← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အပိုင်း (၃၁) ခမည်းတော်... သားတော်မှာ ဉာဏ်အလင်းပွင့်စရာတွေ အများကြီးရှိတယ်

နွေးထွေးသော အခန်းလေးအတွင်းရှိ ကြမ်းပြင်အပူပေးစနစ်မှာ အလွန်တရာ ပူနွေးနေ၏။

က အစီရင်ခံစာများကို ဆက်လက် လေ့လာဖတ်ရှုနေသည်။

ယမန်နေ့က မြို့တော်သို့ ပြန်လည်ရောက်ရှိပြီးနောက် အမတ်အနည်းငယ်နှင့် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ပြီးသည့်အချိန်မှစ၍ နန်းတော်အတွင်းသို့ သဝဏ်လွှာများ နှင်းပွင့်များသဖွယ် ကျဆင်းလာခဲ့၏။

ဤသဝဏ်လွှာများ၏ အဓိကရည်ရွယ်ချက်မှာ ရေလွှမ်းမိုးမှု ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ရန်ပုံငွေများ ချထားပေးရန် တောင်းဆိုခြင်းပင် ဖြစ်သည်။

ကျင်းဧကရာဇ်က ဆက်တိုက် ခေါင်းညိတ်ကာ ကိစ္စရပ်များကို တစ်ခုပြီးတစ်ခု ရေးဆွဲနေခဲ့၏။

နန်းတော်မှ ချထားပေးရမည့် ရန်ပုံငွေများကို အတည်ပြုပြီးသော်ငြား အချိန်မကျသေးပေ။ အရှင်မင်းကြီး်တစ်ပါးအနေဖြင့် သူက ပေါ့ပေါ့ဆဆ စကားပြောဆိုမည် မဟုတ်ပေ။

အရာအားလုံးကို ပြောင်းလဲပေးနိုင်သည့် ကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံဟု ခေါ်သော နတ်ဘုရားအရာတစ်ခုကို သူ တွေ့ရှိထားသည်ဟု အလွယ်တကူ ပြောထွက်၍ မရနိုင်ပေ။

အကယ်၍ သူသာ ကျရှုံးသွားခဲ့လျှင် သမိုင်းမှတ်တမ်းများတွင် မည်သို့ ရေးမှတ်ခံရမည်ကို မည်သူသိနိုင်မည်နည်း။ သူက လှောင်ပြောင်စရာတစ်ခု ဖြစ်လာဖို့သာ များသည်။

မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်ပင် ထိုကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံဆိုသည်ကို မမြင်တွေ့ဖူးသလို ယုံလည်း မယုံကြည်ပေ။

ဖန်ကျန်းရီ၏ နည်းလမ်းက ရေနစ်နေသူတစ်ဦး သစ်တုံးတစ်တုံးကို ဖက်တွယ်ထားရသကဲ့သို့ ဖြစ်နေပြီး နောက်ဆက်တွဲ ပြုပြင်ရမည့် အစီအမံများထက်တော့ ပိုကောင်းသေး၏။

ဖန်ကျန်းရီသည် အံ့ဖွယ်ရာများကို စွမ်းဆောင်နိုင်သည့် ကျွမ်းကျင်သော အရာရှိတစ်ဦးဖြစ်ပြီး အန္တရာယ်များကို ရင်ဆိုင်ရန်လည်း မကြောက်ရွံ့ပေ။

ကျင်းဧကရာဇ်က ရန်ပုံငွေ ချထားပေးရန် တောင်းဆိုမှုများ အားလုံးကို ငြင်းပယ်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်၏။

ထို့နောက် မနက်ဖြန်တွင် အမတ်များက သူ့ကို ထပ်မံ ရှင်းပြရန် တောင်းဆိုလာမည်ကို စိုးရိမ်လာပြန်ကာ ဤကဲ့သို့သော နေ့ရက်များ နောက်ထပ်ရက်အနည်းငယ် ဆက်လက် ကြုံတွေ့နေရဦးမည်ဟု တွေးတော နေမိသည်။

ထိုအတွေးများထဲ နစ်မျောနေစဉ် မိန်းမစိုးလေးတစ်ဦးက အပြင်ဘက် တံခါးဝမှ ရုတ်တရက် ပြေးဝင်လာ၏။ "အရှင်မင်းကြီး အိမ်ရှေ့စံက တွေ့ခွင့် တောင်းခံနေပါတယ်"

"သူ့ကို ဝင်လာခိုင်းလိုက်"

အိမ်ရှေ့စံ ဝင်လာသည်ကို မြင်လိုက်ရချိန်မှာတော့ကျင်းဧကရာဇ်၏ မျက်နှာထက်၌ အလိုအလျောက် အပြုံးတစ်ခု ပေါ်လာသည်။ ပြီးနောက် မေးလိုက်၏။ "မြို့တော်မှာ တစ်ရက်နေကြည့်ပြီးတော့ မင်း ဘယ်လိုခံစားရလဲ"

လီယွမ်ကျောက်က ယုံကြည်မှုအပြည့်ရှိသော ဟန်ပန်ဖြင့် လျှောက်တင်သည်။ "သားတော် နားလည်သွားပြီလို့ ထင်ပါတယ်"

"ဟုတ်လား။ ဒီနေ့ မင်း ဘယ်တွေသွားခဲ့လဲ"

သားတော်ဖြစ်သူကို ဤသို့သော အခြေအနေမျိုးဖြင့် မြင်တွေ့လိုက်ရချိန်မှာတော့ ကျင်းဧကရာဇ်၏ စိတ်ထဲ၌ ဘာမှန်းမသိသော စိတ်မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရ၏။

"သားတော်က ဒီနေ့ မြို့ပြင်ကို ခဏထွက်ပြီး ပြန်လာခဲ့တာပါ။ ဒါပေမဲ့ နေရာတစ်နေရာကို မြင်လိုက်တာနဲ့ အလုံးစုံကို သိမြင်နိုင်ပါတယ်။ နေရာတွေ အများကြီး ကြည့်ဖို့ မလိုပါဘူး"

