← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အပိုင်း (၅) မြို့ဝန်မင်းက သဘောကောင်းသော်ငြား ဆင်းရဲသားများကို မုန်းတီးသည်။

နောက်တစ်နေ့ နံနက်ခင်း ကျင်းဧကရာဇ် နိုးလာချိန်၌ ကော်ထျန်းယန်သည် စောင့်ဆိုင်းရင်း အိပ်ရာဘေးတွင် ရပ်နေခဲ့ပြီ ဖြစ်၏။

အစေခံများအတွက် သီးသန့်ပြင်ဆင်ထားသော အခန်းတစ်ခန်း ရှိသောကြောင့် ထိုအခန်းတွင် ကော်ထျန်းယန် အိပ်စက်ခဲ့ခြင်း ဖြစ်သည်။

အိပ်ရာမှ နိုးလာပြီးနောက် ကျင်းဧကရာဇ်က အကြောဆန့်ကာ သမ်းဝေလိုက်၏။ "ဒီတည်းခိုခန်းရဲ့ ကုတင်က နန်းတော်ထဲက ကုတင်ထက်တောင် ပိုပြီး မွှေးကြိုင်နေသလိုပဲ၊ တကယ်ကို ထူးဆန်းတယ်။"

ယမန်နေ့က ခရီးပန်းလာမှုနှင့် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုများကြောင့် ညဘက်တွင် အပြည့်အဝ အိပ်စက် အနားယူနိုင်ခဲ့သည်။

ကော်ထျန်းယန်က ရေဇလုံနှင့် မျက်နှာသုတ်ပုဝါကို ယူဆောင်လာရင်း ပြောလိုက်၏။ "မှန်ပါတယ် အရှင်မင်းကြီး... ဒီကုတင်က အရမ်းကို နူးညံ့ပါတယ်၊ အောက်မှာ အခုအခံ ဆယ့်နှစ်ထပ်လောက် ထည့်ထားတာကို မနေ့ညက ကျွန်တော်မျိုး တွေ့ခဲ့ရပါတယ်၊ တကယ်ကို သက်သောင့်သက်သာ ရှိလှပါတယ်"

ကျင်းဧကရာဇ်က မျက်နှာသုတ်ပုဝါကို ယူကာ မျက်နှာသစ်ပြီးနောက် ပြောလိုက်၏။ "အင်း... စားကြစို့၊ ပြီးရင် လမ်းထွက် လျှောက်ကြတာပေါ့"

နံနက်စာမှာ အလွန်ရိုးရှင်းလှပြီး ဂျုံဆန်ပြုတ်နှင့် အရံဟင်းအနည်းငယ်သာ ပါဝင်သည်။

သို့သော်ငြား ကျင်းဧကရာဇ်မှာ အလွန် ခံတွင်းတွေ့နေသည်။ သို့နှင့် ပြောလိုက်၏။ "ဒီလို ဟင်းခွက် သေးသေးလေးတွေကအစ ဒီလောက်ထိ အရသာရှိနေမယ်လို့ ကိုယ်တော် မထင်ထားခဲ့ဘူး၊ ဟားဟား... ကိုယ်တော်က ဧကရာဇ်ဖြစ်ပေမဲ့ သာမန် အဆင့်ခုနစ် အရာရှိတစ်ယောက်လောက်တောင် နေထိုင် စားသောက်ရတာ မကောင်းခဲ့ပါလား။"

ကော်ထျန်းယန်က ခေါင်းငုံ့ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ဒီလူက ရမ်းကားစွာ ပြုမူနေတာကို ကျွန်တော်မျိုး မြင်တွေ့နေရပါတယ်၊ သူ့ကို ထိုက်တန်သလို အပြစ်ပေးဖို့ လိုအပ်ပါတယ်။

ဒါအပြင် ဒီတောက်ယွမ်ခရိုင်က မတရားဖြုန်းတီးပြီး ဇိမ်ကျကျ နေထိုင်တဲ့ လူနေမှုပုံစံကို ကျင့်သုံးနေပါတယ်၊ ဒီလို မကောင်းတဲ့ အလေ့အထမျိုးကို ဘယ်လိုမှ ခွင့်မပြုသင့်ပါဘူး"

ကျင်းဧကရာဇ်က အေးစက်စက် ညည်းညူလိုက်၏။ "ဘာတွေ ပြောနေတာလဲ၊ ဇိမ်ကျကျ နေထိုင်တာ ဟုတ်လား၊ ငွေတွေက ကောင်းကင်ပေါ်ကနေ ကျလာလို့လား၊ ဒီလိုခေါင်တဲ့နေရာက လူတွေတောင် ကြွယ်ကြွယ်ဝဝ နေနိုင်နေတယ်၊ ကမ္ဘာပေါ်က ခရိုင်တွေ မြို့တွေအားလုံးသာ ဒီလို ဇိမ်ကျကျ နေနိုင်မယ်ဆိုရင် ကိုယ်တော်က ဝမ်းသာအားရ ထအော်လိုက်အုံးမယ်။ မင်းက တကယ်ကို ခေတ် နောက်ပြန်ဆုတ်နေတာပဲ"

ကော်ထျန်းယန်က မကန့်ကွက်ရဲတော့ဘဲ ငုံးကောင်တစ်ကောင်ပမာ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။

"ကိုယ်တော် စားလို့ပြီးပြီ၊ လမ်းလျှောက် ထွက်ကြစို့"

…

အနည်းငယ် ရှင်းလင်းပြီးနောက် သူတို့နှစ်ဦး လမ်းမပေါ်သို့ ထွက်လာခဲ့ကြ၏။

ကျင်းဧကရာဇ်က လမ်း၏ အသေးစိတ် အချက်အလက်တိုင်းကို သေချာစွာ လေ့လာကြည့်ရှုနေခဲ့သည်။ လမ်းများနှင့် လမ်းကြားတိုင်း၏ ထောင့်ပေါင်းစုံမှာ သန့်ရှင်းနေပြီး သူတောင်းစား သို့မဟုတ် လူလေလူလွင့်များ လုံးဝမရှိချေ။

