အခန်း (၃-၄)
Vol. 1 Ch. 3-4
အပိုင်း (၃) ဒီရေက အရမ်းချိုတာပဲ
"သခင်ကြီး... အရင်ဆုံး တည်းခိုဖို့ နေရာတစ်ခုလောက် ရှာကြရအောင်"
ကျင်းဧကရာဇ်က ခေါင်းညိတ်ပြလိုက်၏။ "ကောင်းပြီလေ၊ ဒီမှာ ရက်အနည်းငယ်လောက် ဆက်နေရမယ့်ပုံပဲ"
ထို့နောက် သူတို့နှစ်ဦး လမ်းမပေါ်တွင် ဆက်လက် လျှောက်လှမ်းသွားကြသည်။
တောက်ယွမ်ဒေသရှိ ဆန်းသစ်တီထွင်မှု အများအပြားကြောင့် ကျင်းဧကရာဇ်မှာ အတော်လေး အံ့အားသင့်နေသည်။ ထို့ကြောင့် တည်းခိုရန် နေရာရှာဖို့ လောလောဆယ် အလျင်စလို မဖြစ်တော့ပေ။
‘ကမ္ဘာပေါ်က ခရိုင်တွေ မြို့တွေ အားလုံးသာ တောက်ယွမ်ခရိုင်လို ဖြစ်နေမယ်ဆိုရင် ကိုယ်တော် ဒီလောက် ပူပန်နေစရာ မလိုတော့ဘူး။’ ကျင်းဧကရာဇ်က စိတ်ထဲမှ တွေးလိုက်၏။
ရုတ်တရက် ကော်ထျန်းယန်၏ မျက်လုံးများက အရောင်လက်သွားသည်။
"သခင်ကြီး... ဒါက ယိုကျန်းတည်းခိုခန်းပဲ"
ကျင်းဧကရာဇ်က မော့ကြည့်လိုက်ပြီး ချက်ချင်း ဆွံ့အသွားရ၏။
အမည်မှာ ယိုကျန်းတည်းခိုခန်း ဖြစ်သည်။ ဆိုင်းဘုတ်၏ ညာဘက်အောက်ထောင့်တွင် 'ကွမ်' ဟူသော စာလုံး သေးသေးလေး တစ်လုံး ပါရှိသော်ငြား မည်သည့်အဓိပ္ပာယ်မှန်း သူ မသိချေ။
ကျင်းဧကရာဇ် အထဲသို့ လှမ်းဝင်သွားမှသာ အနောက်တွင် ရပ်နေသော ကော်ထျန်းယန်မှာလည်း သက်ပြင်း ချနိုင်သည်။
ဆိုင်ရှင်က ဝင်လာသော ဧည့်သည်များကို နွေးထွေးစွာ ကြိုဆို၏။
"ကြိုဆိုပါတယ် လူကြီးမင်းတို့... ညစာသုံးဆောင်ဖို့ ဝင်လာတာလား ဒါမှမဟုတ် ဒီမှာပဲ ညအိပ်တည်းခိုမှာလား"
"ညအိပ်တည်းခိုမှာပါ"
"ကောင်းပါပြီ၊ ကျုပ်တို့ တည်းခိုခန်းမှာ ပထမတန်း၊ ဒုတိယတန်းနဲ့ တတိယတန်း အခန်းတွေ ရှိပါတယ်၊ ပထမတန်းက ငွေငါးတေးလ်၊ ဒုတိယတန်းက သုံးတေးလ်နဲ့ တတိယတန်းက တစ်တေးလ်ပါ၊ လူကြီးမင်းတို့ နှစ်ဦးက ဘယ်အခန်းမျိုးကို ရွေးချယ်ချင်ပါသလဲ"
တစ်ညကို ငွေငါးတေးလ်တဲ့လား။
ကော်ထျန်းယန်က မကျေမနပ်ဖြင့် အရှေ့သို့ တိုးလာကာ ပြောလိုက်၏။ "မင်းတို့ တည်းခိုခန်းက ဘယ်လိုလုပ် ဒီလောက်တောင် ဈေးကြီးနေရတာလဲ၊ တစ်ညကို ငွေငါးတေးလ်တောင်ဆိုတော့ အပြင်လူတွေကို တမင်သက်သက် ဈေးတင်ပြီး ရိတ်ဖို့ လုပ်နေတာလား"
ဆိုင်ရှင်က လက်ကို အလျင်အမြန် ခါယမ်းကာ တောင်းပန်သည့် အပြုံးဖြင့် ပြောလိုက်သည်။ "မဟုတ်ပါဘူး။ လူကြီးမင်းတို့ ဘာတွေ ပြောနေတာလဲ၊ ကျုပ်တို့ တည်းခိုခန်းက လူကြီးလူငယ်မရွေး အားလုံးအပေါ် ရိုးသားပါတယ်၊ ဟိုနေရာ ၊ ဒီနေရာ လိုက်လံမေးကြည့်လိုက်ရင် ဒါက သတ်မှတ်ထားတဲ့ စံနှုန်းဈေးဆိုတာ သိပါလိမ့်မယ်။
ကျုပ်တို့က တရားဝင် ဖွင့်လှစ်ထားတဲ့ တည်းခိုခန်းဖြစ်ပြီး ဈေးနှုန်းတွေက အပြင်ကထက် အနည်းဆုံး ရာခိုင်နှုန်း နှစ်ဆယ် ပိုသက်သာပါတယ်။"
ကျင်းဧကရာဇ်မှာ စိတ်ဝင်စားသွား၏။ "အစိုးရပိုင် လုပ်ငန်းလား၊ အရာရှိတစ်ယောက်က တည်းခိုခန်း ဖွင့်ထားတာလား"
ဆိုင်ရှင်က ခေါင်းညိတ်ပြလိုက်သည်။ "သေချာတာပေါ့၊ ခရိုင်ထဲက စီးပွားရေးလုပ်ငန်းကြီး အများစုကို ရုံးတော် အာဏာပိုင်တွေကပဲ လုပ်ကိုင်ကြတာပါ၊ ဒီယိုကျန်းတည်းခိုခန်းကို ကျုပ်တို့ မြို့ဝန်မင်း ကိုယ်တိုင် အမည် ပေးထားတာဖြစ်ပြီး အပြင်ကလာတဲ့ ကုန်သည်တွေ အဆင်ပြေစေဖို့ တည်ဆောက်ထားတာပါ။
