ယိုယီကို အနှောင့်အယှက် ပေးလာရင် သူ့ကို သေချာ ကာကွယ်ပေးဖို့ သတိရပါ။ တတ်နိုင်သမျှ တခြားလူတွေနဲ့ ပြဿနာ မဖြစ်အောင် နေပါ။ အဲဒီလူတွေက ရှင် ရန်စလို့ရတဲ့ လူတွေ မဟုတ်ဘူး"
ဖန်ကျန်းရီက ဆက်တိုက် ခေါင်းညိတ်ပြလိုက်သည်။ "နားလည်ပါပြီ"
"အင်း"
ချူချင်ဟန်က ပိုက်ဆံအိတ်အတွင်းမှ ငွေတုံးငယ် တစ်တုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။ "ဒါက ငွေနှစ်တေလ်းပါ။ ဒုတိယသခင်မလေးရဲ့ တစ်နေ့စာ ကုန်ကျစရိတ်ပေါ့။ သူက နေ့တိုင်း ယွီဟွာစံအိမ်ကို ထမင်းသွားစားတယ်။ သူက ပုံမှန်ဆို ပိုက်ဆံ သယ်မသွားတတ်ဘူး၊ ပိုက်ဆံသုံးဖို့ လိုရင် ရှင်က သေချာ ကိုင်တွယ်ပေးပါ။ ပရမ်းပတာ မသုံးစေနဲ့။ ညဘက် ပြန်ရောက်ရင် ယိုယီနဲ့ ကျွန်မ စာရင်း ပြန်တိုက်မယ်။
စာကြည့်ဖော် အစေခံရဲ့ လစာက ဘယ်လောက်လဲ ဆိုတာကို အိမ်ထိန်းဒုံ ပြန်ရောက်ရင် ရှင့်ကို ပြောပြ စီစဉ်ပေးလိမ့်မယ်။ အဲဒီအပိုင်းအတွက် စိုးရိမ်စရာ မလိုဘူး။ တခြား ကိစ္စတွေတော့ ဘာမှ မရှိတော့ဘူး"
"စိတ်ချပါ အကြီးဆုံးသခင်မလေး .. ကျုပ်က ဘယ်တော့မှ ပိုက်ဆံ အလဟဿ မသုံးတတ်တဲ့သူပါ။ ဟို... ညဘက် ကြယ်ခူးမယ့် ကိစ္စ..." ဖန်ကျန်းရီက ငွေတုံးကို ကြည့်ရှုရင်း စဉ်းစားနေမိ၏။
"သူ့ကို အလိုလိုက်ပြီး လျှောက်မလုပ်နဲ့။ စာသင်ကျောင်းက ဒီနေရာနဲ့ သိပ်မဝေးဘူး၊ မနက်ဖြန် ရှင် သူ့ကို လမ်းလျှောက်ပြီး ပို့ပေးလိုက်ပါ။ ကျွန်မမှာ အလုပ်ရှိလို့ သူ့ကို လိုက်မပို့ပေးနိုင်ဘူး။ ရှင် အခု စာသင်ကျောင်းကို သွားတဲ့ လမ်းကို အရင် သွားလေ့လာထားလိုက်။ မနက်ဖြန် အချိန်မနှောင့်နှေးအောင်လို့။ ထောင့်နားမှာ အရက်ကောင်း တစ်အိုး ရှိတယ်၊ အဲဒါ ဆရာကြီးရှန်အတွက် ပြင်ဆင်ထားတာ။ မနက်ဖြန်ကျရင် အဲဒါကိုပါ တစ်ခါတည်း ယူသွားလိုက်ပါ။"
ချူချင်ဟန်မှာ ပြောဆိုပြီးသည်နှင့် ဧည့်သည်ကို ပြန်လွှတ်ရန် ပြင်ဆင်လိုက်သည်။
