အခန်း (၁၇၇-၁၇၈)
Vol. 11 Ch. 177-178
အပိုင်း (၁၇၇) မရိုးသားတဲ့ အလုပ်တချို့ လုပ်ခြင်း။
ညအချိန်တွင် သတင်းစာတိုက်၌ မီးရောင်များ လင်းထိန်နေပြီး အားလုံးက အလုပ်လုပ်နေကြဆဲ ဖြစ်၏။
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့လည်း ရှိနေသည်။
သတင်းစာ အရောင်းစာရင်းများကို စုစည်းတင်ပြလာမှုက ဖန်ကျန်းရီကို အနည်းငယ် အံ့အားသင့်သွားစေခဲ့၏။
တစ်ရက်တောင် မပြည့်သေးခင်မှာပင် တစ်မြို့လုံး၌ အကုန် ရောင်းထွက်သွားခဲ့သည်။
ထို့အပြင် ဈေးကွက်စစ်တမ်းအရ အလွှာအသီးသီးမှ ပြည်သူများက သတင်းစာကို အလွန် စိတ်ဝင်စားကြပြီး နောက်နေ့ ထွက်မည့် ဒုတိယပိုင်းကိုလည်း မျှော်လင့်နေကြကြောင်း တွေ့ရ၏။
ယခုအချိန်တွင် သတင်းစာတိုက်အတွင်း၌ ရှန်ရီနှင့် အခြားသူများက မနက်ဖြန်အတွက် သတင်းများကို အပြင်းအထန် ရေးသားနေကြပြီး သန်းခေါင်ယံအချိန်ရောက်မှ ပုံနှိပ်စက်သို့ ပို့ကာ ပုံနှိပ်ရမည်။
ဖန်ကျန်းရီက အစီရင်ခံစာကို ဖတ်ပြီးနောက် သတင်းထောက်များကို စတင် လှည့်လည်ကြည့်ရှုလိုက်၏။
အားလုံး အခြေအနေ ကောင်းမွန်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက မအောင့်အည်းနိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ညီအစ်ကိုတို့... သေချာ ကြိုးစားလုပ်ကြ။"
"အလုပ်ဆိုတာ ကိုယ့်ဘဝရဲ့ ဇာတ်ခုံပဲ။ လက်ခုပ်သံ ရ၊ မရဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တယ်။ ဒီနေ့ အလုပ်မှာ မကြိုးစားရင် မနက်ဖြန်ကျ အလုပ်ကြိုးစားပြီး ရှာရလိမ့်မယ်။"
"ကျုပ်ကို ပြောပြကြစမ်း။ ခင်ဗျားတို့ ပျော်ရွှင်ရဲ့လား။"
"ပျော်ရွှင်ပါတယ်။" အားလုံးက ခေါင်းမော့ကာ ပြိုင်တူ အော်ဟစ်လိုက်ကြပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာများ ရှိနေကြ၏။
ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်က ကော့တက်သွားသည်။
ကောင်းတယ်။ အလုပ်သင်တွေက တကယ် တော်တာပဲ။ အလုပ်လုပ်ချင်စိတ် တကယ်ကို မြင့်မားတယ်။
"အရမ်း ကောင်းတယ်။ နောက်ပိုင်း ကျုပ်က ခင်ဗျားတို့အတွက် မွေ့ရာတွေ သီးသန့် အော်ဒါမှာပေးမယ်။ ပင်ပန်းရင် သတင်းစာတိုက်ထဲမှာပဲ တန်းအိပ်လို့ ရတယ်။ အလုပ်က ကောင်းပေမဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြအုံးနော်။"
"ကျေးဇူးတင်ပါတယ် အမတ်ကြီးဖန်။"
သေချာပေါက် ဖန်ကျန်းရီ၏ လူသားဆန်သော အုပ်ချုပ်မှုက လူအများ၏ စိတ်ကို ဖမ်းစားနိုင်ခဲ့သည်။
သတင်းထောက်တစ်စုက ရင်ထဲတွင် ကြည်နူးနေကြ၏။ အလုပ်၏ အကျိုးခံစားခွင့်က တကယ့်ကို ကောင်းလွန်းနေသည်။ သီးသန့် မွေ့ရာတောင် လုပ်ပေးသေး၏။
လီယွမ်ကျောက်က မျက်မှောင်ကြုတ်လိုက်သည်။ "ဖန်ကြီး... ဒီလို လုပ်တာက လူမဆန်လွန်းရာ မကျဘူးလား။"
ဖန်ကျန်းရီက နာကျင်နေသည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။ "အိမ်ရှေ့စံ... တခြားသူတွေ ကျုပ်ကို နားမလည်ရင် ထားလိုက်ပါ။ အိမ်ရှေ့စံကတောင် နားမလည်ဘူးလား။
အလုပ်စတင်ခါစ အချိန်ဆိုတာ ဒီလိုပဲ။ သတင်းစာတိုက်က အိမ်ရှေ့စံရဲ့ နာမည်ကို သုံးထားတာ။ သူတို့ရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေက နောက်ကျရင် လာမှာပါ။
လူငယ်တွေ အလုပ်ကြမ်း နည်းနည်း လုပ်ရတာကို ဘာကြောက်စရာ ရှိလို့လဲ။ အခု ချွေးများများ ထွက်လေ နောက်ကျရင် မျက်ရည်နည်းနည်း ကျရလေပဲ။
ပြီးတော့ ဒီလို ညဘက် အလုပ်လုပ်ရတာ ဘယ်လောက်ကောင်းလဲ။ ဒီမှာ အလုပ်လုပ်ခွင့် ရတာက သူတို့ရဲ့ ကံကောင်းမှုပဲ။"
လီယွမ်ကျောက်က ဖန်ကျန်းရီကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ပြီး ရင်ထဲတွင် ထူးဆန်းသလို ခံစားလိုက်ရ၏။
ဤကိစ္စနှင့် ပတ်သက်၍ ဖန်ကျန်းရီကလည်း သူကိုယ်သူ အလွန် အပြစ်ကင်းသည်ဟု ခံစားရသည်။ မတတ်နိုင်ချေ။ လက်ရှိ အခြေအနေက ဤသို့ပင် ဖြစ်နေသည်။ သတင်းစာတိုက် ဖွင့်လှစ်ရသည်မှာ အလျင်စလို ဖြစ်ခဲ့ပြီး လူအင်အားနှင့် အတွေ့အကြုံ နှစ်ခုလုံး အလွန် လိုအပ်နေ၏။ ထို့အပြင် သတင်းစာတိုက်၏ အလုပ်ချိန်က တိုတောင်းပြီး အလုပ်ပမာဏက များပြားလှသည်။
စွမ်းဆောင်ရည် နိမ့်ကျမှုကို အချိန်နှင့်သာ အစားထိုးနိုင်ပေမည်။ ထို့ကြောင့် ဤရိုးသားသော ပညာတတ်များကို စိတ်ခွန်အားတွေ ပိုမို ထိုးသွင်းပေးဖို့သာ တတ်နိုင်တော့၏။
...