ကျုပ် ပြောပါရစေ၊ ပထမတန်းအခန်းအတွက် ငွေငါးတေးလ် ပေးရတာကို မကျေမနပ် မဖြစ်ပါနဲ့၊ ကုန်သည်တွေ အမြောက်အမြား လာကြတဲ့အခါမျိုးဆိုရင် တတိယတန်းအခန်းရဖို့တောင် မလွယ်ပါဘူး။”
"ဒါဆိုလည်း ကောင်းပြီလေ၊ ပထမတန်း အခန်းသာ ယူလိုက်မယ်"
ဆုံးဖြတ်ချက် မချမီ ကျင်းဧကရာဇ်က ခဏတာမျှ တုံ့ဆိုင်းနေခဲ့၏။
ဤတောက်ယွမ်ခရိုင်က တဖြည်းဖြည်းနှင့် ပိုပိုပြီး ထူးဆန်းလာ၏။
အလုပ်သမား လူငယ်လေးတစ်ဦးက လက်ဖက်ရည်အိုးတစ်လုံးကို သယ်ဆောင်ပြီး သူတို့နှစ်ဦးကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားသည်။
အခန်းသို့ ရောက်သောအခါ အစေခံလေးက လက်ဖက်ရည်နှစ်ခွက်ကို ဂရုတစိုက် ငှဲ့ပေး၏။
"လူကြီးမင်းတို့... ဒီလက်ဖက်ရည်ကို မြည်းစမ်းကြည့်ပါအုံး၊ ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ ရေက အရမ်းချိုလွန်းလို့ နာမည်ကြီးတာပါ။ ကျုပ် သွားလိုက်ပါအုံးမယ်၊ တစ်ခုခု လိုအပ်ရင် တံခါးဘေးက ကြိုးနီလေးကိုသာ ဆွဲလိုက်ပါ၊ ကျုပ် လာခဲ့ပါမယ်။"
တစ်စုံတစ်ယောက်ကို ခေါ်ရန် ကြိုးဆွဲရခြင်းက စိတ်ဝင်စားစရာကောင်းသော စိတ်ကူးတစ်ခုပင်။ နန်းတော်တွင်လည်း ထိုသို့သော အရာမျိုး လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။
ကျင်းဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။
အစေခံလေးမှာ တံခါးပိတ်ကာ ထွက်သွား၏။
"အရှင်မင်းကြီး... လက်ဖက်ရည်လေး သုံးဆောင်ပါအုံး၊ ခရီးတစ်လျှောက်လုံး ကောင်းကောင်း မစားခဲ့ရဘူး ဆိုတော့ စားစရာနဲ့ သောက်စရာတချို့ သွားယူလိုက်ပါအုံးမယ်"
"မလောပါနဲ့"
ကျင်းဧကရာဇ်က လက်ကာပြလိုက်ပြီးနောက် စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်လုံးကို ကောက်ယူကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
အဝါနုရောင် လက်ဖက်ရည်မှာ ကြည်လင်နေပြီး မပွင့်သေးသော လက်ဖက်ရွက် နှစ်ရွက်လည်း ပါဝင်နေ၏။
"ဒီလက်ဖက်ရည်က မြို့တော်က လက်ဖက်ရည်နဲ့ မတူပါလား"
ကော်ထျန်းယန်က လက်ဖက်ရည်ပန်းကန်လုံးကို ကောက်ယူကာ အနံ့ခံလိုက်သည်။ "အင်း... အနံ့က တော်တော်လေး မွှေးတာပဲ၊ အရှင်မင်းကြီးအတွက် ကျွန်တော်မျိုး အရင် မြည်းစမ်းကြည့်ပါရစေ"
စကားဆုံးသည်နှင့် သူက တစ်ငုံ သောက်လိုက်၏။
ထို့နောက် မျက်လုံးများကို မှေးစင်းလျက် ပြောလိုက်သည်။ "အရမ်းကို မွှေးကြိုင်လှပါတယ်၊ ဆေးဖက်ဝင် အနံ့လေးတောင် ရနေသလိုပဲ၊ မြို့တော်က လက်ဖက်ရည်ထက် အများကြီး သာလွန်ပါတယ်၊ လက်ဖက်ကလည်း ကောင်း၊ ရေကလည်း ကောင်းပါပဲလား၊ လက်ဖက်ရည်ကို ဒီလိုမျိုးသောက်လို့ရမယ်လို့ တစ်ခါမှ မတွေးထားခဲ့မိဘူး"
ကျင်းဧကရာဇ်မှာ ခရီးပန်းလာသဖြင့် အနည်းငယ် ရေဆာနေသည်မို့ အားပါးတရ တစ်ငုံ သောက်ချလိုက်၏။
"တကယ်ကိုပဲ အနံ့က လန်းဆန်းသွားစေတယ်၊ ဟားဟား... တောက်ယွမ်ခရိုင်က တဖြည်းဖြည်းနဲ့ ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ"
