အခန်း ၄၆၃
Vol. 26 Ch. 463
အပိုင်း (၄၆၃) ကျုပ်ကို အရှင်မင်းကြီးဟု ခေါ်ပါ။
ဝူမင်းသားသည် ဆက်လက်၍ ညည်းညူပြောဆိုနေဆဲဖြစ်၏။ ကြည့်ရသည်မှာ မကောင်းမြင်စိတ်များ၊ စိတ်ဖိစီးမှုများကြားထဲတွင် နစ်မွန်းနေပြီး ရုန်းမထွက်နိုင်သေးသည့်ပုံပင်။
ဖန်ကျန်းရီကတော့ နားလည်ပေးနိုင်သည်။ စွမ်းရည်မည်မျှပင်ထက်မြက်စေကာမူ လူသားများသာ ဖြစ်သည့်အတွက် မည်သူမဆို စိတ်ဖိစီးမှုများလွန်းသည့်အချိန်မျိုး ရှိတတ်ကြစမြဲဖြစ်၏။
အထူးသဖြင့် ဝူမင်းသားကဲ့သို့ ကြီးမားလှသော ကိစ္စရပ်များကို လုပ်ဆောင်နေသူများအတွက် စိတ်ဖိစီးမှုက ပို၍ ကြီးမားလှ၏။ ထွက်ပေါက်တစ်ခုရရှိသွားချိန်မှာတော့ ရေကာတာကျိုးပေါက်သွားသည့် ရေစီးကြောင်းကြီး တစ်ခုကဲ့သို့ အလုံးအရင်းနှင့် ပွင့်ထွက်လာတတ်သည်။
သို့ပေမည့် ဖန်ကျန်းရီသည် ထိုသို့သော ညည်းညူသံများကို နားထောင်ရင်း ဂရုမစိုက်သည့်အပြင် အနည်းငယ်ပင် စိတ်မရှည်ဖြစ်လာခဲ့၏။
ဝူမင်းသား၏ စကားများကတော့ အလွန်ပင် လှပလွန်းသည်။ အမှန်တကယ်ပင်။ သူသည် ကျယ်ပြန့်သော အမြင်နှင့် ကြီးမားသော ရည်မှန်းချက်များ ရှိသည်။ သို့သော်ငြား မည်သို့အသုံးကျမည်နည်း။
အဆုံးသတ်တွင်တော့ သူသည် တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်သာဖြစ်၏။ ကန်စွန်းဥများရှိနေပါလျက်နှင့် လက်ထဲတွင် ဖုံးကွယ်ထားခဲ့သည်။ လျိုရွှန်းအား စားနပ်ရိက္ခာရှားပါးမှု ကပ်ဘေး ပိုမိုကြီးထွားလာစေရန် အခွင့်အရေးပေးခဲ့ပြီး လွီမိသားစုနှင့်လည်း ပူးပေါင်းကာ ယုတ်မာခဲ့၏။
ဤကိစ္စရပ်တိုင်းသည် သူ၏ တစ်ကိုယ်ရည် လောဘများအတွက်သာ ဖြစ်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးတွင် အောက်ခြေလူတန်းစားများကို ဝက်များ၊ ခွေးများသို့မဟုတ် စစ်တုရင်ရုပ်များကဲ့သို့သာ သဘောထားခဲ့သည်။
ဖန်ကျန်းရီသည် ဤကဲ့သို့သော လူမျိုးကို အထင်မကြီးချေ။
ယခင်ဘဝက သာမန် အလုပ်သမားတစ်ယောက်သာဖြစ်ခဲ့ပြီး ယခုဘဝတွင်လည်း တောင်ပေါ်ရွာလေးတစ်ရွာမှ ခရိုင်ဝန်တစ်ယောက်သာ ဖြစ်သည်။ ယခုအချိန်တွင် အောင်မြင်မှုများရရှိနေပြီဖြစ်သော်ငြား သူ၏ မူလ အခြေခံစရိုက်ကတော့ မည်သည့်အခါမှ ဖျောက်ဖျက်၍မရနိုင်ချေ။