နောက်တစ်နေ့တွင် နေ့စဉ်ထုတ် သတင်းစာက အချိန်မီ ထွက်ရှိလာခဲ့သည်။
ဈေးကွက်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ချက်ချင်း လုဝယ်ခံလိုက်ရ၏။
ဖျော်ဖြေရေး အစီအစဉ်များ အလွန် ရှားပါးသည့် ရှေးခေတ်လူများက အိမ်ရှေ့စံ နေ့စဉ်ထုတ် သတင်းစာကို အလွန်အမင်း စိတ်ဝင်စားနေကြသည်။
မြို့တော်ထဲမှာ နေရင်း နေ့တိုင်း မြို့ထဲတွင် ဤမျှများပြားသော အသစ်အဆန်းများ ဖြစ်ပေါ်နေသည်ကို သူတို့ အဘယ့်ကြောင့် မသိရသနည်း။ ထို့အပြင် ဖူယွင်ဘုရားကျောင်းက တကယ်တော့ ဘာကျိန်စာတွေ သင့်နေတာလဲ။
အားလုံးက အဖြေရှာရန် သတင်းစာကို အသီးသီး ကောက်ကိုင်လိုက်ကြ၏။
ဝယ်မရသူများကတော့ သတင်းစာဖတ်ပြသူများဆီ တန်းသွားပြီး ဇာတ်လမ်း သွားနားထောင်ကြသည်။
ဒုတိယနေ့တွင်လည်း ဖူယွင်ဘုရားကျောင်းက လျှို့ဝှက်ဆန်းကြယ်မှုများ၊ သတင်းဆိုးများနှင့် ပြည့်နှက်နေဆဲပင်။
နှစ်ရက်တည်းနှင့် ဘုန်းတော်ကြီး၏ သွေးက လမ်းပေါ်တွင် နာမည်ပျက်သွားခဲ့ပြီ ဖြစ်၏။ ရေတွက်၍မရအောင် များပြားသည့် လူများက ကူးစက်ရောဂါကို ရှောင်ရှားသကဲ့သို့ ဘုန်းတော်ကြီး၏ သွေးနှင့် ပတ်သက်သည့် ပစ္စည်းမှန်သမျှကို ရှောင်ရှားနေကြသည်။
ညဘက်တွင် ဒေါသထွက်နေသည့် မှောင်ခိုသမားတစ်စုက အသစ်ပြန်လည် ပြင်ဆင်ထားသည့် ဖူယွင်ဘုရားကျောင်း ကို တိတ်တဆိတ် ဖျက်ဆီးပစ်လိုက်ကြ၏။
တတိယနေ့သို့ ရောက်ချိန်မှာတော့ ဖူယွင်ဘုရားကျောင်း၏ ကျိန်စာကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
အကြောင်းရင်းကတော့ ဘုန်းကြီးများက အလုပ်မလုပ်ဘဲ တစ်နှစ်ပတ်လုံး သက်သတ်လွတ် စားသုံးကြသောကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းကာ သွေးအရည်အသွေး နိမ့်ကျနေခြင်း ဖြစ်ကြောင်းနှင့် အလုပ်လုပ်ခြင်းသည်သာ အမွန်မြတ်ဆုံး ဖြစ်ကြောင်း အားပေးထား၏။
ရေတွက်၍မရအောင် များပြားသည့် ပြည်သူများက အမှန်တရားကို သိရှိသွားချိန်မှာတော့ သတင်းဆောင်းပါး ရေးသားသူအား အရှက်မရှိဟု ဆဲဆိုကြပြီး သူတို့၏ ခံစားချက်များ လိမ်ညာခံလိုက်ရသကဲ့သို့ ခံစားရသည်။ ထို့ကြောင့်ည ဖူယွင်ဘုရားကျောင်းသို့ အမွှေးတိုင် သွားထွန်းရန် အလုံးအရင်းဖြင့် သွားရောက်ကြသည်။
သို့ပေမည့် သူတို့ ရောက်သွားချိန်မှာတော့ ဖူယွင်ဘုရားကျောင်းမှ ဘုန်းကြီးအားလုံးက လူဝတ်လဲသွားကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
သုံးရက်အတွင်း ပန်းရှန်းရပ်ကွက်ရှိ တစ်ခုတည်းသော ဘုရားကျောင်းက သိပ္ပံပညာကို လေ့လာခဲ့သောကြောင့် ပျောက်ကွယ်သွားခဲ့ရသည်။
ထို့နောက် ရက်အနည်းငယ် ဆက်တိုက် အိမ်ရှေ့စံ နေ့စဉ်ထုတ် သတင်းစာ၏ အရောင်းရဆုံး အခြေအနေက ပို၍ပို၍ တိုးတက်လာခဲ့ပြီး နောက်ဆုံး နန်းတွင်း ညီလာခံသို့ ရောက်ရှိသွားခဲ့၏။
ကျင်းဘုရင်က သတင်းစာတစ်စောင်ကို ကိုင်ထားပြီး မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ လင်းလက်သွားသည်။
သတင်းစာကို မမြင်ဖူး၍ မဟုတ်ချေ။ သတင်းစာ စတင်ဖြန့်ချိသည့် ပထမဆုံးနေ့တည်းက ကျင်းဘုရင်က ရရှိခဲ့ပြီး စိတ်ဝင်တစား ဖတ်ရှုခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် တစ်ချိန်တည်းမှာပဲ သတင်းစာ၏ သက်ရောက်မှုကို အနည်းငယ် အံ့ဩမိပြီး သတိထားသည့် သဘောထားဖြင့် စောင့်ကြည့်နေမိသည်။
ယခု သူရရှိထားသည့် သတင်းစာက အဋ္ဌမမြောက် အကြိမ် ထုတ်ဝေမှုပင် ဖြစ်နေခဲ့သည်။