ခဏကြာလျှင် အဝတ်အစားကောင်းကောင်း တစ်စုံ သွားဝယ်မည်။ ထို့နောက် ဈေးပေါသော ကျောက်စိမ်းပြား တစ်ခု ဝယ်မည်။ ရေချိုးမည်၊။ အစားကောင်းကောင်း တစ်နပ် စားမည်... နှစ်တေလ်းဆိုလျှင် လောက်လောက်ငှငှ ရှိလောက်ပေမည်။
ဖန်ကျန်းရီမှာ စိတ်တွင်း၌ စဉ်းစားနေမိသည်။ ပိုက်ဆံ ရရှိပြီဖြစ်ရာ မိမိကိုယ်ကိုယ် အရင်ဆုံး အသွင်ပြောင်းရပေမည်။ သို့မဟုတ်ပါက အစေခံ အဝတ်အစားဖြင့်ဆိုလျှင် ညီအစ်ကိုများ လာရှာလျှင်ပင် မှတ်မိကြမည် မဟုတ်ချေ။
သို့သော်လည်း ကြယ်ခူးပေးမည့်ကိစ္စကိုမူ သူမအတွက် အရင်ဦးဆုံး လုပ်ပေးရမည်။ ဤမိန်းကလေးမှာ ပြဿနာ ရှာတတ်သူဖြစ်ရာ သူမအား အရင်ဆုံး ငြိမ်သက်သွားအောင် ပြုလုပ်ထားရမည်။
မည်သို့ပင်ဆိုစေကာမူ လက်တစ်ကမ်း အကွာအဝေး၌သာ ရှိသော ကိစ္စရပ်ပင် ဖြစ်သည်။ အန္တရာယ်ဖြစ်နိုင်ခြေများကို ရှောင်လွှဲနိုင်လျှင် အကောင်းဆုံးပင်။
ကြယ်ခူးပေးမည် ဟူသော ဤမျှတိုင် တုံးအလှသည့် ကိစ္စကို သူမ မည်သို့များ တွေးမိသွားပသနည်း။
ယခင်ဘဝက ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ၊ အွန်လိုင်း ဝတ္ထုများ အများအပြား ဖတ်ရှုလျှင် ဤသို့သော ဇာတ်ကွက်မျိုးကို အများဆုံး တွေ့မြင်ရလေ့ရှိသည်။
သူ ဖန်သခင်လေး ကိုယ်တိုင် ပါဝင်လှုပ်ရှားရမည် ဆိုပါလျှင် ဤသည်မှာ အလွန်ကို လွယ်ကူလှသော ကိစ္စတစ်ရပ် မဟုတ်ပါလား။
"အကြီးဆုံးသခင်မလေး …. စိတ်ချလက်ချသာ နေပါ။ ကျုပ် ဒုတိယသခင်မလေးကို သေချာပေါက် ဂရုစိုက်ပေးပါ့မယ်"
ပြောဆိုပြီးသည်နှင့် ဖန်ကျန်းရီမှာ အရက်အိုးကို ဆွဲယူကာ စာကြည့်ခန်းမှ ထွက်ခွာသွားတော့၏။ အကြီးဆုံး သခင်မလေး ဟုခေါ်ရမလား၊ ပထမ သခင်မလေးဟု ခေါ်ရမလား စဉ်းစားနေမိသေး၏။ သူများခေါ်တိုင်း လိုက်ခေါ်သည်က အကောင်းဆုံးပင်။
လမ်းတစ်လျှောက် လျှောက်လှမ်းလာခဲ့ပြီး တောင်ဘက်ဆောင်သို့ ပြန်လည်ရောက်ရှိသောအခါ လိုင်ကော်အာမှာ အလုပ်လုပ်ပြီးခါစ ဖြစ်ဟန်တူကာ နံရံကို မှီလျက် အနားယူနေသည်။
ဖန်ကျန်းရီ ရောက်လာသည်ကို မြင်တွေ့သည်နှင့် ချက်ချင်းပင် လက်မြှောက်ကာ လှမ်းခေါ်လိုက်၏။ "အစ်ကိုကြီး၊ ပြန်လာပြီလား။ အရွေးခံရပြီလား"