"အရှင်မင်းကြီး... ဟိုနံရံကို ကြည့်ပါအုံး၊ ကျွန်တော်မျိုး အစက သတိမထားမိလိုက်ဘူး၊ နံရံကို အဝတ်ဖြူနဲ့ ကပ်ထားတာပဲ၊ ဒါကြောင့်လည်း ဒီလောက် သန့်ရှင်းသပ်ရပ်နေတာကိုး"
ကျင်းဧကရာဇ်က စပ်စုချင်စိတ်ဖြင့် နံရံကို ထိကိုင်ကြည့်လိုက်ရာ ကြမ်းတမ်းသော အထိအတွေ့ကို ခံစားလိုက်ရသည်။ အဖြူရောင် ပိတ်ချောနှင့် တူလှ၏။ သို့ဆိုပေမဲ့ မြင်ကွင်းအရမူ အလွန်သန့်ရှင်းပြီး လန်းဆန်းပုံပေါ်သည်။
ကော်ထျန်းယန်က အခြားအခန်းဘက်သို့ လျှောက်သွားလိုက်ပြီး မကြာမီ အထဲမှ ထိတ်လန့်စွာ အော်ဟစ်လိုက်သံ တစ်သံ ထွက်ပေါ်လာ၏။
"ဟာ... အရှင်မင်းကြီး၊ ဒီအခန်းထဲမှာ ရေတွင်းလေးတစ်တွင်း ရှိနေပါတယ်"
ဘာတဲ့။ ရေတွင်းဟုတ်လား။ ဒုတိယထပ်မှာ ရေတွင်းက ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။
ကျင်းဧကရာဇ်မှာ အလျင်အမြန် လျှောက်သွားလိုက်သည်။
မကြာမီမှာပဲ အခန်းအတွင်း၌ ကြွေထည်အိမ်သာခွက်ပေါ်သို့ ခန္ဓာကိုယ်ကို ကိုင်းညွတ်လျက် အတွင်းရှိ ရေများကို အားကျဖွယ် ငေးကြည့်နေသော ကော်ထျန်းယန်ကို မြင်လိုက်ရ၏။
‘တကယ် ရေတွင်း ရှိနေတာပဲ။’ ကျင်းဧကရာဇ်မှာ အလွန် အံ့အားသင့်သွားမိသည်။
ကော်ထျန်းယန်က ဘေးရှိခုံကို ပုတ်ကာ အော်ဟစ်လိုက်၏။ "ပြီးတော့ ဒါ ကြွေနဲ့ လုပ်ထားတာ၊ ဒီလောက် ကြီးမားတဲ့အရာကြီးကို ဖုတ်ဖို့ဆိုတာ တကယ့်ကို ခက်ခဲလွန်းမှာပဲ၊ ရေတွင်းဝအဖြစ် အသုံးပြုဖို့ဆိုတာ ခမ်းနား ကြီးကျယ်လွန်းနေပြီ။
ဒီရေတွင်းက ပုံစံတော်တော် ထူးဆန်းတာပဲ၊ အစေခံလေးကို ခေါ်ပြီး မေးကြည့်ရအောင်၊ ဒီတည်းခိုခန်းပိုင်ရှင်က တကယ်ကို ဉာဏ်ကောင်းတယ်၊ ရေတွင်းကို အခန်းထဲအထိ ရွှေ့လာနိုင်တယ်၊ ဒါပေမဲ့ ရေတွင်းဝက ဘာလို့ ဒီလောက် သေးငယ်နေရတာလဲ"
စကားအဆုံးတွင် ကော်ထျန်းယန်က အိမ်သာခွက်ထဲမှ ရေတစ်ဆုပ်ကို လက်ဖြင့်ခပ်ယူကာ သောက်ချလိုက်သည်။
"တကယ်ကို ကြည်လင်ပြီး ချိုမြိန်အေးမြတာပဲ၊ ရေကောင်းပဲ... တကယ့်ကို ရေကောင်းရေသန့်ပဲ" သူက ချီးကျူး ထောပနာပြုကာ အားရပါးရ အော်ဟစ်လိုက်၏။
"အရှင်မင်းကြီးလည်း မြည်းစမ်းကြည့်သင့်တယ်၊ ကျွန်တော်မျိုး အစေခံလေးကို အခုပဲ ခေါ်လိုက်ပါ့မယ်"
သို့နှင့် ကော်ထျန်းယန်က တံခါးဆီသို့ ပြေးသွားပြီး ကြိုးနီလေးကို ဆွဲလိုက်၏။ ခဏအကြာတွင် အစေခံလေး ရောက်ရှိလာသည်။
ကော်ထျန်းယန်က အစေခံလေးကို အိမ်သာဆီသို့ ခေါ်ဆောင်သွားပြီး ရေတွင်းဝသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "ဒီမှာ ဘယ်လိုလုပ် ရေတွင်း ရှိနေနိုင်ရတာလဲ"
အစေခံလေးမှာ ဤမြင်ကွင်းမျိုးကို အကြိမ်ပေါင်းများစွာ မြင်ဖူးထားပြီးဖြစ်ပုံရသည်။ သို့နှင့် ကျွမ်းကျင်စွာ ရှင်းပြလိုက်သည်။ "သခင်ကြီး... ဒါ ရေတွင်း မဟုတ်ပါဘူး၊ အိမ်သာပါ၊ မစင်စွန့်တဲ့နေရာလို့လည်း ခေါ်ပါတယ်"
"ဘာ"
…
အိမ်သာတဲ့လား။
ကော်ထျန်းယန်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ရုတ်တရက် အေးခဲသွားသည်။ ကျင်းဧကရာဇ်ထံသို့ စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။ တစ်ဖက်မှ သေစေနိုင်လောက်သော အကြည့်များဖြင့် တုံ့ပြန်နေ၏။