ကျင်းဧကရာဇ်၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။

အိမ်ရှေ့စံမှာ အပြင်ဘက်ကလောကကို မြင်တွေ့ခဲ့ရပြီးနောက် သူ့ထံလာ၍ အလေးအနက် ပြောဆိုမှုများ ပြုလုပ်နေခဲ့၏။ အချက်တစ်ချက်ကို ကြည့်ရုံဖြင့် အလုံးစုံကို နားလည်ရန် လုံလောက်သည်ဟုပင် သူက ဆိုနေသေးသည်။ သို့သော်ငြား ကျင်းဧကရာဇ်က အိမ်ရှေ့စံ၏ အသက်ငယ်ရွယ်မှုကို ထောက်ထားကာ မကျေနပ်မှုကို ဖိနှိပ်ထားပြီး သဘောထားကြီးစွာဖြင့် ပြောလိုက်၏ "ဒါဆိုရင်လည်း ပြောပြစမ်းပါအုံး။"

လီယွမ်ကျောက်က လျှောက်တင်သည်။ "ဒါဆို သားတော်ကို ပြောခွင့်ပြုပါ။ သားတော် သေချာ မပြောနိုင်ရင်လည်း ခမည်းတော် အပြစ်မတင်ပါနဲ့။"

"လွတ်လွတ်လပ်လပ်သာ ပြောပါ။ ဒီနေ့ မင်းပြောသမျှအတွက် ကိုယ်တော် မင်းကို ဘာမှအပြစ်မတင်ဘူး"

"သားတော် ပွင့်ပွင့်လင်းလင်းပဲ ပြောရတဲ့အတွက် တောင်းပန်ပါတယ်။ မြို့တော်ရဲ့ ဒီအခြေအနေက သားတော် တွေးထားတာထက် အများကြီး ပိုဆိုးနေပါတယ်"

"ဟုတ်လား" ကျင်းဧကရာဇ်က ထိုင်နေသည့် အနေအထားကို ပြင်လိုက်ပြီး ဂရုတစိုက် နားထောင်ရန် ပြင်လိုက်၏။

"ပထမဆုံးအနေနဲ့ လမ်းတွေကနေ စပြောရအောင်။ အိမ်တွေရဲ့ အပြင်အဆင်က ရှုပ်ထွေးပြီး ဖြစ်သလို ဆောက်ထားကြတာပဲ။ စနစ်တကျ စီစဉ်မှု မရှိတာ သိသာလွန်းပါတယ်။

ရလဒ်အနေနဲ့ ပြည်သူတွေက ဆူညံပွက်လောရိုက်နေတဲ့ တည်နေရာကြားထဲမှာ နေထိုင်ရပြီး မှောင်မိုက်တဲ့ ထောင့်တွေမှာ တရားမဝင် လုပ်ရပ်တွေ ပိုမို ပွားများလာဖို့ အလားအလာ ရှိနေပါတယ်။ သားတော်ရဲ့ အမြင်အရ နန်းတော်က စနစ်တကျ စီမံကိန်းချပြီး သပ်ရပ်ညီညာတဲ့ အိမ်တွေ ဆောက်လုပ်ပြီးတော့မှ သာမန်ပြည်သူတွေကို ရောင်းချပေးသင့်ပါတယ်။

နန်းတော်က ငွေရနိုင်သလို ပြည်သူတွေလည်း ပိုကောင်းတဲ့ အိမ်တွေ ရနိုင်တာပေါ့"

ကျင်းဧကရာဇ် မျက်လုံးများကို မှိတ်လိုက်ပြီး ကုလားထိုင်ပေါ် မှီချကာ စားပွဲကို လက်ချောင်းများဖြင့် ရံဖန်ရံခါ ခေါက်နေသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာခဲ့၏။ "အင်း မဆိုးဘူး။ ဆက်ပြောပါအုံး။"

ကျင်းဧကရာဇ်၏ အားပေးစကားကို ကြားလိုက်ရသောကြောင့် လီယွမ်ကျောက်က တဖြည်းဖြည်း ယုံကြည်မှု ပိုရှိလာခဲ့သည်။ "လမ်းတွေရဲ့ သန့်ရှင်းရေးကလည်း အရမ်းဆိုးရွားပါတယ်။ မိလ္လာရည်တွေ နေရာအနှံ့ စီးဆင်းနေပြီး အမှိုက်တွေကလည်း မြေပြင်ပေါ်မှာ ပြန့်ကျဲနေတာပဲ။ ဒီနေရာကို တောက်ယွမ်ခရိုင်လို အတုယူပြီး မြေပြင်ကို အသစ်ပြန်ခင်းသင့်ပါတယ်။ သန့်ရှင်းရေးဝန်ထမ်းတွေ ခန့်အပ်ပြီး အများပြည်သူနေရာမှာ အမှိုက်ပစ်တာကို တားမြစ်သင့်ပါတယ်။

တစ်ချိန်တည်းမှာပဲ မြေအောက် ရေပိုက်လိုင်းတွေ သွယ်တန်းသင့်ပြီး အဲဒီ ညစ်ပတ်တဲ့ ရေတွေနဲ့ အမှိုက်တွေ အားလုံးကို ဖယ်ရှားပစ်တာ အကောင်းဆုံးပါပဲ။”

ကျင်းဧကရာဇ်က မျက်လုံးများကို ဖွင့်လိုက်ပြီး လီယွမ်ကျောက်ကို တိုက်ရိုက် ကြည့်ကာ မေးလိုက်၏။ "ရေပိုက်တွေကို ဘယ်လိုသွယ်တန်းရမလဲဆိုတာ မင်းသိလား။ ပြီးတော့ အဲဒီ ညစ်ပတ်တဲ့ ရေတွေနဲ့ အမှိုက်တွေကို ဘယ်နေရာဆီ ပို့ပစ်ရမှာလဲ"

လီယွမ်ကျောက်က လျှောက်တင်သည်။ "ပိုက်တွေကို ကျန်းလင်းဆိပ်ကမ်းအနီးမှာ သွယ်တန်းနိုင်ပြီး အမှိုက်တွေကို ပင်လယ်ထဲ တိုက်ရိုက် ပစ်ချနိုင်ပါတယ်။"

"ပိုက်တွေက ဘယ်လောက် ရှည်ရမှာလဲ။ ငွေဘယ်လောက် ကုန်ကျမလဲ။ အလုပ်သမား ဘယ်နှစ်ယောက် ယူရမှာလဲ။ အကယ်၍ ပိုက်တွေကို လမ်းတစ်လျှောက် သွယ်တန်းမယ်ဆိုရင် မြင့်မားတဲ့ တောင်တွေ ဒါမှမဟုတ် နိမ့်ကျတဲ့ တောင်ကြားတွေနဲ့ ကြုံတွေ့ရရင် ဘယ်လိုနေရာချထားမလဲ။ ရေပိုက်လိုင်းတွေ သွယ်တန်းပြီးရင် အညစ်အကြေးတွေကို ဘယ်လို ဖယ်ရှားမလဲ။"