လှိုင်းတံပိုးများကဲ့သို့ ကြီးကျယ်ခမ်းနားလှသော သမိုင်းကြောင်းတိုင်းနှင့် ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့ကြသည့် ဧကရာဇ်များနှင့် စစ်သူကြီးများ၏ ကျောဘက်တွင် ရေတွက်၍မရနိုင်သော သာမန်ပြည်သူများ၏ သွေးနှင့် အလောင်းကောင်များ တောင်လိုပုံနေခဲ့သည်ချည်းသာပင်။
ယခင်ဘဝက သမိုင်းများကို ဖတ်ရှုချိန်တွင် သမိုင်းထဲမှ မင်းညီမင်းသားများ၊ စစ်သူကြီးများနှင့် စိတ်ချင်း ဆက်နွှယ်မိကောင်း ဆက်နွှယ်မိခဲ့လိမ့်မည်။ သို့ပေမည့် သမိုင်းကြောင်းထဲသို့ ကိုယ်တိုင်ရောက်ရှိနေချိန်မှာတော့ ကြောက်မက်ဖွယ်ကောင်းလှသော လက်ရှိအခြေအနေကို သူ အရှင်းလင်းဆုံး မြင်တွေ့နေရပြီဖြစ်၏။
ဝူမင်းသား၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရသည်မှာ လုံလောက်သွားပြီဖြစ်သောကြောင့် ဖန်ကျန်းရီက စကားဖြတ်ပြောလိုက်သည်။ “မင်းသားဝူ ... အခုချိန်ထိ ကျုပ် နားမလည်သေးတာ တစ်ခုရှိတယ်။ ခင်ဗျား ကျုပ်ကို ဖမ်းပြီးတော့ ဘာလုပ်ချင်တာလဲ။”
ဝူမင်းသားသည် စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ပြီး မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လွင်သွားခဲ့၏။
ရင်ထဲမှ စကားများကို ပြောပြရန် အခွင့်အရေးရရှိချိန်တွင် မျက်နှာချင်းဆိုင်ရှိလူက ကျေးဇူးမတင်သည့်အပြင် ဤကဲ့သို့ တုံ့ပြန်လာသောကြောင့် မကျေနပ်မှုကို အတင်းဖိနှိပ်ကာ ပြောလိုက်သည်။ “ဘာလုပ်ရမှာလဲ။ ကျုပ် ဒီလောက်တောင် ပြောပြနေတာကို ခင်ဗျား နားမလည်သေးဘူးလား။ သေချာပေါက် ခင်ဗျားကို ပင်လယ်ရပ်ခြားဆီ ခေါ်သွားမလို့ပေါ့။”
ဖန်ကျန်းရီသည် သံသယဖြစ်စွာဖြင့် ပြောလိုက်၏။ “မင်းသားဝူ ... ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်က သာမန် အရည်အချင်းပဲ ရှိတဲ့သူပါ။ ခင်ဗျား သဘောကျလောက်စရာ အချက်တချို့ ရှိကောင်းရှိနိုင်ပေမဲ့ ဒီလောက်ထိ အပင်ပန်းခံနေစရာ မလိုဘူးထင်တယ်။”