ထို့အပြင် သာမန်ပြည်သူများ၏ မျက်နှာများမှာ ညစ်ပေနေခြင်း မရှိဘဲ အဝတ်အစားသာ လဲလှယ်လိုက်မည် ဆိုပါက ပညာတတ်များနှင့်ပင် တူနေပေလိမ့်မည်။

ကျင်းဧကရာဇ်သည် စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်၏။

လူအုပ်ထဲသို့ လျှောက်ဝင်သွားချိန်တွင် ကော်ထျန်းယန်မှာ အလိုလိုနေရင်း တမျိုးကြီး ခံစားလာမိသည်။

ရုတ်တရက် သီချင်းတစ်ပုဒ်က သူတို့၏ နားထဲသို့ ရောက်ရှိလာ၏။

"မင်း ငါ့ကို ချစ်တယ်... ငါလည်း မင်းကို ချစ်တယ်... တောက်ယွမ် လက်ဖက်ရည်က ချိုမြိန်ပြီး အရသာရှိတယ်"

"မင်း ငါ့ကို ချစ်တယ်... ငါလည်း မင်းကို ချစ်တယ်... တောက်ယွမ် လက်ဖက်ရည်က ချိုမြိန်ပြီး အရသာရှိတယ်"

ဒါ ဘာလဲဟ။

ကျင်းဧကရာဇ်နှင့် ကော်ထျန်းယန်တို့မှာ တစ်ပြိုင်နက်တည်း ဘေးဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ယင်းမှာ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ဖြစ်နေသည်။

ဆိုင်ပေါက်ဝတွင် ရိုးသားပုံရသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက သီချင်းဆိုကာ ပစ္စည်းများ ရောင်းချနေပြီး သာမန်ပြည်သူများက ဝန်းရံ ဝယ်ယူနေကြ၏။

ကော်ထျန်းယန်၏ ရင်ထဲတွင် ရွံရှာမှုများ ပြည့်နှက်သွားသည်။

ဤလူက အဘယ့်ကြောင့် အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေရသနည်း။ ညစ်ညမ်းပြီး ရမ္မက်ဆွသော သီချင်းသံ က သူ၏ နားများကို လုံးဝ ညစ်ညမ်းသွားစေခဲ့၏။

တောက်ယွမ်ခရိုင်မှာ တဖြည်းဖြည်း ပို၍ပို၍ ထူးဆန်းလာသည်။

"ထွီ"

ကော်ထျန်းယန်က မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်၏။

သလိပ်များ မြေပြင်ပေါ်သို့ ကျသွားသည်နှင့် တပြိုင်နက် အနီရောင် လက်ပတ်ကို ပတ်ထားသော အဘွားအိုတစ်ဦး ရုတ်တရက် သူ့ဘေး၌ ပေါ်လာခဲ့သည်။

သူမက သူတို့၏ လမ်းကို ကျွမ်းကျင်စွာ ပိတ်ဆို့လိုက်၏။

ထို့နောက် လက်ကိုဆန့်ထုတ်ကာ လက်ချောင်းငါးချောင်းကို ဖြန့်၍ အော်ဟစ်လိုက်သည်။ "အများပြည်သူ သွားလာရာနေရာမှာ တံတွေးထွေးတဲ့အတွက် ဒဏ်ကြေး ငွေငါးပြား ပေးရမယ်"

ကျင်းဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး အရှေ့ရှိ အဘွားအိုကို သေချာစွာ အကဲခတ်ကြည့်လိုက်၏။ သူမက သာမန်အဝတ်အစားကို ဝတ်ဆင်ထားပြီး လက်မောင်းတွင် 'ကျန်းမာရေးစောင့်ရှောက်သူ' ဟူသော စာသား ပါရှိသည့် အနီရောင် ဖဲကြိုးကို ပတ်ထား၏

ကော်ထျန်းယန်က ထိုအရာကို သဘောမကျချေ။ မချေမငံ ပြန်ကြည့်လိုက်သည်။ ‘ဟမ့် .... ငါက နန်းတော်ထဲမှာတောင် တံတွေးထွေးခဲ့တာပဲ။’

လမ်းပေါ်မှာ တံတွေးထွေးသည်ကို စောင့်ကြည့်သူရှိနေသည်လား။ တကယ်ကို ထူးဆန်းတဲ့ ဖြစ်ရပ်ပင်။

ထို့ကြောင့် သူက စူးရှသော အသံဖြင့် ပြန်လည်ချေပလိုက်၏။ "ခင်ဗျားက ဘယ်သူမလို့လဲ၊ ဘယ်လို အခွင့်အရေး နဲ့ လာပြောနေတာလဲ"

အဘွားအိုက အေးစက်စွာ ပြောလိုက်သည်။ "ရှင်တို့က အပြင်ကလာတဲ့သူတွေ ဖြစ်ရမယ်၊ ဒီခရိုင်မှာ အများပြည်သူ သွားလာရာနေရာတွေမှာ တံတွေးထွေးတာကို တားမြစ်ထားတယ်၊ ဒဏ်ကြေး ငွေငါးပြား ပေးရမယ်။

ဒါက မြို့ဝန်မင်း ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းမျဉ်းပဲ၊ ရှင် သဘောမတူရင် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ရလိမ့်မယ်။”

ကော်ထျန်းယန်၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွား၏။ "တံတွေးထွေးလိုက်ရုံလေးနဲ့ ရုံးရောက်တော့မှာလား။"

သူ့ကို ဆူပူကြိမ်းမောင်းတော့မည့်ဆဲဆဲမှာပင် ကျင်းဧကရာဇ်၏ အေးစက်စက် အသံ ထွက်ပေါ်လာခဲ့သည်။ "ငွေပေးလိုက်"