"အရွေးခံရပြီလား ဟုတ်လား။ မင်းက အစ်ကိုကြီးရဲ့ အရည်အချင်းကို အရမ်း အထင်သေးတာပဲ"
ဖန်ကျန်းရီက အရက်အိုးကို ပုတ်ကာ ရယ်မောလိုက်သည်။ "ကြည့်စမ်း … အစ်ကိုကြီး မင်းအတွက် ဘာပစ္စည်းကောင်းတွေ ယူလာလဲလို့။"
အပိုင်း (၄၉၉) ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့သော ကြယ်ပွင့်။
သနားစရာကောင်းသော ကျောင်းအုပ်ကြီးရှန်မှာ အရက်နံ့ကိုပင် မရှူရှိုက်လိုက်ရပေ။ ဖန်ကျန်းရီနှင့် လိုင်ကော်အာ တို့က အရက်အိုး တစ်ဝက်ကို အလျင်အမြန် သောက်သုံးလိုက်ကြသည်။
အရက်ခိုးသောက်ရာတွင် အကုန်အစင် ခိုးသောက်၍မရနိုင်ပေ။ သို့မဟုတ်ပါက မနက်ဖြန်တွင် ဖြေရှင်းရန် ခက်ခဲသွားပေလိမ့်မည်။
အရက်ကောင်း သောက်ပြီးနောက် ဖန်ကျန်းရီက အနည်းငယ် မူးယစ်နေသည်။ ပြီးနောက် ချူအိမ်တော်မှ ခိုးထွက်လာခဲ့သည်။
အဖြူရောင် ပညာရှိ ဝတ်စုံတစ်စုံ၊ ကျောက်စိမ်းပြားတစ်ခု၊ ယပ်တောင်တစ်ခုနှင့် အရက်အိုးငယ်တစ်ခုတို့ကို ဝယ်ယူလိုက်၏။
ရေချိုးပြီး ထမင်းစားရာတွင်လည်း အကောင်းဆုံးများကိုသာ ရွေးချယ်လိုက်သည်။
ငွေနှစ်တေလ်းမှာ မွန်းလွဲပိုင်း တစ်ပိုင်းအတွင်း၌ပင် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ကုန်သွားခဲ့ပြီး သူ၏ လက်ထဲ၌ ငွေအနည်းငယ်သာ ကျန်ရှိတော့၏။
သို့ပေမည့် ဖန်ကျန်းရီ သေချာစွာ စဉ်းစားကြည့်ရာ ထိုမျှဖြင့် လုံလောက်ပြီဟု ထင်မှတ်မိသည်။
ချူယိုယီ ဆိုသော မိန်းကလေးမှာ ပုံမှန်ဆိုလျှင် ထမင်းတစ်နပ်ကို ငွေနှစ်တေလ်းခန့် သုံးစွဲကာ ဇိမ်ကျကျ နေထိုင်နေခြင်း ဖြစ်ရာ ဤအတိုင်း ဆက်လက် စားသောက်နေပါက ပြဿနာ တက်သွားနိုင်၏။
လူတို့သည် အလွန်အရှင်ကောင်းမွန်စွာ စားသောက်လွန်းပါက ခန္ဓာကိုယ်အတွက် မကောင်းနိုင်ပေ။ မနက်ဖြန်၌ သူမအား ကျန်းမာရေးနှင့် အာဟာရပညာ အကြောင်းလေး ရှင်းပြပြီး လမ်းဘေးဆိုင်၌သာ ဖြစ်သလို စားသောက်ခိုင်းလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