ကျင်းဧကရာဇ်က မေးခွန်းများကို ဆက်တိုက် မေးချလိုက်၏။

လီယွမ်ကျောက်မှာ တိတ်ဆိတ်စွာ ရပ်နေရင်း အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ ပြီးနောက် ရုတ်တရက် အကြံတစ်ခု ရလာခဲ့သည်။ သို့နှင့် လျှောက်တင်လိုက်သည်။ "ဒီကိစ္စတွေထဲက တစ်ခုမှ ခမည်းတော် တွေးတောရမယ့် ပြဿနာတွေ မဟုတ်ပါဘူး။ ဒီတာဝန်ကိုသာ သားတော်ဆီ ပေးမယ်ဆိုရင် သေချာပေါက် ကိုင်တွယ်ဖြေရှင်းပြပါမယ်။"

"အတတ်ပညာမှာ အထူးပြုလေ့လာတာတွေ ရှိတယ်လို့ ဆိုကြပါတယ်။ သားတော် သင်ယူဖို့ လိုအပ်တာက အင်ပါယာရဲ့ အတတ်ပညာပါပဲ။ ဒီလို သေးငယ်တဲ့ ကိစ္စတွေကို လောလောဆယ် ထည့်သွင်းစဉ်းစားနေမှာ မဟုတ်ပါဘူး။ ရုပ်လုံးကြီးကို ဆုပ်ကိုင်ပြီး သေးငယ်တဲ့ ကိစ္စတွေကို ဘေးဖယ်ထားတာကမှ မှန်ကန်တဲ့ လမ်းစဉ်ပါ။"

ကျင်းဧကရာဇ်က ပြောလိုက်၏။ "ကောင်းပြီ ဒါကို ကျော်ပြီး အဓိကကိစ္စကို ဆက်သွားကြတာပေါ့။"

ခမည်းတော်က ‘ကျော်လိုက်’ ဟူသော စကားဖြင့် တုံ့ပြန်လိုက်ချိန်မှာတော့ လီယွမ်ကျောက်က ချက်ချင်း တက်ကြွသွားသည်။ "ကောင်းလိုက်တာ။ ဒါဆို သားတော် အဓိကအချက်ကို တိုက်ရိုက် သွားလိုက်ပါ့မယ်။

ဒီနေ့ သားတော်က ဆင်းရဲသား အိမ်တစ်အိမ်ကို သွားပြီး ကြည့်ခဲ့ပါတယ်။ နေဖို့ စဉ်းစားမိမှာ မဟုတ်တဲ့ အိမ်မျိုးပါ ။ ရေလုံအောင်တောင် မိုးမထားနိုင်တဲ့ တဲကုပ်လေးနဲ့ ပိုတူပါတယ်။

အဲဒီအချိန်မှာ အိမ်မှာ ငါးဟင်းရည်အိုး တစ်အိုး ပွက်ပွက်ဆူနေပါတယ်။ စားချင်စရာ လုံးဝမကောင်းသလို ဒီလိုဟင်းရည်မျိုးက တကယ်တော့ လူနာအတွက် အထူးချက်ပြုတ်ပေးတာပါ။ သားတော်က သူတို့ပုံမှန်စားနေကျ အစားအစာကို တောင်းကြည့်ခဲ့ပါတယ်။ ခမည်းတော် စားဖူးသလားတော့ မသိပါဘူး။ ပြောင်းတွေနဲ့ လုပ်ထားတဲ့ ဆန်ပြုတ်တစ်မျိုးပါ။ သားတော်က နှစ်လုပ်လောက် မြည်းကြည့်ခဲ့ပါတယ်။ အဲဒီ ချဉ်ပြီး ခါးသက်သက် အရသာကို ပြန်သတိရမိရင် အခုထိ ရွံရှာမိတုန်းပါပဲ"

လီယွမ်ကျောက်က လေးနက်သော လေသံဖြင့် လျှောက်တင်လိုက်၏။ "ကြီးမြတ်တဲ့ ကျင်းတိုင်းပြည်က ပြည်သူတွေရဲ့ ဘဝတွေက အရမ်းကို သနားစရာ ကောင်းလွန်းပါတယ်။ သူတို့က ဒီလိုအရာမျိုးနဲ့ အသက် ဆက်နေရတာပဲ... သားတော် ဒါကို မြင်တော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။

သားတော်က ဒီဖြစ်ရပ်ကနေ သင်ခန်းစာတချို့ ရလိုက်တယ်..."

"နေအုံး"

ကျင်းဧကရာဇ်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး တင်းမာစွာ မေးလိုက်သည်။ "မင်း အဲဒီပြောင်းဆန်ပြုတ်ကို တကယ် စားခဲ့တာလား"

ခမည်းတော်ဆီမှ သံသယစကားကို ကြားလိုက်ရချိန်မှာတော့လီယွမ်ကျောက်က ချက်ချင်း ဒေါသထွက်သွား၏။ "တကယ်ပါ သားတော်ရဲ့ မိန်းမစိုးကော် သက်သေခံပေးနိုင်ပါတယ်"

"ကော်ပန်ပန်ကို ခေါ်လိုက်"

ကော်ထျန်းယန် နွေးထွေးသော အခန်းထဲသို့ အမြန်ဝင်လာခဲ့ပြီးနောက် ကျင်းဧကရာဇ်က မေးလိုက်သည်။ "ဒီနေ့ အိမ်ရှေ့စံက သာမန်မိသားစုတစ်စုရဲ့ အိမ်ကိုသွားပြီး သူတို့ရဲ့ အစားအစာကို မြည်းစမ်းခဲ့တယ်ဆို။ ဒါ တကယ်ပဲလား။"