ကော်ထျန်းယန်၏ အိုမင်းနေသော မျက်နှာကြီးမှာ ပျက်ယွင်းသွားသည်။ မျက်နှာတစ်ခုလုံး နီရဲတက်လာပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။ "အိမ်သာကို ဘယ်လိုလုပ် အခန်းထဲမှာ ထားနိုင်ရတာလဲ၊ ဘာလို့ အိမ်သာက အခန်းထဲမှာ ရှိနေရတာလဲ"
ကျင်းဧကရာဇ်၏ မျက်နှာအမူအရာကလည်း ထူးဆန်းနေခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူက ရေကို ဝင်မသောက်မိခဲ့ပေ။ သို့မဟုတ်ပါက ကောင်းကင်ဘုံသားတော်၏ အနာဂတ် ဂုဏ်သိက္ခာအား မည်သည့်နေရာတွင် သွားထားရမည်နည်း။
အစေခံလေးက ဆက်လက် ရှင်းပြ၏။ "လူကြီးမင်းတို့ ဒီအကြောင်းကို မသိတာလည်း ဖြစ်နိုင်ပါတယ်၊ တောက်ယွမ်ခရိုင် က တည်းခိုခန်းသစ် အတော်များများက ဒီလိုမျိုးပါပဲ။
ဒီအိမ်သာက အရမ်းကို အသုံးဝင်ပါတယ်၊ မြင်တဲ့အတိုင်းပဲ ရေသိုလှောင်ကန်နဲ့ ချိတ်ဆက်ထားတဲ့ ကြိုး တစ်ချောင်း ရှိပါတယ်၊ ကိစ္စပြီးသွားရင် ကြိုးကို ဆွဲချလိုက်ရုံနဲ့ အညစ်အကြေးတွေ အောက်ကို စီးဆင်းသွားပါလိမ့်မယ်"
ကော်ထျန်းယန်သည် ရင်ထဲမှ အော့အန်ချင်နေသော လှိုင်းလုံးများကို အတင်းအကျပ် မြိုသိပ်ထားကာ မေးလိုက်သည်။ "ရေသိုလှောင်ကန်က ဘယ်မှာလဲ"
"အပြင်မှာ မြင်တဲ့အတိုင်း တည်းခိုခန်း အတော်များများရဲ့ ဘေးမှာ အထူး တည်ဆောက်ထားတဲ့ ရေစင်ကြီးတွေ ရှိပါတယ်၊ မနက်တိုင်း လူတစ်ယောက်က ရေဖြည့်ပေးရပါတယ်၊ အခန်းထဲက ရေသိုလှောင်ကန်ကတော့ မျက်နှာကြက်ထဲမှာ ဖွက်ထားတာပါ"
ကျင်းဧကရာဇ်က တွေးတောနေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ မြို့ထဲသို့ ရောက်စက အဆောက်အအုံများစွာတွင် စည်ပိုင်းကြီးများကို မြင့်မားသော စင်များပေါ်၌ သီးသန့်စီ တင်ထားသည်ကို တွေ့ရသဖြင့် အဘယ်ကြောင့် ဤသို့လုပ်ထားသနည်းဟု သူ တွေးတောမိခဲ့သေး၏။ ထိုအရာ၏ ရည်ရွယ်ချက်ကို သူ မသိခဲ့ပေ။
တကယ်တော့ ယင်းတို့မှာ ရေသိုလှောင်ရန် သီးသန့် တည်ဆောက်ထားသော ရေစင်ကြီးများ ဖြစ်နေခဲ့သည်။
ကော်ထျန်းယန်၏ ပျို့အန်ချင်စိတ်မှာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာပြီး နောက်ဆုံးတွင် မည်သို့မှ သည်းမခံနိုင်တော့ချေ။
သူက အိမ်သာခွက်ပေါ်သို့ ကိုင်းညွတ်ကာ အန်ချလိုက်မိ၏။
အစေခံလေးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ "ဟုတ်တယ်... ဟုတ်တယ်၊ အရက်အလွန်အကျွံ သောက်ထားတဲ့သူ အများစုကလည်း အဲလိုပဲ အန်ချတတ်ကြတာ"
ကော်ထျန်းယန်သည် အန်လို့အပြီးတွင် မတ်တတ်ရပ်လိုက်ပြီး အစေခံလေးအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။
အစေခံလေးက အရှေ့သို့တိုးလာပြီး ကြိုးကို ဆွဲချလိုက်ရာ ရေလုံးကြီးတစ်ခု စီးကျလာပြီး အိမ်သာကို နောက်တစ်ကြိမ် လုံးဝ သန့်စင်သွားစေသည်။
လတ်တလော အန်ဖတ်များထံမှ အနံ့အသက်ဆိုးများလည်း ပျောက်ကွယ်သွားခဲ့၏။
ကျင်းဧကရာဇ်မှာ အံ့အားသင့်စွာဖြင့် စောင့်ကြည့်နေမိသည်။ ထို့နောက် သူက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒါနဲ့ ဒီအညစ်အကြေးတွေ အကုန်လုံး ဘယ်ကို စီးသွားတာလဲ"
…
အပိုင်း (၄) တောက်ယွမ်ခရိုင်က သူတော်ကောင်း