ကော်ထျန်းယန်က ငွေကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထုတ်ပေးလိုက်ရ၏။

အဘွားအိုက ကျေနပ်စွာ ပြုံးလိုက်ပြီး ထွက်သွားရန် ပြင်လိုက်စဉ်မှာပဲ ကျင်းဧကရာဇ်က ရုတ်တရက် တားဆီးလိုက်သည်။

"အဘွား... ကျုပ်တို့က ဒီကို အခုမှ ရောက်လာတာမို့လို့ မေးစရာ မေးခွန်းတချို့ ရှိလို့ပါ၊ မေးခွင့်ပြုမလား"

အဘွားအိုက သူ့ကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။ ယဉ်ကျေးပျူငှာသော အမူအကျင့်ကို မြင်ချိန်မှာတော့ ပြောလိုက်၏။ "ပြောလေ"

"ဘာလို့ တောက်ယွမ်ခရိုင်မှာ သူတောင်းစား မရှိရတာလဲ"

အဘွားအိုက တခစ်ခစ် ရယ်မောလိုက်၏။ "ရှင်က စိတ်ဝင်စားစရာကောင်းတဲ့ လူပဲ၊ သူတောင်းစားကို ရှာနေတာလား၊ ဒီအနီးအနားမှာတော့ သူတောင်းစား မရှိဘူး။ ကျွန်မတို့ မြို့ဝန်မင်းက သဘောကောင်းတဲ့သူဆိုတော့ ဆင်းရဲတဲ့ သာမန်ပြည်သူတွေကို မကြည့်ရက်ဘူး၊ ဒါကြောင့် တွင်းတူးဖို့ အကုန်ခေါ်သွားတယ်လေ"

ကျင်းဧကရာဇ်၏ လည်ချောင်းထဲတွင် ရုတ်တရက် တစ်စုံတစ်ခု တစ်ဆို့သွားသည်။

ကော်ထျန်းယန်က ပါးနပ်စွာဖြင့် လျှောက်တင်လိုက်၏။ "သခင်ကြီး... ဒါက လူယုတ်မာပဲ၊ သူက အရာရှိတွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်နေတာပါ"

"ဘာတွေ ပြောနေတာလဲ... ဘာတွေ ပြောနေတာလဲ"

အဘွားအိုမှာ ဒေါသထွက်သွားသည်။။ "တောက်ယွမ်ခရိုင်မှာ ကျွန်မတို့ မြို့ဝန်မင်းရဲ့ အကြောင်းကို ဘယ်သူမှ မကောင်းမပြောရဲဘူး၊ ရှင်သာ အပြင်ကလာတဲ့သူ မဟုတ်ရင် အခုလောက်ဆို အရိုက်ခံနေရလောက်ပြီ"

ကော်ထျန်းယန်က ဒေါသတကြီး ပြန်လည်ချေပလိုက်၏။ "ဘာလို့ မပြောရမှာလဲ၊ သူတောင်းစားတွေကို တွင်းတူးဖို့ ဘယ်လိုလုပ် ခေါ်သွားနိုင်ရတာလဲ၊ ဒါက သူတို့ရဲ့ အသက်ကို နှုတ်ယူတာ မဟုတ်ဘူးလား"

"ရှင်တို့ နားမလည်ပါဘူး..." အဘွားအို စကားမဆုံးခင်မှာပင် လမ်းမပေါ်မှ ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

"တစ်ယောက်ယောက် အမှုလာဖွင့်နေတယ်ဟေ့... လာကြည့်ကြစမ်းပါအုံး။"

ထိုအသံကို ကြားလိုက်ရချိန်တွင် အဘွားအို၏ စိတ်ဓာတ်များသည် ချက်ချင်း တက်ကြွသွားသည်။ သို့ဖြင့် အလျင်အမြန် ပြေးထွက်သွားသည်။

"သွားကြစို့... သွားကြည့်ရအောင်"

ထိုထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ကျင်းဧကရာဇ်က ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်ကာ သူတို့နောက်မှ လိုက်သွား၏။

ကော်ထျန်းယန်သည် အနောက်မှနေ၍ တစ်ခုခုကို ရေရွတ်ရင်း လိုက်ပါလာသည်။

သူတို့က လူအုပ်ကို ဖြတ်ကျော်ကာ ရုံးတော် အဝင်ဝသို့ ပြေးသွားကြသည်။ ထိုနေရာသို့ရောက်ချိန်မှာတော့ ကျင်းဧကရာဇ်နှင့် သူ၏ အဖော်ဖြစ်သူမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်၏။

သူတို့၏အရှေ့တွင် အရှေ့ဘက်ရင်ပြင် အပါအဝင် ခန့်မှန်းခြေအားဖြင့် အနည်းဆုံး စတုရန်းကီလိုမီတာ နှစ်ဆယ်ခန့် ကျယ်ဝန်းသော အဆောက်အအုံကြီး တစ်ခု ရှိနေသည်။

ရုံးတော်၏ အရှေ့တွင် 'တောက်ယွမ်ခရိုင် ရုံးတော်' ဟု ကမ္ပည်းရေးထိုးထားသော ကျောက်မုခ်ဦး တစ်ခု ရှိနေ၏။ ၎င်း၏ အနောက်တွင် ကျောက်ပြားခင်းထားသော ရင်ပြင်တစ်ခု ရှိပြီး ထိုမှတစ်ဆင့် အဆောက်အအုံဆီသို့ ဦးတည်နေသော ကျယ်ဝန်းရှည်လျားသည့် လှေကားထစ်များ ရှိနေ၏။

ရုံးတော် အဆောက်အအုံမှာ သုံးထပ်ရှိကာ ကျယ်ဝန်းပြီး ခမ်းနားထည်ဝါလှ၏။ ယေဘုယျအားဖြင့် မီးခိုးရောင်နှင့် အဖြူရောင် အသွင်အပြင်ရှိပြီး ဤအရာအားလုံးက လေးနက်မှုနှင့် ကြီးကျယ်ခမ်းနားမှု အငွေ့အသက်များကို ရောင်ပြန်ဟပ်စေသည်။