ကော်ထျန်းယန်မှာ ဂဏာမငြိမ် ဖြစ်နေခဲ့သည်။ အစာစားပြီးနောက် အိမ်ရှေ့စံ အန်ချခဲ့သည်ကို အရှင်မင်းကြီး် သိသွားမည်ကို သူ စိုးရိမ်နေခဲ့၏။ သို့သော်ငြား လီယွမ်ကျောက်၏ မျက်နှာကို ကြည့်ပြီးနောက် စိတ်သက်သာရာ ရသလိုဖြင့် ပြန်လည်လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ အဲဒါက တကယ်ကို အမှန်ပါပဲ။ ပြီးတော့ အိမ်ရှေ့စံက ညစာအတွက် စိတ်မကောင်းဖြစ်သွားပြီး အဲဒီမိသားစုကို ငွေဆယ်တေလ်း ပေးခဲ့ပါတယ်"

ငါ မထင်ထားခဲ့ဘူး... လုံးဝ မထင်ထားခဲ့ဘူး။

ကျင်းဧကရာဇ်၏ ရင်ထဲတွင် ရုတ်တရက် အကြောင်းပြချက်မရှိသော လှိုင်းတံပိုးတစ်ခု ခံစားလိုက်ရ၏။

အိမ်ရှေ့စံသည် ရည်မှန်းချက် မကြီးသော်ငြားလည်း အသိပညာနည်းပါးပြီး ပျင်းရိကာ ကောက်ပဲသီးနှံများ အကြောင်းကိုပင် ခွဲခြားမသိပေ။ ပညာတတ်မဟုတ်သလို အသိဉာဏ်လည်းကင်းမဲ့ပြီး စာနာတတ်သည့် နှလုံးသားလည်း မရှိပေ။

သို့ပေမည့် သူ့၌ သာမန်ပြည်သူများအတွက် တကယ်ကို ကောင်းမွန်စွာ စေတနာထားတတ်သည့် နှလုံးသားတစ်ခု ရှိနေ၏။

ဧကရာဇ်တစ်ပါးအတွက် အလိုအပ်ဆုံးသောအရာမှာ ပြည်သူမျာ၏ ခံစားချက်ကို ကိုယ်ချင်းစာနိုင်သော နှလုံးသားတစ်ခု ရှိနေရန်ပင်။

အစပိုင်းတွင် ကျင်းဧကရာဇ်သည် အိမ်ရှေ့စံ၏ အနာဂတ်အတွက် စိုးရိမ်မိသော်လည်း ယခုအခါ အခြေအနေများက စတင်ကောင်းမွန်လာမည့်ပုံ ပေါ်နေသည်။

ကျင်းဧကရာဇ်က အိမ်ရှေ့စံ ဖိအားမပိစေရန် မျက်နှာကို တည်တည်ထားချင်သော်ငြား တွေးတောလေ ပိုပျော်ရွှင်လေဖြစ်သောကြောင့် ရယ်မောလိုက်၏။ "ဟားဟားဟား အရမ်းကောင်းတယ်။ ဒါမှ ငါ့ရဲ့ အိမ်ရှေ့စံ သားတော်ကွ။ အိမ်ရှေ့စံ ယွမ်ကျောက်က ပြည်သူတွေနဲ့ တက်တက်ကြွကြွ ထိတွေ့ဆက်ဆံနိုင်ပြီး သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကို နားလည်ပေးတယ်။ သူတို့ရဲ့ အရေးတကြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိတယ်။ ဒီခရီးစဉ်က အလဟဿ မဖြစ်ခဲ့ဘူးပဲ... ကိုယ်တော် အရမ်း ဝမ်းသာတယ်။

"ကဲ မင်း ဘာတွေတွေးထားလဲဆိုတာ ကိုယ်တော့်ကို ပြောပြစမ်းပါအုံး။”

သူနှင့် ဘာမှမပတ်သက်ကြောင်း ကြားလိုက်ရချိန်မှာတော့ ကော်ထျန်းယန်မှာ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားခဲ့သည်။

ကျင်းဧကရာဇ်၏ ချီးကျူးစကားများကို ကြားလိုက်ရချိန်မှာတော့ လီယွမ်ကျောက်၏ နှလုံးသားမှာ ရွှင်လန်းဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွားသည်။ "သေချာပေါက်ပေါ့။ သားတော်ရဲ့ ကြိုတင်ခန့်မှန်းချက်တွေက အရမ်းအရေးကြီးပါတယ်။ တိုင်းပြည်ကို အင်အားတောင့်တင်းစေပြီး ပြည်သူတွေကို ချမ်းသာစေမယ့် နည်းလမ်းတွေက အဲဒီအထဲမှာ ရှိနေပါတယ်"

ကျင်းဧကရာဇ်၏ ရင်ထဲတွင် မကောင်းသည့် ခံစားချက်တစ်ချို့ ထပ်မံ ပေါ်ထွက်လာပြန်သော်ငြား သူက စိတ်နေစိတ်ထား ကောင်းမွန်နေသောကြောင့် သူ၏သားတော်ကို ဖြတ်မပြောရက်ဘဲ ဆက်ပြောရန် လက်ဟန်ပြလိုက်၏။

"သာမန်ပြည်သူတွေက ပညာကို နားမလည်ဘဲ ဂန္ထဝင်စာပေတွေကို မဖတ်ရှုကြလို့ ခက်ခက်ခဲခဲ နေထိုင်ကြရတာလို့ နန်းတော်ရဲ့ ဆရာတွေက သားတော်ကို သင်ပေးဖူးပါတယ်။ ဒါပေမဲ့ တောက်ယွမ်ခရိုင် မှာတော့ မတူဘူး မဟုတ်လား။ ပြည်သူတွေက ဂန္ထဝင်စာပေတွေ ဖတ်ဖူးကြလို့လား။

သားတော် မထင်ပါဘူး။ တောက်ယွမ်ခရိုင်က စာအုပ်တွေက ဂန္ထဝင်စာပေတွေလည်း မဟုတ်သလို ကဗျာတွေလည်း မဟုတ်ဘူး။ ဒါပေမဲ့ တောက်ယွမ်ခရိုင်က ဘာလို့ ဒီလိုဖြစ်နေရတာလဲ။ ပြည်သူတွေက ဘာလို့ ချမ်းသာကြွယ်ဝစွာ နေထိုင်နိုင်ကြတာလဲ။

ပြဿနာက စာတတ်မြောက်မှုအပေါ်မှာ မူတည်နေပုံရတယ်။ ဒေသခံစကားက နားလည်ရလွယ်ကူပြီး တောက်ယွမ်ခရိုင်မှာဆိုရင်... သာမန်ပြည်သူတွေက ဒါကို လွယ်လွယ်ကူကူ သင်ယူနိုင်လို့ စာတတ်မြောက်တဲ့ ပြည်သူတွေ အများကြီးရှိတယ်။ စာတတ်မြောက်ခြင်းက ကုန်သည်တစ်ယောက် ဖြစ်လာဖို့ မဟုတ်ဘူးလား သားတော် ထင်တာကတော့..."