အစေခံလေးက တဟားဟားဖြင့် ရယ်မောလိုက်၏။ "အညစ်အကြေးတွေက ပိုက်တွေကတစ်ဆင့် စီးဆင်းသွားတာပါ။
ဘာလို့လဲဆိုတော့ တောက်ယွမ်ခရိုင်က မြင့်မားတဲ့ဒေသမှာ တည်ရှိတဲ့အတွက် ခရိုင်ရဲ့အပြင်ဘက်မှာ အညစ်အကြေးတွေ စုဆောင်းဖို့ သီးသန့် တည်ဆောက်ထားတဲ့ တွင်းကြီးတွေ ရှိပါတယ်၊ အိမ်မှာ ဒီလို အိမ်သာမရှိတဲ့ သာမန် ပြည်သူတချို့ကလည်း သူတို့ရဲ့ အညစ်အကြေးတွေကို အဲ့ဒီတွင်းတွေဆီ ပို့ဆောင်ဖို့ ပုဂ္ဂလိက အညစ်အကြေး သိမ်းဆည်းသူတွေကို ငှားရမ်းကြပါတယ်"
ကော်ထျန်းယန်က ခဏတာမျှ ရပ်တန့်သွားပြီးနောက် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သတိပြုမိ သွားသည်။
"ဒီလောက် အညစ်အကြေးတွေ အများကြီးကို အကြိမ်တိုင်း စွန့်ပစ်မယ်ဆိုရင် ပိုက်တွေက ပိတ်ဆို့ မသွားနိုင်ဘူးလား"
အစေခံလေးက လက်ခုပ်တီးလိုက်၏။ "သခင်ကြီး အရမ်း ဉာဏ်ကောင်းတာပဲ၊ တကယ်တော့ ဒီတွင်းက အရမ်း မကြီးပါဘူး၊ ပြီးတော့ အောက်ဘက်က မြစ်နဲ့လည်း အရမ်းမဝေးပါဘူး၊ ဒါပေမဲ့ အညစ်အကြေးတွေကို တခြားနေရာကို ပို့ဖို့ အထူး ရေဘီးတစ်ခုကို အသုံးပြုတယ်လို့ ကြားပါတယ်"
"ဘယ်ကို ပို့တာလဲ"
"အိမ်နီးချင်း ခရိုင်ဆီကိုပါ"
ကျင်းဧကရာဇ် "..."
ကော်ထျန်းယန် "..."
အစေခံလေး၏ စိတ်လှုပ်ရှားမှုမှာ စကားပြောရင်းနှင့်ပင် ပို၍ တိုးလာခဲ့သည်။ "ပိုက်တွေအကြောင်း ပြောရရင် ဒါက ကျုပ်တို့ခရိုင်မှာ အကြီးဆုံး စီမံကိန်းပါပဲ၊ ခရိုင်တစ်ခုလုံးက ဒီအတွက် နှစ်နှစ်တိတိ အလုပ်လုပ်ခဲ့ရတယ်။ အဲဒီတုန်းက ကျုပ်လည်း ပါဝင်ခဲ့တယ်။
မြို့ဝန်မင်းက 'မိလ္လာတွင်းက မက်မွန်ခြံနဲ့ ဝေးဝေးမှာ ရှိနေရမယ်၊ မဟုတ်ရင် အချိန်ကြာလာတာနဲ့အမျှ အညစ်အကြေး တွေက မြေကြီးထဲကို စိမ့်ဝင်သွားပြီး ရေကို ခါးသွားစေလိမ့်မယ်' လို့ မိန့်ကြားခဲ့ပါတယ်။
ကျုပ်တို့ တောက်ယွမ်ခရိုင်က ရေက အရမ်းလှတယ်။ ကြည်လင်ပြီး ချိုမြိန်တယ်။ အိမ်နီးချင်း ခရိုင်တွေက သာမန်ပြည်သူတွေတောင် ရေသောက်ဖို့ ဒီကို အထူးတလည် လာကြရတယ်။
မြို့ဝန်မင်းက သဘောကောင်းတဲ့သူဆိုတော့ တခြားသူတွေ သန့်ရှင်းတဲ့ရေ မရရှိတာကို မကြည့်ရက်ခဲ့ပါဘူး။ ဒါကြောင့် အဖိုးအခ နဲ့ ရောင်းချပေးပါတယ်။"
သူတော်ကောင်းဆိုတာ သေချာရဲ့လား။ ကိုယ့်အညစ်အကြေးတွေကို တခြားခရိုင်ရဲ့ မြေပေါ် စွန့်ပစ်တယ်၊ ကိုယ့်ရေကိုကျတော့ အထိအခိုက်မခံဘဲထားပြီး ပြီးတော့ မျက်နှာပြောင်တိုက် ရောင်းစားတာ သူတော်ကောင်းပေါ့။ သောက်ကျိုးနည်း။
ကော်ထျန်းယန်၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဤမျှ ယုတ်မာသော သူမျိုးကို နန်းတော်တွင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ကျင်းဧကရာဇ်မှာ လည်ချောင်းထဲတွင် တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရပြီး ပျို့အန်ချင်စိတ်များပင် ဖြစ်ပေါ်လာသည်။ မြို့တော်ရှိ ရေများက အမှန်တကယ်ပင် ခါးသက်လှ၏။ ဤအကြောင်းကြောင့်များ ဖြစ်နိုင်မည်လား။ သူ ချီးရေများ နေ့စဉ် သောက်မိနေသည်လား။