“လိုတယ် ... အရမ်းကို လိုအပ်တယ်။ ဒီနေ့ စကားတွေကို ပွင့်ပွင့်လင်းလင်း ပြောနေပြီဆိုတော့ကာ ကျုပ် ခင်ဗျားကို အမှန်တိုင်းပဲ ပြောပြလိုက်တော့မယ်။ ကျုပ်က ခင်ဗျားရဲ့ တောက်ယွမ်ခရိုင်က အတိုင်းအဆမဲ့ ကုသိုလ်တော်ကို လိုချင်တာ။ အဲဒီပစ္စည်းက တကယ်တမ်း ဘာလဲဆိုတာကို သေချာမသိပေမဲ့ ကျန်းမြစ်ဘက်ကို လူလွှတ်ပြီး အဲဒီပစ္စည်းသုံးခဲ့တဲ့ နေရာကို သွားရောက်စစ်ဆေးခိုင်းကြည့်ခဲ့တယ်။
တောင်တွေကိုဖြိုပြီး ကျောက်ဆောင်တွေကို ခွဲပစ်နိုင်တဲ့ စွမ်းအားက ကျုပ်ကို တကယ် အံ့အားသင့်စေခဲ့တယ်။ ဒီပစ္စည်းက စစ်ပွဲတွေအတွက် အလွန်ကောင်းမွန်တဲ့ လက်နက်တစ်ခု ဖြစ်ရမယ်။ ပင်လယ်ရပ်ခြားကို ရောက်သွားတဲ့အချိန်မှာ လူအင်အား မလုံမလောက်ဖြစ်နေလိမ့်မယ်။ အဲဒီပစ္စည်းကို အသုံးပြုပြီးတော့ နယ်မြေသစ်တွေကို ချဲ့ထွင်နိုင်လိမ့်မယ်။” ဝူမင်းသားသည် ဖန်ကျန်းရီကို စိုက်ကြည့်ကာ သူ၏ မျက်နှာအမူအရာ ကို အကဲခတ်နေခဲ့၏။
ဖန်ကျန်းရီသည် ကုန်သွားပြီဟု ပြောချင်လိုက်သော်ငြား သေသေချာချာ ပြန်တွေးကြည့်လိုက်၏။ ထိုသို့ ပြောလိုက်ပါက ဤနေရာတွင် အသက်ပျောက်သွားမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် စကားကို ပြောင်းလဲပြောဆိုလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ်ကို ဖမ်းမိနေပြီပဲ။ ဘာဖြစ်လို့ မထွက်ခွာသေးတာလဲ။ လူစောင့်နေတာလား။”
“မှန်တယ်။ ကျုပ်ရဲ့ တပ်ဖွဲ့တစ်ဖွဲ့က တောက်ယွမ်ခရိုင်ဆီ သွားပြီးတော့ အတိုင်းအဆမဲ့ ကုသိုလ်တော်ကို သွားယူနေတယ်။ နောက်ရက်အနည်းငယ်လောက်ဆိုရင် ကျုပ်လူတွေ ပြန်ရောက်လာတော့မှာ။”
ချီးတဲ့မှ။ ငါ့လူတွေကိုတောင် ရန်စရဲတယ်ပေါ့။
ဖန်ကျန်းရီ၏ ရင်ထဲတွင် ဒေါသမီးတောက်တစ်ခု ရုတ်တရက် လောင်ကျွမ်းသွားခဲ့၏။ တောက်ယွမ်ခရိုင်သည် သူ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး သူ၏အိမ်လည်းဖြစ်သည်။ မည်သူမဆို ရန်စရဲသည်ဆိုပါက သူနှင့် ရန်သူဖြစ်သွားပြီပင်။ ဝူမင်းသား၏ လူများ တောက်ယွမ်ခရိုင်အတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ကြောင်း သူ ယုံကြည်မှုရှိနေသော်ငြား ထိုသို့သော အတွေးမျိုးတွေးခေါ်ခြင်းကိုပင် လက်မခံနိုင်ချေ။ ပို၍ဆိုးရွားသည်က ထိုသူသည် လက်တွေ့ပင် အကောင်အထည်ဖော်နေပြီဖြစ်၏။