အိမ်ပြန်ရောက်လျှင် အကြောင်းပြချက် ရှာဖွေကာ လိမ်ပြောလိုက်လျှင် ရပြီ ဖြစ်သည်...။
အချိန်မှာ ညဘက်သို့ ကူးပြောင်းသွားခဲ့၏။
ဖန်ကျန်းရီက ပြုံးရွှင်သော မျက်နှာဖြင့် ရေဇလုံတစ်လုံးကို ကိုင်ဆောင်ကာ တောင်ဘက်ဆောင်သို့ လျှောက်လှမ်း သွားသည်။
ယနေ့ည ရာသီဥတုမှာ အတော်လေး ကောင်းမွန်လှသည်။ ခဏနေလျှင် မင်ရည်လေး လောင်းထည့်လိုက်မည် ဆိုပါက ကြယ်များ ရောက်ရှိလာမည် မဟုတ်ပါလော။
ဟဟ … လွယ်လွန်းတယ်။
ဘေးနားရှိ သစ်ပင်နောက်ကွယ်မှ အစေခံလေး တစ်ဦးမှာ ဖန်ကျန်းရီ ရေဇလုံကိုင်၍ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း လန်းဆန်းတက်ကြွသွားကာ ကမန်းကတန်း ပြေးထွက်သွား၏။
သိပ်မကြာခင်မှာပင် အစေခံအုပ်စုထဲသို့ ပြေးဝင်သွားပြီး အော်ဟစ်လိုက်သည်။ "အစ်ကိုတို့ … ကျုပ် အဲဒီ ဖန်ထန်ကျင့်ကို တွေ့လိုက်တယ်"
"ဘယ်လိုလဲ။ ဘာတွေ ထူးခြားတာ တွေ့လဲ။ အဲဒီကောင်က ကြယ်တွေကို ဘယ်လို ဖမ်းမလို့လဲ"
"သူ ရေဇလုံ တစ်လုံး ကိုင်လာတာကို ကျုပ်တွေ့လိုက်တယ်" အစေခံလေးက ပြန်လည် ဖြေကြားလိုက်၏။
ရေဇလုံ။ လူတိုင်းမှာ ခေါင်းငုံ့ကာ စဉ်းစားခန်း ဝင်သွားကြသည်။
ရေဇလုံဖြင့် ဘယ်လိုလုပ်၍ ကြယ်ကို ဖမ်းမည်နည်း။ ကြယ်များက ဇလုံထဲသို့ ပြုတ်ကျလာမည်လား။
"ရေဇလုံက ဘာအသုံးဝင်တယ်လို့ မင်းတို့ ထင်လဲ"
ရုတ်တရက် တစ်ဦးက အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်၏။ "ဟားဟား .. ကျုပ် နားလည်ပြီ။ ဒီခွေးကောင်က သေချာပေါက် ရေဇလုံကို မှန်လုပ်ပြီး ကြယ်တွေကို ကြည့်မလို့ပဲ။ ဒီလောက် ဉာဏ်တိမ်တာကိုး။"
"အဲဒါဆိုလည်း ဘယ်လိုလုပ် မြင်ရမှာလဲ" တစ်ဦးက မေးမြန်းလိုက်သည်။
"မင်ရည် နည်းနည်း လောင်းထည့်လိုက်ရင်ရော … မင်ရည်မည်းမည်းနဲ့ဆိုရင် ပိုရှင်းရှင်းလင်းလင်း မြင်ရပြီ မဟုတ်လား" ချက်ချင်းပင် တစ်ဦးက ဝင်ရောက် ဖြေကြားလိုက်၏။
"သူ ဘာပဲလုပ်လုပ်။ ဘာပဲဖြစ်ဖြစ် အပြင်လူကိုတော့ အရွေးချယ်ခံရလို့ မဖြစ်ဘူး။ အစ်ကိုတို့ အကုန်လုံး ဇလုံတွေ ယူခဲ့ကြ"
...