လှေကားအောက်ခြေတွင် ရပ်နေရုံဖြင့် ဖိအားတစ်ခုကို သဘာဝကျကျ ခံစားရ၏။

ကော်ထျန်းယန်က အံ့အားတကြီး ရေရွတ်လိုက်သည်။ "ဒီလို ရုံးတော်မျိုးက တကယ် ရှိနေတာလား၊ အရာရှိတွေက သူတို့ရဲ့ရုံးတော်တွေကို အသစ်မပြင်ကြဘူးလို့ ပြောကြပေမဲ့ ဒါကြီးက ဘယ်လောက်တောင် ကုန်ကျလိုက်မလဲ။"

ကျင်းဧကရာဇ်က စကားမပြောပေ။ အထဲသို့ မဝင်ရောက်မီ မုခ်ဦးလမ်းကြောင်းကို သေချာစွာ စစ်ဆေး ကြည့်ရှု နေခဲ့၏။

ကော်ထျန်းယန်ကလည်း အနီးကပ် လိုက်ပါသွားသည်။

ပင်မခန်းမဆောင်ဆီသို့ ဦးတည်နေသော လှေကားထစ်များကို တက်သွားချိန်တွင် သူတို့နှစ်ဦးမှာ ရင်းနှီး ကျွမ်းဝင်နေသော ခံစားချက်တစ်ခုကို နောက်ဆုံး၌ ရရှိလိုက်ရသည်။ ဧရိယာပို၍ ကျယ်ဝန်းသည်မှလွဲ၍ အတွင်းပိုင်း အပြင်အဆင်မှာ သာမန် ရုံးတော်များကဲ့သို့ပင် ဖြစ်နေသေး၏။

အတွင်းဘက် အထက်တွင် 'ကြည်လင်တောက်ပသော မှန်ချပ်' ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကြီး တစ်ခုကို ချိတ်ဆွဲထားသည်။

ထိုစဉ် လူအများမှာ အပြင်ဘက်တွင် စုရုံးနေကြပြီ ဖြစ်၏။

ခန်းမထဲတွင် လူတစ်ယောက်က ဒူးထောက်နေပြီး အခြားတစ်ယောက်က မတ်တတ်ရပ်နေကာ တစ်ဖက်တစ်ချက်စီတွင်မူ ရေမီးတုတ်များကို ကိုင်ဆောင်ထားသော ရုံးတော်အစောင့် နှစ်ဦး ရပ်နေသည်။

လူတိုင်းက မြို့ဝန်မင်း ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။

…

ဖန်ကျန်းရီက လက်မောင်းများကို စိတ်မရှည်စွာ မြှောက်ထားလိုက်ပြီး ရှောင်ထောင်က သူ၏အနောက်မှနေ၍ ရုံးဝတ်စုံကို ဝတ်ဆင်ပေးနေ၏။

"ကျစ်... မွန်းတည့်တောင် မရောက်သေးဘူး၊ သာမန်ပြည်သူတွေက ပြဿနာရှာပြီး လာတိုင်တန်းနေကြပြီလား၊ ဒီမှာ အိပ်လို့တောင် မဝသေးဘူး။ ငါ နှစ်လ ခွင့်ယူထားတာ၊ အခု ရုံးတော်မှာ ထွက်ထိုင်ရအုံးမယ်"

ရှောင်ထောင်က နှုတ်ခမ်းကို စေ့ထားပြီး ဘာမှမပြောချေ။

"ငါ ပြန်လာရင် ဘာစားရမလဲ၊ အို... ငါ နံနက်စာတောင် မစားရသေးဘူး၊ အရမ်း ဗိုက်ဆာနေပြီ" ဖန်ကျန်းရီက နှုတ်ခမ်းကို သပ်လိုက်သည်။

ရှောင်ထောင်က ရုံးဝတ်စုံကို ဆက်လက် ပွတ်သပ်ပြုပြင်ပေးရင်း ပြောလိုက်၏။ "အမဲသားလေ"

ဝတ်စုံမှာ အချိန်အကြာကြီး မဝတ်ဆင်ရသဖြင့် အနည်းငယ် ဖုန်တက်နေခဲ့သည်။

"အမဲသား ဟုတ်လား၊ အသစ်အဆန်း ဘာမှမရှိဘူးလား၊ အမဲသားကို ငါ ငြီးငွေ့နေပြီ"

ရှောင်ထောင်က မျက်လုံးကို လှန်ကြည့်လိုက်၏။ "အဆင်သင့်ဖြစ်ပါပြီ၊ ကျွန်မ ဟင်း သွားချက်လိုက်ပါ့မယ်"

ဖန်ကျန်းရီက သူ၏ ဝတ်ရုံလက်များကို ဝှေ့ယမ်းပြီး ကျေနပ်စွာဖြင့် ကိုယ်ကို ခပ်မတ်မတ် ထားလိုက်သည်။

"သွားကြစို့... ရုံးတော်ကို"

အပိုင်း (၆) ငါ့ကို ဘယ်သူ တိုင်တန်းတာလဲ

ကျန်းလောင်လျူမှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုကြွေးနေပြီး သူ့အနီးရှိ လူအုပ်ကြီး ပိုမိုများပြားလာသည်ကို မြင်ရချိန်တွင် ပို၍ အသည်းအသန် ငိုကြွေးလိုက်၏။

လူအုပ်ကြီး၏ အားပေးသံများကို ရုတ်တရက် ကြားလိုက်ရချိန်မှာတော့ ခေါင်းကို အလျင်အမြန် မော့ကြည့်လိုက်သည်။