“မင်းသားဝူ ... တောက်ယွမ်ခရိုင်မှာ အဲဒီလောက် အစွမ်းထက်တဲ့ နတ်လက်နက်ရှိနေမှတော့ ခင်ဗျားရဲ့ လူတွေ ခရိုင်ထဲကို ဝင်နိုင်ဖို့ အခွင့်အရေးတောင် ရမှာမဟုတ်ဘူးဆိုတာ မတွေးမိဘူးလား။ သွားတာနဲ့ သေဖို့ပဲရှိမယ်။”
“အေးလေ ... ဒါကြောင့် ခင်ဗျားကို ဖမ်းလာရတာပေါ့။”
“……”
ဝူမင်းသားသည် သူ၏ဝတ်ရုံလက်စကို သပ်ရပ်အောင်လုပ်လိုက်ပြီး ဖန်ကျန်းရီ၏ မျက်နှာချင်းဆိုင်တွင် ပြန်ထိုင်လိုက်၏။ “ခင်ဗျားမှာ ရွေးချယ်စရာ လမ်းမရှိတော့ဘူး။ ဂုဏ်သိက္ခာရှိတဲ့ ခရိုင်ဝန် တစ်ယောက်ဖြစ်နေပါလျက်နဲ့ ခရိုင်ထဲက ပြည်သူတွေကို ခေါ်ပြီး တောင်းရမ်းစားသောက်ဖို့ လုပ်ခဲ့တယ်ဆိုတာ အခြားသူတွေ ကြားရင် ရယ်စရာကောင်းနေလိမ့်မယ်။
ခင်ဗျားလို အရည်အချင်းရှိတဲ့သူတစ်ယောက်ကို ဘယ်သူကမှ သတိမထားမိခဲ့ဘူး။ ဒါက နောင်တော်မှာ လူကြည့်တတ်တဲ့အမြင် မရှိလို့ပဲ။ ကျုပ်နဲ့ လိုက်ခဲ့ရင်တော့ တူတော့မှာ မဟုတ်ဘူး။ ကျုပ်က ခင်ဗျားရဲ့ အရည်အချင်းတွေကို သဘောကျတယ်။ ခင်ဗျားကို နိုင်ငံတော်ရဲ့ အားထားရတဲ့ ပညာရှိတစ်ယောက်လို ဆက်ဆံမယ်။ ဘာတွေ မကျေနပ်စရာ ရှိနေသေးလို့လဲ။”
ဖန်ကျန်းရီ၏ မျက်နှာသည် ရုတ်တရက် နီမြန်းသွားခဲ့၏။
ချီးပဲ။ ဒီလို အတိတ်ဆိုးကြီးတောင် တူးဖော်ခံလိုက်ရပြီလား။ အဲဒီအချိန်တုန်းက ဝူမင်းသားရဲ့ လူတွေနဲ့တောင် မသိသေးဘူးမဟုတ်လား။
သို့ပေမည့် တစ်ချက်ပြန်တွေးကြည့်လိုက်၏။ ဟွမ်ရှန်းရုံ ဆိုသည့်ကောင်က ယခင်တုန်းက ဝူမင်းသားအတွက် အလုပ်လုပ်ပေးခဲ့ဖူးသည်ဆိုတော့ ဤကိစ္စကို သိနေသည်မှာလည်း ပုံမှန်ပင် ဖြစ်သည်။ သို့သော်ငြား ဖန်ကျန်းရီသည် မျက်နှာပူမိဆဲပင်။ သူတောင်းစား လုပ်ခဲ့ရသည့် အတိတ်ဆိုးကို သူ ပုံမှန်အားဖြင့် မပြောချင်ပေ။
ဖန်ကျန်းရီက ခေါင်းမာမာနှင့် ငြင်းဆိုလိုက်သည်။ “မင်းသားဝူ ... လျှောက်မပြောပါနဲ့။”