အထဲမှ သတင်းများက သူ့ကို အမြဲတမ်း မျက်စိပွင့်သွားစေခဲ့၏။ အဆိုပြုလွှာများ ဖတ်ရ၍ ပင်ပန်းလာချိန်တွင် သတင်းစာ တစ်ချက် ဖတ်လိုက်ခြင်းက သူ့ကို စိတ်အပန်းပြေစေမည့် နည်းလမ်းကောင်း တစ်ခု ဖြစ်လာခဲ့၏။
အောက်ဘက်ရှိ အမတ်အားလုံးကလည်း ကျင်းဘုရင် သတင်းစာ ဖတ်ပြီးသည်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်း နေကြ၏။
ကျင်းဘုရင်က သတင်းစာကိုချကာ ချီးကျူးလိုက်သည်။ "ဒီသတင်းစာက တော်တော်လေး ဆန်းသစ်တယ်။ မြို့တော်ထဲမှာ ကိုယ်တော်မသိတဲ့ ကိစ္စတွေ ဒီလောက် အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ မျက်စိပွင့် သွားတာပဲ။"
"အမတ်တို့... ဒီနေ့ သတင်းစာကို ကိုယ်တော့်ဆီ ယူလာတာ ဘာပြောစရာ ရှိလို့လဲ။"
"အရှင်မင်းကြီးကို တင်လျှောက်ပါတယ်။ သတင်းစာဆိုတဲ့ ပစ္စည်းက ကောင်းပေမဲ့ သက်ရောက်မှုက အရမ်း ကြီးမားလွန်းတယ်။ ဒါကြောင့် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပြီး စည်းမျဉ်းတစ်ခု ရေးဆွဲဖို့ လိုအပ်ပါတယ်။"
"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က လိမ်လည်လှည့်ဖြားပြီး ပြည်သူတွေကို လှုံ့ဆော်မယ်ဆိုရင် ကောင်းတဲ့ကိစ္စကနေ ဆိုးတဲ့ကိစ္စ ဖြစ်သွားပါလိမ့်မယ်။ သေချာပေါက် ဒီသတင်းစာက အိမ်ရှေ့စံ ဦးစီးလုပ်ဆောင်တာဆိုတော့ ကျွန်တော်မျိုးတို့က အလွန် စိတ်ချပါတယ်။ ကြောက်စရာ အကောင်းဆုံးက တခြားသူတွေလည်း သတင်းစာ ထုတ်လုပ်လာနိုင်တာပါပဲ။"
လီယန်စုန်က ပြောလိုက်၏။ "အရှင်မင်းကြီး… ဒီသတင်းစာက အရမ်း ကောင်းပါတယ်။ ကျွန်တော်မျိုးတို့လည်း ဖတ်ရတာ အရမ်း သဘောကျပါတယ်။
အထဲက ပညာတတ်တွေရဲ့ လက်ရာကောင်း တချို့ကလည်း ကျွန်တော်မျိုးကို မျက်စိပွင့်သွားစေပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး စိုးရိမ်တာက အိမ်ရှေ့စံရဲ့နာမည်နဲ့ လူသိရှင်ကြား ရောင်းချနေတာက လူတွေရဲ့ ဝေဖန်မှုကို ခံရမှာပါ။"
ဖန်ကျန်းရီက ချက်ချင်း ဝင်ပြောလိုက်သည်။ "အမတ်ကြီးလီရဲ့ စကားက တစ်ဖက်သတ် ဆန်လွန်းနေတယ်။"
"ဒီသတင်းစာ ရောင်းဈေးက ကြေးပြား ငါးပြားတည်းပါ။ ပစ္စည်းကောင်းပြီး ဈေးသက်သာတယ်။ ဒီလောက် ကြီးမားတဲ့ စက္ကူတစ်ရွက်အပြင် မှင်ဖိုးနဲ့ လုပ်အားခတွေ ပေါင်းလိုက်ရင် အရှုံးခံပြီး လုပ်ငန်းလည်ပတ်နေရတာပါ။ ဒါက စီးပွားရေး လုပ်တာ မဟုတ်ဘူး။ ပရဟိတ လုပ်တာ။"
ဤတစ်ကြိမ်မှာတော့ အရမ်း အံ့ဩစရာ ကောင်းလှ၏။ အားလုံးက ဖန်ကျန်းရီကို ကြည့်မရ ဖြစ်နေကြသော်လည်း ထူးထူးဆန်းဆန်း မည်သူကမှ ထွက်ပြီး မချေပကြချေ။
အကြောင်းရင်းက အခြား မရှိပေ။ အားလုံးက အနည်းငယ် မကျေမနပ် ဖြစ်နေကြသော်လည်း သတင်းစာ ဖတ်ရတာကို သဘောကျကြပြီး ကိုယ်တိုင်တောင် လုပ်ချင်သည့် အတွေး ဝင်နေကြသောကြောင့်ပင်။
သို့ပေမည့် မည်သည့်နေရာက စလုပ်ရမလဲ ဆိုသည်ကို မသိကြပေ။
ထို့နောက် ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "အရှင်မင်းကြီးကို တင်လျှောက်ပါတယ်။ သတင်းစာက ကောင်းပေမဲ့ တခြားအမတ်တွေ ပြောသလိုပဲ အခွင့်ကောင်းယူချင်တဲ့ သူတွေက အသုံးချသွားနိုင်ခြေ အရမ်း များပါတယ်။
ဒီနေ့ကစပြီး နောက်ပိုင်း ဖွင့်လှစ်မယ့် သတင်းစာတိုက် အသစ်တိုင်းက ပြည်သူတွေကြားထဲ မငြိမ်မသက်မှုတွေ မဖြစ်ပေါ်စေဖို့ နန်းတော်ရဲ့ ခွင့်ပြုချက်နဲ့ မှတ်ပုံတင်ရမယ်လို့ ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။