ကျိန်စာသင့်နေတဲ့ ဒေသခံစကား ထပ်လာပြန်ပြီ။ အိမ်ရှေ့စံက "ရွှေတံဆိပ်ဆုရ ခရိုင်ဝန်" ဆိုတဲ့ ဖော်ပြလို့မရနိုင်တဲ့ စာအုပ်ကို ဖတ်ပြီးတည်းက မကောင်းတဲ့ ရည်ရွယ်ချက်တွေ မွေးမြူနေခဲ့တာပဲ။

ကျင်းဧကရာဇ်၏ ပျော်ရွှင်မှုမှာ အလွန်တရာ လျော့ကျသွားပြီး ခပ်တန်းတန်း ပြောလိုက်သည်။ "ဒီနေ့အတွက် ဒါလောက်ဆို လုံလောက်ပြီ"

"ခဏလေး နေပါအုံး။ သားတော် ပြောစရာတွေ အများကြီး ကျန်သေးတယ်"

လီယွမ်ကျောက်မှာ စကားပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေဖြစ်ကာ သူ၏ သုံးသပ်မှုမှာ နှိုင်းယှဉ်၍မရအောင် တောက်ပလွန်းကြောင်း ခံစားနေမိသည်။ အဆုံးထိ မပြောရပါက ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မည်ဟု ခံစားနေရ၏။

"နန်းတော်အနေနဲ့ ဒေသခံစကားနဲ့ ရေးသားတာကို အပြင်းအထန် ထောက်ခံအားပေးသင့်တယ်လို့ သားတော် ထင်ပါတယ်။ ဒီလိုနည်းနဲ့ တစ်နိုင်ငံလုံး ပညာတတ်လာပြီး အားလုံးရဲ့ အနာဂတ်က မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်လာပါလိမ့်မယ်။ အဲဒါနဲ့အတူ ဆင်းရဲမွဲတေမှုလည်း ကင်းဝေးသွားမှာပါ။

လက်ရှိ ပြည်သူတွေက သာမန်အိမ်လေးတွေမှာ နေထိုင်ရတဲ့ ဝက်တွေ ခွေးတွေနဲ့ တူနေတယ်။ ဒါက ပညာရေးက ထိရောက်မှုမရှိဘဲ အမျိုးသားရေး မူဝါဒတွေ မှားယွင်းနေတယ်ဆိုတာကို ပြသနေတာပါပဲ။ အကယ်၍သာ..."

လီယွမ်ကျောက်မှာ စိတ်အားထက်သန်စွာ စကားပြောနေရင်း တဖြည်းဖြည်း လက်ဟန်ခြေဟန်များ စတင်လုပ်ဆောင်လာပြီး တဖြည်းဖြည်း ညှိုးနွမ်းလာနေသည့် ကျင်းဧကရာဇ်၏ မျက်နှာအမူအရာကို လုံးဝ ဂရုမစိုက်တော့ပေ။

ကော်ထျန်းယန်မှာ နားထောင်နေရင်း မျက်နှာများ စိမ်းဖန့်လာခဲ့၏။ မြို့တော်ရှိ ပြည်သူတွေ၏ ဘဝက ဝက်တွေ ခွေးတွေထက်တောင် ဆိုးရွားသည်ဟု ပြောဆိုနေခြင်းက မိမိ ခမည်းတော်၏ မျက်နှာကို ပိတ်ရိုက်နေခြင်း မဟုတ်ပါလား။ သို့သော်ငြား အိမ်ရှေ့စံက ဂရုမစိုက်သလိုပင်။ ရူးများ သွားလေသည်လား။

"သားတော်သာ ဘုရင်ဖြစ်လာရင် လောကက ဆင်းရဲမွဲတေနေတဲ့ပြည်သူတွေကို သေချာပေါက် ကယ်တင်မှာပါ..."

"ထွက်သွားစမ်း။"

"သားတော် ပြောလို့မပြီးသေးတာတွေ ရှိပါသေးတယ်။"

"ထွက်သွားစမ်း …..။"

အပိုင်း (၃၂) ညီလာခံ

နောက်တစ်နေ့ နန်းတော်အတွင်း၌။

ညီလာခံတက်ရန် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် အရာရှိများအားလုံး မိမိတို့နေရာ အသီးသီးတွင် နေရာယူလိုက်ကြ၏။

အရှင်မင်းကြီးက နဂါးရာဇပလ္လင်ထက်၌ ကြီးမြတ်ခမ်းနားစွာ ထိုင်နေချိန်တွင် လီယွမ်ကျောက်က ဘေး၌ ရိုကျိုးစွာ ရပ်နေခဲ့သည်။

ကျင်းဧကရာဇ်သည် ယမန်နေ့က အိမ်ရှေ့စံ၏ အမြင်များကို နားထောင်ခဲ့ပြီးနောက် သားတော်အား ပညာရပ်များ လေ့လာသင်ယူနိုင်ရန် နန်းတော် ညီလာခံသို့ မကြာခဏ ခေါ်ဆောင်ထားရန် တွေးတောခဲ့မိ၏။

အိမ်ရှေ့စံက အရွယ်မရောက်သေးသူ တစ်ဦးသာ ဖြစ်နေသေးသလိုပင်။

အရာရှိအားလုံး အရိုအသေပေးပြီးနောက် ကျင်းဧကရာဇ်က ပြောလိုက်သည်။ "ထကြတော့"

ထို့နောက် ပုံမှန်အတိုင်း လက်ဖက်ရည်တစ်ခွက် သောက်သုံးလိုက်၏။

သို့နောက် နန်းတော်တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားခဲ့သည်။

ယနေ့က ထူးခြားသောနေ့တစ်နေ့ ဖြစ်မှန်း ကျင်းဧကရာဇ်ကလည်း သတိပြုမိထားပြီး လက်အောက်ငယ်သားများ စကားပြောလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။