တောင်ဘက်ဆောင်သို့ ရောက်ရှိသောအခါ ချူယိုယီမှာ ထိုနေရာ၌ စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် နေ့ခင်းက ကြိုတင် ပြင်ဆင်ထားခဲ့သော စားပွဲကို မသိမ်းဆည်းရသေးသဖြင့် ဖန်ကျန်းရီက ရေဇလုံကို စားပွဲပေါ်သို့ တိုက်ရိုက် တင်လိုက်ပြီးနောက် ချူယိုယီအား ကြည့်ရှုလိုက်သည်။
ချူယိုယီက ဤအခြေအနေကို မြင်တွေ့သောအခါ အထင်သေးသည့် အမူအရာဖြင့် ပြောဆိုလိုက်၏။ "ဘာလုပ်မလို့လဲ။ ရှင် ဒီမှာ မျက်နှာလာသစ်မလို့လား"
ဖန်ကျန်းရီက အပြုံးမျက်နှာကို ထိန်းသိမ်းထားလျက် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။ "ဒုတိယသခင်မလေးက ကြယ်ဖမ်းချင်တယ်ဆိုလို့ ကျုပ် အခု လာဖမ်းပေးတာပါ"
ချူယိုယီက မျက်ခုံးပင့်လိုက်၏။ "ဟမ့် … ကောင်းပြီလေ။ ရှင် တကယ် ဖမ်းနိုင်ရင် မနက်ဖြန် ကျွန်မနဲ့အတူ စာသင်ကျောင်းကို လိုက်ခဲ့။ မဖမ်းနိုင်ရင်တော့ တစ်ယောက်တည်းပဲ သွားတော့မယ်"
ဖန်ကျန်းရီက စကားအပို ဆိုမနေတော့ချေ။ "ဒုတိယသခင်မလေးဆီက မင်ရည် နည်းနည်းလောက် ငှားပါရစေ"
"ရှင်းကျူ … သူ့အတွက် မင်ရည် သွားသွေးပေးလိုက်။ သူ ဘာတွေ လုပ်ပြမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
ရှင်းကျူက အပြေးအလွှား သွားရောက်ကာ မင်ရည် သွေးပေးသည်။ သိပ်မကြာခင်မှာပဲ မင်အိုးကို ကိုင်ဆောင်လျက် ပြန်လည် ရောက်ရှိလာ၏။
ဖန်ကျန်းရီ၏ ဘေးသို့ ကပ်လာပြီးနောက် တိုးတိတ်စွာ ပြောဆိုလိုက်သည်။ "အစ်ကိုဖန် .. အစ်ကို ဘာလုပ်မလို့လဲ။ ကြယ်ဖမ်းတယ်ဆိုတာ လုံးဝ မဖြစ်နိုင်တာကို။ ဒုတိယသခင်မလေးက ဒီလို စရိုက်မျိုးပဲ၊ အကြီးဆုံး သခင်မလေး အုပ်ချုပ်တာကို မကြိုက်လို့ ပါးစပ်ကနေ အလွယ်တကူ ပြောလိုက်တာပါ။ တကယ်တော့ မနက်ဖြန် မနက် အစ်ကို သူ့နောက်ကို လိုက်သွားရင်လည်း သူ ဘာမှ ပြောမှာ မဟုတ်ပါဘူး"
"ဟမ့် … ရှင်စိတ်မပူပါနဲ့၊ ကြည့်နေလိုက်..."