နောက်ပိုင်းကျရင် သေချာပေါက် အသေးစိတ် စည်းမျဉ်းတွေကို ရေးဆွဲရပါမယ်။ ဒါပေမဲ့ အခုချိန်မှာတော့ စမ်းသပ်နေဆဲ အဆင့်ပဲ ရှိပါသေးတယ်။ ကျွန်တော်မျိုးက အိမ်ရှေ့စံကို ကူညီပြီး ပြီးပြည့်စုံသွားအောင် လုပ်ဆောင်ပြီးရင် အရှင်မင်းကြီး ဖတ်ရှုဖို့ ဆက်သပါ့မယ်။"
ကျင်းဘုရင်က ခေါင်းညိတ်ကာ လီယွမ်ကျောက်ကို ချီးကျူးသည့်အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လုံးများက ချက်ချင်း စူးရှလာ၏။
လီယွမ်ကျောက်သည် ယခုအချိန်တွင် ခေါင်းတွေ မူးဝေနေဆဲ ဖြစ်သည်။ ဤကာလအတွင်း စူးစမ်းချင်စိတ်များကြောင့် နေ့တိုင်း သတင်းထောက်များနှင့် လိုက်ပြေးနေရသဖြင့် အလွန် ပင်ပန်းနေခဲ့၏။ ကောင်းကျိုးကတော့ ထင်ရှားသည်။ လောက၏ အန္တရာယ်များနှင့် ထူးဆန်းသည့် ကိစ္စရပ်မျိုးစုံကို အများအပြား မြင်တွေ့ခဲ့ရသည်။
ကျင်းဘုရင်က ခေါင်းလှည့်ကာ ဖန်ကျန်းရီကို ကြည့်ပြီး ပြောလိုက်၏။ "အမတ်ဖန်ရဲ့ စဉ်းစားတွေးခေါ်မှုက ပြည့်စုံပါတယ်။ မင်းပြောတဲ့အတိုင်းပဲ နောက်ပိုင်း သတင်းစာတိုက် အသစ် ဖွင့်မယ်ဆိုရင် နန်းတော်ကို တင်ပြရမယ်။ ကိုယ်တော် ကိုယ်တိုင် စစ်ဆေးမယ်။"
ဖန်ကျန်းရီက ဘယ်ညာ လှည့်ကြည့်လိုက်ရာ မည်သူကမှ ကန့်ကွက်သူ မရှိသည်ကို မြင်တော့ ပါးစပ်ကြီး ဖြဲကာ ပြုံးလိုက်မိသည်။
မရိုးသားတဲ့ အလုပ်တချို့ လုပ်ရမယ့် အချိန် ရောက်ပြီပေါ့။
...
တောက်ယွမ်ခရိုင်၊ နှင်းလမင်းစံအိမ်။
ကိုယ်ခံပညာ စာမေးပွဲ ပထမရထားသူ ကျိုးထျဲ့က အမျိုးသမီး တစ်ယောက်ကို ဖက်လျက်ရှိပြီး မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည်။ထို့အပြင် ပါးစပ်ထဲသို့ အရက်များကို အဆက်မပြတ် လောင်းထည့်နေ၏။
ရုတ်တရက် တံခါးအပြင်ဘက်မှ လူနှစ်ယောက် ဝင်လာပြီး ဝင်လာသည်နှင့် အော်ဟစ်လိုက်သည်။ "ဒုတိယအစ်ကို … ရှဲ့ရှန်းဆီက အရေးပေါ်စာ ရောက်လာတယ်။ အစ်ကို့အတွက်တဲ့။"
"ဘာ ဒုတိယအစ်ကိုလဲ။ ကျန်းပြောင် မရှိရင် ကျုပ်က အစ်ကိုကြီးပဲ။ ဒါနဲ့ လောလောဆယ်ဆယ် … အခန်းထဲ ဝင်ရင် အရင် တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား။"
ကျိုးထျဲ့က စိတ်မရှည်စွာဖြင့် စာအိတ်ကို လှမ်းယူလိုက်၏။
ဖောက်ကြည့်ပြီးနောက် ချက်ချင်း ပြုံးလိုက်သည်။
"ဟားဟား... ကောင်းပြီ။ နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီပေါ့။ သနားစရာကောင်းတဲ့ ငါ့ရဲ့ ပြိုင်ဘက်ကင်း ကိုယ်ခံပညာတွေက သုံးစရာ နေရာမရှိ ဖြစ်နေတာ။ ဒီနေ့တော့ အသုံးဝင်မယ့် နေရာ ရှာတွေ့ပြီပဲ။ သွားကြမယ်။"
စကားပြောပြီးချိန်မှာတော့ ကျိုးထျဲ့က ရင်ခွင်ထဲမှ အမျိုးသမီးကို ပစ်ချကာ တံခါးအပြင်ဘက်သို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားတော့၏။
အမျိုးသမီးက ကုတင်ပေါ်တွင် ထိုင်နေရင်းမှ လှမ်းခေါ်လိုက်သည်။ "သခင်လေး.. နောက်တစ်ခါ ထပ်လာခဲ့အုံးနော်။"
ကျိုးထျဲ့က တံခါးအပြင်ဘက်သို့ ရောက်နေပြီဖြစ်ပြီး နောက်သို့ လှည့်ကာ ရမ္မက်ဆန်ဆန် ပြုံးပြလိုက်၏။ "ညီမလေး … မလောပါနဲ့။ ကျုပ် ခဏသွားပြီး ပြန်လာခဲ့မယ်။"
စကားပြောပြီးသည်နှင့် နောက်သို့လှည့်ကာ အောက်ထပ်သို့ ခြေလှမ်းကျဲကျဲဖြင့် ဆင်းသွားသည်။
ထို့နောက်... ခြေချော်ကာ လှေကားပေါ်မှ လိမ့်ကျသွားတော့၏။
နှင်းလမင်းစံအိမ် အတွင်း ချက်ချင်း တိတ်ဆိတ်သွားပြီး ဒုံးဒုံးဒိုင်းဒိုင်း အသံများကိုသာ ကြားလိုက်ရသည်။
ဒုတိယထပ်မှ လူမိုက်လေး နှစ်ယောက်မှာ လုံးဝ ကြောင်အမ်းသွားကြ၏။
ပထမထပ်သို့ ရောက်သည်အထိ လိမ့်ကျသွားပြီးနောက် ကျိုးထျဲ့က မြေကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေကာ မျက်နှာအိုကြီးက နီရဲနေပြီး အတန်ကြာသည်အထိ မထနိုင်သေးချေ။