လီယန်စုန်က ခေါင်းငုံ့ပြီး ခန်းမတစ်ခုလုံးကို အကဲခတ်ကြည့်ကာ သက်ပြင်းချ၏။ ထို့နောက် ရှေ့သို့ ဖြည်းညင်းစွာ တက်ပြီး ပြောလိုက်သည်။ "ယနေ့ ညီလာခံကတော့ အရင် ကိစ္စဟောင်းပါ ပဲ"

"အရှင်မင်းကြီး ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါတယ်" လီယန်စုန် စကားမဆုံးခင်မှာပဲ စစ်ရေးအမတ် ဖုန်းကျဲ့က ရှေ့သို့ အရင်ထွက်လာကာ လျှောက်တင်လိုက်၏။

"ဘယ်လိုကိစ္စများလဲ"

အမတ်ဖုန်းကျဲ့က လေးနက်သော မျက်နှာထားဖြင့် လျှောက်တင်သည်။ "အရှင်မင်းကြီး ယမန်နေ့ညက ဟန်ကျန်းပြည်နယ် မြို့ဝန်ဆီကနေ အရေးပေါ် သတင်းလွှာတစ်ခု ရရှိခဲ့ပါတယ်။ ကျန်းမြစ်ရဲ့ ရေကြီးရေလျှံမှုတွေ အဆက်မပြတ် ဆိုးရွားလာတာကြောင့် ပြည်သူတွေကြားထဲမှာ သူပုန်အင်အားစုတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

သူတို့က ရေနတ်ဘုရားဂိုဏ်းလို့ အမည်ခံထားပါတယ်။ ဟန်ကျန်းမြို့ဝန်က အရပ်သားတွေကို စေလွှတ်ပြီး စုံစမ်းကြည့်တဲ့အခါ အဲဒီဂိုဏ်းဝင်တွေက ချီယန်တိုင်းပြည်ရဲ့ အကြွင်းအကျန်တွေ ဖြစ်နေကြောင်း သိရပါတယ်။

ကောလာဟလတွေအရ စုနတ်ဘုရားမလို့ ခေါ်တဲ့ သန့်စင်တဲ့မိန်းမပျိုတွေရဲ့ ဦးဆောင်မှုအောက်မှာ ဘေးဒုက္ခသည် ထောင်ပေါင်းများစွာကို စုစည်းပြီး ကောလာဟလတွေ ဖြန့်ဖြူးနေကြတာပါ။ ကျန်းမြစ် တစ်လျှောက်က မြို့ရွာတွေမှာ လှုပ်ရှားပြီး ပြဿနာတွေဖန်တီးပါတယ်။ ပြည်သူတွေကို ဒုက္ခပေးနေကြပါတယ်။ ဟန်ကျန်းပြည်နယ်ရဲ့ တပ်ဖွဲ့တွေက အခြေအနေကို ထိန်းသိမ်းဖို့ မနည်းရုန်းကန်နေရပြီး ရေနတ်ဘုရားဂိုဏ်းကို နှိမ်နင်းဖို့ နန်းတော်ကနေ တပ်သားတစ်သောင်း စေလွှတ်ပေးဖို့ အထူးတောင်းဆိုလာပါတယ်။"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ညီလာခံတစ်ခုလုံး ချက်ချင်း ဆူညံသွားခဲ့၏။

"ကိစ္စတွေက ဒီအခြေအနေထိတောင် ရောက်လာခဲ့ပြီပဲ။ နှစ်နှစ်ကြာတာတောင် ချီယန်တိုင်းပြည်ရဲ့ အကြွင်းအကျန် တွေကို မရှင်းလင်းနိုင်သေးဘူးလား။"

"အရှင်မင်းကြီး အရေးတကြီးဆုံးက ပြည်သူတွေရဲ့ မကျေနပ်မှုတွေကို လျှော့ချဖို့အတွက် ဟန်ကျန်းပြည်နယ်ကို ငွေကြေးတွေ အမြန်ဆုံး ပို့ဆောင်ပေးဖို့ပါပဲ။ ဒီအတိုင်း ဆက်သွားနေရင် ရေနတ်ဘုရားဂိုဏ်းရဲ့ အင်အားက အရမ်း ကြီးမားလာနိုင်ပါတယ်။"

"အမြန်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ စုနတ်ဘုရားဂိုဏ်းရဲ့ အင်အား အားနည်းနေသေးတဲ့ အချိန်မှာ အမြစ်ပြတ် နှိမ်နင်းပစ်ရပါမယ်။"

"ဒါဆို ဆိုလိုတာက …"

"တိတ်စမ်း တိတ်ကြစမ်း"

ကျင်းဧကရာဇ်၏ မျက်နှာထက်၌ ဒေါသရိပ်များ ထင်ဟပ်လာကာ နဂါးရာဇပလ္လင်ကို လက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။

ထိုအချိန်ကျမှ အရာရှိများအားလုံး ချက်ချင်း နှုတ်ဆိတ်သွားကြသည်။

"ချီယန်တိုင်းပြည်ရဲ့ အကြွင်းအကျန်တွေက အခုတော့ ဂိုဏ်းတစ်ခုတောင် ဖြစ်လာခဲ့ပြီပဲ။ ချစ်လှစွာသော အမတ်မင်းတို့ရဲ့ တုံ့ပြန်မှုတွေက နည်းနည်းတော့ လွန်ကဲလွန်းနေမလားပဲ။ ဒါပေမဲ့ ကျန်းမြစ် ရေကြီးမှုပြဿနာကို ဖြေရှင်းဖို့ လိုအပ်နေတယ်။ နိုင်ငံတော်ဘဏ္ဍာတိုက်ထဲမှာလည်း ငွေမရှိတော့ဘူး။ ကိုယ်တော့်ရဲ့ ကိုယ်ပိုင်ရန်ပုံငွေထဲကနေ ငွေတစ်သောင်း ထပ်ထုတ်ပေးဖို့ အသင့်ပဲ။

ကျန်တဲ့အပိုင်းအတွက်တော့... အမတ်မင်းတို့အားလုံးက တိုင်းပြည်ရဲ့ မဏ္ဍိုင်တွေပါပဲ။ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ဒီလိုအချိန်မှာ ခင်ဗျားတို့အားလုံး တက်တက်ကြွကြွ ပါဝင်လှူဒါန်းကြလိမ့်မယ်လို့ ကိုယ်တော် မျှော်လင့်တယ်။”