"ဒုတိယသခင်မလေး။ ဒုတိယသခင်မလေး။ ကျုပ် ကြယ်ဖမ်းမယ့် နည်းလမ်းကို စဉ်းစားမိသွားပြီ"
"ကျုပ်လည်း စဉ်းစားမိသွားပြီ"
"ကျုပ်ကို မင်ရည် နည်းနည်းလောက် ပေးပါ။ ခဏနေရင် ကြယ်တွေကို သေချာပေါက် ခူးပေးနိုင်မှာပါ"
ဖန်ကျန်းရီ နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် မျက်နှာထက်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွား၏။
အစေခံ ဆယ်ဦးကျော်ခန့်မှာ တစ်ယောက်ကို ရေဇလုံ တစ်လုံးစီ ကိုင်ဆောင်လျက် ပြေးလွှားလာကြသည်။
ပါးစပ်မှလည်း မင်ရည် တောင်းခံနေကြ၏။
ဒီ... ဒီ... မင်းမေဂွေးစိ .. ဒါ ဘယ်လို အခြေအနေလဲ။ ဒီလူတွေရဲ့ ဦးနှောက်က ဒီလောက်မြန်မြန် အလုပ် လုပ်နိုင်တာလား။
ကြောင်အမ်းနေစဉ်မှာပဲ အစေခံများက ရေဇလုံများကို စားပွဲပေါ်၌ တင်လိုက်ကြပြီ ဖြစ်သည်။
ချူယိုယီက ခေါင်းပြူထွက်လာကာ ဤမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် ကြည့်ရှုနေရင်းမှ မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်။
"အယ် … ရှင်တို့ အားလုံး စဉ်းစားထားတာ တစ်နည်းတည်းပဲ မဟုတ်လား"
"ဒုတိယသခင်မလေး … ကျုပ် မနက်ကတည်းက နည်းလမ်းကို စဉ်းစားမိနေတာပါ" အစေခံတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
ဖန်ကျန်းရီမှာ ချေးစားရသကဲ့သို့ ရွံရှာလျက်ရှိသည်။ မျက်ထောင့်များမှာ ဆက်တိုက်ဆိုသလို လှုပ်ခါနေတော့သည်။
"ကောင်းပြီ။ ရှင်းကျူ … အဲဒီမင်ရည်ကို သူ့ကို အရင် ပေးလိုက်" ချူယိုယီက ခုနက စကားပြောဆိုသော အစေခံကို ညွှန်ပြလိုက်သည်။
ရှင်းကျူက မတတ်သာတော့ဘဲ ဖန်ကျန်းရီကို တစ်ချက် ကြည့်ရှုလိုက်ပြီးနောက် ထိုအစေခံရှေ့သို့ လျှောက်သွား၏။
အစေခံက စိတ်လှုပ်ရှားစွာဖြင့် မင်ရည်ကို ရေဇလုံအတွင်းသို့ လောင်းထည့်လိုက်သည်။
ရေကြည်တစ်ဇလုံမှာ ချက်ချင်းပင် မည်းမှောင်သွား၏။
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ရေဇလုံကို ကိုင်ဆောင်ကာ ချူယိုယီ၏ အရှေ့သို့ ပြေးသွားပြီး လက်ဆောင် ဆက်သသကဲ့သို့ ပြောဆိုလိုက်သည်။ "ဒုတိယသခင်မလေး …. ကြယ်တွေ ဇလုံထဲမှာ ရောက်နေပါပြီ"
မြင်လိုက်သည်နှင့် ချူယိုယီ သဘောပေါက်သွားကာ မျက်နှာထား ချက်ချင်းပင် တင်းမာသွား၏။
ရေဇလုံကို ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောဆိုလိုက်သည်။ "ရှင့်ဘာသာ ကြည့်လိုက်စမ်း၊ အထဲမှာ ရှိလား"