အချိန်အတော်ကြာပြီးနောက် ဆင်ခြေတစ်ခုကို တွေးမိသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းကို ဖြည်းညင်းစွာ မတင်ရင်း အံကြိတ်ကာ ပြောလိုက်သည်။ "ငါက အရက်နဲ့ မိန်းမလိုက်စားပြီး ဒီလောက်တောင် အားနည်းသွားတာလား။ ဒီနေ့ကစပြီး... ကိုယ်လက်လှုပ်ရှား အားကစား လုပ်ရမယ်။"
အပိုင်း (၁၇၈) ကိုယ်ကျင့်တရား ဖိနှိပ် ခြိမ်းခြောက်ခြင်း အဆင့်သတ်မှတ်ချက်။
နဝမမြောက်နေ့တွင် အိမ်ရှေ့စံ နေ့စဉ်ထုတ် သတင်းစာ၏ အဓိက စာမျက်နှာက ပြောင်းလဲသွား၏။ ကြီးမားသည့် အဆင့်သတ်မှတ်ချက် စာရင်းကြီး တစ်ခု ဖြစ်သွားသည်။
မြို့တော်ရှိ သူဌေးများ၏ စားနပ်ရိက္ခာ သိုလှောင်မှု အဆင့်သတ်မှတ်ချက် ဖြစ်ပြီး နန်းတွင်းရှိ အမတ်များ အားလုံး တစ်ယောက်မကျန် စာရင်းထဲတွင် ပါဝင်နေ၏။
သေချာပေါက် ဤအဆင့်သတ်မှတ်ချက်က အိမ်တွင် သိုလှောင်ထားသည့် စားနပ်ရိက္ခာ အလေးချိန်ကို အခြေခံ၍ သတ်မှတ်ထားခြင်း ဖြစ်သည်။
ဆန်ကျင်း တစ်သောင်းကျော်မှသည် ကျင်း ရာဂဏန်းအထိ အစဉ်လိုက် စီထား၏။
အမတ် တစ်ယောက်ချင်းစီ၏ အိမ်တွင် စားနပ်ရိက္ခာ မည်မျှရှိကြောင်းကိုတော့ သေချာပေါက် ဖန်ကျန်းရီက လျှောက်ရေးထားခြင်း ဖြစ်သည်။
လုံးဝ အခြေအမြစ်မရှိဘဲ လျှောက်ရေးထားခြင်းတော့ မဟုတ်ချေ။ ရက်အနည်းငယ်အတွင်း ဖန်ကျန်းရီက မြို့တော်ရှိ အကြီးအသေး ပွဲရုံ အားလုံးကို လူလွှတ်၍ စုံစမ်းခိုင်းထား၏။
မြို့တော်ရှိ အဆင့်မြင့် အရာရှိအများစု၏ လယ်ယာမြေများက ဇာတိမြို့များတွင် ရှိကြသော်လည်း မြို့တော်တွင်လည်း မြေယာများ ဝယ်ယူထားကြရာ ရာထူးအဆင့်အတန်းနှင့် တခြား အခြေအနေများကို ပေါင်းစပ်ပြီး အစဉ်လိုက် ရေးသားထားခြင်း ဖြစ်သည်။
ဘေးဘက်တွင် ဖန်ကျန်းရီ ညတွင်းချင်း ရေးသားထားသည့် ဆောင်းပါးတိုလေး တစ်ပုဒ်ကိုလည်း ပူးတွဲ ဖော်ပြထား၏။
[အရာရှိဖြစ်ပြီး ပြည်သူတွေအတွက် အလုပ်မလုပ်ပေးနိုင်ရင် အိမ်ပြန်ပြီး ကန်စွန်းဥ သွားစိုက်တာက ပိုကောင်းတယ်။]
ဆောင်းပါးထဲတွင် တောင်ပိုင်းဒေသရှိ စားနပ်ရိက္ခာ ဘေးဒုက္ခ၏ အခက်အခဲများကို အသေးစိတ် ရှင်းပြထားပြီး နန်းတွင်းရှိအမတ်များကို စားနပ်ရိက္ခာနှင့် ငွေကြေး လှူဒါန်းရန် တိုက်တွန်းထားကာ အရပ်ဘက်မှ သူဌေးများ ပါဝင်လာစေရန်လည်း အားပေးထား၏။
တက်တက်ကြွကြွ လှူဒါန်းသူများသည် သတင်းစာတွင် ကြော်ငြာ ဦးစားပေး ထည့်သွင်းနိုင်မည့် အခွင့်အရေး ရရှိမည်။
ဤသတင်းစာ ထွက်လာသည်နှင့် တစ်ပြိုင်နက် မြို့တော်၏ လူထုထင်မြင်ချက်ကို ချက်ချင်း ပေါက်ကွဲသွားစေသည်မှာ ယုံမှားဖွယ် မရှိချေ။
ရေတွက်၍မရအောင် များပြားသည့် ပြည်သူများ၏ အတင်းအဖျင်း ပြောလိုစိတ်နှင့် သူဌေးများကို မုန်းတီးသည့် စိတ်များက လှုပ်နှိုးခံလိုက်ရ၏။
နန်းတွင်းက အမတ်ကြီးတွေအိမ်မှာ စားနပ်ရိက္ခာ ဆန်ကျင်း တစ်သောင်းကျော်တောင် သိုလှောင်ထားတယ်တဲ့။ တောက်... အဲဒါတွေ အကုန်စားဖို့ ဘယ်လောက်တောင် ကြာမလဲ။
ကျုပ်ရဲ့ ခေါင်းပါးလှတဲ့ စိတ်ကူးဉာဏ်နဲ့တောင် မတွေးရဲဘူး။ သူတို့ အိမ်မှာ ငွေဘယ်လောက်တောင် ရှိနေအုံးမလဲ မသိဘူးနော်။
ကြည့်ရတာ နန်းတွင်းမှာ ရိုးသားတဲ့ အရာရှိ တစ်ယောက်မှ မရှိဘူးထင်တယ်။ ဖန်ကျန်းရီ ကလွဲလို့ပေါ့။
ဖန်ကျန်းရီ၏ ကိန်းဂဏန်းကတော့ အမှန်ပင် ဖြစ်၏။ သူ့အိမ်တွင် တကယ်ပဲ စားနပ်ရိက္ခာ သိုလှောင်ထားခြင်း သိပ်မရှိဘဲ ငွေများသာ ကျန်ရှိတော့လောက်အောင် ဆင်းရဲနေခြင်း ဖြစ်သည်။
...