ခေါင်းမော့လိုက်ချိန်တွင် ဖန်ကျန်းရီ ရုံးတော်စားပွဲနောက်တွင် ထိုင်နေပြီဖြစ်ကြောင်း ကျန်းလောင်လျူ တွေ့လိုက်ရ၏။ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားသည်။ ပြီးနောက် ခေါင်းကို အလျင်အမြန် ငုံ့ကာ ငိုကြွေးရင်း လျှောက်တင်လိုက်၏။ "မြို့ဝန်မင်း... ဒီသာမန်ပြည်သူက မတရား အနိုင်ကျင့်ခံထားရပါတယ်၊ ဒီသာမန်ပြည်သူက ဒီနေ့ မြို့ဝန်... ရုံးတော်ကို တိုင်တန်းဖို့ လာခဲ့တာပါ"

ဖန်ကျန်းရီမှာ စကားဆုံးအောင်ပင် နားမထောင်နိုင်တော့ဘဲ မျက်နှာတစ်ခုလုံး ရှံ့တွသွားသည်။

မင်းက ရုံးတော်ကို တိုင်တန်းချင်တာ ဟုတ်လား၊ မင်းကိုယ်မင်း တကယ်ပဲ အထူးတလည် အရေးပါတယ်လို့ ထင်နေတာလား။

အမလေး... ပုန်ကန်တတ်တဲ့ လူတွေ၊ ငါ မင်းတို့ကို ဆုံးမတာ ရက်အနည်းငယ်လောက် ပျက်ကွက်သွားတာနဲ့ အခု သခင်လေး ... ငါ့ကိုတောင် အထက်စီးကနေ လာပြီး ဆက်ဆံရဲနေပြီပေါ့။

တရားသူကြီးခုံပေါ်ရှိ တူကို ကြမ်းပြင်ပေါ်သို့ ရုတ်တရက် ပြင်းထန်စွာ ထုချလိုက်သည်။ "ဟေ့... ဘယ်သူကများ ရုံးတော်ကို တိုင်တန်းရဲတာလဲ"

ဘေးနားရှိ သာမန်ပြည်သူများမှာ ထ၍ ရယ်မောလိုက်ကြ၏။

"ဒိုင်း... ဒိုင်း... ဒိုင်း"

တရားသူကြီးတူကို အကြိမ်အနည်းငယ် ထပ်ထုလိုက်သည်။

"တိတ်တိတ်နေစမ်း... တိတ်တိတ်နေစမ်း၊ ထပ်ပြီး အသံကျယ်ကျယ် လုပ်တဲ့သူကို အထဲဆွဲခေါ်ပြီး ကြိမ်ဒဏ် ဆယ်ချက် ပေးမယ်"

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ ကြည့်ရှုနေကြသော ကလေးငယ်အချို့ကိုလည်း လူကြီးများက ပါးစပ် ပိတ်ထားလိုက်ကြ၏။

ကျင်းဧကရာဇ်က ထိုရယ်စရာကောင်းသော မြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့အတူ ရင်ထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်သွား၏။

ဒါက တောက်ယွမ်ခရိုင် မြို့ဝန်တဲ့လား၊ ရူးနေတဲ့ အရာရှိတစ်ယောက်နဲ့ တူနေတာပဲ၊ မတ်မတ်တောင် မထိုင်နိုင် ဖြစ်နေပုံပဲ။ ပျင်းတိပျင်းရွဲ့နဲ့။ ပြီးတော့ ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး ဒီလောက် နာမည်ကြီးနေနိုင်ရတာလဲ။

ကော်ထျန်းယန်က အနီးသို့ တိုးကပ်လာကာ တိုးတိုးလေး လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ဒီလူကို ကြည့်ပါအုံး၊ သူက လုံးဝကို အသိဉာဏ်ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်ပုံလည်းပေါ်ပါတယ်"

"ပါးစပ်ပိတ်ထားစမ်း... ဆက်ကြည့်နေ"

........

ကျန်းလောင်လျူမှာ သူရပ်နေသော နေရာတွင် ဒူးထောက်ချလိုက်ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "ဒီသာမန်ပြည်သူက ကျန်းလောင်လျူပါ၊ ကျုပ်က မြို့ဝန်မင်းကို တိုင်တန်းချင်တာ မဟုတ်ပါဘူး၊ ရုံးတော်က အရာရှိ လုဖာကို တိုင်တန်းချင်တာပါ"

ဖန်ကျန်းရီ၏ မျက်နှာမှာ နီရဲသွားသည်။ "ကောင်းပြီ... ကောင်းပြီ၊ နောက်တစ်ခါ စကားပြောရင် ဒီလောက်ကြီး စကားစကို မဖြတ်နဲ့။

ပြောစမ်း... လုဖာကို ဘာကိစ္စနဲ့ တိုင်တန်းချင်တာလဲ"

"အာဏာပိုင်တွေကို ကျုပ် တိုင်တန်းချင်ပါတယ်၊ ကျုပ်က မြို့မြောက်ဘက်မှာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားပါတယ်၊ လုဖာက အဲဒီမှာ ပိုက်ဆံမပေးဘဲ အကြိမ်ပေါင်းများစွာ စားသောက်ခဲ့တဲ့အပြင် ကျုပ်ရဲ့ အရည်အသွေးကောင်း အရက်ပုလင်း နှစ်ပုလင်းကိုလည်း ခွဲပစ်ခဲ့ပါတယ်၊ ကြားဝင်စေ့စပ်ပေးမယ့်သူတွေကို အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့ပေမဲ့ သူက အခုထိ ပိုက်ဆံမပေးသေးပါဘူး။

သူ စုစုပေါင်း ငွေတစ်ဆယ့်ခုနစ်တေးလ်နဲ့ ကြေးပြားနှစ်ပြား အကြွေးတင်နေပါတယ်၊ အခုထိ ပိုက်ဆံ မပေးသေးတဲ့အတွက် ဒီသာမန်ပြည်သူက မြို့ဝန်မင်းဆီကို အသနားခံ တိုင်တန်းဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပါဘူး"