ထိုစကားများလည်း ဆုံးသွားရော အမတ်အများစု၏ အကြည့်များက တခြားတစ်ဖက်သို့ လွှဲဖယ်သွားကြ၏။ သူတို့အားလုံးသည် စာသင်ခန်းထဲရှိ ကျောင်းသားများကဲ့သို့ ခေါ်ယူမေးမြန်းခံရမည်ကို ကြောက်ရွံ့နေကြ၏။

အချိန်အတန်ကြာသည်အထိ မည်သူမှ ဝင်ရောက်ပြောဆိုခြင်း မရှိသောကြောင့် လီယန်စုန်က ခန်းမတစ်ခုလုံးကို အကဲခတ်ကာ ထွက်လာခဲ့သည်။ အစိုးရအဖွဲ့၏ အကြီးကဲဆုံး အမတ်ချုပ်ကြီး တစ်ယောက်အနေဖြင့် သူက ဦးဆောင်မှုပေးရမည့်ပုံ ပေါ်နေသည်။

အရှင်မင်းကြီး၏ စကားများက မှန်ကန်၏။ နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ယခုအခါ အလွတ်ကြီး ဖြစ်နေရာ တခြားဘာများ လုပ်နိုင်မည်နည်း။ သို့သော်ငြား အမတ်များထံမှ ငွေတောင်းခံခြင်းက သူတို့၏ ကိုယ်ခန္ဓာမှ အသားကို လှီးထုတ်ယူခြင်းနှင့် ဘာမှမကွာခြားပေ။

သူတို့အားလုံးက လောကရှိပြည်သူများဘက်မှ ရပ်တည်ပါသည်ဟု ဆိုကြသော်လည်း အခြေခံမှာမှု သူတို့၏ ကိုယ်ကျိုးစီးပွားကို မထိခိုက်စေရန်သာ ဖြစ်၏။

လီယန်စုန်က ရှေ့သို့ တစ်လှမ်းတိုးလာကာ အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးက ငွေငါးထောင် လှူဒါန်းဖို့ ဆန္ဒရှိပါတယ်။"

လီယန်စုန်၏ ဦးဆောင်မှုအောက်တွင် အခြားသော အမတ်ချုပ်ကြီးများကလည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ထွက်လာကြတော့၏။

ကျန်းတုန်ရှန်းက လျှောက်တင်ည်။ "ကျွန်တော်မျိုးကလည်း ငွေလေးထောင် လှူဒါန်းလိုပါတယ်။"

ကျိန့်ချောင်ကလည်း လျှောက်တင်၏။ "ကျွန်တော်မျိုးကလည်း ငွေလေးထောင် လှူဒါန်းပါတယ်။"

အမတ်ချုပ်ကြီးများက ဦးဆောင်နေသည်ကို မြင်လိုက်ရသော အခြားအရာရှိများမှာ မနေနိုင်ဘဲ အံကိုကြိတ်ထားလိုက်ကြသည်။

အမတ်ချုပ်ကြီးများက အစိုးရအဖွဲ့တွင် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ရာထူးအမျိုးမျိုးကို ရယူခဲ့ဖူးသူများ ဖြစ်ကာ အရှင်မင်းကြီး၏ မဟာဗျူဟာမှူးများအနေဖြင့်လည်း အလွန် ယုံကြည်စိတ်ချရသူများ ဖြစ်ကြသည်။ မိမိတို့၏ မွေးရပ်မြေတွင်လည်း နာမည်ကြီးပြီး ထင်ရှားသော မြေပိုင်ရှင်ကြီးများ ဖြစ်ကြ၏။

သို့ပေမည့် အဆင့်လေးအောက်ရှိ အခြားအရာရှိငယ်များအတွက်မူ အခြေအနေက ကွာခြား၏။ သူတို့အနေဖြင့် ငွေထောင်ဂဏန်းလောက်ကို ချက်ချင်း မရှာနိုင်ဘူးဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။ သို့သော်ငြား တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

ဘေးဒုက္ခသည်တွေကို လှူဒါန်းရမည်လား။ အရည်အသွေးမြင့် ကောင်းကင်လက်ဖက်ခြောက်ကို ဝယ်သောက်လိုက်သည်က ပိုမကောင်းပေဘူးလား။

ကျင်းဧကရာဇ်က ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။

အခြေအနေအရပ်ရပ်ကို နားလည်ပြီး အကဲဖြတ်နိုင်သူများမှာ အစိုးရအဖွဲ့ရှိ ဤအမတ်ကြီးများသာ ဖြစ်နေဆဲပင်။

ထို့နောက် အခြားအရာရှိများက မိမိတို့၏ ရာထူးအလိုက် ကိုယ်ပိုင်လှူဒါန်းမှုများကို အသီးသီး စတင် လျှောက်တင်ကြ၏။

ငွေထောင်ဂဏန်းဖြင့် စတင်ခဲ့ရာမှ တဖြည်းဖြည်း ရာဂဏန်းအထိ ကျဆင်းသွားပြီး နောက်ဆုံးတွင် ဆယ်ဂဏန်းအထိသာ ရှိတော့သည်။

ရလဒ်အနေဖြင့် ငွေသုံးသောင်းလေးထောင်သာ စုဆောင်းနိုင်ခဲ့၏။

မိန်းမစိုးလေး စာရင်းပြုစုထားသည့် ကိန်းဂဏန်းများကို မြင်လိုက်ရသော ကျင်းဧကရာဇ်၏ မျက်နှာမှာ တဖြည်းဖြည်း မှိုင်းညို့သွားခဲ့သည်။

အမတ်ပေါင်းများစွာ စုပေါင်းလှူဒါန်းငွေမှာ သူလှူဒါန်းထားသည့် ငွေတစ်သောင်းကို ဖယ်လိုက်ပါက နှစ်သောင်းလေးထောင်သာ ရှိသည်။ လက်ဖက်ခြောက်ရောင်းရငွေကပင် နှစ်ရက်သုံးရက်အတွင်း ငွေတစ်သောင်းကျော် စုဆောင်းနိုင်ခဲ့သေး၏။

ကျင်းဧကရာဇ်က အမတ်တစ်စုကို အရှက်ခွဲရန် လက်ဖက်ခြောက်ကိစ္စကို ဖွင့်ချချင်စိတ် ပေါက်သွားသော်ငြား ကိုယ်ပိုင် ရန်ပုံငွေအတွက် နောက်ထပ်ဝင်ငွေများ ထိခိုက်မည်စိုးသောကြောင့် ထိုအတွေးကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ပြီး ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်သည်။