မွန်းတည့်ချိန်သို့ ရောက်သောအခါ လီယွမ်ကျောက်က သတင်းစာတိုက်ထဲတွင် သတင်းစာကို ကိုင်ကာ အနည်းငယ် စိုးရိမ်ပူပန်နေပုံ ရ၏။
ဘေးနားရှိ ဖန်ကျန်းရီ ကတော့ သက်သောင့်သက်သာဖြင့် လက်ဖက်ရည် သောက်နေသည်။
လီယွမ်ကျောက်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "ဖန်ကြီး... ကျုပ်တို့ ဒီကိန်းဂဏန်းတွေကို လျှောက်ရေးထားတာ နည်းနည်း လွန်မသွားဘူးလား။ နည်းနည်း စိတ်ပူလာပြီ..."
"အိမ်ရှေ့စံ ကြောက်နေတာလား။" ဖန်ကျန်းရီက ပြုံးကာ မေးလိုက်သည်။
လီယွမ်ကျောက်က အဓိပ္ပာယ်ပါပါ ပြန်ဖြေလိုက်၏။ "မဟုတ်ဘူး။ ရင်ထဲမှာ နည်းနည်း ထိတ်နေလို့ပါ။ မနက်ဖြန် အမတ်တွေ ပြဿနာ ရှာလာရင် ကျုပ်တို့ ဘယ်လိုလုပ်မလဲ။ ကိစ္စက ဒီလောက်ထိ ကြီးသွားလိမ့်မယ်လို့ မထင်ထားဘူး။ အခု အပြင်မှာ အကုန်လုံး ရူးသွပ်နေကြပြီ။ သတင်းစာ မထွက်ခင်တုန်းက ဘာမှ မခံစားရပေမဲ့ အခုတော့ ခင်ဗျားအတွက် ကျုပ် စိုးရိမ်မိတယ်..."
ဖန်ကျန်းရီက အနည်းငယ် ပြုံးကာ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ "ကျုပ် စောစောကတည်းက စဉ်းစားပြီးပါပြီ။ အဆိုးဆုံး ရလဒ်က ရာထူးပြုတ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်သွားတာပဲ။ အရှင်မင်းကြီးက ကျုပ်ရဲ့ ဘွဲ့ထူးကိုတော့ သေချာပေါက် ရုပ်သိမ်းမှာ မဟုတ်ပါဘူး။ အဲဒီအခါကျရင် တောက်ယွမ်ခရိုင်ကို ပြန်ပြီး အေးအေးဆေးဆေး နေလိုက်ရုံပေါ့။
အိမ်ရှေ့စံလည်း အရှေ့နန်းဆောင်ကို ပြန်ပြီး ဇိမ်ကျကျ နေလို့ ရတာပဲ။ ဘယ်လို ကြည့်ကြည့် ကျုပ်တို့က အရှုံးမရှိဘူးလေ။"
လီယွမ်ကျောက်က မကျေမနပ်ဖြင့် ပြောလိုက်၏။ "မျှော်လင့်မနေနဲ့။ ကျုပ် ပြန်သွားရင်လည်း ခင်ဗျားကို ပြန်ဆွဲခေါ်မှာပဲ။ အဲဒီလို တွေးနေမယ့် အစား မနက်ဖြန် ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို စဉ်းစားတာကမှ ပိုကောင်းမယ်။"
ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ "ဘာတွေ စဉ်းစားနေစရာ လိုသေးလို့လဲ။ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကျုပ်လည်း မသိဘူး။ စစ်လာရင် စစ်ရေးအရ၊ ရေလာရင် မြေစာနဲ့ တားရုံပေါ့။
လူလည်တစ်စုက ကျုပ်ကို ဘယ်လို ဒုက္ခပေးမလဲ မသိဘူး။ ဒါပေမဲ့ အခု မီးပုံပေါ်မှာ အကင်ခံနေရတာက သူတို့လေ။ ကျုပ်တို့ လောနေစရာ မလိုသေးပါဘူး။"
အိမ်ရှေ့စံ မှတ်ထားပါ။ မနက်ဖြန် ညီလာခံမှာ သူတို့ ဘာပဲပြောပြော ကျုပ်တို့က အလှူငွေ ထည့်ဖို့ ဖိအားပေးရမယ်။ သူတို့ကို အရင်ဆုံး ဆန်လှူအောင် ဖိအားပေးနိုင်ရင် ကျုပ်တို့ တစ်ဝက် အောင်မြင်ပြီပဲ။ ကျန်တဲ့ ကိစ္စတွေကို နောက်မှ ဆက်ရှင်းတာပေါ့။"
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပဲ ….
လှေကားထစ်မှ အလျင်စလို အသံတစ်ခု ထွက်ပေါ်လာ၏။ "ဖန်ကျန်းရီ …. ဖန်ကျန်းရီ ဘယ်မှာလဲ။ မြန်မြန် ထွက်ခဲ့စမ်း။"
ဖန်ကျန်းရီက လှေကားဘက်သို့ အံ့အားသင့်စွာ ကြည့်လိုက်ရာ ထိုသူကို မြင်တော့ ချက်ချင်း ပြုံးလိုက်သည်။ ပြီးနောက် နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ "ဦးလေး... ဘယ်လိုလုပ် ရောက်လာတာလဲ။"
သတင်းစာတိုက် အတွင်းရှိ သတင်းထောက်များ၏ အကြည့်များက သူတို့နှစ်ဦးထံသို့ ရောက်ရှိသွားကြ၏။
အမတ်ကြီးဖန်ရဲ့ ဦးလေး ရောက်လာတာပဲ။ ဒါပေမဲ့ ကြည့်ရတာ ရန်သူ လာတာနဲ့ တူတယ်။
ရောက်လာသူမှာ လီယန်စုန် ဖြစ်ပြီး ဖန်ကျန်းရီ၏ အသံကို ကြားချိန်မှာတော့ တစ်ကိုယ်လုံး တုန်တက်သွားကာ ဒေါသတကြီး လျှောက်လာခဲ့၏။ ဖန်ကျန်းရီ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဆဲဆိုလိုက်သည်။ "ငါ့ကို လာပြီး ပြုံးဖြဲဖြဲ မလုပ်နဲ့။ ဖန်ကျန်းရီ... မင်း တော်တော် သတ္တိကောင်းနေပါလား။"