ထိုစကားကို ကြားရသောအခါ အစေခံ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး ရေဇလုံကို ခေါင်းငုံ့ကြည့်လိုက်ရာ အတွင်း၌ အမည်းရောင် တစ်ပြင်လုံးသာ ရှိနေပြီး လမင်းကို ဝေဝေဝါးဝါးသာ မြင်တွေ့နေရသည်။ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်၏။ "အာ... ဒီမှာ၊ မရှိဘူး... ဒါပေမဲ့ လရှင်ရှိတယ်လေ"
"ဒီသခင်မလေး လိုချင်တာက ကြယ်တွေ၊ ရှင်က ကျွန်မကို လမင်းကို လာပြနေတယ်။ မှန်တစ်ချပ် ယူလာရင် ပိုမကောင်းဘူးလား။ အဲဒါဆိုရင် ပိုရှင်းရှင်းလင်းလင်း မြင်ရမှာပေါ့"
ချူယိုယီ၏ မျက်နှာထားမှာ ပို၍ ဆိုးရွားလာပြီး အစေခံများ အားလုံးကို အကဲခတ်ကြည့်လိုက်သည်။ "ရှင်တို့က ကျွန်မကို ငတုံးလို့ ထင်နေတာလား။ ဒီလိုပစ္စည်းမျိုးနဲ့ ဒီသခင်မလေးကို လာလှည့်စားနေတာ။ ဒီလောက် တုံးအတာတောင် စာကြည့်ဖော် အစေခံ လုပ်ချင်သေးတယ်"
ဖန်ကျန်းရီက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
ဪ .. ကြယ်တွေကို မမြင်ရပါလား။ ကြည့်ရသည်မှာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများကို အများအပြား ကြည့်ရှုမိလွန်းသဖြင့် အတွေးများ မှားယွင်းနေခြင်း ဖြစ်ပေမည်။
ကံကောင်းထောက်မစွာဖြင့် ငတုံးများက အရင် ရှေ့ထွက်သွားကြ၍သာ၊ မဟုတ်ပါက အရှက်ကွဲတော့မည်။
"ဖန်ထန်ကျင့် … ရှင့်ရဲ့ နည်းလမ်းကရော။ မင်ရည်နဲ့ ကြယ်တွေကို ကြည့်မယ်ဆိုတဲ့ ဒီလောက် တုံးအတဲ့ နည်းလမ်းမျိုးတော့ မဟုတ်လောက်ဘူး မဟုတ်လား"
ချူယိုယီက မေးမြန်းလိုက်၏။ "ကျွန်မအစ်မက ရှင့်ကို ဉာဏ်ကောင်းတယ်လို့ ထင်နေမှတော့ ရှင့်ဆီမှာ သေချာပေါက် နည်းလမ်းရှိမှာပဲ မဟုတ်လား။ နည်းလမ်း မစဉ်းစားနိုင်ရင်တော့ လူအသစ် ပြန်ရွေးတော့မယ်"
ဖန်ကျန်းရီက စဉ်းစားနေဟန် ပြုလုပ်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောဆိုလိုက်သည်။ "ရှိတယ်။ သေချာပေါက် ရှိတာပေါ့။ ဒုတိယသခင်မလေးကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်ဆီမှာ ကြယ်တွေ စောစောတည်းက ရှိနေတာ .. ဘိုးဘေးအမွေပဲ"
"ဟင်" ချူယိုယီ၏ မျက်နှာထက်၌ ချက်ချင်း စိတ်ဝင်စားသည့် အမူအရာများ ပေါ်လွင်လာ၏။
အစပထမ၌ ချူချင်ဟန်ကို မကျေမနပ်ဖြစ်ကာ အခက်တွေ့အောင် ပြုလုပ်လိုခြင်း သတ်သတ်သာ ဖြစ်သည်။ ဖန်ကျန်းရီက ဤမျှတိုင် လေလုံးထွားရဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"ရှင် ကျွန်မကို မလိမ်ပါဘူးနော်"