ဝူမင်းသားက ပြန်လည်ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် အိမ်တော်ထိန်းချန်သည် အခန်းတံခါးကိုဖွင့်ကာ ဝင်ရောက်လာပြီး ခါးညွှတ်၍ ပြောလိုက်၏။ “အရှင်မင်းကြီး ... စားပွဲပြင်ဆင်ပြီးပါပြီ။”
ဝူမင်းသားက ပြောလိုက်သည်။ “သွားကြစို့။ ဒီလောက်အချိန်ကြာနေပြီဆိုတော့ ခင်ဗျားလည်း ဗိုက်ဆာနေလောက်ပြီ။ စားရင်းသောက်ရင်း စကားပြောကြတာပေါ့။”
သူ ထိုသို့ပြောလိုက်သောအခါ ဖန်ကျန်းရီသည်လည်း ဗိုက်ဆာလာသလို ခံစားလိုက်ရ၏။
ထို့ကြောင့် ဝူမင်းသားနောက်သို့ လိုက်ကာ အခန်းတစ်ခန်းသို့ ပြောင်းရွှေ့သွားခဲ့၏။ အခန်းထဲတွင် အခြားသော သက်တော်စောင့်များ မရှိဘဲ အိမ်တော်ထိန်းချန် တစ်ယောက်တည်းသာ ဘေးတွင် ရပ်နေခဲ့သည်။ အလယ်တွင် စားပွဲကြီးတစ်ခုရှိပြီး အရသာရှိလှသော ဟင်းလျာများဖြင့် ပြည့်နှက်နေ၏။
ဖန်ကျန်းရီသည် ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ “မင်းသားဝူ ... ကျုပ်က ခင်ဗျားကို ဓားစာခံလုပ်ပြီး ဒီကနေ ထွက်ပြေးသွားမှာကို မကြောက်ဘူးလား။”
ဝူမင်းသားသည် ဘေးတွင်ရှိနေသော အိမ်တော်ထိန်းချန်ကို ကြည့်ကာ လက်ညှိုးထိုးပြလိုက်၏။ “သူ ဘယ်သူလဲဆိုတာ ခင်ဗျား သိလား။”
“သိတာပေါ့။ မင်းသားအိမ်တော်က အိမ်တော်ထိန်းချန် မဟုတ်ဘူးလား။ ကျုပ်တို့ တွေ့ဖူးပါတယ်။”
“ဟား ... သူက အခုမှ အိမ်တော်ထိန်း ဖြစ်နေတာ။ အရင်တုန်းက မဟုတ်ဘူး။ သူနာမည်က ချန်ကျန့်။ ချန်တိုင်းပြည် ဧကရာဇ်ရဲ့ ကိုယ်ရံတော် မိန်းမလျာလေ။ ကိုယ်တော့်ကို ဓားစာခံလုပ်ဖို့ မင်း စမ်းကြည့်လို့ရတယ်။ မင်းလက်က မြန်သလား ... သူ့ဓားက မြန်သလားဆိုတာ ကြည့်ကြတာပေါ့။”
“ချန်တိုင်းပြည် ဧကရာဇ်ကို သူသတ်လိုက်တာလား။”
“မှန်တယ်။ ဒါပေမဲ့ အဲဒီနှစ်တုန်းက ချန်တိုင်းပြည် ဧကရာဇ်က ရွှေဆေးလုံးတွေ သောက်ပြီး သေသွားခဲ့တာ။ ကြည့်ရတာ လူအိုလာရင် ဦးနှောက်က သိပ်အလုပ်မလုပ်တော့ဘူး ထင်ပါရဲ့။” ဝူမင်းသားက အထင်သေးစွာ ရယ်မောလိုက်၏။
ဒီလို မိန်းမလျာမျိုး ကျုပ်ဆီမှာလည်း တစ်ယောက်ရှိတယ်။ ဒါပေမည့် သူက ဘာလို့ သိုင်းမတတ်ရတာလဲ။ အခုတော့ ရှောင်ပိုင်ရဲ့ ရန်သူကို ရှာတွေ့သွားပြီပဲ။ သူ့ကို သတ်ပစ်လိုက်ရင် စိတ်အေးရပြီ။