"ဒီပိုက်တွေကို တည်ဆောက်ရတာ တကယ်ကို ခက်ခဲခဲ့တယ်၊ ကျုပ်တို့ မြို့ဝန်မင်းက မြို့တော်မှာ သာမန် ပြည်သူတွေ အများကြီး ရှိပြီးသားဆိုတော့ မြို့တော်က ကျုံးနဲ့ ဆက်သွယ်ဖို့တောင် စဉ်းစားနေခဲ့သေးတာ။
အကွာအဝေးကသာ မဝေးလွန်းရင်၊ မြေမျက်နှာသွင်ပြင်ကလည်း မကြမ်းတမ်းလွန်းရင်၊ အခုလုပ်ထားတဲ့ ရေဘီးကလည်း လုံလောက်တဲ့ အင်အားမရှိရင် အဲ့ဒီလို လုပ်ဖြစ်လောက်ပါတယ်"
ကျင်းဧကရာဇ်နှင့် ကော်ထျန်းယန်တို့မှာ ချက်ချင်းပင် ထိုသူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။
ဤအရာက ကိုယ်ကျင့်တရားမဲ့မှု၏ အဆင့်သစ်တစ်ခုပင်။
"ဒါဆို ဒီမြေဩဇာတွေက အလဟဿ ဖြစ်သွားတာပေါ့၊ မင်းတို့က လယ်သမားတွေ မဟုတ်ဘူးလား"
"တချို့ကတော့ လယ်လုပ်ကြပါတယ်၊ ဒါပေမဲ့ ဒီခရိုင်က စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုတာ မဟုတ်ပါဘူး"
အစေခံလေးက သူတို့၏ အမူအရာများကို သတိမထားမိဘဲ ဆက်လက် ရှင်းပြနေခဲ့သည်။ "ဒီက အိမ်သာတွေမှာ မစင်ခြစ်တံ မရှိပါဘူး၊ ရေပန်းနဲ့ အိမ်သာသုံးစက္ကူတွေကိုပဲ အသုံးပြုပါတယ်"
စကားပြောနေစဉ် သူက အိမ်သာအနောက်ဘက်မှ ဘုံဘိုင်ခေါင်းနှင့်တူသော သစ်သားပစ္စည်းတစ်ခုကို ဆွဲထုတ် လိုက်၏။
"မြင်တဲ့အတိုင်းပဲ ဒီမှာ ခလုတ်တစ်ခု ရှိပါတယ်၊ အဲဒါကို နှိပ်လိုက်ရင် ရေထွက်လာပါတယ်"
ထို့နောက် အစေခံလေးက ခလုတ်ကို နှိပ်လိုက်ရာ ရေလုံးတစ်ခု ပန်းထွက်လာသည်။
"ဒီရေပန်းမှာ သီးခြား ရေသိုလှောင်ကန် ရှိပြီး ဆားရည်တွေ ပါဝင်ပါတယ်၊ ကျုပ်တို့ မြို့ဝန်မင်းက ဆားရည်က ပိုပြီး သန့်ရှင်းစေတယ်လို့ ပြောပါတယ်၊ ခရိုင်ထဲက တည်းခိုခန်းတွေ အားလုံးမှာ ဒီလိုမျိုး တပ်ဆင်ထားပါတယ်။ မနက်တိုင်း ဒီနေရာမှာ ဆားရည်ကို လာဖြည့်ပေးပါလိမ့်မယ်၊ ရေကုန်သွားရင်လည်း ကြိုးကိုသာ ဆွဲလိုက်ပါ"
ကော်ထျန်းယန်၏ မျက်လုံးများက အရောင်လက်သွား။ ဒါက အံ့ဩစရာပဲ၊ တကယ်ကို အသုံးဝင်တာပဲ။
ကျင်းဧကရာဇ်မှာ မူးနောက်နောက်ဖြစ်သွားပြီး နဖူးကို လက်ဖြင့် အုပ်လိုက်သည်။ မိမိ၏ တင်ပါးကို ဆားရည်ဖြင့် ဆေးကြောရသည်လား... ဘယ်လို ကြီးကျယ်ခမ်းနားမှုမျိုးနည်း။
ထို့နောက် အစေခံလေးက အိမ်သာဘေးရှိ လျှို့ဝှက်အံဝှက်တစ်ခုကို ဖွင့်ပြလိုက်ရာ အတွင်း၌ အဖြူရောင် စက္ကူ အထပ်လိုက်ရှိနေကြောင်း တွေ့လိုက်ရ၏။
"အိမ်သာသုံးပြီးရင် ဒီစက္ကူနဲ့ သုတ်ပါ၊ အမှိုက်ပုံးထဲ ပစ်လိုက်ရင် တစ်ယောက်ယောက်က လာသိမ်းသွား ပါလိမ့်မယ်၊ ပြီးတော့ ဒီစက္ကူက ပျော့ပျောင်းအောင် လုပ်ထားပြီးသားပါ၊ ထပ်လိုချင်ရင် တောင်းလို့ရပါတယ်"
"ဖင်ကို စက္ကူနဲ့ သုတ်ရမယ်"
ကျင်းဧကရာဇ်နှင့် ကော်ထျန်းယန်တို့ နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း အလွန် အံ့အားသင့်သွားကြသည်။
ဧည့်သည်များ၏ အံ့အားသင့်နေမှုကို မြင်သောအခါ အစေခံလေးက ရှင်းပြလိုက်၏။ "ကံမကောင်းစွာနဲ့... ဒီစက္ကူအကြောင်း ပြောရရင် တကယ်တော့ နည်းနည်းလေး ရှက်စရာကောင်းပါတယ်။ ဒီလုပ်ငန်းက ဒီလိုစက္ကူမျိုးကိုပဲ ထောက်ပံ့ပေးနိုင်တာပါ၊ သုံးရတာ နည်းနည်းလေး ကြမ်းတမ်းနေပါသေးတယ်၊ ရုံးတော်မှာ သုံးတဲ့ စက္ကူက မျက်နှာသုတ်ပုဝါလို ပျော့ပျောင်းတယ်လို့ ကြားပါတယ်။