"ကြီးမြတ်တဲ့ ကျင်းတိုင်းပြည်က အရာရှိတွေ ဒီလောက်တောင် ရိုးသားဖြူစင်ကြလိမ့်မယ်လို့ ကိုယ်တော် မထင်ထားခဲ့မိဘူး။ ဒီလောက်များပြားတဲ့ လူတွေစုပေါင်းလိုက်တာတောင် ငွေလေးသောင်း ပြည့်ဖို့ မနည်း ကြိုးစားလိုက်ရတယ်။"

အောက်ဘက်တွင် တိတ်ဆိတ်သွားပြီး အားလုံးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။

အရှင်မင်းကြီး၏ လောဘက အနည်းငယ် ကြီးလွန်းနေပြီ မဟုတ်ပါလား။ မည်မျှဆိုလျှင် လုံလောက်မည်နည်း။

ဘဏ္ဍာရေးအမတ် ကျန်းရှီက လျှောက်တင်၏။ "အရှင်မင်းကြီး ကျန်းမြစ်ဆီကို အမြန်ဆုံး အထောက်အပံ့ပေးဖို့က အရေးတကြီး လိုအပ်နေပါတယ်။ ရှိသမျှ အားလုံးကို ပို့ပေးလိုက်ကြရအောင်ပါ။"

"မှန်လှပါ အရှင်မင်းကြီး။ ကျန်းမြစ်ဆီကို တပ်ဖွဲ့တွေ အမြန်ဆုံး စေလွှတ်ပေးပါ။"

ကျင်းဧကရာဇ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ "အမတ်ဖုန်းကျဲ့။ အခုချက်ချင်း စစ်သည်တစ်သောင်းခွဲ စေလွှတ်ပြီး ရေနတ်ဘုရားဂိုဏ်းကို ချေမှုန်းဖို့ ကျန်းမြစ်ဆီ ချီတက်စေ။

ပြီးတော့ ဟန်ကျန်းပြည်နယ်ရဲ့ ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ငွေနှစ်သောင်း ယူသွားစေ။"

အရာရှိများမှာ ဒေါသထွက်သွားကြ၏။ "အရှင်မင်းကြီး ငွေနှစ်သောင်းဆိုတာ အရမ်း နည်းလွန်းပါတယ်။ စုစုပေါင်း ငွေတစ်သိန်းသုံးသောင်း ရှိနေတာတောင် ဘာလို့ ငွေနှစ်သောင်းပဲ ပို့ရတာပါလဲ။"

"ငွေနှစ်သိန်းရဲ့ ဆယ်ပုံတစ်ပုံလောက်သာ ပို့ပေးတာက အရမ်းကို နည်းလွန်းပါတယ်။"

လူအများအပြားမှာ စိုးရိမ်ပူပန်နေပုံရပြီး ၎င်းတို့ထဲမှ အများစုမှာ တောင်ပိုင်းအုပ်စုမှ အရာရှိများ ဖြစ်ကြ၏။ ဘေးအန္တရာယ်က ဆက်လက်ပြန့်နှံ့လာပြီး သူတို့၏ ပိုင်နက်နယ်မြေများကို ထိခိုက်လာမည်ကို ကြောက်ရွံ့ နေကြသည်။

"ဒီကိစ္စက ဘယ်လောက်ကြာမှာလဲ။ အမတ်မင်းတို့ထဲက ဘယ်သူက ကိုယ်တော့်ကို အဖြေပေးနိုင်မလဲ"

ကျင်းဧကရာဇ် က မေးလိုက်၏။ "တစ်လကြာတဲ့အထိ ရေလွှမ်းမိုးမှုတွေ မကျဆင်းသွားဘူးဆိုရင် ကိုယ်တော် နောက်ထပ် ငွေနှစ်သိန်း ဆက်ပို့ပေးဖို့ ခင်ဗျားတို့ မျှော်လင့်နေတာလား။

ဒါက ဖြည့်လို့မရနိုင်တဲ့ …. အောက်ခြေမရှိတဲ့ တွင်းနက်ကြီးတစ်ခုပဲ။ လောကကြီးထဲမှာ ကယ်တင်ဖို့ လိုအပ်နေတဲ့ ပြည်သူတွေ အများကြီး ရှိနေပေမဲ့ နိုင်ငံတော်ဘဏ္ဍာတိုက်မှာလည်း ငွေကြေးပမာဏ ကန့်သတ်ချက် ရှိနေတယ်။ ဒါကြောင့်... တစ်လှမ်းချင်းစီပဲ ရှေ့ဆက်ကြတာပေါ့။ လောလောဆယ်တော့ ဖြည်းဖြည်းချင်းပဲ သွားကြမယ်။

အမတ်ဖုန်းကျဲ့။ တပ်ဖွဲ့တွေ ကျန်းမြစ်ဆီ ရောက်သွားပြီးတဲ့နောက် မြို့တော်ဆီ နေ့တိုင်း သတင်းပို့ဖို့ လူတစ်ယောက် စီစဉ်ထားပါ။ သတင်းအချက်အလက် နှောင့်နှေးမှု မရှိစေရဘူး။"

"အမိန့်အတိုင်းပါ အရှင်မင်းကြီး"

အရှင်မင်းကြီး၏ ပြတ်သားသော သဘောထားကို မြင်လိုက်ရချိန်မှာတော့ အောက်ခြေရှိလူများမှာ ကိုယ်ပိုင် အစီအစဉ်များ အသီးသီး ချမှတ်နေကြသော်ငြား ဆက်လက်၍ အတင်းအကြပ် မတောင်းဆိုရဲကြတော့ပေ။

ကျန်းတုန်ရှန်းက လီယန်စုန်အနီးသို့ ချဉ်းကပ်လာကာ တီးတိုးမေးလိုက်၏။ "အမတ်ချုပ်လီ အရှင်မင်းကြီးက ဘာတွေများ... နည်းနည်း ထူးဆန်းနေသလိုပဲနော်"

လီယန်စုန်က လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။ "ကျုပ်လည်း မသိဘူး။ အရှင်မင်းကြီးမှာ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ရှိပါလိမ့်မယ်... တစ်လှမ်းချင်းစီပဲ ရှေ့ဆက်ကြတာပေါ့"

All Chapters