သို့ပေမည့် ယခုအချိန်တွင် သူ့ကိုယ်သူပင် မကာကွယ်နိုင်သေးချေ။ ရှုပ်ထွေးနေသော အတွေးများသည် ဖန်ကျန်းရီ၏ ခေါင်းထဲတွင် တစ်ခဏမျှသာ ပေါ်လာပြီးနောက် ချန်ကျန့်ကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်၏။ “သခင်ကို ရောင်းစားပြီး ဘုန်းအာဏာကို ရှာတဲ့သူ ... အောက်တန်းကျလိုက်တာ။ မင်းသားဝူ ... ဒီလူက သစ္စာဖောက်မယ့်အရိပ်အယောင်ရှိတယ်။ ထား,ထားလို့ မဖြစ်ဘူးနော်။”
ချန်ကျန့်၏ ပြုံးရွှင်နေသော မျက်နှာသည် ရုတ်တရက် တင်းမာသွားပြီး ဖန်ကျန်းရီကို အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
ခွေးမသားလေး။ တွေ့တွေ့ချင်း သွေးခွဲစကား ပြောနေတယ်။
ဝူမင်းသားသည် ဖန်ကျန်းရီကို ဂရုမစိုက်ဘဲ သူ့ဟာသူသာ ဆက်ပြောနေခဲ့သည်။ “မဟုတ်ဘူး။ ခင်ဗျားနဲ့ ကျုပ်နဲ့က ပွင့်ပွင့်လင်းလင်း တွေ့ဆုံနေကြပြီပဲ။ အခု ကျုပ်က တာ့ကျင်းရဲ့ ဝူမင်းသား မဟုတ်တော့ဘူး။ ခင်ဗျား ကျုပ်ကို အရှင်မင်းကြီးလို့ ခေါ်သင့်တယ်။”
ဖန်ကျန်းရီက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။ “မဖြစ်နိုင်တာ။ ကျုပ် ဖန်ကျန်းရီက သစ္စာရှိတဲ့ သစ္စာတော်ခံဆိုတာကို မြို့တော်ထဲက ခွေးတစ်ကောင်တောင် သိတယ်။ ခင်ဗျားကို အရှင်မင်းကြီးလို့ ခေါ်လိုက်ရင် ကျုပ်က ဘယ်လိုလုပ် လူဖြစ်တော့မှာလဲ။
အခုချိန်မှာ လုံးဝ အသိအမှတ်ပြုလို့ မဖြစ်ဘူး။ ကျုပ်က လာကယ်မယ့်သူတွေကို စောင့်နေရသေးတာ။ ဦးနှောက်ထဲ ရေဝင်နေမှပဲ ခင်ဗျားနဲ့အတူ ပင်လယ်ရပ်ခြားကို လိုက်မှာပေါ့။
ကျုပ်မှာ လုပ်ကျွေးရမယ့် မိသားစုကြီး ရှိသေးတယ်။ နောက်ပြီး ဒီခေတ်ရဲ့ စုတ်ပြတ်နေတဲ့ သင်္ဘောတွေနဲ့ဆိုရင် လေပြင်းမုန်တိုင်းတွေနဲ့ တွေ့ရင် လမ်းတစ်ဝက်မှာတင် သေဖို့များတယ်။ ပြီးတော့ စေ့စပ်ဆွေးနွေးတယ်ဆိုတာ တွေ့တွေ့ချင်း ဒူးထောက်ရတဲ့ ထုံးစံမှမရှိတာ။ အဲဒါ ကိုယ့်တန်ဖိုးကိုယ် ချတာပဲ မဟုတ်ဘူးလား။”