ဖန်ကျန်းရီ၏ မျက်နှာအမူအရာမှာ ပြေလျော့သွား၏။ လူမသေသရွေ့ ဤမျှ သေးငယ်သောကိစ္စမျိုးမှာ ကြီးမားသော ပြဿနာ မဟုတ်ပေ။

ကျန်းလောင်လျူ၏ ဘေးတွင် ရပ်နေသူမှာ လုဖာဖြစ်ပြီး ဖန်ကျန်းရီက ထိုသူ့ကို သေချာပေါက် သိနေသည်။

ထို့နောက် သူက စူးရှစွာ ပြောလိုက်၏။ "လုဖာ... မင်း အကြွေးတင်နေတယ်။ ပြီးတော့ ပိုက်ဆံမပေးဘဲ ရှောင်နေတာလား"

ဖန်ကျန်းရီ၏ ဒေါသကို မြင်သောအခါ လုဖာက ဆက်လက် ဖုံးကွယ်မထားနိုင်တော့ချေ။ သူက မြေပြင်ပေါ်သို့ ဒူးထောက်ချကာ ငိုကြွေးရင်းမှ အသနားခံလိုက်သည်။ "မြို့ဝန်မင်း... ကျုပ်ဆီမှာ တကယ်ပဲ ပိုက်ဆံမရှိလို့ပါ၊ ကျန်းလောင်လျူရဲ့ အရက်ပုလင်းတွေကို ခွဲပစ်ခဲ့ရတဲ့ အကြောင်းရင်းက အဲဒီနေ့က အရက်အလွန်အကျွံ သောက်ထားပြီး စိတ်အခြေအနေ မကောင်းလို့ပါ။

ကျုပ် တမင်သက်သက် ရှောင်နေတာ မဟုတ်ပါဘူး၊ လောင်းကစားရုံကိုလည်း ငွေဆယ်တေးလ် အကြွေးတင် နေပါသေးတယ်"

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ဖန်ကျန်းရီမှာ အလွန် ဒေါသထွက်သွား၏။ သူက ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်၏။

"တော်လိုက်တာ လုဖာ၊ မင်းကို 'ဥပဒေချိုးဖောက်သူ' လို့ ခေါ်သင့်တယ်၊ ရုံးတော် ဝန်ထမ်းတွေ လောင်းကစားရုံကို ဝင်ခွင့်မရှိဘူး၊ ပြည်သူတွေကို အနှောင့်အယှက် မပေးရဘူးလို့ ရုံးတော်က အကြိမ်ကြိမ် အမိန့်ထုတ်ထားတာကို မင်းက တစ်ခွန်းမှ နားမထောင်ဘူးပဲ။

အစောင့်တွေ... သူ့ကို အရင်ဆုံး ကြိမ်ဒဏ် အချက်နှစ်ဆယ် ပြင်းပြင်းထန်ထန် ပေးလိုက်စမ်း"

ဘေးတစ်ဖက်တစ်ချက်ရှိ ရုံးတော်အစောင့်များ အရှေ့သို့ မတိုးလာမီမှာပင် လုဖာက အံကြိတ်ပြီး အဝတ်အစားများကို ဆွဲတင်ကာ ပါးစပ်ဖြင့် ကိုက်ထားလိုက်သည်။ ပြီးနောက် မြေပြင်ပေါ်တွင် မှောက်လျက် အနေအထားဖြင့် နာခံစွာ နေသည်။

"ဘုန်း .... ဘုန်း .... ဘုန်း ..."

အချက်နှစ်ဆယ် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရပြီးနောက် လုဖာ၏ တင်ပါးမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

သူက အားနည်းသော အသံဖြင့် ပြောလိုက်၏။ "မြို့ဝန်မင်း... ဒီသာမန်ပြည်သူက အမှားကို သိပါပြီ"

ကျင်းဧကရာဇ်မှာ ဤမြင်ကွင်းကို အံ့ဩတကြီး ကြည့်နေမိသည်။

မြို့ဝန်မင်း၏ ဂုဏ်သတင်းမှာ သိသိသာသာကို ထိပ်ဆုံးသို့ ရောက်ရှိနေခဲ့၏။ တရားခံတွင် ခုခံလိုသည့် ရည်ရွယ်ချက် လုံးဝမရှိချေ။

ဥပဒေများမှာ ရှင်းလင်းပြီး တင်းကျပ်လှသည်။ အမှန်တကယ်ပင် ဤသို့သော နည်းလမ်းဖြင့် အမှုဆုံးဖြတ်သည်ကို ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ ကြုံနေရခြင်းပင်။

ကော်ထျန်းယန်မှာလည်း အံ့အားသင့်နေခဲ့၏။ မိမိ၏ သားမြေးများပင် ဤမျှ လိမ္မာနာခံမှုရှိသည်ကို မြင်ရခဲသည်။ သူ့သားပင်လျှင် သူဆုံးမပါက ထိုသို့မနာခံပေ။ ဤမြို့ဝန်မင်းက အမှန်တကယ်ပင် အရည်အချင်းရှိသူတစ်ဦး ဖြစ်ပြီး ထိုသူ၏ထံမှ သင်ယူသင့်သည်။

အပြစ်ပေးမှု ပြီးဆုံးသွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက ပေါ့ပါးသော မျက်နှာထားဖြင့် ပြောလိုက်၏။ "ဒါက မင်းရဲ့ပထမဆုံး ပြစ်မှုဖြစ်တဲ့အတွက် ဒီလ မင်းရဲ့လစာကို တစ်ဝက် ဖြတ်မယ်၊ အလုပ်ပြန်မဆင်းခင် လူမှုအကျိုးပြု လုပ်ငန်းအနေနဲ့ သုံးလတိတိ လမ်းတွေ တံမြက်လှည်းရမယ်။

ပြစ်မှုကို ထပ်ကျူးလွန်မယ်ဆိုရင် မင်းကို တောက်ယွမ်ခရိုင်ကနေ နှင်ထုတ်မယ်"