ဒါနဲ့ အပြင်ဘက်က အများသုံး အိမ်သာတွေကို သုံးမယ်ဆိုရင် သူတို့အားလုံးကလည်း ဒီအိမ်သာသုံးစက္ကူကိုပဲ သုံးကြပါတယ်၊ ကျုပ်တို့ မြို့ဝန်မင်းက မစင်ခြစ်တံတွေ သုံးတာက သန့်ရှင်းမှု မရှိဘူးလို့ သတ်မှတ်တဲ့အတွက် ခွင့်မပြုပါဘူး၊ ဒါကြောင့် ခရိုင်ထဲမှာ မစင်ခြစ်တံ မရှိပါဘူး။
လူကြီးမင်းတို့ နှစ်ဦးကို ပြောစရာ တစ်ခုရှိပါတယ်၊ မြို့ဝန်မင်းက ဒီအိမ်သာသုံးစက္ကူကို ပထမဆုံး စတင်မိတ်ဆက်တုန်းက သာမန်ပြည်သူ အများအပြားက အသားမကျကြပါဘူး၊ မြို့ဝန်မင်းရဲ့ဘေးမှာ ကျန်းပြောင်ဆိုတဲ့ လူဆိုး တစ်ယောက် ရှိတယ်၊ သာမန်ပြည်သူတွေ မစင်ခြစ်တံ သုံးတာ မြင်ရင် အဲဒီလူဆိုးက သေလုမတတ် ရိုက်ပါတယ်။
သူ့ကို တွေ့ရင် လုံးဝ မရန်စပါနဲ့၊ သူ့နဖူးမှာ မှဲ့တစ်လုံးရှိတယ်၊ ရုပ်ရည်က သာမန်ပါပဲ၊ ဒါပေမဲ့ ခွန်အား အရမ်းကြီးပြီး ဦးနှောက်လည်း သိပ်မကောင်းပါဘူး။
သွားတိုက်တံနဲ့ မျက်နှာသုတ်ပုဝါတွေကို ဘေးမှာ ပြင်ဆင်ထားပါတယ်၊ တခြားမေးစရာရှိရင် ကျုပ်ကို ခေါ်လို့ရပါတယ်၊ အခု သွားလိုက်ပါအုံးမယ်"
နှစ်ယောက်စလုံးမှာ အံ့ဩမှင်တက်လုနီးပါး ဖြစ်နေကြပြီး သူတို့၏စအိုများပင် တစ်ပြိုင်နက်တည်း ကျုံ့လိုက်မိကြ၏။
ကျင်းဧကရာဇ်က လက်ကို အနည်းငယ် ဝှေ့ယမ်းကာ အစေခံကို ထွက်သွားခွင့် ပြုလိုက်သည်။
လှည့်ကြည့်လိုက်သောအခါ သွားတိုက်တံများနှင့် မျက်နှာသုတ်ပုဝါများကို ဘေးတွင် သပ်ရပ်စွာ စီထားကြောင်း တွေ့လိုက်ရ၏။
သူ သတိမထားမိခဲ့သော မှန်တစ်ချပ်ပင် ရှိနေသေးသည်။
မှန်ထဲတွင် မိမိကိုယ်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ မျက်နှာပေါ်တွင် အရေးအကြောင်း အသစ်များ ဖြစ်ပေါ်နေပြီး နားထင်များမှာလည်း အနည်းငယ် ဖြူနေကြောင်း သတိပြုမိလိုက်သည်။ သူက မနေနိုင်ဘဲ မှန်ကို လှမ်းကိုင်လိုက်မိ၏။
ဒီမှန်ကရော... ထူးဆန်းနေပြန်တာလား။
ထို့နောက် ခါးသက်သက် ရယ်မောကာ ပြောလိုက်သည်။ "ကိုယ်တော်က အသက်ကြီးနေပြီလား။ ဘာလို့ ဒီမှာရှိတဲ့ အရာတိုင်းက ကိုယ်တော် တစ်ခါမှ မကြားဖူးတဲ့ အရာတွေ ဖြစ်နေရတာလဲ..."
အစေခံလေး ထွက်သွားသည်ကို မြင်သောအခါ ကော်ထျန်းယန်မှာ ရူးသွပ်နေသော ခွေးတစ်ကောင်ပမာ လျှို့ဝှက်အံဝှက်ထံ ခုန်ဝင်သွားပြီး စက္ကူတစ်ထပ်ကို ဆွဲထုတ်ကာ အကြမ်းပတမ်း ပွတ်သပ်ကြည့်လိုက်၏။
"အရှင်မင်းကြီး... ဒါက စက္ကူကောင်းပဲ၊ ဒါက စက္ကူကောင်းပဲ၊ ဒီအပေါ်မှာ စာရေးလို့တောင်ရတယ်"
ကျင်းဧကရာဇ်က အဖြူရောင်စက္ကူကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ "ကိုယ်တော် နားလည်ပြီ၊ ကိုယ်တော် အရမ်း ပင်ပန်းနေပြီ၊ မနက်ဖြန် ဒေသခံ မြို့ဝန်မင်းနဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရှာရမယ်၊ ဒီလောက် သေးငယ်တဲ့ ခရိုင်လေးကို အုပ်ချုပ်နိုင်တဲ့ သူက ဘယ်လို ထူးခြားတဲ့လူမျိုးလဲဆိုတာ ကိုယ်တော် ကြည့်ချင်တယ်"
(ခရိုင်မြို့သေးလေးကို အုပ်ချုပ်သည်မို့ ခရိုင်မြို့ဝန်လို့ ပြန်ဆိုရမှာဖြစ်သော်လည်း mc ရဲ့ role ကို အနည်းငယ် တင်ချင်သောကြောင့် မြို့ဝန်လို့သာ ပြန်ဆိုထားပါသည်။ - ဘာသာပြန်သူ)
...