ပြောရင်းဆိုရင်း ရင်ဘတ်ထဲမှ သတင်းစာ တစ်စောင်ကို ဆွဲထုတ်ကာ အားရပါးရ ဖြန့်ခါလိုက်ပြီး အပေါ်ရှိ အဆင့်သတ်မှတ်ချက်ကို တုန်ရီစွာ လက်ညှိုးထိုးပြ၏။
"ဒီဟာ ….. ဒီဟာက မင်း လုပ်ထားတာလား။ သတ္တိကောင်းလှချည်လား။ သတ္တိကောင်းလှချည်လား။"
လီယွမ်ကျောက်က ခုန်ထွက်လာသည်။ "မဟုတ်ဘူး။ ဒါက ကျုပ် လုပ်ထားတာ။ ဘာလဲ … ခင်ဗျား မကျေနပ်လို့လား။"
လီယန်စုန်က နာကျင်နေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။ "အလိုလေး။ အိမ်ရှေ့စံ... သူ့အတွက် ဖုံးကွယ်မပေးပါနဲ့တော့။ ကျွန်တော်မျိုး အားလုံးကို သိပါတယ်။"
"ကျွန်တော်မျိုးကို စကားနှစ်ခွန်းလောက် ပြောခွင့်ပြုပါ။"
"ဟုတ်ပါတယ်။ ဒါ ကျုပ်ရေးထားတာ။ ဦးလေးမှာ ဘာများ အကြံဉာဏ် ပေးစရာ ရှိလို့လဲ။"
"ပါးစပ်ပိတ်ထားစမ်း။ ဘယ်သူက မင်းရဲ့ ဦးလေးလဲ။ အရှက်မရှိတဲ့ကောင်။" လီယန်စုန် တကယ်ကို သည်းမခံနိုင်တော့ချေ။
မူလက ရုံးတော်တွင် ပျော်ရွှင်စွာ အလုပ်လုပ်နေခြင်းဖြစ်သည်။ ဤသတင်းစာ ပေါ်လာပြီးနောက် ရုံးခန်း တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။
မိမိတို့ အိမ်တွင် သိုလှောင်ထားသည့် စားနပ်ရိက္ခာ အရေအတွက်ကို သတင်းစာပေါ်တွင် ဖော်ပြထားကြောင်း လူတိုင်း တွေ့လိုက်ရသည်။ သေချာ ထပ်ကြည့်လိုက်ချိန်မှာတော့ ဒေါသမီးများ တောက်လောင်သွားကြ၏။
တောက်...။ ကြည့်လိုက်တာနဲ့ လျှောက်ရေးထားမှန်း သိသာတယ်။
ကိုယ့်အိမ်မှာ အဲဒီလောက် ဆန်တွေ အများကြီး ဘယ်မှာ ရှိမှာလဲ။ ဆန်ကျင်း နှစ်ထောင်ဆိုရင် မိသားစုဝင် ရာနဲ့ချီ တစ်နှစ်ကျော်လောက် အဝစားလို့ ရတယ်။
အထူးသဖြင့် ကျန်းရှီအိမ်မှာ ဆန်ကျင်း သောင်းဂဏန်းလောက် ရှိတယ်တဲ့။ သူတို့အိမ်က ဆန်ရောင်းတာမှ မဟုတ်တာ။ အဲဒီလောက် ဆန်တွေ အများကြီး သိုလှောင်ထားပြီး ဘာလုပ်မှာလဲ။ မှိုတက်အောင် ထားမလို့လား။
ရင့်ကျက်တည်ငြိမ်သည့် လီယန်စုန်က ဤတစ်ကြိမ်တွင် မည်သို့မှ သည်းမခံနိုင်တော့ဘဲ ပထမဆုံး အနေဖြင့် ပြဿနာ လာရှာခြင်း ဖြစ်သည်။
အကြောင်းရင်းက အခြားမရှိပေ။ သူက ဒုတိယနေရာမှာ ရှိနေလို့ပင်။
ပထမနေရာက လူဆိုလျှင် ဒေါသကြောင့် တစ်ချိန်လုံး ခုန်နေသည်ဟုပင် ကြား၏။
လီယန်စုန် သူ့ကို ဆဲဆိုနေသည်ကို ကြားသော်လည်း ဖန်ကျန်းရီက မျက်နှာကို တည်ငြိမ်အောင် ထားလိုက်သည်။ "အမတ်ကြီးလီ …. ဒီကို လာတာ ဘာကိစ္စ ရှိလို့လဲ။"
သူ၏တည်ငြိမ်နေသည့် မျက်နှာထားကို မြင်သောအခါ လီယန်စုန်က စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ "ရှိတယ်။ ငါမေးမယ်။ ငါ့အိမ်မှာ ဆန်ကျင်း နှစ်သောင်း ရှိတယ်လို့ မင်းကို ဘယ်သူက ပြောတာလဲ။"
ဖန်ကျန်းရီက ခေါင်းစောင်းကာ အတန်ကြာ စဉ်းစားလိုက်၏။ "ကျန်းရှီ ပြောတာ။ အင်း... သူပဲ။"
လီယန်စုန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဖန်ကျန်းရီကို လက်ညှိုးထိုးကာ ဒေါသကြောင့် အဆက်မပြတ် တုန်ရီနေသည်။ "မင်း... မင်း ငါ့ကို အရူးလို့ ထင်နေတာလား။"
ရန်တိုက်ပေးတာ မအောင်မြင်ခဲ့ချေ။
ဖန်ကျန်းရီက အလျင်အမြန် ခေါင်းယမ်းကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။ "ဘယ်ကသာ... ဒါတွေ အကုန်လုံးက ကျုပ် ပွဲရုံတွေကို ခန့်မှန်းခိုင်းထားတာပါ။ အကယ်၍ မမှန်တာရှိရင် ကျုပ်ကို ပြောလေ။ မနက်ဖြန် လူလွှတ်ပြီး ပြင်ခိုင်းလိုက်ရင် ပြီးတာပဲ မဟုတ်လား။"
"အမတ်ကြီးလီ … ပြောပြပါ။ အိမ်မှာ တကယ်တမ်း ဆန်ဘယ်လောက် ရှိလဲ။ အခုပဲ စာမူပြင်ဖို့ လူစီစဉ်လိုက်မယ်။ မနက်ဖြန် သတင်းစာထဲမှာ ရှင်းလင်းချက် ထည့်ပေးမယ်လေ။"