လုဖာ၏ ဖြူဖျော့နေသော နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "သနားညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့ဝန်မင်း"

"အစောင့်တွေ... သူ့ကို ဆေးပေးခန်း ခေါ်သွားလိုက်"

လုဖာ၏ စုတ်ပြတ်သပ်နေသည့် အခြေအနေကို မြင်ရချိန်မှာတော့ ကျန်းလောင်လျူမှာ နက်ရှိုင်းသော ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။

သူတို့၏ ဆက်ဆံရေးမှာ အဆင်မပြေဖြစ်ခဲ့သော်ငြား တောက်ယွမ်ခရိုင်မှာ အလွန်မကြီးမားလှသဖြင့် သူတို့က တစ်ဝက်တစ်ပျက် အိမ်နီးနားချင်းများ ဖြစ်နေဆဲပင်။

အပြစ်ပေးတာ ကြမ်းလိုက်တာ .. ဟမ် .. နေပါအုံး .. ငါ့ ပိုက်ဆံမှ ပြန်မရသေးတာကို။

ထို့နောက် သူက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။ "မြို့ဝန်မင်း... ကျုပ် ပိုက်ဆံက"

ဖန်ကျန်းရီက လက်နှစ်ဖက်ကို အားကိုးရာမဲ့စွာ မြှောက်ပြပြီး ပြောလိုက်သည်။ "မြင်တဲ့အတိုင်းပဲ၊ သူ့ဆီမှာ ပိုက်ဆံ မရှိဘူး"

"ခင်ဗျာ" ကျန်းလောင်လျူမှာ ကြက်သေ,သေသွား၏။

သူက လူတစ်ယောက်ကို ဒုက္ခပေးမိခဲ့ပြီး ပိုက်ဆံလည်း ပြန်မရခဲ့ချေ။ အလွန်ကြီးမားသည့် ဆုံးရှုံးမှုပင်။

ကျန်းလောင်လျူမှာ စိတ်နှလုံးကွဲကြေသွားပြီး သူ့ဖခင် သေဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဖန်ကျန်းရီက မျက်လုံးများကို မှေးစင်းကာ သက်ပြင်းချပြီး ပြောလိုက်၏။ "ဒါပေမဲ့ ဒီရုံးတော်က ရိုးသားတဲ့ သာမန်ပြည်သူတွေ ထိခိုက်နစ်နာတာကို ခွင့်မပြုနိုင်ဘူး။

ကောင်းပြီ... မင်းရဲ့ စားသောက်ဆိုင် နာမည်က ဘာလဲ၊ ဒီည အရက်သုံးခွက် သောက်ပြီး ငါ့ကိုယ်ငါ အပြစ်ပေးလိုက်မယ်၊ သဘောတူတယ်မလား၊ ဒါဆို အမှု ပိတ်လိုက်ပြီ"

"လောင်လျူ စားသောက်ဆိုင်ပါ"

ကျန်းလောင်လျူမှာ အလွန် ဝမ်းသာသွားပြီး ခေါင်းသုံးကြိမ်တိုင်တိုင် ညွတ်ချလိုက်ရာ အသံတောင်မြည်သည်။ "ကျေးဇူးတင်ပါတယ် မြို့ဝန်မင်း... ကျေးဇူးတင်ပါတယ် မြို့ဝန်မင်း"

စကားအဆုံးတွင် သူက ခန်းမထဲမှ လေတိုက်သကဲ့သို့ အလျင်အမြန် ပြေးထွက်သွား၏။

"အံ့ဩစရာပဲ"

မထွက်ခွာမီ ဖန်ကျန်းရီက ကျင်းဧကရာဇ်နှင့် ခန်းမအပြင်ဘက်ရှိ အခြားတစ်ယောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

တောက်ယွမ်ခရိုင်တွင် သာမန်ပြည်သူ အများအပြား ရှိသော်ငြား နှစ်ကာလများစွာအတွင်း သူက လူအများစုနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ယခင်ကုန်သည်များမှာ တည်ငြိမ်သော စီးပွားရေးလမ်းကြောင်းများကို ဖန်တီးပြီးဖြစ်ရာ တောက်ယွမ်ခရိုင်တွင် လူသစ်များ ရှားပါး၏။ ဤနှစ်ဦးမှာ မြို့ပြင်မှလာသော ကုန်သည်များဖြစ်ပြီး သေချာပေါက် လူသစ်များ ဖြစ်၏။

လူအုပ်ကြီးက တဖြည်းဖြည်း လူစုကွဲသွားကြသည်။

ကျင်းဧကရာဇ်နှင့် ကော်ထျန်းယန်တို့မှာ နေရာတွင်ပင် ရပ်တန့်ပြီး လုံးဝကို အံ့အားသင့် မှင်တက်နေကြ၏။

ဒါပဲလား။ ဘာတွေ ဖြစ်နေတာလဲ။ ကိုယ်တော် နားမလည်နိုင်တော့ဘူး။ ဘယ်လုပ်ထုံးလုပ်နည်းကိုမှ မလိုက်နာဘဲ အမှုကို ဒီလိုဆုံးဖြတ်လိုက်တာလား။ တောက်ယွမ်ခရိုင်ကလူတွေ အကုန်လုံးက ပုံမှန်ဟုတ်ရဲ့လား။

ကော်ထျန်းယန်မှာ အချိန်အတော်ကြာ စဉ်းစားနေခဲ့သော်ငြား ဘာကိုမှ နားမလည်နိုင်သလိုဖြစ်နေသည်။ ပြီးနောက် တီးတိုး ရေရွတ်လိုက်သည်။ "သခင်ကြီး... ဘာလို့ ဒီက နေရာတိုင်းမှာ ထူးဆန်းတဲ့ အရာတွေ ရှိနေတယ်လို့ ခံစားနေရတာလဲ။