ဖန်ကျန်းရီက လုံးဝ မျက်နှာသာမပေးသည်ကို မြင်သောအခါ ဝူမင်းသား၏ မျက်နှာသည် မည်းမှောင်သွားခဲ့၏။ “သစ္စာတော်ခံ ဟုတ်လား ... ဖားယားမြှောက်ပင့်တာတွေလုပ်တယ်။ မြို့ရိုးကို ကိုယ့်သဘောနဲ့ကိုယ် တည်ဆောက်တယ်၊ စည်းမျဉ်းတွေကို ကျော်လွန်ပြီး အဆောက်အအုံတွေ ဆောက်တယ်။ ကုန်သည်တွေကို ဓားပြတိုက်တယ်။ လက်နက်တွေကို ကိုယ့်သဘောနဲ့ကိုယ် ထုတ်လုပ်တယ်။ ခင်ဗျားလုပ်တဲ့အထဲမှာ သစ္စာတော်ခံ တစ်ယောက် လုပ်သင့်တာ ဘာပါလို့လဲ။ ကျုပ်ကတော့ ခင်ဗျား ပုန်ကန်ဖို့ ပြင်နေတယ်လို့တောင် ထင်ခဲ့တာ နှစ်အတော်ကြာပြီ။”
ဖန်ကျန်းရီက အော်ဟစ်လိုက်သည်။ “ကျုပ် လောက် နိုင်ငံကို ချစ်တဲ့သူ မရှိဘူး။”
ထိုစကားကို ကြားသောအခါ ဝူမင်းသားသည် ရယ်ချင်သွားပုံရပြီး ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်၏။ “အပြစ်မရှိဘူး ... အကျင့်စာရိတ္တ အောက်တန်းအကျဆုံး လူတွေတောင် နိုင်ငံကို ချစ်နိုင်တာပဲ။ တကယ်လို့ ခွေးသာ စကားပြောတတ်ရင် အရိုးတစ်ပိုင်း ပေးလိုက်တာနဲ့ သူလည်း နိုင်ငံကို ချစ်မှာပေါ့။
ကျုပ် ခင်ဗျားကို မျက်နှာသာ အများကြီး ပေးထားပြီးပြီ။ ခင်ဗျားမှာ ရွေးချယ်ပိုင်ခွင့် မရှိဘူး။ အလိုက်မသိ မလုပ်နဲ့။ တကယ်လို့ ကျုပ်လူတွေ တောက်ယွမ်ခရိုင်ကနေ အတိုင်းအဆမဲ့ကုသိုလ်တော်ကို ယူလာပြီးသွားတဲ့အချိန်ကျရင် ခင်ဗျား အသက်ရှင်နိုင်ပါ့မလားဆိုတာ မသေချာဘူးနော်။ ခင်ဗျား ကျုပ်ရဲ့ အစီအစဉ်တွေကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့တယ်။ ကျုပ်က ခင်ဗျားကို တကယ် မသတ်ချင်ဘူးလို့ ထင်နေတာလား။”
…
ဟိုင်ယွမ်မြို့ အကျဉ်းထောင်အတွင်း။
“အသံသွင်းပြီးပြီလား။”
“သွင်းပြီးပါပြီ။”
ကျောက်လျဲ့သည် ခေါင်းညိတ်လိုက်ပြီး ထွက်ဆိုချက်များကို အသံသွင်းထားပြီးသော လွီမိသားစုဝင်များကို ကြည့်ကာ ပြောလိုက်၏။ “အင်း ... ဓာတ်ပြားတွေ ကုန်သွားပြီ။ ထပ်သွင်းစရာ မလိုတော့ဘူး။ သူ့ကို ဖမ်းချုပ်ထားလိုက်တော့။”
အသံသွင်းနေသော ညီအစ်ကိုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို ခါရမ်းကာ ပြောလိုက်သည်။ “ဟူး ... ပြီးသွားပြီဟေ့။ ဒီစက်ပျက်ကြီးက တော်တော်လေး ဒုက္ခပေးတာပဲ။ သခင်လေးရဲ့ တောင်းဆိုချက်တွေကလည်း များလိုက်တာ။ စကားထစ်သွားရင် ပြန်သွင်းရအုံးမယ်တဲ့။”