တောက်ယွမ်ခရိုင်၊ ရုံးတော်၊ အနောက်ဘက်ခြံဝန်း။
"ရှောင်ထောင်... မင်းရဲ့ အနှိပ်ပညာက နှင်းလမင်းစံအိမ်က မိန်းကလေးတွေထက် အများကြီး ညံ့တာပဲ၊ ဖြည်းဖြည်းလုပ် ... ဖြည်းဖြည်းလုပ်"
ဖန်ကျန်းရီမှာ နေစာလှုံကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း သစ်သီးခြောက်များကို ဝါးစားနေသည်မို့ စကားသံများက အနည်းငယ် မပီမသ ဖြစ်နေ၏။
သူ၏အနောက်တွင် တောက်ပပြီး ထက်မြက်သော မျက်လုံးများကို ပိုင်ဆိုင်ထားသည့်အပြင် ဆွဲဆောင်မှုရှိစွာဖြင့် လှပသော အစေခံမလေးတစ်ဦး ရပ်နေသည်။
အစေခံမလေး ဖန်ယွီထောင်မှာ လွန်ခဲ့သော ခြောက်နှစ်ခန့်က ဖန်ကျန်းရီ မွေးစားခဲ့သော မိဘမဲ့ ကလေးငယ် တစ်ဦး ဖြစ်၏။ သူမ၏အမည်ကို သူ ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ အသက် ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဖန်ကျန်းရီ၏ မကျေနပ်သော အသံကို ကြားလိုက်ရချိန်မှာတော့ ရှောင်ထောင်က အားပြင်းပြင်းဖြင့် ဖိကာ နှိပ်ရင်း ဒေါသတကြီး ပြန်ပြောလိုက်သည်။ "ဒါဆိုလည်း နှင်းလမင်းစံအိမ်ကိုပဲ သွားလေ"
"ကောင်းပြီ... ငါ သွားမယ်"
ဖန်ကျန်းရီက ပျင်းရိစွာ မတ်တတ်ရပ်လိုက်ရာ ရှောင်ထောင်က သူ့ကို ကုလားထိုင်ပေါ်သို့ ပြန်တွန်းချလိုက်၏။ ပြီးနောက် အားပြင်းပြင်းဖြင့် စတင် နှိပ်နယ်ပေး၏။
"ဟုတ်ပြီ... ဒီအားအတိုင်း ဆက်လုပ်"
ရှောင်ထောင် အံကြိတ်ကာ ဆက်လက် နှိပ်နယ်နေစဉ်မှာပဲ ကျန်းပြောင် ဝင်ရောက်လာသည်။
"သခင်လေး... ကြွေထည် အရောင်းအဝယ်လုပ်ဖို့ ကုန်သည်နှစ်ယောက် မြို့ထဲဝင်လာတယ်လို့ လက်အောက်ခံ ညီအစ်ကိုတွေဆီက သတင်းရထားပါတယ်။ သူတို့ကို ဒီခေါ်လာရမလား"
ဖန်ကျန်းရီက မကျေမနပ်ဖြင့် ခေါင်းယမ်းပြလိုက်၏။ "ဘာတွေ လောနေတာလဲ၊ မင်း ခိုးရတာ အကျင့် ပါနေပြီလား။ အချိန်တန်ရင် သူတို့ဘာသာ လာရှာလိမ့်မယ်။ အခု ခေတ်က မတူတော့ဘူး၊ ကဏ္ဍ တော်တော်များများက ခရိုင်ထဲမှာ အခုမှ စတင်နေတာမို့ အရာတော်တော်များများကို စံသတ်မှတ်ဖို့ လိုအပ်တယ်။
မဟုတ်ရင် ငါ့ရဲ့ အုပ်ချုပ်ရေး အောင်မြင်မှုတွေကြောင့် အချိန်မရွေး ရာထူးတိုးနိုင်တယ်၊ တစ်ယောက်ယောက်က အဓိပ္ပာယ်မရှိတာတွေ စပြောလာရင် သခင်လေး ... ငါက နန်းတော်ထဲကို တိုက်ရိုက် ရောက်သွားမှာ မဟုတ်ဘူးလား။ ငါ နာမည်ကြီးလို့မဖြစ်ဘူး။
ကျန်းပြောင်... မင်း ငါ့ကို ဒီကနေ မြန်မြန် ထွက်သွားစေချင်နေတာလား"
ကျန်းပြောင်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "စိတ်မပူပါနဲ့ သခင်လေး၊ သခင်လေးကို ဘယ်သူမှ ဒီကနေ ခေါ်မသွားနိုင်ပါဘူး၊ ကျန်းပြောင် ရှိနေသရွေ့ သခင်လေး သေရင်တောင် တောက်ယွမ်ခရိုင်မှာပဲ သေရမယ်"
"သွားစမ်း"
...