လီယန်စုန်က ပေါင်ကို ရိုက်ချလိုက်၏။ ငိုရမလို၊ ရယ်ရမလို ဖြစ်နေသည်။
"မင်း ငါ့ကို ဒုက္ခပေးလိုက်တာပဲ။ ငါ့ရဲ့ တစ်သက်တာ နာမည်ကောင်းတွေ ပျက်စီးကုန်ပြီ။ နောက်ဆိုရင် လူဘယ်လို လုပ်ရတော့မလဲ။
ဖန်ကျန်းရီ... မင်းလည်း ဒုက္ခရောက်တော့မှာပဲ။ အခုချိန် လက်ဆွဲနုတ်လိုက်ရင် အခြေအနေ ပြောင်းလဲဖို့ အခွင့်အရေး ရှိသေးတယ်။ ဒီတိုင်း ဆက်သွားရင် အမတ်တွေအားလုံးကို ရန်သူ လုပ်သလို ဖြစ်ပြီး ကောင်းတဲ့ အဆုံးသတ် ရမှာ မဟုတ်ဘူးလို့ ငါ သတိပေးချင်တယ်။
မင်း စားနပ်ရိက္ခာ ကောက်ခံချင်ရင်တောင် ဒီလို နည်းလမ်းမျိုးနဲ့ မကောက်သင့်ဘူး။ ဒါက ကိုယ့်ကိုယ်ကိုယ် လမ်းဆုံးကို တွန်းပို့နေတာပဲ။"
ပတ်ဝန်းကျင်ရှိ သတင်းထောက်များက ထိုစကားကို ကြားသောအခါ ကြည်နူးသွားသည့် အမူအရာများ ပြသလိုက်ကြ၏။
တကယ့်ကို အရင်းနှီးဆုံး ဦးလေးပဲ။ အလွန်အမင်း စိတ်မကောင်း ဖြစ်နေပုံရတယ်။ ငါ့မှာရော ဘာလို့ ဒီလို ဆွေမျိုး တစ်ယောက်မှ မရှိရတာလဲ။
ဖန်ကျန်းရီက နှုတ်ခမ်းမဲ့ကာ လူဆိုးတစ်ယောက်လို ဟန်ဆောင်လိုက်သည်။ "ဘာ… အမတ်တွေက ကျုပ်ကို ရန်သူ လုပ်ရဲတယ်ပေါ့။ ကျုပ် … ဖန်ကျန်းရီက အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံ ဘက်မှာ ရပ်တည်နေတယ် ဆိုတာ မြို့တော်မှာ မသိတဲ့သူ ဘယ်သူ ရှိလို့လဲ။ အမတ်တွေက ပုန်ကန်ချင်နေတာလား။ အခုချက်ချင်း သွားတိုင်လိုက်မယ်။"
လီယန်စုန် သည် လောကအမြင်များ ပြိုကွဲသွားသလို ခံစားလိုက်ရ၏။
မင်းက မိစ္ဆာလား။ ပုံမှန် လူသားတစ်ယောက်ရဲ့ တွေးခေါ်မှုမျိုးနဲ့ စကားပြောလို့ မရဘူးလား။
လီယန်စုန်က ဒေါသကြောင့် တုန်ရီနေသည်။ "ဆေးမမီတော့ဘူး... ဆေးမမီတော့ဘူး။ ဖန်ကျန်းရီ... မင်း ရူးနေပြီလား။ ဘာလို့လဲ။ ဘာစကားပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ပြောလို့ မရဘူးလား။ နန်းတော်ညီလာခံမှာ ဖြည်းဖြည်းချင်း ဆွေးနွေးလို့ ရတာပဲ။"
ဖန်ကျန်းရီက လီယန်စုန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။ "ဖြည်းဖြည်းချင်း ဆွေးနွေးမယ် ဟုတ်လား။ အမတ်ကြီးလီ... ဒီစကား ကျုပ်ကို ပြောရမှာ မဟုတ်ဘူး။ ငတ်သေတော့မယ့် လူတွေကို သွားပြောရမှာ။ သူတို့ စောင့်နိုင်တယ်ဆိုရင် ကျုပ်လည်း ဖြည်းဖြည်းချင်း ဆွေးနွေးဖို့ ဆန္ဒရှိပါတယ်။
ပြီးတော့ အမတ်ကြီးလီ... တကယ်ပဲ ကောင်းတဲ့ ရလဒ် တစ်ခုခု ထွက်လာမယ်လို့ ခင်ဗျား ထင်နေတာလား။
ဆန်လှူမယ့် ကိစ္စကို ကျုပ်ကတောင် စပြောသင့်တာ မဟုတ်ဘူး။ ကြည့်စမ်းပါ။ အခု နန်းတော် ညီလာခံမှာ ဆန်လှူဖို့ ကိစ္စကို ကိုယ့်သဘောနဲ့ကိုယ် ထုတ်ပြောတဲ့သူ တစ်ယောက်လောက် ရှိလား။"
လီယန်စုန်က သူကိုယ်တိုင် အနည်းငယ် မှားနေကြောင်း ခံစားလိုက်ရသည်။ ထုံးစံအရဆိုလျှင် ဤအကြောင်းကို သူက စတင် ပြောဆိုသင့်သည်။။
သို့ပေမည့် မည်သူကမှ ဤမကောင်းသော အကျိုးဆက်ကို မခံယူချင်ကြချေ။ များသောအားဖြင့် အရှင်မင်းကြီး စကားပြောပြီးမှသာ အောက်ဘက်မှ လူများက လိုက်လံ ထောက်ခံလေ့ ရှိကြ၏။
ဤကဲ့သို့ ထူးဆန်းသည့် နည်းလမ်းဖြင့် ကမောက်ကမ လုပ်မည့်သူ တစ်ယောက် ပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
လီယန်စုန်က တိုးညင်းစွာ ပြောလိုက်သည်။ "အခုတော့ မရှိသေးဘူး။ ဒါပေမဲ့ အချိန်မရောက်သေးလို့ပါ။"
ဖန်ကျန်းရီက လေးနက်စွာ ပြောလိုက်၏။ "ဘာအချိန်ကို စောင့်နေတာလဲ။ ဦးလေးရယ်... ခင်ဗျားတို့လို အဘိုးကြီးတွေ … ကျုပ်က အတင်းအကျပ် ဖိအားမပေးရင် ခင်ဗျားတို့ရဲ့ သိုသိပ်နိုင်စွမ်း ဘယ်လောက်ရှိလဲ သိမှာတောင် မဟုတ်ဘူး။”
"မင်း …. "