ထိုသို့ပြောပြီးနောက် ထလာကာ လွီမိသားစုဝင်အား ပါးတစ်ချက် ရိုက်ချလိုက်၏။ “မင်းကို ထစ်အနေဖို့ ဘယ်သူက ပြောလို့လဲကွ။”
ဓာတ်ပြားစက် ဆိုသည့်အရာသည် ဆန်းသစ်သော်ငြား လူတိုင်းသည် အကြိမ်အနည်းငယ်မျှ ဆော့ကစားပြီးနောက် ငြီးငွေ့သွားကြပြီဖြစ်၏။ အထူးသဖြင့် တစ်နေကုန် ဆော့နေရသောကြောင့် ပို၍ပင် ငြီးငွေ့လာကြသည်။
ကျောက်လျဲ့သည် ဓာတ်ပြားစက်ကို တိတ်ဆိတ်စွာ သိမ်းဆည်းနေရင်း ငိုကြွေးနေသော လွီမိသားစုဝင်ကို ကြည့်ကာ ပြောလိုက်သည်။ “အခုမှ ငိုတတ်နေပြီလား။ သူများတွေကို အနိုင်ကျင့်တုန်းကတော့ ဘာတွေ တွေးနေခဲ့တာလဲ။”
ထိုအချိန်တွင် အကျဉ်းထောင်တံခါးအပြင်ဘက်မှ လူတစ်ယောက် ရုတ်တရက် ဝင်ရောက်လာပြီး ကျောက်လျဲ့ရှေ့သို့ ပြေးလာကာ မောဟိုက်စွာဖြင့် ပြောလိုက်၏။ “တပ်မှူး ... ပြဿနာတက်ပြီ။ ကျုပ် သခင်လေးဆီ ပစ္စည်းသွားပို့တာ ဘယ်နားရှာရှာ မတွေ့ဘူး။ ဆရာကျိုးထျဲ့လည်း မရှိဘူး။
မြေကြီးပေါ်မှာ ကျုပ်တို့လူတွေ ချန်ထားခဲ့တဲ့ အမှတ်အသားတွေကို တွေ့လို့ မြို့တံခါးအပြင်ဘက်ကို လိုက်သွားတယ်။ မြို့တံခါးစောင့်တွေက မနက်တုန်းက လူတစ်ယောက်က တခြား လူတစ်ယောက်ကို မြင်းပေါ်တင်ပြီး မြို့ထဲကနေ ထွက်ပြေးသွားတာကို တွေ့လိုက်တယ်တဲ့။ ကျုပ် ခုနလေးတင် မြို့ထဲမှာ အချက်ပေးလက္ခဏာ ပြလိုက်တော့ ကျုပ်တို့လူတွေ အကုန်ရောက်လာကြပြီ။ သခင်လေးနဲ့ ဆရာကျိုးထျဲ့ပဲ လိုနေတယ်။”
ကျောက်လျဲ့၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထသွားခဲ့၏။ “မြို့တံခါးစောင့်တွေက ဘာလို့ မတားကြတာလဲ။ မင်း သေချာရဲ့လား။”
“မမှားနိုင်ဘူး။ မြို့တံခါးက အသုံးမကျတဲ့ အကောင်နှစ်ကောင်က ကျုပ်တို့ ဟိုင်ယွမ်မြို့ကို လွှဲပြောင်းယူလိုက်တာကို သိတာနဲ့ ဘာအလုပ်မှ မလုပ်ကြတော့ဘူး။ တစ်နေကုန် အဲဒီမှာ စကားပဲ ထိုင်ပြောနေကြတာ။”
“ချက် ... ချက်ချင်း။ ညီအစ်ကိုတွေကို လက်နက်တွေ အကုန်အပြည့်အစုံယူခိုင်းပြီး မြို့ပြင်ထွက်ပြီး ချက်ချင်းလိုက်ကြ။”