ကျုပ်တို့ မြို့ဝန်မင်းကို ပွင့်ပွင့်လင်းလင်းပဲ တိုက်ရိုက် သွားမေးလိုက်ရင် မကောင်းဘူးလား"

ကျင်းဧကရာဇ်က တွေးတောနေဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ "အလျင်စလို လုပ်စရာ မလိုပါဘူး၊ နည်းနည်းလောက် ထပ်ပြီး လေ့လာကြည့်ကြတာပေါ့၊ သူက ဒီည လောင်လျူ စားသောက်ဆိုင်ကို အရက်သွားသောက်မယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ ကိုယ်တော်တို့လည်း သွားကြတာပေါ့"

…

သူတို့နှစ်ဦး ရုံးတော်မှ ထွက်ခွာလာခဲ့ကြပြီး လမ်းမများပေါ်တွင် အချိန်အတန်ကြာ လှည့်လည် သွားလာနေခဲ့ကြသည်။

မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရပြီးနောက် ကျင်းဧကရာဇ်မှာ တစ်စုံတစ်ရာကို လွတ်သွားမည်စိုးသဖြင့် လမ်းတစ်လျှောက် တွေ့ရှိသမျှကို မှတ်တမ်းတင်ရန် ကော်ထျန်းယန်အား စက္ကူနှင့် စုတ်တံ ထုတ်ယူရန် အမိန့်ပေးလိုက်၏။

သူတို့သတိမထားမိလိုက်ချိန်မှာပဲ ညနေ ၅ နာရီမှ ၇ နာရီအတွင်း ဖြစ်သော ယူကာလသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြို့မြောက်ဘက်သို့ လမ်းလျှောက်နေစဉ် သူတို့နှစ်ဦးမှာ လောင်လျူ စားသောက်ဆိုင်နှင့် ပတ်သက်သည့် အချက်အလက်များကို အမှတ်မထင် စုဆောင်းမိခဲ့ကြသည်။ လမ်းသွားလမ်းလာများ၏ အကူအညီဖြင့် ထိုနေရာကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့၏။

ဖောက်သည်များနှင့် မစည်ကားသေးသော်ငြား လောင်လျူ စားသောက်ဆိုင်၏ အဝင်ဝတွင် တန်းစီနေသူများမှာ အခြားဆိုင်များထက် သိသိသာသာ များပြားနေသည်။

ကျင်းဧကရာဇ်က မော့ကြည့်ပြီး ချက်ချင်း ဆွံ့အသွားရ၏။

စားသောက်ဆိုင်၏ ဒုတိယထပ်တွင် အနီရောင် ဆိုင်းဘုတ်ကြီး တစ်ခုကို ချိတ်ဆွဲထားသည်။

"ကျွန်ုပ်တို့၏ ဟင်းလျာသစ်ဖြစ်သော ထန်းကွေ့ဆေးမြစ်အနှစ်ဖြင့် ချက်ပြုတ်ထားသည့် ကြက်သားဟင်းကို မြည်းစမ်းကြည့်ရန် မြို့ဝန်မင်းအား ကြိုဆိုပါသည်"

"ဒါဆို မြို့ဝန်မင်းက ကျန်းလောင်လျူ စီးပွားရေးကောင်းအောင် ကူညီပေးနေတာပဲ"

ကျင်းဧကရာဇ်မှာ ဤအရာကို အလျင်အမြန် သိရှိနားလည်သွား၏။

သို့သော်ငြား ကော်ထျန်းယန်က သူ၏ နားနားသို့ကပ်ကာ ထပ်မံ၍ တိုးတိုးလေး လျှောက်တင်လာပြန်သည်။ "အရှင်မင်းကြီး... ဒီလူရဲ့ အပြုအမူက မသင့်တော်ပါဘူး၊ အရာရှိတွေနဲ့ ကုန်သည်တွေက ဘယ်လိုလုပ် ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်လို့ ရမှာလဲ"

ကျင်းဧကရာဇ်ကလည်း ဤအရာမှာ မသင့်တော်ဟု ထင်မြင်မိသည်။

အရာရှိများနှင့် ပုဂ္ဂလိက ကုန်သည်များ ရောနှောပေါင်းယှက်ခြင်းမှာ အမှန်တကယ်ပင် ဂုဏ်သိက္ခာမဲ့ပြီး ကောင်းမွန်သော အမူအကျင့်များနှင့် ဆန့်ကျင်ဘက်ဖြစ်၏။

"သွားကြစို့... အထဲဝင်ပြီး အရင်ကြည့်ကြတာပေါ့"

ထိုအချိန်တွင် ဖန်ကျန်းရီ ရောက်မလာသေးချေ။

သူတို့နှစ်ဦး ဒုတိယထပ်သို့ တိုက်ရိုက်တက်သွားပြီး လှေကားအနီးရှိ နေရာတစ်ခုကို ရှာကာ အစားအစာနှင့် အရက် နှစ်ပွဲမှာယူပြီး တိတ်ဆိတ်စွာ ထိုင်နေလိုက်ကြသည်။

မကြာမီ အောက်ထပ်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာ၏။

ဖန်ကျန်းရီမှာ ကျန်းပြောင်၊ ရှောင်ထောင်၊ အခြားသူများနှင့်အတူ ဒုတိယထပ်သို့ သက်သောင့်သက်သာ တက်လာခဲ့သည်။ လှေကားဘေးတွင် ထိုင်နေသော ကျင်းဧကရာဇ်ကို ချက်ချင်း မြင်လိုက်ရ၏။

ထို့နောက် သူက ထိုနှစ်ဦးကို ဖြတ်ကျော်သွားကာ အလယ်ရှိ စားပွဲတွင် ဝင်ထိုင်လိုက်သည်။

ကျန်းလောင်လျူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "မြို့ဝန်မင်း... အစားအစာနဲ့ အရက်ကို ပြင်ဆင်ထား ပြီးပါပြီ၊ အခုပဲ တည်ခင်းပေးရမလား"

…

All Chapters