"ကျုပ် ဘယ်တော့မှ မလိမ်ဘူး။ ဒုတိယသခင်မလေး ခဏစောင့်ပါ … ကြယ်သွားယူလိုက်ပါ့မယ်" ပြောဆိုပြီးသည်နှင့် ဖန်ကျန်းရီက တောင်ဘက်ဆောင်မှ ထွက်ခွာသွား၏။
သိပ်မကြာခင်မှာပဲ လက်ထဲ၌ ပြွန်တစ်ခု ကိုင်ဆောင်လျက် ချူယိုယီ၏ အရှေ့သို့ ရောက်ရှိလာသည်။
"ရော့ … ကျုပ်ရဲ့ ဘိုးဘေးအမွေ ကြယ်က ဒီပြွန်ထဲမှာ ရှိတယ်"
ချူယိုယီက ဖန်ကျန်းရီ၏ လက်ထဲမှ မီးရှူးမီးပန်းကို သံသယဖြင့် ကြည့်ရှုလိုက်၏။ "ဖွင့်ပြစမ်းပါ"
"ဖွင့်လိုက်ရင် လွင့်သွားမှာပေါ့။ တစ်ခဏလေးအတွင်းမှာ ပျောက်ကွယ်သွားလိမ့်မယ်။ ကျုပ်အဖေ ပြောဖူးတယ်။ ဒီကြယ်ကို မျိုးဆက် သုံးဆက်လောက် ကြိုးစားပမ်းစား ဖမ်းထားရတာတဲ့။ အဖိုးမဖြတ်နိုင်တဲ့ ရတနာလို့ ပြောလို့ရတယ်၊ ဒါကြောင့် ကျုပ်ကို သေချာ သိမ်းထားခိုင်းတာ၊ ဘာအမှားမှ မဖြစ်စေနဲ့တဲ့" ဖန်ကျန်းရီက မျက်နှာမပူဘဲ လေလုံးထွားလိုက်သည်။
ဤမီးရှူးမီးပန်းမှာ မူလက အချက်ပြရန် အသုံးပြုခြင်း ဖြစ်သည်။ လွန်ခဲ့သော ရက်ပိုင်းက သူ့လူများ သူ့ကို ရှာမတွေ့မည် စိုးသဖြင့် သူလည်း အသုံးပြုချင်ခဲ့မိသည်။
သို့ပေမည့် ဖြစ်နိုင်ခြေ နည်းပါးလွန်းလှသဖြင့် အလဟဿ မဖြုန်းတီးလိုတော့ဘဲ လက်ထဲ၌သာ ဆက်လက် သိမ်းဆည်းထားလိုက်သည်။ ယခု အသုံးပြုရတော့မည် ဆိုလျှင်လည်း အသုံးပြုရမည်ပင်။
အကယ်၍ ချူယိုယီ … ဤမိန်းကလေးက သူ့ကို အလုပ်မခန့်ပါက သူ အပြင်ထွက်ခွင့် ဆုံးရှုံးသွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ တရားမဝင် လာရောက်နေထိုင်ခြင်း ဖြစ်သည်။ အစိုးရရုံးများမှာလည်း ဝူမင်းသားနှင့် အဆက်အသွယ် ရှိနေနိုင်၍ မလိုအပ်သော အန္တရာယ်များကို တတ်နိုင်သမျှ လျှော့ချရပေမည်။
ချူယိုယီက လုံးဝ မယုံကြည်သည့် ပုံစံဖြင့် အထင်သေးစွာ ပြောဆိုလိုက်သည်။ "လေလုံးထွားတာ။ အဖိုးမဖြတ်နိုင်တဲ့ ရတနာကို စက္ကူပြွန်အစုတ်လေးထဲမှာ ထည့်ထားတယ် ဟုတ်လား။ ဖွင့်ပြစမ်းပါ"
ဖန်ကျန်းရီ၏ မျက်နှာထားမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင်တော့ ခက်ခက်ခဲခဲဖြင့် ပြောဆိုလိုက်၏။ "ကောင်းပြီလေ။ ဒုတိယသခင်မလေးက ကြည့်ချင်တယ်ဆိုတော့ ကျုပ် မငြင်းရဲပါဘူး။ မီးမှုတ်တံလေး တစ်ခုလောက် ယူပေးပါ၊ ဒီကြယ်က ငြိမ်းသွားပြီ။ ပြန်လင်းလာအောင် မီးလိုတယ်"
"ရှင်းကျူ … သူ့အတွက် မီးမှုတ်တံ သွားယူပေးလိုက်"